News @ M-Media

Blog

  • ၁-၈-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    ၁-၈-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    သြဂုတ်-၁၊ ၂၀၁၃
    M-Media

    ဇင်ဘာဘွေ ရွေးကောက်ပွဲ

    ဗုဒ္ဓဟူးနေ့က ကျင်းပသောရွေးကောက်ပွဲတွင် နှစ်ပေါင်း ၃၃နှစ်ကြာ အာဏာဆုတ်ကိုင်ထားသော သမ္မတ Robert Mugabe က ဝန်ကြီးချုပ် Morgan Tsvangirai ကို အနိုင်ရဖွယ် ရှိပြီး ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဟု Morgan Tsvangirai ကပြောဆိုသည်။
    _______________________
    ပေါက်ကွဲလာတော့မည့် Irazú

    Costa Rica’s မီးတောင် Irazú သည် ပေါက်ကွဲရန် စတင်လှုတ်ရှားလာကြောင်း တိုင်းထွာမှုများအရ ပညာရှင်များက ပြောသည်။
    _______________________
    ဖီလစ်ပိုင်တပ်များ ဂိုလန်ကုန်းမြင့်တွင် ခြောက်လဆက်နေမည်

    ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များကို ဂိုလန် အပစ်ခတ် ရပ်ဆဲ့ရေး ဇုန်တွင် ဆက်လက်ထားရှိပေးထားမည်ဟု ဖီလစ်ပိုင်နိုင်ငံခြားရေး ဝနကြီးကပြောဆိုသည်။
    _______________________
    Bradley Manning ထောင် ၁၃၆နှစ် ကျဖွယ်ရှီ

    အီရတ်စစ်ပွဲနှင့်ဆိုင်သော ထိတ်တန်းလှို့ဝှက်ချက် ၇၀၀,၀၀၀ ခန့်ကို WikiLeak သို့ ပေးပို့မှုဖြင့် စွဲဆိုချက်များစွာမှ အပြစ်ရှိကြောင်း ယနေ့ ဆုံးဖြတ်လိုက်သည်။
    _______________________
    ထိုင်းဘုရင် နန်းတော်သို့ ပြန်ရောက်

    အသက် ၈၅နှစ် အရွယ် ထိုင်ဘုရင်သည် လေးနှစ်ကြာ ဆေးရုံတွင် ကုသမှုခံယူခဲ့ပြီး နန်းတော်သို့ .နေ့ ပြန်လည် ရောက်ရှိသည်။
    _______________________
    မွတ်စလင်မ် ၃၅ နိုင်ငံမှ သံအမတ်ကြီးများကို ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲ ဂျပန်ဝန်ကြီးချုပ် ကျင်းပ

    ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးသည် မွတ်စလင်နိုင်ငံ ၃၅ နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် သံအမတ်များအား ဖိတ်ကြားကာ ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့သည်။ အစ္စလာမ်သာသာဝင်များ ဥပုသ်ထွက်ချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညစာစားပွဲမှာ ဂျပန်နိုင်ငံနှင့် အစ္စလာမ်ကမ္ဘာတို့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကိုတိုးပွားစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
    http://www.m-mediagroup.com/news/16803
    ______________________
    ဥရောပ ဂီတခရီးစဉ်အတွင်း ပူးပေါင်းဖျော်ဖြေမည့် အစ္စရေး၊ ပါလစ္စတိုင်း ရော့ခ်တီးဝိုင်း

    “Orphaned Land” အဖွဲ့ဟာ ဂီတကို အသုံးပြုပြီး အစ္စရေး၊ ပါလစ္စတိုင်းနဲ့ အာရပ်တို့အကြား ငြိမ်းချမ်းမှုကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး “All Is One” အမည်ရှိ တေးဂီတ စီးရီးဟာ ဘာသာပေါင်းစုံ ချစ်ကြည်သင့်မြတ်ရေးကို ရည်ညွန်းထားကြောင်း ဆိုပါတယ်။ “Orphaned Land” အဖွဲ့ဟာ တူရကီ (Turkey) နိုင်ငံမှာလည်း အကြိမ်ပေါင်းများစွာ သွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ဖူးပြီး ပရိသတ် အတော်အတန် ရရှိနေတဲ့ နာမည်ကြီး တေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
    http://myanmarmuslimsvoice.com/archives/8337
    _______________________
    ရှန်ဟိုင်းအပူလှိုင်း ၁၀ ဦးသေ

