News @ M-Media

Blog

  • ဗုဒ္ဓဂါယာ ဗုံးကွဲမှုနှင့် ပတ်သက်၍ ဟိန္ဒူဘုန်းတော်ကြီး တစ်ဦးအား ဖမ်းဆီး

    သြဂုတ် ၁၄ ရက်၊ ၂၀၁၃
    M-Media

    Bodh Gaya

    ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၇ ရက် က ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ မဟာဗောဓိကျောင်း ဗုံးကွဲမှုနှင့်ပတ်သက်၍ အိန္ဒိယအမျိုးသားထောက်လှမ်းရေးအဖွဲ့ The National Investigation Agency – NIA မှ ရဲတပ်ဖွဲ့၏အကူအညီဖြင့် Arup Brahmachari အမည်ရှိ ဟိန္ဒူဘုန်းကြီးတစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ရဲဌာနမှပြောကြားသည်။

    ယင်းဓမ္မဆရာဘုန်းတော်ကြီးသည် အနောက်ဘင်္ဂလားနယ်မှ ထွက်လာပြီး ဗုဒ္ဓဂါယာတွင် လာရောက်နေထိုင်နေသူဖြစ်သည်။ NIA သည် ဗုဒ္ဓဂါယာကျောင်းစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ အစောင့် နှင့် ၀န်ထမ်းများအပါအ၀င် လူပေါင်းများစွာကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ သံသယဖြစ်ဖွယ်လူ ၆ ဦးအထက် ထိန်းသိမ်းထားသည်။

    ယခုဖမ်းဆီးထားသော Arup Brahmachari ကိုလည်း NIA မှ အသေးစိပ်စစ်ဆေးမေးမြန်းသွားမည်ဟု သိရသည်။

    ကိုးကား – The Times of India

  • ဒိန်းမတ်တွင် ဟလာလ်တံဆိပ်ကိစ္စ ဂယက်ရိုက်

    သြဂုတ်လ-၁၄ ရက်၊ ၂၀၁၃
    M-Media
    Halal Labeling Stirs Denmark Rowဟလာလ်တံဆိပ်များအပေါ် ဖိနှိပ်မှုအချို့ဖြစ်ပွားလာ၍ ဒိန်းမတ်နိုင်ငံသားတို့သည် ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုင်ရာ အစားအသောက် အမှတ် တံဆိပ်အားလုံး အတွက်နေရာပေးသင့်ကြောင်း၊ ယင်းသို့ဆိုခြင်းမှာ ဆေးရုံနှင့် ကလေးထိန်းကျောင်းတွင် ၀က်သားထားရှိသည့်အစဉ်အလာအား စွန့်လွှတ်ခိုင်းခြင်း မဟုတ်ကြောင်း ဒိန်းမတ် ၀န်ကြီးချုပ်မှ ပြောဆိုခဲ့သည်။

    “ စားသုံးသူတွေအနေနဲ့ မိမိတို့ဝယ်ယူတဲ့အရာဟာ မိမိတို့စားသုံးဖို့ကိုက်ညီမှု ရှိ/မရှိဆိုတာကို သိလိုကြတာ သဘာဝပါပဲ။  ကုမ္ပဏီအားလုံးက မိမိတို့ရဲ့ကုန်ပစ္စည်း ထုပ်ပိုးမှုအပေါ် ကွဲကွဲပြားပြားဖော်ပြကြဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ် ” ဟု လွှတ်တော်အမတ် Helle Thorning-Schmidt မှ DR Nyheder သို့ ပြောကြားကြောင်း  Copenhagen Post က ဖော်ပြသည်။ သူမက အစိုးရ၏တောင်းဆိုမှု မဟုတ်သော်လည်း အသားကိုင်သူနှင့် သားသတ်ရုံများသည် အသားများအား ဟလာလ်နည်းကျ လုပ်ကိုင်စီမံမှုရှိ မရှိဟူသည်ကို ဖော်ပြပေးရန် တိုက်တွန်းခဲ့သည်။

