News @ M-Media

Blog

  • မွတ်စလင်မ် မော်တော်ယာဉ်များအား သံတွဲ မ.ထ.သ နှင့် ဂွမြို့ အုပ်ချုပ်ရေးမှူးတို့မှ ကန့်သတ်တားမြစ်

    ဇူလိုင် ၃၁၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့်ဂွမြို့နယ်တို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများရှိ မွတ်စလင်မ်များပိုင်သော ယာဉ်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ပါဝင်လုပ်ဆောင်ခြင်း မရှိစေဘဲ ဘာသာရေး လူမျိုးရေးခွဲခြားမှု ကန့်သတ်မှုတို့ကို သံတွဲမြို့နယ် မ.ထ.သနှင့် ဂွမြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ပြုလုပ်နေသဖြင့် မွတ်စလင်မ်ယာဉ်ပိုင်ရှင်များမှ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးသို့ စာရေးသား တင်ပြ တောင်းဆိုလိုက်ကြောင်း သိရသည်။

    အဆိုပါ အစီရင်ခံ တင်ပြရခြင်းမှာ ဇူလိုင်လ ၂၃-ရက်နေ့ ရက်စွဲဖြင့် ဂွမြို့နယ် အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်ခဲ့သော စာတွင် သံတွဲ-ဂွ မော်တော်ယာဉ်လိုင်းတွင် ဘင်္ဂါလီ လူမျိုးများမှ ဒရိုင်ဘာ၊ စပယ်ယာများအဖြစ် လိုက်ပါ မောင်းနှင်ခြင်း မရှိစေရန် ညွှန်ကြားပေးရန် သံတွဲ မ.ထ.သ နှင့် သံတွဲ-ဂွ မော်တော်ယာဉ် ဂိတ်မှူးထံ ပေးပို့ခဲ့သည်။ ထို့ပြင် အဆိုပါစာအတိုင်း လိုက်နာဆောင်ရွက်ရန် သံတွဲမြို့နယ် မ.ထ.သ မှလည်း သံတွဲ-ဂွ မော်တော်ယာဉ်လိုင်း ဥက္ကဌထံသို့ ဇူလိုင် ၂၇-ရက် ရက်စွဲဖြင့် ထပ်မံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

    ယင်းစာတွင် ဘင်္ဂါလီလူမျိုး ဒရိုင်ဘာနှင့် စပယ်ယာများဟု ရည်ညွှန်း သုံးစွဲထားသည်မှာ ယခုလက်ရှိ မောင်းနှင်နေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ရည်ညွှန်းသည်ဖြစ်သည့် အတွက် ဘာသာလူမျိုးခွဲခြားမှု ပြုလုပ်ခြင်းဖြစ်သည်။ ယခုလက်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား တရားဝင် လက်ဝယ်ရှိသော သူများဖြစ်ကြပြီး ဘင်္ဂါလီလူမျိုး သက်သက်မဟုတ်ဘဲ ကမန်လူမျိုး၊ ကမန်-ဘင်္ဂါလီ လူမျိုးများသာဖြစ်ကြောင်းသိရသည်။

    ဤကိစ္စနှင့်စပ်လျဉ်း၍ “ကျွန်တော်တို့က ကမန်တွေပါ။ ဘင်္ဂါလီလည်းမဟုတ်ဘူး။ ပြီးတော့ ဒီလို အုပ်ချုပ်ရေးမှူးနဲ့ မ.ထ.သ က လုပ်တာဟာ ကျွန်တော်တို့တွေကို လူမျိုး၊ ဘာသာအရရော၊ စီးပွားရေးအရရော ခွဲခြားဖိနှိပ်လိုက်တာပါ။ အစိုးရလက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၈ မှာ ‘နိုင်ငံသားတစ်ဦးဦးအား လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုရ’လို့ ပြဌာန်းပါရှိတယ်။ အခုလို စာထုတ်ပြီး မော်တော်ယာဉ်လိုင်းမှာ မွတ်စလင်မ်တွေ ပါဝင်ခြင်းမရှိစေရန် ဖိအားပေးတာဟာ အခြေခံဥပဒေကို ဖောက်ဖျက် ကျူးလွန်တာပါ။

    ဒါကြောင့် ကျွန်တော်တို့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူးဆီကို စာတင်ပြီး တွေ့ဆုံညှိနှိုင်းပေးဖိုတောင်းဆိုတာပါ။” လို့ သံတွဲမော်တော်ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက M-Media မှ ဆက်သွယ်မေးမြန်းချက်မှာ ပြောပြခဲ့ပါတယ်။

    gwa

    gwa2 gwa3

     

  • ပြည်သူ၊ သံဃာ၊အတိုက်ခံ အားလုံးရှုံးပြီး အာဏာရှင် အမြတ်ထွက်တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေး မစ်ရှင်

    ဇူလိုင်-၃၁၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်-ရန်လင်းဖြိုး

    ca-june-08-2012

     