    တရုတ်နိုင်ငံ နေရာတော်တော်များများမှာ စံချိန်ချိုးလောက်အောင် အပူလှိုင်းရိုက်ခတ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ကြုံခဲ့ရသလို၊ အစိုးရကလည်း အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ၉ ရက်ဆက်တိုက် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော် ဖြစ်နေတဲ့ ရှန်ဟိုင်းမြို့မှာ အပူရှိန်ကြောင့် ၁၀ ယောက်ကျော်အထိ သေဆုံးခဲ့တဲ့ အကြောင်း ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။ နှစ်ပေါင်း ၁၄၀ အတွင်း ရှန်ဟိုင်းမြို့မှာ အပူဆုံး ဇူလိုင်လတလ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

  • အကြမ်းဖက်ခံ ကျေးရွာများသို့ အီးဒ်ပွဲတော်တွင် ၀တ်ဆင်နိုင်ရန် အ၀တ်အထည်များကို WCHN နှင့် MMSY တို့ ပူးပေါင်းလှူဒါန်း

    သြဂုတ် ၁၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ပဲခူးတိုင်း အနောက်ခြမ်းတွင် မတ်လအတွင်းက အကြမ်းဖက်ခံရသည့် ကျေးရွာများသို့ ၀ါကျွတ် အီးဒ်ပွဲတော်တွင် ၀တ်ဆင်နိုင်ရန် အ၀တ်အထည်များကို WCHN နှင့် MMSY တို့ ပူးပေါင်းလှူဒါန်း

    P7300285
    ပဲခူးတိုင်း ။ ။ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အုတ်ဖိုမြို့နယ်ပိုင် ဖြစ်သော အိုးသည်ကုန်းကျေးရွာတွင် မတ်လအတွင်းက အကြမ်းဖက်ခံခဲ့ရသည့် မွတ်စလင်မ်များ၏ လိုအပ်ချက်အရ WCHN လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အမျိုးသမီးများနှင့် ကလေးများကွန်ရက်(မြန်မာ) နှင့် MMSY Foundation တို့ပူးပေါင်း၍ ၂၀၁၃-ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့က အိုးသည်ကုန်းကျေးရွာသို့ သွားရောက် အားပေးစကားများပြောကြားကာ အ၀တ်အထည်များလည်း အကူအညီပေးခဲ့ကြောင်း သတင်းရရှိသည်။

    “အိုးသည်ကုန်းရွာ၊ ရေကျော်ရွာ၊ အေးမြသာယာရွာမှာ ရှိတဲ့ အကြမ်းဖက်ခံရတဲ့ အစ္စလာမ် ဘာသာဝင်တွေအတွက် ကျွန်မတို့ WCHN နဲ့အတူ MMSY တို့ ပူးပေါင်းပြီး အကူအညီ ပေးခဲ့ပါတယ်။ အဲဒီမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရတဲ့ ကာလအတွင်းမှာ စောင့်ရှောက် ကူညီ ပေးခဲ့ကြတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ရပ်မိရပ်ဖများကိုလည်း ဂါရ၀ပြု နှုတ်ဆက်ကာ လက်ဆောင်များ ပေးခဲ့ပါတယ်။ ဖြူစင်မွန်မြတ်လှတဲ့ စိတ်ထားတွေရှိတဲ့ ပုဂ္ဂိုလ်တွေကို အပြင်မှာ အခုလို ဂါရ၀ပြုခွင့်ရတဲ့အတွက် အင်မတန် ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။

    အဓိက ကျွန်မပြောချင်တာက ကျွန်မတို့ အဖွဲ့ အခုလိုသွားရောက် အကူအညီပေးနိုင်အောင် ပူပေါင်းကူညီ ပံပိုးပေးခဲ့တဲ့ အလှူရှင်များကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ ယခုလို သူတို့လိုအပ်နေတဲ့ အချိန်မှာ ကျွန်မတို့အဖွဲ့အနေနဲ့ ကူညီပေးခွင့်ရတဲ့အတွက် အရမ်းပဲ ၀မ်းမြောက်ပျော်ရွှင်မိပါတယ်၊ ကျွန်မတို့အဖွဲ့နဲ့ အတူပူပေါင်းပြီး စိတ်အားထက်သန်စွာ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို အရမ်းပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ အလှူရှင်တွေ အနေနဲ့လည်း သူတို့ရဲ့ အလှူပစ္စည်းတွေဟာ လိုအပ်နေတဲ့ လူတွေဆီကို တိုက်ရိုက်ရောက်ရှိ သွားတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြမယ်လို့ ကျွန်မယုံကြည်ပါတယ်ဟု WCHN အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သော မစိုးစိုးအေး မှ M-Media သို့ပြောကြားခဲ့သည်။

