News @ M-Media
Blog
  • ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်း (သို့) Øresund တံတား
    ဇူလိုင်-၂၈၊၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ- မိုးတိမ်
    M-Media ရဲ့ Knowledge အစီအစဉ်အနေနဲ့ ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
    panorama-Oresund-Bridge-Lin
    Øresund ခေါ် Öresund တံတားဟာ ဥရောပက မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen နဲ့ ဆွီဒင်နိုင်ငံရဲ့ မြို့ကြီး Malmö တို့ကို အထပ်နှစ်ထပ်နဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းပါ။ ရထားလမ်းရောကားလမ်းပါ ပါဝင်ပြီး ရေပေါ် တံတားအနေနဲ့တစ်ပိုင်း ရေအောက်လှိုင်ဂူအနေနဲ့ တစ်ပိုင်းတည်ဆောက်ထားပြီး ထိုအမျိုးအစားတွေထဲက အကြီးဆုံး တံတားတစ်ခုဖြစ်ပါတယ်။
    ၁၉၉၅ မှာ စတင်တည်ဆောက်ပြီး ၁၉၉၉ မှာ ပြီးစီးသွားတဲ့ တံတားကို ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ စတင်အသုံးပြုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ ကုန်ကျတဲ့ တံတားကို ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့က တဝက်စီ ပိုင်ဆိုင်ပြီး ၂၀၃၅ ခုနှစ်မှာ အရင်းကျေမှာဖြစ်ပါတယ်။
    တံတားဟာ ဆွီဒင်ကမ်းဘက်ကနေ ၅ မိုင်အကွာမှာ တည်ဆောက်ထားတဲ့ လူလုပ်ကျွန်း Peberholm အထိ သွယ်တန်းထားပြီး ကျန်တဲ့ ၂ မိုင်ခွဲကိုတော့ ဒိုင်းမတ်ကျွန်း Amager အထိ ရေအောက်လှိုင်ဂူနဲ့ သွယ်တန်းထားပါတယ်။ တံတားအမြင့် မဆောက်ပဲ အကုန်အကျပိုများတဲ့ ရေအောက်လှိုင်ဂူတည်ဆောက်ရတာကတော့ အနီးအနားမှာရှိတဲ့ Copenhagen အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လေယာဉ်လမ်းကြောင်းတွေ မရှုပ်ထွေးစေဖို့ပါ။နောက်ပြီး ရာသီဥတုဆိုးရွားတဲ့အချိန်တွေမှာတောင် သင်္ဘောတွေလွပ်လွပ်လပ်လပ် သွားနိုင်အောင်အောင် စီစဉ်ထားတဲ့ Øresund တံတားကို အံ့ဖွယ် အင်ဂျင်နီယာတည်ဆောက်မှု တစ်ခုလို့ သတ်မှတ်ကြပါတယ်။
    Ref: Wiki
  • မည်သည့် ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ် ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ
    မည်သည့် ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ် ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ
    ဇူလိုင်-၂၈၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်- ရွှေခေတ်ဦး
    အလဲဗင်းမီဒီယာသည် ယနေ့နေ့စွဲဖြင့် စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း ခေါင်းစဉ်ပါ အကြောင်းအရာကို မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ရေးသားနိုင်သော ၀ီကီမှ ဘာသာပြန်ဖော်ပြထားပါသည်။ ထိုဆောင်းပါးပါ အကြောင်းအရာ၏ အဓိကဆိုလိုရင်းဖြစ်သော စင်ကာပူတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူလက်ထပ်ပါက မွတ်စလင်မဟုတ်သူက ဘာသာပြောင်းရသည် (သို့မဟုတ်) ယင်းသို့ လက်ထပ်ပိုင်ခွင့်မရှိဆိုသည့် အချက်မှာ လွဲမှားသောအချက်ဖြစ်သလို အလဲဗင်းဂရုသည်လည်း စင်ကာပူအစိုးရ၏ ဥပဒေမူများ၊ မွတ်စလင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားပါက အပြစ်ဒဏ်ပေးရန် ဖော်ပြထားခြင်းမရှိသော အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာန်ကျမ်းစာပါ အချက်များကို လေ့လာဆန်းစစ်ခြင်း မရှိကြောင်း ထင်ရှားသိသာသဖြင့် အများပြည်သူအကျိုးအလို့ငှာ M-Media မှ ဤဆောင်းပါးကို တင်ဆက်အပ်ပါသည်။
    9. Can 1 Muslim and 1 non-Muslim marry at the ROM?
    Yes, under Civil Marriage Law.
    နံပါတ် ၉. မွတ်စလင်တစ်ယောက်နှင့် မွတ်စလင်မဟုတ်သူတို့ ROM (Registry of Marriage) တွင် လက်ထပ်နိုင်ပါသလား။
    အဖြေ – ဟုတ်ကဲ့၊ (စင်ကာပူ၏) အများပြည်သူ လက်ထပ်ထိမ်းမြားခြင်းဥပဒေအရ လက်ထပ်ထိမ်းမြားခွင့်ရှိပါသည်။
    (app.rom.gov.sg/reg_info/rom_other.asp)
    ရွှေည၀ါဆရာတော်က RFA နှင့် အင်တာဗျူးမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုဟာ တိုင်းပြည်အနာဂတ်အတွက် ၁၉၆၅ခုနှစ်နောက်ပိုင်းတွင် မျိုးစောင့် ဥပဒေကို ပြဌာန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံဟာလည်း စင်ကာပူရဲ့ ဥပဒေကို အတုယူကာ မျိုးစောင့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်တယ်လို့ မှားယွင်းသော အချက်အလက်ကို လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ (www.facebook.com/photo.php?v=10200824748615065)
    (www.dmoethar.com/2013/04/blog-post_351.html) “မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ” ဟူသော ပို့စ်ကိုလည်း မိုးကြီးအမည်ရ လူတစ်ယောက်က ရေးသားဖော်ပြခဲ့တယ်။ ၄င်းရေးသား ခဲ့သော အကြောင်းအရာ အများစုဟာ အမှားများဖြစ်သလို ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု ဖြစ်စေရန် မဟုတ်မမှန်လုပ်ကြံ လှုံ့ဆော်မှု တစ်ရပ်သာဖြစ် ပါတယ်။
    အစွန်းရောက်မြန်မာအချို့က Facebook ပေါ်မှာ ဒီပို့စ်ကို အုတ်ကျော်သောင်းနင်း ၀မ်းပန်းတသာ Share နေကြပါတယ်။ မသိတဲ့သူရေးတာကို မတတ်တဲ့ သူ လိုက်နာမှတ်သားတယ်ဆိုသလို စင်ကာပူနိုင်ငံပြင်ပနေလို့ မသိတဲ့သူတွေ အဲဒီပို့စ်ကို ယုံကြည်တယ်ဆိုရင် လက်ခံဖွယ်ရာရှိပေမယ့် စင်ကာ ပူရောက် မြန်မာများကပါ အားတက်သရော ယုံကြည်နေကြတာ အလွန်စိတ်ပျက် ဖွယ်ရာ ကောင်းလှပါတယ်။
    စင်ကာပူနိုင်ငံသားများသိရှိထားတဲ့ ၄င်းတို့တိုင်းပြည်ဥပဒေကို မဟုတ်မမှန်ရေးသား အလွဲသုံးစား ခုတုံးလုပ်သော မြန်မာနိုင်ငံဟု သတ်မှတ်ခံရပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာ ပိုမိုကျဆင်းရပါလိမ့်မည်။
