News @ M-Media
Blog
  • ၁၈-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း
    ၁၈-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း
    သြဂုတ်- ၁၈-၂၀၁၃
    M-Media
    အာဖဂန်တောင်ပိုင်းတွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၆ ဦးသေဆုံး
    အာဖဂန်နစ္စနိုင်ငံတောင်ပိုင်းရှိ စစ်သွေးကြွများပုန်းအောင်းရာနေရာသို့ လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟုသိရသည်။ ဟဲလ်မန်ပြည်နယ် မာရ်ဂျာခရိုင်တွင် စနေနေ့ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သွေးကြွ ၁၆ ဦးသေဆုံးခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    __________________________________
    အိန္ဒိအရှေ့ပိုင်းတွင် ဘတ်စကားဗုံးပေါက်ကွဲမှုဖြစ်ပွား ၆ ဦးဒဏ်ရာရ
    အိန္ဒိယအရှေ့ပိုင်းရှိ အနောက်ဘင်္ဂလားပြည်နယ်တွင် ဘတ်စကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ အိန္ဒိယမှဘူတန်သို့သွားသည့် ခရီးသည်တင်ဘတ်စကားပေါ်တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲချိန်၌ ၁၀ ဦးမှ ၁၂ ဦးအထိသာ ကားပေါ်တွင်ရှိနေကာ ကျန်ခရီးသည်များမှာ နေ့လည်စာစားရန်အတွက် အပြင်သို့ရောက်ရှိနေကြသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
    _________________________________
    အီဂျစ်နှင့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်အား အမေရိကန်ဖျက်သိမ်း
    အီဂျစ်နှင့်ပြုလုပ်ရန်ရှိသည့် စစ်ရေးလေ့ကျင့်မှုအား ဖျက်သိမ်းလိုက်ပြီဟု အမေရိကန်က ကြေညာလိုက်သည်။ ဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်းခဲ့သည့် အီဂျစ်စစ်တပ်၏ လုပ်ရပ်ကြောင့် ၂ နှစ်တစ်ကြိမ်ကျင်းပပြုလုပ်နေကြဖြစ်သည့် အမေရိကန်-အီဂျစ် စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းလိုက်ပြီး၊ ထိုကဲ့သို့အကြမ်းဖက်ဖြိုခွင်းမှုများကို အမေရိကန်ပြုထောင်စုမှ ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
    __________________________________
    ဒိုင်ယာနာ၏ သေဆုံးမှု ပြန်လည် စုံစမ်း
    ၁၉၉၇ ခုနှစ်က ကားမှောက် ၍ ဒိုင်ယာနာ သေဆုံးခဲ့ရခြင်းကို ဗြိတိန် ရဲတပ်ဖွဲ့က ပြန်လည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။
    __________________________________
    မက္ကဆီကို ဘိန်းဖြူ ဂိုဏ်းခေါင်းဆောင် ဖမ်းမိ
    Gulf Cartel ၏ ဂိုဏ်းခေါင်းဆောင်ကို စနေနေ့က မက္ကဆီကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
    __________________________________
    UPS ကုန်တင် လေယာဉ်ပျက်ကျမှု စုံစမ်း
    Alabama လေဆိပ်သို့ လေယာဉ် ဆင်းသက်သည့် နှုန်း မြန်နေသည်ဟု ပျံသန်းမှု မှတ်တမ်း မှသိရကြောင်း လေယာဉ် ပြေးလမ်းမှာလည်း ပုံမှန် လမ်းမှာ ပြုပြင်နေသဖြင့် ယာယီလမ်းမှာ ဆင်းသက်မှု အထောက်အကူပြု မီးများမရှိကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။
    __________________________________
    စစ် ကြောင့် ကွဲကွာနေသူများဆုံဆည်းခွင့်