    အိုးသည်ကုန်းမြို့နယ်မှ ကူညီစောင့်ရှောက်ခဲ့သူ ရပ်မိရပ်ဖ တစ်ဦးဖြစ်သော ဦးသိန်းလွင်က ” အဲဒီ့ အရေးအခင်းမှာ ဘယ်သူကမှ ကိုယ့်ဒေသကို စွန့်ခွာပြီး မသွားချင်ကြဘူး။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာရယ်၊ မွတ်စလင်မ်ရယ်၊ ဟိုဘာသာရယ် ဒီဘာသာရယ်လို့ မသတ်မှတ်ဘူး။ သက်ရှိလူသား တစ်ယောက်လို့ပဲ သတ်မှတ်တယ်။ တစ်ခုပဲ ရှိတယ် ကိုယ်က ကိုယ့် ပတ်ဝန်းကျင်မှာ မီးပူလို ကျင့်မလား၊ ရေခဲသေတ္တာလို ကျင့်မလား ဆိုတာပဲ။ လူအမျိုးမျိုး နတ်အဖုံဖုံပါ။ အဘ လုပ်ခဲ့တဲ့ အရာတွေကို ဘုရားသိပါတယ်။ တချို့ဆို အဲဒီအရေးအခင်းဖြစ်တုန်းက ကြောက်ပြီး တချို့က ပြောင်းသွားတယ်။ စီးပွားရေး တွေလည်း ပျက်ရှာတယ် ” ဟု M-Media သို့ပြောသည်။

    P7300301

    ” ကျွန်မတို့ ဒီခရီးစဉ်မှာ ပထမဆုံး အိုးသည်ကုန်း၊ နောက် အိုးသည်ကုန်းကနေ ၅-မိုင် အကွာမှာ ရှိတဲ့ ရေကျော်ရွာ ကိုရောက်ပါတယ်။ နောက် အိုးသည်ကုန်းကို ပြန်သွားပြီး အဲဒီကနေ ၈-မိုင်အကွာမှာ ရှိတဲ့ အေးမြသာယာရွာကို ရောက်ပါတယ်။ သူတို့ကို အားပေးကူညီခဲ့ပါတယ်။ အဲလို ဆောင်ရွက်နိုင်တာဟာ ပါဝင်ကူညီကြတဲ့ အလှူရှင်တွေရဲ့ စေတနာ သဒ္ဓါ တရား ကြောင့်ပါ။ အလှူရှင်တွေထဲမှာ ကျွန်မတို့ အစ္စလာမ်ဘာသာဝင် မောင်နှမတွေ အပြင် ခရစ်ယာန် ဘာသာဝင် လူငယ်တွေကလည်း ပါဝင်လှူဒါန်းခဲ့ပါတယ်။ တကယ် လိုအပ်နေတဲ့ ရွာသားတွေဆီကို အ၀တ်အစားအသစ်တွေ ရောက်သွားတဲ့အတွက် ပျော်သွားကြတဲ့ သူတို့ရဲ့ ရိုးသားပွင့်လင်းလွန်းလှတဲ့ ပျော်ရွှင်မှု အပြုံးတွေကြောင့် ထော်လာဂျီ စီးပြီး သွားခဲ့ရတဲ့ လမ်းခရီး ကြမ်းတမ်းမှုတွေဟာ၊ ပင်ပန်းခဲ့တာတွေဟာ တခနနဲ့ ပျောက်သွားပါတယ်။ အဲဒီအတွက် အလှူဖြစ်မြောက်အောင် ကူညီပေးကြတဲ့ MMSY Foundation နဲ့ အလှူရှင်တွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်” ဟု WCHN အဖွဲ့မှ မဆောင်းနှင်းဖြူက M-Media သို့ပြောကြားခဲ့သည်။