    မကြာသေးမီက ခန့်အပ်လိုက်သော အစားအသောက်ဝန်ကြီး Mette Gjerskov က သူမသည် ဟလာလ် တံဆိပ်တပ်ခြင်း အယူအဆကို ဆန့်ကျင်ကြောင်း ပြောဆိုလိုက်ပြီးနောက် လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ဟလာလ်တံဆိပ်ဖော်ပြမှုကဏ္ဍ၌ ဂယက်ရိုက်လာသဖြင့် လွတ်တော်အမတ် သော်နင်း ရှမစ်မှ ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

    ဒိန်းမတ်၌ မွတ်စ်လင်မ်တို့သည် လူနည်းစုဖြစ်ကာ လူဦးရေ ၂ သိန်းရှိ၍ နိုင်ငံ့လူဦးရေပမာဏ ၅.၄ သန်းတွင် ၃ % ပါဝင်၏။ မွတ်စ်လင်မ်တို့အဖို့ ဟလာလ်နည်းလမ်းဖြင့် ပြုလုပ်ထားသည့် အသားနှင့်အစားအသောက်ကိုသာ စားသောက်နိုင်ခွင့် ရှိကြသည်။ ၂၀၀၅ ခုနှစ်က ဒိန်းမတ်နိုင်ငံ သတင်းစာ တစ်စောင်၌ တမန်တော်မုဟမ္မဒ်(PBUH)အား လှောင်ပြောင် သရော်သည့် ကာတွန်းများကို ထည့်သွင်းဖော်ပြခဲ့သဖြင့် စကင်ဒီနေးဗီးယန်း လူမျိုးတို့၏ တိုင်းပြည် ဒိန်းမတ်အပေါ် မွတ်စ်လင်မ်တို့မှ အမျက်ရှခဲ့ကြသည်။ ထိုကာတွန်းပြဿနာနောက်ပိုင်း အနောက်တိုင်းတွင် အစ္စလာမ်နှင့် ပတ်သက်၍ အဆိုးမြင်မှိုင်းသွင်းမှု ကျယ်ပြန့်စွာ ဖော်ပြချက်များအား ဖယ်ရှားရန် ကမ္ဘာ့မွတ်စ်လင်မ်ထုမှ ထုတ်ဖော်တောင်းဆိုခဲ့ကြသည်။ ဒိန်းမတ်ရှိ မွတ်စ်လင်မ်အဖွဲ့အစည်း ၂၇ မှစုပေါင်း၍ တမန်တော့်ဂုဏ်အင်နှင့် စာရိတ္တအကြောင်း အသိပေးတင်ပြနိုင်ရန် တမန်တော်အား ဂုဏ်ပြုရေးဥရောပ ကော်မတီတစ်ရပ်ကို တည်ထောင်ခဲ့ကြသည်။

    ဒိန်းမတ်နိုင်ငံ ခရစ္စမတ်ရိုးရာပွဲတော်တွင် ဓမ္မတေးများသီဆိုပြီး ၀က်သားကင် စားသုံးခြင်းမှာ ဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်နေ၍ အခြားဘာသာရေး ဓလေ့များနည်းတူ ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ မွတ်စ်လင်မ်တို့အတွက် ကုန်ပစ္စည်းဟလာလ် တံဆိပ်တပ်ခွင့်ကိုလည်း ဆက်လက်ပေးမည်ဖြစ်ကြောင်း ဒိန်းမတ် ၀န်ကြီးချုပ် နှင့် လွှတ်တော်အမတ် ရှမစ်တို့၏ အဆိုအရ သိရသည်။

