News @ M-Media

Blog

  • ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ဆွေးနွေးပွဲမှ အများ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့

    သြဂတ် ၇၊ ၂၀၁၃
    M-Media
    သုတ

    1098072_572257016150106_1769622866_n
    ရန်ကုန် ။ ။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ဒုတိယနေ့အဖြစ် ရန်ကုန်မြို့ MCC တွင် ယနေ့ နံနက် (၈း၃၀)နာရီမှ ညနေ(၆)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဆွေးနွေးပွဲများသို့ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှလူထု တက်ရောက်ပါဝင်ခဲ့ကြသည်။ ၈၈ အရေးအခင်းက အနယ်နယ် အရပ်ရပ်မှ မှတ်တမ်းဓါတ်ပုံများကို ပြသထားသော ပြခန်းများတွင်လည်း ကြည့်ရှုလေ့လာသူများနှင့် စည်ကားနေပါသည်။
    မနေ့ကစ၍ ဆွေးနွေးခဲ့ကြသော ခေါင်းစဉ်လေးခုဖြစ်သည့် တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏အခန်းကဏ္ဍဟူသော ခေါင်းစဉ်(၄)ရပ်ကို ဆက်လက်ဆွေးနွေးခဲ့ကြရာ ယနေ့ဆွေးနွေးပွဲတွင် အားလုံးတူညီသော ဆန္ဒဖြစ်သည့် (၁) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ (၂)၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး၊ (၃) အားလုံးပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံတစ်ရပ်ကျင်းပရေး စသည့် မူ(၃)ရပ်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ထို မူ(၃)ရပ်ကို ပြည်သူလူထုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပွဲများတွင် ဆွေးနွေးခဲ့ကြသူများအားလုံးက သဘောတူညီခဲ့ကြပါသည်။

    ယခုကဲ့သို့ MCC တွင် ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည့်အခမ်းအနားသို့ တက်ရောက်လာသူ အသက်(၅၀)ကျော် လူကြီးတစ်ဦးမှ “၈၈ တုန်းကလည်း ဒီလိုပဲ မိုးစွတ်စွတ်ရွာနေတဲ့အချိန် ငါတို့တွေအားလုံး လမ်းမတွေထက်မှာ ငှက်ပျောသီးစား ရေသောက်ပြီး တန်းစီလှည့်လည်ခဲ့ကြတယ်။ အခုတော့ ဒီလို ခန်းမကြီးမှာ ကော်ဖီသောက်၊ မုန့်စားပြီး ကျင်းပနေတာ အရမ်းဝမ်းသာတယ်။ ဒါပေမယ့် ငါတို့တွေ လက်ဆင့်ကမ်းရဦးမယ်။ ငါတို့တွေ အလှည့်က ပြီးသွားပေမယ့် နောက်တက်လာမယ့် လူငယ်တွေကို လက်ဆင့်ကမ်းရမယ်။ ဗကသ တွေကို လက်ဆင့်ကမ်းရမယ်။ ၈၈ လိုမျိုး တစ်ခါထပ်ပြီး လာကို လာလိမ့်ဦးမယ်။ အဲဒါအတွက် လူငယ်တွေ အသင့်ပြင်ထားကြစေချင်တယ်။ အခုက အရင်လို မဟုတ်တော့ဘူး။ ပညာနဲ့ တိုက်ရတော့မယ်။ ဒါကြောင့် လူငယ်တွေကို ဒီလို အသိတွေ၊ အမြင်တွေကို လက်ဆင့်ကမ်းပေးကြပါ”လို့ M-Media ကို ပြောပြခဲ့ပါတယ်။

    ရှစ်လေးလုံး ငွေရတုအခမ်းအနားကို မနက်ဖြန်တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

    ဓါတ်ပုံများ ကြည့်၇န်။ Click Here

  • ဒါဂျစ္စတန်၌ မွတ်စ်လင်မ် ပညာရှင်တစ်ဦး သတ်ဖြတ်ခံရ

    သြဂုတ်-၇ ရက်၊ ၂၀၁၃
    M-Media

    -

    ရုရှနိုင်ငံ၏ ဒါဂျစ္စတန်ဒေသတွင် မွတ်စ်လင်မ် ပညာရှင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့သည်။ အလွန်အေးဆေး တည်ငြိမ်သောဒေသအတွင်း အစွန်း မရောက် ဘာသာရေး ပုံဟန်အား ပစ်မှတ် ထားပြီး ဆက်တိုက် သတ်ဖြတ်နေမှုများ အနက် နောက်ဆုံးဖြစ်ရပ်ဖြစ်၏။

