News @ M-Media

Blog

  • ကြာနီကန် မွတ်စလင်မ် သုဿာန်အား မွတ်စလင်မ်သုဿာန် အေးရိပ်ငြိမ် ဥယျာဉ်တော်ဟု အမည်ပြောင်း

    သြဂုတ် ၁၊ ၂၀၁၃
    M-Media
    သုတ

    kyar ni kan _mandalay
    ဓါတ်ပုံစာညွှန်း- ၂၈.၄.၂၀၁၂ နေ့က မန္တလေးမြို့ရှိ သာရေးနာရေး အဖွဲ့များနှင့် လူငယ်များစုပေါင်း လုပ်အားပေးပြီး ၀ိုင်းဝန်း သန့်ရှင်းမှု ပြုလုပ်ခဲ့စဉ်က

    မန္တလေး ။ ။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာ အနီးရှိ ကြာနီကန် မွတ်စလင်မ် သုဿာန်အား မွတ်လင်မ် သုဿာန် အေးရိပ်ငြိမ် ဥယျာဉ်တော်ဟု အမည်ပြောင်းလဲ လိုက်ကြောင်းသိရသည်။

    အဆိုပါ အမည်ပြောင်းလဲလိုက်ခြင်းမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဇူလိုင် ၂၃-ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမည်ပြောင်းရန်အတွက် ဇူလိုင် ၂၆-ရက်နေ့ ရက်စွဲဖြင့် မွတ်စလင်မ် သင်္ချိုင်းကော်မတီသို့ စာပို့ခဲ့ပြီး မန္တလေးသတင်းစာများတွင်လည်း ပါရှိခဲ့ပြီး ဖြစ်သည့် အတွက် ကြာနီကန် မွတ်စလင်မ် သုဿာန်အားလည်း ယနေ့ သြဂုတ်လ ၁-ရက်နေ့မှစ၍ မွတ်စလင်မ်ကဘာရ်စတာန်(သုဿာန်) အေးရိမ်ငြိမ် ဥယျာဉ်တော်ဟု အမည်ပြောင်းလဲ လိုက်ကြောင်းသိရသည်။

    ကြာနီကန် မွတ်စလင်မ်သုဿာန်အား ယခင်က ကြာနီကန်ကဘာရ်စဘာန်(သုဿာန်) အင်ကြင်းဥယျာဉ်တော်ဟု အမည်ရှိခဲ့သော်လည်း ကြာနီကန် ကဘာရ်စတာန်ဟုသာ အများက ခေါ်ဝေါ်သုံးစွဲနေခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

  • ၁-၈-၂၀၁၃ အားကစား သတင်းများ

    သြဂုတ်-၁ ၊ ၂၀၁၃
    M-Media

    kaka

    ဂါရက်ဘေးလ်အား ကြိုဆိုမည်ဟု ကာကာဆို

    ရီးရဲလ်အသင်း၏ ဘရာဇီးတိုက်စစ်မှူး ကာကာ က တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ် ရီးရဲလ်သို့ရောက်ရှိလာပါက ၎င်းအနေဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ရီးရဲလ်ဂိုးသမား အီကာကာဆီးလက်နှင့် နောက်ခံလူ ဆာဂျီယိုရာမို့စ်တို့ပြီးနောက် ဘေးလ်အားကြိုဆိုမည်ဟု ပြောဆိုလိုက်သူ ကာကာ က ဘေးလ်မှာ စွမ်းရည်ပြည့်ဝသောကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ရီးရဲလ်သို့ရောက်ရှိလာပါက ၎င်းတို့အနေဖြင့် ပျော်ရွှင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။
    _____________________________________
    ရော်နယ်ဒို ထွက်ခွာမည်ဖြစ်သောကြောင့် ဘေးလ်အားအလိုရှိနေခြင်းဖြစ်သည်ဟု ရီးရဲလ် ဥက္ကဌဟောင်းဆို

    ရီးရဲလ်မက်ဒရစ် အသင်း၏ ဥက္ကဌဟောင်းဖြစ်သူ ရာမွန်ကလ်ဒါရွန်က ရီးရဲလ်အနေဖြင့် ဂါရတ်ဘေးလ်အား ခေါ်ယူရန် ကြိုးစားနေခြင်းမှာ အသင်း၏နာမည်ကျော်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာရန် ရှိနေခြင်းကြောင့်ဖြစ်မည်ဟု ပြောကြားလိုက်သည်။ ၂၀၀၆ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အသင်း၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကလ်ဒါရွန်က ရော်နယ်ဒိုမှာ ရီးရဲလ်အသင်းတွင် မပျော်ရွှင်တော့ကြောင်း၊ ထို့ကြောင့် အသင်းဥက္ကဌပီရက်ဇ်အနေဖြင့် ရော်နယ်ဒို ထွက်ခွာသွားပါက အစားထိုးရန် ဘေးလ်အားလိုရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရီးရဲလ်မက်ရစ်အသင်းသည် ဂါရက်ဘေးလ်အား ပြောင်းရွှေ့ကြေး ယူရို ၉၉ သန်းနှင့် ကစားသမားတစ်ဦးအလိုက်ပေးကာ ကမ်းလှမ်းထားသည်။
    _____________________________________
    လီဗာပူးလ်အား စိတ်မဆိုးဟု ရီနာဆို

    ၎င်း၏ ဆန္ဒမပါဘဲ နာပိုလီအသင်းအား အငှားချခဲ့သောကြောင့် လီဗာပူးလ်အသင်းအား မကျေမနပ်ဖြစ်နေသည်ဆိုသည့် သတင်းကို လီဗာပူးလ် ဂိုးသမားဟောင်း ရီနာက ငြင်းဆိုလိုက်သည်။ သူ၏ အပြောင်းအရွှေ့ကိစ္စဆောင်ရွက်ရာတွင် အသင်းက ၎င်းအား ဆွေးနွေးတိုင်ပင်ခြင်းမရှိခဲ့ဟု ကိုယ်ပိုင်အင်တာနက်စာမျက်နှာတွင် လွှင့်တင်ခဲ့သူရီနာက သူ့အနေနှင့်  လီဗာပူးလ်အသင်းအား စိတ်မဆိုးကြောင်း၊ လီဗာပူးလ်အသင်းမှ ထွက်ခွာရမှုမှာ ၎င်းမျှော်လင့်ထားသည့်အတိုင်း မဖြစ်ခဲ့သော်လည်း အသင်းဘက်မှ ပေးဆပ်ခဲ့မှုများအားလုံးအတွက်ကျေးဇူးတင်ကြောင်း ရီနာက ဆိုသည်။
    _____________________________________
    ဂွာဒီယိုလာ၏ နည်းစနစ်များက ဘိုင်ယန်အသင်းအား ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ရီဘာရီဆို

    ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည် ဘိုင်ယန်အသင်းတွင် အဓိကကစားသမားဖြစ်ခဲ့သူ ရီဘာရီက နည်းပြသစ် ပက်ပ်ဂွာဒီယိုလာ၏ နည်းစနစ်သစ်များက ဘိုင်ယန်အသင်းအား ပိုမိုအားကောင်းလာစေလိ့မ်မည်ဟု ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရာသီက ဖလားများစွာရရှိခဲ့သည့် ဘိုင်ယန်ကစားကွက်ကို ပြိုင်ဘက်များအနေဖြင့် ကျင့်သားရနေပြီဖြစ်ကြောင်း၊ အသင်း၏ ကစားကွက်နှင့် နည်းစနစ်ပိုင်းကို ပြောင်းလဲမှသာ ပြိုင်ဘက်များအား အခက်တွေ့စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    _____________________________________
    ဆိုလ်ဒါဒို၏ အပြောင်းအရွှေ့ကိစ္စအတွက် တော့တင်ဟမ်နှင့် ဗလင်စီယာ သဘောတူညီမှုရ

    ဗလင်စီယာတိုက်စစ်မှူး ဆိုလ်ဒါဒို၏အပြောင်းအရွှေ့ကိစ္စနှင့်ပက်သက်၍ တော့တင်ဟမ်အသင်းနှင့် ဗလင်စီယာအသင်းတို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟုသိရသည်။ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး ဂါရက်ဘေးလ်နေရာတွင်အစားထိုးရန်အတွက် တော့တင်ဟမ်အသင်းမှာ ဆိုလ်ဒါဒိုအားကမ်းလှမ်းထားခြင်းဖြစ်သည်။ ဆိုလ်ဒါဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့် သဘောတူထားကြောင်း ဗလင်စီယာ ဥက္ကဌ အမက်ဒီယို ဆာလ်ဗိုက အတည်ပြုပြောဆိုခဲ့သည်။
    _____________________________________
    ဒရော့ဂ်ဘာက သူ၏ကစားသမားဘ၀အား အမေရိကန်တွင် အဆုံးသတ်လိုသည်ဟု ကာလူးဆို

