News @ M-Media

Blog

  • ၂-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်လ-၂-၂၀၁၃
    M-Media

    Diego-Costa-Atletico-Madrid_2981343

    ဒီယေဂိုကော့စတာအား ပေါင်သန်း ၂၀ ဖြင့် လီဗာပူးလ် ကမ်းလှမ်း

    လီဗာပူးလ်အသင်းသည် အက်သလက်တီကိုတိုက်စစ်မှား ဒီယေဂိုကော့စတာအား ပေါင်းသန်း ၂၀ ဖြင့်ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ ယမန်နှစ်က လာလီဂိုး ၁၀ ဂိုးအပါအ၀င် စုစုပေါင်း ဂိုး ၂၀ သွင်းယူပေးခဲ့သည့် ဒီယေဂိုအား အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း ရောင်းချရန်ရှိနေသည်။
    ______________________________
    ရော်နယ်ဒိုအပြောင်းအရွှေ့အတွက် ရီးရဲလ်နှင့် မန်ယူ ဆွေးနွေးမည်

    တိုက်စစ်မှူးရော်နယ်ဒိုအား အိုးထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူရန်အတွက် မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဆွေးနွေးတော့မည်ဟု သိရသည်။ မန်ယူအသင်းအနေဖြင့် ရော်နယ်ဒိုအား ပြောင်းရွှေ့ကြေး ယူရို ၉၂ သန်းခန့်ဖြင့် ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
    ______________________________
    ဘေးလ်အား ယူရိုသန်း ၁၂၀ ဖြင့် ရီးရဲလ်ခေါ်ယူတော့မည်

    ရီးရဲလ်မက်ဒရစ်အသင်းသည် တော့တင်ဟမ်တိုက်စစ်မှူးဂါရက်ဘေးလ်အား ယူရို သန်း ၁၂၀ ဖြင့်ခေါ်ယူတော့မည်ဖြစ်ကြောင်း သိရသည်။
    ______________________________
    ပုံမှန်ကစားခွင့်နေရာရရန်အတွက် ယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေသည်ဟု ဖာဒီနန်ပြောကြား

    ပုံမှန်ပွဲထွက်ခွင့်အား စွန့်လွှတ်ရန်အဆင်သင့်မဖြစ်သေးဟု မန်ယူနောက်ခံလူ ဖာဒီနန်က အသင်းရှိ လူငယ်နောက်ခံလူများအား သတိပေးပြောကြားလိုက်သည်။ အသက် ၃၄ နှစ် အရွယ်ရှိပြီး မန်ယူ အသင်းတွင် ၁၁ နှစ်ကြာကစားပေးခဲ့သည့် ဖာဒီနန်က မန်ယူအတွက် ဆက်လက် ကစားပေးချင်ကြောင်း ၎င်း မန်ယူသို့ရောက်ရှိခဲ့စဉ်က ကြိုးစားခဲ့ရသကဲ့သို့ပင်  လူငယ်နောက်ခံလူများအနေဖြင့် အသင်းတွင်နေရာရရှိရန် ကြိုးစားရမည်ဖြစ်ကြောင်း ဖာဒီနန်ကထည့်သွင်းပြောဆိုခဲ့သည်။
    ______________________________
    တော့တင်ဟမ်မှာ မိမိအတွက် အသင်းမှန်ဖြစ်ကြောင်း ချဒ်လီဆို

    ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်သို့ မကြာသေးမီကမှ ပြောင်းရွှေ့လာခဲ့သည့် ဘယ်လ်ဂျီယမ် အလယ်တန်းလူ နေဆာချဒ်လီက တော့တင်ဟမ်အသင်းသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု ပြောဆိုလိုက်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ချဒ်လီက ပရီးမီးယားလိဂ်တွင် ကစားရန်မှာ၎င်း၏ အိပ်မက်ဖြစ်ကြောင်း၊ တော့တင်ဟမ်အသင်း သို့ရောက်ရှိလာခြင်းကို ပျော်ရွှင်မိပြီး အသင်းနှင့် ပရိတ်သတ်များ ကျေနပ်စေရန်အတွက် အကောင်းဆုံး စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ______________________________
    ဘေးလ်အားရောင်းရငွေဖြင့် ကစားသမားသစ် လေးဦးခေါ်ယူမည်

