News @ M-Media

Blog

  • အမေရိကန်သမ္မတ အိုဘားမားအား သတင်းထောက်များမှ မေးသင့်သော မေးခွန်း ၆ ခု

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    Obama

    ၁။ သမ္မတကြီး ခင်ဗျား။ ၂၀၀၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော လူကြီးမင်းရဲ့ရွေးကောက်ပွဲမဲဆွယ်မှုတစ်ခုမှာ ဂွန်တာနာမို (Guantanamo) အကျဉ်းထောင်အား ပိတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုလက်ရှိတွင် အကျဉ်းထောင်သည် ဆက်လက်၍ ဖွင့်လှစ် ထားဆဲပင်ဖြစ်နေပါသည်။ ထို့အတူ ပြစ်မှု မထင်ရှားသူများလည်း ရှိနေပြီး  သူတို့၏ အခြေခံ ထွက်ဆိုခွင့်များကိုလည်း ငြင်းပယ်ခံထားရဆဲဖြစ်ပါသည်။ ထိုအကျဉ်းသား များစွာသည် လူမဆန်စွာ ဆက်ဆံခံရမှု အတွက် ကာလကြာရှည် အစာအငတ်ခံ ဆန္ဒပြ ခဲ့ကြပြီးလည်း ဖြစ်ပါသည်။ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုကို လေးစား တန်ဖိုးထားပါသည်ဟု အမေရိကန်နိုင်ငံ၏ ပြောဆိုချက် အပေါ် ပိတ်လိုက်ရန် ပျက်ကွက်ခဲ့သော ၄င်းအကျဉ်းထောင်နှင့် ပတ်သက်ပြီး မည်သို့ သဘောထားသည်ကို သမ္မတကြီးမှ ဤနိုင်ငံ (မိမိနိုင်ငံအမည်) ရှိ ပြည်သူများထံ ရှင်းပြပေးနိုင်ပါသလား ?

    ၂။ သမ္မတကြီး ခင်ဗျား။ ဒီမိုကရေစီစံနစ်၏အခြေခံ အကျဆုံးအချက် တစ်ခုမှာ ပွင့်လင်းအားကောင်းစွာ ဝေဖန်ခွင့်ရှိသော စာနယ်ဇင်း ကဏ္ဍ ဖြစ်ကြောင်း သမ္မတကြီးမှ လက်ခံမည်ဟု မျှော်လင့်ရပါသည်။ စာနယ်ဇင်းများတွင် သတင်း ထုတ်ပြန်သူတို့၏ တစ်ဖက်သတ် ဘက်လိုက်မှုများ၊ ကျင့်ဝတ်နှင့် မညီညွတ်မှုများကို မကြာခဏဆိုသလို တွေ့ကြရပါသည်။ အမေရိကန်နိုင်ငံတွင် ဘရဒ်လီမဲန်နင်း (Bradley Manning)၊ ဘားရက် ဘရောင်း (Barrett Brown) နှင့် အဒ်ဝါ့ဒ် စနိုးဒဲန် (Edward Snowden) တို့အား အတင်း အဓမ္မပြစ်ဒဏ်ပေးမှုများ၊ အလားတူစွာ ၀ီကီလီခ် (WikiLeaks) နှင့် ဂျူလီယန် အက်စိန်ဂ်ျ (Julian Assange) တို့အား ဗဟိုတရားရုံးမှ ထိုးဖောက် စုံစမ်းမှုများ ပြုလုပ်ခြင်း စသည်တို့နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံသည် သြဇာရှိသူများ၏တစ်ဖက်သတ် ကိစ္စများအပေါ် အမှားထောက်ပြခဲ့သူ သတင်းထောက်တို့၏လုပ်ရပ်ကို အဘယ်ကြောင့် ဖိနှိပ်ဖျောက်ဖျက်နေကြောင်း သမ္မတကြီးမှ ဤနိုင်ငံ(မိမိနိုင်ငံအမည်) ရှိ ပြည်သူများထံ ရှင်းပြပေးနိုင်ပါသလား ?