    ကွဲကွာနေသော မိသားစုများ ပြန်လည်စုံဆည်းခွင့်ရရှိရန် တောင်နှင့်မြောက် ကိုရီးယား ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူညီလိုက်သည်။
  • ရခိုင်ပြည်နယ်၏ ပကတိဖြစ်အင် အပေါ်၌သာ မီဒီယာများမှ ဖော်ပြသင့်
    သြဂုတ်လ-၁၉ရက်၊ ၂၀၁၃
    M-Media
    ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း တဖက်စောင်းနင်းရေးသားမှုများ၊ နိုင်ငံတကာ နာမည်ကြီးမီဒီယာများအား ကျင့်ဝတ်နှင့် မညီဟူသော အထောက်အထားမဲ့ ဝေဖန်မှုများကို သာမက ယခင်အာဏာရှင် စစ်အစိုးရ သံယောင်လိုက်ကာ လူမျိုးကြီးဝါဒအား အသက်သွင်းဖို့ကြိုး စားရင်း ဘော့စနီးယားအရေး အခင်းတွင် လူမျိုးတုန်း သတ်ဖြတ်မှုများကျူးလွန်ခဲ့သည့် ဆာ့ဘ်များဘက်ကပါ ထောက်ခံရေးသားခဲ့သည့် ဦးသန်းထွဋ်အောင် ဦးဆောင်သော အလဲဗင်း မီဒီယာဂရုသည် ယခုတကြိမ်တွင်လည်း ဖြစ်စဉ်များနှင့် အလှမ်းကွာနေသော စာဖတ်ပရိသတ်အား အမြင်မှောက်မှားစေဖို့ ကုလကိုယ်စားလှယ် ကင်းတားနားအား ဗုဒ္ဓဘာသာ ဘုန်းကြီးများအား ဂါရ၀မထားဟုဆိုကာ ပုဂ္ဂိုလ်ရေး အပုတ်ချထားရုံမက UNHCR ၏ ပြောစကားကိုပါ ၄င်းတို့နားလည်သည့်အတိုင်း ဘာသာပြန်ဖော်ပြထားပါသည်။
    အလဲဗင်း၏ ထိုသို့ပြုလုပ်ထားမှုအား “ ကင်တားနားသည် ဗုဒ္ဓဘာသာဝင်ဘုန်တော်ကြီးအပေါ် ဂါရ၀တရား မထားကြောင်း ဒေသခံများက ပြောကြား ” ခေါင်းစဉ်ပါ ၄င်းတို့၏ သတင်းဆောင်းပါးတွင် ဖတ်ရှုနိုင်ပါကြောင်းကို မြန်မာတိုင်းမ်စ် (အင်္ဂလိပ်ပိုင်း) က ထောက်ပြပြောဆို ဝေဖန် လိုက်ပါသည်။
    မြန်မာတိုင်းမ်စ်တင်ပြထားသည့် “Media should focus on the real issues in Rakhine State ” ခေါင်းစဉ်ပါ ဆောင်းပါးမြန်မာပြန်ကို M-Media စာဖတ်ပရိသတ် ဖတ်ရှုနိုင်ပါပြီ။
    သတင်းဆောင်းပါး – မြန်မာတိုင်းမ်စ် (အင်္ဂလိပ်ပိုင်း)
    (မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)
    ထိုင်း(ယိုးဒယား) နိုင်ငံမကောင်းကြောင်းများ မကြာခဏအပုတ်ချရေးသားနေသည့် အလဲဗင်းဂရု၏ ခေါင်းဆောင် ဦးသန်းထွတ်အောင်အား ထိုင်းမီဒီယာတစ်ခုဖြစ်သော National Multimedia Group ၏ Chairman ဖြစ်သူ ဆူသီချိုင်းယွန်းနှင့် ၄င်းတို့နှစ်ပါတီအကြား ပလဲနံပသင့်ပေါင်းစည်းမှုအခန်းအနားတစ်ခု၌ အတူ တွေ့ရစဉ်။
    ထိုင်း(ယိုးဒယား) နိုင်ငံမကောင်းကြောင်းများ မကြာခဏ အပုတ်ချရေးသားနေသည့် အလဲဗင်းဂရု၏ ခေါင်းဆောင် ဦးသန်းထွဋ်အောင်အား ထိုင်းမီဒီယာတစ်ခုဖြစ်သော National Multimedia Group ၏ Chairman ဖြစ်သူ ဆူသီချိုင်းယွန်းနှင့် ၄င်းတို့အကြား ပလဲနံပသင့်ပေါင်းစည်းမှု အခမ်းအနားတစ်ခု၌ အတူ တွေ့ရစဉ်။
    ကမ္ဘာ့ကုလသမဂ္ဂ၏မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် မြန်မာနိုင်ငံသို့လာရောက်သည့် အကြိမ်တိုင်း ခေါင်းကြီးသတင်းပိုင်းအဖြစ် ဖော်ပြခံရမြဲဖြစ်သည်။
