News @ M-Media
Blog
  • အမေရိကန် မွတ်စ်လင်မ် တစ်သန်း ၉/၁၁ အမှတ်တရ ချီတက်ရန် လှုပ်ရှားမှု့
    သြဂုတ်လ- ၁၈ ရက်၊ ၂၀၁၃
    M-Media
    KARIM SULEMAN
    လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က တစ်ဖက်သတ်မှိုင်းတိုက်မှုကြောင့် မိမိတို့ခံစားခဲ့ရတဲ့ ပြည်သူ့အခွင့်အရေးချိုးဖောက်မှုကို နှလုံးသွင်းနိုင်ဖို့ရည်ရွယ်ပြီး ၉/၁၁ နှစ်ပတ်လည်နေ့ရောက်ယင် ၀ါရှင်တန်ဒီစီမှာ လူတစ်သန်းချီတက်ပွဲလုပ်ဖို့ အမေရိကန်မွတ်စ်လင်မ်အဖွဲ့အစည်းတစ်ခုက စည်းရုံးလျက်ရှိပါတယ်။
    “ ၉.၁၁.၂၀၁၃ ရက်မှာ ၀ါရှင်တန်ဒီစီကို မွတ်စ်လင်မ်ဦးရေတစ်သန်း သမိုင်းဝင်ချီတက်မှု ဖြစ်လာရေးအတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ပြည်သူ့ အခွင့်အရေးကို ကျွန်တော်တို့အစိုးရက ကာကွယ်ပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်။ ပြင်ဆင်ပြောင်းလဲရေး ပထမဥပဒေ 1st amendment သက်ဝင်လှုပ်ရှားလာစေဖို့ ကျွန်တော်တို့ တောင်းဆိုသွားပါမယ်။ ပွင့်လင်းမြင်သာတဲ့အစိုးရဖြစ်ရမယ်လို့ သမ္မတအိုဘားမားရဲ့ ပထမဆုံးသမ္မတ မဲဆွယ်မှုမှာ ပေးထားတဲ့ ကတိက၀တ်ကို ဖြည့်ဆည်းဆောင်ရွက်ဖို့ ကျွန်တော်တို့ တောင်းဆိုသွားပါမယ်။ နောက်ဆုံးအနေနဲ့ ၉/၁၁ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို အမေရိကန်ပြည်သူတွေသိအောင် ထုတ်ပြန်ပေးဖို့ တောင်းဆိုသွားပါမယ် ” AMPAC (American Political Action Committee) အဖွဲ့က မိမိတို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။
    စည်းရုံးဆောင်ရွက်နေတဲ့ American Muslim Political Action Committee (AMPAC) က ဇန္န၀ါရီလမှာ ဒီလှုပ်ရှားမှုအတွက် ပထမဆုံးအကြိမ် ကြေငြာခဲ့တာပါ။ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားကတည်းက မွတ်စ်လင်မ်တွေ ခါးစည်းခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကာကွယ်တားဆီးနိုင်ရေးအလို့ငှာ ဒီလိုစီစဉ်ခြင်းဖြစ်ပါတယ်။
    “ အဲ့ဒီနေ့လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး သားကောင်ဘ၀ ရောက်ခဲ့ရတယ်။ မွတ်စ်လင်မ်တွေရော မွတ်စ်လင်မ်မဟုတ်သူတွေပါ အချိန်အတန်ကြာတဲ့အထိ ထိခိုက်ခံစားခဲ့ကြရတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ၁၂ နှစ်တာလုံးလုံး ဗီလိန်လူဆိုးလို ပုံဖော်ခံနေရတာက ကျွန်တော်တို့ မွတ်စ်လင်မ်တွေ ဖြစ်နေတယ်။ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့နဲ့မီဒီယာမှန်သမျှ ကျွန်တော်တို့ မွတ်စ်လင်မ်တွေ နဲ့ ကျွန်တော်တို့ရဲ့ အစ္စလာမ်သာသနာ အပေါ် တလွဲတချော်စော်ကားရေးသားထုတ်ပြန်မှုတွေကို ကျူးလွန်နေတာ ဒီနေ့ကာလအထိပါဘဲ ” လို့ ၀က်ဘ်ဆိုဒ်မှာ တင်ပြထားပါတယ်။
    တိကျတဲ့စာရင်းပြုစုမှုမရှိပေမယ့် အမေရိကမှာ မွတ်စ်လင်မ်ပေါင်း ၇ သန်းကနေ ၈ သန်းအထိ နေထိုင်လျက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကနဦးပိုင်း လူထုစစ်တမ်းအရ အမေရိကန်မွတ်စ်လင်မ်တွေဟာ နိုင်ငံအပေါ်သစ္စာစောင့်သိကြပြီး မိမိတို့အနာဂတ်နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံအပေါ် အကောင်းမြင်သဘောထား ရှိတယ်လို့ ဆိုထားတယ်။
