News @ M-Media

Blog

  • ၂၅-၇-၂၀၁၃ အားကစား သတင်းများ

    ဇူလိုင်-၂၅-၂၀၁၃
    M-Media

    Dzeko_2977374
    မန်စီးတီးအသင်း ဘာကလေ အာရှဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိ

    မန်စီးတီးအသင်းသည် ယခုလက်ရှိကျင်းပနေသော ဘာကလေ အာရှဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် တောင်တရုတ် အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ အသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဇစ်ကိုက ပထမပိုင်း ၂၁ မိနစ်တွင် ခေါင်းတိုက် သွင်းယူပေးခဲ့သည်။
    …………………………………………………………..
    ဟီဂူအင်နှင့် ရီနာတို့နှစ်ဦး နာပိုလီနှင့် ဆေးစစ်ဆေးမှု အောင်မြင်ခဲ့

    နာပိုလီအသင်းမှ မကြာသေးမီကခေါ်ယူလိုက်သည့် ရီးရဲလ်တိုက်စစ်မှူးဟောင်း ဂွန်ဇာလို ဟီဂူအင်နှင့် လီဗာပူးလ် ဂိုးသမားဟောင်း ဟိုဆေး ရီနာတို့နှစ်ဦးမှာ အသင်း၏ ဆေးစစ်မှုများကို အောင်မြင်ခဲ့သည်ဟု သိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဟီဂူအင်အားခေါ်ယူရန် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ အသုံးပြုခဲ့ရသည်။
    …………………………………………………………..
    အားနည်းနေသောနောက်တန်းအားဖြည့်တင်းရန် အာဆင်းဝင်းဂါ စဉ်းစားနေ

    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ဆွမ်းဆီးအသင်း၏ နောက်ခံလူ အက်ရှ်လေ၀ီလီယံအား ခေါ်ယူရန် စဉ်းစားနေသည်ဟု သိရသည်။ အာဆင်နယ်အသင်း၏ အဓိက နောက်ခံလူများဖြစ်ကြသည့် သောမတ်စ် ဗာမေလန်နှင့် နာချို မွန်ရီရယ်တို့မှာ
    ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး အသင်း၏နောက်တန်းအား အားဖြည့်ရန်အတွက် လိုအပ်နေသည်။
    ……………………………………………………………
    ဆိုလ်ဒါဒို၏နေရာအား အစားထိုးရန် ဟာနန်ဒက်ဇ်ကို ဗလင်စီယာစိတ်ဝင်စား

    အသင်းမှထွက်ခွာတော့မည့် တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒို၏ နေရာအား အစားထိုးရန်အတွက် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ချီချာရီတို ဟာနန်ဒက်ဇ်အား ဗလင်စီယာအသင်းမှ စိတ်ဝင်စားနေကြောင်းသိရသည်။
    …………………………………………………………..
    ဆွာရက်ဇ်၏ ပြောင်းရွှေ့ကြေးအား ပေါင် သန်း ၅၀ သတ်မှတ်

    အာဆင်နယ်အသင်းအနေဖြင့် တိုက်စစ်မှူးဆွာရက်ဇ်အား ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းပါက ရောင်းချရန်ဆန္ဒရှိနေသည်ဟု လီဗာပူးလ်အသင်းကဆိုသည်။ အာဆင်နယ်အသင်းက ဒုတိယအကြိမ်အဖြစ် ပေါင် သန်း ၄၀ဖြင့် ကမ်းလှမ်းမှုအား ပယ်ချခဲ့ပြီးနောက် ဤကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
    …………………………………………………………..
    အောစ့်ဗာလ်ဒိုအား ရောင်းချရန် ဆန္ဒရှိနေသည်ဟု ရိုးမားအသင်း ဒါရိုက်တာဆို

