News @ M-Media
Blog
  • သြဂုတ် ၂၃ အားကစားသတင်းများ
    သြဂုတ်လ- ၂၃ ရက်၊ ၂၀၁၃
    M-Media
    Messi 2
    ပရီးမီးယားလိဂ် အသင်းများ အခြေအနေကောင်းခဲ့သည့် ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်များ
့ပရီးမီယားလိဂ်ကလပ်အသင်းများဖြစ်ကြသည့် တော့တင်ဟမ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့မှာ ယခုတစ်ပါတ်အတွင်းကစားခဲ့သည့် ယူရိုပါလိဂ် ခြေစစ်ပွဲပလေးအော့ဖ်ပွဲစဉ်များတွင် အသီးအသီး အနိုင်ရရှိခဲ့သည်ဟု သိရသည်။ တော့တင်ဟမ်အသင်းမှာ လစ်သူယေးနီးယားကလပ် အက်ဖ်စီ ဒိုနမို တဘီလ်ဆီအသင်းအား ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ တော့တင်ဟမ် အသင်းအတွက် ဂိုးများကို ယခုနှစ်တွင်မှ အသင်းသို့ရောက်ရှိလာသည့် တိုက်စစ်မှူး ဆိုလ်ဒါဒိုက ၂ ဂိုး၊ အန်ဒရိုစ့် တောင်းဆန်း၊ ဂျိုး ပေါ်လို ပေါ်လင်ဟို နှင့် ဒန်နီရို့စ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့သည်။
    ဆွမ်ဆီးအသင်းမှာလည်း ရိုမေးနီးယားကလပ် Petrolul Ploiesti အသင်းအား ၅ ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်။ ၁၄ မိနစ်တွင် ၀ိန်း ရုတ်လဒ်ဂ်ျက ဆွမ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုလည်းကောင်း၊ ၂၂ မိနစ်တွင် မီချူးက ဒုတိယဂိုး၊ ၂၅ မိနစ်တွင် ရုတ်လဒ်ဂ်ျကပင် တတိယဂိုး၊ ၅၈ မိနစ်တွင် Petrolul Ploiesti အသင်း၏ ကစားသမားဖြစ်သူ ဆန်းတို့စ် ပီကန်ဟာက ကိုယ်ဂိုးကိုယ်သွင်းမိခဲ့၍ ဆွမ်ဆီးအသင်းက စတုတ္ထဂိုးရရှိခဲ့သည်။ မိနစ် ၇၀ တွင် ပို့ဇ်ဇီလိုက နောက်ဆုံပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ Petrolul Ploiesti အသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၇ မိနစ်တွင် ဂရိုဇက်ဗ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    လာလီဂါကလပ်အသင်းများဖြစ်ကြသည့် ရီးယဲလ်ဘက်တစ်အသင်းနှင့် ဆီးဗီးလားအသင်းများမှာလည်း အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
    _______________________________
    ဒဏ်ရာရနေသည့် မက်ဆီအား အာဂျင်တီးနားအသင်းရွေးချယ်
    စက်တင်ဘာ ၁၀ ရက်နေ့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပါရာဂွေးအသင်းနှင့် ကစားရမည့် အာဂျင်တီးနားလူစာရင်းတွင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီ ပါဝင်လာသည်ဟုသိရသည်။ မက်ဆီမှာ ပြီးခဲ့သည့်သီတင်းပတ်က မာလာဂါအသင်းနှင့်ကစားခဲ့သော ပွဲစဉ်တွင် ဘယ်ဘက်ပေါင်၌ ဒဏ်ရာရရှိခဲ့ပြီး ယခုကဲ့သို့ လက်ရွေးစင်အသင်းက ရွေးချယ်ခဲ့မှုအပေါ် အာဂျင်တိုင်းမီဒီယာများက မေးခွန်းထုတ်နေကြသည်။
    _______________________________