    ပြီးခဲ့သည့်စနေနေ့က အသက် ၆၆ နှစ်အရွယ် အိလ်ယပ်စ် အိလ်ယာဆော့ဗ်သည် မိမိနေအိမ်အနီး မိမိကားအတွင်း ၀င်ရောက်နေစဉ် သေနတ်သမားများက ပစ်ခတ်သွား ခဲ့ခြင်းဖြစ်သည်။ အိလ်ယပ်စ်သည် ယင်းဒေသ၏ အကြီးဆုံးမြို့တော် Makhachkala အနောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်မှ နာမည်ကျော် ရှေ့ဆောင် (အိမာမ်)ဆရာ တစ်ဦးဖြစ်သည်။ အိမာမ်သည် အခင်းဖြစ်ပွားရာ၌ပင် ကွယ်လွန် သွားပြီး ကားမောင်းနှင်သူမှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု ရုရှ စုံစမ်းစစ်ဆေးရေးကော်မတီက ဆိုသည်။ အိလ်ယပ်စ်သည် ခြိမ်းခြောက်စာများ ရရှိခဲ့သော်လည်း မည်သူမည်ဝါတို့ထံမှ ဟူသည်ကိုမူ မပြောပြနိုင်ခဲ့ပါ ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောပြသည်။ သူသည် ကျွမ်းကျင်ပညာရှင်၊ စကားပြောကောင်းသူ၊ တရားရှုမှတ် ကျင့်ကြံသူဖြစ်ကာ ဒေသတွင်း ပြဿနာ အကြီးစားတို့ကို ဖြေရှင်းပေးခဲ့သူဖြစ်သည့်အပြင် အစိုးရ၏ မူဝါဒရေးရာများကိုလည်း ရဲရဲဝံ့ဝံ့ဝေဖန်သူ တစ်ဦးဖြစ်သည်။

    ဤတစ်ကြိမ်နှင့်ဆိုလျှင် တစ်နှစ်အတွင်း ရုရှ၌ အသတ်ဖြတ်ခံရသည့် အိမာမ်ပေါင်း ၇ ဦးအထိ ရှိသွားပြီဖြစ်သည်။

    Russian republic of North Ossetia နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လက်ထောက်ဓမ္မသတ်မှူး အိဗ်ရာဟီမ် ဒျူဒါရော့ဗ်သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဒါဂျစ္စတန်၏ကော့ကေးဆပ်မြောက်ပိုင်း၌ ထင်ရှားကျော်စောသည့် ဆွူဖီပညာရှင် စအီးဒ် အတ်စယက်ဗ်မှာ အသေခံ တိုက်ခိုက်မှုအားဖြင့် သတ်ဖြတ်ခံရသည်။ ၄င်းမတိုင်မီ တစ်လအလို မွတ်စ်လင်မ် အများစုနေထိုင်ရာ တာတာရ်စတန်ဒေသ၌ မွတ်စ်လင်မ်ခေါင်းဆောင်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်မှုတွင် ဓမ္မသတ်မှူးမှာ ဒဏ်ရာရရှိသွားပြီး လက်ထောက်ဖြစ်သူ သေဆုံးခဲ့ရသည်။ ဧပြီလတွင် မော်စကို၌ ရုရှမွတ်စ်လင်မ် လူမှုလှုပ်ရှားသူ တစ်ဦးအား လည်ပင်းတွင် လှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်းတွေ့ခဲ့ကြရသည်။

    ရုရှနိုင်ငံတွင် မွတ်စ်လင်မ်လူဦးရေပမာဏမှာ ၂၃ သန်းရှိပြီး၊ အများစုသည် ကော့ကေးဆပ်မြောက်ပိုင်း၊ ချေချင်းညာတောင်ပိုင်း၊ အင်ဂူရှက်တီးယား နှင့် ဒါဂျစ္စတန်တို့၌ နေထိုင်ကြသည်။ အစ္စလာမ်သည် ရုရှနိုင်ငံတွင် ဒုတိယ အကြီးမားဆုံး သာသနာဖြစ်ကာ အော်သိုဒေါ့ခ်စ်အများစု နိုင်ငံ့လူဦးရေ ၁၄၅ သန်းအနက် ၁၅ % ပါဝင်နေသည်။

  • “M-Media Audiovisual ဗီဒီယို (၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ၂၅နှစ်မြောက် (သို့) သွေးခ ငွေရတု)”

    “M-Media Audiovisual ဗီဒီယို (၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ၂၅နှစ်မြောက် (သို့) သွေးခ ငွေရတု)”

