News @ M-Media

Blog

  • ရှစ်လေးလုံး အခမ်းအနား နှင့် တိုက်ဆိုင် ပြုလုပ်သော တိုင်းမ် မဂ္ဂဇင်း နှင့် အကြမ်းဖက် ဗုံးခွဲမှုများကို ရှုတ်ချပွဲ

    သြဂတ် ၆၊ ၂၀၁၃
    M-Media
    သုတ

    time
    Photo Credit – DVB

    မန္တလေး ။        ။           နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းနှင့် ဦးဝီရသူ၏ တရားပွဲအနီးတွင် ဗုံးပေါက်ကွဲမှုအား ရှုတ်ချပွဲတစ်ရပ်ကို ယနေ့ သြဂတ်လ ၆-ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    အဆိုပါ ဆန္ဒပြပွဲပြုလုပ်ရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များတွင် ‘ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓဘာသာကို ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သွားအောင် မဟုတ်မှန် စွပ်စွဲလုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိသော နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းနှင့် ဗုဒ္ဓဘာသာတရားပွဲအား ဗုံးခွဲအကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချပွဲ ပြုလုပ်မည်’ဖြစ်ပြီး စတင်မည့်နေရာမှာ ၃၅-လမ်းနှင့် ၈၄-လမ်းထောင့်မှ စတင်ပြီး ၈၃-လမ်းx၄၁-လမ်းထောင့်တွင် ပြီးဆုံးမည်ဖြစ်ပြီး ၆.၈.၂၀၁၃ ရက် နေ့လည် ၁၂-နာရီအရောက် ရဟန်းရှင်လူများပူးပေါင်း ပါဝင်ကြရန် ရေးသားထားပါတယ်။

    အဆိုပါ ဆန္ဒပြပွဲစတင်သည့်နေရာသည် ၈-လေးလုံး ငွေရတု အခမ်းအနား ကျင်းပ ပြုလုပ်မည့် ၃၁-လမ်းx၈၄-လမ်းထောင့်ရှိ ဓမ္မသာလခန်းမနေရာအနီးတွင် ဖြစ်သည့်အတွက် ရှစ်လေးလုံး အခမ်းအနားကို အနှောက်အယှက်ပေးချင်တဲ့အတွက် အခု ဆန္ဒပြပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ တချို့ကတော့ သုံးသပ်ကြပါတယ်။

  • ဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတု အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကြီး ရန်ကုန်တွင် ကျင်းပ

    သြဂုတ် ၈၊ ၂၀၁၃
    M-Media
    သုတ

    1
    ရန်ကုန် ။ ။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကြီး (ပထမနေ့)ကို ရန်ကုန်မြို့ MCC တွင် ယနေ့ နံနက် (၈း၃၀)နာရီမှ ညနေ(၆)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားကြီးသို့ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် လူထုအင်အား စုစုပေါင်း ၂၀၀၀၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြသည်။ ပြခန်းများတွင် ၈၈ အရေးအခင်းက အနယ်နယ် အရပ်ရပ်မှ မှတ်တမ်းဓါတ်ပုံများကို ပြသထားပြီး တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏အခန်းကဏ္ဍဟူသော ခေါင်းစဉ်(၄)ရပ်ကို ခန်းမဆောင်(၄)ခုခွဲ၍ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

    အခမ်းအနားကြီးသို့ တက်ရောက်လာကြသော ပရိသတ်အပေါင်းအား ကော်ဖီ-မုန်၊ နေ့လည်စာနှင့် ညစာ ထမင်းဟင်းတို့လည်း ကျွေးမွေးခဲ့ကြပြီး ညနေ (၆)နာရီမှာ ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်များကို ရပ်နားခဲ့ပါသည်။

    ဓါတ်ပုံများ ကြည့်၇န်။ http://goo.gl/DJpJfA

  • ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား (မန္တလေး) ကို သတင်းစာဆရာကြီး ဦးဝင်းတင် ဖွင့်လှစ်ပေး

    ၆-၈-၂၀၁၃
    M-Media
    ဗေဒါလမ်း
    (၈-၈-၈၈ ) ၂၅ နှစ်ပြည့်ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားကို ယနေ့မနက် ၈နာရီ-၈မိနစ်- ၈ စက္ကန့်တွင် သတင်းစာဆရာကြီးဦးဝင်းတင်က အခမ်းအနားကျင်းပရာ မန္တလေးမြို့ ၃၁ လမ်း၊၈၄လမ်းထောင့်ရှိ ဓမ္မသာလခန်းမသို့ ကြွရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