    စင်ကလဲယားအား ၀က်စ်ဘရွန်းအသင်း အငှားဖြင့်ခေါ်ယူ
    ၁၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည်။ ၀က်စ်ဘရွန်းအသင်းမှာ စင်ကလဲယားအား လာမည့်နှစ်တွင် အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူရန် ရှိနေသည်။
    _______________________________
    အလွန်ဆို၏ ခြေဖ၀ါးရိုးအား ခွဲစိတ်ပြီးဟု ရီးယဲလ်ထုတ်ပြန်
    ခြေဖ၀ါးရိုးကျိုးဒဏ်ရာခံစားနေရသည့် ကွင်းလယ်လူဇာဘီအလွန်ဆိုအား ခွဲစိတ်မှုများပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ကာ ကုသမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ရီးယဲလ်မက်ဒရစ်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဒဏ်ရာအား ဗုဒ္ဓဟူးနေ့က ရီးယဲလ်အသင်းနှင့် လေ့ကျင့်ခန်းဆင်းစဉ် ရရှိခဲ့ခြင်းဖြစ်သည်။
    _______________________________
    ကာဘာယီအားအာဆင်နယ်ခေါ်ယူမည်ဆိုသည်မှာ မဟုတ်မှန်
    ယိုဟန်ကာဘာယီအား အာဆင်နယ်အသင်းမှ ပြောင်းရွှေ့ကြေး ၁၀ သန်းဖြင့် ခေါ်ယူမည့်ဆိုသည့်သတင်းအား မဟုတ်မှန်ကြောင်း နယူးကာဆယ်အသင်း၏ နည်းပြဖြစ်သူ အလန်ပက်ဒရူးက ပြောဆိုလိုက်သည်။ နယူးကာဆယ်အသင်းပိုင်ရှင်နှင့်တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအချိန်အထိဆောင်ရွက်ရမည့် အစီအစဉ်များအား ချမှတ်ခဲ့ကြောင်း ပက်ဒရူးက ပြောဆိုခဲ့သည်။ ကာဘာယီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် မန်စီးတီးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည့် နယူကာဆယ်အသင်း၏ လူစာရင်းတွင်ပါဝင်ခြင်းမရှိခဲ့ချေ။
    _______________________________
    ပိုဒေါစကီးအား ရှော်လ်ကာ အငှားဖြင့် ခေါ်ယူမည်
    ဘွန်ဒစ်လီဂါကလပ်အသင်းဖြစ်သည့် ရှော်လ်ကာအသင်းမှာ အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ပိုဒေါစကီးအား အငှားဖြင့်ခေါ်ယူလိုနေသည်ဟုသိရသည်။ ပိုဒေါစကီး အားပေးချေရမည့် လုပ်အားခမှာ အလွန်ကြီးမြင့်နေသောကြောင့် အာဆင်နယ်အသင်းမှ လုပ်ခ၏ တစ်ပိုင်းတစ်စအား ပေးချေနိုင်ပါက အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေသည်။
    _______________________________
    ၀ီလီယံအား ကြားဖြတ်ခေါ်ယူရန် ချယ်ဆီးစီစဉ်နေ
    ချယ်ဆီးအသင်းသည် ရုရှားကလပ် Anzhi Makhachkala အသင်း၏ တိုက်စစ်မှူး ၀ီလီယံအား ကြားဖြတ်ခေါ်ယူရန်စီစဉ်နေသည်ဟုသိရသည်။ ၀ီလီယံအား တော့တင်ဟမ်အသင်း မှခေါ်ယူရန် သဘောတူညီမှုရရှိထားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဆေးစစ်ဆေးမှုပင်ပြုလုပ်ခဲ့သော်လည်း ချယ်ဆီးအသင်းက ပြောင်းရွှေ့ကြေးတိုးမြှင့်ပေးကာ ယူရို ၃၇ သန်းဖြင့် ကြားဖြတ်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ တော့တင်ဟမ်အသင်းမှာ ၀ီလီယံအတွက် ယူရို ၃၅ သန်းဖြင့်သဘောတူညီထားသည်။
