News @ M-Media

Blog

  • ၇ ၊ ၈ ၊ ၂၀၁၃ အားကစားသတင်းများ

    သြဂုတ် ၇၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ- ကိုလေး

    Aguero
    လီဗာပူးလ်အသင်းအနေဖြင့် ကတိတည်ရန်လိုအပ်ကြောင်း ဆွာရက်ဇ်ဆို

    ချန်ပီယံလိဂ်သို့ ၀င်ခွင့်မရရှိပါက မိမိအားထွက်ခွာခွင့်ပေးမည်ဟု လီဗာပူးလ်အသင်းမှ ကတိပေးထားပြီး၊ ထိုကတိအားတည်ကြည်ရန် လိုအပ်သည်ဟု ဆွာရက်ဇ်က ပြောဆိုလိုက်သည်။ ဂါဒီးယန်းသတင်းစာနှင့်အင်တာဗျူးတွင် ဆွာရက်ဇ်က ယမန်နှစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းမှ ၎င်းအားခေါ်ယူရန်ကမ်းလှမ်းကြောင်း၊ သို့ရာတွင် နားလည်မှုရှိစွာဖြင့် လီဗာပူးလ်အသင်းတွင်သာ ဆက်လက်ရှိနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရပါကထွက်ခွာခွင့် ပြုမည်ဟု အသင်းနှင် ကတိထားရှိခဲ့ကြောင်း အသင်းအနေဖြင့် ယခုအခါ ထိုကတိက၀တ်အား ဖြည့်ဆည်းရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
    _______________________________________
    ဒဏ်ရာရရှိနေသည့် အဂူရို ပြန်လာတော့မည်

    ဒူးဒဏ်ရာကြောင့်အနားယူနေရသည့် မန်စီးတီးတိုက်စစ်မှူး ဆာဂျီယို အဂူရိုမှာ မကြာမီ အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဟုသိရသည်။ အဂူရိုမှာ ယမန်နှစ်တစ်နှစ်လုံး ဒူးဒဏ်ရာကိုခံစားခဲ့ရပြီး၊ ယခုအခါ အခြေအနေများတိုးတက်ကောင်းမွန်လာကာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိသည်။ ၎င်းအပြင် မန်စီးတီးခံစစ်မှူး မာတီဂျာ နက်စတာဆစ်မှာလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရဖွယ်ရှိနေသည်။
    _______________________________________
    ရီးယဲလ်အသင်းတွင် ဇီဒိန်းရှိနေခြင်းအား အာဘီလိုအာ ကြိုဆို

    ရီးယဲလ်မက်ဒရစ်အသင်း၏ နောက်ခံလူ အလ်ဗာရို အာဘီလိုအာက ဂန္တင်ကစားသမားဇီဒိန်း ရီးယဲလ်အသင်း၏ လက်ထောက်နည်းပြအဖြစ်ရှိနေမှုအား ကြိုဆိုလိုက်သည်။ ဇီဒိန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ လက်အောက်တွင်ရှိသည့် ကစားသမားတစ်ဦးဖြစ်ရသည်မှာ ကံကောင်းကြောင်း၊ အသင်းနည်းပြအဖြစ် ဇီဒိန်းရှိနေခြင်းမှာကောင်းမွန်ကြောင်း၊ ကစားသမားအနေဖြင့် ဇီဒိန်းထံမှသင်ယူနိုင်ကြောင်း အာဘီလိုအာက ပြောကြားခဲ့သည်။
    _______________________________________
    ဂျမေကာကစားသမားတစ်ဦး ဆေးကျပြန်

    ဂျမေကာနိုင်ငံမှ ကစားသမား ၅ ဦး ဆေးစစ်ဆေးမှုမအောင်မမြင်ဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာပြီးနောက် ယခုအခါ ဂျမေကာ ဘောလုံးသမား တစ်ဦးမှာလည်း ဆေးစစ်မှု ကျရှုံးခဲ့သည်ဟုသိရသည်။ အမည် ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် အဆိုပါကစားသမားအား ဖီဖာမှ ယခုလောလောဆယ်တွင် ရက်သုံးဆယ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားသည်။
    _______________________________________
    ဆော်လမွန်ကာလူး လိုင်လီအသင်းတွင်သာ ဆက်ရှိနေမည်