    လူတစုတဖွဲ့ ဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို စောင့်ထိန်းမယ်၊ ကိုယ့်ဘာသာ သာသနာအတွက် ရပ်တည်မယ်ဆိုရင် အဲ့ဒီ ဘာသာ သာသနာနဲ့  ပတ်သက်ပြီး ဂုဏ်ယူမှ၊ အထင်ကြီးမှ၊ လေးစားမှ ရပ်တည်မှာပါ။

    အမေရိကန်လူမျိုးတွေက လူဖြူတွေမပြောနဲ့ မြန်မာပြည်ကသွားတဲ့ လူတွေတောင် အမေရိကကို ရောက်ပြီး နှစ်အနည်းငယ်နေလို့  နိုင်ငံသားရပြီးသွားရင် အမေရိကန်ဆိုပြီး ဂုဏ်ယူကြတယ်။ အတော်များများ လက်မထောင်ကြတယ်။ တခြား ချမ်းသာတဲ့ နိုင်ငံတွေ မှာမွေးတဲ့ မြန်မာကလေးတွေတောင် လူမျိုးဘာလဲဆိုရင် အမေရိကန်၊ ကနေဒီယန်၊ သြစီ စသဖြင့်ပြောတယ်။ မြန်မာမဟုတ်ဘူးလားမေးရင် မဟုတ်ဘူးလို့ ဖြေတဲ့ ကလေးတွေ အများကြီး တွေ့ ဖူးတယ်။ သူ့ မွေးတဲ့နိုင်ငံ၊ သူကြီးပြင်းလာတဲ့နိုင်ငံကို အထင်ကြီး ဂုဏ်ယူလို့ ပါ။ မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်မယူချင်တဲ့ (သို့ ) ဂုဏ်မယူနိုင်တဲ့ ကလေးတွေကို အပြစ်တင်လို မရပါဘူး။ တဖက်မှာ သူတို့ ကြီးပြင်းလာတဲ့နိုင်ငံက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့တိုင်းပြည်။ တဖက်မှာတော့ သူ့ မိဘကြီးပြင်းလာတဲ့ မြန်မာပြည်ဆိုတာ တီဗွီမှာလာရင်လည်း ဒုက္ခ၊ ကွန်ဖရင့်တွေလုပ်ရင်လည်း ဒုက္ခသည်အကြောင်း၊ ပြဿနာတွေ၊ စစ်ပွဲတွေ၊ ဒုက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ချည်းဆိုတော့ ကလေး တွေက မြန်မာလူမျိုးဆိုပြီး မယူဆသလို မြန်မာလဲမဖြစ်ချင်ပါဘူး။ သူငယ်ချင်းတွေနဲ့  စကားပြောတဲ့အခါ ငါက အဲ့လို စုတ်ပြတ်တဲ့ တိုင်းပြည် ကလာတာဆိုပြီး ဂုဏ်ယူမှာ မဟုတ်ပါ ဘူး။ သူဂုဏ်ယူနိုင်ဖို့ ၊ သူဝင်ဆံ့နိုင်ဖို့  သူဟာ ဂုဏ်ယူစရာကောင်းတဲ့၊ ကမ္ဘာပေါ်မှာ အင်အားအကြီး ဆုံး၊ အတော်ဆုံးသိပ္ဗံပညာရှင်တွေထွက်တဲ့၊ အားကစားသမားတွေ ထွက်တဲ့၊ မင်းသားမင်းသမီး အဆိုတော်တွေထွက်တဲ့ တိုင်းပြည်က လူတယောက် ဆိုပြီးမှပဲ သူရပ်တည်မှာပါ။

    သူဂုဏ်ယူဝင့်ကြွားလို့ ရမှပဲ အဲ့ဒီတိုင်းပြည်၊ အဲ့ဒီလူမျိုးအနေနဲ့ ရပ်တည်မှာ၊ ဂုဏ်ယူမှာ၊ တွယ်တာမှာပါပဲ။ သိမ်ငယ် စရာကောင်းတဲ့၊ စိတ် ပျက်စရာကောင်းတဲ့ကိစ္စနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကိုတွယ်ပြီး မရှိတဲ့ဂုဏ်ကို ဖက်ထားမှာ မဟုတ်ပါဘူး။ သူနဲ့ မဆိုင်ဘူးလို့ သတ်မှတ်တဲ့ တိုင်းပြည်အတွက်လည်း သူရပ်တည်မှာမဟုတ်ပါဘူး။

    ဒီကလေးရဲ့ ဥပမာဟာ တို့ နဲ့ မဆိုင်ဘူးလို့ ယူဆတယ်ဆိုရင် နောက်ဥပမာတခု ပေးပါရစေ။ မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောကြတယ်။ ဘာဖြစ်လို့ ဂုဏ်ယူကြတာလဲ။ ကမ္ဘာပေါ်မှာ အဆိုးဆုံး စစ်အစိုးရရှိလို့ ၊ ဒုက္ခသည်တွေအများဆုံးထွက်တဲ့ တိုင်းပြည်ဖြစ်လို့ ၊ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနဲ့  ပြဿနာအများဆုံးဖြစ်နေတဲ့ တိုင်းပြည်ဖြစ်လို့ ဆိုပြီး ဂုဏ်ယူကြတာ မဟုတ်ပါဘူး။ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့ တဲ့၊ အကြင်နာတရားကြီးမားတဲ့၊ ငြိမ်းချမ်းတဲ့၊ ကြီးသူရိုသေငယ်သူလေးစား၊ ဘာသာတရားကို တန်ဖိုးထားတဲ့ လူမျိုးဖြစ်တဲ့အတွက် မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောကြတာပါ။