    အမှန်တရားများနှင့်စပ်လျဉ်း၍ ကမောက်ကမဖြစ်နေမှုကို ကြုံရလေတိုင်း ပွင့်လင်းသည့်သဘောရှိသော ကင်တားနားမှ ထုတ်ဖော်ပြောဆိုတတ်ခြင်းမှာ လည်း အထူးတဆန်း မဟုတ်ပါလေတော့။ ဖေဖော်ဝါရီလ ကျွန်တော်တို့ Myanmar Times ရုံးကို မစ္စတာကင်တားနား လာရောက်လည်ပတ်စဉ် ကျွန်တော်တို့၏ ၀န်ထမ်းများအပါအ၀င် သူနှင့်ဆုံဖူးသူ မည်သူမဆိုပင် သူသည် ရိုးဖြောင့်စွာ အစီရင်ခံတင်ပြလိုသူ၊ မြန်မာ့လူ့အခွင့်အရေးအခြေအနေအား တိုးတက်စေချင်သူ တစ်ဦးဖြစ်ကြောင်း မြင်ကြရမည် ဖြစ်၏။ သူသည် နိုင်ငံရေး အကျဉ်းသားများ၊ စစ်တပ်ထဲမှ တစ်ဖက်စောင်းနင်း အစဉ်အလာကိစ္စ အပါအ၀င် အရေးပါသည့် အကြောင်းအရာများစွာအပေါ် ဦးတည် တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။
    သူ၏ လေ့လာသုံးသပ်ချက်များကို သဘောမတူသူများအဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအားဖြင့် မိမိတို့အမြင်အား လှစ်ဟဖော်ပြခွင့် ရှိအပ်ပေသည်။
    ရခိုင်ပြည်နယ်နှင့်မြန်မာပြည် တစ်ခွင်၌ ကွဲပြားမှု အက်ကြောင်းကြီးမားကျယ်ပြန့်လာလျှင် ဖေ့စ်ဘွတ်ပေါ် ကျိုးကြောင်းကျသည့် ပို့စ်များ နှင့် အတွေးအမြင်ဆောင်းပါးများနှင့် ပေါင်းကူး တံတားထိုးပေးနိုင်ရန် အရေးကြီးသည်။
    သို့သော် သူ၏နောက်ဆုံးအခေါက်ရောက်ရှိမှု၌ ယင်းအခြေအနေများအပေါ် အာရုံမရှိဘဲ အငြင်းပွားဖွယ်ရာဖက်သို့ ကူးပြောင်းခဲ့သည်။ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်ခေါင်းဆောင်တို့ကို ကင်တားနားမှ တွေ့ဆုံသည့်
    မြင်ကွင်းဓာတ်ပုံများအား ဖော်ပြပြီး ဘုန်းတော်ကြီးများရှေ့ဝယ် ခြေစွပ်မချွတ်ဘဲ ဒူးတုပ်မထိုင်ခြင်း အကြောင်းကိုသာ မလေးစားမှုအဖြစ် ပုံနှိပ်နှင့် အွန်လိုင်း မီဒီယာအုပ်စု အချို့က အာရုံထား စွပ်စွဲလျက်ရှိသည်ကိုတွေ့နေရ၏။
    ဤအချက်ကိုအသုံးချပြီး ၄င်းတို့က ကင်တားနားသည် ရခိုင်လူ့အဖွဲ့အစည်းအား အလေးမပေးသကဲ့သို့ ပုံဖော်ရန် ကြိုးစားကြသည်။ မစ္စတာကင်တားနား၏အပြုအမူက စစ်တွေ ဘုန်းတော်ကြီးကျောင်းရှိ ထိုသူများကို စော်ကားရာ ရောက်သည်ဆိုလျှင် ထိုနေရာတွင် ရှိနေကြသူတို့အနေဖြင့် သူ၏ တာဝန်ဝတ္တရား အရေးပါမှုကိုမှေးမှိန်အောင် ကြိုးပမ်းနေခြင်းထက်သူ့အား တိုက်ရိုက်ပင် အေးဆေးစွာ ပြောဆို ရင်ဖွင့်သင့်ပေ၏။
    လက်ရှိနှစ်များအတွင်း မိမိတို့၏ခံယူချက်နှင့်ကိုယ်ပိုင်အစီအစဉ်ကြောင့်လည်းကောင်း၊ တမင်လူကြိုက်များစေရန်လည်းကောင်း အစဉ်တစိုက် လူမျိုးကြီးဝါဒ မှိုင်းသွင်းလေ့ ရှိသည့် စာစောင်အချို့က ဤအချက်ကို မဆိုင်းမတွပင် ဖော်ပြလိုက်ကြသည်မှာ ၀မ်းနည်းစရာကောင်းလှပါသည်။ အကြောင်းမလှစွာဖြင့် ဤတင်ပြချက်ကား ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်လူ့အဖွဲ့ အစည်းနှစ်ရပ် အကြား သာမက နိုင်ငံတစ်ဝှန်း၌ ခွဲခြားမှုကို ပိုမိုကြီးထွားသွားစေ သည်။
    “ ကင်တားနားသည် ဗုဒ္ဓဘာသာဝင်ဘုန်တော်ကြီးအပေါ် ဂါရ၀တရားမထားကြောင်း ဒေသခံများက ပြောကြား ” ဟူ၍ အလဲဗင်းမီဒီယာ အုပ်စုမှ လတ်တစ်လောဆောင်းပါးတစ်ပုဒ်ဖြင့် ရေးသားဖော်ပြလိုက်ခြင်းသည်လည်း စိတ်ပျက်ဖွယ်ရာ အတိဖြစ်ရလေသည်။ ယင်းဆောင်းပါးတွင် ဂျီနီဗာရှိ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂပြောဆိုခွင့်ရပုဂ္ဂိုလ်က ဘင်္ဂါလီနှင့်အစိုးရအကြား ဆွေးနွေးမှုပြုရန် တိုက်တွန်းသည်ဟု ကောက်နှုတ်ဖော်ပြထား၏။ စင်စစ်၌ အမှန်တကယ် ပြောဆိုခဲ့သည့်စကားရပ်မှာ “ အစိုးရ နှင့် IDPs အကြား တွေ့ဆုံဆွေးနွေးမှုကို UNHCR မှ မြင်တွေ့လိုပါသည် ” ဟူ၍ ဖြစ်ပါသည်။
