News @ M-Media
Blog
  • ရခိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရခိုင်အရေး ဆွေးနွေး
    ရခိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရခိုင်အရေး ဆွေးနွေး
    သြဂုတ်-၁ ၊ ၂၀၁၃
    ဘီဘီစီ (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။
    ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ခေါင်းဆောင်တွေပါဝင်တဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ့နဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင် အပါအဝင် ရိုဟင်ဂျာ မွတ်ဆလင် အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ အတူထိုင်ပြီး ပထမဆုံးအကြိမ် ရခိုင်အရေး ပြောဆိုခဲ့ကြပါတယ်။
    မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှအောက် လွှတ်တော် ဥက္ကဌ ဂျွန်ဘာကိုး နဲ့ ဒီကနေ့ နေလည်က တွေ့ဆုံရာမှာ အခုလို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
    ဒီကနေ့တွေ့ဆုံရာမှာ ဂျွန်ဘာကိုးက ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဘယ်လို အကောင်းဆုံး အဖြေရှာနိုင်မလဲ ဆိုတဲ့ ကိစ္စ အပေါ် ရခိုင်နဲ့ မွတ်ဆလင် အဖွဲ့တွေဆီက အကြံဉာဏ်တွေကို မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှုးဦးဦးစောလှက ပြောပါတယ်။
    နှစ်ဘက် ပြောကြားချက်တွေအနက် တကယ်ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အငြင်းပွားစရာ ကိစ္စတွေကို မေ့ထားပြီး လောလောဆယ် ဒုက္ခရောက်နေသူတွေ အတွက် လုပ်ငန်းတွေ လုပ်ကြမယ်ဆိုတဲ့ အပိုင်းကို သူတို့ သဘောတူကြတယ်လို့ ဦးဦးလှစောက ပြောပါတယ်။
    ဂျွန်ဘာကိုးက နှစ်ဘက် အယူအဆတွေကို နားထောင်ခဲ့ပြီး နှစ်ဘက်ကြား ကြားဝင်စေ့စပ်ညှိနှိုင်းပေးမယ့် တတိယအဖွဲ့တခုများ လိုမလားလို့ မေးမြန်းခဲ့ရာမှာ မွတ်ဆလင်တွေအဖွဲ့က လိုမယ်လို့ ပြောခဲ့ပြီး ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်အမတ် ဦးရွှေမောင်ကတော့ ဒါဟာ နိုင်ငံတော်က အဓိကထားစဉ်းစားရမှာလို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    တတိယအဖွဲ့ဟာ ဝင်ရောက်စွက်ဖက်တဲ့ အဖွဲ့မျိုး မဖြစ်သင့်ဘဲ မျှမျှတတ သဘောထားရှိသူတွေ ပါဝင်တဲ့ အဖွဲ့မျိုး ဖြစ်သင့်ကြောင်း ဒါပေမယ့် အဓိကကတော့ ဒီလိုအဖွဲ့မျိုး လိုမလို နိုင်ငံတော်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှုး ဦးဦးစောလှက ပြောပါတယ်
    Link=>http://www.bbc.co.uk/burmese/burma/2013/08/130801_rakhine_barcow.shtml
  • ကမ္ဘာတဝှမ်းရှိ အမေရိကန် သံရုံးအချို့ လုံခြုံရေးအကြောင်းပြချက်ဖြင့် လာမည့် တနင်္ဂနွေနေ့တွင် ပိတ်မည်
    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    US embassies
    “ ကမ္ဘာတဝှမ်းရှိ အချို့သော အမေရိကန် သံရုံးများနှင့် ကောင်ဆီရုံးများအား တနင်္ဂနွေနေ့ သြဂုတ်လ ၄ ရက်နေ့ တစ်ရက် ပိတ်ရန် သို့မဟုတ် လုပ်ငန်းများအား ရပ်နားရန် ညွှန်းကြားထားသည်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီဟဖ်(Marie Harf) က ကြာသပတေး နေ့က ပြောကြားခဲ့သည်။
    ထိုဆုံးဖြတ်ချက်မှာ “ကျွန်မတို့၏ ၀န်ထမ်းများနှင့် အခြားသော လာရောက်သူများ၏ လုံခြုံရေးကို ဦးစားပေး ဂရုစိုက်ခြင်းကြောင့် ဆုံးဖြတ်လိုက်ရခြင်းဖြစ်တယ်” ဟု သူမက ဆိုသည်။
    ဟဖ်က မည်သည့်ဌာနများနှင့် မည်သည့်နိုင်ငံရှိ ဌာနများကို ပိတ်မည်ဆိုသည်ကိုတော့ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိကြောင်း သို့သော်လည်း သူမက ထိုပိတ်ရခြင်းနှင့် ပတ်သက်ပြီး နောက်ထပ် ရက်အနည်းငယ်ပါ ထပ်မံ ပိတ်ချင်ပိတ်နိုင်ကြောင်း ကိုတော့ ပြောကြားသွားခဲ့သည်။