  • လူ့ဦးနှောက် မှတ်ဥာဏ်

    သြဂုတ် ၁၄၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    brain

    CD တွေ၊ Memory Stick တွေ၊ Hard disk တွေပေါများလာတဲ့ ယခုခေတ်မှာ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏကိုပြောတဲ့ ယူနှစ် Byte တွေနဲ့ တော်တော်ရင်းနှီးလာကြပါပြီ။ ဘယ်ပမာဏရှိတဲ့ ပစ္စည်းတစ်ခုက ရုပ်ရှင်၊ သီးချင်းနှင့် ဓါတ်ပုံတွေ ဘယ်လောက်သိမ်းထားနိုင်လဲ လွယ်လွယ် ကူကူနဲ့ သိလာကြပါပြီ။ ဒါဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာထဲက မှတ်ဥာဏ်ပစ္စည်း ဦးနှောက်ကရော ဘယ်လောက် Byte သိမ်းနိုင်ပါလိမ့်?

    ဦးနှောက်ထဲက အချက်အလက်တွေကို Byte တွေနဲ့ နှိုင်းတာ သိပ်ကောင်းတဲ့ ဥပမာ မဟုတ်ပေမယ့် 2.5 petabytes (2,500 terabytes) ထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တကယ်လို့ video recorder တစ်လုံးဆိုပါက နာရီပေါင်း ၃ သန်းထိ ရုပ်ရှင်တွေသိမ်းထားလို့ရပါတယ်။ နှစ် ၃၀၀ လောက်တောက်လျောက် TV ဖွင့်ထားနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

    ဦးနှောက်ထဲမှာ အာရုံစနစ် (Neuron) ပေါင်း ၅၀ ကနေ ၂၀၀ ဘီလီယံခန့်ရှိပြီး Neuron တစ်ခုဟာ အချက်အလက်သိမ်းဆည်းဖို့ အခြား Neuron တွေနဲ့ အဆက်အစပ်ပေါင်း ၁၀၀၀ ကနေ ၁ သိန်းခန့်ပြုနိုင်ပါတယ်။ အဆက်အစပ် တစ်ခုကို အချက်အလက် Byte တစ်ခုစာမျှ သိမ်းနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်နည်းနိုင်သလို တော်တော်များတာလည်း ဖြစ်နိုင်ပါတယ်။

    ကိုးကား – Scientific American

  • တိုင်းရင်းသားလူနည်းစု တို့အားကိုးတဲ့ ကင်းတားနား၊ ရိုဟင်ဂျာများ အတွက် အဖြေရှာထုတ်ပေးမည်ဟု ကတိပြု

    M-Media
    သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃

    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)
    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)

    ကချင်၊ ချင်းများသာမက ကယမ်းတိုင်းရင်းသားများကပါ အားကိုးတကြီး မျှော်လင့်ချက်ထားနေသည့် ကင်းတားနား၏ ရခိုင်ပြည်နယ် ဒုတိယနေ့ ခရီးစဉ် အခြေအနေကို ဗွီအိုအေမြန်မာပိုင်းက တင်ဆက်ထားပါသည်။

    ရခိုင်များနှင့် အစိုးရတာဝန်ရှိသူအချို့တို့မှလွဲ၍ တိုင်းရင်းသားလူနည်းစုတို့ လိုလားသည့် ကုလကိုယ်စားလှယ် ကင်းတားနားက ရိုဟင်ဂျာများနှင့် တွေ့ဆုံရာ၌ “ခင်ဗျားတို့ မူဆလင် အသိုင်းအ၀ိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ခင်ဗျားတို့ ကိုယ်တိုင် ဆောင်ရွက်ကြရမှာပါ။ နောက် တသံတည်း၊ တညီတည်းဖြစ်အောင်လို့လည်း စည်းရုံးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် တကယ်ပဲ မျှော်လင့်ပါတယ်။ အတော်တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ အခု ဒီနေရာမှာ ခင်ဗျားတို့ နေရထိုင်ရတာလည်း ခက်ခဲတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့လည်း အဖြေ တစုံတရာ ထွက်လာဖို့ အတွက်တော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ကတိပေးပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဆိုပါသည်။

