News @ M-Media

Blog

  • နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြရန် လှုံ့ဆော်စာများ မန္တလေးတွင် ဖြန့်ဝေ

    သြဂုတ် ၂၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    national
    မန္တလေး ။           ။             နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန် လှုံ့ဆော်စာများကို ယနေ့ သြဂုတ်လ ၂၁-ရက်နေ့မနက်ပိုင်းမှစ၍ မန္တလေးမြို့ နေရာအနှံ့အပြားတွင် လိုက်လံ လှုံ့ဆော် ဝေငှနေကြောင်း သိရသည်။

    အဆိုပါ လှုံ့ဆော်စာတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်း (၅၂)နှစ်မြောက်အဖြစ် နိုင်ငံတော် ဘာသာနေ့အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန်တိုက်တွန်းထားပြီး ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် အမျိုးသာဘာ-သာသနာနှင့် နိုင်ငံတော်ကို မြတ်နိုးတန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်လို စိတ်များ နိုးကြားထက်သန်ကြစေရန်၊ ယဉ်ကျေးသော ဘာသာတရားအဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများကို ဆောင်ရွက်နိုင်ကြစေရန်၊ ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်သော စိတ်ဓါတ် အင်အားကို မေတ္တာတရားဖြင့် တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ရေးသားထားသည်။ ယင်းအခမ်းအနားများကို သြဂုတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ၃-ရက်တိုင် ပြုလုပ်သွားမည်ဟုလည်း သိရသည်။

    ယခုကဲ့သို့ စာများ လှုံ့ဆော်ဖြန့်ဝေနေသည့် စာရွက်အားလက်ခံရရှိလာသည့် မန္တလေးမြို့ခံ တစ်ဦးမှ “ဒီစာရွက်တွေ လိုက်ဝေနေတာက မန္တလေးမြို့ နေရာတော်တော်များများမှာ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့အနီးတ၀ိုက်မှာ လာဝေတာက လူ ၁၀-ယောက်လောက်ရှိတယ်။ လမ်းပေါ်သွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို တားပြီးဝေနေတာ။ တစ်ခြားဘက်က လာကြတဲ့ သူတွေမှာလည်း ဒီလို စာရွက်တွေ ကိုင်လာကြတာတွေ့တယ်။

    ကိုယ့်ဘာသာတရားအရ ဥပုသ် သီတင်းဆောက်တည်တာ၊ အလှူဒါနပြုတာ၊ တိရစ္ဆာန်တွေကို ဘေးမဲ့ပေးတာ၊ စုပေါင်း ပရိတ် ရွတ်ဖတ်တာ၊ တရား ဓမ္မဟောပြောပွဲတွေ လုပ်တာက ကောင်းပါတယ်။ အဲဒါတွေကနေ သွေဖည်ပြီး ပြောင်းပြန်တွေ လုပ်ရင်တော့ မသင့်တော်ဘူးပေါ့ဗျာ။

    အရင်နှစ်တွေတုန်းက မလုပ်ခဲ့ဘဲ အခုလို နိုင်ငံတဝှမ်းမှာ အကြမ်းဖက်မှုတွေ၊ ဘာသာရေး ပြဿနာတွေ ဖြစ်အောင် လုပ်နေကြချိန်မှ ဒီလိုလှုံ့ဆော်စာတွေ ဖြန့်ဝေတာ ကောင်းတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ နိုင်ငံတော် ဘာသာဆိုတာ ဦးနု လက်ထက်က ပြဋ္ဌာန်းဖို့ လုပ်လိုက်တာ အခုမှ ပြန်ပြီး ဒီလို လုပ်နေတာဟာ ရည်ရွယ်ချက်ကောင်း လုံးဝ မဟုတ်ဘူးလို့ ကျွန်တော်တော့ မြင်တယ်။ ဒါတွေလုပ်နေတာဟာ ဘာသာရေးအရ ခွဲခြားမှု ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပေါ်လာအောင် အားပေးနေတာပါ။ အခုလို အချိန်အခါမျိုးမှာ လုံးဝ မလုပ်သင့်တာပါ”လို့ M-Media ကို ပြောပြခဲ့ပါတယ်။