    အမေရိကန်  နိုင်ငံခြားရေးဌာန တာဝန်ရှိသူများသည် မည်သို့သော ခြိမ်းခြောက်ခြောက်လှန့်မှုများရှိသဖြင့်  ယခုကဲ့သို့ လုပ်ဆောင်ရသနည်းဆိုသည်ကိုတော့ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။
    သို့သော်လည်း ABC News သို့ အရာရှိမှုး တစ်ဦးက ပြောကြားသည်မှာ သံရုံးများကို ပိတ်ရခြင်း အကြောင်းမှာ အမေရိကန် သံရုံး နှင့် ကောင်စစ်ဝန် ရုံးများသို့ ဦးတည်၍ ပြုလုပ်သော ခြိမ်းခြောက်မှု တစ်ခုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ပြီးခဲ့သော နှစ် စက်တင်ဘာလ ၁၁ရက်နေ့က လဗ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ (Benghazi) တွင် အမေရိကန် သံရုံး တိုက်ခိုက်ခံရပြီး သံအမတ် ခရစ်စတီဗင် (Chris Stevens) အပါအ၀င် အမေရိကန် ၄ ယောက်သေဆုံးခဲ့သည်။
    MA/MA
  • ရေဘေး သတင်း
    M-Media
    သြဂုတ်လ ၂ ရက်၊ ၂၀၁၃
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)
    မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေအနေဆိုးရွားလာနေကြောင်း၊ ယခုအခါ လူပေါင်း ၃၇၀၀၀ ထိ ရေးဘေးသင့် ခံနေရပြီဖြစ်ကြောင်း၊ ကြာသပတေးနေ့ကမူ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များအရ ရေဘေးကြောင့် အနည်းဆုံး လူ တစ်ဦးသေဆုံးပြီးဖြစ်ကြောင်း၊ လာမည့် ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းဦးမည်ဖြစ်ကြောင်း သတင်းများက တင်ပြထားသည်။
    ရေဘေးကြောင့် မြန်မာ-ထိုင်းဘော်ဒါရှိ မြ၀တီမြို့မှာ အဆိုးဝါးဆုံးဖြစ်နေပြီး မြ၀တီနှင့် ကရင်ပြည်အကြားတွင်လည်း ဆိုးဝါးသည့် မြေပြိုမှု များဖြစ်ပေါ်နေသည်ဟု သိရသည်။
    မွန်ပြည်နယ်တွင်မူ ဘီးလင်းမြို့မှာ ရေကြီးမှုအဆိုးဆုံးခံစားနေရသလို လူပေါင်း ၄၀၀၀ ခန့်မှာ အိုးအိမ်မဲ့မည့်အရေး ကြုံကြိုက်နေသည်။
    ရဘေးသင့်ဒေသများသို့ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း အောက်ခြေတွင် အစိုးရ အကူအညီမှာ လုံးဝထိရောက်မှုမရှိဘဲ လူသေဆုံးမှုများပါ ရှိလာကြောင်း စုံစမ်းသိရှိရကြောင်း ဧရာဝတီသတင်းဌာနက တင်ပြထားသည်။
    ရေလွှမ်းမိုးမှု အများဆုံးခံရသော ကရင်ပြည်နယ်တွင် ရေနစ်မြုပ်ခံရသော မြို့နယ် မြို့နယ်ခွဲ အုပ်စုပေါင်း ၁၂ ခုရှိရာ ရေဘေးကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦးကို ကယ်တင်ထားကြောင်း၊ လူသေဆုံးမှုမှာ ကျွဲ နွားပျောက်ရှာရာမှ သေဆုံးခြင်း၊ ကော့ကရိတ်မြို့တွင် ကလေးအချို့ရေကစားရာမှ သေဆုံးခြင်းများ ရှိနေကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာန ကယ်ဆယ်ရေးဋ္ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဧရာဝတီသို့ ပြောပြခဲ့ကြောင်း သိရသည်။
    ထို့ပြင် ဧရာဝတီသတင်းက ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရကြောင်း၊ မြို့ခံ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံရေး လုပ်ငန်းများဆောင်ရွက်နေရကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် လူသေ အလောင်းတစ်လောင်းပေါ်လာပြီး သေဆုံးသူမှာ အသက် ၃၂ အရွယ် စိတ်မနှံ့သူ ကိုစိုးသိန်းဆိုသူဖြစ်ကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မျိုးမင်းက ပြောပြခဲ့ကြောင်း တင်ပြထားသည်။
    မိုးလေ၀သနှင့်ဇလဗေဒမှ ဒါရိုက်တာ ချစ်ကျော်က လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဦးမည်ဖြစ် ၍ ရေကြီးမှုပမာဏလည်း မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
  • “ကျောက်စာဆိုတာ လက်ညိုးကို တံတွေးဆွတ်ပြီး ဖျက်ပြစ်လို့ ရတဲ့အရာ မဟုတ်ဘူး”