    _______________________________
    အာဆင်နယ်သို့ပြန်လာရန် ဖလာမီနီ စီစဉ်
    အာဆင်နယ်အသင်း၏ ကစားသမားဟောင်းဖြစ်သူ မက်သီယူ ဖလာမီနီမှာ အာဆင်နယ်အသင်းသို့ ပြန်လာရန် စီစဉ်နေသည်ဟုသိရသည်။ အသက်၂၉ နှစ်အရွယ်ရှိ ဖလာမီနီမှာ ပြီးခဲ့သည့် ဘောလုံးရာသီအကုန်က စီးရီးအေကလပ် အေစီမီလန်အသင်းနှင့် စာချုပ်ပြည့်ခဲ့သည့် ကစားသမားဖြစ်သည်။
    _______________________________
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် WTA New Haven Open တင်းနစ်ပြိုင်ပွဲတွင် ကာရိုလိုင်း ၀ုဇ်နီအက်ကီနှင့် ပက်ထရာ ကဗီတိုဗာတို့မှာ ဆီးမီးဖိုင်နယ်သို့ရောက်ရှိသွားပြီဟု သိရသည်။ ဒိန်းမတ်တင်းနစ်မယ် ၀ုဇ်နီအက်ကီမှာ ကွာတားဖိုင်နယ်တွင် အမေရိကန်တင်းနစ်မယ် ဆိုလိန်းစတီဖင်အား ၇-၆၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး ချက်တင်းနစ်မယ် ကဗီတိုဗာမှာ ရုရှားတင်းနစ်မယ် ပက်ဗလိုင်ချန်ကိုဗာအား ၂-၆၊ ၆-၂၊ ၇ -၅ အားအနိုင်ရရှိခဲ့သည်။ ဆီးမီးဖိုင်နယ်တွင် ၀ုဇ်နီအက်ကီမှာ ရိုမေးနီးယားတင်းနစ်မယ် စီမိုနာ ဟလက်ပ်နှင့်
    တွေ့ဆုံရမည်ဖြစ်ပြီး ကဗီတိုဗာမှာ ချက်တင်းနစ်မယ် ကလာရာဇာကိုပါလိုဗာနှင့်တွေ့ဆုံရမည်ဖြစ်သည်။
  • သံတွဲမြို့ သဗြုချိုင်ရွာတွင် အကြမ်းဖက်မှုများ လုပ်ဆောင်မည့် အခြေအနေများရှိနေ
    သြဂုတ် ၂၃၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    TanDwe
    သံတွဲ ။          ။         သံတွဲမြို့ သဗြုချိုင်ကျေးရွာ၌ ယနေ့တွင် လူစုလူဝေးဖြင့် အကြမ်းဖက်မည့် ပုံစံများတွေ့မြင်နေရသဖြင့် သဗြုချိုင်မှ မွတ်စလင်မ်များ စိုးရိမ်နေသည်ဟု သိရသည်။
    သဗြုချိုင်ရွာတွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်မ် ထက်ဝက်ခန့်စီရှိပြီး ဘေးပတ်လည် ရွာများသည် ဗုဒ္ဓဘာသာရွာများဖြစ်ကြပြီး ပတ်ဝန်းကျင်ရွာမှာ လူများစုဝေးကာ သဗြုချိုင်သို့ သွားကာ အကြမ်းဖက်မှုများစတင်ဖြစ်ပေါ်စေရန် လှုံ့ဆော်နေမှုများ ရှိသည်။ သဗြုချိုင်ရွာသားများအချင်းချင်းသည် အကြမ်းဖက်မှုကို စတင်ပြုလုပ်မည် မဟုတ်သော်လည်း ဘေးအနား ၀န်းကျင်ရွာများမှ အကြမ်းဖက်သမားများ ၀င်ရောက်လာပါက အသင့်ဖြစ်စေရန် စီစဉ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
    လာမည့် ၂၆-ရက်နေ့တွင် သဗြုချိုင်ရှိ မွစ်လင်မ်အိမ်တွေ ဖျက်ဆီးမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် သဗြုချိုင်နှင့် အနီးဆုံး မွတ်စလင်မ်ရွာများသို သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးများအား ရွေှ့ပြောင်းထားရန် မွတ်စလင်မ်များမှ စီစဉ်နေကြောင်းလည်း သိရသည်။