    ၉/၁၁ နောက်ပိုင်း မိမိတို့ရဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှုပုံဟန် နဲ့ ရပ်တည်မှုပုံဟန်အတွေပေါ် လူ့အသိုင်းအ၀ိုင်းထဲမှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ၊ ၀ါဒမှိုင်းတိုက်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ အမေရိကန်မွတ်စ်လင်မ်များစွာက ပြောကြပါတယ်။
    လာမယ့် ချီတက်ပွဲမှာ ဆန္ဒထုတ်ဖော်သူများအနေနဲ့ ၉/၁၁ ရဲ့ဖြစ်ရပ်မှန်ကို ဖွင့်ချဖော်ပြပေးဖို့ကိုလည်း တွန်းအားပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီဖြစ်အင်ကို ဖုံးကွယ်ထားတဲ့အထဲမှာ အမေရိကန်အစိုးရကိုယ်တိုင်လည်း ပါဝင်နေတယ်လို့ Hodge က ဖော်ပြထားတယ်။
    “ ကျွန်တော်တို့ အမေရိကန်မွတ်စ်လင်မ်တွေက အကြမ်းဖက်မှုနဲ့ပဋိပက္ခတွေကို ဆန့်ကျင်ပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ အမေရိကန်အားလုံးရဲ့ အခွင့်အရေးကိုလည်း ကာကွယ်သွားမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က စတင်ပြီး နှစ်စဉ် စက်တင်ဘာ ၁၁ ရက်ရောက်တိုင်း အမေရိကန်ပြည်ထောင်စုမြို့တော် ၀ါရှန်တန်ဒီစီကို အမေရိကန်မွတ်စ်လင်မ်ဦးရေတစ်သန်းနဲ့ ချီတက်ပွဲလုပ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်သွားပါမယ် ” လို့ AMPAC တည်ထောင်သူ MD Alam က သီးသန့်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။
    ၁၉၉၅ ခုနှစ်မှာ အမေရိကန်-အာဖရိကန် ဦးရေ ၁.၅ ကနေ ၂ သန်း ပမာဏထိ စုပေါင်းချီတက်ပွဲပြုလုပ်ခဲ့ကြတယ်။ မိမိတို့ရဲ့ပြည်သူ့အခွင့်အရေးအတွက် အမျိုးသားရင်ပြင်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းပါ။ အဲ့ဒီလို သမိုင်းဝင်ချီတက်ဆန္ဒထုတ်ဖော်ပွဲက အောင်မြင်မှုမျိုး တစ်ကျော့ပြန်ရဖို့ AMPAC က မျှော်မှန်းထားပါတယ်။
  • လက်ရေးနှင့်ဆက်နွှယ်နေသော လူ့ကိုယ်ရည်ကိုယ်သွေး ၅၀၀၀
    သြဂုတ်လ-၁၈ ရက်၊ ၂၀၁၃
    စုစည်းတင်ဆက်သူ- မြင့်မိုရ်
    M-Media Knowledge ကဏ္ဍ
    f_gholipour20130731135821143
    အချို့ လူ့ကိုယ်ရည်ကိုယ်သွေး ၅၀၀၀ ခန့်သည် လက်ရေးပေါ်မူတည်၍ ခန့်မှန်းနိုင်ကြောင်းကို အမေရိကန်နိုင်ငံရှိ National Pen Company မှ သုတေသနပြုလုပ်ချက်တစ်ရပ်မှ ဆိုသည်။
    ဂရဖ်ဖိုလော်ဂျီ (graphology) ဟု ခေါ်ဆိုသော လူတစ်ဦး၏လက်ရေးအား အဆင့်ဆင့်လေ့လာခြင်းဖြင့် သူ၏အမူအကျင့်များကို ဆုံးဖြတ်သိရှိနိုင်သည်ဟု ယင်းလေ့လာမှုအရ တွေ့ရှိခဲ့ရသည်။
    အင်ဖိုဂရဖ်ဖစ် (infographic) ဟု လတ်တစ်လောအမည်ပေးထားသည့် ပညာသည် လူတစ်ဦးချင်းစီ၏ ရေးသားသော စာလုံးအကွာအဝေး၊ သူ့နာမည်အား လက်မှတ်ထိုးပုံ၊ O (အို) စာလုံးနှင့် S(အက်စ်)အား လက်ရေးဆက်ရေးဟန် တို့အပေါ် အနုစိပ်လေ့လာခြင်း ဖြစ်သည်။
    လူတို့၏ လက်ရေးအရွယ်အစားသည်လည်း ၄င်းတို့ထံရှိ ပင်ကိုယ်အရည်အသွေးများကို ပြသနေကြာင်း သုတေသနအတွင်း၌ တွေ့ရှိရသည်။
    “ သေးငယ်သော လက်ရေးသမားများသည် ရှက်ကြောက်တတ်၏၊ ဆည်းပူးလေ့လာတတ်၏၊ တိကျမှုရှိတတ်၏။  လက်ရေးကြီးသူများမှာမူ ဖော်ရွေ၏၊ အပင်ပန်းခံအလုပ်လုပ်တတ်၏၊ လူအများ၏အာရုံစိုက်မှုကို အလွန်သဘောကျသူများ ဖြစ်၏ ” ဟု လေ့လာချက်တစ်ရပ်က ပြသထားသည်။