    ပရီးမီးယားလိဂ်ကလပ်အသင်းများစွာက ခေါ်ယူရန်စိတ်ဝင်စားနေသည့် လိုင်လီအသင်းတိုက်စစ်မှူး ဆော်လမွန်ကာလူးမှာ လိုင်လီအသင်းတွင်သာ ဆက်လက်ကစား လိုသည်ဟု ပြောဆိုလိုက်သည်။ ယမန်နှစ်က ချယ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သည့် ကာလူးမှာ လိုင်လီအသင်းအတွက် လိဂ်ပွဲ ၂၈ ပွဲကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ကာလူးက လိုင်လီအသင်းသို့ရောက်ရှိလာသည့် နည်းပြသစ်မှာ ၎င်းအားတိုးတက်မှုရှိစေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့အခြေအနေမျိုးတွင် အခြားသောအသင်းများအား ပြောင်းရွှေ့သင့်သည်ဟုမမြင်မိကြောင်း ပြောဆိုခဲ့သည်။
    _______________________________________
    လီဝန်ဒေါ့စကီးအား ဘိုင်ယန်မလိုအပ်ဟု ဟစ်ဖဲလ်ဒ် ဆို

    နည်းပြသစ်ပက်ပ်ဂွာဒီယိုလာလက်ထက် ဘိုင်ယန်မြူးနစ်အသင်းမှာ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးအား မလိုအပ်ဟု ဘိုင်ယန်အသင်း၏နည်းပြဟောင်း အော့တမာ ဟစ်ဖဲလ်ဒ်က ပြောဆိုလိုက်သည်။ ယခုလက်ရှိ ဆွဇ်လန်အသင်းအား ကိုင်တွယ်နေသော ဟစ်ဖဲလ်ဒ်က ဘိုင်ယန်အသင်းမှာ မည်မျှတောင့်တင်းသည်ဆိုသည်ကို ယမန်နှစ်က တွေ့ခဲ့ရကြောင်း၊ လီဝန်ဒေါ့စကီးအား ဘိုင်ယန်အသင်းက လိုအပ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
    _______________________________________
    ဒေဗစ်လူးဝစ် ဘာကာနှင့်စကားပြောနေ

    ချယ်ဆီးအသင်း၏ ခံစစ်မှူး ဒေးဗစ်လူးဝစ်မှာ အသင်းပြောင်းရွှေ့ရန် ဘာစီလိုနာအသင်းနှင့် ဆွေးနွေးနေသည်ဟု လူးဝစ်နှင့် နီးစပ်သူများကပြောဆိုကြသည်။ ထိုဆွေးနွေးမှုပြီးဆုံးသွားလျှင် အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းမှာ ချယ်ဆီးအသင်းနှင့် ဆက်လက်ဆွေးနွေးမည်ဟုသိရသည်။
    _______________________________________
    နောက်ခံလူဆေးလ်ဗား ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုး

    ပီအက်စ်ဂျီအသင်း၏ နောက်ခံလူတစ်ဦးဖြစ်သူ သီယာဂိုဆေးလ်ဗားမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်ဟုသိရသည်။ ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသူ အဆိုပါကစားသမားမှာ စာချုပ်သစ်ကြောင့် ပီအက်စ်ဂျီအသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သည်။
    _______________________________________
    ဘေးလ်အား ခေါ်ယူနိုင်မည့်အခွင့်အရေးကို ဘာကာပယ်ချခဲ့

