News @ M-Media

Blog

  • အိန္ဒိယကို ထွက်ပြေးခိုလှုံသွားသည့် ရဲတပ်ဖွဲ့၀င်ဦးရေ ၂၀၀ နီးပါးရှိလာ

    အိန္ဒိယကို ထွက်ပြေးခိုလှုံသွားသည့် ရဲတပ်ဖွဲ့၀င်ဦးရေ ၂၀၀ နီးပါးရှိလာ

    မတ် ၁၃၊ ၂၀၂၁
    M-Media

    – အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့အတွက် အိန္ဒိယကို ထွက်ပြေးခိုလှုံသွားတဲ့ ရဲတပ်ဖွဲ့၀င်အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပြီလို့ သိရပါတယ်။

    ဖေဖော်၀ါရီနှောင်းပိုင်းကစပြီး မြန်မာဖက်ကရဲတွေနဲ့ မိသားစု၀င်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာတာ ဖြစ်ပါတယ်။ မနေ့ကအထိ စုစုပေါင်း ၂၆၄ ဦးရှိပြီး အဲဒီအထဲက ၁၉၈ ဦးဟာ ရဲတပ်ဖွဲ့၀င်တွေဖြစ်ကာ ကျန်တာက မိသားစု၀င်တွေ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်တွေကို မနာခံနိုင်တော့လို့ အခုလို ထွက်ပြေးလာတာလို့ ရဲတပ်ဖွဲ့၀င်တွေက အိန္ဒိယတာ၀န်ရှိသူတွေ၊ မီဒီယာတွေကို ဖြေကြားထားပါတယ်။
    အခုတစ်ပတ်အစောပိုင်းကလည်း ရဲတပ်ဖွဲ့၀င် ၄ ဦးက အထက်အရာရှိတွေဟာ ဆန္ဒပြသူတွေကို အသေပစ်သတ်ဖို့ အမိန့်ပေးခဲ့ပြီး ဒီအမိန့်ကို သူတို့ ဖီဆန်ကာ ထွက်ပြေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

    ဆန္ဒပြတဲ့အထဲမှာ မပါ၀င်တဲ့သူတွေ၊ ဘေးကရပ်ကြည့်နေသူတွေအပါအ၀င် တွေ့သမျှလူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်တယ်လို့ ခိုလှုံသွားတဲ့ နောက်ထပ် ရဲတပ်ဖွဲ့၀င်တစ်ဦးက မနေ့မှာ ထပ်မံဖွင့်ပြောခဲ့ပါတယ်။

    “ပထမတစ်ချက်က စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာ၀န်မထမ်းဆောင်ချင်တော့တဲ့အတွက် အိန္ဒိယကို ထွက်ပြေးလာတာပါ။ နောက်တစ်ချက်က အာဏာရှင်လက်အောက်ကထွက်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းတိုက်ပွဲ၀င်ရင် စစ်အာဏာရှင်ကို အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်လို့ပါ” လို့ အမည်မဖော်လိုတဲ့ အဲဒီရဲက ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီဟာ အိန္ဒိယရောက်သွားတဲ့ ရဲတပ်ဖွဲ့၀င် အနည်းဆုံး ၈ ဦးကို ပြန်လွှဲပေးဖို့ စာပို့ခဲ့ပြီး အိန္ဒိယအစိုးရကလည်း ပြန်ပို့ခဲ့ပါတယ်။

    Ref: AFP

  • နိုင်ငံအတွင်းမှ မြန်မာနိုင်ငံသားများအတွက် ၁၈ လ ယာယီနေထိုင်ခွင့် အမေရိကန် ပေးမည်