    လာမည့် ၂၆-ရက်နေ့တွင် ပြုလုပ်မည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အတွက် သံတွဲမြို့ပေါ် လမ်းတိုင်းနီးပါးတွင် သာသနာ့အလံများ စိုက်ထူလျက်ရှိပြီး သံဃာအပါး(၃၀၀)ကို ဆွမ်းလောင်းလှူမည့် အစီအစဉ်၌ သံဃာ တစ်ပါးခြင်းစီအတွက် ကပ္ပိယအနေဖြင့် ၂-ဦး သို့မဟုတ် ၁-ဦးစီ လိုက်ပါပေး ရမည်ဟုလည်း ဆော်သြ ထားကြောင်းနှင့် တောင်ကြီးမြို့တွင် ဟောကြားခဲ့သည့် မွတ်စလင်မ် မုန်းတီးရေး တရားခွေကို သံတွဲမြို့တော် ခန်းမမှ လော်စပီကာဖြင့် ဖွင့်လှစ်ထားသော်လည်း နိုင်ငံတော်၏ မည်သည့် တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကမှ တားဆီးခြင်းမရှိပဲ ဘာသာရေးမုန်းတီးမှုများ ပြုလုပ်နေသည်ကို လွတ်လပ်စွာ ခွင့်ပြုနေသောကြောင့် သံတွဲမြို့မှ မွတ်စလင်မ်များအနေဖြင့် စိုးရိမ်သောက ရောက်နေရသည်ဟု သံတွဲမြို့မှ တစ်ဦးမှ M-Media သို့ ပြောပြခဲ့သည်။
  • ချေချင်း မျက်မမြင်များအတွက် ကုရ်အာန်ပြိုင်ပွဲ ကျင်းပမည်
    သြဂုတ်လ၊ ၂၃ ရက်၊ ၂၀၁၃
    M-Media
    Qur’an Competition for Blind Chechensဂရော့ဇ်နီ။        ။ ချေချင်းလူ့အဖွဲ့အစည်းထဲက မျက်မမြင်တွေ ဖွံ့ဖြိုး တိုးတက်လာရေး အတွက် မျက်မမြင် မွတ်စ်လင်မ်တွေ အကြား ဗရာအီလီ နည်းစံနစ်အရ ကုရ်အာန် အဖတ်ပြိုင်ပွဲကို ရုရှက ဂရော့ဇ်နီမှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။
    “ ဒီပြိုင်ပွဲဟာ ပြိုင်ပွဲဝင်တွေ အတွက်သာ မဟုတ်ဘဲ လူငယ်တွေအတွက်ပါ အလွန်ထူးခြားစေမှာ ဖြစ်ပါတယ်။ မျက်မမြင်တွေရဲ့ အပြုအမူအားဖြင့် မွတ်စ်လင်မ်လူငယ် မျိုးဆက်တွေကို ကုရ်အာန်ကျမ်းဂန် လေ့လာသင်ယူဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ် ” လို့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဌ ရမ်ဇာန် မုစ်တာအိဗ် (Ramzan Mustaev) က သြဂုတ် ၂၁၊ ဗုဒ္ဓဟူးနေ့မှာ Islam.ru ၀က်ဘ်ဆိုဒ်ကို ပြောကြား ခဲ့ပါတယ်။
    လာမယ့် သြဂုတ် ၂၄ ရက်ဆိုယင် ချေချင်း ရီပတ်ဘလစ်ရဲ့ မြို့တော် ဂရော့ဇ်နီမှာ ဒီအစီအစဉ်ပြုလုပ်မှာဖြစ်တယ်။
    မျက်မမြင်မွတ်စ်လင်မ်များအတွင်း ယုံကြည်ချက် အားကောင်းလာစေရေး နဲ့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ချက်မြင့်မားလာစေရေး ရရှိစေဖို့အတွက် ဒီပြိုင်ပွဲကို ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။
    “Put” တီဗီကုမ္ပဏီက ပံ့ပိုးကူညီပြီး သာသနာရေးနှင့် သာသနာ့ ၀တ္ထကရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ အဒဲလ် အလ် ဖလာဟ်(Dr. Adel Al-Falah) မှ ဖွင့်လှစ် တင်ဆက်ပေးမှာဖြစ်ပါတယ်။
    ရုရှနိုင်ငံက ဘာသာတရား အသီးသီးရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်လာမယ်လို့ ခန့်မှန်းထားကြတယ်။