    အဆိုပါ နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် ကျင်းပရန် စတင်လှုံ့ဆော်မှုမှာ မွန်ပြည်နယ် ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး ကျောင်းတိုက်မှ ၂၄-၅-၂၀၁၃ က မွန်ပြည်နယ်တွင် အစပြုလှုပ်ရှား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    မုတ္တမမြို့ မြစေတီနန်းဦး ကျောင်းတိုက်မှ ဆရာတော်များမှာ နိုင်ငံအဝှမ်း ဖြစ်ပွားခဲ့သည့် မွတ်စလင်မ်မုန်းတီးရေး အကြမ်းဖက်မှုများ ဖြစ်ပွားစေသည့် မုန်းတီးရေးတရားများ ဟောပြောဖြန်ချီနေသော ၉၆၉ အဖွဲ့ စတင်တည်ထောင်ဦးဆောင်သူများ ဖြစ်ကြသည်ဟု မှတ်တမ်းများအရသိရပါသည်။

    ဦးနုအစိုးရလက်ထက် မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ် ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ခရစ်ယာန်နဲ့ မွတ်စလင်မ်များရဲ့ ၀ိုင်းဝန်းကန့်ကွက်မှုများ ဖြစ်ပွားခဲ့ကြသည်။  ၁၉၆၂-ခု စစ်အာဏာသိမ်း ဦးနေ၀င်းအစိုးရ လက်ထက်မှာ အခြေခံ ဥပဒေသစ်ပြဌာန်း လိုက်တဲ့ အခါ ဗုဒ္ဓ ဘာသာဟာ နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းထားတဲ့အချက်က အလိုလို ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ တကျော့ပြန် ပြန်လည်၍ အထိမ်းအမှတ်များ ပြုလုပ်ရန် လှုံ့ဆော်လာခြင်း ဖြစ်သည်။

    ထိုအချိန်က နိုင်ငံတော်ဘာသာပြဌာန်းမှုကို ဦးဆောင် ကန့်ကွက်ခဲ့ကြသည့် ခရစ်ယာန်နှင့် မွတ်စလင်မ်များလည်း ဖမ်းဆီးထောင်ချခြင်း ခံခဲ့ကြရသည်။

     

  • ကမ္ဘာပေါ်က အသက်အကြီးဆုံး သက်ရှိ

    သြဂုတ် ၂၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Posidonia oceanic

    ယနေ့အချိန်အထိ မြေထဲပင်လယ်ထဲမှာရှိတဲ့ ရှေးဟောင်းမြက်ပင်ကြီးတွေကို ကမ္ဘာပေါ်က အသက်အကြီးဆုံး သက်ရှိတွေလို့ ယူဆထားကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီအပင်တွေဟာ သက်တမ်း နှစ်ပေါင်း ၂ သိန်းရှိပြီလို့ ဆိုပါတယ်။

    Posidonia oceanic လို့ သိပ္ပံအမည်ရှိတဲ့ ဒီမြက်ပင်ကြီးတွေရဲ့ DNA တွေကို စပိန်ကနေ ဆိုက်ပရပ်စ်အထိ မိုင်ပေါင်း ၂၀၀၀ လောက်ရှိတဲ့ ရေအောက်ကြမ်းပင်ထဲက မြက်ခင်းပေါင်း ၄၀ လောက်ကနေ သြစတေးလျသိပ္ပံပညာရှင်တွေ ရယူ လေ့လာခဲ့ကြပါတယ်။ PLos ONE ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိချက်မှာ ဒီပင်လယ်မြက်ပင်တွေဟာ နှစ်ပေါင်း ၁၂,၀၀၀ ကနေ ၂၀၀,၀၀၀ ကြားရှိနိုင်ပြီး အဖြစ်နိုင်ဆုံးကတော့ အနည်းဆုံး နှစ်ပေါင်း ၁၀၀,၀၀၀ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဟာ လက်ရှိအသက်အကြီးဆုံးလို့ ယူဆထားကြပြီး သက်တမ်း နှစ်ပေါင်း ၄၃,၀၀၀ ရှိတဲ့ သြစတေးလျနိုင်ငံ Tasmania က အပင်ထက် တော်တော်ပိုတဲ့ သက်တမ်းဖြစ်ပါတယ်။

    ကိုးကား – General Knowledge

  • မြန်မာမွတ်စလင်မ် စီးပွားရေး လုပ်ငန်းရှင်များ ကြီးမှူးသည့် ၀ါကျွတ် အီးဒ်မိတ်ဆုံ ညစာစားပွဲ အခမ်းအနား