    လူတစ်ဦးချင်းစီ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ စိတ်နေစိတ်ထား၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း နှင့် သွေးတိုးခြင်း စသော ကျန်းမာရေးပြဿနာများကိုပင်လျှင် ထိုစမ်းသပ်ချက်များမှတစ်ဆင့် ကောက်ချက်ချနိုင်လေသည်။
    “ စိတ်ကစဥ့်ကလျားဖြစ်နေသူတွေဟာ အများအားဖြင့် လက်ရေးစာလုံးစောင်းပုံက ဘယ်မရောက် ညာမရောက် ဖြစ်နေတတ်တယ်။ လားရာတစ်ဖက်တည်းကို ပုံမှန်စောင်းနေတာမဟုတ်တဲ့အတွက် အမှန်တရားနဲ့ပုံမှန်ထိတွေ့မရှိသူရဲ့ လက္ခဏာတစ်ရပ်အဖြစ် ယူဆလို့ရနေပါတယ် ” ။
    ဂရဖ်ဖိုလော်ဂျီ၏နည်းလမ်းသစ်သည် လူများအား မိမိတို့၏ အတွင်း စိတ်အား နားလည်သွားစေရန် အထောက်အကူပြုလိမ့်မည် ဟု သုတေသနပြုလေ့လာသူများက ဆိုသည်။
    FGP/FGP
  • ၁၇-၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှုအကျဉ်း
    သြဂုတ်လ- ၁၇-၂၀၁၃
    M-Media
    illustration-indonesian
    Idaho တောမီး
    အမေရိကန် Idaho အနီးရှိ Sun Valley အပန်းဖြေ အိမ်ခြေ ၁၆၀၀ကို တောမီးများကြောင့် ရွှေ့ပြောင်းထွက်ခွာရန် ညွှန်ကြားထားသည်။ လေတိုက်နုန်း ပြင်းထန်လာသောကြောင့် နိုင်ငံမှ မီးသတ်သမား ၁၀၀၀ ခန့် ဝိုင်းဝန်း ညှိမ်းသတ်လျက် ရှိသည်။
    ________________________________
    Area 51 အမှန်တကယ် တည်ရှိခဲ့
    စစ်အေးကာလကတည်းက ဂြိုဟ်သားများ ကို ဖမ်းစီး စစ်ဆေးလေ့လာသော လျှို့ဝှက် နေရာအဖြစ် ကောလာဟလများ ရှိခဲ့ပြီး ယခုအခါ စာမျက်နှာ ၄၀၀ရှိသော CIA ၏ ကန့်သတ် မှတ်တမ်းများကို အများဖတ်ရှုခွင့် ပေးလိုက်ရာ ၎င်း Area 51 သည် U-2 ကဲ့သို့ စပိုင်လေယာဉ်များ စမ်းသပ်ရာနေရာအဖြစ် ဖေါ်ပြထားသည်။ ၎င်းနေရာသည် Las Vegas၏ အနောက်မြောက်ဘက် မိုင် ၈၀ အကွာ Groom Lake အနီးတွင် တည်ရှိသည်။
    ________________________________
    ဖိလစ်ပိုင်တွင် ခရီးသည်တင် သင်္ဘောနစ်မြုပ်
    Cebu မြို့အနီး ကမ်းခြေနှင့် ၁.၂ မိုင်အကွာတွင် ကုန်တင်သင်္ဘောနှင့် သောကြာနေ့ ည ၉ နာရီခန့်တွင် တိုက်မိသဖြင့် ၁၀ မိနစ်ခန့်အတွင်း နစ်မြုပ်သွားခဲ့ရာ ၃၁ ဦး သေဆုံကြောင်း သိရပြီး ၁၇၀ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
    ________________________________
    အီဂျစ်တွင် ဗလီကို ရဲတပ်ဖွဲက တိုက်ခိုက်
    ဆန္ဒပြသူများ ခိုလှုံရာ ကိုင်ရိုမြို့ရှိ ဗလီတစ်လုံးကို ယနေ့ ရဲတပ်ဖွဲက ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည်။
    ________________________________
    အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ဆင်ခြေဖုံးဒေသတစ်ခုတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်နှစ်ဦးအား သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်တစ်ခုဖြစ်ပွားခဲ့သည်ဟုသိရသည်။ ဂျာကာတာအနောက်တောင်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ဆိုင်ကယ်စီးလာသောသေနတ်သမားနှစ်ဦးက ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ၎င်းနောက် ရဲတပ်ဖွဲ့ဝင်လေးဦးပါသည့် ရဲကားမှ ထိုသေနတ်သမားများအား လိုက်လံဖမ်းဆီးရာတွင် မော်တော်ကားမောင်းနှင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ထပ်မံပစ်သတ်ခံလိုက်ရပြီး သေနတ်သမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
