News @ M-Media

Blog

  • ၃၀-၇-၂၀၁၃ အားကစားသတင်းများ

    ဇူလိုင်-၃၀၊၂၀၁၃
    M-Media

    Ferdinand

    လက်ရှိလူအင်အားနှင့် ဆုဖလားများကို ဆွတ်ခူးနိုင်သည်ဟု ဖာဒီနန်ဆို

    ယခုအချိန်အထိ ကစားသမားနှစ်ဦးသာ ခေါ်ယူထားသေးသော်လည်း အသင်းအတွက်လုံလောက်နေပြီး နည်းပြသစ် ဒေးဗစ်မိုယက်စ်လက်အောက် လက်ရှိလူစာရင်းနှင့်ပင် မန်ယူအသင်းအနေဖြင့် ဆုဖလားများကို ဆွတ်ခူးရယူနိုင်သည်ဟု အသင်း၏ နောက်ခံလူ ရီယိုဖာဒီနန်က  ပြောဆိုလိုက်သည်။ ရာသီသစ်တွင် လက်ရှိလူစာရင်းနှင့်ပင် ယှဉ်ပြိုင်ရသော်လည်း ၎င်းတို့အနေဖြင့် ကောင်းမွန်စွာစွမ်းဆောင်နိုင်ပြီး ဆုဖလားများကို ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ________________________________________________
    ဘရာဇီးကြယ်ပွင့်နေးမာ ဘာကာနှင့် ပထမဆုံး ပွဲထွက်ခွင့်ရတော့မည်

    အင်္ဂါနေ့တွင် ပိုလန်ကလပ်အသင်းနှင့်ခြေစမ်းပွဲကစားရန် ထုတ်ပြန်လိုက်သည့် ဘာစီလိုနာအသင်း၏ ကစားသမားအမည်စာရင်းတွင် ဘရာဇီးဘောလုံးကြယ်ပွင့် နေးမာ ပါဝင်လာသည်ဟု သိရသည်။ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ၀င်ရောက်ကစားခဲ့ပြီးနောက် အနားယူနေခဲ့ပြီး တနင်္လာနေ့က ဘာစီလိုနာအသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပြန်လည်ပါဝင်လာခဲ့သည့် နေးမာမှာ ဘာစီလိုနာအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရမည်ဖြစ်သည်။
    ________________________________________________
    ဆာမိ ခေဒီရာ အားခေါ်ယူရန် ချယ်ဆီး စိတ်ဝင်စား

    ချယ်ဆီးနည်းပြ မော်ရင်ဟိုအနေဖြင့် ရီးရဲလ်မက်ဒရစ်ကစားသမား ဆာမိ ခေဒီရာအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းတွင် လက်တွဲခဲ့ဖူးသူ အဆိုပါကစားသမားအား တစ်နှစ်လုပ်ခ ယူရို ၄.၆ သန်းနှင့် ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းပေးချေရဖွယ်ရှိနေသည်။
    ________________________________________________
    ဂျူဗင်တပ်စ်အသင်းသာ စီးရီးအေ ချန်ပီယံဖြစ်မည်ဟု ဖီအိုရင်တီးနား ကွင်းလယ်လူ ဆို

    ဖီအိုရင်တီးနားကွင်းလယ်လူ ဘော်ဂျာ ဗာလီရိုက ဂျူဗင်တပ်စ်အသင်း၏ ကောင်းမွန်သော ကစားသမားအသစ် ၀ယ်ယူမှုများက စီးရီးအေအပါအ၀င် ဆုဖလားများစွာကို ရရှိစေနိုင်မည်ဟု ပြောဆိုလိုက်သည်။ ဖာနန်ဒိုလော်ရန်တေး၊ ကားလို့စ်တီဗက်ဇ်  စသည့်ကစားသမားကောင်းများ ၀ယ်ယူနိုင်မှုကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုကစားသမားသစ်များက ဂျူဗင်တပ်စ်အသင်းအား ဆုဖလားများစွာ ရရှိစေရန်ကူညီလိမ့်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ________________________________________________
    goal.com မှ ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအား မက်ဆီ တတိယအကြိမ် ဆွတ်ခူး

    ကမ္ဘာကျော် ဘောလုံး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် goal.com က ပေးအပ်ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီက ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။ ဘောလုံးအားကစားနှင့်ပက်သက်သည့်  အကြီးဆုံး ၀က်ဆိုဒ်တစ်ခုဖြစ်သော goal.com တွင် တာဝန်ထမ်းဆောင်နေသည့် ကမ္ဘာတစ်ဝှမ်းမှ ဂျာနယ်လစ် ၅၀၀ ကျော်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၅၀ ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက နံပါတ်တစ်နေရာရရှိခဲ့ကာ ဘိုင်ယန်အလယ်တန်းလူ ဖရန့် ရီဘာရီနှင့် ရီးရဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့က ဒုတိယနှင့် တတိယနေရာ အသီးသီးရရှိခဲ့ကြသည်။ မက်ဆီမှာ ၂၀၀၉ ခုနှင့် ၂၀၁၁ ခုနှစ်များတွင်လည်း goal.com၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်သည်။
    ________________________________________________
    မန်ယူနှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေသည်မှာ မဟုတ်မှန်ကြောင်း ဖာဘရီဂတ်စ် အေးဂျင့်ဖြစ်သူ ငြင်းဆို