    တော့တင်ဟမ်အသင်း၏ နည်းပြဖြစ်သူ အန်ဒရီဗီလာဘိုအာစ် က အသင်း၏တိုက်စစ်မှူး ဂါရက်ဘေးလ်အား ရောင်းရငွေဖြင့် ကစားသမား အသစ် လေးဦးခေါ်ယူမည်ဟုပြောဆို လိုက်သည်။ တော့တင်ဟမ်အသင်းမှာ နောက်တန်းကစားသမားနှစ်ဦး၊ အလယ်တန်းကစားသမားတစ်ဦးနှင့် တိုက်စစ်မှူးတစ်ဦး စုစုပေါင်းလေးဦး ခေါ်ယူရန်ရှိနေသည်။
    ______________________________
    မိုဒရစ်ထွက်ခွာမည်ဆိုသည်ကို အန်ဆယ်လော့တီငြင်းဆို

    ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြသည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် တော့တင်ဟမ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည့် နောက်ခံလူ လူကာမိုဒရစ် အသင်းမှ ထွက်ခွာမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြောဆိုလိုက်သည်။ အသင်းရှိကစားသမားများအားလုံးမှာ ပျော်ရွှင်နေကြပြီး စွမ်းဆောင်ရည်ကောင်းမွန်ကြကြောင်း၊ မိုဒရစ်ထွက်ခွာမည့်သတင်းမှာလည်း မဟုတ်မှန်ကြောင်း ၎င်းကပြောကြားခဲ့သည်။
    ______________________________
    ဂျီရော့ဒ်အား နာပိုလီစိတ်ဝင်စား

    စီးရီးအေကလပ် နာပိုလီအသင်းသည် အာဆင်နယ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရော့ဒ်အား စိတ်ဝင်စားနေသည်ဟု သိရသည်။ ပေါ်တိုတိုက်စစ်မှူး ဂျက်ဆန် မာတီနက်ဇ်အားခေါ်ယူရန်ကြိုးပမ်းမှူ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ဂျီရော့ဒ်အား စိတ်ဝင်စားလာခြင်းဖြစ်သည်။
    ______________________________
    ဆန်းချက်ဇ်မှာ ရောင်းရန်မဟုတ်ဟု ဘာကာဆို

    တိုက်စစ်မှူး အဲလီဇစ် ဆန်းချက်ဇ်မှာ ရောင်းရန်မဟုတ်ဟု ဘာစီလိုနာအသင်း၏ ဒုဥက္ကဌ ဂျိုးဆက် မရီယာ ဘာတိုမျူက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ၂ နှစ်က အူးဒီးနီးစ်အသင်းမှ ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့လာသည့် အသက် ၂၄ နှစ်အရွယ် ဆန်းချက်ဇ်အား နာပိုလီအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ၎င်းတို့အနေဖြင့် ဆန်းချက်ဇ်၏ စွမ်းဆောင်မှုအား ကျေနပ်ကြောင်း၊ သူ့အား ရောင်းချမည်မဟုတ်ကြောင်း ဂျိုးဆက်က ပြောကြားခဲ့သည်။
    ______________________________
    တစ်ရက်အတွင်း ၂ ပွဲယှဉ်ပြိုင်ကစားခဲ့သည့် ဒလ် ပေါ့ထရို ကွာတားဖိုင်နယ်သို့တက်ရောက်

    အာဂျင်တိုင်းတင်းနစ်သမား ဂျူအန် မာတင် ဒလ်ပေါ့ထရိုမှာ ကျင်းပလျက်ရှိသည့် ၀ါရှင်တန် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် တစ်ရက်အတွင်း နှစ်ပွဲကစားခဲ့ပြီး အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။ ရာသီဥတုဆိုးဝါးမှုကြောင့် တစ်ရက်အတွင်း နှစ်ပွဲကစားခဲ့ရသည့် ပေါ့ထရိုမှာ အမေရိကန်တင်းနစ်သမား ရိုင်ယန် ဟာရစ်ဆန်အား ၆-၁၊ ၇-၅ ဖြင့်လည်းကောင်း ငါးနာရီအကြာတွင် ထပ်မံကစားရသည့် သြစတေးလျ တင်းနစ်သမား ဘားနဒ်တိုမစ်အား ၆-၃၊ ၆-၃ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

  • သစ်တောတွေလည်း ညအိပ်မီးတွေနဲ့

    သြဂုတ် ၀၂၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1002521_10201416978882994_1400847042_n