    အပြောင်းအရွှေ့ဈေးကွက်အတွင်း ဟိုးလေးတကျော်ကျော်ဖြစ်နေသည့် တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ်အား ခေါ်ယူရန် အခွင့်အရေးရခဲ့သော်လည်း ဘာစီလိုနာအသင်းမှ လက်လွှတ်ခဲ့သည်ဟု သိရသည်။ ဂါရက်ဘေးလ်အားခေါ်ယူရန် ဘာကာမှ ၂၀၁၁ ခုနှစ်တွင်ကမ်းလှမ်းခဲ့သော်လည်း တော့တင်ဟမ်အသင်းမှ ယူရိုသန်း ၄၀ တောင်းဆိုခဲ့သောကြောင့် ဘာစီလိုနာအသင်းမှ ဆက်လက်ဆွေးနွေးမှု မပြုခဲ့ပေ။
    _______________________________________
    အဂ္ဂါနှင့် စကာတယ်လ်အား လီဗာပူးလ် ရောင်းရန်အစီအစဉ်မရှိ

    လီဗာပူးလ်အသင်း၏ ကစားသမား မာတင်စကာတယ်လ်အား နာပိုလီအသင်းမှ အလိုရှိနေပြီး၊ နောက်ခံလူ ဒန်နီယယ်အဂ္ဂါကိုလည်း ဘာစီလိုနာအသင်းမှ အလိုရှိနေသော်လည်း လီဗာပူးလ်အသင်းမှာ အဆိုပါ ကစားသမားနှစ်ဦးစလုံးအား ရောင်းချရန် အစီအစဉ်မရှိဟုသိရသည်။
    _______________________________________
    Rogers Cup တင်းနစ်ပြိုင်ပွဲမှ ဗီးနပ်စ်ဝီလီယံ ရှုံးနိမ့်ထွက်ခွာ

    ကနေဒါနိုင်ငံ၌ကျင်းပပြုလုပ်နေသည့် Rogers Cup တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ပထမအဆင့်ပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလီယန်သည် ခရစ္စတန် ဖလစ်ပ်ကင်အား ၆-၀၊ ၄-၆၊ ၆-၂ ဖြင့်ရှုံးနိမ့်သွားပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။ ၀ီလီယံသည် ဘယ်လ်ဂျီယမ်တင်းနစ်မယ် ခရစ္စတန် ဖလစ်ပ်ကင်အား ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်တို့တွင်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
    _______________________________________
    ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးကစားသမားစာရင်းတွင် မာရီယာ ရှာရာပိုဗာ ထိပ်ဆုံးမှဦးဆောင်

    အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ကရွေးချယ်သည့်ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအားကစားသမား ၁၀ ဦးတွင် ထိပ်ဆုံး ၇ ဦးမှာ တင်းနစ်ကစားသမားဖြစ်ကြပြီး ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာက နံပါတ်တစ်နေရာတွင်ရှိနေသည်။ ရှာရာပိုဗာမှာ ၀င်ငွေ ကန်ဒေါ်လာ ၂၃ သန်းဖြင့်ထိပ်ဆုံးနေရာတွင်ရှိနေကာ၊ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလီယံက ၂၀.၅သန်းဖြင့် ဒုတိယ၊ တရုတ်တင်းနစ်မယ် လီနာက ၁၈.၂ သန်းဖြင့် တတိယ၊ ဘီလာရုစ်တင်းနစ်မယ် ဗစ်တိုးရီးယား အဇာရန်ကာက ၁၅.၇ သန်းဖြင့် စတုတ္ထ အသီးသီးရပ်တည်နေကြသည်။

  • ၇-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၇-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    သြဂုတ် ၀၇၊ ၂၀၁၃
    M-Media

    ဂျပန်နိုင်ငံ စစ်အင်အားတည်ဆောက်ပြီလားဟု တရုတ်စိတ်ပူ

    ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး စစ်သင်္ဘောသစ် Izumo ကို ထုတ်ဖေါ်ပြသလိုက်ပြီး ၎င်း စစ်သင်္ဘောသည် ဖျက်သင်္ဘော အမျိုးအစားဖြစ်ကာ ရဟတ်ယာဉ် ကိုးစီးခန့် ရပ်နား သယ်ဆောင်နိုင်သည်။
    ____________________________________
    ဘန်ကောက်တွင် ဆန္ဒပြ