    သြဂုတ်လ ၂၀၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန် ။ ။    မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်များ ကြီးမှုးကျင်းပသည့် ၀ါကျွတ်အီးဒ်မိတ်ဆုံ ညစာစားပွဲအခမ်းအနားကို သြဂုတ်လ ၁၇ရက်နေ့က ရန်ကုန်မြို့၊ Strand Hotelတွင် ည ၆-နာရီခွဲမှ ၈-နာရီခွဲ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    1176195_578653458843795_441969268_n
    အဆိုပါ အီးဒ် မိတ်ဆုံညစာစားပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်များ၊ အထူးဧည့်သည်တော်များ၊ ပါမောက္ခများ၊ ဆရာဝန်ကြီးများ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သံတမန်များ၊ အထူးဧည့်သည်တော်များ၊ မိသားစု စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာပေါင်းစုံ ဘာသာရေး ခေါင်းဆောင်များ၊ စေတီပုထိုး၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၊ ဗလီဝတ်ကျောင်းများနှင့် ဟိန္ဒူဘုရားကျောင်းများမှ ဂေါပကများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များနှင့် သတင်းဌာနများ တက်ရောက်ခဲ့ကြသည်။

    စူရ်တီ စွန္ဒီဗလီ ရှေ့ဆောင်ဆရာကြီး ဦးကိုလေးမှ အီးဒ်နေ့ ဖြစ်ပေါ်ရခြင်းနှင့် စပ်လျဉ်း၍ ” အစ္စလာမ် ဘာသာဝင်များဟာ နှစ်စဉ်နှစ်တိုင်း အီးဒ်ပွဲတော်ကို မြန်မာနိုင်ငံတ၀ှမ်းနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပမြဲဖြစ်ပါတယ်။ ရာန်ဇာန်လမြတ် ဥပုသ်သီလစောင့်ထိန်းရတဲ့ တာဝန်ပြီးဆုံးတဲ့ အခါမှာ ကျင်းပတဲ့ပွဲကို ၀ါကျွတ်အီးဒ်လို့ ခေါ်ကြပါတယ်။ အီးဒ်ပွဲတော် ကျင်းပတဲ့နေ့မှာ စုပေါင်း ၀တ်ပြုကြရပါတယ်။ အလှူဒါန ပြုကြရပါတယ်။ မိမိ မိသားစု၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး အားလုံးအတွက် အရှင်မြတ်ထံ ဆုတောင်းပေးကြရပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားကို ဂုဏ်ပြုသော အးဖြင့် သာသနာရေး ၀န်ကြီး၊ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်က ” အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်နှင့်အညီ ကောင်းသော မင်္ဂလာအချိန်ဖြစ်ပါစေ။ အခုလို ၀ါကျွတ်အီးဒ်ပွဲတော်သို့ ကြွရောက်လာကြတဲ့ သူအားလုံး ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်” ဟု နှုတ်ခွန်းဆက် အမှာစကား ထည့်သွင်းပြောကြား ခဲ့သည်။