    ချယ်ဆီးတိုက်စစ်မှူးဟောင် ဒရော့ဂ်ဘာမှာ ၎င်း၏ကစားသမားဘ၀အား အမေရိကတွင် အဆုံးသတ်လိုသည့် ဆန္ဒရှိကြောင်း ဒရော့ဂ်ဘာ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ အိုက်ဗရီကို့စ်တိုက်စစ်မှူး ဆော်လမွန်ကာလူးက ပြောကြားလိုက်သည်။ တူရကီကလပ် ဂါလာတာစာရေးတွင် ကစားနေသည့် ဒရော့ဂ်ဘာမှာ အားလပ်ရက်တိုင်း အမေရိကန်သို့သွားရောက်အပန်းဖြေလေ့ရှိပြီး အမေရိကန်မှာ ဒရော့ဂ်ဘာနှစ်သက်သည့် ဒေသဖြစ်သသည်ဟု ကာလူးကပြောကြားခဲ့သည်။
    _____________________________________
    ခံစစ်နေရာဖြည့်တင်းရန်အတွင် အဂ္ဂါအား ဘာကာခေါ်ယူမည်

    ဘာစီလိုနာအသင်းသည် အသင်း၏နောက်တန်းအင်အားဖြည့်တင်းရန်အတွက် လီဗာပူးလ်ခံစစ်မှူး ဒန်နီယလ်အဂ္ဂါအားခေါ်ယူရန် ဆုံးဖြတ်ထားပြီး လီဗာပူးလ်အသင်းနှင့် ဆက်သွယ်နေသည်ဟုသိရသည်။ ဘာစီလိုနာအသင်းမှာ ချယ်ဆီးနောက်တန်းလူ ဒေးဗစ်လူးဝစ်အားခေါ်ယူရန်ကြိုးစားခဲ့ပြီး ချယ်ဆီးအသင်းမှ ပယ်ချခဲ့သောကြောင့် ယခုကဲ့သို့ အဂ္ဂါအားခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
    _____________________________________
    တော့တင်ဟမ်ခံစစ်မှူးအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကာဒစ်ဖ် ခေါ်ယူ

    ပရီးမီးယားလိဂ်သို့ တန်းတက်လာသော ကာဒစ်ဖ်အသင်းသည် တော့တင်ဟမ်နောက်ခံလူ စတီဗင် ကော့လ်ကာအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုက်သည်ဟု သိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိပြီး အင်္ဂလန်လက်ရွေးစင်အသင်းတွင် တစ်ကြိမ်အရွေးခံခဲ့ရသူ ကော့လ်ကာအား လေးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီး ယခုနှစ်အပြောင်းအရွှေ့ကာလ တန်းတက်ကာဒစ်ဖ်အသင်းမှ စတုတ္ထမြောက်ခေါ်ယူခဲ့သူလည်းဖြစ်သည်။
    _____________________________________
    ဂျူဗီအား ပြိုင်ဘက်များမှ ကြောက်ရွံ့သင့်သည်ဟု ဘိုနူချီဆို

    စီးရီးအေချန်ပီယံဆုအား သုံးနှစ်ဆက်တိုက်ရယူနိုင်ရန် ဆန္ဒပြင်းပြနေသည့် ဂျူဗီခံစစ်မှူး ဘိုနူချီက ဂျူဗင်တပ်စ်အသင်းအနေနှင့် အခြားသော ပြိုက်ဘက်အသင်းများကို ကြောက်ရွံ့နေစရာမလိုဘဲ ပြိုင်ဘက်အသင်းများကသာ ဂျူဗင်တပ်စ်အား ကြောက်ရွံ့သင့်သည်ဟု ပြောကြားလိုက်သည်။ ၎င်းတို့မှာ အီတလီ၏ ချန်ပီယံအသင်းဖြစ်ကြောင်း၊ အသင်းကြီးများနှင့် စောစောစီးစီးတွေ့ဆုံရခြင်းမှာ ကောင်းမွန်ကြောင်း၊ ဂျူဗင်တပ်စ်အသင်းမှာ စွမ်းရည်ပြည့်ဝသည့် အသင်းတစ်သင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
    _____________________________________
    Southern California Open တင်းနစ်ပြိုင်ပွဲမှ ရော့ဘ်ဆန်ထွက်ခွာ

    ဗြိတိန် ဆယ်ကျော်သက် တင်းနစ်မယ်သည် လော်ရာ ရော့ဘ်ဆန်သည် ကျင်းပလျက်ရှိသည့် Southern California Open တင်းနစ်ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၃ ရ ချက်တင်းနစ်မယ် ကဗီတိုဗာအား ၁-၆၊ ၂-၆ ဖြစ် ပွဲပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ ရော့ဘ်ဆန်သည် ကမ္ဘာ့အဆင့် ၃၄ ရရှိထားပြီး ပြီးခဲ့သည့် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရသည့် ကစားသမား ၁၆ ဦးတွင်ပါဝင်ခဲ့သူဖြစ်သော်လည်း ယခုပွဲစဉ်တွင် အမှားအယွင်းများခဲ့သောကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
    _____________________________________
    ATP bet-at-home Cup တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ဂျူအန် မိုနာကိုတက်ရောက်

    သြစတြီးယားနိုင်ငံ ကစ်ဇ်ဗျူဟလ်မြို့တွင် ကျင်းပလျက်ရှိသည့် ATP bet-at-home Cup တင်းနစ်ပြိုင်ပွဲတွင် အာဂျင်တိုင်းတင်းနစ်သမား ဂျူအန်မိုနာကိုမှာ သြစတြီးယားတင်းနစ်သမား အန်ဒရီယက်စ် ဟေဒါမော်ရာအား ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။ ၂၀၀၇ ခုနှစ်က ကျင်းပခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သူ မိုနာကိုမှာ စပိန်တင်းနစ်သမား ဒန်နီယလ် ဂျမန်နို ထရေဗာနှင့်တွေ့ဆုံရမည်ဖြစ်သည်။
    _____________________________________
    WGC-Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ဗိုလ်စွဲလို

    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် Firestone ဂေါက်ကလပ်တွင်ကျင်းပမည့် WGC-Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲလိုသည်ဟု အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က ပြောဆိုလိုက်သည်။ အဆိုပါ ပြိုင်ပွဲတွင် ၇ ကြိမ်တိုင်တိုင်ဗိုလ်စွဲထားပြီး ယခု ၈ ကြိမ်မြောက်ဗိုလ်စွဲလိုနေသည့် တိုက်ဂါးဝုဒ်က ၎င်းအနေဖြင့် အကောင်းဆုံးလက်ရည်ရရှိပြီးပါက ထိုပုံစံမှာ အချိန်အတော်ကြာ ဆက်လက်၍ ရှိနေတတ်ကြောင်း၊ ယခုယှဉ်ပြိုင်ရမည့် ပွဲစဉ်အတွက်  သက်တောင့်သက်သာဖြစ်မိကြောင်း ၎င်းကပြောကြားခဲ့သည်။

  • မုန်လာဥတွေရဲ့ အရောင်အစစ်က ဘာလဲ?

    သြဂုတ် ၀၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    onion

    တကယ်လို့ တယောက်ယောက်က “မုန်လာဥ”လို့ ပြောလာရင် လိမ္မော်ရောင် ခပ်ရှည်ရှည်နဲ့ ထိပ်က အစိမ်းရောင်ရှိတဲ့ အသီးအနှံကို မမြင်မိဘူးလား။ မုန်လာဥကို ကျွန်တော်တို့ လိမ္မော်ရောင် ဒါမှမဟုတ် အဖြူရောင်ကိုပဲ မြင်ဖူးကြမှာပါ။ ဒါပေမယ့် ဒါတွေဟာ မုန်လာဥရဲ့ မူလအရောင်အစစ်မဟုတ်ပါဘူး။

    ၁၇ ရာစုမတိုင်ခင်က စိုက်ခင်းထဲက မုန်လာဥတွေအားလုံးနီးပါး ရဲ့ အရောင်က “ခရမ်း” ပါ။ ဒီနေ့တွေ့နေရတဲ့ လိမ္မော်ရောင် မုန်လာဥကတော့ ၁၆ ရာစုနှောင်းပိုင်းမှာ ဒတ်ခ်ျလူမျိုး စိုက်ပျိုးရေးသမားတွေက ခရမ်းရောင် မုန်လာဥထဲက တိမ်မြုပ်နေတဲ့ မျိုးဗီဇတွေကို ပြုပြင်ပြီး ဒီနေ့တွေ့ရသလို ဖွံ့ဖွံ့ချိုချို လိမ္မော်ရောင် အမျိုးအစားရလာတာပါ။ ဒီ့အရင်ကတော့ ရှိရှိသမျှသော မုန်လာဥတွေအားလုံးဟာ ခရမ်းရောင်ဖြစ်ပြီး တစ်ခါတလေ အဝါနှင့် အဖြူရောင်တွေ ပေါ်လာတတ်ပါတယ်။ ဒီအရောင်တွေကိုတော့ စိုက်ပျိုးခဲပြီး ခရမ်းရောင် ရောင်ချယ်ဓါတ် anthocyanin မပါဝင်ပါဘူး။