    ဖာဘရီဂတ်စ်၏ အပြောင်းအရွှေ့ကိစ္စအတွက် မန်ယူအသင်းနှင့် ဆွေးနွေးနေသည်မှာ မဟုတ်မှန်ကြောင်း အေးဂျင့်ဖြစ်သူ ဒါရန့် ဒီအင်က ဘာစီလိုနာအသင်းသို့ ပြောကြားလိုက်သည်။ ဖာဘရီဂတ်စ်မှာ မန်ယူသို့ပြောင်းရွှေ့မည်မဟုတ်ဘဲ ဘာစီလိုနာအသင်းတွင်သာ  ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ၎င်း၏အနာဂတ်နှင့်ပက်သက်၍ မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ဒါရန့် ဒီအင်က ပြောကြားခဲ့သည်။
    ________________________________________________
    ဒေးဗစ်လူးဝစ် အသင်း၌သာ ဆက်လက်ရှိနေမည်ဟု မော်ရင်ဟိုဆို

    ဘိုင်ယန်မြူးနစ်အသင်းမှ ပေါင် ၃၄.၅ သန်းဖြင့် ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်မှာ အသင်း၌သာ ဆက်လက်ရှိနေမည်ဟု နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ပြောဆိုလိုက်သည်။
    ________________________________________________
    အင်တာနောက်ခံလူအား ခေါ်ယူရန် ကြိုးပမ်းမှုကို လက်လျှော့လိုက်ပြီဟု မီလန်ဆို

    အေစီမီလန်အသင်း၏ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက အသင်းအနေဖြင့် အင်တာနောက်ခံလူ မာတီယက်စ် ဆီလ်ဗက်စရီအား ခေါ်ယူရန်ကြိုးပမ်းမှုကို စွန့်လွှတ်လိုက်ပြီဟု ပြောဆိုလိုက်သည်။ အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုမှာ နီးကပ်မှုမရှိဘဲ  ပို၍ဝေးကွာလာကြောင်း ထို့ကြောင့် ၎င်းတို့အနေဖြင့် အဆိုပါ ကစားသမားအားခေါ်ယူရန်ကိစ္စကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း အက်ဒရီယာနိုက ထပ်လောင်းပြောကြားခဲ့သည်။
    ________________________________________________
    ဖယ်လိုင်နီအားခေါ်ယူရန် မန်ယူ စိတ်ဝင်စားလာ

    ဖာဖရီဂတ်စ်အားခေါ်ယူရန် မသေချာဖြစ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းသည် အဲဗာတန်အသင်း၏ ကွင်းလယ်လူ မရူအိန် ဖယ်လိုင်နီအား ခေါ်ယူရန် စဉ်းစားနေသည်ဟုသိရသည်။ မန်ယူအနေဖြင့် ဖယ်လိုင်နီအား ယူရို ၂၅.၅ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီး  ပြီးခဲ့သည့်နွေရာသီကတည်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့သည့် ဖယ်လိုင်နီ၏ အသင်းဖော် လေတန်ဘိန်းအား တစ်ပါတည်းခေါ်ယူရန် နီးစပ်နေသည်။
    ________________________________________________
    ဘာမင်ဂမ်တိုက်စစ်မှူးဟောင်း ခရစ်ရှန် ဘင်နီတက်ဇ် ကွယ်လွန်

    အင်္ဂလိပ်ကလပ် ဘာမင်ဂမ်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ ခရစ်ရှန် ဘင်နီတက်ဇ်မှာ ကာတာနိုင်ငံတွင် ယမန်နေ့က ကွယ်လွန်သွားပြီဟုသိရသည်။ အသက် ၂၇ နှစ်အရွယ်ရှိ အီကွေဒေါတိုက်စစ်မှူး ခရစ်ရှန်မှာ ယခုလ အစောပိုင်းတွင်မှ ကာတာကလပ် အလ်ဂျာအစ်ရှ် အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဆိုးရွားသော အစာအိမ်ရောဂါ ခံစားခဲ့ရသောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နာရီအနည်းငယ်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
    ________________________________________________
    အလှူငွေရှာဖွေရေး အပြေးပြိုင်ပွဲတစ်ခုပြုလုပ်ရန် အူစိန်ဘော့အား ဖာရာ ဖိတ်ခေါ်