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဌ နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဌ ဦးဋ္ဌေးဦးမှလည်း “လူသားတွေဟာ မိမိတို့ အခြေခံလိုအပ်ချက်တွေ ဖြစ်ကြတဲ့ အေးချမ်းသာယာစွာနဲ့ မိမိတို့ရဲ့ ဘ၀လုံခြုံမှု၊ စားဝတ်နေရေး လူမူစီးပွားရေး ဘ၀ဖူလုံရေးကို မိမိတို့ရဲ့မူလအခွင့်အရေးနှင့် လူ့အခွင့်အရေးကို နစ်နာဆုံးရှုံးမှုမရှိစေဖို့ မိမိတို့ဘ၀ ပြီးမြောက်အောင်မြင်မှုကို ရယူခံစားလိုကြပါတယ်။ မိမိတို့ ကိုယ်တိုင်မကဘဲ မိမိတို့ မိသားစုတွေ၊ မိမိရင်းနှီးချစ်ခင်တဲ့သူတွေ၊ မိမိတို့နေထိုင်ရာ ပတ်ဝန်ကျင်၊ နိုင်ငံသာ မကဘဲ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းအောင်မြင်စေရေးအတွက်လည်းပဲ တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်လိုစိတ်ရှိတာကို တွေ့ရပါတယ်။ ဒီလို မွန်မြတ်ကောင်းမွန်တဲ့ ဆန္ဒကို အကောင်အထည်ဖော်ရာမှာ မိမိတို့ အခြေပြုနေထိုင်ရာ နိုင်ငံအလိုက် ကျင့်သုံးနေကြတဲ့ ယဉ်ကျေးမှု ၊ဓလေ့ထုံးတမ်း ကျင့်ဝတ်များ၊ မိမိတို့ ယုံကြည်သက်ဝင်ရာ ဘာသာအဆုံးအမများနှင့် ထိန်းကျောင်းဆောင်ရွက်ကြလျက် ရှိပါတယ်။ လူသားတွေဟာ မိမိတို့ သက်ဝင်ယုံကြည်ထားတဲ့ ဘာသာတစ်ခုခုကို ကိုးကွယ် ဆည်းကပ်ကြစမြဲ ဖြစ်ပါတယ်။ ဘယ်ဘာသာမဆို လူသားတွေကို ကိုယ်ရည်ကိုယ်သွေးနိမ့်ကျသွားအောင်၊ ဆိုးယုတ်တဲ့ စိတ်ထားတွေ ပေါ်ပေါက်အောင်၊ ကိုယ့်ကျင့် သီလ ပျက်ပြားအောင်၊လောကီလောကုတ္တရာ ပျက်ပြားအောင်၊ တစ်ဦးနှင့် တစ်ဦးရန်ငြိုးဖွဲ့အောင်၊ တစ်ဦးနှင့် တစ်ဦး မုန်းတီးအောင်၊ တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို နိမ့်ကျ ပျက်ဆီးအောင် ဆောင်ရွက်ကြဖို့ သွန်သင်ဆုံးမမှုများ မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဦးနှင့် တစ်ဦး သည်းခံ ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုနဲ့ ကိုယ်ချင်းစာနာမှုများ ရှိလာအောင် စသည့်ကောင်းမွန်တဲ့ သွန်သင် ဆုံးမထားတဲ့ အရာတွေကိုသာရှိပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌါန်းချက်များနှင့် မဆန့်ကျင်ဘူးဆိုရင် နိုင်ငံသားတိုင်းဟာ မိမိတို့ ယုံကြည်သက်ဝင်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် တည်ဆောက်နိုင်တဲ့ အခွင့်အရေးကို ရရှိထားပြီး ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ အီးဒ်ဂုဏ်ပြု စကားပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တူရကီနိုင်ငံသံအမတ်ကြီးမှ အီးဒ်ဂုဏ်ပြု စကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သမ္မတနိုင်ငံ သံအမတ်ကြီး ကိုယ်စား တစ်ဦးမှ အီးဒ်ဂုဏ်ပြု စကားပြောကြားခြင်း၊ အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်မှ အီးဒ်ဂုဏ်ပြု စကားများကို အသီးသီး ပြောကြားခဲ့သည်။

    ၎င်းနောက် မြန်မာမွတ်စလင်မ် လုပ်ငန်းရှင်များ ကိုယ်စား ဟာဂျီ ဦးစိုးမြင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို MM ရောင်နက်ဗလီ ရှေ့ဆောင်ဆရာကြီး မုဖ်သီအလီ(ခ)ဆရာဦးကျော်ကျော်အောင်က ဆုမွန်ဒိုအာဖြင့် ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။

  • ရခိုင်တွင် လျှပ်တပြက် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ဟု ဒေါက်တာထွန်းလွင်သတိပေး

    သြဂုတ်လ- ၂၁ ရက်၊ ၂၀၁၃
    M-Media

    weather about rakhine

    ရခိုင်ပြည်နယ်တွင် လျှပ်တပြက် ရေကြီးမှုနှင့် မြေပြိုမှုဖြစ်ပွားနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်အောက်ပါအတိုင်း ၄င်း၏ FB စာမျက်နှာတွင် သတိပေးရေးသားထားပါသည်။

    ရခိုင်ပြည်နယ်မှာ (၃)ရက်အတွင်း မိုးရေချိန် (၁၀)လက်မမှ(၁၂)လက်မထိအောင် မိုးကြီးသည်းထန်နေခဲ့ပါတယ်။ နာဆာကောင်းကင်ဂြိုဟ်တုများမှ တိုင်းတာချက်အရ ရခိုင်ပြည်နယ်မှာ မြေပြိုမှုအန္တရာယ်ကြုံတွေ့နှိုင်မှုအလားအလာတွေ တရှိန်ထိုး မြင့်တက်လာနေတာကို တွေ့နေရပါတယ်။