    ယနေ့တွေ့နေရတဲ့ လိမ္မော်ရောင် မုန်လာဥတွေကို မျိုးဗီဇတိမ်မြုပ်နေတဲ့ အဝါ၊ အဖြူနဲ့ စိုက်ပျိုးမုန်လာတွေနဲ့ တော်တော်ကွဲပြားပြီး အလေ့ကျပေါက်တဲ့ အခြားမုန်လာဥ အရိုင်းတွေကို ရောစပ်ပြုပြင်ပြီး ရလာတာလို့ ယူဆထားကြပါတယ်။ လိမ္မော်ရောင် မုန်လာဥတွေဟာ ပိုစားကောင်းပြီး အသားပိုများပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ ခရမ်းရောင်မုန်လာတွေလောက် အကျိုးမပေးပါဘူး။

    နယ်သာလန်မှာ လိမ္မော်ရောင် မုန်လာတွေ အရမ်းကျော်ကြားအောင်မြင်လာတဲ့ အကြောင်းရင်းကတော့ ဒတ်ခ်ျတွေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ House of Orange အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့တာလို့ အချို့ ယူဆကြပါတယ်။ ဒါကဖြစ်နိုင်သလို ဒတ်ခ်ျတွေလုပ်ထားတဲ့ လိမ္မော်ရောင် မုန်လာဥတွေဟာ ခရမ်းရောင်တွေထက် ပိုချိုပြီး ပိုအသားများလို့လည်း ဖြစ်နိုင်ပါတယ်။

    ကိုးကား – Today I Found Out

  • အဖျက်စွမ်းအားပြင်း၍ စံမမှီသော လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ

    သြဂုတ်-၁၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- မောင်သမာဓိ

    no justice

    လူနည်းစုသည် လူများစု၏ ဆန္ဒကို လေးစားရမည်။ လူများစုသည် လူနည်းစု၏ အခွင့် အရေးများ ကို အကာအကွယ် ပေးရ မည်ဆိုသော ဒီမိုကရေစီစံနှင့် လွဲချော်နေသော မြန်မာနိုင်ငံ၏တည်ဆဲ လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ တို့ကြောင့် နစ်နာနေသူ လူနည်းစုဝင်တစ်ဦး၏ ရှု့ထောင့် မှ အမြင်ကို အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ် ကြီးများ နှင့် ၈၈၈၈ ဥပဒေရေးရာ အဖွဲ့ ဝင်များ အနေဖြင့် ဂရုပြု လေ့လာနိုင်ရန် တင်ပြအပ်ပါသည်။

    ၁။ အမျိုးသားနှင့် အမျိုးသမီး၊ ကျား မ လိင်ခွဲခြားဆက်ဆံသောဥပဒေများ ဖြစ်နေခြင်း။

    နိုင်ငံခြားသား အိမ်ထောင်ဖက်(FRC)ကို  တရားဝင် လက်ထပ်ထားသော ဗမာချင်း တူသော်လည်း ဖခင် (ယောင်္ကျား) သည် မြန်မာ နိုင်ငံသား  ဖြစ်လျှင် မွေးလာသော ကပြား သားသမီးများ(One-FRC)သည် အသက် ၁၈ နှစ်ပြည့်လျှင် အလိုလျှောက် နိုင်ငံသားဖြစ်ပြီး၊ မြန်မာစစ်စစ် မိခင် (မိန်းမ)မှ မွေးလာသော ကပြား သားသမီးများ(One-FRC) သည် အသက် ၁၈ နှစ်နှင့် ၁၉ နှစ်ကြားတွင် ကျမ်းကြိမ်မှသာ နိုင်ငံသားပြုခွင့် ရပါသည်။

    တစ်ဖန် One-FRC (ကပြား) မိဘနှစ်ပါးမှ မွေးဖွားသူသည် နိုင်ငံသား အဖြစ် သတ်မှတ် ခံရပြီး ဆေးတက္ကသိုလ် တက်ခွင့်၊ ဘွဲ့လွန်သင်တန်းများ တက်ခွင့် ရချိန်တွင် နိုင်ငံခြားသား လက်မှတ် ကိုင်ဆောင်သူ မြန်မာနွယ်ဖွား အမျိုးသားကို လက်ထပ်ထားသော မြန်မာစစ်စစ် မိခင် မှ မွေးဖွားသူ ကလေးငယ်၏ အနာဂတ်တွင် ဆေးတက္ကသိုလ် တက်ခွင့်၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်နှင့် တရားရုံးချိန်ဘာ ဆင်းခွင့်များ ဆုံးရှုံး သွားပါတော့သည်။

    တဖန် ကလေးငယ် လူမမယ် အရွယ်တွင် ဧည့်နိုင်ငံသား (UCC) မလျှောက်မီ သို့မဟုတ် လျှောက်ထားဆဲ မိဘတစ်ဦးဦး သေဆုံးခဲ့ ပါက မြန်မာနိုင်ငံတွင် ထိုကလေး၏ ပညာရေး အနာဂတ်သည် လုံးဝပျောက်ဆုံး သွားပါတော့သည်။ ထိုအချက်ကို သမ္မတ ဦးသိန်းစိန်၊ လ.ဝ.က ဝန်ကြီး ဦးခင်ရီနှင့် သင်္ဃန်းကျွန်းလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်တို့ သတိပြုမိပုံ မပေါ်သောကြောင့် လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို ပြင်ဆင်ရန် ဇွတ်ငြင်းနေကြခြင်း ဖြစ်၏။

    ကလေး၏ အရည်အချင်း မမီမှုကြောင့် မဟုတ်ဘဲ မိဘ၏ လွတ်လပ်သော သဘောဆန္ဒအရ အိမ်ထောင်ဖက် ရွေးချယ်မှုကြောင့် နှစ်ပေါင်း ၆၀ အတွင်း အပြစ်ပေး အရေးယူခံခဲ့ရသော မြန်မာပြည် အနှံ့မှ အနာဂတ်မဲ့ ကလေးငယ်များ၏ ဘဝပေါင်းများစွာ အတွက် ယူကြုံးမရဖြစ်ကာ ဝမ်နည်းမိသည်။ အနာဂတ်၏ လူ့စွမ်းအား အရင်းအမြစ်များ ပြုံးတီးစေသော မှားယွင်းသည့် အစိုးရ အဆက်ဆက်၏ စီမံခန့်ခွဲမှုများ၏ နောက်ဆုံး ရလဒ်သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးတိုင်းပြည်အဖြစ် ယနေ့တိုင် စားရင်း ဝင်နေပါတော့သည်။ လူငယ်များ၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်၏။

    သို့အတွက် ကမ္ဘာ့ လူမွဲနိုင်ငံ စာရင်းဝင်စေသာ တရားခံသည် သွေးနှင့်ဆုံးဖြတ်သည်ဟု ဆိုသော တတိယ မျိုးဆက် မှသာ နိုင်ငံသားဖြစ်စေမည့် လ.ဝ.က ဥပဒေပင်ဖြစ်သည်။

    ထိုကဲ့သို့ အဖျက်စွမ်းအားကြီးမားသော လ.ဝ.က ဥပဒေကို ယနေ့ ခေတ်စားနေသော အတည် မဖြစ်သေးသည့် မျိုးစောင့် ဥပဒေနှင့် နှိုင်းယှဉ် စဉ်းစား ကြည့်နိုင်ပါသည်။ မျိုးစောင့် ဥပဒေသည်လည်း ဗုဒ္ဓ္ဓ္ဓ္ဓဘာသာ အမျိုးသမီးများ အပေါ်တွင်သာ သက်ရောက်ပြီး၊ ဗုဒ္ဓဘာသာ အမျိုးသားများ အတွက်မူ အကြုံးမဝင်သော ကျားမ လိင်ခွဲခြား ဆက်ဆံသော ဥပဒေတစ်ခု ဖြစ်ပါသည်။

    ထို့ကြောင့် မြန်မာယောင်္ကျားနှင့် မြန်မာအမျိုးသမီးကို တန်းတူမထားဘဲကျား၊မ လိင်ခွဲခြားကာ အမျိုးသမီးများကို နှိမ့်ချဆက်ဆံသော ဥပဒေများဖြစ်၍ လ.ဝ.က ဥပဒေ၊ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေနှင့် မျိုးစောင့်ဥပဒေ တို့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေငြာစာတမ်း (Universal Declaration of Human Rights) အပိုဒ် ၂ နှင့် ဆန့်ကျင်ဖက်ဖြစ်နေသောကြောင့် စံချိန်မီ ဥပဒေများ မဟုတ်ပါ။