    ဂုဏ်ယူစရာရှိလို့  ဂုဏ်ယူကြသလို ကိုယ်ဂုဏ်ယူတဲ့ တိုင်းပြည်နဲ့  လူမျိုးအတွက် ရပ်တည်ကြတာ၊ ကာကွယ်ကြ တာပါ။

    အခုလုပ်နေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ မြန်မာတွေကို ဂုဏ်ရှိအောင် လုပ်နေတာလား၊ ဂုဏ်ကျဆင်းအောင်လုပ်နေတာလားဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ အခုဖြစ်နေတဲ့ မွတ်စလင်မ်ဆန့် ကျင်ရေးအတွက် မြန်မာတွေ ဂုဏ်တက်လာသလားဆိုတာ မေးချင်ပါတယ်။

    ရခိုင်ကစတဲ့ပြဿနာ မိထ္ထီလာ၊ ဥက္ကံနဲ့  လားရှိုး အကြမ်းဖက်မှုတွေ အပြီး မြန်မာနဲ့  ဗုဒ္ဓဘာသာ အဆင့် ဘယ်ကို ရောက်သွားပြီလဲ။

    မြန်မာလူမျိုးဟာ အစိုးရဘယ်လောက်ဆိုးဆိုး သည်းခံတတ်တဲ့၊ ခင်မင်စရာကောင်းတဲ့၊ ကြင်နာတတ်တဲ့ လူမျိုးဖြစ်တယ်ဆိုပြီး ကမ္ဘာက အရင်ကသတ်မှတ်ထားခဲ့တယ်၊ ကိုယ်ချင်းစာခဲ့တယ်။ အခု မြန်မာတွေကို ကမ္ဘာက ခွဲခြားဆက်ဆံတဲ့ racist တွေလို့  မြင်ကုန်ပြီ။ မိထ္ထီလာ ကိစ္စမှာ ရက်ရက်စက်စက် သတ်သူကသတ်၊ အဲ့ဒါကို အားရ၀မ်းသာ လက်ခုပ်တီးကြတဲ့ မြန်မာတွေကို ကမ္ဘာက အကြင်နာ တရားကင်းတဲ့ လူတွေလို့  သတ်မှတ်ကြပြီ။ ချစ်စရာကောင်းတဲ့၊ အေးချမ်းတဲ့ လူမျိုးဆိုတဲ့ ဂုဏ်က တစစီ ဖြစ်သွားပြီ။

    ဗုဒ္ဓဘာသာဆိုတာ ဘယ်တုန်းကမှ အဆိုးအပြောမခံခဲ့ရပေမဲ့ ခုတော့ အကြမ်းဖက်၊ အစွန်းရောက်၊ လူသတ်သမား စတဲ့ စာလုံးတွေနဲ့  ဗုဒ္ဓဘာ သာကို သုံးကုန်ကြပြီ။

    ပြည်သူတွေအတွက် အနစ်နာခံတဲ့အတွက် အကြည်ညိုခံထိုက်တယ်လို့  ကမ္ဘာက သတ်မှတ်ထားတဲ့ သံဃာထုတရပ်လုံးကိုလည်း အကြမ်းဖက်သမားတွေ၊ မုန်းတီးရေးသမားတွေကို မြင်ကုန်ကြပြီ။

    ဓားတ၀ံ့ဝံ့နဲ့ ဘုန်းကြီးတွေရဲ့ ပုံတွေ၊ မွတ်စလင်မ်တွေ ငိုနေတဲ့ပုံတွေ အသက်လုပြေးနေတဲ့ဓာတ်ပုံတွေထွက်လာချိန်မှာ အားရ၀မ်း သာ လက်သီးလက် မောင်းတန်းပြီး မွတ်စလင်မ်ဆန့် ကျင်ရေးဆန္ဒပြပွဲဆင်နွဲနေတဲ့ ရာပေါင်းများစွာသော ဘုန်းကြီးတွေရဲ့  ဗီဒီယိုမှတ်တမ်းတွေဟာ ၂၀၀၇ တုန်းက သံဃာထုရခဲ့တဲ့ ကမ္ဘာ့အသိအမှတ်ပြုမှုတွေကို တစစီ ချွေမွလိုက်တာပါပဲ။