    မြေပြိုနှို်င်တာနဲ့အတူ လျပ်တပြက်ရေကြီးမှုကိုလည်း ဒေသခံများအနေနဲ့ အထူးသတိထားရပါ့မယ်။ ပထ၀ီဝင်အနေအထားအရ ချင်းပြည်နယ် နဲ့ မကွေးတိုင်းအနောက်ခြမ်းတို့မှာလည်း မြေပြိုမှုနဲ့အတူ လျပ်တပြက်ရေကြီးမှုတို့ကို သတိထားဖို့လိုပါတယ်။

    Photo and Ref; ဒေါက်တာထွန်းလွင် (MCCW) FB

  • လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဟုတ်ပါသလား ??? (M-Media Blog ကဏ္ဍ)

    သြဂုတ်လ- ၂၀ ရက်၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)

    mypic

    “Man Is A Rational Animal”
    “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ….တဲ့။

    မှန်ပါသလား???

    ဂရိတွေးခေါ်ပညာရှင်ကြီး အရစ်(စ်)တိုတယ်လ် (Aristotle)က ဆိုခဲ့ခြင်းဖြစ်ချေသည်။ လူသည် မိမိလုပ်ကိုင်သည့် အရာကိစ္စတိုင်းအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ရှိသည်ဟု သူက ယူဆခဲ့သည်။ သစ်ပင်၊ ပိုးမွှားတိရစ္ဆာန်၊ လူသားတို့အနက် သစ်ပင်သည် စဉ်းစားဆင်ခြင်နိုင်စွမ်း အနည်းဆုံး၊ ပိုးမွှားတိရစ္ဆာန် တို့က ဒုတိယ စဉ်းစားဆင်ခြင်နိုင်စွမ်း အနည်းဆုံးဖြစ်ပြီး လူသားကမူ စဉ်းစားဆင်ခြင်နိုင်စွမ်း အရှိဆုံးဟု ဆိုသည်။

    လူတို့၏ ဆင်ခြင်ဥာဏ်၌ ဖြစ်သင့်၏၊ မဖြစ်သင့်ပါ ဟူသော (concepts) နှင့် မျှတ၏၊ မမျှတပါ ဟူသော (Justification) သမမျှတသော စိတ်အခြေခံ ရှိသည်ဟုအရစ်(စ်)တိုတယ်လ် ကြွေးကြော်ခဲ့သည်။ သူ့ခေတ်အခါတုန်းက အရစ်(စ်)တိုတယ်လ်သည် “zoon logikon” ဟူသောအသုံးအနှုံးကို သုံးခဲ့သည်။ “Zoon” ဆိုသည်က “zoo”(animal) သတ္တဝါနှင့် အဓိပ္ပါယ်  တူပြီး “logikon” ဆိုသည်ကတော့ “rational” (power to think) ဆင်ခြင်စွမ်းအား ဟု ရည်ညွှန်းခဲ့သည်။ ဤနေရာတွင် သူက လူတို့၏ ဆင်ခြင်နိုင်စွမ်းသည် အတ္တဝိညာဉ် (human soul) နှင့် တိုက်ရိုက်ပက်သက်ပြီး အတ္တဝိညာဉ် နှင့် ဆင်ခြင်တုံ့တရား ပေါင်းလိုက်ခြင်းဖြင့် လူသားက အခြားသက်ရှိများနှင့် ယှဉ်လိုက်လျှင် အမျှတဆုံး၊ အတွေးခေါ်နိုင်ဆုံး၊ အဆင်ခြင်နိုင်ဆုံး သတ္တဝါဟု ဆိုလိုခဲ့ဟန်တူသည်။
    ထို့အပြင် လူသည် ဗဟုသုတ (Knowledge) နှင့် အသိဥာဏ် (Intelligent) တရားနှင့် ပြည့်စုံသည့် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်မျိုးဖြစ်သည်။  ဤနေရာတွင် အသိဥာဏ် (Intelligent)  ကို အောက်ပါ အချက် (၅) ချက်ဖြင့် ဖွဲ့စည်းထားပေသည်။

    ယင်းတို့မှာ…
    အတွေအကြုံ (Experience)

    သင်ယူနိုင်ခြင်း (Learning)