    ________________________________
    တရုတ်နိုင်ငံတွင် ရေးကြီးမှုဖြစ်ပွား လူ ၂၅ ဦးသေဆုံး
    ပြီးခဲ့သည့်သီတင်းပတ်ကစ၍ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ ၁.၂ ဘီလျံရှိနေပြီး လူပေါင်း ၁သိန်း ၄သောင်းကျော်အားပြောင်းရွှေ့ပေးခဲ့ရသည်ဟု တရုတ်သတင်းဌာနများက ဖေါ်ပြကြသည်။
    ________________________________
    မောင်းသူမဲ့လျှပ်စစ်မော်တော်ကား စင်ကာပူတွင်စမ်းသပ်ပြေးဆွဲ
    စင်ကာပူနိုင်ငံတွင် ပထမဦးဆုံးမောင်းသူမဲ့ လျှပ်စစ်မော်တော်ကားအား စမ်းသပ်အသုံးပြုနေပြီဟုသိရသည်။ နန်းယန်း နည်းပညာတက္ကသိုလ်(NTU)နှင့် JTC ကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်သည့် အဆိုပါ လျှပ်စစ်မော်တော်ကားမှာ လူရှစ်ဦးလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး တစ်နာရီတွင် ကီလိုမီတာ ၂၀ အထိ ရောက်ရှိနိုင်မည်ဖြစ်ကာ နန်ယန်းနည်းပညာတက္ကသိုလ်နှင့်  JTC CleanTech Park အကြားမကြာမီပြေးဆွဲနိုင်တော့မည်ဖြစ်သည်။ လျှပ်စစ်မော်တော်ကားများကို အမေရိကန်နှင့် ဥရောပနိုင်ငံများတွင်အသုံးပြုနေပြီး NTU က အားသွင်ချိန်လျှော့ကျစေရန်နှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် မွမ်းမံခဲ့ကာ စမ်းသပ်မှုအောင်မြင်ပါက စီးပွားဖြစ်ထုတ်လုပ်ဖွယ်ရှိနေသည်။
    ________________________________
    ဆိုးရွားသော ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရ
    ဆိုးရွားသော ရာသီဥတုကြောင့် ဖိလစ်ပိုင်ခရီးသည်တင်သင်္ဘောနစ်မြုပ်ရာတွင် ပျောက်ဆုံးနေသောသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသည်ဟုသိရသည်။ စိန့်သောမတ်စ် အကွီနတ်စ်ဟု အမည်ရသည့်ခရီးသည်တင်သင်္ဘောမှာ ခရီးသည် ၈၃၁ဦးတင်ဆောင်ကာ စီဘူးဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် ကုန်တင်သင်္ဘောတစ်စီးနှင့်တိုက်မိကာ သောကြာနေ့ညပိုင်းက နစ်မြုပ်ခဲ့ရသည်။ ခရီးသည်များမှ ၃၁ ဦးသေဆုံးခဲ့ပြီး ၆၂၉ ဦးအား ကယ်တင်နိုင်ခဲ့ကာ ၁၇၁ ဦးမှာပျောက်ဆုံးနေသည်။ မိုးသည်းထန်စွာရွာသွန်းနေပြီး လေပြင်းများတိုက်ခတ်နေကာ ရေစီးများအလွန်သန်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့နေ့လည်ပိုင်းမှစတင်ရပ်နားခဲ့ရကြောင်း ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
  • ၁၇-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်လ- ၁၇-၂၀၁၃
    M-Media
    fagi
    ငွေကြေးသုံးစွဲရန် ကြောက်ရွံ့ခြင်းမရှိဟု ၀င်းဂါးဆို
    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက သူ၏ စီမံခန့်ခွဲမှုများနှင့်ပက်သက်၍ ဝေဖန်မှုများမှာ မမျှတဟုပြောဆိုလိုက်ပြီး အသင်းအားတောင်းတင်းစေသည်ဟူယူဆသည့် ကစားသမားကိုသာ ခေါ်ယူလိုသည်ဟု ပြောဆိုလိုက်သည်။ အာဆင်နယ်အသင်းမှာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် လူငယ်ကစားသမား ယာယာဆာနိုဂို တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ပြီး၊ လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အားခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့သည်။