    • NRC = National Registration Certificate ( “ နိုင်” ပန်းရောင်ကဒ် ကိုင်ဆောင်သူ)
    • FRC = Foreign Registration Certificate (ပြည်တွင်းနေ နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင်သူ) ပြည်တွင်း ခရီးသွားလျှင် သက်ဆိုင်ရာ မှတ်ပုံတင်ရုံးများသို့ အကြောင်းကြား ရသည်။ လွတ်လပ်စွာ ခရီးသွားလာခွင့် မရှိပါ။ မြေကွက်၊ အိမ်ယာ အမည်ပေါက် ပိုင်ဆိုင်ခွင့်မရှိသူ။
    •           ပြုနိုင်ငံသား = (FRC) ဖခင်နှင့် (FRC) မိခင်တို့မှ မွေးဖွားပြီး နိုင်ငံသား အဖြစ် လျှောက်ထားကာ ဥပဒေအရ နိုင်ငံသားဖြစ်လာသူ မြန်မာနွယ်ဖွား။ (အစိမ်းရောင် ကဒ်)
    •           ဧည့်နိုင်ငံသား = (FRC) လက်မှတ်ကိုင်ဆောင်သူ တစ်ဦးမှ ကျမ်းကြိမ်ပြီး ဧည့်နိုင်ငံသားဖြစ်လာသူ။ (UCC ကဒ်)
    •           One-FRC = (FRC) + (NRC)  မိဘနှစ်ပါးမှ မွေးဖွားလာသော သား၊ သမီး ကိုခေါ်သော ဗန်းစကား ဖြစ်ပြီး အများစုမှာ မြန်မာ ကပြား များ ဖြစ်ကြပါသည်။
    •           Two-FRC = FRC မိဘနှစ်ပါးမှ မွေးဖွားလာသော သား၊ သမီးတို့ကို ခေါ်သည့် လ.ဝ.က ဗန်းစကား
    •           White Card = မည်သည့် နိုင်ငံသားမှန်းမသိသူကို ထုတ်ပေးသောကဒ်ဖြစ်ပြီး ဖွဲ့စည်းပုံနှင့် အမတ် ရွေးကောက်ပွဲများအတွက် မဲပေးခွင့်ရှိသူ။ (ရိုဟင်ဂျာများကိုသာ ထုတ်ပေးထားပါသည်။)

    ၂။  ဥပဒေနှင့် မရင်းနှီးသောအပြစ်မဲ့သူ (Innocents) များကို စာနာမှု ကင်းမဲ့စွာ ရေးသားထားသော ဥပဒေဖြစ်ခြင်း။

    ဥပဒေကိုလည်းမသိ၊ ကြိုတင်အကြောင်းကြားအသိပေးမှု(notice) လည်းမရှိသောကြောင့် အသက် ၁၈ နှစ်နှင့် အသက် ၁၉ နှစ်ကြားတွင် အကြောင်း အမျိုးမျိုးဖြင့် ကျမ်းမကြိမ်ဖြစ်သော မြန်မာစစ်စစ် မိခင် မှ မွေးဖွားလာသည့် မြန်မာကပြားကလေးများ(One-FRC)သည် အသက် ၁၉ နှစ်ပြည့် ပြီးသောအခါ အလို အလျှောက် နိုင်ငံခြားသား(FRC) ဖြစ်သွားပါတော့သည်။

    ထို့ကြောင့် စာတော်သော်လည်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်များ(Institutes)တွင် တက်ရောက် ပညာသင်ခွင့်နှင့် ဘွဲ့လွန်သင်တန်းများ တက်ခွင့် မရကြ၍ နိုင်ငံတော်အတွက် လူသားသယံဇာတများ လျှော့နည်း၊ ယိုစီး၊ ဆုံးရှုံးခဲ့ရပါသည်။ လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးလျှင် တိုင်းပြည် အနာဂတ်သည်လည်း မလွဲမသွေ ပျက်စီးကြောင်း ရွှေမြန်မာတို့ အားလုံး  ကိုယ်တွေ့ ဖြစ်၍ ငြင်းမည့်သူ မရှိပါ။ ထို့ကြောင့်  အနာဂတ်ကို ပိုင်စိုးသော လူငယ်များကို ကျောသား ရင်သား မခွဲခြားဘဲ အညီအမျှ ဖွံ့ဖြိုးတိုးတက်အောင် အခွင့်အလမ်းများ ပေးသင့် ပါသည်။ အတားအစီးများကို ဖယ်ရှားပေး သင့်သည်။

    ၃။ မစ္ဆရိယ စိတ်နှင့် ရေးဆွဲထားသော ဥပဒေဖြစ်ခြင်း။

    မြန်မာထိပ်ပိုင်း အရာရှိရာထူးများအတွက် “ လူကောင်းလူတော်” ကိုသာရွေးရမည်ဆိုသော မြန်မာစကားကို ပြောင်ပြန်လှန်ပြောခဲ့သည့် သွားလေသူ ဦးနေဝင်း၏ သြဝါဒကြောင့် အစိုးရဌာနအသီးသီးမှ လူတော်များ ပြုံးတီးခဲ့ရသကဲ့သို့ ဌာနဆိုင်ရာ အရာရှိရာထူးကြီးများအတွက် အစ္စလာမ်ဘာသာဝင်ကို မခန့်ရဆိုသော ဦးနေဝင်း၏ မစ္ဆရိယစိတ်နှင့် ညွှန်ကြားမှုကြောင့် လူတော်၊ လူကောင်းများ လေလွင့်ခဲ့ရသော အတိတ်သမိုင်းဆိုး ရှိခဲ့ဘူး၏။ ထိုအခါ အစိုးရ၏ စီမံခန့်ခွဲမှုတို့သည် ဌာနအသီးသီးတွင် Check & Balance မရှိတော့ဘဲ ခိုင်းသမျှခေါင်းညှိတ်ကာ ကမောက်ကမ ညွှန်ကြားချက်များအတိုင်း စည်းဝါး၊ ကာရံမညီ၊ (ဥပဒေက မည်သို့ပင်ဆိုစေကာမူ စကားလုံးကို ထည်လဲ သုံးကာ) လုပ်ဆောင်ကြလေရာ တိုင်းပြည် ပြာပုံဘဝ ဆိုက်ရောက်လေတော့သည်။

    သွေးနှင့်ဆုံးဖြတ်သည်ဆိုသော လ.ဝ.က ဥပဒေနှင့် ဘာသာနှင့် ဆုံးဖြတ်သည် ဆိုသော အမျိုး စောင့် ဥပဒေတို့သည် ကမ္ဘာ့အံ့ဘွယ် မဖြစ်ညစ်ကျယ် ဥပဒေများဖြစ်သော်လည်း လ.ဝ.က ဝန်ကြီးနှင့် မျိုးစောင့် ဥပဒေရေးဆွဲသူတို့မှာ ဂုဏ်ယူမဆုံး ရှိနေကြကုန်၏။ အမျိုးစောင့် ဥပဒေဟု အမည် ပေးထား သော်လည်း ဘာသာကိုသာ အခြေခံသောကြောင့် အမျိုးကို တဖက်လှည့်နှင့် ဖျက်သကဲ့သို့ ဖြစ်နေသည့် ဥပဒေနှင့် မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်ဆိုသော လ.ဝ.က ၏ ဆောင်ပုဒ်တို့သည် ဝိရောဓိ ဖြစ်နေသော်လည်း ဥပဒေပြုသူများအကြား စည်းလုံးနေခြင်းမှာ တူညီသော မစ္ဆရိယ စိတ်ကြောင့်သာ ဖြစ်၏။ မစ္ဆရိယ၊ မောဟ အမှောင်ဖုံးကာ အဖျက်စွမ်းအားပြင်း ဥပဒေများကြောင့် ဆုတ်ယုတ် ကျဆင်းနေသော တိုင်းပြည် အခြေအနေ အမှန်ကို မမြင်နိုင်၊ မကြားနိုင်တော့ဘဲ ပြာပုံဘဝရောက်မှ နောင်တ အနည်းငယ် ရလေဟန် ပြု၏။

    တဖန် လက်ရှိ လ.ဝ.က ဥပဒေသည် သွေးနှင့်ဆုံးဖြတ်သည်ဆိုသော်လည်း လက်တွေ့တွင် မြန်မာသွေး ငါးမူးဖိုးနှင့်အထက် ပါသော ဘာသာခြား မြန်မာကပြားများကို နှိပ်ကွပ်ရန် ရည်ရွယ်၍ ရေးဆွဲ ထားသော ခွဲခြားဆက်ဆံ ကန့်သတ်သည့် အဖျက်ဥပဒေသက်သက် ဖြစ်လေ၏။ အမျိုးစောင့်ရန် ရေးဆွဲ ထားသော ဥပဒေသည် ကိုးကွယ်သည့် ဘာသာအပေါ် အခြေခံ ခွဲခြားဆက်ဆံသကဲ့သို့ သွေးနှင့် ဆုံးဖြတ်သည်ဆိုသော လ.ဝ.က ဥပဒေသည်လည်း နောက်ဆုံး ဘာသာနှင့်သာ ခွဲခြားဆက်ဆံလေ၏။ တစ်ဖအေ၊ တစ်မအေ တည်းမွေးသော ညီအစ်ကိုချင်း အတူတူ အစ္စလာမ်ဘာသာ ကိုးကွယ်သူသည် (နိုင်) မှတ်ပုံတင်ကဒ် မရဘဲ ဗုဒ္ဓဘာသာ ကိုးကွယ်သူက နိုင်ကဒ် ရလေ၏။