    စဉ်းစားခြင်း (Thinking)

    ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning)

    မှတ်ဥာဏ် (Memory) တို့ ဖြစ်သည်။
    ဤသို့ ပြည့်စုံကုံလုံသော အချက်ပေါင်းများစွာကို အခြေခံပြီး လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း အရှိဆုံးသော မဟာလူသားများ ဖြစ်လာရခြင်း ဖြစ်ချေသည်။ စာဖတ်သူများအနေဖြင့် မဟာလူသားဝါဒအား တနည်းနည်းဖြင့် ဂုဏ်ယူကြပေလိမ့်မည်။ သို့ သော် နှစ်ဆယ်ရာစု အစပိုင်းလောက်၌ အရစ်(စ်)တိုတယ်လ်၏ အဆိုအား ဆန့်ကျင်သည့် ပညာရှင် နှစ်ဦး ထွက်ပေါ်လာသောအခါ ကျွုန်ုပ်တို့ လူသားများ၏ ဂုဏ်သိက္ခာများ ကျဆင်းခဲ့ရပေသည်။ ပထမ ပညာရှင်မှာ ဆစ်ဂ်မန်းဖရွိုက်ဒ် (Sigmund Freud) ဖြစ်ပြီးဒုတိယ ပညာရှင်မှာ ဘာထရန် ရက်ဆဲလ် (Bertrand Russell) ဖြစ်ချေသည်။ ဤပညာရှင် နှစ်ဦး မပေါ်ထွန်းခင် ခေတ်များက ပညာရှင်တို့က လူသား၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အခြေပြု၍ လူဖြစ်ရခြင်းကို ကျေနပ်ခဲ့ကြသည်။

    မစ္စတာ ဖရွိုက်ဒ်က… ကျွန်ုပ်တို့ လူသားများသည် အမြင်အားဖြင့် အင်မတန် ဆင်ခြင်တတ်ကြသော အသိဥာဏ် ရှိသည်ဟု ယူဆရသော်လည်း တကယ့် လက်တွေ့ တွင်မူ ကျွန်ုပ်တို့ လူသားများကို ဦးဆောင်နေသည်မှာ ဆင်ခြင်တတ်ကြသော အသိဥာဏ် မဟုတ်ဘဲ လူတို့၏ မသိစိတ်၊ အစွဲအလန်း၊ အလိုရမ္မက်  ဒေါသတရား အစရှိသည်တို့ ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

    မစ္စတာ ရက်ဆဲလ်ကလည်း” လူဟာဆင်ခြင်ဥာဏ်ရှိတဲ့ သတ္တဝါများ ဖြစ်တယ်လို့ ယုံကြည်ခဲ့သည့် အလျောက် နေရာတော်တော်များများမှာ ရှာကြည့်ခဲ့ဖူးသည့် အကြောင်း၊ သို့သော် လူသားများသည်  မိုက်မဲမှုများ၊ နိုင်လိုမင်းထက် ပြုမှုများဘက်သို့ သာ ဦးတည်နေကြောင်း” ညည်းခဲ့ရှာသည်။

    ၂၁ ရာစုတွင်မူ ဤအဖြေသည် တစ်စတစ်စ ရှင်းလင်းပြတ်သားလာချေပြီ။ ကျောက်ခေတ်တုန်းက လူသားများသည် အသားစိမ်းများကို စားသောက်ခဲ့ကြသည်။ ဖိုမ ရေးရာ ကိစ္စများကို လုံခြုံစွာ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ကြ။ လုံခြုံမှုမရှိသော ကိုယ်ထည်ဖြင့် ရှင်သန်ခဲ့ကြသည်။ ယခုအခါတွင်မူ လိုချင်သလောက် အဝတ်အထည်များ လုံခြုံစွာ ဝတ်ဆင်နိုင်သော်လည်း Sexy ဟု တစ်မျိုး၊ အလှအပ ဟု တစ်ဖုံ နာမည်တပ်၍ ကျောက်ခေတ်နှင့်မခြားသော အဝတ်အစားများ ဝတ်ဆင်လာကြချေပြီ။

    ဖိုမ ရေးရာ ကိစ္စများတွင်လည်း စည်းစောင့်ခြင်းတို့ နည်းပါးလာကြသည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ နှလုံးသားရေး၊ အစရှိသဖြင့် အရေးကိစ္စများစွာတို့တွင် အရစ်(စ်)တိုတယ်လ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့သလို မှန်၏ မှား၏ မဆင်ခြင်ကြတော့။ သင့်တင့်၏၊ မသင့်တင့်၏ မစဉ်းစားတော့။ မိမိဖို့သာ ကြည့်လာတတ်ကြတော့သည်။