    __________________________________________
    ဖာဂူဆန်၏နေရာကိုမည်သူမှ အစားထိုး၍ မရဟု မိုယက်စ်ဆို
    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က မန်ယူအသင်း၏ ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာတွင်မည်သူမျှ အစားထိုး၍မရနိုင်ဘဲ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရမည့် မန်ယူအသင်းအားမောင်းနှင်နိုင်ရန် ပြင်းပြင်းထန်ထန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ မိုယက်စ်က ဖာဂူဆန်၏နေရာအား အစားထိုးရန်မဖြစ်နိုင်ကြောင်း၊ ၎င်းအနေဖြင့် ပရီးမီယားလိဂ်သရဖူးအားကာကွယ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး အသင်းအားကိုင်တွယ်ရာတွင်လိုအပ်ပါက ဖာဂူဆန်ထံမှ အကြံဥာဏ်များတောင်းခံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    __________________________________________
    ကာဆီးလက်စ်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်သည်ဟု အစ္စကိုဆို
    ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူသစ် အစ္စကိုက အီကာကာဆီးလက်စ်မှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ပြီးခဲ့သည့်ရာသီက ကာဆီးလက်စ်မှာ လက်ဒဏ်ရာကြောင့် ၎င်း၏နေရာကို ဒီယေဂိုလိုပက်ဇ်အားလွှဲပေးခဲ့ရသည်။ အစ္စကိုက မကြာသေးမီနှစ်များက ဆုပေါင်းများစွာဆွတ်ခူးရရှိခဲ့သည့် ကာဆီးလက်စ်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်ကြောင်း ဒိယေဂိုမှာလည်း ဂိုးသမားကောင်းတစ်ဦးဖြစ်ကြောင်း ပထမကစားသမားနေရာအတွက် ၎င်းတို့နှစ်ဦးပြိုင်ဆိုင်ရမှုမှာ ကောင်းမွန်သည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။
    __________________________________________
    အသင်းမှထွက်ခွာရန် ဆန္ဒမရှိဟု ဇူနီဂါဖွင့်ဟ
    ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့က ခေါ်ယူရန် စိတ်ဝင်စားနေသည့် နာပိုလီအသင်း၏ နောက်ခံလူ ဂျူအန်ကာမီလိုဇူနီဂါက အသင်းမှထွက်ခွာရန်ဆန္ဒမရှိဟုပြောဆိုလိုက်သည်။ နာပိုလီအသင်းနှင့် သက်တမ်းတစ်နှစ်သာကျန်ရှိတော့သည့် ဇူနီဂါမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မျှော်လင့်နေသည်။ ဇူနီဂါက “ဂျူဗီက ကျနော့်ကိုစိတ်ဝင်စားတဲ့အတွက် ကျနော်ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျနော်ဟာနာပိုလီအသင်းသားတစ်ယောက်ပါ။ အသင်းကနေထွက်ခွာဖို့ မစဉ်းစားပါဘူး။” ဟု ပြောကြားခဲ့သည်။
    __________________________________________
    မန်ယူနောက်ခံလူ ဘက်တနာအား တူရကီကလပ် ခေါ်ယူရန် စိတ်ဝင်စား
    တူရကီကလပ် ဘက်ဆစ်က်တက်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံလူ အလက်ဇန်းဒါး ဘက်တနာအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ ဘက်တနာ၏ အေးဂျင့်ဖြစ်သူ အလက်ဇန်းဒါး ဘာရ်ဆက်က ဘက်တနာ ဘင်ဖီကာအသင်းသို့ပြောင်းရွှေ့မည်ဆိုသည့်သတင်းကို ငြင်းပယ်လိုက်ပြီး ဘက်ဆစ်က်တက်အသင်းနှင့် ဆွေးနွေးနေသည်ဟု ဖွင့်ဟခဲ့သည်။ ဘက်တနာမှာ ၂၀၁၂ ခုနှစ်က မန်ယူသို့ရောက်ရှိလာခဲ့ပြီး အသင်းနှင့် ၁၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည်။
    __________________________________________