    နိုင်ငံအတွင်းမှ မြန်မာနိုင်ငံသားများအတွက် ၁၈ လ ယာယီနေထိုင်ခွင့် အမေရိကန် ပေးမည်

    မတ် ၁၃၊ ၂၀၂၁
    M-Media

    – စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ မလုံခြုံတဲ့တိုင်းပြည် ဖြစ်လာတဲ့အတွက် အမေရိကန်မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ၁ နှစ်ခွဲသက်တမ်းရှိမယ့် ခေတ္တနေထိုင်ခွင့်ပါမစ် ထုတ်ပေးသွားမယ်လို့ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အမေရိကန်မှာ နေထိုင်ခွင့်သက်တမ်းပြည့်သွားပြီးတဲ့နောက် မြန်မာနိုင်ကို မပြန်လိုတဲ့သူတွေ ဒီပါမစ်ကို လျှောက်ထားပြီး နောက်ထပ် ၁၈ လ ထပ်မံနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    ကန်ပြည်ထဲရေးဝန်ကြီး အလက်ဂျန်ဒရို မာယိုကက်စ်က စစ်အာဏာသိမ်းမှု၊ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတွအပေါ် အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ မလုံခြုံတော့ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားလာကြောင်း၊ အကူအညီပေးရေးနဲ့ ဆေးဘက်ဆိုင်ရာ လေယာဉ်တွေ သွားလို့မရဖြစ်နေကာ စီးပွားရေးပြဿနာလည်း ဖြစ်နေတာကြောင့် အမေရိကန်ကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလို ဆိုးရွားတဲ့ အခြေအနေကို သုံးသပ်ပြီးတဲ့နောက် မြန်မာနိုင်ငံကို ယာယီကာကွယ်ပေးရမယ့်အဆင့် သတ်မှတ်ခဲ့ပြီး ဒီအတွက် မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံမှာ အချိန်အတော်ကြာ နေထိုင်သူတွေဟာ အမေရိကန်မှာ ယာယီနေထိုင်ခွင့် ထပ်ရမှာ ဖြစ်ပါတယ်”

    Ref: AFP

  • စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်၍ တောင်ကိုရီးယားက စစ်တပ်ချင်း ဆက်ဆံရေးကို ရပ်ဆိုင်း

    စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်၍ တောင်ကိုရီးယားက စစ်တပ်ချင်း ဆက်ဆံရေးကို ရပ်ဆိုင်း

    မတ် ၁၂၊ ၂၀၂၁
    M-Media

    ဆိုလ်းမြို့တွင် တောင်ကိုရီးယားပြည်သူများ မြန်မာနိုင်ငံအတွက် ဆန္ဒပြမှု

    -အာဏာသိမ်းစစ်ကောင်စီနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပေးအပ်နေတဲ့ အကူအညီတွေကိုလည်း ပြန်လည်သုံးသပ်သွားမယ်လို့ တောင်ကိုရီးယား နိုင်ငံက ပြောကြားလိုက်ပါတယ်။

    ဒီလို ဆောင်ရွက်တာဟာ စစ်ကောင်စီက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    “တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပေမယ့် ရဲနဲ့ စစ်တပ်ရဲ့ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားရသူ အရေအတွက်က တိုးသထက် တိုးလာပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုတွေ ရပ်ဆိုင်းကာ၊ လက်နက်ရောင်းချမှုလည်း ပိတ်ပင်မှာဖြစ်သလို၊ မဟာဗျူဟာကျတဲ့ အခြား ပစ္စည်းတွေ တင်ပို့မှုကိုလည်း ကန့်သတ်သွားမယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ ဖွံဖြိုးရေးဆိုင်ရာ အကူအညီတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်မှု မရှိမချင်း​ တောင်ကိုရီးယားမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့်ပေးမယ်လို့ တောင်ကိုရီးယားက ကြေငြာထားပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းချိန်တန်ပြီဟု တရုတ်သံအမတ်ပြော

    အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းချိန်တန်ပြီဟု တရုတ်သံအမတ်ပြော

    မတ် ၁၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက ပြဿနာမှာ တင်းမာမှုလျော့ချဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ပြောကြားလိုက်ပါတယ်။

    မနေ့က ကုလ လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ မြန်မာ့အရေးအတွက် ကြေငြာချက်တစ်စောင် ထုတ်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို အလွန်အမင်း စိုးရိမ်မိပြီး ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို၊ ဆန္ဒပြ ပြည်သူတွေပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ရပ်တန့်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

    ဗြိတိန်ကတင်သွင်းတဲ့ ကြေငြာချက်မူကြမ်းမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုးကို ရှုတ်ချတဲ့စာကြောင်း ပါ၀င်ပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ဒီစာကြောင်းကို ဖြုတ်ပစ်ခဲ့ရပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ အစည်းအ၀ေးအပြီးမှာ တိုက်တွန်းခဲ့ပါတယ်။