    Avatar ရုပ်ရှင်ထဲက လင်းလက်နေတဲ့ အပင်တွေရှိတဲ့ တောကြီးကို မှတ်မိကြမယ်ထင်ပါတယ်။ 3D animation ကိုအထူးပြုလုပ်ထားပြီး ထူးခြားဆန်းသစ်တဲ့ အမြင်တွေပေးနိုင်တဲ့ Avatar ဇာတ်ကားကတော့ စံချိန်တင်သွားပါတယ်။ အဲဒီ စိတ်ကူးယဉ်ဇာတ်ကားထဲက ထူးဆန်းတဲ့ အရာတချို့နဲ့ အပြင်မှာ မိတ်ဆက်ခွင့်ရမယ်ဆိုရင်ရော …

    ညဖက်မှာ မှောင်မဲနေတဲ့ တောထဲမှာ အလင်းပေးဖို့ သူတို့တွေတာဝန်ယူထားကြပါတယ်။ သူတို့ဆိုတာ Foxfire (သို့) Fairy fire လို့ခေါ်တဲ့ သစ်ဆွေးတွေမှာ ပေါက်တတ်တဲ့ ခပ်ဖြူဖြူသေးသေး မှိုတစ်မျိုးရဲ့အလင်းဓါတ်ပါ။ သူတို့ရဲ့ သိပ္ပံနာမည်ကတော့ Panellus stipticus ဖြစ်ပြီး ညဖက်မှာ သဘာဝအရ အပြာ၊ အစိမ်း၊ အဝါစသဖြင့် မျိုးကွဲတွေအပေါ်မူတည်ပြီး အလင်းရောင်ထုတ်လွှတ်ကြပါတယ်။

    နယူးအင်္ဂလန်ရဲ့ သစ်တောတွေအတွင်း ဆောင်းဦးရာသီမှာ အများဆုံး တွေ့ရပြီး ကြီးမားတဲ့ မျိုးကွဲတွေကိုတော့ သြစတေးလျနဲ့ အမေရိကမှာတွေ့ရကာ အချင်း ၅ လက်မလောက်ထိကြီးပါတယ်။ အလင်းရောင်တွေကတော့ ဝက်သစ်ချပင်ဆီက စုပ်ယူထားတဲ့ ဓါတ်ပစ္စည်းတွေကို ချေဖျက်ရင်းထွက်လာတာပါ။ အလင်းရောင်တွေရဲ့ အဓိကရည်ရွယ်ချက်ကို အတိအကျမသိရပေမယ့် ဝတ်မှုန်ကူးစေရန် အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်ဖို့လို့ ယုံကြည်ထားကြပါတယ်။ ဒါမှမဟုတ် ဆာလောင်နေတဲ့ တိရိစ္ဆာန်တွေကို မစားရန်ခြောက်လှန့်ဖို့လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဖျော့တော့တော့ အလင်းရောင်သာရှိပေမယ့် တခါတရံမှာတော့ သတိထားမိလောက်အောင်ကို လင်းပါတယ်။

    အစောဆုံးမှတ်တမ်းအနေနဲ့ Aristotle က ဘီစီ ၃၈၂ ခုနှစ်မှာရေးခဲ့ပြီး ရောမအတွေးအခေါ်ပညာရှင် Pliny the Elder နဲ့ Benjamin Franklin တို့ရဲ့ မှတ်တမ်းတွေမှာတွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ သဘာဝလေ့လာသူတွေရဲ့ မှတ်တမ်းအမြောက်အများရှိပေမယ့် ၁၈၂၃ ခုနှစ် မှာမှ မိုင်းတွင်း သစ်တွေပေါ်က အလင်းရောင်တွေဟာ မှိုတွေကြောင့်ဆိုတာ သိရတာပါ။ Foxfire ထဲက fox ကတော့ ပြင်သစ်စကားလုံးဟောင်း fols (အဓိပ္ပါယ်: false အတု) ဆီကဆင်းသက်လာတာဖြစ်ပြီး မြေခွေးကို ဆိုလိုခြင်းမဟုတ်ပါဘူး။

    ကိုးကား – Wikipedia, Britannica, Science Source

  • ရခိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရခိုင်အရေး ဆွေးနွေး

    ရခိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရခိုင်အရေး ဆွေးနွေး

    သြဂုတ်-၁ ၊ ၂၀၁၃
    ဘီဘီစီ (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။

    ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ခေါင်းဆောင်တွေပါဝင်တဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ့နဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင် အပါအဝင် ရိုဟင်ဂျာ မွတ်ဆလင် အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ အတူထိုင်ပြီး ပထမဆုံးအကြိမ် ရခိုင်အရေး ပြောဆိုခဲ့ကြပါတယ်။

    မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှအောက် လွှတ်တော် ဥက္ကဌ ဂျွန်ဘာကိုး နဲ့ ဒီကနေ့ နေလည်က တွေ့ဆုံရာမှာ အခုလို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ဒီကနေ့တွေ့ဆုံရာမှာ ဂျွန်ဘာကိုးက ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဘယ်လို အကောင်းဆုံး အဖြေရှာနိုင်မလဲ ဆိုတဲ့ ကိစ္စ အပေါ် ရခိုင်နဲ့ မွတ်ဆလင် အဖွဲ့တွေဆီက အကြံဉာဏ်တွေကို မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှုးဦးဦးစောလှက ပြောပါတယ်။

    နှစ်ဘက် ပြောကြားချက်တွေအနက် တကယ်ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အငြင်းပွားစရာ ကိစ္စတွေကို မေ့ထားပြီး လောလောဆယ် ဒုက္ခရောက်နေသူတွေ အတွက် လုပ်ငန်းတွေ လုပ်ကြမယ်ဆိုတဲ့ အပိုင်းကို သူတို့ သဘောတူကြတယ်လို့ ဦးဦးလှစောက ပြောပါတယ်။

    ဂျွန်ဘာကိုးက နှစ်ဘက် အယူအဆတွေကို နားထောင်ခဲ့ပြီး နှစ်ဘက်ကြား ကြားဝင်စေ့စပ်ညှိနှိုင်းပေးမယ့် တတိယအဖွဲ့တခုများ လိုမလားလို့ မေးမြန်းခဲ့ရာမှာ မွတ်ဆလင်တွေအဖွဲ့က လိုမယ်လို့ ပြောခဲ့ပြီး ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်အမတ် ဦးရွှေမောင်ကတော့ ဒါဟာ နိုင်ငံတော်က အဓိကထားစဉ်းစားရမှာလို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    တတိယအဖွဲ့ဟာ ဝင်ရောက်စွက်ဖက်တဲ့ အဖွဲ့မျိုး မဖြစ်သင့်ဘဲ မျှမျှတတ သဘောထားရှိသူတွေ ပါဝင်တဲ့ အဖွဲ့မျိုး ဖြစ်သင့်ကြောင်း ဒါပေမယ့် အဓိကကတော့ ဒီလိုအဖွဲ့မျိုး လိုမလို နိုင်ငံတော်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှုး ဦးဦးစောလှက ပြောပါတယ်

    Link=>http://www.bbc.co.uk/burmese/burma/2013/08/130801_rakhine_barcow.shtml

  • ကမ္ဘာတဝှမ်းရှိ အမေရိကန် သံရုံးအချို့ လုံခြုံရေးအကြောင်းပြချက်ဖြင့် လာမည့် တနင်္ဂနွေနေ့တွင် ပိတ်မည်

    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    US embassies
    “ ကမ္ဘာတဝှမ်းရှိ အချို့သော အမေရိကန် သံရုံးများနှင့် ကောင်ဆီရုံးများအား တနင်္ဂနွေနေ့ သြဂုတ်လ ၄ ရက်နေ့ တစ်ရက် ပိတ်ရန် သို့မဟုတ် လုပ်ငန်းများအား ရပ်နားရန် ညွှန်းကြားထားသည်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီဟဖ်(Marie Harf) က ကြာသပတေး နေ့က ပြောကြားခဲ့သည်။

    ထိုဆုံးဖြတ်ချက်မှာ “ကျွန်မတို့၏ ၀န်ထမ်းများနှင့် အခြားသော လာရောက်သူများ၏ လုံခြုံရေးကို ဦးစားပေး ဂရုစိုက်ခြင်းကြောင့် ဆုံးဖြတ်လိုက်ရခြင်းဖြစ်တယ်” ဟု သူမက ဆိုသည်။

    ဟဖ်က မည်သည့်ဌာနများနှင့် မည်သည့်နိုင်ငံရှိ ဌာနများကို ပိတ်မည်ဆိုသည်ကိုတော့ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိကြောင်း သို့သော်လည်း သူမက ထိုပိတ်ရခြင်းနှင့် ပတ်သက်ပြီး နောက်ထပ် ရက်အနည်းငယ်ပါ ထပ်မံ ပိတ်ချင်ပိတ်နိုင်ကြောင်း ကိုတော့ ပြောကြားသွားခဲ့သည်။