    အိုးသည်ကုန်းမြို့မှ အသက် ၂၀-ကျော်အရွယ် အမျိုးသမီးတစ်ဦးမှလည်း ” ကျွန်မတို့မှာ ဒုက္ခပေါင်းစုံ ခံစားခဲ့ရပါတယ်။ အခုလို ကယ်ဆယ်ရေး အဖွဲ့က ရွာထဲထိ ၀င်လာပြီး လိုအပ်တာတွေ ပေးကမ်းကူညီပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒီအ၀တ်အစားတွေက ကျွန်မတို့အတွက် အင်မတန် အဖိုးတန်လှပါတယ်။ ကျွန်မတို့ ဒာစ်နေ့မှာ လှလှပပ ဒီနှစ်မှာလည်း ၀တ်ရပါတော့မယ်။ ကျွန်မတို့ အတိုင်းမသိ ၀မ်းသာမိပါတယ်။”ဟု M-Media သို့ပြောပြခဲ့သည်။

    ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် မတ်လ ၂၄ရက် တနင်္ဂနွေနေ့ည ၉ နာရီ ၁၅ မိနစ်တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက် ဖျတ်ဆီးခဲ့ကြောင်း သိရသည်။ စုစုပေါင်း အိမ်ခြေ ၅၁-အိမ် ရှိရာ ၄၀-အိမ် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ အိုးသည်ကုန်းမြို့တွင် တစ်ရွာလုံးအိမ်ခြေ (၁၀၇၃) အိမ်၊ တစ်ရွာလုံး စုစုပေါင်း လူဦးရေ (၄၆၂၀)ဦး အနက် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၅၂-အိမ် နှင့် စုစုပေါင်း လူဦးရေ ၂၃၇-ဦး နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။

    ဓါတ်ပုံများ ကြည့်ရှုလိုလျှင်=> Click Here

  • ကြာနီကန် မွတ်စလင်မ် သုဿာန်အား မွတ်စလင်မ်သုဿာန် အေးရိပ်ငြိမ် ဥယျာဉ်တော်ဟု အမည်ပြောင်း

    သြဂုတ် ၁၊ ၂၀၁၃
    M-Media
    သုတ

    kyar ni kan _mandalay
    ဓါတ်ပုံစာညွှန်း- ၂၈.၄.၂၀၁၂ နေ့က မန္တလေးမြို့ရှိ သာရေးနာရေး အဖွဲ့များနှင့် လူငယ်များစုပေါင်း လုပ်အားပေးပြီး ၀ိုင်းဝန်း သန့်ရှင်းမှု ပြုလုပ်ခဲ့စဉ်က

    မန္တလေး ။ ။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာ အနီးရှိ ကြာနီကန် မွတ်စလင်မ် သုဿာန်အား မွတ်လင်မ် သုဿာန် အေးရိပ်ငြိမ် ဥယျာဉ်တော်ဟု အမည်ပြောင်းလဲ လိုက်ကြောင်းသိရသည်။

    အဆိုပါ အမည်ပြောင်းလဲလိုက်ခြင်းမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဇူလိုင် ၂၃-ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမည်ပြောင်းရန်အတွက် ဇူလိုင် ၂၆-ရက်နေ့ ရက်စွဲဖြင့် မွတ်စလင်မ် သင်္ချိုင်းကော်မတီသို့ စာပို့ခဲ့ပြီး မန္တလေးသတင်းစာများတွင်လည်း ပါရှိခဲ့ပြီး ဖြစ်သည့် အတွက် ကြာနီကန် မွတ်စလင်မ် သုဿာန်အားလည်း ယနေ့ သြဂုတ်လ ၁-ရက်နေ့မှစ၍ မွတ်စလင်မ်ကဘာရ်စတာန်(သုဿာန်) အေးရိမ်ငြိမ် ဥယျာဉ်တော်ဟု အမည်ပြောင်းလဲ လိုက်ကြောင်းသိရသည်။

    ကြာနီကန် မွတ်စလင်မ်သုဿာန်အား ယခင်က ကြာနီကန်ကဘာရ်စဘာန်(သုဿာန်) အင်ကြင်းဥယျာဉ်တော်ဟု အမည်ရှိခဲ့သော်လည်း ကြာနီကန် ကဘာရ်စတာန်ဟုသာ အများက ခေါ်ဝေါ်သုံးစွဲနေခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