    စင်ကာပူမှာနေထိုင်သောမြန်မာဖြစ်စေ၊ မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများတွင်နေထိုင်သော မြန်မာများဖြစ်စေ၊ အကြောင်း အရာတစ်ခုခုကိုတွေ့ရှိပါက သတင်းအမှားအမှန်ကို နောက်နောင်တွင် ခွဲခြားသိမြင်စေချင်သော စေတနာဖြင့် ခိုင်လုံသော အထောက်အထားများ ရှာဖွေစုဆောင်းပြီး ဤဆောင်းပါးကို ရေးသားအပ်ပါတယ်။
    (၁) စင်ကာပူနိုင်ငံ လက်ထပ်ခြင်းဥပဒေ
    စင်ကာပူနိုင်ငံမှာ ROM (Registry of Marriage) နှင့် ROMM (Registry of Muslim Marriages) ဟူသော လက်ထပ်မော်ကွန်းရုံး (၂) ရုံးရှိပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဥပဒေ Women’s Charter (Cap 353) ကတော့ Civil Marriage အောက်တွင် မှတ်တမ်းတင် လက်ထပ်ခြင်း ကို ကိုယ်စားပြုပါတယ်။ Administration of Muslim Law Act (Cap 3) ကတော့ Muslim Marriage အောက်တွင် မှတ်တမ်းတင်လက် ထပ်ခြင်းကို ကိုယ်စားပြုပါတယ်။
    (က) ROM (Civil Marriage)
    ROM (Civil Marriage) မှာ လက်ထပ်သူ နှစ်ဦးစလုံး မွတ်စလင် ဇနီးမောင်နှံမှလွဲပြီး အခြား ဘာသာတူဇနီးမောင်နှံများ၊ Inter-Faith Marriage ဟုခေါ်ဆိုသော ဘာသာမတူသော ဇနီးမောင်နှံများ (အစ္စလာမ် အပါအ၀င် မည်သည့်ဘာသာဝင်မဆို) Women’s Charter (Cap 353)အရ လက်ထပ်ပိုင်ခွင့်ရှိပါတယ်။
    ROM (Civil Marriage) မှ မွတ်စလင် အမျိုးသားတစ်ယောက်ဟာ မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခြင်း၊ မွတ်စလင် မဟုတ်တဲ့ အမျိုးသားတစ်ယောက်ဟာ မွတ်စလင် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။ ROM (Civil Marriage) မှာ လက်မှတ်ထိုးလက်ထပ်ဖို့ မွတ်စလင်တစ်ယောက်က အခြားဘာသာသို့ ဥပဒေအရ မဖြစ်မနေကူးပြောင်းရမည်ဆိုတဲ့ အချက်ကတော့ လုံးဝမှားယွင်းပါတယ်။
    အခြားဘာသာဝင်ဖြစ်ပါသည်ဟု လိမ်လည်ထွက်ဆိုရန် လုံးဝမလိုပါ။ မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို Civil Law အောက်မှာ Women’s Charter အရ ဖြေရှင်းပါတယ်။ တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးရပါတယ်။ ရှရီယာဥပဒေ (Administration of Muslim Law Act) ဖြင့် ဖြေရှင်းပိုင်ခွင့်မရှိပါ။ မွတ်စလင်နဲ့မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှံက ROM (Civil Marriage)မှာ မှတ်ပုံတင်ပါက Majlis Ugama Islam Singapura (MUIS) – Islamic Religious Council of Singapore မှ ထို Muslim အား မည်သည့် အကြောင်းအရာကြောင့် ROM (Civil Marriage) တွင် လက်ထပ်ခြင်းဖြစ်သည်ဆိုတာကို Counciling လုပ်ပါသည်။ သို့ပေသော်လည်း ဆုံးဖြတ်ချက်မှာ ကာယကံရှင်သာ မူတည်ပါသည်။ မည်သူမျှ တားပိုင်ခွင့်မရှိပါ။
    http://en.wikipedia.org/wiki/Matrimonial_law_of_Singapore မှာ ဖော်ပြထားတဲ့ Inter-faith Marriage အပိုဒ်ဟာ လုံးဝမှားယွင်းနေ ပါတယ်။ စာရေးသူကိုယ်တိုင် Email ပို့မေးမြန်းထား သည်ကို ROM မှ အသေးစိတ်ဖြေကြားထားပုံကိုလည်း Screen Shot နှင့်တကွ ဖော်ပြပေး လိုက်ပါတယ်။
    စင်ကာပူတွင်နေထိုင်သူများအနေဖြင့် ယခုရေးသားထားသော အချက်အလက်များ မှန်/မမှန်သိရှိလိုပါက ROM (Civil Marriage)Enquiry Line: 6338 7808 (Monday – Friday: 8.30am to 5.00pm, Saturday – 8.30am to 12.00pm) အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ စင်ကာပူပြင်ပတွင်နေထိုင်သူများအနေဖြင့် ROM(Civil Marriage) official website, Feedback Page https://app.rom.gov.sg/sitewide/rom_feedback.asp တွင် Email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
    1
    ROM (Civil Marriage) Certificate နမူနာ
    2
    ROM (Civil Marriage) သို့ ဆက်သွယ်မေးမြန်းထားသော Email
    (ခ)ROMM (Muslim Marriage)
    ROMM (Registry of Muslim Marriages)တွင် အစ္စလာမ့်တရားတော်နှင့်အညီ နိကာဟ် လက်ထပ်ထိမ်းမြားခြင်း ကိုဆောင်ရွက်ပေးပါတယ်။ လက်ထပ်မည့်ဇနီးမောင်နှံ နှစ်ယောက်စလုံးက Muslim ဖြစ်ခဲ့လျှင် ROM (Civil) တွင် လက်ထပ်ပိုင်ခွင့်မရှိပါ။
    Muslim အမျိုးသားတစ်ယောက်ဟာ Muslim အမျိုးသမီး(၄)ယောက်နှင့် တပြိုင်နက်ပေါင်းသင်းခွင့်ရှိပါတယ်။ သို့သော် ဇနီးမယားတစ်ဦးထက် ပိုမိုလက် ထပ်လိုသော အမျိုးသားအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် အောက်ပါခြွင်းချက်များကို ကန့်သတ်ထားပါတယ်။
    (၁) တစ်ဦးထက်ပိုသော ဇနီးများကို ငွေကြေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းရာများတွင် မျှတစွာခွဲဝေစောင့်ရှောက်နိုင်ရမည်။
    (၂) လက်ရှိအိမ်ထောင်ရေးသာယာသူဖြစ်ပြီး နောက်အိမ်ထောင်ပြုခြင်းဟာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် မဖြစ်စေရ။
    (၃) အသေးစိတ်အကြောင်းပြချက်၊ ဒုတိယအိမ်ထောင်ဖက်သည် ပထမအိမ်ထောင်ဖက် မပေးစွမ်းနိုင်သည်ကို ပေးစွမ်းနိုင်ခြင်း။ (ဥပမာ – ပထမအိမ်ထောင် ဖက်သည် သားသမီးမရနိုင်သောကြောင့် ဒုတိယဇနီးမယားအား အိမ်ထောင်ထပ်ပြုခြင်း)။ ဤနေရာတွင် အချစ်ကြောင့်ဟုအကြောင်းပြခြင်းလက်မခံပါ။
    အသေးစိတ်အချက်အလက်များကို ROMM (Registry of Muslim Marriages) Official Website –
    app.romm.gov.sg/about_marriage/romm_polygyny.asp တွင် သွားရောက်လေ့လာနိုင်ပါသည်။ Dmoethar blog မှာ တင်ပေးထား တဲ့ အောက်ပါ Link ဟာ အချက်အလက် အမှားများဖြစ်သည်ဆိုတာ Official Website နဲ့ နှိုင်းယှဉ်လေ့လာ နိုင်ပါတယ်။
    (ဂ) ROM (Civil Marriage) မှ ROMM (Muslim Marriage) သို့ ကူးပြောင်းခြင်း