    မလေးရှားနိုင်ငံသည် MM2H Programme (Malaysia My Second Home) ကိုကြေငြာကာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံအတွင်း လာရောက် အခြေချရန် ဖိတ်ခေါ်နေချိန်တွင် မြန်မာနိုင်ငံသည် တိုင်းပြည်အတွင်း အခြေတကျ နေထိုင်သူများကို အခြေအနေမဲ့အောင် နည်းမျိုးစုံသုံး လုပ်ဆောင်နေရုံမက တိုင်းပြည်၏ ပိုင်ဆိုင်မှု (Asset) များ ပြည်ပသို့ ယိုစီးထွက်အောင် လုပ်ဆောင်နေကြခြင်းသည် မစ္ဆရိယ စိတ်ကြောင့်သာဖြစ်၏။

    ထိုင်းနိုင်ငံတွင် တရားဝင် အနှစ် ၂၀ နေထိုင်ပြီး ဘဏ်တွင် ဘတ်ငွေ ၁ သိန်း(မြန်မာငွေ သိန်း ၃၀ ခန့်) ပြနိုင်လျှင် ထိုင်းနိုင်ငံသား ပေး၏။ ဖိလစ်ပိုင်နိုင်ငံတွင် ဖိလစ်ပိုင်လူမျိုး အယောက် ၂၀ ကို အလုပ်ခန့် ပေးနိုင်သော လုပ်ငန်းတစ်ခုကို ရင်းနှီးမြှပ်နှံလျှင် နိုင်ငံသားပေး၏။ စင်္ကာပူနိုင်ငံတွင်လည်း အစိုးရ သတ်မှတ် ထားသော ငွေပမာဏကို ရင်းနှီးမြှပ်နှံလျှင် နိုင်ငံသားပေး၏။ ဤအချက်တွင်လည်း ၎င်းနိုင်ငံများသည် မြန်မာနိုင်ငံ ကဲ့သို့ လူနည်းစုကိုပျက်စီးစေမည့် ဥပဒေများ (ဥပမာ ။   ။ မွတ်ဆလင်များကိုသာ ရည်ရွယ် သော  သံဃာတော်များ ထုတ်ပြန်သည့် ဖြတ်လေးဖြတ် ဥပဒေများ၊ အမျိုးစောင့်ဥပဒေ၊ တိုင်းပြည်၏ အနာဂတ်ကို ဖျက်စီးသော လ.ဝ.က ဥပဒေ၊ စသည်တို့) ကို မပြဌာန်းဘဲ အပြုသဘော ဆောင်သည့် တိုင်းကျိုးပြည်ပြု ဥပဒေများကိုသာ ပြဌာန်းနေသည်ကို တွေ့နိုင်ပါသည်။

    ဤကဲ့သို့ တိုင်းခြားပြည်ခြားမှ အခြားနိုင်ငံသားများကို မက်လုံး (Incentive) အမျိုးမျိုး ပေးကာ မိမိ နိုင်ငံအတွင်း လာရောက် အခြေချ နေထိုင်ရန် ဆွဲဆောင်နေသော ခေတ် အခါသမယတွင် နိုင်ငံအတွင်း အေးအတူ ပူအမျှ နေလာကြသော ဘာသာခြား မွတ်ဆလင်များကို နိုင်ငံရေးဖြစ်စဉ်များ၌ အတူတကွ ပါဝင်နိုင်အောင်နှင့် ပျော်ပျော်ရွင်ရွင် လွတ်လွတ်လပ်လပ် နေသာထိုင်သာ၊ လုပ်သာကိုင်သာ ရှိအောင် လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေတို့ကို အဘယ်ကြောင့် ပြင်ဆင် ရေးဆွဲမပေးချင်ရသနည်ုး။ အဖြေကတော့ ဥပဒေရေးဆွဲသူများ မစ္ဆရိယ စိတ်ကင်းစွာ၊ အဂတိတရား ၄ ပါးကင်းစွာ ဥပဒေများရေးဆွဲမှသာ တိုင်းပြုပြည်ပြု နိုင်ငံအကျိုးပြု ဥပဒေများ ဖြစ်လာမည်ဟု ပြောချင်ပါသည်။

    ထို့အပြင် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲများအကြား မူရင်းအကျဆုံး ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာပြည်တွင် သူတစ်ပါးကို ပျက်စီးဆုံရှုံးးအောင် ကြံဆောင်သူသည် မိမိကိုယ်တိုင်လည်း ပျက်စီးဆုံးရှုံး မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသော ဗုဒ္ဓ၏ အခြေခံအကျဆုံး တရားတော်ကို သံဃာတော်များ ကိုယ်တိုင်ပင် မေ့လျှော့နေကြလေပြီ။

    ၄။ လက်ပေါက်စိပ်သော လက်တလုံးခြား လ.ဝ.က ဥပဒေ ။

    တနည်းအားဖြင့် မသိသူကျော်သွား၊ သိသူဖေါ်စား လှည့်စားတတ်သော လက်ပေါက်ကပ်သည့် ဥပဒေများဟု ကင်ပွန်း တပ်လျှင် ပိုမိုပွင့်လင်း မြင်သာရှိမည်ဟု ထင်ပါသည်။

    (က) ဖအေတူ၊ အမေတူ၊ ဇာတိချက်မြှပ်တူ ကျောင်းစာတော်သော ပန်းသေး ညီအစ်ကိုနှစ်ဦးရှိရာ ၁၉၄၇ ခုတွင် မွေးသော အစ်ကိုဖြစ်သူက ဆေးတက္ကသိုလ် တက်ခွင့်ရပြီး၊ ၁၉၄၉ တွင်မွေးသော ညီဖြစ်သူက ဆေးတက္ကသိုလ်တက်ခွင့် မရပါ။ ၁၉၄၈ လွတ်လပ်ရေး ရချိန်နှင့် ဖြတ်သည်ဟု ဆိုသော ဥပဒေကြောင့် တိုင်းပြည်၏ အနာဂတ် ကြယ်ပွင့်များ ကြွေ လွှင့်ခဲ့ရသည်။

    (ခ) နိုင်ငံခြားသားလက်မှတ် ကိုင်ဆောင်သူ(FRC) မိဘနှစ်ပါးမှ မွေးဖွားလာသော မြန်မာနွယ်ဖွား နိုင်ငံခြားသားကလေး(Two-FRC)ကို နိုင်ငံသား(NRC) ဇနီးမောင်နှံက တရားဝင် စာချုပ်စာတမ်းနှင့် မွေးစားပါက နိုင်ငံသား အပြည့်ဖြစ်ပြီး မြန်မာကပြားများ(One-FRC)ထက် အခွင့်အရေး ပိုရကာ အသက်မွေး ၀မ်းကြောင်း တက္ကသိုလ်များတွင် ပညာသင်ကြားခွင့် ရသည့်အပြင် ဘွဲ့လွန်သင်တန်း  များကိုလည်း တက်ရောက် ပညာသင်ကြားခွင့် ရကြပါသည်။

    One-FRC မြန်မာ ကပြားများအတွက် အခြားထွက်ပေါက် တစ်ခုမှာ များမကြာမီ ပြဌာန်းတော့မည့် နိုင်ငံတကာ အဆင့်မီ PR (Permanent Resident) ဥပဒေ ပင်ဖြစ်၏။  နိုင်ငံတော်မှ PR ရသူသည် အစိုးရနှင့် ပုဂ္ဂလိကပိုင် ကျောင်းများနှင့် တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားခွင့်ရှိသောကြောင့် မည်သည့် နိုင်ငံသား အဆင့်အတန်း (Class/Status) ဖြစ်စေကာမူ PR ထက် အခွင့်အရေး ပိုမိုရရ ပါလိမ့်မည်။

    PR ဥပဒေကို အပြည်ပြည်ဆိုင်ရာ ဥပဒေအဆင့်အတန်းအတိုင်း စံမီရေးဆွဲနေပါသည်ဆိုသော ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ အနေဖြင့် လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေတို့ကိုလည်း နိုင်ငံတကာ စံနှုံးများနှင့်အညီ ပြင်ဆင်ရေးဆွဲမှသာ လူဝင်မှု ဥပဒေများအချင်းချင်း လိုက်လျှော်ညီထွေ ရှိမည်ဖြစ်ပြီး တိုင်းပြည် အနာဂတ်ကိုလည်း ကာကွယ်ပြီးဖြစ်ပါလိမ့်မည်။

    Minority-Rights2
    ၅။ မိဘများ၏ လွတ်လပ်သောဆန္ဒအရ အိမ်ထောင်ဖက်ရွေးချယ်မှု အတွက် မိမိ၏ မိဘနှစ်ပါး ကိုရွေးချယ်ခွင့် မရှိကြသော အပြစ်မဲ့ သားသမီးများအား အပြစ်ပေးသော ဥပဒေဖြစ်နေခြင်း။

    အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့တွင် မိမိနိုင်ငံသားနှင့် လက်ထပ်သည့် နိုင်ငံခြားသားကို တရားဝင်ပေါင်းသင်းနေ သ၍ နိုင်ငံသားအဖြစ် အသိအမှတ် ပြုသောကြောင့် မွေးလာသော ကပြား သားသမီးများသည် နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရကြပါသည်။

    ဘာသာခြား အိမ်ထောင်ဖက် (FRC)အား ရွေးချယ်သည့် ဆုံးဖြတ်ချက်ကို မြန်မာ မိဘတစ်ဦးဦးက ပြုလုပ်ခဲ့သည့် အတွက် (သို့မဟုတ်) NRC နိုင်ငံသား မိခင်က မြန်မာပြည်ပေါက် နိုင်ငံခြားသား(FRC) လက်မှတ်ကိုင်ဆောင်သူ အမျိုးသားကို ရွေးချယ် လက်ထပ်သည့်အတွက် ဘုမသိ၊ ဘမသိ မွေးလာသော ကပြား သားသမီး များ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် ပညာသင်ခွင့်ကို ပိတ်ပင်မည်ဆိုလျှင် တရားမျှတမှု ရှိမည်မဟုတ်ပါ။ တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ကြသည့် ကလေးများ အချင်းချင်းကြား ခွဲခြားဆက်ဆံမှု မပြုသင့်တော့ပါ။ လလေးများ၏ အနာဂတ်ကို ဖျက်ဆီးခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။

    ကင်ညာ၊ အမေရိကန် ကပြား (မြန်မာလူဝင်မှု ကြီးကြပ်ရေးဥပဒေ ဗန်းစကားအရ One-FRC) အိုဘားမား သမ္မတဖြစ်လာသည့် အချိန်အခါ သမယတွင် မြန်မာ ကပြား (One-FRC) သည် ရွေးကောက် ခံနိုင်ဘို့ ဝေးစွ၊ တက္ကသိုလ်များတွင် လွတ်လပ်စွာ ပညာသင်ကြား ခွင့်ကိုပင် မရကြပါ။

    နိုင်ငံတကာဥပဒေစံနှင့် မကိုက်ညီသည့်အပြင် အလွန်မှားယွင်းနေသော ဥပဒေ၏ သားကောင်များ ဖြစ်နေကြသည့် မြန်မာကပြား ကလေး(One-FRC) များသည် စာတော်သော်လည်း ဆေး၊ စက်မှု၊ စီးပွားရေး နှင့် ပညာရေး စသည့် တက္ကသိုလ်များသို့ ၀င်ခွင့်မရခဲ့ခြင်း၊ တက်ခွင့်ပေးသည့်အခါတွင်လည်း ဘွဲ့လွန် သင်တန်းများကိုတက်ခွင့်မရခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံပိုင်ခွင့် မရှိခြင်းတို့သည်  အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၁၊ ၂၆ တို့နှင့် ဆန့်ကျင်နေပါသည်။

    ၆။ နောက်ဆက်တွဲ ညွှန်ကြားချက်များက လူ့အခွင့်အရေး ပိုမိုချိုးဖေါက်သည်။

    အစ္စလာမ်ဘာသာဝင်များ မှတ်ပုံတင်လျှောက်ထားလာလျှင် အမှုတွဲကို တိုင်းအထိ တင်ပြ ရမည် ဆိုသော နောက်ဆက်တွဲ ညွန်ကြားချက်သည် ကိုးကွယ်သည့် ဘာသာအားဖြင့် ခွဲခြား ဆက်ဆံသော ညွှန်ကြားချက်ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၂) နှင့် ဆန့်ကျင်နေပါသည်။

    no jutice no peace

    ၇။ နိုင်ငံသား (Citizen) ဖြစ်ခြင်းကို အဆင့်အမျိုးမျိုး (Class) ခွဲထားခြင်းက သာ၍ ရုပ်ဆိုးသည်။

    နိုင်ငံတကာတွင် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဟူသော အလွန်ရိုးရှင်းသည့် ဥပဒေများသာ ရှိပြီး မြန်မာနိုင်ငံ လ.ဝ.က ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတို့တွင် နိုင်ငံသား Status ကို ရှုပ်ထွေးစွာ ခွဲခြား ပြဌာန်းထားသည်ကို အောက်ပါ အတိုင်း တွေ့နိုင်ပါသည်။

    (က) တိုင်းရင်းသား/နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသား၊ NRC, (Citizen by birth)၊ (ပန်းရောင် နိုင်ကဒ်)

    (ခ)  နိုင်ငံသားဖခင် နှင့် နိုင်ငံခြားသား မိခင်မှ မွေးသော နိုင်ငံသား၊ NRC, (One-FRC) (ပန်းရောင် နိုင်ကဒ်)

    (ဂ) နိုင်ငံခြားသားဖခင်နှင့် နိုင်ငံသားမိခင်မှမွေးသော ကျမ်းကြိမ်ပြီးမှရသည့် နိုင်ငံသား၊ NRC, (One-FRC) (ပန်းရောင် နိုင်ကဒ်)

    (ဃ) FRC လက်မှတ်ကိုင် မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးနောက် လျှောက်၍ ရသော ပြုနိုင်ငံသား။ (အစိမ်းရောင် ပြုကဒ်)

    (င) နိုင်ငံခြားသား (FRC) လက်မှတ်မှ ပြောင်းလဲလျှောက်ရသော ဧည့်နိုင်ငံသား၊ (အဖြူရောင် ကဒ်ကြီး) (UCC ကဒ်)

    (စ) မိမိမမွေးခင်အရင် နိုင်ငံသားဖြစ်ပြီးသော မိဘနှစ်ပါးမှ မွေးဖွားလာသည့် နိုင်ငံသား၊ NRC

    (ဆ) မည်သည့်နိုင်ငံသားမှန်း မသိဟု ဆိုကာ ရိုဟင်ဂျာများကို ဥပဒေမှ ပြဌာန်းထားခြင်း မရှိဘဲ ထုတ်ပေးထားသော အဖြူရောင်ကဒ်… စသည်ဖြင့် နိုင်ငံသား status ကို အဆင့်အမျိုးမျိုး ခွဲခြားထားခြင်း(Classify လုပ်ခြင်း) သည် နိုင်ငံသားများ အကြား ပညာသင်ကြားရာတွင်၎င်း၊ အလုပ်ခန့်ထားရာတွင်၎င်း ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေ လေသည်။ အခွင့်အရေးနှင့် ရပိုင်ခွင့်များ မတူညီတော့ပါ။

    ထို့ကြောင့် ကပြား ခလေးများသည် လွတ်လပ်စွာ ပညာသင်ခွင့်မရတော့ဘဲ ဈေးသည်၊ ပွဲစားနှင့် ရွှေ့ပြောင်းလုပ်သားများ ဘဝသို့ကူးပြောင်း လုပ်ကိုင်ကြရာ တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ်များ ပြုံးတီးကုန်လေသည်။ လူငယ်တို့၏ မျှော်လင့်ချက်နှင့် အနာဂတ်ကို မဲ့စေသော တိုင်းပြည် အနာဂတ်အတွက် အဖျက်စွမ်းအားပြင်းသည့် လ.ဝ.က ဥပဒေ ဖြစ်၏။

    ဤနေရာတွင် အံ့သြဘွယ်ရာ အချက်တစ်ခုကို ထောက်ပြချင်ပါသည်။ နိုင်ငံသား တစ်ဦး၏ အခွင့်အရေးနှင့် ရပိုင်ခွင့် အတွက်သာ နိုင်ငံသားကို အဆင့်အသီးသီး ခွဲခြားထားသော်လည်း တာဝန်ပိုင်းဖြစ်သော စစ်မှုထမ်းရန်အတွက်ကိုမှု နိုင်ငံသား အဆင့်မခွဲတော့ဘဲ နိုင်ငံသားတိုင်း စစ်မှု ထမ်းရမည်ဟု စစ်အုပ်ချုပ်ရေးခေတ် ဥပဒေ ပညာရှင်များက မျက်နှာပြောင်နှင့် ရေးဆွဲထား လေသည်။

    ၈။ အကြံပြုခြင်း

    (က)။ ရှေ့နေများကွန်ယက် အနေဖြင့် မြန်မာနို်င်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့် နိုင်ငံသား ပြုမှုဥပဒေများကို ကျွမ်းကျင်သည့် ရှေ့နေများ ပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းထူထောင်ကာ မသိ နားမလည်သော ပြည်သူများကိုပညာပေးပြီး၊ ဥပဒေပြုမည့်သူများကိုအကြံဥာဏ်များပေးသင့်ပါသည်။