    အမေရိကန်  နိုင်ငံခြားရေးဌာန တာဝန်ရှိသူများသည် မည်သို့သော ခြိမ်းခြောက်ခြောက်လှန့်မှုများရှိသဖြင့်  ယခုကဲ့သို့ လုပ်ဆောင်ရသနည်းဆိုသည်ကိုတော့ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။

    သို့သော်လည်း ABC News သို့ အရာရှိမှုး တစ်ဦးက ပြောကြားသည်မှာ သံရုံးများကို ပိတ်ရခြင်း အကြောင်းမှာ အမေရိကန် သံရုံး နှင့် ကောင်စစ်ဝန် ရုံးများသို့ ဦးတည်၍ ပြုလုပ်သော ခြိမ်းခြောက်မှု တစ်ခုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ပြီးခဲ့သော နှစ် စက်တင်ဘာလ ၁၁ရက်နေ့က လဗ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ (Benghazi) တွင် အမေရိကန် သံရုံး တိုက်ခိုက်ခံရပြီး သံအမတ် ခရစ်စတီဗင် (Chris Stevens) အပါအ၀င် အမေရိကန် ၄ ယောက်သေဆုံးခဲ့သည်။

    MA/MA

  • ရေဘေး သတင်း

    M-Media
    သြဂုတ်လ ၂ ရက်၊ ၂၀၁၃
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)

    မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေအနေဆိုးရွားလာနေကြောင်း၊ ယခုအခါ လူပေါင်း ၃၇၀၀၀ ထိ ရေးဘေးသင့် ခံနေရပြီဖြစ်ကြောင်း၊ ကြာသပတေးနေ့ကမူ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များအရ ရေဘေးကြောင့် အနည်းဆုံး လူ တစ်ဦးသေဆုံးပြီးဖြစ်ကြောင်း၊ လာမည့် ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းဦးမည်ဖြစ်ကြောင်း သတင်းများက တင်ပြထားသည်။

    ရေဘေးကြောင့် မြန်မာ-ထိုင်းဘော်ဒါရှိ မြ၀တီမြို့မှာ အဆိုးဝါးဆုံးဖြစ်နေပြီး မြ၀တီနှင့် ကရင်ပြည်အကြားတွင်လည်း ဆိုးဝါးသည့် မြေပြိုမှု များဖြစ်ပေါ်နေသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင်မူ ဘီးလင်းမြို့မှာ ရေကြီးမှုအဆိုးဆုံးခံစားနေရသလို လူပေါင်း ၄၀၀၀ ခန့်မှာ အိုးအိမ်မဲ့မည့်အရေး ကြုံကြိုက်နေသည်။

    ရဘေးသင့်ဒေသများသို့ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း အောက်ခြေတွင် အစိုးရ အကူအညီမှာ လုံးဝထိရောက်မှုမရှိဘဲ လူသေဆုံးမှုများပါ ရှိလာကြောင်း စုံစမ်းသိရှိရကြောင်း ဧရာဝတီသတင်းဌာနက တင်ပြထားသည်။

    ရေလွှမ်းမိုးမှု အများဆုံးခံရသော ကရင်ပြည်နယ်တွင် ရေနစ်မြုပ်ခံရသော မြို့နယ် မြို့နယ်ခွဲ အုပ်စုပေါင်း ၁၂ ခုရှိရာ ရေဘေးကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦးကို ကယ်တင်ထားကြောင်း၊ လူသေဆုံးမှုမှာ ကျွဲ နွားပျောက်ရှာရာမှ သေဆုံးခြင်း၊ ကော့ကရိတ်မြို့တွင် ကလေးအချို့ရေကစားရာမှ သေဆုံးခြင်းများ ရှိနေကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာန ကယ်ဆယ်ရေးဋ္ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဧရာဝတီသို့ ပြောပြခဲ့ကြောင်း သိရသည်။

    ထို့ပြင် ဧရာဝတီသတင်းက ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရကြောင်း၊ မြို့ခံ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံရေး လုပ်ငန်းများဆောင်ရွက်နေရကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် လူသေ အလောင်းတစ်လောင်းပေါ်လာပြီး သေဆုံးသူမှာ အသက် ၃၂ အရွယ် စိတ်မနှံ့သူ ကိုစိုးသိန်းဆိုသူဖြစ်ကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မျိုးမင်းက ပြောပြခဲ့ကြောင်း တင်ပြထားသည်။

    မိုးလေ၀သနှင့်ဇလဗေဒမှ ဒါရိုက်တာ ချစ်ကျော်က လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဦးမည်ဖြစ် ၍ ရေကြီးမှုပမာဏလည်း မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။