    ဗုဒ္ဓဘာသာနဲ့  မြန်မာလူမျိုးကိုတွဲပြီး လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးလို့ ပြောခဲ့ပေမဲ့ ခုတော့ မြန်မာဆိုတာရော ဗုဒ္ဓဘာသာ ဆို တာရော ဂုဏ်သိက္ခာကျသွားပြီ။ ကျသွားတာမှ အဆိုးစွန်ထိကျသွားတာပါ။ ထိုင်းနိုင်ငံကဘုန်းကြီးတွေလို အာဂတိလိုက်စားတဲ့၊ ကိုယ်ကျင့် တရားဖောက်ပျက်တဲ့၊ ၀ိနည်းနဲ့ မညီတဲ့ဘုန်းကြီးတွေလောက်ထက်မကပါဘူး။ အကြမ်းဖက်လူသတ်မှုမှာ ကိုယ်တိုင် ပါဝင်တယ်ဆိုတဲ့ အထိ ဂုဏ်သိက္ခာကျဆင်းသွားတာပါ။ သင်္ကန်းဝတ်ကြီးနဲ့  ပြေးနေတဲ့မွတ်စလင်မ် တယောက်ကို နောက်ကနေ ဓားနဲ့ လွားခနဲခုတ်လိုက်တဲ့ ဗီဒီယို ဟာ အဲ့ဒီအခန်း ၁၀ စက္ကန့် လောက်ပဲရှိပေမဲ့ တကမ္ဘာလုံးကို မြင်သွားစေပါတယ်။

    မျိုးစောင့် ဥပဒေဆိုတာလည်း ဘာသာတခုကို ဆန့် ကျင်တဲ့ ကမ်ပိန်းသာမက အမျိုးသမီးတွေကိုပါ ဖိနှိပ်တဲ့ဥပဒေဆိုပြီး ဖြစ်ပြန်တယ်။ အမျိုး သမီးတွေကို တုံးအတဲ့လူတွေ၊ ဆင်ခြင်ဥာဏ်အားနည်းတဲ့လူတွေလို့ ဆိုတာရယ်၊ အမျိုးသမီးတွေရဲ့  ခင်ပွန်း ရွေးချယ်ခွင့်ကို အဓမ္မနည်းနဲ့  ပိတ်ပင်တာတွေဖြစ်လာတော့ မြန်မာတွေဟာ အမျိုးသမီးကိုဖိနှိပ်တဲ့ လူတွေအသွင် ဖြစ်သွားကြပြန်တယ်။ ဘာသာရေးလည်း အစွန်းရောက်၊ တပါးဘာသာကို ရန်လို၊ အကြမ်းကလည်းဖက်၊ အမျိုးသမီးတွေကိုလည်းဖိနှိပ်တော့ မျိုးစောင့်လိုင်းတင်တဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ ဟာ တာလီဘန်များနဲ့ တထပ်တည်းနီးပါး ဖြစ်နေပါတော့တယ်။

    မျိုးစောင့် လှုပ်ရှားမှုဟာ မြန်မာတွေ သည်းခံ၊ ယဉ်ကျေး၊ ငြိမ်းချမ်း၊ ခွင့်လွတ်၊ နားလည်မှုရှိပါတယ်ဆိုတဲ့ အချက်တွေကို လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်တာပါ။ အခုဆိုရင် မြန်မာတွေကို မသည်းခံ၊ မယဉ်ကျေး၊ မငြိမ်းချမ်း၊ မခွင့်လွတ်၊ နားလည်မှုမရှိ ဆိုတာတွေနဲ့ ပဲ ကမ္ဘာကတွဲမြင်ပါတော့ တယ်။  မြန်မာတွေ ဂုဏ်ယူစရာရှိသမျှကို လုံးဝ ချွေမွလိုက်တာပါပဲလို့  ဆိုရလိမ့်မယ်။

    မြန်မာတွေ ဗုဒ္ဓဘာသာပြည်သူတွေရှုံးပေမဲ့ အနိုင်ရသွားတဲ့လူတွေတော့ရှိတယ်။ ပွဲမပြီးပေမဲ့ စစ်အုပ်စုနိုင်သွားပါပြီ။ ဘာကြောင့်လဲ?

    နှစ်ပေါင်း ၂၀ လုံးလုံး အစိုးရက နည်းမျိုးစုံနဲ့  သတ်ဖို့ ကြိုးစားပေမဲ့ မသေခဲ့တဲ့ BBC၊ VOA၊ RFA၊ DVB၊ Irrawaddy စတဲ့ ပြည်ပသတင်း ဌာနတွေ အခုတော့ သေသွားပြီ။ ဘင်္ဂလီငွေယူ၊ ဆော်ဒီငွေယူပြီး တိုင်းပြည် ရောင်းစားတယ်ဆိုပြီး ပြည်သူတွေကိုယ်တိုင်က ယူဆသွား ကြပြီ။ ဒီသတင်းဌာနတွေဟာ မြန်မာစစ်အစိုးရ အကြောက်ဆုံး ဌာနတွေဖြစ်တယ်။ အစိုးရက မျက်စိပိတ် နားပိတ်ပြည်သူတွေကို လိမ်ချင် တိုင်း လိမ်လို့ မရအောင် သတင်းတွေထုတ်ပြန်ပေးခဲ့တဲ့အတွက် အစိုးရ အမုန်းဆုံး သတင်းဌာနတွေ။