    ၃။ သမ္မတကြီး ခင်ဗျား။ အမေရိကန်နိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် သေဒဏ် စီရင်ခြင်း၌ ပဉ္စမြောက် စာရင်းဝင်လျက် ရှိပါသည်။ ကမ္ဘာ့တိုင်းပြည်များအနက် အမေရိကန်နိုင်ငံသည် စီးပွားရေး အတိုးတက်ဆုံး နိုင်ငံဖြစ်ပြီး သေဒဏ်ပေးခြင်းကိုလည်း ဆက်လက် ကျင့်သုံးနေသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်နေပါသည်။ နိုင်ငံအများအပြားမှ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ဟု သတ်မှတ်ထားနေလင့်ကစား ယင်းသို့ကျင့်သုံးနေသော အခါ အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများအား လူ့အခွင့်အရေးအကြောင်းကို မည်သို့ သွန်သင်နိုင်ပါမည်လဲ ?

    ၄။ သမ္မတကြီး ခင်ဗျား။ အမေရိကန်နိုင်ငံအတွင်းတွင် မိမိ၏ပြည်သူများအား တရားစီရင်မှု မပြုဘဲ အသံတိတ်နှုတ်ပိတ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အလားတူစွာ ကမ္ဘာတစ်ဝှန်းမှ အပြစ်မရှိသူ များစွာကို အချက်အလက်များဖြင့် သတ်ဖြတ်နေခြင်းနှင့်ပတ်သက်၍လည်းကောင်း ဤနိုင်ငံ(မိမိနိုင်ငံအမည်) ရှိ ပြည်သူများမှ ဝေခွဲမရ နားလည်ရ ခက်နေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဂွန်တာနာမို နှင့် သေဒဏ်ပေးခြင်းကဲ့သို့ ကိစ္စများသည် အမေရိကန်နိုင်ငံ၏ ကြွေးကြော်မှုဖြစ်သည့် မျှတသောတရားစီရင်ရေး၊ အခြေခံလူ့အခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေး တို့နှင့် သက်ဆိုင်မှုမရှိလေ သလောဟု သမ္မတကြီးမှ ဤနိုင်ငံ (မိမိနိုင်ငံအမည်) ရှိ ပြည်သူများထံ ရှင်းပြပေးနိုင်ပါသလား ?

    ၅။ သမ္မတကြီး ခင်ဗျား။ NSA ၏ လျှို့ဝှက်ချက်အား ဖော်ပြခဲ့သော သတင်းထောက် တစ်ဦး၏ လုပ်ဖော်ကို င်ဖက်ဖြစ်ရုံမျှဖြင့် အကြမ်းဖက်တုန့်ပြန်ရေး ဥပဒေအောက်မှ လူတစ်ဦးအား သူ၏ရှေ့နေနှင့်တွေ့ခွင့် မပေးဘဲ အချိန် ၉ နာရီကြာ ပိတ်လှောင်ထားမှုသည် လျော်ကန် သင့်မြတ်သည်ဟု လူကြီးမင်းမှ လက်ခံပါသလား ?  ထိုသို့ထိန်းသိမ်းထားမှုသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအတွက်လော ? ထို့အတူ အမေရိကန်နိုင်ငံ၏ လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ သတင်းဖော်ပြသော နိုင်ငံတကာ သတင်းထောက်များကို အမေရိကန် အစိုးရ၏တောင်းဆိုချက်ဖြင့် ၄င်းတို့အား နိုင်ငံတကာ အသိုင်းအ၀ိုင်း၌ မေးမြန်းမှုများပြုလုပ်သည်ရှိသော် သူတို့၏ ခရီးသွားလာမှုမှာ စိုးရိမ်ရသည့် အခြေအနေ၌ ရှိနေပါသလား ?