    ၀ီလီယံအား ပေါင် သန်း ၃၀ ဖြင့် လီဗာပူးလ်ကမ်းလှမ်း
    လီဗာပူးလ်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်းနှင့် တော့တင်ဟမ်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေသည့် ရုရှားကလပ် Anzhi Makhachkala အသင်း၏ ကစားသမားဝီလီယံအား ပေါင် သန်း ၃၀ဖြင့် ခေါ်ယူရန်နီးစပ်နေသည်ဟုသိရသည်။
    __________________________________________
    ဖက်ဒါရာနှင့် ဂျိုကိုဗစ်တို့ ကွာတားအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည့် ATP Western & Southern Open တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ATP Western & Southern Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ဂျိုကိုဗစ်နှင့် ကမ္ဘာ့နံပါတ် ၅ ရော်ဂျာဖက်ဒါရာတို့မှာ ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။ ၂ နာရီနှင့် ၂၃ မိနစ်ကြာခဲ့သည် ဂျိုကိုဗစ်နှင့် အမေရိကန်တင်းနစ်သမား ဂျွန်အစ်နာတို့ပွဲစဉ်တွင် အစ်စနာက ဂျိုကိုဗစ်အား ၇-၆၊ ၃-၆၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။ အစ်စနာမှာ ဆီးမီးဖိုင်နယ်တွင် အာဂျင်တိုင်း တင်းနစ်သမား ဂျူအန်မာတင် ဒလ်ပေါ်ထရိုနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ကမ္ဘာ့အဆင့် ၃ ရှိ စပိန်တင်းနစ်အကျော်အမော် ရာဖေးလ် နာဒယ်လ်နှင့် ကမ္ဘာ့အဆင့် ၅ ရှိ ဆွဇ်တင်းနစ်သမား ရော်ဂျာဖက်ဒါရာတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် နာဒယ်လ်က ဖက်ဒါရာအား ၅-၇၊ ၆-၄၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။
    __________________________________________
    WTA Western & Southern Open တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ ဆရီနာ ၀ီလီယံတက်ရောက်
    ကမ္ဘာ့နံပါတ် ၁ အမေရိကန်တင်းနစ်မယ် ဆရီနာ ၀ီလီယံမှာ အမေရိကန်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် WTA Western & Southern Open တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့တက်ရောက်သွားပြီဟုသိရသည်။ ဆရီနာနှင့် ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာ ဟလက်ပ်တို့ကစားခဲ့ကြသည့် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ၁ နာရီနှင့် ၄ မိနစ်ကြာမြင့်ခဲ့ပြီး ဆရီနာက ၆-၀၊ ၆-၄ ဖြင့် ပွဲပြတ် အနိုင်ရရှိခဲ့သည်။ ယခုနှစ်အတွင်း ဆုဖလား ၈ ခုအထိ ရယူထားသည့် ဆရီနာမှာ ဆီးမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ လီနာ နှင့်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    __________________________________________
    ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် မိုဟာမက်ဖာရာဗိုလ်စွဲ