    နိုင်ငံတကာအဖွဲ့ အစည်းတွေဟာလည်း စစ်အစိုးရ လက်ထက် စစ်အစိုးရရဲ့  ယုတ်မာမှု၊ အကြမ်းဖက်မှု၊ ညှင်းပမ်း နှိပ်စက်မှုတွေကို အမြဲထောက်ပြ ဝေဖန်ပြီး နိုင်ငံတကာမှာ မြန်မာအစိုးရကို အကျပ်အတည်း ရိုက်စေခဲ့တယ်။ ဒီအဖွဲ့ တွေကို ပြည်သူတွေ အားကိုးခဲ့တယ်။ အဲ့ဒီ ပြည်သူတွေရဲ့  ကျောထောက် နောက်ခံအဖွဲ့ တွေကို ပြည်သူတွေ ကိုယ်တိုင်က ကုလားဘက်လိုက်တဲ့ အချုပ်အခြာ အာဏာကို ကျူးကျော်တဲ့ အဖွဲ့ တွေအဖြစ် မြင်သွားကြပြီ။

    ဒေါ်အောင်ဆန်းစုကြည်ဆိုတာ စစ်အစိုးရရဲ့  ရန်သူ နံပါတ် ၁။ သူ့ ရဲ့နောက်မှာ တကမ္ဘာလုံးရှိတယ်။ အစိုးရတွေ၊ အတိုက်အခံပါတီတွေ၊ လူအခွင့်အရေးအဖွဲ့ ၊ ဘာသာရေးအဖွဲ့ ၊ တက်ကြွလှုပ်ရှားသူ အဖွဲ့ စသဖြင့် အဖွဲ့ တွေ။ ရခိုင်နဲ့  မွတ်စလင်မ်ကိစ္စတွေဖန်တီးပြီး၊ သူအကျပ်အ တည်းဖြစ်အောင်တွန်းပြီး သူ့ ကို စင်ပေါ်တင်တဲ့အခါ သူ့ အကျပ်အတည်းကြောင့် ရှောင်ရှားဖြေရတဲ့ မွတ်စလင်မ်တွေကလည်း သူ့ ကိုမ ယုံတော့သလို၊ ဗုဒ္ဓဘာသာတွေကလည်း သူ့ ကို မွတ်စလင်မ် ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲကြတယ်။ သူပြောလို့ မရတာကို မပြောရမလား ဆိုပြီး နိုင်ငံတကာကလည်း ဝေဖန်ကြတယ်။ နောက်ဆုံးတော့ စစ်အစိုးရရဲ့  ရန်သူ နံပါတ် (၁) ဖြစ်တဲ့ တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာရော ပြည်ပမှာရော ထောက်ခံမှု ကျဆင်းသွားတယ်။

    မင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် အတိုက်အခံတွေကိုလည်း နိုင်ငံတကာက အယုံအကြည်လျော့သွားတယ်။ သူတို့ ကို နှစ်ပေါင်း ၂၀ ကျောထောက် နောက်ခံပေးခဲ့တဲ့ နိုင်ငံတကာက သူတို့ ကို ဆက်ပြီး ထောက်ခံဖို့ ဆိုတာ တော်တော်စဉ်းစားလိမ့်မယ်။

    အရေးအကြီးဆုံးအနေနဲ့  သံဃာထုရဲ့ နိုင်ငံတကာ လက်ခံမှု အသတ်ခံရတယ်။ ၂၀၀၇ တုန်းက သံဃာလှုပ်ရှားမှု ကြောင့် သံဃာထု အင်အားတောင့်လာသလို နိုင်ငံတကာကလည်း သံဃာထုနောက်မှာ ရှိခဲ့တယ်။

    ခုချိန်မှာ သံဃာတော်တချို့ က မဟုတ်တာတွေလုပ်၊ သံဃာတော်ကြီးလို့  မှတ်ယူရသူတွေက ထောက်ခံ၊ ဒါမျိုးတွေကြောင့် သံဃာထုကို နိုင်ငံတကာက အယုံအကြည်လျော့လာတာအပြင် အကြမ်းဖက်သမားတွေကို မြင်လာတယ်။

    ဒီအခြေအနေအားလုံးကိုပေါင်းကြည့်လိုက်ပါ။

    စစ်အစိုးရရဲ့ ရန်သူတွေမှန်သမျှ အသတ်ခံလိုက်ရပြီ။ ပြည်ပမီဒီယာ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာ အဖွဲ့ အ စည်း၊ ၈၈ နဲ့  အတိုက်အခံအင်အားစု၊ သံဃာထု။ ခုချိန်ခါ ၈၈ လို အရေးတော်ပုံစဖြစ်မယ်ဆိုရင် ဘယ်သူက ဘယ်သူ့ ကိုကူပြီး ဘယ်လိုလုပ်မလဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကတည်ဆောက်ထားတဲ့ ပြည်သူ-ပြည်ပမီဒီယာ- နိုင်ငံတကာ အဖွဲ့ အစည်း-အတိုက်အခံ-သံဃာ ဆိုတဲ့ ဆက်နွယ်မှု တခုလုံးဟာ အခု အသတ်ခံ လိုက်ရပြီဖြစ်တဲ့အတွက် အဲ့ဒီဆက်နွယ်မှုရဲ့  ကြံ့ခိုင်မှုမရှိပဲ အစိုးရကို အံ့တုနိုင်ပါ့မလား။