  • ၁၈-၈-၂၀၁၃ အားကစားသတင်း
    သြဂုတ်- ၁၈ ရက်၊ ၂၀၁၃
    M-Media
    Lampark
    မန်ယူနှင့်လီဗာပူးလ်တို့ အနိုင်ရရှိခဲ့ပြီး အဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ရသည့် ပရီးမီယားလိဂ် ပွဲစဉ် ၁ စနေနေ့ပွဲစဉ်
    ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် စနေ့နေ့က ရှစ်ပွဲကစားခဲ့ကာ ထိပ်သီးအသင်းများဖြစ်ကြသည့် မန်ယူနှင့် လီဗာပူးလ်အသင်းတို့ အနိုင်ရရှိခဲ့ကြပြီး အာဆင်နယ်အသင်းမှာ အက်စတွန်ဗီလာအသင်းအား ရှုံးနိမ့်သွားခဲ့သည်။
    ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆွမ်ဆီးအသင်းတို့ကစားခဲ့ရာတွင် မန်ယူအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းအတွက်ဂိုးများကို ဗန်ပါစီနှင့် ၀ဲလ်ဘက်တို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ဆွမ်ဆီးအသင်းအတွက် ချေပဂိုးကို ဘိုနီကသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် မန်ယူအသင်းမှထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့် တိုက်စစ်မှူးဝိန်းရူနီမှာ ဒုတိယပိုင်းတွင်လူးစားဝင်ရောက်ကစားခဲ့သည်။
    စတုတ်စီးတီးအသင်းနှင့်ကစားခဲ့ရသည့် လီဗာပူးလ်အသင်းမှာ ဒန်နီယဲလ်စတုရစ်၏ ၃၇ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဖွင့်ပွဲစဉ်တွင်မျက်နှာပန်းလှခဲ့သည်။ အပြောင်းအရွှေ့ဈေးကွက်အတွင်း လက်နှေးခဲ့သည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် အက်စတွန်ဗီလာအသင်းအား ၃
    ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
    အခြားပွဲစဉ်များဖြစ်ကြသည့် နောဝစ်ခ်ျနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်မှာ ၂ ဂိုးစီသရေကျခဲ့ပြီး ဆောက်သက်တမ်အသင်းက ၀စ်ဘရွန်းအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ၀စ်ဟမ်းအသင်းနှင့် ကာဒစ်စီးတီးတို့ပွဲစဉ်တွင် ၀စ်ဟမ်းအသင်းက ၂ ဂိုး
    ဂိုးမရှိဖြင့်လည်းကောင်း၊ ဖူလ်ဟမ်အသင်းနှင့် ဆန်ဒါလန်းအသင်းတို့ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းက ၁ ဂိုးဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
    __________________________________
    ရူနီချယ်ဆီးသို့ရောက်ရှိလာရန် လမ်းပတ်မျှော်လင့်
    ချယ်ဆီးအသင်း၏ ကွင်းလယ်လူ လမ်းပတ်က ချယ်ဆီးအသင်းအနေဖြင့် အပြောင်းရွှေ့ဈေးကွက်မပိတ်မီ မန်ယူအသင်း တိုက်စစ်မှူး ၀ိန်းရူနီအားခေါ်ယူနိုင်ရန် မျှော်လင့်နေသည်ဟုသိရသည်။ ချယ်ဆီးအသင်းမှာ ရူနီအတွက် ကမ်းလှမ်းမှုနှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း မန်ယူအသင်းမှ ပယ်ချခဲ့ပြီး မိုယက်စ်က ရူနီမှာ ရောင်းရန်မဟုတ်ဟု ပြောဆိုခဲ့သည်။
    __________________________________
    အရာအားလုံးဖြေရှင်းပြီးပြီဟု လီဗာပူးလ်နည်းပြဆို
    လီဗာပူးလ်အသင်း၏နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာက တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ အနာဂတ်နှင့်ပက်သက်၍ အရာအားလုံးမှာ ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ဆွာရက်ဇ်အားခေါ်ယူရန် အာဆင်နယ်အသင်းမှ ပေါင် သန်း ၄၀ ဖြင့်ကမ်းလှမ်းခဲ့ပြီး