    ၆။ သမ္မတကြီး ခင်ဗျား။ ယခင် ရုရှား ဆိုဗီယက် နှင့် ယခုလက်ရှိ အုပ်ချုပ်ရေး စံနစ်၏ အမှတ် လက္ခဏာတစ်ခုမှာ နိုင်ငံတော်လုံခြုံရေး ကာကွယ်မှုလမ်းကြောင်းအောက်မှ စုံစမ်းထောက်လှမ်းမှုကို တွင်ကျယ်စွာ အသုံးပြုခြင်း ဖြစ်ပါသည်။ သီးခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမေရိကန် လူထုအပေါ် ကျယ်ပြန့်စွာလျှို့ဝှက်ထောက်လှမ်း စုံစမ်းနေခြင်းသည် ကမ္ဘာ့ အလွတ်လပ်ဆုံးနိုင်ငံဖြစ်သည်ဟူသော အဆိုနှင့် အံဝင်ကိုက်ညီမှု ရှိ/မရှိဟူသည်ကို လူကြီးမင်းမှ ရှင်းပြနိုင်သလား ? အမေရိကန်များသည် အစိုးရမှ ဖတ်ရှုလိမ့်မည်ဟူသည့် စိုးရိမ်မှု မပါဝင်ဘဲ အီးမေးလ် တစ်စောင်ပင်လျှင် ပို့ဆောင်နိုင်စွမ်း မရှိတော့ပါသလော ? (ဟု မေးမြန်းလိုကြောင်းပါ ခင်ဗျား)။
    AGB/AGB

    Christian Christensen is Professor of Journalism at Stockholm University, Sweden ၏ နိုင်ငံတကာမှ သတင်းထောက်များ အမေရိကန်သမ္မတ အိုဘာမား တွေ့ဆုံမေးမြန်းသည့် အခါ မေးသင့်သည့် မေးခွန်း (၆) ချက်ကို ဆီလျော်အောင် မြန်မာပြန်ဆိုခြင်းဖြစ်ပါသည်။

  • မိတ္ထီလာဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကုလကိုယ်စားလှယ် ကင်းတားနား ဖြစ်စဉ်မှန်ကို ပြောခြင်း မဟုတ်ဟု ဦးရဲထွဋ် စွပ်စွဲ

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    UN envoy
    မိတ္ထီလာခရီးစဉ်အတွင်း ကုလကိုယ်စားလှယ်အား လုံခြုံမှုအပြည့်အ၀ ပေးခဲ့ကြောင်းဖြင့် သမ္မတပြောခွင့်ရ ဦးရဲထွဋ်မှ ပြောကြားကာ ကုလကိုယ်စားလှယ် ကင်းတားနား၏ ပုဂ္ဂလိက ခံစားချက်ကို ငြင်းဆန်ပယ်ချခဲ့ ကြောင်း သတင်းများက ဆိုသည်။

    ကုလကိုယ်စားလှယ် ကင်းတားနားမှာ မိတ္ထီလာသို့အသွား ရမ်းကားလူအုပ်ကြီးက ကားတန်းတလျောက်လိုက်ကာ ဆဲဆိုရန်စကာ ကားများကို ကန်ကျောက်ခဲ့သော်လည်း ရဲများက လက်ပိုက်ကြည့်နေကြောင်း၊ သို့ကြောင့် ကင်းတားနားနှင့်အဖွဲ့က ကြောက်ရွံ့စိုးရိမ်မှု ခံစားခဲ့ရကြောင်းဖြင့် သတင်းများက ဖော်ပြသလို ကင်းတားနားကိုယ်တိုင်ကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

    သို့သော် ဦးရဲထွဋ်ကမူ ဆိုးသွမ်းလူအုပ်ကြီးမှာ ကင်းတားနားအား စာနှင့် တီရှပ်များပေးရန်သာ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကင်းတားနား၏ ပြောစကားများမှာ ဖြစ်စဉ်မှန်နှင့် လုံးဝဆန့်ကျင်နေကြောင်း၊ ရဲများက သူ့ကို အကာအကွယ်ပေးခဲ့ကြောင်း၊ ဆိုးသွမ်းလူအုပ်ကြီးက သူ့ကိုထိခိုက်စေဖို့ ရည်ရွယ်ရင်း မရှိခဲ့ကြောင်း စသဖြင့် ၄င်းကိုယ်တိုင် ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့်အလား ဆိုခဲ့သည်။