    ကင်းတားနားက ရိုဟင်ဂျာမလိုလားသည့် ရခိုင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်နှင့်လည်း တွေ့ဆုံပြီး အသိုင်းအ၀န်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်ကမူ ရိုဟင်ဂျာ မရှိသည့် သမိုင်းကိုသာ ကင်းတားနားအား ပြောပြဖို့ စိတ်အားထက်သန်နေခဲ့ကြောင်း သတင်းများက ဆိုပါသည်။

    ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကမူ အစိုးရက အသိုင်းအ၀န်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ပေးဖို့ အစီအစဉ်များရှိကြောင်း ကင်းတားနားအား ပြောပြခဲ့ပါသည်။ ဦးလှသိန်းက “ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုချက်တွေထဲမှာ ပါဝင်တဲ့အတိုင်းပေါ့ ပထမ ကျနော်တို့ ရခိုင်ဘက်က မြို့မိမြို့ဖတွေ၊ နောက် ဘင်္ဂါလီအုပ်စုထဲက သူတို့ရဲ့ ရပ်မိရပ်ဖတွေပေါ့နော် အဲ့ဒီလူတွေကို ဆပ်ကော်မတီတစ်ခုကနေပြီးတော့ သီးသန့်စီ တွေ့ပြီးတော့ အခု ဆွေးနွေးမှုတွေ ရှိပါတယ်။ နောင် ဒီဟာနဲ့ တဆင့်တက်လာလို့ရှိရင်တော့ သူတို့ နှစ်ဘက်ကို မျက်နှာချင်းဆိုင် ပိုပြီးတော့ ရင်းနှီးမှုရှိအောင် လုပ်မယ်။ အဲ့ဒီလို လုပ်လာပြီးတဲ့အခါမှာ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်လို့၊ လုပ်လည်း လုပ်နေပါတယ်လို့ ၀န်ကြီးချုပ်က ဖြေပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းက တင်ပြထားပါသည်။

    ကင်းတားနားက ရခိုင်သို့ တညအိပ် နှစ်ရက်ခရီးသွားရောက်ခဲ့ပြီး နေ့လည်တစ်နာရီတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာကာ လူ့အခွင့်အရေးလှုပ်ရှားများ အပါအ၀င် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

  • တူဖြစ်တုန်း နှံ ပြီး ပေ အဖြစ်မခံဝံ့ သူ သတ္တိရှင် ကြီးများ

    သြဂုတ်-၁၄ရက်။ ၂၀၁၃
    ရေးသူ-Robert Elhose  (အမေရိကန်ပြည်ထောင်စု)

    4

    ၁၉၈၈ ခုနှစ်အရေးအခင်း မတိုင်မီကလေးမှာ အရင် ကာကွယ်ရေးဦးစီးချူပ်ဟောင်း ၊ ဗိုလ်မှူးချူပ်ဟောင်း အောင်ကြီးရဲ့ ဦးနေ၀င်း သို့ အိတ်ဖွင့်ပေးစာ ဆိုတာ ထွက်လာပါတယ်။ အဲ့ဒီမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ ကြီးကို ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖြိုချ လိုက်ဖို့ အမိန့်ပေးတာ မှာ အဓိက တာဝန်ရှိသူ ဟာ ဗိုလ်ချူပ်ကြီး နေ၀င်း သာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒီကျောင်းသားများသမဂ္ဂဖြိုခွင်းခဲ့မှု မှာ အဲ့ဒီအချိန်က တက္ကသိုလ်ကျောင်းသားပေါင်း ရာပေါင်းများစွာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။