    ချေချင်းရဲ့ ပထမဆုံး သမ္မတ အဟ်မဒ် ဟာဂျီ ကာဒီရော့ဗ် ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီပြိုင်ပွဲကို ဂရော့ဇ်နီမှာ ပထမဆုံးကျင်းပခြင်းဖြစ်ပါတယ်။
    ချေချင်းက ဥပဒေပညာရှင် အာဒမ် ရှဟီဒေါ့ဗ်၊ ဆီးရီးယားက ရှိုင်းခ် မဟီရာ အလ်မုနန်ဇစ်ဒ်၊ ကုရ်အာန် ကျွမ်းကျင် ပညာရှင် အိုင်မန် ရုရှ်ဒီ စုဝိုင်းဒ်၊ အပြည်ပြည်ဆိုင်ရာ ကုရ်အာန် သင်ကြားရေး အဖွဲ့ကိုယ်စားလှယ် အစ်ဗ်ရာဟီမ် ဆာဘီရော့ဗ် အပါအ၀င် ဂုဏ်ရှိကျော်စောတဲ့ ပညာရှင် အုပ်စုမှ ကြီးကြပ် ဆောင်ရွက်သွားပါမယ်။
    ရုရှပြည်ထောင်စုမှာ မွတ်စ်လင်မ်ဦးရေ ၂၃ သန်းဝန်းကျင် ရှိတယ်။ ကော့ကေးဆပ် မြောက်ပိုင်း၊ ရှက်န်ညာတောင်ပိုင်း၊ အင်ဂူရှက်ရှား နဲ့ တာဂျစ္စတန်ဒေသတွေမှာ အများဆုံးနေထိုင်ကြတယ်။
    အစ္စလာမ်ဟာ ရုရှမှာ ဒုတိယအကြီးဆုံး သာသနာဖြစ်ပြီး အော်ဒိုဒေါ့စ် အများစုဖြစ်တဲ့ နိုင်ငံ့လူဦးရေ ၁၄၅ သန်းထဲမှာ ၁၅ % ပါဝင်နေပါတယ်။
    ရှက်န်ညာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၁၀ စစ်တမ်းအရ လူဦးရေပမာဏ ၁.၂၆ သန်းရှိတယ်။ အဲ့ဒီထဲက ၁.၂ သန်းဟာ ချေချင်း လူမျိုးတွေဖြစ်ပြီး ၉၅.၃ % ပါဝင်နေတယ်။ ချေချင်းလူမျိုး အများစုကတော့ ယခုအခါမှာ ရုရှကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှက်န်ညာမှာ နေထိုင်လျက်ရှိတယ်။
    အင်္ဂါချွတ်ယွင်းမသန်စွမ်းမှုက ဒီလောကီမှာ အလ္လာဟ်အရှင်မြတ်ရဲ့စမ်းသပ်ချက် တစ်ရပ်ဖြစ်ကြောင်း၊ ဒါကိုအကြောင်းခံပြီး ကောင်းချီး မင်္ဂလာရရှိနိုင်ကြောင်း မွတ်စ်လင်မ်တို့အနေနဲ့ ယုံကြည်ထားကြတယ်။
    ဒါကြောင့် မသန်စွမ်းသူဟာ ဒီစိန်ခေါ်ချက်အပေါ် စိတ်ရှည်သည်းခံခြင်းနဲ့တစ်ကွ ရင်ဆိုင် ရှင်သန်သွားကြခြင်း ဖြစ်တယ်။
    အားနည်းနိမ့်ကျသူများ အပေါ် လေးစားမှုနဲ့တစ်ကွ – ဖေးမမှုတရားနဲ့တစ်ကွ ကူညီစာနာဖို့ မွတ်စ်လင်မ်တွေကို အစ္စလာမ်က ညွှန်ကြားထားပါတယ်။ သူတို့ကို ကူညီစောင့်ရှောက်မှု ပေးရပါမယ်၊ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရပါမယ်၊ သူတို့ကို သီးခြား မဖြစ်စေဘဲ လူ့အဖွဲ့အစည်းဝင် အဖြစ်သာ သတ်မှတ် လက်ခံကြရပါမယ်။
  • နိုင်ငံတော်ဘာသာနေ့  ပြုလုပ်ရန် ၉၆၉ အဖွဲ့ သံတွဲတွင် လှုံ့ဆော်နေ
    သြဂုတ် ၂၃၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    Thandwel 2