    ပါလီမန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝထြာ အား တရားရုံးမှ အမိန့်ချထားခဲ့သော ထောင်၂ နှစ် ပြစ်ဒါဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခြေရှိသောကြောင့် ကန့်ကွက်သည့် အနေဖြင့် လူနှစ်ထောင်ခန့် စုရုံး ဆန္ဒပြခဲ့ကြသည်။
    ____________________________________
    အာဂျင်းတီးနား ပေါက်ကွဲမှု

    အင်္ဂါနေ့က Rosario မြို့တွင် အထပ်မြင့် အဆောက်အအုံတစ်ခု၌ ဂက်စ် ပိုက်လိုင်းပေါက်ကွဲမှု ကြောင့် ၈ဦးသေဆုံး၍ ၆၀ဦး ဒါဏ်ရာရသည်။
    ____________________________________
    ယီမင် အယ်လ်ကိုင်းဒါးကို နှိမ်နင်းနိုင်ခဲ့

    နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတွင် ရေနံပိုက်လိုင်းကို ဖေါက်ခွဲရန် ကြံစည်မှုကို ဖေါ်ထုတ်နိုင်ခဲ့ပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်။
    ____________________________________
    ယီမင်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်

    နိုင်ငံတောင်ပိုင်းတွင် အယ်လ်ခိုင်းဒါး ဟု သံသယရှိသူ များလိုက်ပါလာသော မော်တော်ယာဉ် နှစ်စီးကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးသည်။
    ____________________________________
    ကန်ညာနိုင်ငံ နိုင်ငံတကာလေဆိပ် မီးလောင်

    Nairobi လေဆိပ်တွင် ယနေ့ မနက်ပိုင်းမှစတင်၍ ၇နာရီကြာ လောင်ကျွမ်းခဲ့သော မီးကြောင့် လေဆိပ်ကိုပိတ်ထားလိုက်ရသည်။

  • ပျားရည်လွယ်တဲ့ ပုရွက်ဆိတ်

    သြဂုတ် ၀၇၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Ant
    ပျားရည်တွေကို ပျားတွေဆီကရတာပဲ စားဖူးကြတယ်မဟုတ်လား။ ဒီတစ်ခါတော့ ပုရွက်ဆိတ်တွေဆီက စားကြရအောင် ….

    ” ပျားရည်ပုရွတ်ဆိတ်” Honeypot ant တွေကို သြစတေးလျ အနောက်ဘက်ကန္တာရမှာ တွေ့ရပါတယ်။ အစာရှာမရတဲ့ အချိန်တွေအတွက် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ အစာသိုလှောင်နည်းတစ်မျိုးနဲ့အတူ တွေ့ရတာပါ။

    သူတို့ဟာ ဖြုတ်စိမ်းတွေရဲ့ အစာကနေတဆင့် ပျားရည်တွေကိုရယူပါတယ်။ ပထမ ဖြုတ်စိမ်းတွေဟာ သစ်ပင်တွေရဲ့ သစ်ရည်တွေကိုစုပ်ယူပြီး ပျားရည်တွေစစ်ထုတ်ပါတယ်။ ထို့နောက် ပုရွက်ဆိတ်တွေဟာ ဖြုတ်စိမ်းတွေ ပျားရည်စစ်ထုတ်စေဖို့ သူတို့ရဲ့ ဦးမျှင်တွေနဲ့ ညှို့ယူပါတယ်။ ပျားရည်အမြဲတမ်းရစေဖို့ ဖြုတ်စိမ်းတွေကို ပုရွက်ဆိတ်တွေက စောင့်ရှောက်တဲ့ အံ့သြစရာကောင်းလောက်တဲ့ ဆက်ဆံမှုမျိုးရှိကြပါတယ်။