    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ချန်ပီယံရှစ်အားကစားပြိုင်ပွဲ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသားမိုဟာမက်ဖာရာ အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။ မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် ပူပူနွေးနွေးဗိုလ်စွဲခဲ့သည့် ဖာရာမှာ မီတာ ၅၀၀၀ ပြိုင်ပွဲတွင် ၁၃ မိနစ် ၂၆.၉၈ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ဗိုလ်စွဲခဲ့ခြင်းကြောင့် ဖာရာမှာ အိုလံပစ်နှင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့သည့် ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့သည်။ ဖာရာမတိုင်ခင် အီသီယိုးပီးယားမှ ကန်နီနီဆာ ဘက်ကယ်က အနိုင်ရဗိုလ်စွဲခဲ့ဖူးသည်။
  • ရှမ်းပြည်နယ် အစ္စလာမ် ဘာသာရေးရာ အဖွဲ့အစည်းမှ ၀ါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ
    သြဂုတ်လ- ၉ ရက်၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-ဘုန်းမင်းခန့်
    07
    ၂၀၁၃ခုနှစ် သြဂုတ်လ ၉ရက်နေ့တွင် ကျရောက်ခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးရာအဖွဲ့အစည်းမှ ကြီးမှုး၍ ယနေ့ ( ၁၇.၈.၂၀၁၃) ရက်နေ့ နံနက်(၁၁း၃၀) တွင် တောင်ကြီးမြို့၊ မြို့မရပ်၊ ပြည်တော်အေးလမ်းရှိ “သီတာအေးခန်းမ” တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
    ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးရာအဖွဲ့အစည်းမှ ကျင်းပသော ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်သံဃာတော်ကြီးများ၊ တောင်ကြီးမြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်သံဃာတော်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိ ၀န်ဆောင် ဆရာတော် သံဃာတော်ကြီးများ ၊ တောင်ကြီးမြို့ပေါ်ရှိ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ လောကမာရ်အောင်ကျောင်းတိုက်၊ ဓမ္မသုခကျောင်းတိုက်၊ မင်းကွန်းကျောင်းတိုက်၊ စူလာမုနိကျောင်းတိုက်၊ ဘုရားကြီးအနောက်ကျောင်းတိုက်၊ အေးစေတီစာသင်တိုက်၊ ရွှေမောင်းကျောင်းတိုက်တို့မှ ကျောင်းထိုင် ဆရာတော် သံဃာတော်ကြီးများ ကြွရောက်ချီးမြှင့်ပေးခဲ့ပြီး  ရှမ်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊့ တောင်ကြီး ခရိုင်နှင့် တောင်ကြီ့းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အခြားဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊ (၈၈)လူငယ် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာအဖွဲ့မှ အဖွဲ့ဝင်လူကြီးများ၊ ခရစ်ယာန်ဘာသာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အစ္စလာမ်သာသာရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ဘာသာရေး – လူမှုရေး အသင်းအဖွဲ့
    အသီးသီးမှ လူကြီးမင်းများ၊ မြို့မိမြို့ဖများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းနှင့်မီဒီယာအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားသို့ကြွရောက်ချီးမြှင့်ပေးတော်မူသော ဆရာတော် သံဃာတော်ကြီးများအား  ရှမ်းပြည်နယ်အစ္စလာမ်ဘာသာရေးရာအဖွဲ့ဝင်များမှ အလှူတော်ငွေများလှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
    ထို့နောက် အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များအား အကျွေးအမွေးဖြင့် တည့်ခင်းဧည့်ခံပြီး ကြွှရောက်လာကျသော ဧည့်သည်တော်များမှ ချစ်ကြည်ရင်းနှီးစွာဖြင့် နေ့လည်စာ သုံးဆောင်ခဲ့ကျပြီး ဧည့်ခံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
    0013