    ဆွာရက်ဇ်ကလည်း အသင်းမှာထွက်ခွာချင်သည်ဟု စောစောပိုင်းက ပြောဆိုခဲ့သည်။ ဆွာရက်ဇ်နှင့် ပက်သက်၍ အလွန်ကျေနပ်မိပြီး အရာအားလုံးမှာ ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း၊ ဆွာရက်ဇ်မှာ အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ရော်ဂျာက ပြောဆိုခဲ့သည်။ ဆွာရက်ဇ်မှာ ပြီးခဲ့သည့်ရာသီက ချယ်ဆီးကစားသမား အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့သည့်အတွက် ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားခြင်းခံခဲ့ရပြီး ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ် ၆ အထိ အသင်းနှင့် ပါဝင်ကစားခွင့်ရမည်မဟုတ်ချေ။
    __________________________________
    ဆုဖလားများမရရှိခဲ့ပါက အသင်းအားစွန့်ခွာမည်ဟု မော်ရင်ဟိုဆို
    ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက ချယ်ဆီးအသင်းအတွက် ဆုဖလားများ မယူဆောင်ပေးနိုင်ပါက အသင်းမှထွက်ခွာမည်ဟု ပြောဆိုလိုက်သည်။ မော်ရင်ဟိုမှာ ချယ်ဆီးအသင်းအား တည်ငြိမ်လာစေရန် မျှော်လင့်နေပြီး အသင်းတွင်
    ကာလကြာရှည်စွာနေရန် အစီစဉ်ရှိနေသည်။ ချယ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုက “တကယ်တော့ ဆုဖလားတွေရယူနိုင်ဖို့ပါ။ ကျနော့်ရဲ့ဗီဇကမပြောင်းလဲပါဘူး။ ကျနော်ဟာ ဆုဖလားမရယူနိုင်ဘဲနဲ့ အသင်းတစ်သင်းမှာ သုံးလေးနှစ် ရှိနေတတ်တဲ့ နည်းပြမျိုးမဟုတ်ပါဘူး။” ဟု ပြောကြားခဲ့သည်။
    __________________________________
    ပါဘွန်အားခေါ်ယူရန် ဗလင်စီယာနီးစပ်နေ
    လာလီဂါကလပ် ဗလင်စီယာအသင်းသည် မက္ကဆီကိုကလပ် Monterrey မှ တိုက်စစ်မှူး ဒေါ်လန်ပါဘွန်အား ယူရို ၇ သန်းဖြင့်ခေါ်ယူရန်နည်းစပ်နေသည်ဟုသိရသည်။ ဗလင်စီယာအသင်း၏ ကိုယ်စားလှယ်များသည် ပါဘွန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနေပြီး အပြောင်းအရွှေ့ကိစ္စအတွက် ၎င်းတို့နှင့် မကြာခင်တွေ့ဆုံဆွေးနွေးမည်ဟု Monterrey ၏ ၀ဘ်စာမျက်နှာတွင်ဖော်ပြထားသည်။
    __________________________________
    ရီးယဲလ်နောက်ခံလူ မိုဒရစ် မန်ယူသို့ပြောင်းရွှေ့လို
    ရီးယဲလ်မက်ဒရစ်အသင်း၏ နောက်ခံလူဖြစ်သူ လူကာမိုဒရစ်မှာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်အသင်းသို့  ပြောင်းရွှေ့ရန် မျှော်လင့်နေသည်ဟုသိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းက
    တော့တင်ဟမ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်အားခေါ်ယူရန် အလိုက်ပေးကမ်းလှမ်းမှုတွင် ပါဝင်နေသော်လည်း မိုဒရစ်မှာတော့တင်ဟမ်သို့ပြန်လာရန် စိတ်အားထက်သန်မှုမရှိပေ။
    __________________________________
    ATP Western & Southern Open တင်းနစ်ပြိုင်ပွဲတွင် ရာဖေးနာဒယ်လ်နှင့် ဂျွန်
    အစ္စနာတို့ ဗိုလ်လုပွဲသို့တက်ရောက် အမေရိကန်နိုင်ငံ၌ကျင်းပပြုလုပ်လျက်ရှိသည့် ATP Western & Southern Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ စပိန်တင်းနစ်သမား ရာဖေးနာဒယ်လ်နှင့် အမေရိကန်တင်းနစ်သမား ဂျွန်အစ္စနာတို့ တက်ရောက်သွားပြီဟု