    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    ရေးသူ- ဗေဒါလမ်း
    8888 collages
    တပါတီ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ. မ-ဆ-လ ပါတီကို နိဂုံးချုပ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်း ခေတ်အဆက်ဆက် သမိုင်းပေး တာဝန်ကို တာဝန်ယူ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော မန္တလေးမြို.က အစ္စလာမ် ဘာသာဝင်တွေရဲ. သမိုင်းဝင် တိုက်ပွဲပုံများပါ။ မြန်မာနိုင်ငံမှာ မြန်မာမွတ်စလင်တွေဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အဆက်ဆက်တွင် သာမက ၊ တပါတီ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာပါ ရှေ.တန်းမှ ပါဝင်ခဲ့ကြတာဟာဖြင့် သမိုင်းမှာ မော်ကွန်းထိုးလောက်တဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်များဖြစ်ခဲ့ပါတယ်။
    ဒါပေမဲ့အခုအချိန်မှာ ပုဂ္ဂိုလ် အချို.ဟာ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲ အတွင်းတွင်လည်း ဘယ်အခန်းကဏ္ဍမှ မပါ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်စေခဲ့သော ပခုက္ကူတွင် သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုတ်ရိုက်သော ကိစ္စနှင့် လက်ပန်းတောင်းတောင် သပိတ် အတွင်း သံဃာတော်များအား မီးလောင်ဗုံးများ သုံးကာ ဖြိုခွဲခဲ့သော ကိစ္စများတွင် ဘယ်သွား အိပ်ပျော်နေမှန်း မသိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သော သူများက ယခုအချိန်ကျမှ အိပ်ယာမှ နိုးလာကာ ကယောင်ကတန်းဖြင့် ဘာအရေး.. ညာအရေးဆိုပြီး .. ညာသံပေးနေကြသည်များကို ကြားရမြင်ရသည်မှာ မသတီစရာပင် ကောင်းတော့သည်…….
    ဓါတ်ပုံများ ကြည့်လိုလျှင်=> Click Here
  • ဥရုဂွေး ပါလီမန်မှ ဆေးခြောက် တရားဝင် ထုတ်လုပ်ခွင့် နှင့် ရောင်းဝယ် ဖောက်ကားခွင့် ဥပဒေ အတည်ပြု
    သြဂုတ်-၁ ၊၂၀၁၃
    M-Media
     uruguay
    ဆေးခြောက် ထုတ်လုပ်ခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းအား တရားဝင် လုပ်ဆောင်ခွင့် ဆိုသော  အစိုးရအဖွဲ့၏ အငြင်းပွားဖွယ်ရာ ဥပဒေအဆို တင်သွင်းချက်အား ဥရုဂွေး ပါလီမန်မှ အတည်ပြုလိုက်သည် ဟု သိရသည်။
    ဗုဒ္ဓဟူးနေ့က အဆိုပါတင်သွင်းချက်ကို အတည်ပြုခဲ့ပြီး၊ ၁၄ နာရီကြာ အခြေတင် ဆွေးနွေးမှု အပြီးတွင် မဲပေးသူ ဥပဒေပြု လွှတ်တော် အမတ် ၉၆ ဦးအနက် ၅၀ ဖြင့် အနိုင်ရခဲ့သည်။
    ဆီးနိတ်လွှတ်တော်မှ ထိုတင်သွင်းချက်အား အပြီးသတ် လုပ်ဆောင်ခွင့် ပေးအပ်ရန် လိုနေသေး ကြောင်း သိရသည်။
    “ဥပဒေအသစ်သည် လူများအား ထိုအရာအား ပိုမိုသုံးစွဲရန် တိုက်တွန်းခြင်း မဟုတ်ပါဘူး” ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Sebastian Sabini က ထို မဲခွဲဆုံးဖြတ်မှု အစတွင် ပြောကြားခဲ့သည်။ “အခုလည်း အသုံးပြုနေတာပါပဲ” ဟု သူက တန်ပြန် ခုခံပြောဆိုခဲ့သည်။
    အဆိုပါ ဥပဒေအား ထောက်ခံသူများက ပြောကြားသည်မှာ တောင်အမေရိကတိုက်တွင် ရှိသည့် ဥရုဂွေးနိုင်ငံတွင် နေထိုင်သော ၃.၄ သန်းရှိ ပြည်သူများအတွင်း လွန်ခဲ့သော ဆယ်နှစ်ကျော်မှ စတင်ကာ ထို ဆေးခြောက်သုံးစွဲမှုမှာ ၂ ဆ တိုးပွားလာခဲ့ကြောင်း၊ အဆိုပါ ဥပဒေ အဆိုပြုချက် အား ကန့်ကွက်ခဲ့သော ပြည်သူ့ပါတီမှ Gerardo Amarilla က ဤ ဥပဒေ အတည်ပြုခြင်းနှင့်  ပတ်သက်၍ သတိပေးခဲ့ပြီး၊ ၄င်း အစီအစဉ်သည် “မီးနှင့်ကစား နေခြင်း” နှင့် တူသည် ဟု ဆိုခဲ့သည်။
    မကြာသေးမီက ရရှိခဲ့သော စစ်တမ်းများ အရ ဥရုဂွေး ပြည်သူများ၏ ၆၃ ရာခိုင်နှုန်းမှာ အစိုးရ၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။
    DB/HSN