    ထပ်မံတင်ပြခြင်းတဲ့အကြောင်းအရာကတော့ ROM (Civil Marriage)လက်ထပ်ထားသော မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်စလုံး အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ဖြစ်စေ ၊ Inter-faith Marriage အနေနဲ့ လက်ထပ်ထားတဲ့ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှမှာ မွတ်စလင်မဟုတ်သူက အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ဖြစ်စေ၊ ဇနီးမောင်နှံ ၂ဦးစလုံး မွတ်စလင် ဖြစ်သွားတဲ့အခါ ROMM ကို အကြောင်းကြား ရပါတယ်။ အစ္စလာမ့်တရားတော်နှင့်အညီ နိကာဟ် ထိမ်းမြားရပါတယ်။ ဤဇနီးမောင်နှံများရဲ့ လက်ထပ်စာချုပ်မှတ်ပုံတင် နံပါတ်သည် ROM (Civil Marriage) အောက်တွင်သာ ဆက်လက်တည်ရှိပြီး ROMM (Muslim Marriage)မှ အစ္စလာမ့်တရားတော်နှင့်အညီ ထိမ်းမြားပြီး ဖြစ်ကြောင်း ထောက်ခံစာနှင့်အတူ မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို ရှာရီယာဥပဒေ (Administration of Muslim Law Act) အရ ဆောင် မည်ဖြစ်ကြောင်း တပါတည်းရေးသားထားပါတယ်။ ထိုဇနီးမောင်နှံများဟာ Civil Law အောက်တွင် မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို Women’s Charter အရ ဖြေရှင်းခွင့်မရှိတော့ပါဘူး။
    ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အစ္စလာမ်သာသနာဝင်များအား ပါးနပ်စွာဖိနှိပ်ချုပ်ချယ်ချင်သဖြင့် မွတ်စလင်နဲ့အခြား ဘာသာဝင်အား လက်ထပ်ခြင်းခွင့်ကို ပိတ်ပင် ထားသည်ဆိုသော အချက်မှာ လုံးဝမှားယွင်းသောအချက်ဖြစ်ပါသည်။ စင်ကာပူဥပဒေပြုလွှတ်တော်မှာ သူရရွှေမန်းကဲ့သို့ အာဏာရှိတဲ့သူဟာ မွတ်စလင် အမျိုးသမီးဖြစ်တယ်ဆိုတာ သတိချပ်ကြပါ။ အသက်(၂၁)နှင့်အထက်ဖြစ်ပါက ဘာသာတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မည်သူမျှ လက်ထပ်ခြင်းကို ကန့်ကွက်လို့မရပါဘူး။ အမျိုးသမီးများရဲ့အခွင့်အရေးကို ပိတ်ပင်ထားခြင်းမရှိပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ယောက်ဟာ မိမိဘာသာအပေါ် မည်မျှယုံကြည်သက်ဝင်မှုရှိသည်ဆိုတဲ့အချက်နှင့်သာ သက်ဆိုင်ပါတယ်။
    (၂) ROMM (Registry of Muslim Marriages) သည် ၁၉၆၆ခုနှစ် မတိုင်မီတည်းက တည်ရှိခြင်း
    ROMM (Muslim Marriage) Administration of Muslim Law Act (Cap 3)က ၁၉၆၆ ခုနှစ်မှာ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုမှ မွတ်စလင် လူမျိုးစီမံကိန်းအား တားမြစ်ရန်ပြဌာန်းခြင်းဆိုသော အချက်မှာလည်း လုံးဝမှားယွင်းပါသည်။ ROMM(Muslim Marriage)ရဲ့သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက ၁၈၈၀ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။
    1. Mahommedan Marriage Ordinance V of 1880
    2. Mahommedan Marriage Ordinance Amendment Ordinance XIII of 1894
    3. Mahommedan Marriage Ordinance 1880 Amendment Ordinance 1902 XXXIV of 1902
    ၁၉၅၇ ခုနှစ်မှာ Mahommedan Marriage Ordinane (မဟာမေဒင်လက်ထပ်ထိမ်းမြားခြင်းဥပဒေ) ကို ပြုပြင်ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး Muslim Ordinance (မွတ်စလင်ဥပဒေ) လို့ အမည်ပေးခဲ့ပါတယ်။ ၁၉၆၅ခုနှစ် စင်ကာပူနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၆ခုနှစ်မှာ Muslim Ordinance အား Administration of Muslim Law Act (Cap 3) အဖြစ် ပြင်ဆင်ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ Muslim Marriage က ၁၈၈၀ခုနှစ်ကတည်းက တည်ရှိနေတယ်ဆိုတာ ငြင်း၍မရနိုင်သောအချက်တစ်ချက်ဖြစ်ပါတယ်။ အသေးစိတ် ROMM Official Website အောက်ပါ Page များတွင် သွားရောက်လေ့လာနိုင်ပါသည်။
    – http://app.romm.gov.sg/about_romm/romm_profile.asp
    – http://app.romm.gov.sg/about_romm/romm_pic_album_01.asp
    (၃) Darul Arqam Singapore (The Muslim Converts’ Association of Singapore)
    မိုးကြီး Blog တွင် Islam သို့ ကူးပြောင်းခြင်းကို ကာကွယ်ရန် အချိန်ဆွဲနိုင်ရန် အလို့ငှာ အခြေခံသင်တန်းများကို တက်ခိုင်းသည် ဆိုသောအချက်မှာလည်း လုံးဝမှားယွင်းပါတယ်။
    အစ္စလာမ် ဘာသာသို့ ကူးပြောင်းရန် Converts’ Association တွင် Beginners’ Course in Islam (I & II) နှင့် Solah Tutorial (I & II) သင်တန်းများကို တက်ရောက်ရန် “Strongly Encourage” (လေးနက်စွာ အကြံပြုအပ်ပါသည်။) ဟုသာ ဆိုထားပါသည်။ “Must” (တက်ကို တက်ရမယ်) ဟု စင်ကာပူအစိုးရက ထုတ်ပြန်ထားခြင်း မဟုတ်ပါ။ (ကိုယ်တိုင်ဆက်သွယ်မေးမြန်းလေ့လာနိုင်ရန် http://www.darul-arqam.org.sg/embracing-islam/)
    စာရေးသူအတွေ့အကြုံအရ အချို့သော Non-muslim များသည် Muslim Converts’ Association ရှိ သင်တန်းများတွင် ဗဟုသုတအလို့ငှာ လာရောက်လေ့လာ တက်ရောက်ကြခြင်းများလည်း ရှိပါတယ်။ အသေးစိတ် အချက်အလက်များကို Muslim Converts’ Assoication Official Website http://www.darul-arqam.org.sg/about-us/ တွင် သွားရောက်လေ့လာနိုင်ပါတယ်။
    (၄) “Stop at Two” တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်ထက်ပို မယူရ
    လွတ်လပ်ရေးရပြီးစ စင်ကာပူနိုင်ငံသည် မြေနေရာမလုံလောက်ခြင်း၊ သဘာဝအရင်းအမြစ်မထွန်းကားခြင်း၊ လူဦးရေးများပြားတိုးပွားလာခြင်း၊ ကုန်သွယ်ရေးကျဆင်းခြင်း၊ စက်မှုလုပ်ငန်းများအားနည်းခြင်းစသည့်အခက်အခဲများကို ရင်ဆိုင်ရပါတယ်။ ထိုအကြောင်းအရာကို စင်ကာပူ Seondary 2 သမိုင်းဘာသာရပ် SINGAPORE, FROM SETTLEMENT TO NATION PRE-1819 TO 1971 , CHAPTER 10, HOW DID SINGAPORE TACKLE ITS CHALLENGES IN ITS EARLY YEARS OF INDEPENDENCE? (Page 199 to 232) တွင် ထည့်သွင်းသင်ကြားပါတယ်။ ၄င်းအကျပ်အတည်းများနှင့် ရင်ဆိုင်ရခြင်းကြောင့် ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုသည် တစ်အိမ်ထောင်လျှင် ကလေး နှစ်ယောက်သာ ယူကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။