    သူတို့အတွက် ရာသီဥတုကောင်းဖြစ်တဲ့မိုးရာသီမှာ ပျားရည်အပိုတွေကို လုပ်သားပုရွက်ဆိတ်တွေဖြစ်တဲ့ replete တွေမှာ သိုလှောင်ထားပါတယ်။ ပျားရည်တွေသိုလှောင်ထားတဲ့ ဝမ်းဗိုက်ဟာ စပျစ်သီးငယ် အရွယ်လောက်ထိအောင် ဖောင်းလာကြပါတယ်။ လုပ်သားပုရွက်ဆိတ်တွေဟာ မြေအောက်ပုရွက်ဆိတ်အုံတွေရဲ့ မျက်နှာကျက်ကနေ တွဲလောင်းခိုနေပြီး အစာရေစာ ရှားပါးတဲ့အချိန်တွေမှာ မြေအောက်ရေခဲသေတ္တာတွေကဲ့သို့ အားလုံးအတွက် အစာပြန်ပေးတာပါ။

    သြစတေးလျ အနောက်ဘက်ကန္တာရက ဌာနေလူမျိုးစုတွေဟာ ပုရွက်ဆိတ်အသိုက်ကိုတူးပြီး ပုရွက်ဆိတ်အုံကိုရှာကြပါတယ်။ ပြီးတော့ စားကောင်းသောက်ကောင်းလို့ သတ်မှတ်ထားတဲ့ ပုရွတ်ဆိတ်ပျားရည်တွေကို စားသုံးကြပါတယ်။ Papunya အနီးအနား ပတ်ဝန်းကျင်ကို “ပျားရည်ပုရွက်ဆိတ် အိပ်မက်ကမ္ဘာ” အဖြစ် သိကြပါတယ်။

    ကိုးကား – PSAA

  • Mizzima Youth Network ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေပွဲ ညစာစားပွဲကျင်းပ

    သြဂုတ် ၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    Mizzima Youth Network 3
    ရန်ကုန် ။ ။ Mizzima Youth Network မှ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေ ညစာစားပွဲကို ဇူလိုင်လ (၇)ရက်၊ ညနေ(၅)နာရီမှ (၇)နာရီအထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနား၌ ဦးအုန်းမောင်(တရားလွှတ်တော်ရှေ့နေ)မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေဖြန့်ချိသည့် အစ္စလာမ်သာသနာနှင့်စပ်လျဉ်းပြီး ဝေဖန်ပုတ်ခတ် စွပ်စွဲချက်များအပေါ် ဥပဒေ ရှုထောင့်မှ သုံးသပ်ပြခဲ့ပြီး၊ ဆရာဦးအေးလွင်မှ ‘ကုရ်အာန်ကျမ်းပြဿနာဖြေရှင်းခြင်း’ စာတမ်းပါ ဦးနေမျိုးဝေ၏ လုပ်ကြံ စွပ်စွဲချက်များတွင် ပါဝင်သည့် အကြောင်း အချက်များသည် မဟုတ်မမှန် လုပ်ကြံထားသည် များသာဖြစ်ကြောင်းကို အထောက်အထားများဖြင့် ဖြေရှင်းခဲ့ပြီး ယခု ရှင်းလင်းမှုသည် ဦးနေမျိုးအား ရှင်းလင်းဖြေရှင်းမှု မဟုတ်ပဲ၊ မဟုတ်မမှန် လုပ်ကြံမှုများကို ယုံမှားမိကြမည့် သူများအား ဖြေရှင်းခြင်းသာဖြစ်ကြောင့် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် တက်ရောက်လာသော စာနယ်ဇင်းများမှ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး၊ မန္တလေးမှရောက်ရှိ တက်ရောက်လာသော ဘုန်းဘုန်း ဦးဇင်းလေးမှ အမှတ်တရအနေဖြင့် မေတ္တာတရား အရေးကြီးပုံကို မြွက်ကြားခဲ့ပြီး ဘင်္ဂါလီ စွန္နီဂျာမေဗလီ ရှေ့ဆောင် ဆရာတော်မှ နိဂုံးချုပ် စကားပြောကြားပြီးနောက် ဆုတောင်း(ဒုအာ)ဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲကို ရပ်နားခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာကြသူများအတူတကွ စုပေါင်း ၀ါဖြေ ညစာစား၍ အစီအစဉ်ပြီးဆုံးခဲ့ပါသည်။ အခမ်းအနားသို့ စာနယ်ဇင်းများနှင့် ဘာသာပေါင်းစုံမှ စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်တက်ရောက်ခဲ့ပါသည်။