    ထို့ပြင် ပိုင်ဆိုင်လိုစိတ် ရမ္မက်တရားတို့ ပိုများပြားလာသည်။ ကိုလိုနီနယ်ချဲ့မှုများကို ကမ္ဘာမြေပြင်တွင်သာမက လ,ကမ္ဘာသို့တိုင် သွားရောက် လုပ်ဆောင်လာကြသည်။ အနိုင်ရရေးအတွက်၊ လက်ဦးမှု ရရေးအတွက် လူသားမျိုးတုံးစေသော လက်နက်များ အပြိုင်အဆိုင် ထုတ်လုပ်ကြသည်။ လူ့အခွင့်အရေးခေါင်းစဉ်အောက်တွင် လူသားတစ်ဦးစီ၏ အခြေခံအကျဆုံးသော အခွင့်အရေးများကို အပြိုင်အဆိုင် ချိုးဖောက်လာကြသည်။ ကိုယ်ကျင့်တရားပိုမိုကောင်းမွန်အောင်၊ ကိုယ်ချင်းစာတရား ထွန်းကားလာအောင် အလျင်းမျှ မကြိုးစားကြဘဲ တိုက်တာ၊ အိုးအိမ်စည်းစိမ်တို့ ကြီးပွားတိုးတက်ရေး စသည့် ရုပ်ဝထ္ထု တို့ နောက်သို့သာ မနေမနား ကြိုးပမ်းနေကြပေသည်။

    ကျွန်ုပ်အဖို့မူကား

    မိမိ၏ လည်ချောင်းအတွင်းသို့

    အစားတစ်လုတ် ချောမွေ့စွာ ဝင်ရောက်ရေးအတွက်

    အခြားလူသားတစ်ဦး၏ လည်မြိုအားနင်းခြေရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။

    မိမိ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအတွက်

    အခြားလူသားတစ်ဦး၏ ကိုးကွယ် ယုံကြည်လေးစားမှုအား

    စော်ကားဖျက်စီးရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။

    မိမိ၏ နှလုံးသား လန်းဆန်းရှင်သန်စေရန်အတွက်

    အခြားလူသားတစ်ဦး၏ နှလုံးသားအား

    သေရာပါ ဒဏ်ရာ ပေးခဲ့ရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။

    မိမိ၏…………………………………အတွက်

    ……………………………………………………..ခဲ့ရမည်ဆိုလျှင်

    (စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုတော့ပါ။

    ဤနေရာတွင် ပြင်သစ် ဒဿနိကဗေဒ ပညာရှင် ရက်နေးဒီကာတ် (René Descartes) က ပြောခဲ့သော စကားတစ်ခွန်းကို တင်ပြလိုသည်။ ယင်းမှာ…

    “I think therefore I am.” 

    “ငါသည် စဉ်းစားဆင်ခြင်သည်၊ထို့ကြောင့် ငါအဖြစ် ဖြစ်တည်၏” ဟူသော စကားဖြစ်သည်။ ဆိုလိုသည်မှာ လူသားသည် လူသားအဖြစ် ရပ်တည်ရန်အတွက် လူသားဆန်ဆန် စဉ်းစားဆင်ခြင်သင့်သည်။ သို့မဟုတ်က လူအဖြစ်မှ တိရစ္ဆာန် အဖြစ်သို့ ရောက်ရှိသည်နှင့် မခြားဖြစ်သည်။  မြန်မာပြည်က ဘာသာရေး ဖိနှိပ်မှုများ၊ အီဂျစ်ပြည်က လူသတ်မြင်ကွင်းများ၊ အိန္ဒိယ၊ ပါကစ္စတန် တင်းမာမှုများ စသည့် လတ်တလောအဖြစ်အပျက်များကို ကြည့်ပါက “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော စကားအား ကျွန်ုပ် သံသယ ရှိပေသည်။ အသက်တွေကို ကယ်တင်ဖို့ဝေးစွ၊ အသက်ပေါင်းများစွာ သေကြေပျက်စီးခြင်း ဆိုက်ရောက်နေသည့်အတွက် ကျွန်ုပ်တို့၏ လူသားဆန်သော စိတ်ဓာတ်များ တစ်နေ့ထက်တစ်နေ့ ရှားပါးလာပြီ ဟု ယူဆနိုင်ပေသည်။