    ထို့ပြင် ကလေးအလွန်များသော မိဘများ (စာရေးသူအတွေ့အကြုံအရ တရုတ်လူမျိုးများ)ဟာ သားသမီးများကို အခြားမိသားစုများ သို့ မွေးစား ရန်ပေးခြင်းမျိုး အမြောက်အမြား ရှိခဲ့ပါတယ်။ မွတ်စလင်များရဲ့ လူမျိုစီမံကိန်းကို ကာကွယ်ရန် တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရဟု ပါးနပ်စွာထိန်းချုပ်ခြင်းဆိုတာလည်း လုံးဝမှားယွင်းပါတယ်။
    3
    Secondary 2 , History Textbook Cover “Singapore, From Settlement to Nation, Pre 1819-1971”
    4
    “Singapore, From Settlement to Nation, Pre 1819-1971” မှ လွတ်လပ်ပြီးစ စင်ကာ ပူနိုင်ငံ၏ အကျပ်အတည်းများ (၁)
    5
    “Singapore, From Settlement to Nation, Pre 1819-1971” မှ လွတ်လပ်ပြီးစ စင်ကာ ပူနိုင်ငံ၏ အကျပ်အတည်းများ (၂)
    (၅) ၁၉၆၅ ခုနှစ် စင်ကာပူနိုင်ငံတွင် မွတ်စလင် ၁၅% ရှိသည် ဟူသော မှားယွင်းသော အချက်အလက်
    စင်ကာပူနိုင်ငံ၏ ဘာသာဝင်ဦးရေစစ်တမ်းသည် ၁၈၄၉ခုနှစ် မှ ၁၉၃၁ ခုနှစ်ရှိပြီး ၁၉၃၁ခုနှစ်နောက်ပိုင်းမှ စတင်ပြီး ၁၉၇၉ခုနှစ်အထိ ဘာသာဝင်ဦးရေ စစ်တမ်းကောက်ယူခြင်းမရှိခဲ့ပါ။ ၁၉၈၀ခုနှစ်တွင်မှ ပြန်လည်စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်ပါတယ်။ ထိုအကြောင်းအရာများကို National University of Singapore (NUS), Lee Kuan Yew School of Public Policy, Institute of Policy Studies မှ LAI AH ENG တည်းဖြတ်ထုတ်ဝေသော RELIGIOUS DIVERSITY IN SINGAPORE စာအုပ်ရဲ့ Page 35 တွင် ဖော်ပြထားပါတယ်။
    6
    7
    စင်ကာပူနိုင်ငံ ဘာသာအလိုက် လူဦးရေမှတ်တမ်း ၁၈၄၉ – ၁၉၃၁ (စာ ၃၂)
    (၆) စင်ကာပူတွင် ဘာသာရေးပုတ်ခတ်ပြောဆိုမှုများအား ပြင်းထန်စွာအရေးယူခြင်း
    အထက်ဖော်ပြပါ စာအုပ်ရဲ့ စာ-၆၄ အရ စင်ကာပူနိုင်ငံ Societies Act (Cap. 311)တွင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို အစိုးရတွင် တရားဝင်မှတ်ပုံတင်ပြီးပါမှ ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်းနှင့် ၄င်းအဖွဲ့အစည်းအား မှတ်ပုံတင်ခွင့် ပေး/မပေးဆိုသည်မှာ စိစစ်ဆုံးဖြတ်ချက်ပေါ်တွင် မူတည်ကြောင်း သိရပါတယ်။ နိုင်ငံတွင်း ဘာသာအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို ပျက်ပြားစေနိုင်သော အဖွဲ့အစည်းလှုပ်ရှားမှုအား တင်းကြပ်စွာစိစစ်ကြီးကြပ်နိုင်ရန်ဖြစ်ပါတယ်။ ၄င်းကဲ့သို့ပြုလုပ်ခြင်းသည် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးထားသော စနစ်အား အလွဲသုံးစားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပါတယ်။
    ဘာသာပေါင်းစုံ ချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရေးကို ကာကွယ်စောင့်ရှောက်ရန် စင်ကာပူနိုင်ငံရဲ့ Penal Code, Chapter 15 မှာ ဘာသာရေး ထိခိုက်အောင် တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ ကိုးကွယ်ရာ အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ဘာသာရေးအခမ်းအနားနှင့် စုရုံးဆောင်ရွက် မှုကို နှောင့်ယှက်ခြင်း၊ ဘာသာရေးအမုန်းပွားစေရန် ပုတ်ခတ်ပြောဆိုခြင်းနှင့် ရေးသားခြင်းများကို ပြစ်မှုကျူးလွန်ခြင်း အဖြစ်သတ်မှတ်ကာ ထိရောက်စွာ အရေးယူပါတယ်။
    Sedition Act (Cap. 290)အရ စင်ကာပူနိုင်ငံရှိ လူမျိုးစုများအကြားနှင့် လူထုအလွှာများအကြား ပုတ်ခတ်ပြောဆိုမှု၊ နှိမ့်ချပြောဆိုမှုများ ကို ပြစ်မှုကျူး လွန်မှု အဖြစ် သတ်မှတ်ထား ပါတယ်။ ၂၀၀၅ခုနှစ်တွင် Blogger ၃ ဦးအား Anti-Muslim မွတ်စလင်(မ်) ဆန့်ကျင်ရေး အရေးအသား များကြောင့် Sedition Act အရ အရေးယူခဲ့သည် ကိုလည်း ဖော်ပြထားပါတယ်။
    8
    Page 64 Societies Act Penal Code and Sedition Act
    ၂၀၁၁ ခုနှစ် သြဂုတ်လတွင် Singtel Telecom Company မှ ၀န်ထမ်းတစ်ဦးဖြစ်သော Alex Chang အမျိုးသားမှ McDonald Offical Facebook Page တွင် မွတ်စလင်(မ်)တို့၏ ဥပုသ်ဖြေချိန်သိစေရန် ဖွင့်ပေးသော နှိုးဆော်သံအား ပုတ်ခတ်ရေးသားမှု ပြုလုပ်ခဲ့ပါသည်။ ၄င်း၏အပြုမှုကြောင့် စင်ကာပူနိုင်ငံသားများမှ ပြင်းထန်စွာရှုံ့ချခဲ့ကြပါသည်။ (sg.news.yahoo.com/blogs/singaporescene/man-complains-muslim-prayers-mcdonald-outlet-092253428.html တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။)
    ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပါလီမန် အမတ်တစ်ဦးဖြစ်သော Seng Han Thong မှ Malay နှင့် Indian လူမျိုးများ၏ English မကျွမ်းကျင်မှုကြောင့် ပို့ဆောင်ရေးတွင် အနှောင့်အယှက်ဖြစ်ရသည်ဟု လူမျိုးရေးထိခိုက်သော ဝေဖန်ပြောဆိုမှုကြောင့် ပြည်သူလူထုအား တရားဝင် ၀န်ချတောင်း ပန်မှု ပြုလုပ်ခဲ့ရပါတယ်။ အသေးစိတ်ကို Yahoo သတင်းစာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။ (sg.news.yahoo.com/amk-mp-defends–broken-english–comments-on-tv.html)
    ၂၀၁၂ ခုနှစ် ဂျွန်လတွင် အသက်(၁၇)နှစ်အရွယ် တရုတ်လူမျိုးလူငယ်နှစ်ဦးမှ မလေးလူမျိုးများအပေါ် လူမျိုးရေးထိခိုက်ပြောဆိုမှုများကို Facebook နှင့် Twitter တွင် ရေးသားခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးအား သက်ဆိုင်ရာ ရဲအဖွဲ့အစည်းမှ Sedition Act အရ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို Singapore Polic Force Official Website http://www.spf.gov.sg/mic/2012/120701_online_racist_G.htm တွင်ဖတ်ရှုနိုင်ပါတယ်။
    ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မလေးလူမျိုး မင်္ဂလာဆောင်အား ကိုယ်ပိုင် Facebook စာမျက်နှာပေါ်တွင် ရိုင်းပျစွာ ဝေဖန်ရေးသားမှုကြောင့် National Trades Union Congress (NTUC) မှ Assistant Director Amy Cheong ဆိုသူ အမျိုးသမီးအား ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။ အသေးစိတ်ကို Yahoo သတင်းစာမျက်နှာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။ (sg.news.yahoo.com/ntuc-assistant-director-says-sorry-for-racist-post.html)