    ဓါတ်ပုံများ ကြည့်၇န်။ Click Here

    4

     

    2

    mdy muslim 3
    မန္တလေးမှာကျင်းပတဲ့ ရှစ်လေးလုံး ၂၅ နှစ်ပြည့် အခမ်းအနား သမိုင်းမှတ်တမ်းကဏ္ဍမှာ ခင်းကျင်းပြထားသော မှတ်တမ်းပုံများတွင် မန္တလေးမြို့မှ အစ္စလာမ်ဘာသာဝင်များ ပါဝင်ခဲ့သော ဓါတ်ပုံများပါဝင် ပြသထားသော ဘုတ်

  • ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ မြန်မာမွတ်စလင် အစည်းအရုံး မှ သဝဏ်လွှာ ပေးပို့

    သြဂုတ်လ- ၆ရက်၊ ၂-၂၀၁၃
    M-Media

    ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ မြန်မာမွတ်စလင် အစည်းအရုံး မှ သဝဏ်လွှာ တစောင်ပေးပို့ခဲ့ပါသည်။ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    BMA

    ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

    ၁။ လူမျိုး ဘာသာမရွေး တစ်နိုင်ငံလုံး အုံကြွပေးဆပ်ခဲ့ရသော သမိုင်းဝင် ရှစ်လေးလုံး မဟာအရေးတော်ပုံကြီး (၂၅)နှစ်ပြည့်ကာလသည် လက်ရှိအနေအထားကို သုံးသပ်ရန် အကောင်းဆုံး အချိန်အခါဖြစ်၏။

    ၂။ ရှစ်လေးလုံးအရေးတော်ပုံကြီးက တစ်ပါတီ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း၊ စစ်အာဏာရှင်က မျက်နှာဖုံးပြောင်းပြီး နှစ်နှစ်ဆယ်ကျော် ပြင်းထန်တင်းကြပ်စွာ ဆက်လက် ဖိနှိပ်အုပ်ချုပ်နိုင်ခဲ့သည်။ ၄င်းစစ်အာဏာရှင်ကသည်ပင်လျှင် ၂၀၀၈ဖွဲ့စည်းပုံက ကျားကန်ပေးထားသော စစ်အာဏာရှင် အသွင်သစ်တစ်မျိုးဖြင့် နိုင်ငံတော် အာဏာသုံးရပ်လုံးကို ယနေ့တိုင် ခိုင်မြဲစွာ ချုပ်ကိုင်ထားဆဲဖြစ်၏။

    ၃။ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူများ၏ အဖိနှိပ်ခံဘဝများ၊ ပြည်တွင်းစစ်၊ ဘာသာရေး လူမျိုးရေး အစွန်းရောက် အကြမ်းဖက်မှုများ၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများအောက်တွင် လွှတ်တော်တွင်း လွှတ်တော်ပရှိ ဒီမိုကရေစီအင်အားစုများသည် အင်အားချိနဲ့နေဆဲဖြစ်သည့်အပြင် အဆိုးဝါးဆုံးမှာ ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းရေးအတွက် လက်တွေ့ကျကျ အလုပ်ဖြစ်အောင် ပူးပေါင်းလုပ်ဆောင်နိုင်သော ဘုံလုပ်ငန်းစဉ်ဟူ၍ မရှိသလောက် ရှားပါးနေခြင်း ဖြစ်ပေ၏။

    ၄။ မြန်မာ့လူ့အဖွဲ့အစည်း၏ အရင်းခံ ပဋိပက္ခသည် ပြည်တွင်းစစ်၊ လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ ချမ်းသာ ပဋိပက္ခများ မဟုတ်။ ဖိနှိပ်သူ စစ်အာဏာရှင်နှင့် အဖိနှိပ်ခံ လူထု၏ ပဋိပက္ခသာဖြစ်သည်ကို ဒီမိုကရေစီ အင်အားစုတွေ မျက်ခြေပြတ်လာကြသည်။ လက်အောက်ခံ ပဋိပက္ခများတွင် နစ်မြောအချိန်ကုန် သဘောကွဲလာကြသည်။ ရန်ဖက်ကို မိတ်ဖက် ထင်လာသည်။ မိတ်ဖက်ကို ရန်ဖက် ထင်လာသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူမျိုးစုံ ဘာသာစုံတို့ စည်းလုံးညီညွှတ်စွာ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသော ရှစ်လေးလုံးစိတ်ဓါတ်များသည် ၂၅နှစ်ကြာလာသောအခါ ပိုမိုမြင့်တက်လာရမည့်အစား တစတစ ပြိုကွဲယိုင်နဲ့လာသည်ကို ကြေကွဲဖွယ်ရာ တွေ့မြင်လာရသည်။