    လန်ဒန်အိုလံပစ် မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ချန်ပီယံ အင်္ဂလန်နိုင်ငံသား မိုဟာမက်ဖာရာက အိုလံပစ် မီတာ ၁၀၀နှင့် မီတာ ၂၀၀ ချန်ပီယံ အူစိန်ဘော့အား အလှူငွေရှာဖွေရေး အပြေးပြိုင်ပွဲတစ်ခုပြုလုပ်ရန် ဖိတ်ခေါ်လိုက်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ လန်ဒန်မြို့တွင် ကျင်းပသည့်  Anniversary Games အပြေးပြိုင်ပွဲတွင် ဆုတံဆိပ် အသီးအသီး ရရှိထားကြသူများဖြစ်သည်။ ထိုကဲ့ အလှူငွေရှာဖွေရေး ပြိုင်ပွဲတစ်ခုပြုလုပ်ရန် မိမိအနေဖြင့် စဉ်းစားနေကြောင်း၊ အူစိန်ဘော့နှင့် မိမိတို့မှာ လိုအပ်သူများကို ကူညီရန်အတွက် ကိုယ်ပိုင်ဖောင်ဒေးရှင်းများရှိကြပြီး ယခုအပြေးပြိုင်ပွဲအတွက် သတ်မှတ်ရမည့်အကွာအဝေးကို ပရိတ်သတ်များအနေဖြင့် သတ်မှတ်ပေးစေလိုကြောင်း၊ မီတာ ၆၀၀ နှင့် မီတာ ၈၀၀ အကြား အကွာအဝေးသည်သာလျှင် ၎င်းတို့နှစ်ဦးစလုံးအတွက် သင့်တော်မည်ဟုထင်ကြောင်း စသဖြင့် မိုဟာမက် ဖာရာက ပြောဆိုခဲ့သည်။

  • Goal မှ ရွေးချယ်သည့် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုအား မက်ဆီ တတိယအကြိမ် ဆွတ်ခူး

    ဇူလိုင်-၃၀၊၂၀၁၃

    M-Media

    Messi

    ကမ္ဘာကျော် ဘောလုံး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် goal.com က ပေးအပ်ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီက ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။

    ဘောလုံးအားကစားနှင့်ပက်သက်သည့် အကြီးဆုံး ၀က်ဆိုဒ်တစ်ခုဖြစ်သော goal.com တွင် တာဝန်ထမ်းဆောင်နေသည့် ကမ္ဘာတစ်ဝှမ်းမှ ဂျာနယ်လစ် ၅၀၀ ကျော်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၅၀ ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက နံပါတ်တစ်နေရာရရှိခဲ့ကာ ဘိုင်ယန်အလယ်တန်းလူ ဖရန့် ရီဘာရီနှင့် ရီးရဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့က ဒုတိယနှင့် တတိယနေရာ အသီးသီးရရှိခဲ့ကြသည်။

    မက်ဆီမှာ ၂၀၀၉ ခုနှင့် ၂၀၁၁ ခုနှစ်များတွင်လည်း goal.com၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်သည်။

  • တစ်ယောက်တည်းရှိနေချိန် Heart Attack ဖြစ်ရင် ဘယ်လို လုပ်မလဲ?

    ဇူလိုင် ၃၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Heart Attack

    Heart attack ဖြစ်သော လူအများစုဟာ တစ်ယောက်တည်းရှိနေချိန်တွင် ဖြစ်တတ်ပြီး အကူအညီမရပါက သတိလစ်မေ့မျောသွားရန် ၁၀ စက္ကန့်သာကြာပါတယ်။

    ထိုကဲ့သို့ဖြစ်ချိန်တွင် လူနာကိုယ်တိုင် ချောင်းကို ခပ်ပြင်းပြင်း ဆက်တိုက်ဆိုးပေးခြင်းဖြင့် အခြေအနေကို ထိန်းထားနိုင်ပါတယ်။ ချောင်းဆိုးမည့်အကြိမ်တိုင်း မဆိုးမီအလျင် အသက်ပြင်းပြင်းရှူပါ။ ချောင်းဆိုးရာတွင်လည်း အတွင်းမှ ချွဲသလိပ်ထုတ်သကဲ့သို့ ရှည်လျားစွာနှင့် နက်နဲစွာ ဆိုးပေးပါ။ ထိုကဲ့သို့ ပြုလုပ်ရင်း အမြန်ဆုံး အကူအညီရရန် အရေးပေါ်နံပါတ်များသို့ လှမ်းအကြောင်းကြားပါ။

    အသက်ပြင်းရှူခြင်းနှင့် ချောင်းပြင်းဆိုးခြင်းကို အကူအညီမလာမချင်း (သို့) ပုံမှန်အသက်မရှူမချင်း ၂ စက္ကန့် တစ်ခါပြုလုပ်ပေးပါ။

    အသက်ပြင်းရှူခြင်းက အဆုပ်အတွင်းသို့ အောက်ဆီဂျင်ရောက်စေပြီး ချောင်းဆိုးခြင်းက နှလုံးကိုညှစ်စေကာ ပုံမှန်ဖြစ်စေပြီး သွေးလည်ပတ်စေပါတယ်။ ဒီလိုနည်းနှင့် ဝေဒနာရှင်ဟာ ဆေးရုံရောက်အောင် ထိန်းထားနိုင်ပါတယ်။

    ဒီနည်းအား တတ်နိုင်သလောက် ဖြန့်ဝေပြောကြားပေးခြင်းဖြင့် လူ့အသက်တွေကို ကယ်တင်ရာမှာ သင်လည်းပါဝင်နိုင်ပါတယ်။

    ကိုးကား – Genejostory

  • လက်ပံတောင်း အကြမ်းဖက်မှု ၈-လပြည့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