    ၂၀၁၃ ခုနှစ် ဧပြီလတွင် တရုတ်လူမျိုး Leslie Chew ဆိုသော အသက်(၃၇)နှစ်အရွယ် Online ကာတွန်းဆရာတစ်ဦးအား လူမျိုးရေးပုတ်ခတ်ရေး သားမှုကြောင့် အရေးယူခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို Yahoo သတင်းစာမျက်နှာ
    (sg.news.yahoo.com/blogs/singaporescene/pore-cartoonist-arrested-alleged-sedition-143415161.html တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။)
    (၇) Muslim လူဦးရေ ၁၅% မှ တိုးတက်မှုမရှိခြင်း
    မလေးတိုင်းပြည်လဲမဟုတ်၊ တရုတ်တိုင်းပြည်လဲမဟုတ်၊ အိန္ဒိယတိုင်းပြည်လဲမဟုတ်၊ လူတိုင်းဟာ မိမိကိုယ်ပိုင်နေရာ၊ သာတူညီမျှမှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာများကို လွတ်လပ်စွာပိုင်ဆိုင် နိုင်ကြတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ် ။ ဒါကြောင့် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက် စင်ကာပူနိုင်ငံ လွတ်လပ်ရေးနေ့မှာ National Pledge (အမျိုးသားရေး ကတိက၀တ်) ကို ပြည်သူတွေကို ပေးခဲ့ပါတယ်။ အပြည့်အစုံကတော့
    “We, the citizens of Singapore,
    pledge ourselves as one united people,
    regardless of race, language or religion,
    to build a democratic society
    based on justice and equality
    so as to achieve happiness, prosperity and
    progress for our nation.” ဖြစ်ပါတယ်။
    “LEE KUAN YEW, HARD TRUTH, TO KEEP SINGAPORE GOING” စာအုပ် Page 233 မှာ မွတ်စလင် လူဦးရေအချိုးအစားမတိုး တက်လာရတဲ့ အကြောင်းကို ပြောပြထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက စင်ကာပူနိုင်ငံတိုးတက်ရန်အတွက် PMET(Professionals, Managers, Executives and Technicians) ပညာရှင်တွေလိုအပ်တဲ့အတွက် နိုင်ငံခြားသား (အများစုမှာ တရုတ်နဲ့ အိန္ဒိယများ) ကို PR, Citizen များပေးအပ်ခဲ့ပါသည်။ သို့သော် မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံ တစ်ခုဖြစ်သည့် အတွက် ၄င်းတိုင်းပြည်မှ ပညာတတ်တွေ ကို မြှောက်စား ချီးမြှင့်ပါ တယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှ မလေးလူမျိုးတွေက စင်ကာပူသို့ ရွှေ့ပြောင်းလာခြင်း မရှိသလောက်ရှားပါးပါတယ်။ စင်ကာပူနိုင်ငံသားနှင့် လက်ထပ်သောသူအချို့သာ စင်ကာပူသို့ ပြောင်းရွှေ့လာကြခြင်းသာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ပထ၀ီအနေအထားအရ မလေးရှားထက် များစွာ ပိုမိုကြီးမားသော်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ ဒါကြောင့် ပညာရှင်ကောင်းများများ စားစားမရှိပါ။ အရည်အချင်း မပြည့်မီတဲ့သူ များကို စင်ကာပူတွင် မလက်ခံချင်ပါ။ သို့ဖြစ်ပေရာ အစ္စလာမ် ဘာသာကိုးကွယ်သူအများစုဖြစ်သော မလေးလူမျိုးရာခိုင်နှုန်းသည် (၅)ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းစစ်တမ်းအရ မွတ်စလင် လူဦးရေရာခိုင်နှုန်းသည် ၁၉၈၀ခုနှစ်မှ ယနေ့တိုင် သိသိသာသာပြောင်းလဲမှု မရှိခဲ့ခြင်းဖြစ်ပါတယ်။
    9
    Page 218 မည်သည့်ဘာသာကိုမျှဘက်လိုက်မှု မရှိကြောင်း
    10
    Page 219 မည်သည့်လူမျိုးကိုမျှဘက်လိုက်မှု မရှိကြောင်း
    11
    Page 233 မလေးနှင့် အင်ဒိုလူမျိုးများ စင်ကာပူသို့ ပြောင်းရွှေ့နေထိုင်မှုနည်းခြင်းအကြောင်းရင်း
    မိမိ၏ လူမျိုး၊ ဘာသာရေးအစွန်းရောက်အယူအဆကြာင့် ဘာသာရေး၊ လူမျိုးရေးအမုန်းတရားများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ် ချက်ဖြင့် သူတစ်ပါးတိုင်းပြည်ဥပဒေနှင့် အချက်အလက်များကို သေချာစွာ လေ့လာဆန်းစစ်ခြင်းမရှိဘဲ မဟုတ်မမှန်ရေး သားမှုသည်
    (၁)အမှန်တကယ် ငြိမ်းချမ်းရေးကို မြတ်နိုးသူများအား ထိခိုက်သည်။
    (၂)တိုင်းပြည်တိုးတက်မှုအား ကြီးမားသော အဟန့်အတားဖြစ်စေသည်။
    (၃)ကောင်းမွန်ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသော စင်ကာပူရောက် မြန်မာအချို့အား သိက္ခာကျဆင်းစေသည်။ ဖြစ် ပါကြောင်း စေတနာ သတင်းစကား ပါးလိုက်ရပါတော့သည်။
  • ဇကာ့သ် (သို့)အစ္စလာမ် သာသနာ၏ မဏ္ဍိုင် တခုဖြစ်သော မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ခြင်း
    ဇူလိုင်-၂၈၊၂၀၁၃
    M-Media
    ဘာသာပြန်- ကောင်းလွန်းအိမ်
    zakah-for-allah-sake
    ကျွန်ုပ်တို့အားလုံးလိုလို အစ္စလာမ်၏ အဓိက မဏ္ဍိုင် ၅ ရပ်အား အလွယ်တကူ အခက်ခဲမရှိ ပြောနိုင်ကြသည်။ ၄င်းတို့ကို ကျွန်ုပ်တို့ အလွတ်ရကြသည်။
    ထို မဏ္ဍိုင် ၅ ရပ်စလုံးသည် ကျွန်ုပ်တို့ အစ္စလာမ်သာသနာ၏ အဓိက အခြေခံအကျဆုံး ပုံဟန်ကို ပုံဖော်ထား၏။ ၄င်းတို့အနက် မဏ္ဍိုင် ၂ ရပ်သည် နေ့စဉ်လုပ်ဆောင်ရပြီး၊ အစ္စလာမ့်ယုံကြည်သက်ဝင်မှု ထွက်ဆိုချက် နှင့်  ၅ ကြိမ် ၀တ်ပြုခြင်းတို့ဖြစ်သည်။
    နောက်ထပ် ၂ ရပ်သည် နှစ်စဉ်လုပ်ဆောင်ရသော မဏ္ဍိုင်များဖြစ်ပြီး၊ ၄င်းတို့မှာ သတ်မှတ်အလှူဒါန ပေးကမ်းခြင်း နှင့် ရမဿွာန်လတွင် ဥပုသ်သီဓလစောင့်တည်ခြင်း ပင်ဖြစ်သည်။
    နောက်ဆုံးတစ်ရပ်သည်ကား ဘ၀တစ်လျှောက်လုံးတွင် အနည်းဆုံးတစ်ကြိမ်လုပ်ဆောင်ရမည့် မဏ္ဍိုင်ဖြစ်ပြီး၊ မက္ကဟ်မြို့တော်သို့ ဘုရားဖူးသွားရောက်ခြင်း ဖြစ်ပါ၏။
    ထိုမဏ္ဍိုင်ငါးရပ်အား ဖော်ပြရန် လွယ်ကူသလောက် ယင်းလုပ်ဆောင်ချက် တစ်ခုချင်းစီ၏နောက်ကွယ်မှ အကြောင်းတရားကိုမူ ရှင်းလင်းပြောပြရန် လူတိုင်း မစွမ်းသာလှပေ။ ကျွန်ုပ်တို့အား မွတ်စ်လင်မ် မဟုတ်သော မိတ်ဆွေ သူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ထိုမဏ္ဍိုင်များအကြောင်း မေးမြန်းလာသောအခါ လွယ်လင့်တကူပင် ရှင်းပြတတ်ကြ၏။ သို့သော်လည်း ကျွန်ုပ်တို့ ပေးသင့်ပေးထိုက်သည့် ထိရောက်သောဖြေကြားခြင်း ဟုတ်မဟုတ် သေချာပြီလော ?