    ဥပမာ မြန်မာမိခင်မှ မွေးဖွားလာသော ကပြားကလေး(One-FRC)များကို အသက် ၁၈နှင့် ၁၉ နှစ် အကြား ကျမ်းကြိမ်ဖို့ မမေ့ရန် နိုးဆော်ဖို့နှင့် ထိုကပြား ကလေးငယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ဘွဲ့လွန် သင်တန်းများ တက်ခွင့်ရစေရန်အတွက် နိုင်ငံသား မိဘ (NRC) နှစ်ပါး (NRC မိဘ ဖက်မှ အမျိုးများ) ၏ စာချုပ်စာတန်းဖြင့် တရားဝင်မွေးစားခြင်းကို ခံယူရန် အကြံဥာဏ်များ ပေးသင့် ပါသည်။

    ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်ယိုစီးမှုကို ကာကွယ်နိုင်မည်ဖြစ်ပြီး၊ တိုင်းပြည်အတွက် လူ့စွမ်းအား အရင်းအမြစ်များ  အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်၏။

    (ခ)။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မြန်မာနို်င်ငံ၏ တည်ဆဲလူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ကိုက်ညီအောင်၊ (သို့မဟုတ်) အင်္ဂလန်နိုင်ငံစီးပွားရေးတက္ကသိုလ် ဥပဒေစိုးမိုးရေး စကားဝိုင်း ( Penal Discussion for Rule of Law) တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်အတိုင်းအပြည်ပြည် ဆိုင်ရာ စံများနှင့် ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲသင့်ပါသည်။

    ထို့အပြင် ယ္ခုလတ်တလော လုပ်ထုံးလုပ်နည်း အသစ်တစ်ခုဖြစ်သည့် ပြင်ဆင်ရန်၊ သို့မဟုတ် အသစ်ပြဌာန်းရန် ဥပဒေကြမ်း(Draft)များ အတွက် ပြည်သူ့ လွှတ်တော်တွင် ရုံးခန်းဖွင့်ပြီး ပြည်သူ လူထုထံမှ အကြံဥာဏ်များကို တရားဝင် တောင်းခံ သကဲ့သို့ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေနှင့် လ.ဝ.က ဥပဒေတို့နှင့် ပတ်သက်၍လည်း နစ်နာသူ၊ လူနည်းစုထံမှသာ အကြံဥာဏ်များ တောင်းခံသင့် ပါသည်။ အဘယ် ကြောင့်ဆိုသော် ဤဥပဒေသည် လူများစု၏ အခွင့်အရေးကို ချိုးဖေါက်ထားခြင်းမရှိဘဲ လူနည်းစု ကိုသာ ပစ်မှတ်ထား နှိပ်ကွပ် ထားသော ဥပဒေ ဖြစ်ခြင်းကြောင့် ဥပဒေ အတိမ်အနက်နှင့် ခွဲခြားဆက်ဆံ ခံရခြင်း၏ ဆိုးကျိုးများကို သတိပြုမိသူများမှာ နစ်နာသူ လူနည်းစုများသာ ဖြစ်ကုန်၏။

    ဥပဒေများကို ပြင်ဆင်စေလိုသည့် အဓိက အကြောင်းအရင်း တစ်ခုမှာ သမ္မတ ဦးသိန်းစိန်နှင့် သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စား ဦးသိန်းညွန့်တို့ မပြင်ချင်သော ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေသည် လူများစုမှ လူနည်းစု အပေါ် မတရား အနိုင်ကျင့်၊ နှိပ်ကွပ်သော တနည်းအားဖြင့် ဒီမိုကရေစီ စနစ်၏ မကောင်းသော မဲအများစုဖြင့် အနိုင်ကျင့်သည့် ဘေးထွက်ဆိုးကျိုး (Side effect of Democracy System) တစ်ခု အဖြစ် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်နေသောကြောင့်ဖြစ်သည်။

    ဒီမိုကရေစီ၏ စံဖြစ်သော လူနည်းစုသည် လူများစု၏ ဆန္ဒကို လေးစားရသကဲ့သို့ လူများစု သည်လည်း လူနည်းစု အခွင့်အရေးကို အကာအကွယ် ပေးရမည်ဆိုသောအချက်ကို သမ္မတနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ မေ့လျှော့နေကြ၏။ ထို့ကြောင့် နိုင်ငံတကာ အစိုးရများ အထူးသဖြင်း သြစတေးလျှ အစိုးရ အနေဖြင့်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သင်တန်းများကို မြန်မာအစိုးရ အဖွဲ့ဝင်များ နှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ဦးစားပေး တက်ရောက်ရန် မဖြစ်မနေ တောင်းဆိုသင့်ပါသည်။

    (ဂ)။ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံသားကဒ်ပြားပေါ်တွင် လူမျိုးနှင့် ကိုးကွယ် သည့် ဘာသာ ထည့်သွင်း ရေးသားခြင်းကိုလည်း အမြန်ဆုံး ပယ်ဖျက် သင့်ပါသည်။ နိုင်ငံသားများ အချင်းချင်း အကြား ခွဲခြားဆက်ဆံခြင်းကို မခံရစေရန် ဖြစ်၏။

    (ဃ) မြန်မာ့အရေးကို ဆယ်စုနှစ်နှင့် ချီ၍ လေ့လာခဲ့သူ ဂုဏ်ထူးဆောင်ပါမောက္ခ Josef Silverstein က လက်ရှိ ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခများ ချုပ်ငြိမ်းစေရန် မတူကွဲပြားသော လူမျိုးများ အတူတကွ ချစ်ကြည်စွာ ရာစုနှစ်နှုင့်ချီကာ ပြဿနာ မရှိ နေလာကြသော မြန်မာ့သမိုင်းကို မြန်မာတွေ ပြန်လေ့လာဖို့ ကောင်းပါတယ်ဟု VOA ဦးကျော်ဇံသာကို ပြောကြားလိုက်ခြင်းဖြင့် မြန်မာပြည်၏ ခေတ်အဆက်ဆက် Policy Makers များ မြန်မာ့သမိုင်းကို သေသေချာချာ မသိကြောင်း ထောက်ပြ သွားပါသည်။

    ထို့ကြောင့် အချိန်မနှောင်းမီ မြန်မာ့သမိုင်း၊ မွန်သမိုင်း၊ ရခိုင်သမိုင်းနှင့် ရိုဟင်ဂျာသမိုင်း အစစ်အမှန် အပြည့်အစုံတို့ကို ပြည်သူများကို ချပြသင့်ပြီဟု အကြံပေးလိုပါသည်။ ဥပဒေပြုသူများ ကိုယ့်နိုင်ငံသမိုင်း ကိုယ်သိမှသာ နိုင်ငံ အကျိုးပြု ခေတ်မီ ဥပဒေများကို ရေးဆွဲနိုင်မည်ဖြစ်သည်။ ဥပဒေမှားလျှင် တိုင်းပြည် ပြာပုံ ကြိမ်းသေဖြစ်ကြောင်း ကိုရွှေမြန်မာများအား အထူးပြောပြနေစရာ မလိုပါ။ ဆင်ခြင်ရန်သာ ပြောလို ပါသည်။

    (မှတ်ချက်။      ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဘင်္ဂါလီလူ့ အဖွဲ့အစည်းသည် ရှေးမြန်မာဘုရင် လက်ထက်ကတည်းက သောင်း ဂဏန်းခန့် နေထိုင်ခဲ့ကြောင်းပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မွန်းတည့်နေ ဂျာနယ်ကို ဥရောပ ခရီးစဉ်မှ အပြန်တွင် အတည်ပြုပြောကြားခဲ့သည်။ ရိုဟင်ဂျာများသည် ကိုလိုနီခေတ်မှ ရောက်ရှိလာသည်ဆိုသော သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီး ဦးခင်ရီတို့၏ ပြောကြားချက်နှင့် စတင်ကွဲလွဲသော ထုတ်ပြန်ချက်ဖြစ်၏။ သတိနှင့်ကြိုဆိုစေချင်သည်။ န.စ.က ကို ဖျက်သိမ်းပြီးဖြစ်၍ သောင်းဂဏန်း ထက်ပို သော ရိုဟင်ဂျာများကို န.စ.က ဖျက်သိမ်းပြီးမှ ခိုးဝင်သူများအဖြစ် ပုံဖေါ်ရန် အလား အလာရှိနေပါသည်။

    ဤနေရာတွင်လည်း ထူးခြားချက်တစ်ခုကို သတိပြုမိပါသည်။ ရိုဟင်ဂျာများကို တတိယ နိုင်ငံပို့မည့် မိန့်ခွန်းပြောအပြီး သမ္မတကြီးကို ထောက်ခံဆန္ဒပြခဲ့ကြသော ရခိုင်မျိုးချစ်တို့သည် ဘင်္ဂါလီ-ရိုဟင်ဂျာ များသည် မြန်မာဘုရင် ခေတ်ကတည်းက တည်ရှိခဲ့ကြောင်း ဦးရဲထွဋ်ပြောပြီးနောက် ဆန့်ကျင်ဆန္ဒပြမှု မလုပ်ကြဘဲ ငြိမ်နေကြခြင်းဖြစ်၏။ ဘင်္ဂါလီ-ရိုဟင်ဂျာသည် မြန်မာ့သမိုင်းဝင်လူမျိုးဖြစ်သည်ကို လက်ခံ သွားကြပုံ ရ၏။ စာရေးသူ)