    သိရသည်။
    နာဒယ်လ်မှာ ကမ္ဘာ့အဆင့် ၂ တင်းနစ်သမား အန်ဒီမာရေးအား ကွာတားဖိုင်နယ်တွင် ဖြုတ်ချနိုင်ခဲ့သည့် ချက်တင်းနစ်သမား သောမက် ဘရ်ဒခ်ျအား ၇-၅၊ ၇-၆(၇-၄) ဖြင့်အနိုင်ရရှိခဲ့သည်။ အစ္စနာမှာလည်း နိုင်ခြေအဆင့် ၇ ရှိ အာဂျင်တိုင်း တင်းနစ်သမား ဂျူအန်မာတင် ဒယ်လ်ပေါ်ထရိုအား ၆-၇(၇-၅)၊ ၇-၆၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ အစ္စနာမှာ ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား ဂျိုကိုဗစ်အား အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။
    နာဒယ်လ်နှင့် အစ္စနာတို့မှာ တနင်္လာနေ့တွေကျင်းပမည့် ဗိုလ်လုပွဲတွင်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    __________________________________
    ဆရီနာနှင့် အဇာရန်ကာတို့ ဗိုလ်လုရမည့် WTA Western & Southern Open တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တွင်ကျင်းပပြုလုပ်နေသည့် WTA Western & Southern Open တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် အမေရိကန်တင်းနစ်မယ် ဆရီနာ ၀ီလီယံနှင့် ဘီလာရုဇ်တင်းနယ်မယ် အဇာရန်ကာတို့မှာ အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
    ဆရီနာမှာ လက်ရှိချန်ပီယံ လီနာနှင့်တွေ့ဆုံခဲ့ရပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရကာ ၇-၅၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။ အဇာရန်ကာမှာ ဂျလီနာဂျန်ကိုဗစ်အား ၄-၆၊ ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲတွင် ဆရီနာနှင့်တွေ့ဆုံရမည်ဖြစ်သည်။
    ဆရီနာနှင့် အဇာရန်ကာတို့မှာ ၁၄ ကြိမ်တွေ့ဆုံထားပြီး အဇာရန်ကာက နှစ်ကြိမ်သာ အနိုင်ရရှိထားသည်။
    __________________________________
    ယူအက်စ်အိုးပင်းချန်ပီယံဟောင်း နည်းပြဖြစ်သူနှင့်လမ်းခွဲ
    ကမ္ဘာ့အဆင့် ၁၁ ရှိ ယူအက်စ်အိုးပင်းချန်ပီယံဟောင်း သြစတေးလျတင်းနစ်မယ် ဆမ်ဆတိုစာမှာ ၎င်း၏ နည်းပြဖြစ်သူနှင့် လမ်းခွဲလိုက်ပြီဟုသိရသည်။ ခြောက်နှစ်ကြာလက်တွဲခဲ့သည့် ဒေးဗစ်တေလားအား အိုဟိုင်းယိုးတွင် ကျင်းပပြုလုပ်သည့် WTA Western & Southern Open တင်းနစ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူမကဆိုသည်။
  • အမေရိကန် မွတ်စ်လင်မ် တစ်သန်း ၉/၁၁ အမှတ်တရ ချီတက်ရန် လှုပ်ရှားမှု့
    သြဂုတ်လ- ၁၈ ရက်၊ ၂၀၁၃
    M-Media
    KARIM SULEMAN
    လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က တစ်ဖက်သတ်မှိုင်းတိုက်မှုကြောင့် မိမိတို့ခံစားခဲ့ရတဲ့ ပြည်သူ့အခွင့်အရေးချိုးဖောက်မှုကို နှလုံးသွင်းနိုင်ဖို့ရည်ရွယ်ပြီး ၉/၁၁ နှစ်ပတ်လည်နေ့ရောက်ယင် ၀ါရှင်တန်ဒီစီမှာ လူတစ်သန်းချီတက်ပွဲလုပ်ဖို့ အမေရိကန်မွတ်စ်လင်မ်အဖွဲ့အစည်းတစ်ခုက စည်းရုံးလျက်ရှိပါတယ်။