    အစ္စလာမ့်မဏ္ဍိုင်များအနက် နှစ်စဉ် မပြုမနေရ သတ်မှတ်ဒါနပေးကမ်းခြင်းဖြစ်သော ဇကာ့သ် အကြောင်းကို အဓိကထား ဦးတည်ကြည့်ကြပါစို့။ ထိုခေါင်းစဉ်အား ဆွေးနွေးလေသော အခါ လူအများစုသည် ၄င်းအရာမှာ အလှူဒါန နှင့် ပတ်သက်သည့် လူမှု ကဏ္ဍဖြစ်ကြောင်း၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သက်ဝင်ယုံကြည်သူ တစ်ဦးအနေနှင့် မိမိ၏ ပိုင်ဆိုင်မှု အတွင်းမှ ဆင်းရဲချို့တဲ့သူ နှင့် ဒုက္ခရောက်နေသူများအတွက် ပေးအပ်ရမည့်တာဝန်တစ်ခုဖြစ်ကြောင်း အလေးအနက်ထား ပြောဆိုကြပေမည်။
    အစ္စလာမ်တွင် ချမ်းသာသူများထံမှ ဥစ္စာဓနများ အရယူ၍ ဆင်းရဲသူများအား ပြန်လည်မျှဝေမည့် ရော်ဘင်ဟုဒ် (Robin Hood) ကဲ့သို့ လူစားမျိုး မလိုအပ်။ အကြောင်းမှာ ကြွယ်ဝချမ်းသာသူက မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ရမည့် မပြုမနေရ တာဝန် ၀တ္တရားကို ပြဋ္ဌာန်းထားသောကြောင့်ဖြစ်ပေသည်။ အစ္စလာမ်သာသနာ၌ လူတစ်ဦး တစ်ယောက်အား အလွန် ချမ်းသာကြွယ်ဝ မသွားစေအောင် အခြေခံကျကျတားမြစ်ချက် ဟူ၍ မရှိကြောင်း၊ မိမိဝန်းကျင်မှ လူ့အဖွဲ့အစည်း တိုးတက်ရေး အပေါ် ကောင်းကျိုးဆောင်စေမှု တစ်ရပ်သာဖြစ်ကြောင်း ရည်ညွှန်းခြင်းသာ ဖြစ်သည်။
    ဇကာ့သ်ဒါန နှင့် (သာမန်)အလှူဒါန ကွာခြားပုံ
    ဇကာ့သ်၏အကြောင်း ပြောကြားပါက ကျွန်ုပ်တို့သည် “ဆွဒကဟ်” မည်သော အလှူဒါန၏ အယူအဆဖြင့် မှားယွင်းစွာ ဖွင့်ဆိုတတ်ကြပါသည်။ ဆွဒကဟ် ကိုလည်း အလှူဒါန ဟူ၍သာ လက်ဆင့်ကမ်း အနက်ပြန်လေ့ရှိကြသည်။ ထိုအရာနှစ်ခုစလုံးသည် မိမိတို့၏ဥစ္စာဓနများဖြင့် မိမိတို့ထက် ဆိုးဝါးစွာ လိုအပ်နေသူများအား လှူဒါန်းပေးကမ်းသည့် အဓိပ္ပာယ် သဘောကိုပင် ဆိုလိုခြင်းဖြစ်သည်။
    ယင်းအလှူဒါနနှစ်မျိုး အကြား အဓိကကွာခြားချက် အချို့ရှိသည်။ ဇကာ့သ် ဆိုသည်မှာ သတ်မှတ်ထားသော ပမာဏတစ်ခုအထိ အနိမ့်ဆုံးပိုင်ဆိုင်ထားပြီး၊ ၄င်းအနက်မှ သတ်မှတ်ချက် အတိုင်း နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ရသည့် မပြုမနေရ ကျင့်ဝတ်တစ်ခုဖြစ်သည်။ ထိုအမှုကို စွန့်လွှတ်ပါက အပြစ်ထိုက်သက်ပြီး နောင်တမလွန် ၀ယ် ပြစ်ဒဏ်ခံစားရမည်ဖြစ်သည်။ ဆွဒကဟ် ဆိုသည်မှာကား ပိုင်ဆိုင်မှုပမာဏနှင့် မသက်ဆိုင်ဘဲ မိမိ၏စေတနာအလျောက် လှူဒါန်းမှုဖြစ်သည်။ ပေးအပ်လိုက် သော အလှူဒါနတစ်မျိုးဖြစ်ပြီး၊ နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မပြုလုပ်ပါက အပြစ်ထိုက်သက်မှု မရှိချေ။ ဇကာ့သ်ကို အစ္စလာမ့်ပြက္ခဒိန်၏ တစ်နှစ်တာအကန့်အသတ်အတွင်း ပေးကမ်းလှူဒါန်းရန် စည်းမျဉ်းရှိသော်လည်း ဆွဒကဟ်ကိုမူ မည်သည့်အခြေအနေ၊ အနေအထားမှာ မဆို ပေးကမ်းလှူဒါန်းနိုင်ပေသည်။
    ဇကာ့သ်တွင် ၀င်ငွေအပေါ် မူတည်၍ မည်မျှလှူဒါန်းရမည်ကို သတ်မှတ်ထားချက်ရှိသည်။ ဆွကဒဟ်ကမူ ကောင်းမှုအမျိုးအစားပေါ်မူတည်၍ ကျယ်ပြန့်သောအဓိပ္ပာယ်ထွက်သည်။  တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းသာယာခြင်းနှင့် မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ၏ မိန့်ဆိုပြောကြားချက် တစ်ခုတွင် အသင်တို့သည် ညီနောင်တစ်ဦးတစ်ယောက်အား ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည်ပင်လျှင် အလှူဒါန(ဆွဒကဟ်) ပြုရာရောက်၏ – ဟူ၍ တွေ့နိုင်ပေမည်။ ဤသည်မှာ ဇကာ့သ် နှင့် ဆွကဒဟ် အကြားရှိ ခြားနားချက် အချို့မျှသာ ဖြစ်သေး၏။
    ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားနှစ်ရပ် စလုံးကို အစ္စလာမ့်အခြေခံအရင်းအမြစ်ဖြစ်ကြသော ကုရ်အာန်ကျမ်းတော်တွင်လည်းကောင်း၊ တမန်တော်မြတ်၏သြ၀ါဒတော် (ဟဒီးဆ်)တွင်လည်းကောင်း ခြေမြစ်နက်ရှိုင်းစွာ ဖော်ပြထားပေသည်။ ထိုရင်းမြစ်နှစ်ရပ်စလုံးအတွင်း၌မူ ဤသဘောတရားနှစ်မျိုးကို ဝေါဟာရသီးသန့်စီဖြင့် ခွဲခြားဖော်ပြထားခြင်းတော့ မရှိပါ။ ဥပမာတစ်ခုဆိုရသော် ကုရ်အာန် ကျမ်းတော်အတွင်းရှိ မုက္ခပါဌ်တော် (၉:၆၀) တွင် ဇကာ့သ်ပေးထိုက်သူများအား ရည်ညွှန်းရာ၌၊ ဇကာ့သ် “zakah” ဟူသောစာလုံးအား အသုံးမပြုဘဲ “sadaqat” ဟူသော ဝေါဟာရကိုသာ သုံးနှုန်းထားလေသည်။ အသုံးအနှုန်းနှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသောကြောင့် ထိုအကြောင်းအရာနှစ်ခုကို ကွဲပြားအောင် ခွဲခြားရန် စံနစ်တကျလေ့ကျင့်သင်ကြားထားခြင်းမရှိသူအဖို့ခက်ခဲလှပေသည်။
    ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားများကို အပြည့်အ၀နားလည်ရေး၌ အကြီးမားဆုံးအဟန့်အတားမှာ မူရင်းအရဗီ အသုံးအနှုန်းအစား ဘာသာပြန်ချက်များအား အသုံးပြုခြင်းပင်ဖြစ်သည်။ အခြားဘာသာ စကားဖြင့်ပြန်ဆိုထားသည့် ဝေါဟာရများမှာ မူရင်းရည်ရွယ်ချက်နှင့်ထပ်တူထပ်မျှ မဖြစ်ဘဲ စကားလုံး ဖလှယ်ပြီးဖော်ပြထားချက် သာဖြစ်သည်ကို ကျွန်ုပ်တို့မှ မကြာခဏတွေ့နေရပေသည်။ ဇကာ့သ်အား “အလှူဒါနပေးခြင်း”ဟု ပြန်ဆိုပါက လုပ်ရပ်တစ်ခု၏ မြင်သာသောပုံဟန်ကို အခြေတည်၍ ဖော်ပြသည့် စကားလုံးသာ ဖြစ်သွားပေမည်။ ဆွဒကဟ် သည်လည်း အလှူဒါနပေးခြင်းဟူသော လုပ်ရပ်ကိုပင် ဖော်ညွှန်းနေသည်။ ထို့ကြောင့် “အလှူဒါနပေးကမ်းခြင်း” ဟု သုံးစွဲပါက လုပ်ဆောင်မှုအား ခြုံငုံဖော်ပြချက်တစ်ရပ်သာဖြစ်ပြီး သက်ဆိုင်ရာရည်ရွယ်ချက်ကိုဖော်ပြမှုမဟုတ်ကြောင်း သိရပေမည်။
    ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ကျွန်ုပ် အလွန်နှစ်သက်သည့် ကုရ်အာန် မုက္ခပါဌ်တော် တစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။
    “ အို – (မုအ်မင်န်) သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက် ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန် မိစ္ဆာကောင်၏ခြေရာများကို လိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန် မိစ္ဆာကောင်သည် (ထိုသူအား) ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှုဒုစရိုက်ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် နှင့် ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦး တစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (၀န်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (၀န်ချတောင်း ပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင် ဖြစ်တော်မူပေသတည်း ” ။                                           ရောင်ခြည်တော်ကဏ္ဍ (၂၄း၂၁) (An-Nur 24: 21)
    ဤမုက္ခပါဌ်တော်သည် အလ္လာဟ့်နှစ်မြို့မှုအတွက်လှူဒါန်းသုံးစွဲခြင်းနှင့် မည်သို့သက်ဆိုင်မှုရှိသနည်းဟု အသင် မေးမြန်းလိုပေလိမ့်မည်။ သို့သော် မူရင်းအရဗီဘာသာဖြင့် ရေးသားချက်အား စေ့စပ်သေချာစွာလေ့လာပါက  “စင်ကြယ်သန့်ရှင်းလွတ်ကင်း” ဟူသော စကားလုံးများမှာ ဇကာ့သ်၏မူရင်းပုဒ်မှ တစ်ဆင့် ဆင်းသက်လာကြောင်း တွေ့ရှိရပေမည်။
    အများသုံးဘာသာပြန်များတွင် လုပ်ဆောင်ပုံ/လုပ်ရပ်အား ဖော်ပြထားသော်လည်း မူလဝေါဟာရအသုံးအနှုန်းများကတော့ လုပ်ဆောင်မှု၏ရည်ရွယ်ချက်အား ဖော်ညွှန်းထားသည်။ ဇကာ့သ်ပေးအပ်ခြင်းသည် မိမိကိုယ်ကို (လောဘ၊ စေးနည်းမှု၊ တွယ်မက်မှု စသည်တို့မှ) သန့်စင်သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဆွဒကဟ် အတွက်လည်း ကုရ်အာန်တွင် မှန်ကန်ဖြောင့်မတ်မှု (truthful) သို့မဟုတ် အတည်ပြုခြင်း (confirming) စသည့် အဓိပ္ပါယ်သက်ရောက်သော ဝေါဟာရများသုံး၍ ပုံဟန်အသွယ်သွယ်ဖြင့် အကျယ်တ၀င့်ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်၏။
    လူတစ်ဦးတစ်ယောက်အား အဆင်ပြေပါစေ ဟုပြောဆိုလိုက်ခြင်းသည် အသင့်အဖို့ လွယ်ကူသော နှုတ်၏စောင်မခြင်းဖြစ်သော်လည်း သင်၏အိပ်ကပ်ထဲမှ  ထိုလူအား ဆွဒကဟ် ပေးအပ်လိုက်ခြင်းက အသင်၏ အသင်ကိုယ်တိုင်အတည်ပြုလိုက်သဖြင့် (လုပ်ရပ်ဖြင့်သက်သေပြသဖြင့်) အသင်သည် မှန်ကန်ဖြောင့်မတ်သူ ဖြစ်လေ၏။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာခြင်းနှင့်မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ကလည်း ဤသို့ ဆိုထားပါသည်။
    “ ဆွဒကဟ်သည် သက်သေအထောက်အထားတစ်ခုပင်ဖြစ်သည် ”            (မွတ်စ်လင်မ် သြ၀ါဒတော်ကျမ်း)
    မွတ်စ်လင်မ်လောကအတွင်း နှစ်စဉ်နှစ်တိုင်း ဇကာ့သ် သို့မဟုတ် ဆွဒကဟ်အတွက် အသုံးပြုငွေသည် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ မှ ၁ ထရီလီယန် အကြား၌ ရှိနေကြောင်း အစ္စလာမ့်ရေးရာငွေကြေး လည်ပတ်မှုသုတေသီများက ခန့်မှန်းတွက်ဆကြသည်။ အခြားလှူဒါန်းမှုများနှင့်နှိုင်းယှဉ်ကြည့်ပါက (၂၀၁၁ ခုနှစ်မှတ်တမ်းအရ) ကမ္ဘာတစ်ဝှန်းရှိ လူသားချင်းစာနာထောက်ထားရေး လှူဒါန်းငွေပမာဏ၏ ၁၅ ဆကျော် သာလွန်နေကြောင်းကို တွေ့ရှိရသည်။ အလွန်ကြီးမားစွာသော ဤ အလှူငွေရေစီးကြောင်းသည် ကမ္ဘာပေါ်ရှိ အငတ်ဘေးဆိုက်သူများ၊ အလွန်အမင်း ဆင်းရဲဒုက္ခရောက်နေသူများထံသို့ စီးဆင်းလျက် လိုအပ်နေသော လူထုအကျိုးပြုလုပ်ငန်းများကိုလည်း ဖြစ်ပေါ်လာစေသည်။
    သို့တစေ မြောက်များလှစွာသော လှူဒါန်းမှုဒါနသည်  ချို့တဲ့သူများထံသို့ ပမာဏအနည်းငယ်သာ တိုက်ရိုက်ရောက်ရှိနေကြသည်။ ယင်းသို့ဖြစ်ခြင်းမှာ မှားယွင်းနေသည်ဟု မဆိုသာသော်လည်း ရေရှည်တိုးတက်မှု၌ လိုအပ်သော အဓိကရင်းနှီးမြှုပ်နှံမှုများကို ထိုအရာက တားဆီးရာရောက်နေ၏။ ထို့အတူ ငွေပမာဏကြီးတစ်ရပ်ကို လွှဲချော်မှားယွင်းစွာ စီမံခန့်ခွဲမိပါက အလဟဿ ဖြုန်းတီးမှုသော်လည်းကောင်း၊ မထိရောက်သော အသုံးချမှုသော်လည်းကောင်း ဖြစ်သွားပါသည်။