    ဇူလိုင် ၃၀၊ ၂၀၁၃
    M-Media
    အိမေ

    လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်မှု ၈-လပြည့် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

    copper mine 8 months

    ရန်ကုန် ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲံသော ဒေသခံများနှင့် သံဃာတော်များအား ၂၀၀၉-ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ရာ ယနေ့တွင် ၈-လပြည့်မြောက်ပြီဖြစ်သော်လည်း အကြမ်းဖက် ဖြိုခွင်းသူများအား တာဝန်ရှိသူများက ဖော်ထုတ်ပေးမှုမရှိသေးသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ၂၀၁၃-ခု ဇူလိုင်လ (၂၉)ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    “သံဃာတော်များအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့မှုအပေါ် စစ်ဆေးစုံစမ်းခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အတွက် တစ်ကိုယ်တော်ဆန္ဒပြရခြင်း ဖြစ်ပါသည်။ ဒါကြောင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ အရေးယူ ဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်”ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ Genderation Youths မှ ကိုတင်ထွဋ်ပိုင်က ပြောကြားခဲ့သည်။

    “လက်ပံတောင်း အရေးဆန္ဒ ထုတ်ဖော်ခဲ့သည့် အကြိမ်တိုင်း၌ သံဃာတော်များ မီးလောင်းဗုံးဖြင့် ဖြိုခွင်းခံရခြင်းကို ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ဖော်ထုတ်ပေးနိုင်ခြင်းမရှိပဲ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင်လည်း မီးခိုးဗုံးဟုသာ ဖော်ပြထားပြီး လက်ပံတောင်းတောင် စီမံကိန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုပြီးဖြစ်တာ သိရတဲ့အတွက် အစိုးရဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လေသံတွေကို နားမထောင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒီလို နားမထောင်ဘူးဆိုရင် ဘာကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေတယ်လို့ ပြောနေရတာလဲ။ ဘာကြောင့် အရပ်သားအစိုးရလို့ ကိုယ့်ကိုယ်ကို နာမည်တပ်နေရတာလဲ။ အဲလို မပြောပါနဲ့။ အာဏာရှင်လို့ပဲ ပြောလိုက်ပါ။ အဲဒါဆို ကျွန်တော်တို့အားလုံး လက်ခံမှာပါ”ဟု ယင်းက ထပ်မံပြောကြားသည်။

    အဆိုပါ ဆန္ဒထုတ်ဖော်နေစဉ်အတွင်း ညနေ ၄-နာရီခန့်တွင် ကျောက်တံတားရဲစခန်းမှ လာရောက်၍ ကိုတင်ထွဋ်ပိုင်အား လာရောက်ခေါ်ဆောင်ခဲ့သည်။ ယင်းရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ပြီး ညနေ ၅-နာရီတွင် အာမခံဖြင့် ရဲစခန်းမှ ပြန်လည် ထွက်လာခဲ့ကြောင်းသိရသည်။

    ဓါတ်ပုံများ ဆက်လက်ကြည့်ရှုရန် Click Here

  • မြန်မာအစိုးရ၏ သက်ဝင်လှုပ်ရှားနေဆဲ ရဲထောက်လှမ်းရေး (SB) ခေါ် ပါးကွက်သား ကင်ပေတိုင်များ

    M-Media
    ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃

    မူရင်း – AP သတင်းထောက်များဖြစ်ကြသည့် ရန်ကုန်မှ အေးအေးဝင်းနှင့် ရတနာထွန်း၊ ဘန်ကောက်မှ ဂျိုးဆလင်းဂက်ကား၊ နယူးဒေလီမှ တင်မ်ဆူလေဗန်တို့ ဤသတင်းအား ပါဝင်ရေးသားခဲ့ကြပါသည်။ (www.boston.com/news/world/asia/2013/07/29/myanmar-internal-spy-network-lives/rIO4L7DS34yOMZcH87kxtL/story.html)

    မြန်မာပြန်နှင့် တည်းဖြတ် – M-Media

    burma-unrest-007
    ရပ်ကြည့်နေတဲ့ မြန်မာရဲများ

    မြန်မာအစိုးရက ပြည်သူတွေကို ပိုပြီးလွတ်လပ်တဲ့ အခွင့်အလမ်းတွေ ပေးသွားမယ်လို့ ကတိပေးခဲ့တာဟာ အခုဆိုရင် ၂ နှစ်တောင်ကြာခဲ့ပါပြီ။ ဒါပေမယ့် အရပ်သား အ၀တ်အစားနဲ့ ထောက်လှမ်းရေးအရာရှိတွေကတော့ အရင်ကျောင်းသားခေါင်းဆောင်ဟောင်း၊ တက်ကြွလှုပ်ရှားသူ မြအေးတစ်ယောက် ဘယ်ရောက်နေလဲ၊ သူဘယ်တော့ ပြန်လာမလဲ စတဲ့မေးခွန်းတွေ လာပြီးမေးနေတုန်းပါပဲလို့ ဆိုပါတယ်။

    နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ စာရေးဆရာတွေနဲ့ သံတမန်တွေကလည်း သူတို့တတွေရဲ့ အစောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။ သွားလေရာ ကို မော်တော်ဆိုင်ကယ်တွေနဲ့ အနီးကပ်လိုက်ကြတယ်။ မကြာမကြာ ဖုန်းတွေဆက်ပြီး မေးမြန်းကြတယ်၊ မျက်နှာတန်းမိနေတဲ့ အဲဒီလူတွေကို လူထူထပ်တဲ့ လ္ဘက်ရည်ဆိုင်နဲ့ လမ်းတွေပေါ်မှာ တွေ့နေရတယ်။

    “အရင်တုန်းကလောက်တော့ မဆိုးတော့ပါဘူး၊ ဒါပေမယ့် ဒါမျိုးကြောင့် တကယ့်ကို အနှောင့်အယှက်ဖြစ်ရပါတယ်။ သူတို့က ကျွန်တော်တို့ကို ရာဇ၀တ် သား တွေလို ဆက်ဆံကြတယ်လေ။ အရှက်ခွဲမယ်၊ ဒါမျိုးပေါ့၊ ကျွန်တော်တို့ မိသားစုတွေအပေါ်မှာလည်း ဒီအတိုင်းပါပဲ။ ဒါက မလေးမစားလုပ်ရာကျ သလို ခြောက်လှန့်တာမျိုးလည်းပါတယ်။ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး။” ဟု ပြည်သူအများ၏ ရပိုင်ခွင့်များအတွက် ဘ၀ကို ရင်းနှီးကာ ဆောင်ရွက်ပေးနေ တဲ့ ကိုမြအေးက ပြောပြပါတယ်။

    ကိုမြအေးကတော့ ၁၉၈၈ တုန်းက ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ အာဏာရှင် စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက တစ်ဦးပါ။ သူတို့ရဲ့ ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။ စစ်အစိုးရကတော့ ဆယ်စုနှစ် ၅ ခုနီးပါး တိုင်းပြည်ကို အုပ်ချုပ်သွားပြီး အရမ်းကို အင်အားကြီး မားတဲ့ ထောက်လှမ်းရေး ကွန်ယက်ကြီးကို ဖွဲ့စည်းပြီး သူတို့ကို ဆန့်ကျင်တဲ့သူတွေအပေါ်မှာ လိုက်ပြီးစုံစမ်းထောက်လှမ်းနေတော့တာပါပဲ။

    လွန်ခဲ့တဲ့ နှစ်အတွင်းကပဲ ကိုမြအေးနဲ့ အခြားသော အတိုက်အခံတွေ ထောင်က လွတ်လပ်ခဲ့ကြတယ်။ ပါးစပ်တွေ ပိတ်နေအောင် ခြောက်လှန့်မှုတွေ က ကြောက်ရွံလူတန်းစားကြီးတွေရဲ့ နှလုံးသားထဲကို စိမ့်ဝင်လို့နေပါတယ်။

    ဦးသိန်းစိန် သမ္မတဖြစ်တော့ ဖိနှိပ်မှု သိသိသာသာ လျော့နည်းလာခဲ့တယ်။ သူကလည်း အရင်က စစ်ဗိုလ်ချုပ်တစ်ဦးရယ်ပါ။ ၂၀၁၁ တုန်းက အတိုက် အခံတွေ သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲကနေ သမ္မတတက်ဖြစ်လာခဲ့တာပါ။ သူက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်၊ စာနယ်ဇင်းတွေကို ဆင်ဆာဖျက်သိမ်းပေးတယ်။ ဒါ့ပြင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကလည်း အမှန်တကယ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမယ့် အစိုးရက သူ့လူတွေကို ပြန်ပြီး စပိုင်လုပ်ထောက်လှမ်းနေတာမျိုးကိုတော့ မရပ်တန့်သေးပါဘူး။

    အဲန်အလ်ဒီရဲ့ ဥပဒေပြုလွှတ်တော်အမတ် ဦးဝင်းထိန်ကတော့ – “အကျင့်ဟောင်းက ဖျောက်ရခက်တယ်လေ” လို့ မှတ်ချက်ပြုပါတယ်။ သူကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၂၀ လောက် ထောင်ထဲနေခဲ့ရသူပါ။ သူက AP သတင်းဌာနကို ဖုန်းနဲ့ စကားလှမ်းပြောတော့ ရဲတွေက ဖုန်းလိုင်းကို ထိန်းချုပ်ပြီး (ကြားဖြတ်) နားထောင်မှာ စိုးရိမ်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။

    အတိုက်အခံ (အထူးသဖြင့် NLD ပါတီ) ပါတီရဲ့ ဌာနချုပ်ရုံးတွေ တည်ရှိရာ နေရာတွေက လ္ဘက်ရည်ဆိုင်လိုနေရာမျိုးမှာတော့ အစိုးရ ဌာနပေါင်းစုံက လုံခြုံရေးအရာရှိ (ထောက်လှမ်းရေး) ခြောက်ယောက်ကနေ ရှစ်ယောက်လောက်အထိ နေ့တိုင်းတွေ့နေရပါတယ်။ သူတို့တွေက မှတ်စုတွေ ရေးနေမယ်၊ တယောက်ဝင် တယောက်ထွက် ဂျူတီချိန်းတာမျိုး လုပ်ကြတယ်၊ ပုံမှန်အားဖြင့်တော့ မျက်မှန်းတန်းမိနေတဲ့ လူတွေပါပဲ။