    “ ၉.၁၁.၂၀၁၃ ရက်မှာ ၀ါရှင်တန်ဒီစီကို မွတ်စ်လင်မ်ဦးရေတစ်သန်း သမိုင်းဝင်ချီတက်မှု ဖြစ်လာရေးအတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ပြည်သူ့ အခွင့်အရေးကို ကျွန်တော်တို့အစိုးရက ကာကွယ်ပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်။ ပြင်ဆင်ပြောင်းလဲရေး ပထမဥပဒေ 1st amendment သက်ဝင်လှုပ်ရှားလာစေဖို့ ကျွန်တော်တို့ တောင်းဆိုသွားပါမယ်။ ပွင့်လင်းမြင်သာတဲ့အစိုးရဖြစ်ရမယ်လို့ သမ္မတအိုဘားမားရဲ့ ပထမဆုံးသမ္မတ မဲဆွယ်မှုမှာ ပေးထားတဲ့ ကတိက၀တ်ကို ဖြည့်ဆည်းဆောင်ရွက်ဖို့ ကျွန်တော်တို့ တောင်းဆိုသွားပါမယ်။ နောက်ဆုံးအနေနဲ့ ၉/၁၁ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို အမေရိကန်ပြည်သူတွေသိအောင် ထုတ်ပြန်ပေးဖို့ တောင်းဆိုသွားပါမယ် ” AMPAC (American Political Action Committee) အဖွဲ့က မိမိတို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။
    စည်းရုံးဆောင်ရွက်နေတဲ့ American Muslim Political Action Committee (AMPAC) က ဇန္န၀ါရီလမှာ ဒီလှုပ်ရှားမှုအတွက် ပထမဆုံးအကြိမ် ကြေငြာခဲ့တာပါ။ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားကတည်းက မွတ်စ်လင်မ်တွေ ခါးစည်းခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကာကွယ်တားဆီးနိုင်ရေးအလို့ငှာ ဒီလိုစီစဉ်ခြင်းဖြစ်ပါတယ်။
    “ အဲ့ဒီနေ့လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး သားကောင်ဘ၀ ရောက်ခဲ့ရတယ်။ မွတ်စ်လင်မ်တွေရော မွတ်စ်လင်မ်မဟုတ်သူတွေပါ အချိန်အတန်ကြာတဲ့အထိ ထိခိုက်ခံစားခဲ့ကြရတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ၁၂ နှစ်တာလုံးလုံး ဗီလိန်လူဆိုးလို ပုံဖော်ခံနေရတာက ကျွန်တော်တို့ မွတ်စ်လင်မ်တွေ ဖြစ်နေတယ်။ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့နဲ့မီဒီယာမှန်သမျှ ကျွန်တော်တို့ မွတ်စ်လင်မ်တွေ နဲ့ ကျွန်တော်တို့ရဲ့ အစ္စလာမ်သာသနာ အပေါ် တလွဲတချော်စော်ကားရေးသားထုတ်ပြန်မှုတွေကို ကျူးလွန်နေတာ ဒီနေ့ကာလအထိပါဘဲ ” လို့ ၀က်ဘ်ဆိုဒ်မှာ တင်ပြထားပါတယ်။
    တိကျတဲ့စာရင်းပြုစုမှုမရှိပေမယ့် အမေရိကမှာ မွတ်စ်လင်မ်ပေါင်း ၇ သန်းကနေ ၈ သန်းအထိ နေထိုင်လျက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကနဦးပိုင်း လူထုစစ်တမ်းအရ အမေရိကန်မွတ်စ်လင်မ်တွေဟာ နိုင်ငံအပေါ်သစ္စာစောင့်သိကြပြီး မိမိတို့အနာဂတ်နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံအပေါ် အကောင်းမြင်သဘောထား ရှိတယ်လို့ ဆိုထားတယ်။
    ၉/၁၁ နောက်ပိုင်း မိမိတို့ရဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှုပုံဟန် နဲ့ ရပ်တည်မှုပုံဟန်အတွေပေါ် လူ့အသိုင်းအ၀ိုင်းထဲမှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ၊ ၀ါဒမှိုင်းတိုက်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ အမေရိကန်မွတ်စ်လင်မ်များစွာက ပြောကြပါတယ်။
    လာမယ့် ချီတက်ပွဲမှာ ဆန္ဒထုတ်ဖော်သူများအနေနဲ့ ၉/၁၁ ရဲ့ဖြစ်ရပ်မှန်ကို ဖွင့်ချဖော်ပြပေးဖို့ကိုလည်း တွန်းအားပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီဖြစ်အင်ကို ဖုံးကွယ်ထားတဲ့အထဲမှာ အမေရိကန်အစိုးရကိုယ်တိုင်လည်း ပါဝင်နေတယ်လို့ Hodge က ဖော်ပြထားတယ်။