    ၅။ သမိုင်းကို ပြန်ကြည့်သော် ဖက်ဒရယ်ကို လက်ညှိုးထိုးပြီး စစ်အာဏာရှင်က အာဏာသိမ်း သက်ဆိုးရှည်ခဲ့သည်။ ကွန်မြူနစ်ကို တရားခံလုပ်ပြီး စစ်အာဏာရှင်တွေ အသက်ဆက်ခဲ့သည်။ ယနေ့ကာလ ဖက်ဒရယ်နှင့် ကွန်မြူနစ်သုံး၍ ခြောက်ရန် မဖြစ်နိုင်တော့သောအခါ လူမျိုးရေး၊ ဘာသာရေးမှိုင်းများနှင့် လူထုကို အကြောက်တရား ဖိစီးစေသည်။ အကွဲအပြဲများကို ဖန်တီးသည်။ ဒီမိုကရေစီ အင်အားစုများကို ချိနဲ့စေသည်။

    ၆။ ဗိုလ်ချုပ်အောင်ဆန်းက အမျိုး၊ ဘာသာ၊ သာသနာကို ကိုင်စွဲ၍ ပြည်ထောင်စု တည်ဆောက်၍ မရဟု လွန်ခဲ့သောနှစ်ခြောက်ဆယ်ကျော် ပင်လုံ(ဖေဖေါ်ဝါရီ ၁၁၊ ၁၉၄၇)၌ ပြတ်ပြတ်သားသား ပယ်ချခဲ့သော်လည်း အမျှော်အမြင်နည်းပါးသော ယနေ့နိုင်ငံရေးသမားအချို့သည် စစ်အာဏာရှင်များ ခင်းပေးသော နှပ်ကြောင်းအတိုင်း အမျိုး ဘာသာ သာသနာကို ခုတုံးလုပ်၍ နိုင်ငံရေး ဖြတ်လမ်းလိုက်လိုကြသည်။ လူမျိုးစုံ၊ ဘာသာစုံတို့၏ သွေးချွေးဖြင့် တည်ဆောက်ခဲ့ရသော နိုင်ငံတော်ကို လူမျိုးရေးအရ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုတွေ ဖန်တီးပြီး ကိုယ်ကျိုးရှာများ၏ အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။

    ၇။ အစ္စလာမ်သာသနာသည် ၁၉၄၇ဖွဲ့စည်းပုံမှစ၍ ယနေ့ ၂၀၀၈ဖွဲ့စည်းပုံတိုင် မြန်မာပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှန်သမျှတွင် နိုင်ငံတော်၏ သာသနာတစ်ရပ်အဖြစ် ဂုဏ်ပေး အသိအမှတ်ပြုထားသော သာသနာဖြစ်၏။ အစ္စလာမ်သာသနာသည် မြန်မာမြေတွင် အစဉ်တင့်တယ်စွာ တည်ရှိနေမည်ဖြစ်၏။

    ၈။ မြန်မာမွတ်စလင်(ပသီ)နှင့် ရိုဟင်ဂျာအပါအဝင် အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများသည်လည်း မူလဘူတ တိုင်းရင်းသား (၁၄၄)မျိုး စာရင်းဝင် တိုင်းရင်းသားများဖြစ်၏။ တိုင်းရင်းသားများကို တိုင်းရင်းသားစာရင်းမှ ပယ်ဖျက်နိုင်သော အခွင့်အာဏာ မည်သည့်အစိုးရတွင်မှ မရှိ။