    နိုင်ငံတ၀ှမ်း ဒါမျိုးထောက်လှမ်းရေး ဘယ်လောက်ရှိသလဲတော့ မသိပါ။ ဒါပေမယ့် အနည်းဆုံး သတင်းစုဆောင်းရေးဘက်က အဓိကဌာနကြီးနှစ် ခုကတော့ အလုပ်လုပ်နေကြတုန်းပါပဲ။ အဲဒီနှစ်ခုကတော့ စစ်ရေးလုံခြုံမှုရုံးနဲ့ စပ်စုတတ်တဲ့ အထူးရဲတပ်ဖွဲ့ (SB) တို့ဖြစ်ပါတယ်။ အထူးရဲတပ်ဖွဲ့ (SB) ကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို သတင်းပေးပို့ရပါတယ်။

    အလတ်တန်းစား ရာထူးရှိပြီး အဆက်အသွယ်လည်း တော်တော်ကောင်းတဲ့ ၀န်ထမ်းတစ်ဦးက အခုအခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် ရာထူး အဆင့် အနိမ့်အမြင့် ပုံစံမျိုးမရှိတော့ဘူးလို့ ဆိုပါတယ်။ သူကတော့ မီဒီယာနဲ့ စကားပြောခွင့်မရှိတာကြောင့် အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ အတွေ့အကြုံနဲပြီး ငယ်ရွယ်တဲ့ ၀န်ထမ်းတွေကတော့ မျက်နှာစိမ်းတွေ ဒါမှမဟုတ် မသင်္ကာဖွယ် လှုပ်ရှားမှုတွေအတွက် အာရုံစိုက် စောင့်ကြည့်ပြီး သူတို့အထက်က ၀န်ထမ်းတွေဆီ သတင်းပေးရပါတယ်တဲ့။

    ဒီလို အတွေ့အကြုံနည်းပြီး ငယ်ရွယ်တဲ့ရဲဝန်ထမ်းတွေကတော့ တခါတလေ အကြမ်းထည်တွေဝတ်မယ်၊ တခါတလေလဲ ရုပ်ပြောင်အ၀တ် အစားတွေဝတ်ပြီး လှုပ်ရှားကြတာမျိုးပါ။ ဒါပေမယ့် သူတို့ကို သတိထားမိခြင်းမရှိအောင်လို့တော့ တော်တော်ကြီးပြင်ဆင်ထားတာမျိုး မဟုတ်ပါ။

    ဒီနှစ်အစောပိုင်းက မိတ္ထီလာအဓိကရုဏ်းကိစ္စနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်ကို စုံစမ်းဖို့ AP သတင်းထောက်တွေ သွားခဲ့ပါသေးတယ်။ အဲဒီလို မျိုး စောင့်ကြည့်နေတဲ့လူတွေက နေရာတိုင်း ရှိနေတာပေါ့။ နှစ်ယောက်ကတော့ မော်တော်ဆိုင်ကယ်နဲ့ နောက်က ကပ်လိုက်လာသေးတယ်။

    မန္တလေးကျတော့ ဟိုတယ်အပြင်ဘက်မှာလည်း တော်တော်များများ စောင့်ကြည့်နေကြတယ်။ သူတို့ကြည့်နေကြရတဲ့အကြောင်းရင်းကတော့ ကျနော်တို့ သတင်းထောက်အဖွဲ့က သူတို့ကို မျက်ခြေဖြတ်နိုင်အောင် ကြိုးစားနေကြလို့ပါ။ နောက်ဆုံးတော့ လူစည်တဲ့ ဘုရားကျောင်းထဲ ၀င်လိုက်ကြပြီး နောက် ဘက်ကို ခပ်သုတ်သုတ်လေး လျောက်လိုက်ကြတယ်။ လူသတ်ကောင်တွေလက်က လွတ်ပြီး အသက်ရှင်ကျန်ရစ်တဲ့သူအချို့ ကို အင်တာဗျူးခွင့် ရခဲ့တယ်။ သူတို့က အာဏာပိုင်တွေလာပြီး သူတို့ကို အရှက်တကွဲအကျိုးနဲစေမှာလားဆိုပြီး တော်တော်လေး စိုးရိမ်နေကြတာပါ။ ဘယ်လောက် ထိအောင်လဲဆိုရင် သူတို့အိမ်ထဲမှာတောင် ကျွန်တော်တို့ကို စကားပြောခဲ့ကြတာမဟုတ်ဘူး။