    သံတွဲ ။          ။        မြန်မာနိုင်ငံတွင် ယခင်က အစိုးရလက်ထက်တွင် ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းပေးခဲ့သော ဗုဒ္ဓဘာသာနေ့ကို ဖော်ထုတ်သည့်အနေဖြင့် သြဂုတ်လ ၂၆-ရက်နေ့တွင် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ်ပြုလုပ်ရန် သံတွဲမြို့တွင် ၉၆၉ အဖွဲ့မှ ဦးဆောင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ “နိုင်ငံတော် ဘာသာနေ့ဆိုတာ ဟိုးအရင်က သံတွဲမှာ တစ်ခါမှ လုပ်တာ မကြားဖူးဘူး။ ဒီနှစ်မှ ဒါမျိုး ထလုပ်တယ်။ ပြီးတော့ အခုလုပ်တာက ၉၆၉ အဖွဲ့က ဦးဆောင်လုပ်ကြတာဖြစ်မယ်။ လှုံ့ဆော်တဲ့ စာရွက်ကတော့ ကျွန်တော်လည်း ရပါတယ်။ အစည်းအဝေးသွားတက်တဲ့အထဲ ကျွန်တော့်သူငယ်ချင်းတွေလည်းပါတယ်လေ။ သူတို့တွေနဲ့ ကျွန်တော်က ဟိုးငယ်ငယ်ကတည်းက သူငယ်ချင်းတွေ အခုထိလည်း သံတွဲမှာက သူငယ်ချင်းတွေပဲ။ ဒီလှုံ့ဆော်စာတွေကို အစည်းအဝေးမှာလည်း ဝေတယ်။ နောက် ရပ်ကွက်တွေထဲမှာလည်း ဝေတယ်။ တရားပွဲတွေ လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် တကယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ တရားတော်တွေ မဟောကြားဘဲ ဘာသာခြား အဓိက မွတ်စလင်မ်မုန်းတီးရေးတွေပဲ ဟောမယ်ဆိုရင်တော့ လုံးဝ မဖြစ်သင့်ဘူး။ အခုက လက်ကမ်းစာရွက်တွေမှာကို ၉၆၉ တံဆိပ်တွေပါတယ်။ ၉၆၉ အဖွဲ့တွေ ဦးဆောင်လုပ်ပြီဆိုတာနဲ့ မွတ်စလင်မ်မုန်းတီးရေးကိုပဲ ဦးတည်နေတယ်။ ပြီးတော့ အဲ့ဒီလက်ကမ်းစာရွက်မှာပဲရေးထားတာကဗျာ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာကို လေးစားရန် မျိုးစောင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်နေပေပြီ တဲ့။ ဒီတော့ လုပ်တဲ့ အဓိက ရည်ရွယ်ချက်ကိုက အဲ့ဒီမှာ ပေါ်လွင်နေပြီ။ တကယ့် ကိုယ့်သာသနာ ထိန်းသိမ်းတာထက် တခြားဘာသာတွေကို နှိပ်ကွပ်နေတာ။ ဒီလို အခြေအနေမှာ အကြမ်းဖက်မှုတွေ ဆက် မဖြစ်လာတော့အောင် နိုင်ငံတော် တာဝန်ရှိသူတွေကလည်း နည်းနည်းတော့ ထိန်းသိမ်းသင့်တယ်။”လို့ သံတွဲမြို့ခံမှ M-Media ကို ပြောပြခဲ့ပါတယ်။
    ထိုနေ့တွင် ဘုန်းတော်ကြီးများထံမှ သြ၀ါဒတရားဟောကြားခြင်း၊ ဘာသာရေး အတွေးအမြင် စာတမ်းများ ဖတ်ကြားခြင်း၊ ဗုဒ္ဓဘာသာအချင်းချင်း မေတ္တာဘာဝနာ စီးဖြန်းခြင်း၊ သာသနာရေရှည်တည်တံ့ရေးအတွက် အဓိဋ္ဌာန်ဆုတောင်းခြင်းများ ပြုလုပ်ကာ သံတွဲမြို့အတွင်း သာသနာ့အောင်လံ စိုက်ထူထားသည့် လမ်းတလျှောက် သံဃာအပါး(၃၀၀)ကျော်တို့အား မကြုံဖူးသော ဆွမ်းခြောက်လှူဒါန်းမှုပြုလုပ်ပြီး ဘာသာရေး အထိမ်းအမှတ် အနေဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအစီအစဉ် အတွက် လက်ကမ်းစာရွက်များ လိုက်လံဝေငှပြီး လှုံ့ဆော်နေကြောင်းလည်း သိရသည်။
    အဆိုပါ နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် ကျင်းပရန် စတင်လှုံ့ဆော်မှုမှာ မွန်ပြည်နယ် ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး ကျောင်းတိုက်မှ ၂၄-၅-၂၀၁၃ က မွန်ပြည်နယ်တွင် အစပြုလှုပ်ရှား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