    ဓါတ်ပုံများ ကြည့်များရန်။ http://goo.gl/V8EiK0

    Mizzima Youth Network 2

    Mizzima Youth Network 1

  • ရှစ်လေးလုံး နှစ်ပတ်လည် နှင့် ကျဆုံးခဲ့သူများကို ဂုဏ်ပြု လမ်းလျှောက်ပွဲ ပြုလုပ်မည်။

    သြဂုတ် ၈၊ ၂၀၁၃
    M-Media
    KK

    ရှစ်လေးလုံး နှစ်ပတ်လည်နေ့နှင့် ဒီမိုကရေစီအရေးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဂုဏ်ပြု လမ်းလျှောက်ပွဲ ပြုလုပ်မည်။

    003

    ရန်ကုန် ။ ။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့နှင့် ဒီမိုကရေစီအရေးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဂုဏ်ပြု လမ်းလျှောက်ပွဲအား မနက်ဖြန် သြဂုတ်လ ၈-ရက် နံနက် (၉း၀၀)နာရီတွင် ဟံသာဝတီအ၀ိုင်း၌ စုရပ်ပြုလုပ်၍ လမ်းလျှောက်မည်ဖြစ်ကြောင်း သိရသည်။

    လွန်ခဲ့သော ၂၅-နှစ်တာ ကာလ ၁၉၈၈-ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများမှ ဒီမိုကရေစီ ရရှိရေးအတွက် စည်းလုံးညီညွတ်စွာ လမ်းမကြီးများပေါ်၌ အသက်စွန့်၍ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အရေးတော်ပုံကြီးအား အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း ဂုဏ်ပြုလမ်းလျှောက်ပွဲအား ကျင်းပပြု လုပ်မည်ဖြစ်ပါ၍ ပြည်သူတစ်ရပ်လုံးမှ ပါဝင်ဆင်နွှဲပေးကြပါရန် ပန်ကြား ဖိတ်ခေါ်ထားသည်။

    အဆိုပါ လမ်းလျှောက်ပွဲအား ၈.၈.၂၀၁၃ နံနက်(၉း၀၀)နာရီတွင် ဟံသာဝတီအ၀ိုင်း၌ စုရပ်ပြုလုပ်ပြီး မြို့တော်ခန်းမရှေ့သို့ တန်းစီခွက်ခွာမည်ဖြစ်ကြောင်းနှင့် ယခု လမ်းလျှောက်ပွဲသည် ဆန္ဒပြခြင်း လုံးဝမဟုတ်သည့်အတွက် မည်သည့်တောင်းဆိုမှုကိုမှ ပြုလုပ်မည်မဟုတ်ပဲ အထိမ်းအမှတ် လမ်းလျှောက်ပွဲသာဖြစ်ကြောင်း ပန်ကြားထားပါသည်။

    ဤလမ်းလျှောက်ပွဲအား ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာကျောင်းသားဟောင်းများ ကွန်ရက်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အမျိုးသမီးများနှင့် ကလေးများကွန်ရက်၊ အခရာ အမျိုးသမီးများအဖွဲ့၊ အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ (ရွှေပြည်သာ)၊ ဦးဝင်းချို (တစ်သီးပုဂ္ဂလ)၊ ဦးညီညီဦးနှင့် သံလျင်လူငယ်များအဖွဲ့၊ ဦးအောင်ထွန်း (မရမ်းကုန်းမြို့နယ်)နှင့် အဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစု စသည့် အင်အားစုများစုပေါင်း၍ ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။