    ပြည်သူတွေအတွက်တော့ ဂုဏ်သိက္ခာနဲ့  ရင်းလိုက်ရတယ်။ အဲ့ဒီအရင်းအနှီးအတွက် အကျိုးရလဒ်ကတော့ ပြည်သူတွေ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အစိုးရကိုတိုက်ပြီး ပြည်သူတွေရဲ့  ဂုဏ်၊ တိုင်းပြည်ရဲ့  သိက္ခာကို ပြန်ဆယ်မဲ့ တော်လှန်ရေးအတွက် ဆက်နွယ်မှု ကွန်ယက် ဖျက်ဆီးခံလိုက်ရတာပါပဲ။

    ဓါတ်ပုံ Credit => ကာတွန်းဟန်လေး

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားရွေှ့ပြောင်းရန် အတွက် သင်္ချိုင်းကော်မတီအား အာဏာပိုင်မှ ခေါ်ယူတွေ့ဆုံ

    ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားရွေှ့ပြောင်းရန် အတွက် သင်္ချိုင်းကော်မတီအား အာဏာပိုင်မှ ခေါ်ယူတွေ့ဆုံ

    ဇူလိုင် ၃၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    ရမည်းသင်း ။ ။ ရမည်းသင်းမြို့ရှိ မွတ်စလင်မ်သုဿာန် (ကဘာရ်စတာန်)အား ရွှေ့ပြောင်းရန်အတွက် အိုလမာ(သာသနာ့ပညာရှင်များအဖွဲ့)နှင့် သင်္ချိုင်းကော်မတီအား ရမည်းသင်းမြို့နယ် စည်ပင်သာယာမှ မနေ့က မနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ ရမည်းသင်းမြို့သို့ ဆက်သွယ်ခဲ့ရာ – “ဟိန္ဒူရယ်၊ ဗုဒ္ဓရယ်၊ တရုတ်ရယ်က အရင်တုန်းကတည်းက ပေါင်းပြီး သဂြိုဟ်ကြတာ။ လွန်ခဲ့တဲ့ ၂၃-ရက်နေ့ကတော့ သူတို့က ရွှေ့သွားပြီ။ မီးသဂြိုဟ်စက်ရော။ မြို့ရဲ့ အနောက်ဘက် ၅-မိုင်လောက်ဝေးတယ်။ မနေ့ကတော့ စည်ပင်ကခေါ်ပြောတယ်။ မွတ်စလင်မ်သင်္ချိုင်းကို ရွှေ့ဖို့ပြောတယ်။ ဇွတ်တော့ မတိုက်တွန်းဘူး။ စည်ပင်ဥပဒေ အရ ရွှေ့ရမယ်လို့ပြောတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ရှိနေတယ်။ ကျွန်တော်တို့က လက်မခံနိုင်ဘူးဆိုတာတော့ ပြောပြခဲ့တယ်။ မွတ်စလင်မ်သင်္ချိုင်းက နေရာ အကျယ်ကြီးကျန်သေးတယ်။ ကျွန်တော်တို့တွေက မြေမြှုပ်သဂြိုဟ်တာမှာ အုတ်ဂူနဲ့မဟုတ်တော့ နေရာအများကြီး ဆန့်တယ်။ ပြီးတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေက သုဿာန်ကို အလေးအမြတ်ထားကြတယ်။ အခုလို နေရာရွှေ့ခိုင်းတာက မဖြစ်သင့်ပါဘူး။ လွှတ်တော်နဲ့ နိုင်ငံတော် သမ္မတကြီးဆီကိုလည်း ဒီအကြောင်းအရာ ထပ်တင်မှာပါ။

    ဒီသုဿာန်က လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်ကတည်းက ရှိနေတာပါ။ ပတ်ဝန်းကျင်မှာလည်း မွတ်စလင်မ်တွေများတယ်။ နောက်တစ်ခုက သန့်သန့် ရှင်းရှင်း သပ်သပ်ရပ်ရပ်၊ အုတ်တံတိုင်းနဲ့ ဘာအနှောက်အယှက်မှမဖြစ်ပါဘူး။ လက်ရှိ ရှိတာက ဗမက အနောက်ရပ်ကွက်မှာ အခုရွေှ့ခိုင်းတဲ့နေရာက မြို့ အနောက်ဘက်မှာ မြေမြှုပ် သဂြိုဟ်လို့ အဆင်ပြေတဲ့နေရာမဟုတ်ပါဘူး။ လယ်မြေတွေဖြစ်ပြီး မြို့နဲ့လည်း ဝေးတယ်။ သုဿာန်ကို တန်ဖိုးထားကြတဲ့ ကျွန်တော်တို့တွေ အတွက် သုဿာန်ဆိုတာ အဲဒါ ရွှေ့ပြောင်းလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရွေှ့ဖို့အတွက် ကျွန်တော်တို့ လက် မခံတာပါ”လို့ ရမည်းသင်းမြို့ခံမှ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