    အစ္စလာမ့်လူ့ဘောင်သမိုင်းအား ပြန်လည်လေ့လာကြည့်ရှုလိုက်ပါလျှင် ဇကာ့သ်ပေးအပ် လှူဒါန်းမှုတစ်ခုတည်းဖြင့် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေမှုကို ပပျောက်သွားစေသော ခေတ်ကာလများ ရှိခဲ့ဖူးလေသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ သတ်မှတ်ဒါနများ နှင့် ဆန္ဒအလျောက်အလှူဒါနများကို နည်းလမ်းတကျအသုံးပြု၍ အခြားလူ့အသိုင်းအ၀ိုင်းများအဖို့ တောက်ပရွှန်းလဲ့သော စံပြလူ့ဘောင်တစ်ရပ် ဖြစ်လာအောင် ဖန်တီးဖော်ဆောင်ခြင်းဖြင့် ကမ္ဘာ့မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဝင် ကျွန်ုပ်တို့မှ ထိုခေတ်ကာလမျိုးကို ပြန်လည်ရရှိအောင် ယခုခေတ်၌ ကြိုးစားအားထုတ်သင့်လှပေ၏။
    Ref:OnIslam
    ===========================================================
    (ဗဟုသုတအလို့ငှာ အချက်အလက်အချို့)  
    မွတ်စ်လင်မ်တစ်ဦးအဖို့ ဇကာ့သ် ထုတ်နိုင်သည့် ဥစ္စာဓနပမာဏတစ်ရပ်(နိစာ့ဗ်)ကို အသားတင်ပိုင်ဆိုင်မှုအဖြစ် မိမိ၏လက်ဝယ်၌ တစ်နှစ်တိတိရှိပြီးနောက်တွင် ၄င်းပမာဏ၏ ၂.၅ % နှုန်း(တစ်ရာကျပ်လျှင် ၂.၅ ကျပ်နှုန်း) မဖြစ်မနေ ထုတ်၍ လှူဒါန်းပေးကမ်းကြသည်။ တစ်နှစ်ကာလဟူသည် အစ္စလာမ့်ပြက္ခဒိန်အရ တွက်ချက်ယူရသည်။ မိမိနှစ်သက်သော (အရဗီ)လကို သတ်မှတ်နိုင်သည်။ သို့သော် သတ်မှတ်မှုလွယ်ကူရန်လည်းကောင်း၊ ဥပုသ်လ – ရမဿွာန်လသည် အစ္စလာမ့်ပြက္ခဒိန်အရ အမွန်မြတ်ဆုံးလ တစ်လဖြစ်ခြင်းကြောင့် လည်းကောင်း အများစုက ရမဿွာန်လတွင် ဇကာ့သ်ပေးလှူကြခြင်းဖြစ်သည်။ ပိုင်ဆိုင်မှုဟုဆိုရာ၌ ရွှေ၊ ငွေ(ငွေထည်)၊ အိမ်မွေးတိရစ္ဆာန်များ စသည်ဖြင့် သီးသန့်သတ်မှတ်ချက် ကိုယ်စီဖြစ်သည်။ လူအများစုမှ လွယ်ကူစွာ နားလည်စေရန် ရွှေ နှင့် ငွေ(ထည်) ၏ အချိန်အတွယ် နိစာ့ဗ်ကို မြန်မာလိုဖော်ပြပါသည်။
    ရွှေပိုင်ဆိုင်မှု ၅ ကျပ်၊ ၄ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။
    ငွေထည်ပိုင်ဆိုင်မှု ၃၆ ကျပ်၊ ၁၃ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။ (ခေတ်ကာလ၏ပေါက်ဈေးအတိုင်း တွက်ချက်ရပါမည်)။ ပိုင်ဆိုင်မှုသည် ယင်းပမာဏအောက်၌သာရှိလျှင် ဇကာ့သ် ထုတ်ရန် တာဝန်မရှိပါ။
    ကျွဲနွား၊ သိုး၊ ဆိတ်၊ ကုလားအုပ် စသည့် တိရစ္ဆာန်များနှင့်ပတ်သက်၍လည်း သီးသန့်သတ်မှတ်ချက်များရှိသည်။ အသေးစိပ်ကိုအကျယ်တ၀င့်သိလိုပါက နီးစပ်ရာပညာရှင်များထံ မေးမြန်းနိုင်ပါသည်။
  • ကျူလီယာ မွတ်စလင်မ် ရန်ပုံငွေ အဖွဲမှ စံပြဆေးရုံသို့ ၃၇ သိန်းကျော်ဖိုး ဆေးပစ္စည်းများ လှူဒါန်း
    ဇူလိုင် ၂၈၊ ၂၀၁၃
    M-Media
    ဆူးထက်
    သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း
    DSC_0013
    ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားသို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်လှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဥက္ကဌ ဦးလှရွှေ(JVC)၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမာမက်ဂျလားလ်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးလှဌေး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်၊ အဖွဲ့ဝင် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    ၂၀၁၃-ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကလေးဆေးရုံ၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်သို့ အဆိုပါ အဖွဲ့မှ ကင်ဆာနှင့် ပတ်သက်သော ဆေးပစ္စည်း ၁၀မျိုး တန်ဖိုးငွေ ကျပ်(၁၅၁၁၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၂၅-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိကြောင်း သိရသည်။
    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
  • ဦးရာရှစ်၊ သမ္မတ ဦဘဦး၊ ကုလအတွင်းရေးမှူချူပ် :သမိုင်းထဲက ပုံရိပ်(၁)
    ဇူလိုင်-၂၈-၂၀၁၃
    M-Media
    11
    ကုလအတွင်းရေးမှူး ဒက်ဟမ်းမားရှိုး၊ မြန်မာသမ္မတ ဒေါက်တာ ဘဦး ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးရာရှစ်၊ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့စဉ်က
    This is a photograph of Dag Hammarskjold enjoying evening cocktails with President Dr Ba U and Commerce and Industry Minister U Raschid at Government House in Rangoon in February 1960.
    Photo via Thant Myint-U