    သမ္မတရုံးက ပြောခွင့်ရတဲ့ (ဦး) ရဲထွဋ်ကတော့ အဲဒါမျိုးနေ့တွေ လွန်ခဲ့ပါပြီတဲ့လေ။ “အထူးရဲဌာန(SB) က ဂျာနယ်လစ်တွေကို စောင့်ကြည့်တာမျိုး မလုပ်တော့ပါဘူး” လို့ သူကပြောခဲ့တာပါ။ သူ့ကို အဖြစ်အပျက်တွေပြောပြပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတော့ သူက ဒါတွေက အမှားမှားအယွင်းယွင်း ကောက်ချက်ချတာတွေဖြစ်တာကြောင့် မှတ်ချက်မပေးနိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ကတော့ စစ်အစိုးရလက်ထက်တုန်းက အဲဒီထောက်လှမ်းရေးတွေကပဲ အကျဉ်းသားတွေသာမက ခေတ္တထိန်း သိမ်းထားသူတွေကို ပါ ညှင်းပမ်းနှိပ်စက်တယ်လို့ ဆိုပါတယ်။ သူတို့က ကန်ကျောက်မယ်၊ ရိုက်နှက်မယ် ဒါမှမဟုတ် အိပ်လို့မရအောင် လုပ်ထားမယ်၊ ဒါမျိုးနည်းတွေနဲ့ နှိပ်စက်ကြတာပါ။ တချို့ဆိုရင် သတိလစ်သွားတာမျိုးထိ ဖြစ်ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက မအောင်မမြင်ဖြစ်ခဲ့ရတဲ့ သံဃာတွေခေါင်းဆောင်တဲ့ ရွှေဝါရောင်အရေးအခင်းတုန်းကလည်း ဒီ SB ခေါ် အထူးရဲတပ်သားတွေကပဲ ဆန္ဒပြသူတွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပြီးတော့မှ တစ်ယောက်ချင်းစီလိုက်ဖမ်းတော့တာပဲ။

    “ဖမ်းဆီးမှုတွေ၊ ထိန်းသိမ်းမှုတွေ (အခုထိ) ရှိနေတုန်းပါပဲ။ တခါတလေ နှိပ်စက်ညှင်းပမ်းမှုတွေလည်း ရှိပါတယ်။” လို့ နယူးယောက်မြို့အခြေဆိုက် (HRW) ခေါ် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ မြန်မာပြည်ရေးရာ ကျွမ်းကျင်သူ ဒေးဗစ် မတ်သီးအေဆင်က ပြောပါတယ်။ အချို့သော ကိစ္စတွေတော်တော်များများက နက်နက်ရှိုင်းရှိုင်းကို ဖြစ်ပျက်နေတာပါ။ အချို့သော အခြေအနေတွေကိုတော့ မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူ အုပ်စုတွေက သတင်းပေးပို့ပါတယ်။

    နိုင်ငံလုံးဆိုင်ရာ ထောက်လှမ်းရေးက ပြစ်မှတ်တွေကို ရည်ရွယ်ပြီး လုပ်ဆောင်နေတုန်းပါ။ ဒါကို မတ်သီးအေဆင်ကတော့ “မူမမှန်တဲ့ဗီဇအထုံ” လို့ သမုတ်ခဲ့ပါတယ်။ သူက – “လျို့ဝှက်ရဲသားတွေက အသွင်ကူးပြောင်းရေးမှာ နောက်ဆုံးမှ ပါဝင်လာမယ့် (လူစားမျိုးပဲ)။ အထူးသဖြင့် သူတို့ နှိပ်စက်ခဲ့တဲ့ သူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ ဒီအသွင်ကူးပြောင်းရေးမှာ ဗဟိုချက်မက ပါဝင်နေတဲ့ အခါမျိုးမှာ (ဒီလူတွေက နောက်ဆုံးတန်းကမှ ပါဝင်ကြပါတယ်။)” လို့ ဆိုပါတယ်။

    ဒါ့ပြင်သူက – “အခုအခါမှာ သူတို့အတွက် စိန်ခေါ်မှုက သူတို့လိုက်ပြီးစောင့်ကြည့်ရမယ့် လူတန်းစားက အရမ်းကို များပြားလာတာပဲဖြစ်တယ်။ ဗမာတွေရော၊ နိုင်ငံခြားသားတွေရောပဲ။ ဒါ့ပြင် သူတို့ဆောင်ရွက်ရမယ့် မသေချာတဲ့ အမှုအခင်းတွေနဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး (ပေါ်လစီ) အစီအစဉ်တွေလည်း ရှိနေသေးတယ်။ ၂၀၁၁ မတိုင်ခင်က ရဲ၊ တရားရုံးနဲ့ စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေအတွက် တရားဥပဒေစိုးမိုးရေးကို ဗန်းပြနိုင်ကြတာပေါ့။ ဒီလိုဗန်းပြပြီးပဲ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်မယ်၊ ဝေဖန်သူတွေကို ထောင်ထဲထည့်တယ်။ ဒီလိုအလုပ်တွေ ဆက်မလုပ်ဖို့ သူတို့ဆီမှာ အစီအစဉ်မရှိတာကြောင့် (ဂျာနယ်လစ်တွေနဲ့ ဝေဖန်သူတွေ) သတိထားကြရမှာပေါ့။” လို့ ပြောပါတယ်။

    မြေယာကိစ္စတက်ကြွလှုပ်ရှားသူ ကိုဝင်းချိုကတော့ ဒါမျိုး ပြဿနာတွေကို သူ့နည်းသူဟန်နဲ့ ဖြေရှင်းနေပါတယ်တဲ့။ သူက အခုလိုပြောပြပါတယ်။