    သြဂုတ်-၇၊ ၂၀၁၃
    M-Media

    “M-Media Audiovisual ဗီဒီယို (၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ၂၅နှစ်မြောက် (သို့) သွေးခ ငွေရတု)”

     

  • ၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ၂၅နှစ်ပြည့် အမှတ်တရ ဆောင်းပါး

    သြဂုတ်-၇၊ ၂၀၁၃
    M-Media
    ရေးသူ-ကောင်းမျှဝေ

    012

    မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆန္ဒခံပွဲ ကျင်းပကာနီးအချိန်က နာဂစ်မုန်တိုင်း ၀င်မွှေသောကြောင့် လူပေါင်းတစ်သိန်းကျော်သေဆုံး၍ လူသိန်းပေါင်းများစွာ လေဘေးဒုက္ခသည်များအဖြစ် ဘ၀ပျက်ကာ ကြီးမားသောဆုံးရှုံးမှု့နှင့် ရင်ဆိုင်ခဲ့ရကြပါသည်။ ယခုသမ္မတအဖြစ်တာဝန်ယူနေသော ဦးသိန်းစိန်သည် ထိုအချိန်က ၀န်ကြီးချုပ် ဖြစ်ပါသည်။ ထိုအချိန်ကာလတွင် တိုင်းရင်းသား နိုင်ငံသား လူမျိုး-ဘာသာပေါင်းစုံမှ လူကြီး၊ လူငယ် အရွယ်စုံ တို့သည် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး အလှူပစ္စည်းများ၊ ငွေများ အဆက်အပြတ်လှူဒါန်းခဲ့ကြပါသည်။ ထိုအချိန်က ၀န်ကြီးချုပ် ဦးသိန်းစိန်အစိုးရအဖွဲ့သည် လှူဒါန်းမှု့ အစုစုကို အာဏာသုံး၍ ပြင်းထန်စွာ တားဆီးပိတ်ပင်ခြင်းပြုခဲ့သည်ကို ပြည်သူများ အမှတ်ရကြမည် ထင်ပါသည်။

    ထိုအချိန်က အမေရိကန်မှ ကယ်ဆယ်ရေးပစ္စည်း ပေးပို့ရန် သင်္ဘောကြီးများဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သော်လည်း ဦးသိန်းစိန်အစိုးရမှ ကူညီခွင့် မပြုသောကြောင့် မစားရတဲ့အမဲ သဲနှင့်ပက်ခြင်းကို ခံခဲ့ကြရပါသည်။

    ဧရာဝတီမြစ်အတွင်း မြင်မကောင်းအောင် ရေစီးနှင့် မျောနေသော  အလောင်းများကို ကြက်ခြေနီနှင့်ဒေသခံ လူမှုရေးအဖွဲ့များမှ ဆယ်ယူကာ မြေမြှပ်သဂြိုလ်ခြင်းကိုလည်း တားစီးပိတ်ပင်ကာ ဖမ်းဆီးချုပ်နှောင်မှု့များပင် ပြုလုပ်ခဲ့ကြသည်ကို ပြန်လည် အမှတ်ရစေလိုပါသည်။ နာဂစ်ကြောင့် ပြည်သူများ ဒုက္ခဖြစ်ကာ စိတ်သောကရောက်နေကြသဖြင့် ကမ္ဘာကပင် ဆန္ဒခံယူပွဲကို အချိန်ရွှေ့သင့်ကြောင်း တိုက်တွန်းခဲ့ကြသော်လည်း ဦးသိန်းစိန်ကိုယ်တိုင် ကြံရာပါဖြစ်ခဲ့သော စစ်အစိုးရသည် ပြည်သူများကို ငဲ့ညာခြင်းလုံးဝမရှိဘဲ ၊ မိမိတို့စစ်အစိုးရ အသာစီးရရန် စီမံရေးစွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အပူတပြင်း အတည်ပြု နိုင်အောင် ယတြာကိန်းဂဏန်း၊ ဗေဒင်ကိန်းဂဏန်းအရ ကြိုတင်သတ်မှတ်ထားသောနေ့၌ပင် ရအောင် ကျင်းပခဲ့ကြသည်။

    ယခုအခါ(၂၀၁၀) ရွေးကောက်ပွဲနှင့်အတူ ယခင်ဝန်ကြီးချုပ်ဦးသိန်းစိန် ပင် သမ္မတအဖြစ် တာဝန်ယူကာ သန့်ရှင်း ကောင်းမွန်သော အစိုးရအဖွဲ့ကဟု အမည်ပေးကာ တက်ရောက်အုပ်ချုပ်နေပြန်ပါသည်။