  • ၁-၈-၂၀၁၃ အားကစား သတင်းများ

    သြဂုတ်-၁ ၊ ၂၀၁၃
    M-Media

    kaka

    ဂါရက်ဘေးလ်အား ကြိုဆိုမည်ဟု ကာကာဆို

    ရီးရဲလ်အသင်း၏ ဘရာဇီးတိုက်စစ်မှူး ကာကာ က တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ် ရီးရဲလ်သို့ရောက်ရှိလာပါက ၎င်းအနေဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ရီးရဲလ်ဂိုးသမား အီကာကာဆီးလက်နှင့် နောက်ခံလူ ဆာဂျီယိုရာမို့စ်တို့ပြီးနောက် ဘေးလ်အားကြိုဆိုမည်ဟု ပြောဆိုလိုက်သူ ကာကာ က ဘေးလ်မှာ စွမ်းရည်ပြည့်ဝသောကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ရီးရဲလ်သို့ရောက်ရှိလာပါက ၎င်းတို့အနေဖြင့် ပျော်ရွှင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။
    _____________________________________
    ရော်နယ်ဒို ထွက်ခွာမည်ဖြစ်သောကြောင့် ဘေးလ်အားအလိုရှိနေခြင်းဖြစ်သည်ဟု ရီးရဲလ် ဥက္ကဌဟောင်းဆို

    ရီးရဲလ်မက်ဒရစ် အသင်း၏ ဥက္ကဌဟောင်းဖြစ်သူ ရာမွန်ကလ်ဒါရွန်က ရီးရဲလ်အနေဖြင့် ဂါရတ်ဘေးလ်အား ခေါ်ယူရန် ကြိုးစားနေခြင်းမှာ အသင်း၏နာမည်ကျော်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာရန် ရှိနေခြင်းကြောင့်ဖြစ်မည်ဟု ပြောကြားလိုက်သည်။ ၂၀၀၆ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အသင်း၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကလ်ဒါရွန်က ရော်နယ်ဒိုမှာ ရီးရဲလ်အသင်းတွင် မပျော်ရွှင်တော့ကြောင်း၊ ထို့ကြောင့် အသင်းဥက္ကဌပီရက်ဇ်အနေဖြင့် ရော်နယ်ဒို ထွက်ခွာသွားပါက အစားထိုးရန် ဘေးလ်အားလိုရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရီးရဲလ်မက်ရစ်အသင်းသည် ဂါရက်ဘေးလ်အား ပြောင်းရွှေ့ကြေး ယူရို ၉၉ သန်းနှင့် ကစားသမားတစ်ဦးအလိုက်ပေးကာ ကမ်းလှမ်းထားသည်။
    _____________________________________
    လီဗာပူးလ်အား စိတ်မဆိုးဟု ရီနာဆို

    ၎င်း၏ ဆန္ဒမပါဘဲ နာပိုလီအသင်းအား အငှားချခဲ့သောကြောင့် လီဗာပူးလ်အသင်းအား မကျေမနပ်ဖြစ်နေသည်ဆိုသည့် သတင်းကို လီဗာပူးလ် ဂိုးသမားဟောင်း ရီနာက ငြင်းဆိုလိုက်သည်။ သူ၏ အပြောင်းအရွှေ့ကိစ္စဆောင်ရွက်ရာတွင် အသင်းက ၎င်းအား ဆွေးနွေးတိုင်ပင်ခြင်းမရှိခဲ့ဟု ကိုယ်ပိုင်အင်တာနက်စာမျက်နှာတွင် လွှင့်တင်ခဲ့သူရီနာက သူ့အနေနှင့်  လီဗာပူးလ်အသင်းအား စိတ်မဆိုးကြောင်း၊ လီဗာပူးလ်အသင်းမှ ထွက်ခွာရမှုမှာ ၎င်းမျှော်လင့်ထားသည့်အတိုင်း မဖြစ်ခဲ့သော်လည်း အသင်းဘက်မှ ပေးဆပ်ခဲ့မှုများအားလုံးအတွက်ကျေးဇူးတင်ကြောင်း ရီနာက ဆိုသည်။
    _____________________________________
    ဂွာဒီယိုလာ၏ နည်းစနစ်များက ဘိုင်ယန်အသင်းအား ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ရီဘာရီဆို

    ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည် ဘိုင်ယန်အသင်းတွင် အဓိကကစားသမားဖြစ်ခဲ့သူ ရီဘာရီက နည်းပြသစ် ပက်ပ်ဂွာဒီယိုလာ၏ နည်းစနစ်သစ်များက ဘိုင်ယန်အသင်းအား ပိုမိုအားကောင်းလာစေလိ့မ်မည်ဟု ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရာသီက ဖလားများစွာရရှိခဲ့သည့် ဘိုင်ယန်ကစားကွက်ကို ပြိုင်ဘက်များအနေဖြင့် ကျင့်သားရနေပြီဖြစ်ကြောင်း၊ အသင်း၏ ကစားကွက်နှင့် နည်းစနစ်ပိုင်းကို ပြောင်းလဲမှသာ ပြိုင်ဘက်များအား အခက်တွေ့စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    _____________________________________
    ဆိုလ်ဒါဒို၏ အပြောင်းအရွှေ့ကိစ္စအတွက် တော့တင်ဟမ်နှင့် ဗလင်စီယာ သဘောတူညီမှုရ

    ဗလင်စီယာတိုက်စစ်မှူး ဆိုလ်ဒါဒို၏အပြောင်းအရွှေ့ကိစ္စနှင့်ပက်သက်၍ တော့တင်ဟမ်အသင်းနှင့် ဗလင်စီယာအသင်းတို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟုသိရသည်။ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး ဂါရက်ဘေးလ်နေရာတွင်အစားထိုးရန်အတွက် တော့တင်ဟမ်အသင်းမှာ ဆိုလ်ဒါဒိုအားကမ်းလှမ်းထားခြင်းဖြစ်သည်။ ဆိုလ်ဒါဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့် သဘောတူထားကြောင်း ဗလင်စီယာ ဥက္ကဌ အမက်ဒီယို ဆာလ်ဗိုက အတည်ပြုပြောဆိုခဲ့သည်။
    _____________________________________
    ဒရော့ဂ်ဘာက သူ၏ကစားသမားဘ၀အား အမေရိကန်တွင် အဆုံးသတ်လိုသည်ဟု ကာလူးဆို

    ချယ်ဆီးတိုက်စစ်မှူးဟောင် ဒရော့ဂ်ဘာမှာ ၎င်း၏ကစားသမားဘ၀အား အမေရိကတွင် အဆုံးသတ်လိုသည့် ဆန္ဒရှိကြောင်း ဒရော့ဂ်ဘာ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ အိုက်ဗရီကို့စ်တိုက်စစ်မှူး ဆော်လမွန်ကာလူးက ပြောကြားလိုက်သည်။ တူရကီကလပ် ဂါလာတာစာရေးတွင် ကစားနေသည့် ဒရော့ဂ်ဘာမှာ အားလပ်ရက်တိုင်း အမေရိကန်သို့သွားရောက်အပန်းဖြေလေ့ရှိပြီး အမေရိကန်မှာ ဒရော့ဂ်ဘာနှစ်သက်သည့် ဒေသဖြစ်သသည်ဟု ကာလူးကပြောကြားခဲ့သည်။
    _____________________________________
    ခံစစ်နေရာဖြည့်တင်းရန်အတွင် အဂ္ဂါအား ဘာကာခေါ်ယူမည်

    ဘာစီလိုနာအသင်းသည် အသင်း၏နောက်တန်းအင်အားဖြည့်တင်းရန်အတွက် လီဗာပူးလ်ခံစစ်မှူး ဒန်နီယလ်အဂ္ဂါအားခေါ်ယူရန် ဆုံးဖြတ်ထားပြီး လီဗာပူးလ်အသင်းနှင့် ဆက်သွယ်နေသည်ဟုသိရသည်။ ဘာစီလိုနာအသင်းမှာ ချယ်ဆီးနောက်တန်းလူ ဒေးဗစ်လူးဝစ်အားခေါ်ယူရန်ကြိုးစားခဲ့ပြီး ချယ်ဆီးအသင်းမှ ပယ်ချခဲ့သောကြောင့် ယခုကဲ့သို့ အဂ္ဂါအားခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
    _____________________________________
    တော့တင်ဟမ်ခံစစ်မှူးအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကာဒစ်ဖ် ခေါ်ယူ