    သက်ရှိသတ္တဝါတို့တွင် အတွေ့အကြုံမှ သင်ခန်းစာ ယူတတ်ကြသူများမှာ စဉ်းစားဆင်ခြင်တတ်သည် ဟူသော မဟာလူသားများမှ တစ်ပါး အခြားမရှိချေ။ ဥပမာဆိုသော် ပလူကောင်များသည် မိုးဦးကာလ၌ အလင်းရှိရာဆီသို့ အုပ်စုလိုက် ဝင်ရောက်လေ့ ရှိသည်။ ထိုပလူကောင်များသည် ရှေ့ဆုံးက ပလူကောင်တစ်ကောင် မီးအိမ်၊ဖယောင်းတိုင်၊ အစရှိသဖြင့် တစ်စုံတစ်ရာနှင့် ထိပြီး အတောင်ပံများ လောင်ကျွမ်းပျက်စီးသည်ကို မြင်သော်လည်း နောက်မှ အကောင်များက ရပ်တန့် သွားခြင်းအလျင်းမရှိ။

    ရှေ့သို့သာ တိုးကြကုန်၏။ ထို့ကြောင့် နောက်လိုက် ပလူကောင်တို့သည်လည်း မီးအလင်းရောင်သည် ယင်းတို့အတွက် အန္တရာယ်ကြီးလွန်းသည်ကို မျက်မြင်အသိ ဖြစ်သော်လည်း အတွေ့အကြုံမှ သင်ခန်းစာ မယူတတ်ရုံမျှမက စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိသည့်အတွက် အတောင်ပံများ လောင်ကျွမ်းပြီး ပျက်စီးခြင်း အဖြစ်သို့ ဆိုက်ရောက်ရလေသည်။

    နိဂုံးချုပ်အနေဖြင့်ဆိုရသော် ကမ္ဘာ့ သမိုင်း၌ လူသားတို့မှားခဲ့ကြ၏။ ယခုထိလည်း မှားနေကြဆဲဖြစ်သည်။ ရှေ့ခရီးလမ်းတစ်လျှောက် အမှားများနည်းသထက်နည်းလာရန်မှာမူ ရရှိထားသော လူသားအသိဥာဏ်နှင့် ဆင်ခြင်တုံ့တရားကို နည်းလမ်းကျကျ အသုံးပြုရုံသာ လိုအပ်သည်။ ပလူကောင်များကဲ့သို့ အတွေ့အကြုံမှ သင်ခန်းစာ ယူနိုင်စွမ်းမရှိပါက ကျွန်ုပ်တို့ လူသားများ ပျက်စီးခြင်းနှင့် မုချဧကန် ကြုံတွေ့ရပေမည်။ ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ကိုယ်ကျင့်တရားနှင့် ကိုယ်ချင်းစာတရားတို့ကို ထိန်းကျောင်း တည့်မတ် ပြုပြင်ပေးပါက “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော အဆိုနှင့် ကိုက်ညီရုံမျှမက လူတို့၏ ဂုဏ်သိက္ခာနှင့် လူ့ယဉ်ကျေးမှု ပြန်လည် မြှင့်တင်ရေး အတွက် အသေအချာ အထောက်အကူ ပြုပေလိမ့်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

    references :

    http://www.brainyquote.com/quotes

    http://en.wikipedia.org/wiki/Aristotle

    http://en.wikipedia.org/wiki/Sigmund_Freud

    http://en.wikipedia.org/wiki/Bertrand_Russell

    http://en.wikipedia.org/wiki/Rational_animal

    အိမ်ဝေးသူ (KZ)

     

    ===================၀၀၀====================၀၀၀=================

    ဝန်ခံချက်။ ။ ဤပို့စ်ပါအကြောင်းအရာများ၌ အားနည်းချက်၊ အမှားအယွင်း တစ်စုံတရာ ပါရှိခဲ့ပါက စာရေးသူ၏  လေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။ လိုအပ်ချက်များကို စာဖတ်သူမှ   ဖြည့်စွက်ပေးမည်ဆိုပါက အတိုင်းမသိ ဝမ်းမြောက်မိမည် ဖြစ်ပါကြောင်း။