    ယခု သမ္မတဦးသိန်းစိန်လက်ထက်တွင် ဘာတွေဖြစ်နေသနည်းဆိုသည်ကို အနဲငယ်မီးမောင်းထိုးပြလိုပါသည်။ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေသည် အများပြည်သူက နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟုပင် တင်စားခေါ်ခဲ့ကြသကဲ့သို့ ထိုနိမိတ်မကောင်းသော ဖွဲ့စည်းပုံနှင့်အတူ ပေါ်ပေါက်လာသော အစိုးရအဖွဲ့သည်လည်း ဆက်လက်၍ နိမိတ်မကောင်းခြင်းကို သယ်ဆောင်လာဟန်တူပါသည်။

    အဘယ့်ကြောင့်ဆိုသော် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ခြင်း၊ ကချင် ပြည်တွင်းစစ်ပွဲများဖြစ်ခြင်း၊ လက်ပံတောင်းတောင်တွင် ဆန္ဒဖေါ်ထုတ်သော သံဃာတော်များကို နှိမ်နှင်းခြင်း၊ အထက်မြန်မာပြည်တွင် ငလျင်လှုပ်ခတ်ခြင်း၊ မိထ္တီလာနှင့် မြန်မာပြည်အလယ်ပိုင်းတွင် အကြမ်းဖက်မှု့များဖြစ်ခြင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ၉မြို့နယ်တွင် အကြမ်းဖက်မှု့များ ဖြစ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ် အပါအ၀င်ရွာအချို့အကြမ်းဖက်ခံရခြင်း၊ လားရှိုးမြို့တွင် မွတ်စလင်မ် ဗလီနှင့် နေအိမ်များ မီးရှို့ခံရခြင်း၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ခြင်း၊မြန်မာပြည်မြို့နယ်အချို့တွင် လေပြင်းများတိုက်ခတ်၍ အိမ်များပျက်စီးကာ လူသေမှု့များဖြစ်ခြင်း၊ သောက်သုံးရေ ရှားပါးမှု့ကို မြန်မာနိုင်ငံဒေသအနှံအပြား ခံစားရခြင်း၊ ကမ်းပါးမြေပြိုမှု့ကြောင့် မိသားစုများ အိုးအိမ်မဲ့ခြင်း၊ ကျူးကျော်ဟု ဆိုကာ နေအိမ်များ ဖျက်သိမ်း၍ နေရာအစားမပေးခြင်း၊ စက်ရုံ အလုပ်ရုံလုပ်သားများ လုပ်ခလစာနည်းပါး၍ စားဝတ်နေရေးမပြေလည်သောကြောင့် ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပခြင်း၊ လယ်ယာမြေများ မတရားသိမ်းပိုက်၍ လယ်မြေ ပိုင်ဆိုင်မှု့ ဆုံးရှုံးနစ်နာခြင်း၊ လယ်မြေများ အကြွေးမဆပ်နိုင်သောကြောင့် လယ်ယာဝန်ကြီးမှ ထမင်းတစ်နပ်လျော့စားရန် မိန့်ကြားခြင်း၊ ပုပ်ရင်ပေါ်မည်ဟူသော စကားအရ ၀န်ကြီးတစ်ပါးက တရုတ်ကကျေးဇူးရှင်ဖြစ်ကြောင်း၊ တရုတ်ကို ကြောက်ရ ပါကြောင်း မုဒိတာစကားများ ပြောကြားခြင်း စသည် စသည်ဖြင့် မမြင်အပ်၊ မကြားအပ်၊ မဖြစ်အပ်သော အမင်္ဂလာအဖြာဖြာကို နားနှင့်မဆံ့အောင် ကြားသိခဲ့ရပြီး ဖြစ်သည်။

    ထိုအနိဌာရုံ ပြဿနာအစုံစုံနှင့် ပတ်သက်၍ ပြည်သူလူထုမှ တမြေနေ၊တရေထဲသောက်သူများဖြစ်ကာ မြန်မာလူမျိုး တို့၏ ချစ်စရာကောင်းသော မေတ္တာ၊ ဂရုဏာ၊ ဖြူစင်သော စိတ်ဓာတ်ဖြင့် ကယ်ဆယ်ရေးအလှူများကို လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြ နှင့် လက်ပမ်းကျမတတ်ဖြစ်ခဲ့ရပြီး ဖြစ်သည်။