    “ ကျွန်တော်တို့ အမေရိကန်မွတ်စ်လင်မ်တွေက အကြမ်းဖက်မှုနဲ့ပဋိပက္ခတွေကို ဆန့်ကျင်ပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ အမေရိကန်အားလုံးရဲ့ အခွင့်အရေးကိုလည်း ကာကွယ်သွားမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က စတင်ပြီး နှစ်စဉ် စက်တင်ဘာ ၁၁ ရက်ရောက်တိုင်း အမေရိကန်ပြည်ထောင်စုမြို့တော် ၀ါရှန်တန်ဒီစီကို အမေရိကန်မွတ်စ်လင်မ်ဦးရေတစ်သန်းနဲ့ ချီတက်ပွဲလုပ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်သွားပါမယ် ” လို့ AMPAC တည်ထောင်သူ MD Alam က သီးသန့်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။
    ၁၉၉၅ ခုနှစ်မှာ အမေရိကန်-အာဖရိကန် ဦးရေ ၁.၅ ကနေ ၂ သန်း ပမာဏထိ စုပေါင်းချီတက်ပွဲပြုလုပ်ခဲ့ကြတယ်။ မိမိတို့ရဲ့ပြည်သူ့အခွင့်အရေးအတွက် အမျိုးသားရင်ပြင်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းပါ။ အဲ့ဒီလို သမိုင်းဝင်ချီတက်ဆန္ဒထုတ်ဖော်ပွဲက အောင်မြင်မှုမျိုး တစ်ကျော့ပြန်ရဖို့ AMPAC က မျှော်မှန်းထားပါတယ်။
  • လက်ရေးနှင့်ဆက်နွှယ်နေသော လူ့ကိုယ်ရည်ကိုယ်သွေး ၅၀၀၀
    သြဂုတ်လ-၁၈ ရက်၊ ၂၀၁၃
    စုစည်းတင်ဆက်သူ- မြင့်မိုရ်
    M-Media Knowledge ကဏ္ဍ
    f_gholipour20130731135821143
    အချို့ လူ့ကိုယ်ရည်ကိုယ်သွေး ၅၀၀၀ ခန့်သည် လက်ရေးပေါ်မူတည်၍ ခန့်မှန်းနိုင်ကြောင်းကို အမေရိကန်နိုင်ငံရှိ National Pen Company မှ သုတေသနပြုလုပ်ချက်တစ်ရပ်မှ ဆိုသည်။
    ဂရဖ်ဖိုလော်ဂျီ (graphology) ဟု ခေါ်ဆိုသော လူတစ်ဦး၏လက်ရေးအား အဆင့်ဆင့်လေ့လာခြင်းဖြင့် သူ၏အမူအကျင့်များကို ဆုံးဖြတ်သိရှိနိုင်သည်ဟု ယင်းလေ့လာမှုအရ တွေ့ရှိခဲ့ရသည်။
    အင်ဖိုဂရဖ်ဖစ် (infographic) ဟု လတ်တစ်လောအမည်ပေးထားသည့် ပညာသည် လူတစ်ဦးချင်းစီ၏ ရေးသားသော စာလုံးအကွာအဝေး၊ သူ့နာမည်အား လက်မှတ်ထိုးပုံ၊ O (အို) စာလုံးနှင့် S(အက်စ်)အား လက်ရေးဆက်ရေးဟန် တို့အပေါ် အနုစိပ်လေ့လာခြင်း ဖြစ်သည်။
    လူတို့၏ လက်ရေးအရွယ်အစားသည်လည်း ၄င်းတို့ထံရှိ ပင်ကိုယ်အရည်အသွေးများကို ပြသနေကြာင်း သုတေသနအတွင်း၌ တွေ့ရှိရသည်။
    “ သေးငယ်သော လက်ရေးသမားများသည် ရှက်ကြောက်တတ်၏၊ ဆည်းပူးလေ့လာတတ်၏၊ တိကျမှုရှိတတ်၏။  လက်ရေးကြီးသူများမှာမူ ဖော်ရွေ၏၊ အပင်ပန်းခံအလုပ်လုပ်တတ်၏၊ လူအများ၏အာရုံစိုက်မှုကို အလွန်သဘောကျသူများ ဖြစ်၏ ” ဟု လေ့လာချက်တစ်ရပ်က ပြသထားသည်။
    လူတစ်ဦးချင်းစီ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ စိတ်နေစိတ်ထား၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း နှင့် သွေးတိုးခြင်း စသော ကျန်းမာရေးပြဿနာများကိုပင်လျှင် ထိုစမ်းသပ်ချက်များမှတစ်ဆင့် ကောက်ချက်ချနိုင်လေသည်။
    “ စိတ်ကစဥ့်ကလျားဖြစ်နေသူတွေဟာ အများအားဖြင့် လက်ရေးစာလုံးစောင်းပုံက ဘယ်မရောက် ညာမရောက် ဖြစ်နေတတ်တယ်။ လားရာတစ်ဖက်တည်းကို ပုံမှန်စောင်းနေတာမဟုတ်တဲ့အတွက် အမှန်တရားနဲ့ပုံမှန်ထိတွေ့မရှိသူရဲ့ လက္ခဏာတစ်ရပ်အဖြစ် ယူဆလို့ရနေပါတယ် ” ။
    ဂရဖ်ဖိုလော်ဂျီ၏နည်းလမ်းသစ်သည် လူများအား မိမိတို့၏ အတွင်း စိတ်အား နားလည်သွားစေရန် အထောက်အကူပြုလိမ့်မည် ဟု သုတေသနပြုလေ့လာသူများက ဆိုသည်။
    FGP/FGP