    ကင်းတားနားကမူ ထိုဖြစ်စဉ်တွင် အကာအကွယ်လုံးဝကင်းမဲ့နေသည်ဟု မိမိခံစားရကြောင်း၊ မြန်မာအစိုးရက ကုလကိုယ်စားလှယ်တစ်ဦးကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့်မြန်မာအစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    Ref: ဧရာဝတီ

    Photo – AFP

    ဗီဒီယို Credit >> ကမာရွတ်မီဒီယာ

  • သာယာဝတီမင်း(ခ) ရွှေဘိုမင်း လက်ထက်(၁၈၃၇-၁၈၄၆) ရန်ကုန်မြို့ မြေပုံ

    ရှာဖွေတင်ပြသူ- ဝါးလုံးရှည်အတီး

    ရန်ကုန်မြို့ကို အင်္ဂလိပ် တို့၏ အာဏာ မသက်ရောက်မှီ မြန်မာ မင်းများလက်ထက်ထဲကပင် စေတီများ၊ ရှေးဟောင်း ရိုမန် ကက်သလစ် ချာခ်ျ၊ အာမေးနီးယန်း ချာခ်ျ၊ ဗလီများ အစရှိသည်ဖြင့် လူမျိုး၊ဘာသာ မှီတင်းနေထိုင်ရာ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

    Yangon Map

    ပုံထဲတွင် တွေ့မြင်ရသော အာမေးနီးယန်း ချာခ်ျမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တွင် တည်ရှိပြီး ယနေ့ထက်တိုင် တွေ့မြင်နိုင်သေးပါသည်။ မြေပုံထဲတွင်ပါရှိသော ဗလီ သုံးလုံး အနက် အနောက်ဘက် ဆုံးကျသည့် ဗလီမှာ ဆူးလေ နှင့် အနီးတဝိုက်၊ အလယ် မှ တစ်လုံးမှာ ကျောက်တံတား မြို့နယ် ၃၉လမ်းနှင့် လမ်း၄၀နား၊ အရှေ့ ဘက်ရှိ ဗလီတစ်လုံးမှာမူ ပုဇွန်တောင် မြို့နယ် အတွင်း နေရာများတွင် တည်ရှိခဲ့မည်ဟူ ခန့်မှန်းရသည်။

    ၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အတွင်းတွင် ရန်ကုန်မြို့ရှိ အဆောက်အအုံ များ ပျက်စီးခဲ့ရပြီး စစ်အပြီး ယနေ့ ရန်ကုန်မြို့၏ လက်ရှိ အနေအထား အတိုင်းဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သော ဖရေဇာ စီမံကိန်း အရ လမ်းနှင့် မလွတ်သည့် စေတီများ၊ သိမ်များ၊ ဗလီများ အစရှိသည့် ဘာသာရေး အဆောက်အအုံ အတော်များများကို ဖြိုချပြီး လမ်းများကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်။

    မြေပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ် မှ ရရှိပါသည်။

    ဝါးလုံးရှည်အတီး FB Page မှ ကူးယူဖော်ပြပါသည်။

  • ရပ်စောက်မြို့တွင် လတ်တလော ဖြစ်ပေါ်နေသော လူမှုရေး ကိစ္စရပ်များကို ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့မှ ညှိနှိုင်းဖြေရှင်း