    သဘာဝဘေးအန္တရာယ်ကြောင့် လှူရသည်ကိုဆိုလျှင် မထောင်းသာသော်လည်း ယခုဖြစ်စဉ်များတွင် တိုင်းရင်းသား၊ နိုင်ငံသားအချင်းချင်း သတ်ဖြတ်၊ မီးရှို့၊ လုယက်၊ ဖျက်စီးမှု့များကြောင့် လှူရသည်မှာ အတောမသတ်နိုင်အောင် ဖြစ်ရသည်ကို ရင်ထုမနာဖြစ်ရပ်ဟု သုံးသပ်မိပါသည်။

    လူအချို့က နိုင်ငံရေးနှင့် စီးပွားရေးအတွက် အသုံးချကာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ခိုင်းသည်ဖြစ်သောကြောင့် ဆုံးရှုံးနစ်နာရသော သူများသည် ဘာသာ မတူသောလည်း မြန်မာနိုင်ငံသားများဖြစ်၍ ဗုဒ္ဓဘာသာမြန်မာတို့၏ စိတ်ရင်းစေတနာ ဖြစ်သောကြောင့် လှူဒါန်းခြင်း ပြုကြရပေသည်။ သို့သော်လည်း ပြည်သူတွေကို လူတစ်စုက ဖျက်စီး၊ ပြည်သူများက ပြန်လှူနှင့် တဖြေးဖြေး ဖျက်စီးရသူကော၊ လှူဒါန်းသူများသာ မွဲတေကြရမည့် ဘ၀သို့ ဆိုက်ရောက်လာပြီးဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံအ တွင်း ပြည်သူတစ်ရပ်လုံးမှာ စီးပွားရေးမကောင်း၍ ချွတ်ခြုံကျခြင်း၊ လျှပ်စီးမီး ၂၄ နာရီပတ်လုံးမရရှိသောကြောင့် လုပ်ငန်း မလည်ပတ်နိုင်ခြင်း၊ များကြောင့် ဒုက္ခတွေ့ကြုံခံစားနေရသော အခြေအနေဖြစ်ပါသည်။

    အစိုးရသစ်လက်ထက်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ အကြမ်းဖက်မှု့များကို အစိုးရအဖွဲ့မှ နိုင်ငံရေးနောက် ပြန်ဆွဲ မည့် သူများ၊ ခရိုနီများ၊ ယခင်နိုင်ငံအကြီးအကဲ တာဝန်ယူခဲ့သူနှင့် တပ်မတော်မှ ပါဝင်ကြောင်း မြန်မာပြည်သူအားလုံးမှ သိထား ကြပြီး ဖြစ်ပါသည်။

    ထိုပြဿနာများမှာ ရခိုင်ပြည်နယ် ပဋိပက္ခ၊ ကချင်ပြည်တွင်းစစ် လက်ပံတောင်းတောင်အရေးအခင်း၊ မိထ္တီလာ အကြမ်းဖက်မှု့များသည် ထင်ရှားသောလုပ်ရပ်များ ဖြစ်ပေသည်။

    ထိုပြဿနာများကို နိုင်ငံတော် အစိုးရမှ ဖြေရှင်းဆောင်ရွက်ချက်များတွင်လည်း သံသယ၀င်ဘွယ်ရာများ ထင်ရှားစွာ ရှိလာနေပါသည်။ အကြောင်းမှာ ရခိုင် ပဋိပက္ခဖြစ်စဉ်များတွင် မုဒိမ်းမှု့ တရားခံများအား သေဒဏ်အမိန့်ပေးခဲ့ခြင်း၊ ရခိုင်ပြည်နယ်မှ မွတ်စလင်မ် အများအပြားကို ပုဒ်မ အမျိုးမျိုးတပ်၍ ထောင်သွင်းအကျဉ်းချခြင်း၊ ဦးခင်မောင်ချေဆိုသူ ရခိုင်လူမျိုးတစ်ဦး လယ်ကွင်းထဲတွင် ဘယ်သူသတ်မှန်းမသိဘဲ သေနေသည်ကို (၁၀)ရက်အတွင်း ဒေသခံ မွတ်စလင်မ် အချို့ကို တရားခံအဖြစ် စွပ်စွဲ၍ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခြင်း၊ ရခိုင်ပြည်နယ်မှ မွတ်စလင်မ်ျား စာရင်းကောက်ရာတွင် ရိုဟင်ဂျာများက ဘင်္ဂါလီဟု သတ်မှတ်သည်ကို လက်မခံ သောကြောင့်  တာဝန်ရှိပုဂ္ဂိုလ်တဦးမှ ရိုဟင်ဂျာ အမျိုးသမီးအား ကြမ်းတမ်းစွာ ရိုက်နှက်ခြင်းကြောင့် ရိုဟင်ဂျာများမှ မခံမရပ် နိုင်ဖြစ်ကာ ခဲများဖြင့်ပေါက်သည်ကို သြဇာရှိသော ရိုဟင်ဂျာ(၁၅)ဦး အား ပုဒ်မများ အဆမတန် တပ်၍ အရေးယူခြင်း၊ မိထ္တီလာ အကြမ်းဖက်မှု့ ကိစ္စနှင့်ပတ်သက်၍ ဦးသောဘိတဟူသော သံဃာတစ်ပါးအား သတ်သည်ဟုဆိုကာ မွတ်ဆလင်များအား ဖမ်းဆီးပြီး ထောင်ထဲတွင် အဓ္ဓမစစ်ဆေးကာ တရားခံဖြစ်လာစေရန် ဖန်တီးပြီး ၄င်းမွတ်ဆလင်များကို အလျင်အမြန်စစ်ဆေး၍ ကြီးမားသော ပြစ်ဒဏ်များဖြင့် အရေးယူခြင်း ပြုပါသည်။