    “တင်းမာမှုတွေလျော့ချဖို့ အချိန်တန်ပါပြီ။ သံတမန်နည်းလမ်းနဲ့ သွားရမယ့်အချိန်၊ ဆွေးနွေးညှိနှိုင်းရမယ့် အချိန်ပါ “

    လုံခြုံရေးကောင်စီကြေငြာချက် ပြင်ဆင်တဲ့ကိစ္စမှာ ပါ၀င်ခဲ့တာကိုလည်း ကျန်းကျွင်းက ၀န်ခံပါတယ်။

    “ကောင်စီက အဖွဲ့၀င်နိုင်ငံတွေ တစ်သံတည်းထွက်ဖို့ အရေးကြီးပါတယ်။ ကောင်စီကထုတ်ပြန်တဲ့သတင်းစကားဟာ မြန်မာနိုင်ငံက အခြေအနေ တင်းမာမှုလျော့ချရေး အထောက်အကူဖြစ်ရမှာပါ”

    မြန်မာနိုင်ငံကိစ္စမှာ သက်ဆိုင်သူတွေရဲ့ အမြင်မတူမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်အောက်မှာ ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက လုပ်နိုင်ကိုင်နိုင်တဲ့ ၀န်းကျင်တစ်ခု ဖန်တီးပေးသင့်တယ်လို့လည်း တရုတ်သံအမတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရုတ်နိုင်ငံရဲ့ ဆွေမျိုးပေါက်ဖော် မူ၀ါဒက မြန်မာပြည်သူအားလုံးအတွက်ပါ။ သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးညှိနှိုင်းပေးဖို့၊ လက်ရှိတင်းမာမှုကို လျော့ချရာမှာ အပြုသဘောဆောင်တဲ့နေရာကနေ ပါ၀င်ပေးဖို့အတွက် တရုတ်နိုင်ငံက အဆင်သင့်ရှိနေပါတယ်။ “

    Ref: Reuters

  • စစ်ကောင်စီ၏လုပ်ရပ်များက လူသားထုအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု မြောက်နိုင်ဟု ကုလ အထူးကိုယ်စားလှယ်ပြော

    စစ်ကောင်စီ၏လုပ်ရပ်များက လူသားထုအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု မြောက်နိုင်ဟု ကုလ အထူးကိုယ်စားလှယ်ပြော

    မတ် ၁၂၊ ၂၀၂၁
    M-Media

    -ဆန္ဒပြသူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု (Crimes against Humanity) မြောက်ဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    ဂျီနီဗာမှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအ၀ေးမှာ တွမ်အန်ဒရူး မနေ့က မိန့်ခွန်းပြောကြားခဲ့တာပါ။ ဖေဖော်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လူ ၇၀ လောက် အသတ်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

    “တိုင်းပြည်ကို တရားမ၀င် လူသတ်အဖွဲ့က အုပ်စိုးထားတာဖြစ်ပြီး Crimes against Humanity ကိုလည်း ကျူးလွန်နေပုံပါပဲ”

    Crimes against Humanity ထဲမှာ ပါ၀င်တဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဥ်းချထားတာ၊ နှိပ်စက်တာ၊ ညှင်းပမ်းတာတွေကို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအ၀င် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်​နေတာဖြစ်တယ်လို့လည်း တွမ်အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Crimes against Humanity ကျူးလွန်မှုရှိလားဆိုတာကို တရားရုံးက ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်က ရာဇ၀တ်မှုတွေကို နိုင်ငံတစ်၀ှမ်းမှာ တစ်ပြိုင်နက်တည်း စီစဥ်ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေ ထင်ရှားတယ်လို့ ကုလအထူးကိုယ်စားလှယ်က ဆိုပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း အာဏာသိမ်းစစ်ကောင်စီဟာ ဆန္ဒပြသူတွေကို တုန့်ပြန်ရာမှာ တိုက်ပွဲသုံး ချေမှုန်းရေး လက်နက်တွေကို အသုံးပြုနေကြောင်း၊ ဆန္ဒပြမှုနဲ့သက်ဆိုင်တဲ့ ဗီဒီယို ၅၀ ကျော်လောက်ကို လေ့လာသုံးသပ်ရာမှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေ တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်တာကို တွေ့ရကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref : Reuters