    သြဂုတ် ၂၂၊ ၂၀၁၃
    M-Media
    ဘုန်းမင်းခန့်

    1

    ရပ်စောက် ။      ။        ရှမ်းပြည်နယ်၊ ရပ်စောက်မြို့အတွင်း မကြာသေးမီရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဝင်မိသားစုနှင့် အစ္စလာမ်ဘာသာဝင်မိသားစုအကြား ဖြစ်ပေါ်ခဲ့သော လူမှုရေး၊ အိမ်ထောင်ရေးပြဿနာများ ပြေလည် စေရန်နှင့် နှစ်ဖက် အသိုင်းအ၀ိုင်းများအကြား ဖြစ်ပေါ်နေသော သံသယများပြေပျောက်စေရန် (၂၁.၈.၂၀၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစ္စလာမ် ဘာသာရေးအဖွဲ့မှ ရပ်စောက်မြို့သို့ သွားရောက်ခဲ့ပြီး ရပ်စောက်မြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရပ်စောက်မြို့ရှိ အစ္စလာမ်ဘာသာဝင်လူကြီးများ၊ ရပ်မိရပ်ဖ လူကြီးမင်းများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ပြေလည်စွာဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

    ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်နေ အဘဦးမြဟန်၏သားဖြစ်သူ အစ္စလာမ်ဘာသာ ကိုးကွယ်သူ မောင်အောင်လွင် (ခ)အောင်လေးနှင့် ရပ်စောက်မြို့၊ လွယ်ကိုး ရပ်ကွက်နေ အဘ ဦးထွန်းရွှေ၏ သမီး ဗုဒ္ဓဘာသာကိုးကွယ်သူ မတင်တင်အေးတို့သည် လွန်ခဲ့သော (၆)နှစ်ခန့် ၂၀၀၇ခုနှစ်မှ စတင်ကာ နှစ်ဦးသဘောတူ အကြင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြကာ မိမိတို့ယုံကြည် ကိုးကွယ်ရာများကို သီးခြားစီ လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပြီး သားသမီး(၂)ဦး ထွန်းကားခဲ့ပါသည်။ မောင်အောင်လွင် (ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်ရေး အဆင် မပြေဖြစ်မှုကြောင့်လည်းကောင်း၊ မိခင်၏ခေါ်ယူမှုကြောင့်လည်းကောင်း မတင်တင်အေးသည် လွန်ခဲ့သော ၁နှစ် ၂၀၁၂-ခုနှစ် သြဂုတ်လမှ စတင်၍ မိဘများနေအိမ်သို့ ပြန်သွားခဲ့ကြောင်းသိရှိရပါသည်။

    မောင်အောင်လွင်မှာ သားသမီးနှစ်ဦးနှင့် အတူနေထိုင်လျှက် ၎င်းသားသမီးနှစ်ဦးတို့အား ယနေ့ ထက်တိုင် ပြုစုစောင့်ရှောက်ခဲ့ကြောင်းလည်း သိရှိရပြီး (၁၆.၈.၂၀၁၃)ရက်နေ့တွင် မတင်တင်အေးမှ မိမိအနေဖြင့် ခင်ပွန်းဖြစ်သူ မောင်အောင်လွင် (ခ) အောင်လေး နှင့် ပြန်လည်ပေါင်းသင်းလိုသော ဆန္ဒ မရှိတော့ကြောင်း၊ သားသမီးနှစ်ဦးအား မိမိမှ မိခင်ဖြစ်သည့်အားလျှော်စွာ ပြန်လည်ရယူ ထိန်းသိမ်းစောင့်ရှောက် လိုကြောင်း၊ ခင်ပွန်းဖြစ်သူ မောင်အောင်လွင်(ခ)အောင်လေးထံမှ သားသမီးနှစ်ဦးအား ပြန်လည်ပေးအပ်ရန်
    တောင်းဆိုခဲ့ရာတွင် ခင်ပွန်းဖြစ်သူ မောင်အောင်လွင်မှ သားသမီးနှစ်ဦးအား ပြန် မပေးနိုင်ကြောင်းနှင့် မနှစ်သက်ဖွယ်ရာ စကားများဖြင့် ပြန်လည်ပြောဆိုခဲ့ သဖြင့် မတင်တင်အေးမှ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ မိမိတို့၏ အိမ်ထောင်ရေးဖြစ်စဉ်အား တင်ပြခဲ့ကြောင့် သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများမှ မောင်အောင်လွင် (ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦးအား ခေါ်ယူညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း မောင်အောင်လွင် (ခ) အောင်လေးမှ မိမိတို့၏ သားနှစ်ဦးအား ဇနီးဖြစ်သူ မတင်တင်အေးအား ပြန်မပေးနိုင်ကြောင်းပြောဆိုခဲ့ပြီး ညှိနှိုင်းမှု အဆင်မပြေခဲ့သဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုများဖြစ်ပေါ်ခဲ့ပါသည်။

    ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ထိုသို့သော အိမ်ထောင်ရေးနှင့်ပြဿနာပြေလည်မှု မရှိသည့် အကြောင်းကို အခြေခံသည့် သံသယများ၊ ကောလဟာလများကြောင့် အေးချမ်းစွာ နေထိုင်လျက်ရှိ ကျသော ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် နှစ်ဖက် အသိုင်း အ၀ိုင်းကြားတွင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သော ရပ်စောက်မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်စောက်မြို့ပေါ်ရှိ ရပ်မိရပ်ဖများနှင့် အစ္စလာမ်ဘာသာဝင် လူကြီးများမှ ဦးဆောင်၍ ရှမ်းပြည်နယ် အစ္စလာမ် ဘာသာရေးအဖွဲ့ဝင် လူကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး  (၂၁.၈.၂၀၁၃)ရက်နေ့တွင် နံနက် (၁၀း၀၀)နာရီတွင် ရပ်စောက်မြို့ အစ္စလာမ် ဗလီဝတ်ကျောင်းတော် ခန်းမ၌ တွေ့ဆုံဆွေးနွေးကာ မောင်အောင်လွင်(ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦး၏  အိမ်ထောင်ရေးနှင့် သားသမီး ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက် ပြေလည်စွာ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

    မတင်တင်အေးမှ ခင်ပွန်းဖြစ်သူ မောင်အောင်လွင်(ခ)အောင်လေးနှင့် ဆက်လက်ပေါင်းသင်းလိုသော ဆန္ဒမရှိတော့သဖြင့် (၂၁.၈.၂၀၁၃)ရက်နေ့တွင် နှစ်ဦးသဘောတူ လင်မယား ကွာရှင်းပြတ်ဆဲခြင်း စာချုပ်အား သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်သေ လူကြီးမင်းများရှေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မတင်တင်အေးမှ မိခင်ဖြစ်၍ သားသမီးနှစ်ဦးအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျွေးမွေးထောက်ပံ့မှုကိုလည်း မိခင်ဖြစ်သူမှပင် တာဝန်ယူရန်၊ မိခင်လက်ဝယ်ရှိ သားသမီးနှစ်ဦးအား ဖခင်မှ ခေတ္တခဏတွေ့ဆုံ လိုပါကလည်း မိခင်ဖြစ်သူမှ ခွင့်ပြုပေးရန် စသည်တို့ကိုလည်း နှစ်ဦးသဘောတူ ၀န်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပြီး လူမှုရေးပြဿနာကို ဖြေရှင်းခဲ့ကြောင်းသိရသည်။

     

  • အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်များကို ထိရောက်စွာ ဖြေရှင်း ကိုင်တွယ်ဖို့ မြန်မာအား လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ ပြော

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအတွက် မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း (Physicians for Human Rights) က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြထားသည်။

    riot-hit-meiktila
    ယခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့က မွတ်စလင်မ် နေအိမ်များကို မီးရှို့အကြမ်းဖက်မှုများ

    ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်းက ယမန်နှစ်အတွင်းဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို “ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည့် စနစ်ကျသော လှုပ်ရှားမှုကြီး” အဖြစ် ကင်ပွန်းတပ်ထားသည်။ ထိုအဖွဲ့၏ အစီရင်ခံစာအရ အဓိကရုဏ်းကြောင့် လူပေါင်း ၂၅၀ အသတ်ခံခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