    ပရီးမီးယားလိဂ်သို့ တန်းတက်လာသော ကာဒစ်ဖ်အသင်းသည် တော့တင်ဟမ်နောက်ခံလူ စတီဗင် ကော့လ်ကာအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုက်သည်ဟု သိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိပြီး အင်္ဂလန်လက်ရွေးစင်အသင်းတွင် တစ်ကြိမ်အရွေးခံခဲ့ရသူ ကော့လ်ကာအား လေးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီး ယခုနှစ်အပြောင်းအရွှေ့ကာလ တန်းတက်ကာဒစ်ဖ်အသင်းမှ စတုတ္ထမြောက်ခေါ်ယူခဲ့သူလည်းဖြစ်သည်။
    _____________________________________
    ဂျူဗီအား ပြိုင်ဘက်များမှ ကြောက်ရွံ့သင့်သည်ဟု ဘိုနူချီဆို

    စီးရီးအေချန်ပီယံဆုအား သုံးနှစ်ဆက်တိုက်ရယူနိုင်ရန် ဆန္ဒပြင်းပြနေသည့် ဂျူဗီခံစစ်မှူး ဘိုနူချီက ဂျူဗင်တပ်စ်အသင်းအနေနှင့် အခြားသော ပြိုက်ဘက်အသင်းများကို ကြောက်ရွံ့နေစရာမလိုဘဲ ပြိုင်ဘက်အသင်းများကသာ ဂျူဗင်တပ်စ်အား ကြောက်ရွံ့သင့်သည်ဟု ပြောကြားလိုက်သည်။ ၎င်းတို့မှာ အီတလီ၏ ချန်ပီယံအသင်းဖြစ်ကြောင်း၊ အသင်းကြီးများနှင့် စောစောစီးစီးတွေ့ဆုံရခြင်းမှာ ကောင်းမွန်ကြောင်း၊ ဂျူဗင်တပ်စ်အသင်းမှာ စွမ်းရည်ပြည့်ဝသည့် အသင်းတစ်သင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
    _____________________________________
    Southern California Open တင်းနစ်ပြိုင်ပွဲမှ ရော့ဘ်ဆန်ထွက်ခွာ

    ဗြိတိန် ဆယ်ကျော်သက် တင်းနစ်မယ်သည် လော်ရာ ရော့ဘ်ဆန်သည် ကျင်းပလျက်ရှိသည့် Southern California Open တင်းနစ်ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၃ ရ ချက်တင်းနစ်မယ် ကဗီတိုဗာအား ၁-၆၊ ၂-၆ ဖြစ် ပွဲပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ ရော့ဘ်ဆန်သည် ကမ္ဘာ့အဆင့် ၃၄ ရရှိထားပြီး ပြီးခဲ့သည့် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရသည့် ကစားသမား ၁၆ ဦးတွင်ပါဝင်ခဲ့သူဖြစ်သော်လည်း ယခုပွဲစဉ်တွင် အမှားအယွင်းများခဲ့သောကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
    _____________________________________
    ATP bet-at-home Cup တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ဂျူအန် မိုနာကိုတက်ရောက်

    သြစတြီးယားနိုင်ငံ ကစ်ဇ်ဗျူဟလ်မြို့တွင် ကျင်းပလျက်ရှိသည့် ATP bet-at-home Cup တင်းနစ်ပြိုင်ပွဲတွင် အာဂျင်တိုင်းတင်းနစ်သမား ဂျူအန်မိုနာကိုမှာ သြစတြီးယားတင်းနစ်သမား အန်ဒရီယက်စ် ဟေဒါမော်ရာအား ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။ ၂၀၀၇ ခုနှစ်က ကျင်းပခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သူ မိုနာကိုမှာ စပိန်တင်းနစ်သမား ဒန်နီယလ် ဂျမန်နို ထရေဗာနှင့်တွေ့ဆုံရမည်ဖြစ်သည်။
    _____________________________________
    WGC-Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ဗိုလ်စွဲလို

    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် Firestone ဂေါက်ကလပ်တွင်ကျင်းပမည့် WGC-Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲလိုသည်ဟု အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က ပြောဆိုလိုက်သည်။ အဆိုပါ ပြိုင်ပွဲတွင် ၇ ကြိမ်တိုင်တိုင်ဗိုလ်စွဲထားပြီး ယခု ၈ ကြိမ်မြောက်ဗိုလ်စွဲလိုနေသည့် တိုက်ဂါးဝုဒ်က ၎င်းအနေဖြင့် အကောင်းဆုံးလက်ရည်ရရှိပြီးပါက ထိုပုံစံမှာ အချိန်အတော်ကြာ ဆက်လက်၍ ရှိနေတတ်ကြောင်း၊ ယခုယှဉ်ပြိုင်ရမည့် ပွဲစဉ်အတွက်  သက်တောင့်သက်သာဖြစ်မိကြောင်း ၎င်းကပြောကြားခဲ့သည်။

  • မုန်လာဥတွေရဲ့ အရောင်အစစ်က ဘာလဲ?