    ၉။ အစိုးရနှင့် MNHRC ကိုမေးခွန်းများမေးမြန်းခြင်း။

    ၈ လေးလုံးကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက မတရားမှုများကို ဖေါ်ထုတ်ရန် မေးခွန်းများကို မေးပါဟု ဆို၏။

    (က) အဖေနှင့် အမေတို့ လွတ်လပ်သော သဘောဆန္ဒအရ လက်ထပ် ထိမ်းမြားခဲ့ခြင်းကြောင့် မြန်မာ့မြေပေါ်တွင် မွေးဖွားလာသော မြန်မာ ကပြား ကျွန်တော်တို့တတွေမှာ အပြစ် ရှိပါသလား။ ကျွန်တော် တို့၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရာ တိုးတက်ကြောင်း ပညာသင်ကြားခွင့် များကို ပိတ်ဆို့ အရေးယူ သင့်ပါသလား။

    (ခ) မတရားသော လ.ဝ.က ဥပဒေ၏ သားကောင်များ ဖြစ်ခဲ့ရသောမြန်မာကပြားများ(One-FRC) အပေါ် ကျူးလွန်ဆဲ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Right Commission, MNHRC) သို့ တိုင်ကြားခွင့် ရှိပါသလား ခင်ဗျား။

    (မှတ်ချက် ။    ။ ယခုအခါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အစား အမျိုးသား ကို ဖြုတ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟု ၂၀၁၃ ခု ဇူလိုင်လ ၂၂ ထုတ် မြန်မာ့အလင်း သတင်း စာတွင် ရေးသားထားခြင်းကို သတိပြုမိ ပါသည်။ သို့သော် တနေ့တည်းထုတ် အင်္ဂလိပ် သတင်းစာတွင် National ကိုမဖြုတ်ဘဲ (Myanmar National Human Right Commission, MNHRC) ဟု ဆက်လက် သုံးနေသည်ကို  အံ့သြဘွယ် အဖြစ် တွေ့နေရပါသည်။ ဥရောပ အပြန်ခရီးတွင် မြန်မာလို အမျိုးသားဟူ သော စကားလုံးကို မြန်မာအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ရွံမုန်းသွားပုံရ၏။ အမျိုးသားလူ့ အခွင့်အရေးဟူသော အသုံးအနှုံးသည် မြန်မာ မဟုတ်သော တခြားကမ္ဘာသူ၊ ကမ္ဘာသားများ၏ အခွင့်အရေးကို ထည့်သွင်း စဉ်းစားခြင်း မရှိသည့် ကျဉ်းမြောင်းသော အဓိပ္ပါယ် ပေါက်သောကြောင့်ဟု ထင်ပါသည်။ စာရေးသူ)

    ၁၀။ Summary or Take Home Message.

    (က) မြန်မာနိုင်ငံ၏ ဥပဒေပြုသူများ အနေဖြင့် ဥပဒေများရေးဆွဲရာတွင် ကျားမ လိင် မခွဲခြားဘဲ တန်းတူရည်တူ ပြဌာန်းကြရန်။

    (ခ) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များနှင့်အညီ၊ နိုင်ငံတကာ ဥပဒေစံများနှင့်အညီ ဥပဒေများ ရေးဆွဲကြရန်။

    (ဂ) ရိုးစင်းသော (Innocent) ပြည်သူအများ မနစ်နာစေရန်နှင့် နားလည်လွယ်၍ လိုက်နာရန်လည်း လွယ်ကူသော ရိုးစင်းသည့် ဥပဒေ များကို ရေးဆွဲရန်။

    (ဃ) ဒီမိုကရေစီစံများနှင့်အညီ လူနည်းစု အခွင့်အရေးကို အကာအကွယ် ပေးသော ဥပဒေများကို ရေးဆွဲရန်။

    (င) လူနည်းစုများကို ကန့်သတ်လိုသော၊ ပျက်စီးစေလိုသော ရည်ရွယ်ချက်ထက် တိုင်းကျိုးပြည်ပြု ဥပဒေများဖြစ်စေရန် ရည်ရွယ်၍ မစ္ဆရိယစိတ် ကင်းကင်း၊ အဂတိ တရား ၄ ပါး ကင်းကင်းနှင့် ရေးဆွဲရန်။

    (စ) တိုင်းပြည်အတွက် လူသား သယံဇာတများကို မပြုန်းတီးစေဘဲ လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ကို ရည်ရွယ်၍ ဥပဒေများကို သတိထားရေးဆွဲရန်။

    (ဆ) တိုင်းပြည်၏ အနာဂတ်ပိုင်ရှင်သော လူငယ်များ၏ အနာဂတ်ကို မပျက်စီးစေရန် အထူးဂရုပြု ရေးဆွဲကြရန် တိုက်တွန်း နှိုးဆော် အကြံပြု ရေးသားအပ်ပါသည်။

    ဥပဒေ ပြုသူများ တိုင်းကျိုး၊ ပြည်ပြု ဥပဒေများ ရေးဆွဲနိုင်ပါစေဟု ဆန္ဒပြုရင်း

    လေးစားစွာဖြင့်

    မောင်သမာဓိ

  • မွတ်စလင်မ် ၃၅ နိုင်ငံမှ သံအမတ်ကြီးများကို ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲ ဂျပန်ဝန်ကြီးချုပ် ကျင်းပ

    သြဂုတ်-၁၊ ၂၀၁၃
    M-Media

    Japan PM hosts Ramadan dinner for Muslim nations

    ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးသည် မွတ်စလင်နိုင်ငံ ၃၅ နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် သံအမတ်များအား ဖိတ်ကြားကာ ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့သည်။

    အစ္စလာမ်သာသာဝင်များ ဥပုသ်ထွက်ချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညစာစားပွဲမှာ ဂျပန်နိုင်ငံနှင့် အစ္စလာမ်ကမ္ဘာတို့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကိုတိုးပွားစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးမှာ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် တူရကီနိုင်ငံများသို့ ဧပြီလနှောင်းပိုင်းနှင့် မေလဆန်းပိုင်းက သွားရောက်လည်ပတ်ခဲ့ပြီး အနာဂတ်တွင် အခြားမွတ်စလင်နိုင်ငံများသို့ သွားရောက် လည်ပတ်ချင်သည်ဟု ပြောကြားခဲ့သည်။

    “ကျနော်လည်ပတ်ခဲ့တဲ့ခရီးစဉ်တစ်လျှောက်မှာ ဂျပန်နိုင်ငံနဲ့ အစ္စလာမ်ကမ္ဘာရဲ့ဆက်ဆံမှုကို ပိုမိုခိုင်မြဲစေခဲ့ပါတယ်။ များမကြာမီမှာလည်း အခြား မွတ်စလင်နိုင်ငံများကို သွားရောက် လည်ပတ်ချင်ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ရင်းနှီးမှုကို ပိုမိုခိုင်မြဲချင်ပါတယ်။” ဟု သူ၏ခရီးစဉ်အပြီးတွင် အာဘေးက ပြောကြားခဲ့သည်။

    အလ်ဂျီးရီးယားသံအမတ်ဖြစ်သူ အလီကူထရန်ဂျီက အပြန်အလှန်နွေးထွေးသောဆက်ဆံရေးအား ကြိုဆိုခဲ့ပြီး “ဒီည ညစာစားပွဲဟာ အချင်းချင်း ရင်းနှီးမှုကိုတိုးပွားစေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ပူးပေါင်း ဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ ဘုံ သဘောထားတစ်ခုကို အတည်ဖြစ်စေတဲ့ အခမ်းအနား တစ်ခုအဖြစ် ကျနော်တို့ရှုမြင်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

    အဆိုပါညစာစားပွဲတက်ရောက်သူများတွင် ဆီးရီးယားနိုင်ငံမပါဝင်ဟုသိရသည်။ ဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများ အတွင်း အာဏာရှင် ဘရှာရ် အလ် အာဆဒ်၏ လက်မခံနိုင်ဖွယ် လုပ်ရပ်များကြောင့် ဂျပန်အစိုးရသည် ၂၀၁၂ခုနှစ်ကတည်းက ဆီးရီးယားသံအမတ်ကြီးအား ဖိတ်ကြားခြင်း မပြုခဲ့ပေ။ ၂၀၀၅ခုနှစ်ကတည်းက ဂျပန်ဝန်ကြီးချုပ် ဂျူနီချီရို ကိုအိဇုမိက စတင် ကျင်းပလာခဲ့သည့် ရမဿွန် ဂုဏ်ပြု ညစာစားပွဲမှာ ယခုအကြိမ်နှင့်ပါဆိုလျှင် ၉ ကြိမ်မြောက် ရှိပြီဖြစ်သည်။