    “ကျွန်တော်က သူတို့က ကျွန်တော်ဘာလုပ်မလဲဆိုတာ အားလုံး ပြောပြလိုက်တာပဲ၊ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တော့မယ်ဆိုရင် SB ကို ဖုန်းဆက်ပြီး ဘယ်နေရာ ဘယ်အချိန်ဆိုတာ ပြောလိုက်တယ်။ ဒီလိုဆိုတော့ ကျွန်တော့်နောက် သူတို့ (နောက်ဆံတင်းပြီး) မလိုက်တော့ဘူးလေ။ သူတို့ အားလုံးသိပြီးပြီပဲ။” ကိုဝင်းထိန်ကတော့ မကြာခဏ ရန်ကုန်ပြင်ပကို ခရီးထွက်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ အာဏာပါဝါနဲ့ ချမ်းသာကြွယ်ဝသူများရဲ့ လယ်ယာမြေအသိမ်းခံ လယ်သမားများအရေးအတွက် ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ပေးဖို့ပါပဲ။

    ဒေသဆိုင်ရာ ရဲတွေမှာတော့ သူတို့ကိုယ်ပိုင် ထောက်လှမ်းရေးအေးဂျင့်တွေ ရှိပါတယ်။ မိတ္ထီလာမှာ AP သတင်းထောက်တွေကို နောက်ကလိုက် တဲ့ ထောက်လှမ်းရေးသမားတစ်ယောက်က ဦးဝင်းထိန်(NLD အမတ်) ကို အဲဒီမြို့မှာပဲ လွန်ခဲ့တဲ့ လအနည်းငယ်က နောက်က လိုက်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဘာကြောင့်ဆိုတာတော့ မပြောပါဘူး။ မိတ္ထီလာမှာ အဓိကရုဏ်းဖြစ်တော့ ရဲတွေ အာဏာပိုင်တွေက ဟန့်တားဖို့ ပျက်ကွက်တာနဲ့ပတ်သတ်ပြီး ဦးဝင်းထိန်က အက္ခရာအကျဆုံး (သိရှိထားသူ) လည်းဖြစ်ပါတယ်။

    စစ်တွေမှာ မွတ်စလင်မိသားစုတွေဆီ AP သတင်းထောက်တွေသွားတော့လည်း ဒါဇင်ဝက်လောက်ရှိတဲ့ ရဲတွေက ရိုင်ဖယ်တွေကိုင်ပြီး နောက်ကနေ တလှမ်း ချင်းဆီ လိုက်လာကြတယ်။ သူတို့ကကြားသမျှကို မှတ်စုထဲ ရေးကြတယ်။ နေစရာပျောက်ခဲ့တဲ့ သူတွေကို အင်တာဗျူးလုပ်တော့လည်း ရဲအရာရှိ တစ်ယောက် ရပ်နေခဲ့တယ်။ ပြီးတော့မှ ဂျာနယ်လစ်တွေကို ဘယ်သူ့ကို အင်တာဗျူးတာလဲ၊ ဘာတွေမေးသလဲ စသဖြင့် စစ်လားဆေးလား လုပ်ပါတယ်။

    ဒီနှစ်အစောပိုင်းကတော့ မူးယစ်တိုက်ဖျက်ရေးဘက်က ရဲသားသုံးယောက်က AP သတင်းထောက်အဖွဲ့ ကုလ မူးယစ်အေဂျင်ဆီနဲ့အတူ ကြမ်းတမ်းတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တောင်တန်းတွေကိုဖြတ်ပြီးခရီးသွားတော့ နောက်ကနေ လိုက်ခဲ့ကြသေးတယ်။

    သူတို့ကတော့ ဒီအရပ်တွေမှာ ဆယ်စုနှစ်များစွာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတာကြောင့် ဂျာနယ်လစ်တွေ လုံခြုံရေးအတွက် လိုက်ရတာပါလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့က ဂျာနယ်လစ်တွေကို ရွာသားတွေနဲ့ အင်တာဗျူးလုပ်တဲ့အခါတိုင်း ဗွီဒီယို မှတ်တမ်းတင်တယ်။ ညတိုင်း အဲဒီရဲတွေက လက်ရေးမူနဲ့ရေးထားတဲ့ အစီရင်ခံစာတွေကို ဖက်ဆ်သုံးပြီး နေပြည်တော်ဌာနချုပ်ကို အစီရင်ခံကြတယ်။

    ရဲအကြီးအကဲ မေဂျာ ဇော်မင်းဦးကို ဘာကြောင့် ဒီလိုလုပ်သလဲမေးတော့ “ကျွန်တော်တို့က ခင်ဗျားတို့ ဘာတွေလုပ်တယ်ဆိုတာ မှတ်တမ်းသိမ်း ထားချင်တယ်၊ ဘယ်သူတွေနဲ့စကားပြောလဲ၊ ဘာစားလဲ စသဖြင့်ပေါ့၊ ခင်ဗျားတို့က ကျွန်တော်တို့ ဧည့်သည်တွေလေ” လို့ ဆိုပါတယ်။