    နောက်မကြာပါဘူး ဦးနေ၀င်းကလည်း တီဗွီဖန်သား ပြင်ပေါ်မှာ ပေါ်လာပြန်ပြီး အဲ့ဒီ ကျောင်းသားများ သမဂ္ဂ ဖောက်ခွဲ ခဲ့မှု မှာ သူ့မှာ တာဝန်မရှိခဲ့ဘူး။ အဲ့ဒီအချိန်က ဒုတိယ ကာကွယ်ရေး ဦးစီးချူပ်ဖြစ်တဲ့ ဗိုလ်မှူးချူပ်အောင်ကြီး မှာ သာ တာဝန်ရှိတယ်ဆိုပြီး ပြန်လည် ပုံချပါတယ်။

    နောက်ဆုံး သူတို့ နှစ်ဦးစလုံးသာ သေသွားတယ်။ ဒီသမိုင်း တရားခံအစစ်က ဘယ်သူဆိုတာ ဒီနေ့ထိ အဖြစ်မှန်ကို ပြည်သူတွေ မှာ မသိလိုက်ရပါ။ ဒါ ဗမာပြည်က စစ်ဗိုလ် တွေ ကိုယ်တိုင်ရေးခဲ့တဲ့ သူရဲဘောကြောင် သမိုင်းပါ။ လုပ်တုန်းက လုပ်ပြီး ခံအလှည့်ကျတော့ မခံရဲ့တဲ့ သမိုင်းပါ။

    ဟော အခုလည်း လာပြန်ပြီ ။ ၈၈ အာဏာသိမ်းပြီးကာလ ကနေ ၂၀၀၄ ခုနှစ် သူပြုတ်မသွားခင် အထိ ဗမာပြည်မှာ လူတိုင်းက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ကမ္ဘာ့ အကောက်ကျစ်ဆုံး ဗမာစစ်ထောက်လှမ်းရေး အဖွဲ့ နဲ့ ၀န်ကြီးချူပ်ဟောင်း၊ အတွင်းရေးမှူး(၁)ဟောင်း (အဲ့ဒီရာထုးက အဲ့ဒီအချိန် ဗမာပြည်မှာ နံပါတ် နှစ်) ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချူပ်ကြီးဟောင်း ခင်ညွန့်။

    လျှပ်တစ်ပြတ်ဂျာနယ် က ကိုမြတ်ခိုင် နဲ့ အင်တာဗျူးမှာ အဲ့ဒီတုန်းက ဖြစ်ပျက် ခဲ့သမျှ တွေအတွက် လူပေါင်း သန်းပေါင်းများစွာ နစ်နာ ခဲ့ရတာတွေအတွက် သူ့မှာ တာဝန်မရှိဘူးတဲ့။ မျက်နှာမည်းကြီး မှာ သာ တာဝန်ရှိတာပါတဲ့။ နှစ်ယောက်လုံးကလည်း လောကမှာ ကြာကြာ နေရတော့မယ့် အသက်အရွယ်တွေ တော့မဟုတ်တော့ဘူး။ ဒီတစ်ခါလည်း ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတုန်းကလို ပဲ သူတို့သာ သေသွားမယ် အဖြစ်မှန် က ပေါ်လာဖို့တော့ မရှိဘူး။

    မှတ်ထားပါ။ ဒါဟာ ဗမာပြည်မှာ လုပ်သာလုပ်ရဲပြီး တာဝန်ခံစိတ် တစ်ပြားသားမျှ မရှိတဲ့ လေနဲ့သာ သတ္တိပြောင် တဲ့ စစ်ဗိုလ် တွေ အုပ်ချူပ်ခဲ့တဲ့ ခေတ်ဆိုးခေတ်ပျက် တစ်ခေတ်ဆိုတာ။ ဒီလူတွေ ဟာလည်း သမိုင်းရဲ့ အမှိုက်ပုံ ထဲမှာ ပုပ်ပွ ဟောင်စော် သူများ အဖြစ် အခိုင်အမာ နေရာ ရသွား ခဲ့ကြပြီဆိုတာ။