    တဖန်ဥက္ကံအရေးအခင်းတွင်လည်း မတော်တဆတိုက်မိကာ ရဲစခန်းတွင် ကျေနပ်အောင် ဆောင်ရွက်ပြီးသည့်နောက် မွတ်စလင်မ် အမျိုးသမီး မ၀င်းဝင်းစိန်ပါ အမျိုးသမီး(၂)ဦးအား ပုမ်မများတပ်၍ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ တဖန် လက်ပံတောင်းတောင် အရေးအခင်းတွင်လည်း အေးချမ်းစွာ ဆန္ဒထုတ်ဖော်သော သံဃာတော်များကို မီးလောင်ဗုံး များဖြင့် ဖြိုခွင်းခြင်း ပြုခဲ့ပါသည်။ တဖက်ကို ပြန်ကြည့်ပါက ရာဇ၀တ်မှု့များ ဖြစ်စေရန် (၉၆၉)ဟူသော အမည်လှလှတပ်ကာ လူမျိုးရေး မုန်းတီးစေသော ဖရုသာဝါစာများကို ဗုဒ္ဓဘာသာတရားအဖြစ် တပြည်လုံးအနှံတွင် တရားပွဲများ ကျင်းပ၍ လှုံဆော်ဟောပြောသော သင်္ဃန်းစည်းထားသော သံဃာအမည်ခံသူများအား ဖမ်းဆီးအရေးယူရန် မဆိုနှင့်၊ သတိပေးခြင်းပင် မပြုလုပ်ခဲ့ခြင်း၊ တဆက်ထဲမှာပင် ဗုဒ္ဓဘာသာရဟန်းသံဃာအစစ်များက ဒကာ/ဒကာများ အကျိုးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည်ကိုမူ ရက်စက်စွာ တုံ့ပြန်ခဲ့ပြီး ထိုရက်စက်စွာ အမိန့်ပေးစေခိုင်းသူအား ဖော်ထုတ်အရေးယူရန် တောင်းဆို သည်ကို မည်သို့မျှ တုန့်ပြန့်မှု့မပြုသည့်အပြင် သမ္မတကြီး၏ အမေရိကန်ခရီးစဉ်တွင်ပင် ဤကိစ္စကို နိုင်ငံတကာရဲတပ်ဖွဲ့၏ မူဝါဒအတိုင်းဆောင်ရွက်ပါသည်ဟု ပြတ်သားစွာ ပြောဆိုခြင်းကို တုန်လှုပ်ဘွယ်ရာ ကြားသိရခြင်း၊ ရဲမင်းဦးဆိုသော အကြမ်းဖက်ခေါင်းဆောင်တဦးကို မပြောပလောက်သော ပုဒ်မများဖြင့် ဖမ်းဆီးထားပြီး အချိန်ဆွဲအမှုစစ်ကာ မကြာမီ လွတ်မြောက်အောင် ဖန်တီးရန်
    လုပ်ဆောင်နေခြင်း၊ မီထ္တီလာဆူပူ အကြမ်းဖက်မှု့များနှင့် ပတ်သက်၍ မွတ်စလင်မ် (၇)ဦးကို ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း မွတ်စလင်မ် များစွာကို သတ်ဖြတ်ခြင်း၊ ဗလီများနှင့် အိမ်များကို မီးရှို့ခြင်း၊ ဖျက်စီးလုယက်ခြင်း ပြုသူများကို ဗီဒီယိုမှတ်တမ်းများတွင် ထင်ရှားစွာ တွေ့မြင်ရပါလျက် အနည်းငယ်ကိုသာ ဖမ်းဆီးထားပြီး ယခုအချိန်အထိ စစ်ဆေးသည့်အခြေအနေ၊ ပြစ်ဒဏ်ချမှတ်ခြင်းများကို ထင်သာ၊ မြင်သာမရှိစေခြင်း၊ တောင်ကုတ်တွင် ခရီးသွားမွတ်ဆလင်(၁၀)ဦးကို အကြမ်းဖက်အုပ်စု လူ(၃၀၀)ခန့်မှ
    နေ့ခင်းကြောင်တောင် သတ်ဖြတ်ခဲ့ခြင်းကို ယခုအချိန်ထိ တရားခံမမိသေးခြင်း၊ ပဲခူးအနောက်ခြမ်းရှိ မြို့နယ်များနှင့် ဥက္ကံမြို့အား အကြမ်းဖက်သူများအား ပြင်းထန်သော အရေးယူ အပြစ်ပေးခြင်းများ မပြုလုပ်ခြင်း၊ ကချင်ပြည်နယ်တွင် တရုတ်စီမံကိန်းများ ဟန့်တားနှောင့်ယှက်မှု့ မဖြစ်စေရန် ကချင်လက်နက်ကိုင်တပ်ဖွဲ့အား မြန်မာစစ်တပ်မှ အကြောင်းမဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းစသော တရားဥပဒေစိုးမိုးရေးကို ဘက်လိုက်လုပ်ဆောင်မှု့များ မြင်တွေ့ရသည်ဖြစ်၍ ဦးသိန်းစိန်အစိုးရအဖွဲ့ကိုယ်တိုင် နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဖန်တီးကာ (၂၀၁၅)ရွေးကောက်ပွဲအား ရပ်တန့်သွားစေရန်နှင့် တိုင်းပြည်ကမောက်ကမ ဖြစ်အောင် ဖန်တီးနေသည့် အသွင်အပြင်များသာ ဖြစ်ပါသည်။