    မုတ္တမမြို့ မြစေတီနန်းဦး ကျောင်းတိုက်မှ ဆရာတော်များမှာ နိုင်ငံအဝှမ်း ဖြစ်ပွားခဲ့သည့် မွတ်စလင်မ်မုန်းတီးရေး အကြမ်းဖက်မှုများ ဖြစ်ပွားစေသည့် မုန်းတီးရေးတရားများ ဟောပြောဖြန်ချီနေသော ၉၆၉ အဖွဲ့ စတင်တည်ထောင် ဦးဆောင်သူများ ဖြစ်ကြသည်ဟု မှတ်တမ်းများအရသိရပါသည်။
    အလားတူ မန္တလေးမြို့တွင်လည်း  နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန် လှုံ့ဆော်စာများကို့  သြဂုတ်လ ၂၁-ရက်နေ့မနက်ပိုင်းမှစ၍ မန္တလေးမြို့ နေရာအနှံ့အပြားတွင် လိုက်လံ လှုံ့ဆော် ဝေငှနေကြောင်း သိရသည်။
    ဦးနုအစိုးရလက်ထက် မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ် ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ခရစ်ယာန်နဲ့ မွတ်စလင်မ်များရဲ့ ၀ိုင်းဝန်းကန့်ကွက်မှုများ ဖြစ်ပွားခဲ့ကြသည်။  ၁၉၆၂-ခု စစ်အာဏာသိမ်း ဦးနေ၀င်းအစိုးရ လက်ထက်မှာ အခြေခံ ဥပဒေသစ်ပြဌာန်း လိုက်တဲ့ အခါ ဗုဒ္ဓ ဘာသာဟာ နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းထားတဲ့အချက်က အလိုလို ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ တကျော့ပြန် ပြန်လည်၍ အထိမ်းအမှတ်များ ပြုလုပ်ရန် လှုံ့ဆော်လာခြင်း ဖြစ်သည်။
    ထိုအချိန်က နိုင်ငံတော်ဘာသာပြဌာန်းမှုကို ဦးဆောင် ကန့်ကွက်ခဲ့ကြသည့် ခရစ်ယာန်နှင့် မွတ်စလင်မ်များလည်း ဖမ်းဆီးထောင်ချခြင်း ခံခဲ့ကြရသည်။
    Thandwel 4
    Thandwel 1
    Thandwel 3
  • သြဂုတ်လ- ၂၂ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    သြဂုတ်လ- ၂၂ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media
    Bradley Manning အမှု
    အီရတ်စစ်ပွဲနှင့်ဆိုင်သော ထိပ်တန်းလျို့ဝှက်ချက် ၇၀၀,၀၀၀ ခန့်ကို WikiLeak သို့ ပေးပို့မှုဖြင့် Bradley Manning အား ထောင်ဒါဏ် ၃၅နှစ် ချမှတ်လိုက်သည်။ Bradley Manning က ၎င်းသည် ကျန်ရှိသော ဘဝတွင် မိန်းမအဖြစ် နေလိုကြောင်း ပြောဆိုသွားသည်။
    ____________________________________
    အာကာသ ယာဉ်မှူးများ အာကာသယာဉ်အပြင်သို့ ထွက်မည်
    နိုင်ငံတကာ အာကာသ စခန်းတွင် တာဝန်ထမ်းဆောင်နေသော ရုရှ ယာဉ်မှုး Fyodor Yurchikhin နှင့် Alexander Misurkin တို့သည် ကိရိယာ အသစ်များ တပ်ဆင်ရန် ယနေ့ အာကာသယာဉ် အပြင်ထွက်၍ လုပ်ဆောင်ကြမည် ဖြစ်သည်။
    ____________________________________
    အီဂျစ် နိုင်ငံ မူဘာရတ်ကို ယနေ့ လွှတ်မည်
    နိုင်ငံကို နှစ် ၃၀ ကြာတစ်ဦးတည်း ချုပ်ကိုင်ခဲ့သူ မူဘာရတ် အား ယနေ့လွှတ်ရန် တရားရုံးက အမိန့်ချလိုက်သော်လည်း မွတ်စလင်မ် ညီနောင်များပါတီ၏ ခေါင်းဆောင်များကိုမူ ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်သည်။