  • သမ္မတဦးသိန်းစိန် ဗြိတိန်အောက်လွှတ်တော်ဥက္ကဌအား လက်ခံတွေ့ဆုံ

    M-Media

    နေပြည်တော် ဇူလိုင် ၃ဝ၊၂၀၁၃

    20130730-2-5နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ ညနေ ၃ နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်း သမ္မတရုံး အင်တာနက်စာမျက်နှာက ဖော်ပြထားသည်။

    ထိုသို့တွေ့ဆုံရာ၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ဒေသ အချို့တွင် ဖြစ်ပွားခဲ့သော နှစ်ဖက် လူ့အဖွဲ့အစည်း နှစ်ရပ် အကြား ပဋိပက္ခ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ် ချမှတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားသော အကူအညီများ အဆင်ပြေ ချောမွေ့အောင် ပေးအပ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

    သမ္မတဦးသိန်းစိန်က မြန်မာပြည်တွင် အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်းနှင့် ရခိုင်အပါအ၀င် အခြားဒေသများ၌ ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများမှာ ရာဇ၀တ်မှု တစ်ခုအပေါ် အခြေခံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ မှ သွေးထိုးလှုံဆော်မှု များကြောင့် ပြဿနာကြီး ထွားခဲ့ကြောင်း၊  ယခုအခါ တည်ငြိမ် အေးချမ်းအောင် ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား လူမျိုး/ဘာသာမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

    နိုင်ငံတော်သမ္မတရုံးက ထိုပဋိပက္ခများ စဖြစ်ကတည်းက ပြည်တွင်းပြည်ပသွေးထိုး လှုံဆော်မှုများကြောင့် ပြဿနာ ကြီးထွားလာသည်ဟု တွင်တွင်ပြောနေသော်လည်း ယခုအချိန်ထိ ပြဿနာ ကြီးထွားအောင် ပြုလုပ်ခဲ့ကြသည့် သွေးထိုး လှုံဆော်သူများကို အများပြည်သူရှေ့မှောက် တရားဝင် ချပြခြင်းမျိုး မရှိသေးပေ။

    သတင်းဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး

     

     

     

  • ဗုဒ္ဓဂါယာ ပေါက်ကွဲမှု့ နှင့် ပတ်သက်၍ ကျောင်းဆောင် ထိန်းသိမ်းရေး အတွင်းရေးမှူးဟောင်းများကို စစ်ဆေးမည်

    ဇူလိုင်-၃၁-၂၀၁၃
    M-Media
    Ref: India Times

    ဘုရား ကျောင်းဆောင် ထိန်းသိမ်းရေး ဌာနမှ အတွင်းရေးမှုးဟောင်းများအား ဗုဒ္ဓဂါယာအတွင်း ပေါက်ကွဲမှုဖြင့် ပတ်သက်၍ NIA မှ စုံစမ်းမည်

    gaya

    GAYA: ဗုဒ္ဓဂါယာတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှု၏ အဓိက သံသယရှိသူမှာ IM (အိန္ဒိယ မူဂျာဟစ်ဒ်) များဖြစ်သော် လည်း NIA (အိန္ဒိယအမျိုးသားကာကွယ်ရေး အေဂျင်စီ) ၏ စုံစမ်းစစ်ဆေးခြင်းမှ ရရှိခဲ့သော အချက်အလက်များအရ ဗုဒ္ဓဂါယာ ဘုရားကျောင်း ဆောင် ထိန်းသိန်းရေး ကော်မတီ (Bodh Gaya Temple Management Committee (BTMC)) ၏ အတွင်းရေးမှုးဟောင်း ၂ ဦးအား စုံစမ်းမည်ဖြစ်ကြောင်း သိရသည်။ ထို အတွင်းရေးမှုးဟောင်းများ သည် ယခင်က အလုပ်လုပ်ဆောင်ခဲ့ချိန်တွင် ရန်ငြိုးထားစရာ အကြောင်းများရှိခဲ့ကြောင်း နှင့် သူတို့၏ အကျင့်ပျက် လုပ်ဆောင် ချက်များကြောင့် သူတို့အား တရားဝင်ကြေငြာခြင်း မရှိဘဲ အလုပ်ထုတ်ပယ် ခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။

    ၎င်း အတွင်းရေးမှုး ၂ ဦးအနက် တစ်ဦးသည် ဗုဒ္ဓတရားကျင့်ကြံခဲ့သော မြင့်မြတ်သည့် ဗောဓိညောင်ပင် ရှိ သစ်ကိုင်းများအား သဘာဝအတိုင်း မဟုတ်ဘဲ ကြွေကျအောင် လုပ်ဆောင်ခဲ့ပြီး ထို သစ်ကိုင်းများအား တန်ဖိုးတစ်ခုသတ်မှတ်ကာ ရောင်းချခဲ့သည် ဟု သိရသည်။ နောက်တစ်ဦးမှာ ဘုရားဗိမာန်တော်အား တားမြစ်ထားချိန်များတွင် နိုင်ငံခြားသား အုပ်စုများအတွက် ဖွင့်လှစ် ၀င်ခွင့်ပေးခဲ့သည် ဟု ဆိုသည်။ ရာဂျစ်ဗ်ဂူဘာ (Rajiv Gauba) ခရိုင်ရုံးတော်မှ ညွှန်ကြားချက်ဖြင့် ထိုအဖြစ်အပျက်များအား စစ်ဆေးရာ  စွပ်စွဲချက်များသည်  အမှန်ပင်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့သော အတွင်းရေးမှုးများအား တာဝန်မှ ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။