    ထိုအဖွဲ့က မြန်မာ၏ လက်ရှိအခြေအနေသည် ငြိမ်သက်နေပြီဟု ထင်ရသော်လည်း အကြမ်းဖက်မှုကျူးလွန်ခဲ့သူများကို ထိရောက်စွာ အရေးယူမှု ပျက်ကွက်နေသေးကြောင်း၊ ထို့ကြောင့် ထပ်မံဖြစ်လာမည့် အဓိကရုဏ်းများကို ကြိုတင်ကာကွယ်ရေးကဏ္ဍ၌လည်း ပျက်ကွက်နေကြောင်း ဆိုသည်။

    “ဒီလိုမျိုးအခြေအနေတွေနဲ့ပတ်သတ်ပြီး ဖုံးဖိထားမယ်၊ နုတ်ဆိတ်နေမယ်ဆိုရင် မြန်မာပြည်တစ်နိုင်ငံလုံးမှာ ဆူပူမှုတွေ ဒါမှမဟုတ် ကပ်ဆိုက်သလိုမျိုးထိ ဖြစ်လာလိမ့်မယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပါဝင်တယ်။” ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ အစီရင်ခံစာက Burma ဟု သုံးနှုံးကာ ဖော်ပြထားသည်။

    မြန်မာအစိုးရကမူ HRW ၏ စောင့်ကြည့်မှုအစီရင်ခံချက်များကို ပြင်းထန်ခါးသီးစွာ ငြင်းဆန်ပယ်ချခဲ့သည်ချည်းဖြစ်သည်။ သို့သော် မတ်လအတွင်းဖြစ်ခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုတွင် အစ္စလာမ်ဘာသာရေးကျောင်းမှ ကျောင်းသားလူမမယ် အယောက် ၂၀ ကျော်နှင့် ဆရာများ သတ်ဖြတ်ခံခဲ့ရသည်။ ကင်းတားနားကမူ ရဲများ၏ အကာအကွယ်ပေးရန်ပျက်ကွက်ခဲ့မှုကို မိမိအနေဖြင့် ကိုယ်ချင်းစာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ မြန်မာပြည် ဒါရိုက်တာ ၀ီလျံဒေးဗစ်က မြန်မာမွတ်စလင်ကျူးလွန်သူများသည် ဗုဒ္ဓဘာသာဝင်ကျူးလွန်သူများထက် ပို၍ အပြစ်ဒဏ်ပေးခြင်း ခံနေရကြောင်း ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “အကြမ်းဖက်တာတော့ ရပ်သွားပြီ။ ဒါပေမယ့် အဲဒီမှာ အကြမ်းဖက်ဖို့ အထောက်အပံ့တွေ ရှိနေတုန်းပဲ။” ဟု ၀ီလျံဒေးဗစ်က အပြစ်ပေးရန်ပျက်ကွက်မှုများ နှင့် အကျင့်စာရိတ္တပျက်ဆီးနေသော တရားသူကြီးများဦးစီးသည့်  တရားစီရင်ရေးကဏ္ဍများကို ရည်ညွှန်းပြောကြားသွားသည်။

    မြန်မာအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ်ကမူ သမ္မတဦးသိန်းစိန်က ကုလကိုယ်စားလှယ်အား တွေ့ဆုံဖို့ လုံးဝ (လုံးဝ) အစီအစဉ်မရှိကြောင်း လတ်တလော ကြေညာခဲ့သော်လည်း ကင်းတားနားကမူ ကုလကိုယ်စားလှယ်အား မြန်မာအစိုးရက လုံခြုံရေးပေးရန် ပျက်ကွက်ခဲ့သည်ဟု လူသိရှင်ကြား ပြောဆိုလိုက်ပြီဖြစ်သည်။

    အေအက်ဖ်ပီ
    Ref: (http://www.mmtimes.com/index.php/national-news/7902-rights-group-calls-on-myanmar-to-address-anti-muslim-sentiment.html)