    သြဂုတ် ၀၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    onion

    တကယ်လို့ တယောက်ယောက်က “မုန်လာဥ”လို့ ပြောလာရင် လိမ္မော်ရောင် ခပ်ရှည်ရှည်နဲ့ ထိပ်က အစိမ်းရောင်ရှိတဲ့ အသီးအနှံကို မမြင်မိဘူးလား။ မုန်လာဥကို ကျွန်တော်တို့ လိမ္မော်ရောင် ဒါမှမဟုတ် အဖြူရောင်ကိုပဲ မြင်ဖူးကြမှာပါ။ ဒါပေမယ့် ဒါတွေဟာ မုန်လာဥရဲ့ မူလအရောင်အစစ်မဟုတ်ပါဘူး။

    ၁၇ ရာစုမတိုင်ခင်က စိုက်ခင်းထဲက မုန်လာဥတွေအားလုံးနီးပါး ရဲ့ အရောင်က “ခရမ်း” ပါ။ ဒီနေ့တွေ့နေရတဲ့ လိမ္မော်ရောင် မုန်လာဥကတော့ ၁၆ ရာစုနှောင်းပိုင်းမှာ ဒတ်ခ်ျလူမျိုး စိုက်ပျိုးရေးသမားတွေက ခရမ်းရောင် မုန်လာဥထဲက တိမ်မြုပ်နေတဲ့ မျိုးဗီဇတွေကို ပြုပြင်ပြီး ဒီနေ့တွေ့ရသလို ဖွံ့ဖွံ့ချိုချို လိမ္မော်ရောင် အမျိုးအစားရလာတာပါ။ ဒီ့အရင်ကတော့ ရှိရှိသမျှသော မုန်လာဥတွေအားလုံးဟာ ခရမ်းရောင်ဖြစ်ပြီး တစ်ခါတလေ အဝါနှင့် အဖြူရောင်တွေ ပေါ်လာတတ်ပါတယ်။ ဒီအရောင်တွေကိုတော့ စိုက်ပျိုးခဲပြီး ခရမ်းရောင် ရောင်ချယ်ဓါတ် anthocyanin မပါဝင်ပါဘူး။

    ယနေ့တွေ့နေရတဲ့ လိမ္မော်ရောင် မုန်လာဥတွေကို မျိုးဗီဇတိမ်မြုပ်နေတဲ့ အဝါ၊ အဖြူနဲ့ စိုက်ပျိုးမုန်လာတွေနဲ့ တော်တော်ကွဲပြားပြီး အလေ့ကျပေါက်တဲ့ အခြားမုန်လာဥ အရိုင်းတွေကို ရောစပ်ပြုပြင်ပြီး ရလာတာလို့ ယူဆထားကြပါတယ်။ လိမ္မော်ရောင် မုန်လာဥတွေဟာ ပိုစားကောင်းပြီး အသားပိုများပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ ခရမ်းရောင်မုန်လာတွေလောက် အကျိုးမပေးပါဘူး။

    နယ်သာလန်မှာ လိမ္မော်ရောင် မုန်လာတွေ အရမ်းကျော်ကြားအောင်မြင်လာတဲ့ အကြောင်းရင်းကတော့ ဒတ်ခ်ျတွေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ House of Orange အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့တာလို့ အချို့ ယူဆကြပါတယ်။ ဒါကဖြစ်နိုင်သလို ဒတ်ခ်ျတွေလုပ်ထားတဲ့ လိမ္မော်ရောင် မုန်လာဥတွေဟာ ခရမ်းရောင်တွေထက် ပိုချိုပြီး ပိုအသားများလို့လည်း ဖြစ်နိုင်ပါတယ်။

    ကိုးကား – Today I Found Out