    ဤပြဿနာများ၏ အရင်းအမြစ်မှာ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် (NLD)ပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ လွှတ်တော်တွင်၂၅ရာခိုင်နှုန်းပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များကို ပြည်သူနှင့် မီဒီယာများမှ ဆန့်ကျင်နေခြင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် တောင်းဆိုခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှ ကျမသမ္မတ လုပ်ချင်တယ်ဟူသော အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသည်ဟု ပြုရမည်ဖြစ်ပါသည်။

    ယခုအခါတွင် တဖြေးဖြေးနှင့် မြန်မာနိုင်ငံမှ ပညာတတ်ပုဂ္ဂိုလ်အချို့နှင့် ဒီမိုကရက်တစ် ခေါင်းဆောင်အချို့ကိုပင် အချို့သောကိစ္စများတွင် အလေးထားသည့် အသွင်ဆောင်၍ တာဝန်အချို့အပ်နှင်းကာ လုပ်ဆောင်စေပြီး စည်းရုံးသိမ်းသွင်း ထားပြီး ဖြစ်သည်ဟု မှတ်ယူရပါသည်။

    သို့ဖြစ်ပါ၍ ပြဿနာတစ်ခုပြီးသည်နှင့် ပြဿနာတစ်ခု ဆက်လက်ဖြစ်စေရန် ဆောင်ရွက်နေပြီးဖြစ်သည်။ အကြောင်းမှာ ရှမ်းပြည်နယ်တွင် ဘုန်းကြီးကျောင်းများ ဖျက်စီးကာ သံဃာများကို အတင်းအဓမ္မလူဝတ်လဲစေခြင်း၊ ကချင်ပြည်နယ် ဒုက္ခသည်စခန်းအချို့တွင် ဒေသခံမဟုတ်သော လူငယ်များမှ အုပ်စုဖွဲ့၍ ကချင်ဒုက္ခသည်များအား ရန်ပြုခြင်း၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းခြင်းနှင့် တနင်္သာရီတိုင်းတွင် ဆိုင်ကယ်စီး လူငယ်အုပ်စုများမှ အပြစ်မဲ့အရပ်သားအချို့အား ၀င်ရောက် ရိုက်နှက်ခြင်း၊ ဆိုင်များအား ဖျက်စီးခြင်း စသော အကြမ်းဖက်လုပ်ရပ်များဖြင့် ထပ်မံပျိုးထားသည်ကို တွေ့မြင်လာရပါသည်။