    ပြည်ထဲရေး ၀န်ကြီးဌာန၏ ၀န်ကြီး ဆူရှလ်ကူမားရှနှ်ဒ် (Sushil Kumar Shinde) က တင်ပြခဲ့သော ပေါက်ကွဲမှု အား ဖြစ်စေသည့် အကြောင်းအရာတွင် “ပြည်တွင်းလူမှုရေးဆိုင်ရာ အချက်အလက် ပါဝင်သည်” ဆိုသောခေါင်းစဉ်အပေါ်၌ စုံစမ်းရရှိခဲ့သော အချက်အလက်များက ထောက်ခံလျက်ရှိသည်။  အကြောင်းမှာ အစိုးရဌာနများသည် အဆိုပါ လူမှုရေးဆိုင်ရာ NGO ၏ အဆောက်အဦး၌  လျို့ဝှက်စခန်း ရှိနေပုံအား သိရှိခဲ့ရကြောင်း။ ထို NGO ဌာနအား စီမံခန့်ခွဲသူများ ယခင်က အတွင်းရေးမှုးဖြစ်ခဲ့ဖူးသူ ပင်ဖြစ်သည်။ ဗုဒ္ဓဘုရားဗိမာန်တော်နှင့် အနည်းငယ်သာ ကွာဝေးသော နေရာတွင် NGO အဖွဲ့သည် ရှိနေခဲ့ပြီး လျှို့ဝှက်စခန်းနှင့် ပတ်သက်၍ အချက်အလက်များအား အတည်ပြုနေဆဲဖြစ်သည်။

    မတူညီသော ဌာနများက အားလုံးနီးပါး သဘောတူထားသော အချက်မှာ ထိုအဖျက်လုပ်ငန်းကို လုပ်ဆောင် သူမှာ အိန္ဒိယမူဂျာဟစ် (IM) နှင့် ယင်းကဲ့သို့ အခြားသော အကြမ်းဖက်သူများ ဖြစ်နိုင်ကြောင်းဆိုသည်။ သို့သော်ငြား အကြံဉာဏ်၊ သတင်းအချက်အလက်များ ကို ပေးအပ်သူသည် ပြည်တွင်းမှ လူများပင်ဖြစ်လိမ့်မည်ဖြစ်ဖြစ်နိုင်ပြီး သူတို့သည် ငွေရေးကြေးရေးကြောင့် ပေးအပ် ရသည် သို့မဟုတ် လက်စားချေရန်လည်း ဖြစ်နိုင်ပေသည်။

    ထိုသို့ ပြည်တွင်း အဆက်အသွယ် ရှိမှသာလျှင် ဖောက်ခွဲရေး ပစ္စည်းများကို ဘုရားဗိမာန်တော် သို့ လွယ်လွယ်ကူကူ တင်သွင်း လာနိုင်မှာဖြစ်ပြီး၊ ဗိမာန်အတွင်းမှ ဖောက်ခွဲရေးပစ္စည်းတပ်ဆင်သူများ လည်း လွယ်လွယ်ကူကူ တိမ်းရှောင်နိုင်မှာဖြစ်သည်။

    ထို့အတူ အဖျက်သမားများသည် အရေးပါသည့် နေရာအားလုံး၊ ဗိမာန်အ၀င်ဝ နှင့် မြင့်မြတ်သည့် ဗောဓိညောင်ပင် အနီးတွင် တပ်ဆင်ထားသော အလုပ်လုပ်နေသည့် CCTV ကင်မရာ ၁၅ လုံးအားလည်း အောင်မြင်စွာ ကျော်ကွင်းသွားနိုင်ခဲ့သည်။ ဘုရားကျောင်းဆောင် ကော်မတီမှ အန်ဒေါဂျီ (N Dorje) က ပေါက်ကွဲမှုပြီးပြီးခြင်းပင် TOI သို့ ပြောကြားခဲ့သည်မှာ အဖျက်သမားများသည် ကင်မရာမှ မမြင်နိုင်သည့် အကွာအဝေးကို မှန်းဆချိန်ရွယ်ကာ အလုပ် လုပ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းဖြစ်သည်။ ထို့ကြောင့် ထိုကင်မရာများ၏ နေရာများနှင့် သူတို့က ဘယ် အတိုင်းအတာထိ မြင်နိုင်ကြောင်း ပြောပြခဲ့သည်မှာ မည်သူဖြစ်မှာလဲဆိုသည်မှာ စဉ်းစားစရာပင် မလိုသော အရာပင်ဖြစ်နေသည်။