    ၉။ နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်း၏ တိုင်းပြုပြည်ပြု လုပ်ငန်းများနှင့် လွတ်လပ်ရေး တိုက်ပွဲများတွင် လက်တွဲခေါ်စရာ မလိုဘဲ၊ တာဝန်သိသိ ဒိုးတူပေါင်ဖက် ပုခုံးချင်းယှဉ် ထမ်းဆောင်ခဲ့ကြသည့် မြန်မာမွတ်စလင်များသည် တိုင်းရင်းသားများဖြစ်သည်ဟု NLD နာယက ဦးတင်ဦးက အသိအမှတ်ပြု ပြောကြားခဲ့ပေသည်။ မြန်မာမွတ်စလင်များသည် စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပညာရေး၊ စီးပွါး၊ လူမှု စသော ကဏ္ဍစုံတင်သာမက ရှစ်လေးလုံး၊ ရွှေဝါရောင် အပါအဝင် နိုင်ငံရေး၊ ဒီမိုကရေစီရေး တိုက်ပွဲမှန်သမျှတွင်  ဦးပဲ့ ကျရာထမ်းနေကြသော အစမ်းသတ်ခံပြီး သေဖေါ်သေဖက်များလည်း ဖြစ်ကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ကနဦး တည်ထောင်သူများလည်း ဖြစ်ကြ၏။

    ၉။ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးသည် တစ်ချိန်က ဖက်ဒရယ်နဲ့ ဟောက်စား၊ ကွန်မြူနစ်နဲ့ ခြောက်စားခဲ့သော စစ်အာဏာရှင်၏ နောက်ဆုံးပေါ် လှည့်ကွက်ဖြစ်သည့် မြန်မာမွတ်စလင် ဆန့်ကျင်ရေးမှိုင်းမိပြီး မြန်မာ့ပြသနာများ၏ ရင်းမြစ် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကို မျက်ခြေပြတ်ကြပါက ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ထပ်မံ အလှမ်းဝေးကြပြီး စစ်အာဏာရှင်များ၏ အမျိုးမျိုးသော လှည့်ကွက်များဖြင့် ဖိနှိပ်အုပ်ချုပ်မှုများအောက်မှ လွတ်မြောက်ဖွယ် မရှိတော့သည်ကို အထူးသတိချပ်ရာ၏။

    ၁၀။ မြန်မာလူမျိုးစုပြီးလျှင် ဒုတိယလူဦးရေ အများဆုံးအုပ်စုဖြစ်သော တိုင်းရင်းသားမွတ်စလင်များကို ချန်လှပ်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီစနစ် အမြစ်တွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ထို့ကြောင့် တာဝန်သိ၍ တာဝန်ရှိသော တိုင်းရင်းသားမွတ်စလင်များနှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲ၍ ပြည်ပစွက်ဖက်မှုကင်းပြီး အချုပ်အခြာအာဏာပိုင် တန်းတူညီမျှ တည်ငြိမ်တိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြပါရန် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးကို အလေးအနက်ထား ပန်ကြားသည်။

    မြန်မာမွတ်စလင် အစည်းအရုံး
    သြဂုတ်လ ၈၊ ၂၀၁၃

    Media Contact; –

    ကိုကျော်စွာ +44 782 842 6801(UK) [email protected];

    ကိုမျိုးဝင်း 0950 70304 (မြန်မာ) [email protected];

    ဒေါ်မော်လီ +1 416 516 7383 Canada [email protected];

    Ma Yasmin +1 408 250 6227(USA) [email protected];

    ကိုကျော်ဝင်း +44-740-345-2378(UK) [email protected]

  • ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကြီး ပထမနေ့ မြင်ကွင်း

    သြဂုတ်လ-၆ရက်၊ ၂၀၁၃
    M-Media

    1003524_571940762848398_519000992_n

    ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကြီး ပထမနေ့ မြင်ကွင်းမှတ်တမ်းများကို စုစည်းတင်ပြလိုက်ပါတယ်။

    ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကြီးကို မနက်(၈း၃၀)နာရီမှ စတင်၍ ရန်ကုန်မြို့ MCC တွင် ဆွေးနွေးခန်းမ ၄-ခု ခွဲ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ညနေ(၆)နာရီမှာ အခမ်းအနား ပထမနေ့အစီအစဉ်ကို ရပ်နားခဲ့ကြပါတယ်။ —

     

    ဓါတ်ပုံများး ကြည့်၇န်။ http://goo.gl/DJpJfA