    သို့ဖြစ်ပါ၍ (၂၀၁၅) မတိုင်မီ ပြည်သူအချင်းချင်း အိုးမဲသုတ်၍ ပြဿနာဖြစ်စေရန် လုပ်ဆောင်ခြင်း ၊ ထောက်လှမ်းရေး ဟောင်းနှင့် သင်တန်းပေးထားသော အကြမ်းဖက်သမားများ၊ ဒီမိုကရက်တစ်ပါတီများတွင် စေလွှတ်ထားသော သူလျိုများ၊ ခံစားခွင့်များစွာ ပေးထားသော ခံယူချက်မရှိသော ပညာတတ်များ ၊ ဗုဒ္ဓဘာသာများ လေးစားကြည်ညိုသော ရဟန်း သံဃာများ နေရာတွင် သင်္ဃန်းစည်းထားသော ၀ိနည်းနှင့် မညီသော ဗုဒ္ဓ၀ါဒီမဟုတ်သော အတ္တ၀ါဒီများအား နည်းမျိုးစုံအသုံးချ၍ ကြီးမားသော ဆူပူအကြမ်းဖက်မှုများ၊ တိုင်းပြည်မတည်ငြိမ်မှု့များကို အကျိုးမျှော်၍ ဆက်လက်လုပ်ဆောင်ဦးမည်သာ ဖြစ်သည်။

    ယုတ်စွအဆုံးနိဂုံးချုပ်တွင် ဗုဒ္ဓသာသနာလည်း ပျက်သုဉ်း၊ တိုင်းပြည်သည်လည်း ပျောက်ဆုံးပြီး လက်ရှိအစိုးရအဖွဲ့ အာဏာတည်မြဲရေးနှင့် သူတို့၏ ကျေးဇူးရှင်ဟု ကြေငြာထားသော တရုတ်ကြီးကောင်းစားရေးသာ လုပ်ဆောင်ရန် ၀န်မလေး သူများ ဖြစ်ပါသောကြောင့်  ပြည်သူများစုပေါင်း၍ (၈၈)ထုံး နှလုံးမူရန် အပူတပြင်းလိုအပ်နေပြီ ဖြစ်ပါကြောင်း။

    (ကောင်းမျှဝေ)

  • ရှစ်လေးလုံး အခမ်းအနား နှင့် တိုက်ဆိုင် ပြုလုပ်သော တိုင်းမ် မဂ္ဂဇင်း နှင့် အကြမ်းဖက် ဗုံးခွဲမှုများကို ရှုတ်ချပွဲ

    သြဂတ် ၆၊ ၂၀၁၃
    M-Media
    သုတ

    time
    Photo Credit – DVB

    မန္တလေး ။        ။           နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းနှင့် ဦးဝီရသူ၏ တရားပွဲအနီးတွင် ဗုံးပေါက်ကွဲမှုအား ရှုတ်ချပွဲတစ်ရပ်ကို ယနေ့ သြဂတ်လ ၆-ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    အဆိုပါ ဆန္ဒပြပွဲပြုလုပ်ရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များတွင် ‘ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓဘာသာကို ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သွားအောင် မဟုတ်မှန် စွပ်စွဲလုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိသော နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းနှင့် ဗုဒ္ဓဘာသာတရားပွဲအား ဗုံးခွဲအကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချပွဲ ပြုလုပ်မည်’ဖြစ်ပြီး စတင်မည့်နေရာမှာ ၃၅-လမ်းနှင့် ၈၄-လမ်းထောင့်မှ စတင်ပြီး ၈၃-လမ်းx၄၁-လမ်းထောင့်တွင် ပြီးဆုံးမည်ဖြစ်ပြီး ၆.၈.၂၀၁၃ ရက် နေ့လည် ၁၂-နာရီအရောက် ရဟန်းရှင်လူများပူးပေါင်း ပါဝင်ကြရန် ရေးသားထားပါတယ်။

    အဆိုပါ ဆန္ဒပြပွဲစတင်သည့်နေရာသည် ၈-လေးလုံး ငွေရတု အခမ်းအနား ကျင်းပ ပြုလုပ်မည့် ၃၁-လမ်းx၈၄-လမ်းထောင့်ရှိ ဓမ္မသာလခန်းမနေရာအနီးတွင် ဖြစ်သည့်အတွက် ရှစ်လေးလုံး အခမ်းအနားကို အနှောက်အယှက်ပေးချင်တဲ့အတွက် အခု ဆန္ဒပြပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ တချို့ကတော့ သုံးသပ်ကြပါတယ်။