    ____________________________________
    မလေးရှား တွင် ခရီးသည်တင်ကား ချောက်ထဲကျ
    တောင်ပေါ်ခရီး ဖြစ်သည့် Genting ဒေသတွင် ကားချောက်ထဲကျသဖြင့် ခရီးသည် ၃၇ဦး သေဆုံးခဲ့ရသည်။
    ____________________________________
    Bo Xilai ၏ လာဘ်စားမှု
    တရုတ်နိုင်ငံတွင် လာဘ်စားမှု စွဲချက်တင်ခံထားရသော Bo Xilai သည် စီးပွားရေးသမား Xu Ming ထံမှ ဒေါ်လာ ၃.၃ သန်း ကို ၎င်း မြို့တော် ဝင် အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရယူခဲ့ခြင်းကို တရားရုံးတွင် ငြင်းဆိုခဲ့သည်။
    ____________________________________
    ကန်တားနားကားအား ခဲဖြစ်ထုခြင်းမဟုတ်ဘဲ အမြန်ထွက်ခွာဖို့ ရဲမှ အချက်ပေးခြင်းဖြစ်ဟု အုပ်ချူပ်ရေးမှူးပြော
    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေး ကင်တားနား မိတ္ထီလာကို ရောက်စဉ် လူများ စုအုံလာပြီးနောက် သူ၏ ကားကို ခဲဖြင့် ပေါက်ပြီး ရန်ပြုသည်မဟုတ်ပဲ သူ၏ကား အမြန်ထွက်ခွာစေလို၍ ရဲမှ အချက်ပေးခြင်းသာဖြစ်ပြီး မစ္စတာကင်တားနားမှ နားလည်မှု လွဲသွားသည်ဟု မိတ္ထီလာမြို့အုပ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောသည်။
    ____________________________________
    မစ္စတာ ကင်တားနားလည်း ဒုက္ခသည်များကဲ့သို့ ကြောက်ရွံ့မှုမျိုး ခံစားခဲ့ရ
    မြန်မာနိုင်ငံသို့ ၁၀-ရက်ကြာ ခရီးစဉ်တွင် မိတ္ထီလာသို့ သွားစဉ် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည်လည်း ဒုက္ခသည်များကဲ့သို့ ကြောက်ရွံ့မှုမျိုးများ ခံစားခဲ့ရတယ်လို့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
    ____________________________________
    သယံဇာတ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးကော်မတီ စစ်တွေ၌ ဆွေးနွေး
    ရခိုင်ပြည်နယ်ထွက် သယံဇာတများအား အကျိုးအမြတ် ခွဲဝေရာတွင် ပွင့်လင်းမှု မရှိပဲ ဒေသခံတိုင်းရင်းသားတို့ ခံစားခွင့်နည်းပါးသည့်အတွက် ရခိုင်တိုင်းရင်းသားများမှ အစဉ်တစိုက် ကန့်ကွက်လှုပ်ရှားမှုများကြောင့် အစိုးရမှ ဖွဲ့စည်းထားသည့် သယံဇာတနှင့်ဆိုင်သည့် ကော်မတီမှ စစ်တွေသို့ သွားရောက် ဆွေးနွေးခဲ့သည်။
    ____________________________________
    အစိုးရမှ လွတ်တော်နှင့် ပြည်သူများကြား အထင်လွှဲအောင် နိုင်ငံပိုင်သတင်းစာတွေကို အသုံးချဟု လွှတ်တော်ဝေဖန်
    ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော်သမ္မတတို့အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ နိုင်ငံပိုင်သတင်းစာတွေမှာ ဖေါ်ပြတာဟာ ပြည်သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။