    ရိုးမားအသင်း၏ ဒါရိုက်တာဖြစ်သူ ဝေါ့လ်တာ စဘတ်တီနီက အသင်း၏ အသက် ၂၇ အရွယ် အီတလီကစားသမား ပါဘလို အောစ့်ဗာလ်ဒိုအား ရောင်းချရန် ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြသည့် အာဆင်နယ်နှင့် ဖူလ်ဟမ် အသင်းတို့မှလည်း ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    …………………………………………………………..
    ဖာဘရီဂတ်စ် ဘာစီလိုနာကို စွန်ခွာလိမ့်မည်မဟုတ်ဟု အသင်းဖော် အဲလက်စ်ဆောင်းဆို

    ဘာစီလိုနာအသင်း၏ အလယ်တန်းကစားသမား အဲလက်စ်ဆောင်းက အသင်းဖော် ဖာဘရီဂတ်စ်မှာ အသင်းမှထွက်ခွာရန်ဆန္ဒမရှိဟု ပြောဆိုလိုက်ပြီး ဖာဘရီဂတ်စ်အနေဖြင့် ဘာစီလိုနာအသင်းကို နှစ်သက်ကြောင်း၊ လာမည့်ရာသီတွင်လည်း အသင်း၌ပင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    …………………………………………………………..
    ဘိုင်ယန်အား လက်စားချေမည်ဟု ဒေါ့မွန် နောက်ခံလူဆို

    ဘိုရုရှားဒေါ့မွန်အသင်း၏ နောက်ခံလူ မတ် ဟမ်မီးလ်စ်က လာမည့်စနေနေ့ ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားမည့် စူပါဖလားပြိုင်ပွဲတွင် ယမန်နှစ် ရှုံးကြွေးကိုပြန်ဆပ်မည်ဟု ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အား အနိုင်ကစားနိုင်ခြင်းက ၎င်းတို့အသင်းအနေဖြင့် လာမည့် ရာသီသစ်တွင် အောင်မြင်စွာယှဉ်ပြိုင်နိုင်မည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့အကောင်းဆုံးအသင်းများထဲတွင်ပါဝင်သည့် ဘိုင်ယန်အား အနိုင်ရလိုကြောင်း သူက ပြောကြားခဲ့သည်။
    …………………………………………………………..
    ကာတာနိုင်ငံအား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်ပခွင့်ပေးခြင်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်ဟု ဖီဖာ တာဝန်ရှိသူဆို

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သူ သီယို ဇွမ်ဇီဂါက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ကာတာနိုင်ငံတွင် ကျင်းပခွင့်ပေးခြင်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ပြိုင်ပွဲအား ဆောင်းရာသီတွင်ကျင်းပရန် စီစဉ်ထားသောကြောင့် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပရန် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတေးလျနှင့် ကာတာနိုင်ငံတို့က လျှောက်ထားခဲ့ကြပြီး ကာတာနိုင်ငံက ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
    …………………………………………………………..
    အာဂျင်တိုင်း တိုက်စစ်မှူးဟောင်း ဆာဗီယိုလာ အိုလံပီယာကော့စ်သို့ ပြောင်းရွှေ့

    မာလာဂါအသင်း၏ အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆာဗီယိုလာမှာ ဂရိကလပ် အိုလံပီယာကော့စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။ ဆာဗီယိုလာသည် စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာ အသင်းတို့တွင် ကစားခဲ့သည်။
    …………………………………………………………..
    အလ်ကန်တာရာ၏ ကြံ့ခိုင်မှုအတွက် ဂွာဒီယိုလာပူပန်

    ဘာစီလိုနာအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲအပြီး ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက မကြာသေးမီကပင် အသင်းသို့ ရောက်ရှိလာသည့် တီယာဂို အလ်ကန်တာရာ၏ ကြံ့ခိုင်မှုနှင့်ပက်သက်၍ ၎င်းအနေဖြင့် စိုးရိမ်မိသည်ဟု ပြောဆိုလိုက်သည်။ ထိုပွဲတွင် ကစားသွားသည့် အလ်ကန်တာရာ၏ စွမ်းဆောင်မှုကို သဘောကျကြောင်း၊ သို့ရာတွင် ၎င်း၏ ကြံခိုင်မှုမှာ အခြားသော ကစားသမားများထက် ပို၍ အားနည်းနေကြောင်း သူကဆိုသည်။
    …………………………………………………………..
    ဗြိတိန် နံပါတစ် တင်းနစ်မယ်ဟောင်း အန်နီ ကစားသမားဘ၀မှ အနားယူ

    ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တွင် ၁၂ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် ဗြိတိန် နံပါတစ် တင်းနစ်မယ်ဟောင်းဖြစ်သူ အန်နီ ကီယိုသာဗွန်မှာ တင်းနစ်ကစားခြင်းမှ အနားယူလိုက်ပြီဟု သိရသည်။ သူမမှာ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်(ITF)၏ အမျိုးသမီး တစ်ဦးချင်း တင်းနစ်ချန်ပီယံဘွဲ့ကို အကြိမ် ၂၀ တိုင် ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့အဆင့် ၄၈ အထိရောက်ရှိခဲ့သူဖြစ်သည်။
    …………………………………………………………..
    ဆာနစ်လတ်စ် ၀ါဝရင်ကာ ဆွစ်ဇ်အိုပင်း ကွာတားဖိုင်နယ်သို့ ရောက်ရှိ

    ဆီဒင် ၂ ရ ဆွစ်ဇလန် တင်းနစ်ကစားသမားဖြစ်သူ ဆာနစ်လတ်စ် ၀ါဝရင်ကာမှာ ယခုကျင်းပလျက်ရှိသည့် ဆွစ်ဇ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ စပိန် ကစားသမား ဂီမီနို တရေဗာအား ၇-၅၊ ၇-၆(၇-၄) ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်တွင် ဆီဒင် ၅ ရ စပိန်တင်းနစ်သမား ဖလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    …………………………………………………………..
    ဘီလာရုဇ် တင်းနစ်မယ် ဂိုဗော့ဆိုဗါ Bank of the West Classic တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ရောက်ရှိ

    ကမ္ဘာ့အဆင့် ၈၈ ရှိ ဘီလာရုဇ် တင်းနစ်မယ် အိုဂါ ဂိုဗော့ဆိုဗါသည် Bank of the West Classic တင်းနစ်ပြိုင်ပွဲတွင် ယူအက်စ် အိုးပင်း ချန်ပီယံဟောင် ဆမန်သာ စတော့စာအား ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ရောက်ရှိသွားပြီဟု သိရသည်။ WTA ပြိုင်ပွဲများတွင် ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ်သို့ ရောက်ရှိခဲ့သည့် ဂိုဗော့ဆိုဗါက ထိုကဲ့သို့အနိုင်ရရှိခဲ့ခြင်းမှာ အံ့သြစရာဖြစ်ကြောင်း၊ ဆမန်သာ၏ ကစားပုံမှာအလွန်ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    …………………………………………………………..
    ဗြိတိန်လက်ဝှေ့သမား ဂျိုရှုဝါအားကစားပရိုမိုးရှင်းကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆို

    စူပါဟဲဗီးဝိတ်တန်း အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်သူ ဗြိတိန်နိုင်ငံသား အန်ထော်နီ ဂျိုရှုဝါသည် ဂရိတ်ဗြိတိန်အပျော်တမ်းလက်ဝှေ့အစီအစဉ်မှ နှုတ်ထွက်လိုက်သည်ဟု သိရသည်။ ဂျိုရှုဝါသည် အာကစားနှင့်ပက်သက်သော ပရိုမိုးရှင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Matchroom Sport ကုမ္ပဏီနှင့် ကာလရှည် စာချုပ်ချုပ်ဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

     

    ** မေတ္တာရပ်ခံ အသိပေးခြင်း M-Media ၏ မူပိုင် ပိုစ်များကို အွန်လိုင်းမီဒီယာများတွင် ဖော်ပြလိုလျှင် Credit အပြည့်အစုံပေးရန်နှင့် စီးပွားဖြစ် တည်ထောင်လုပ်ကိုင်သော  အွန်လိုင်း ၊ Offline မီဒီယာများ အသုံးပြုလိုလျှင် M-Media သို့ ဆက်သွယ်ရန်လိုမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်သည်။

  • မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ

    ဇူလိုင်-၂၅၊၂၀၁၃
    M-Media
    တင်မင်းထွဋ်

    မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ

    ရန်ကုန်မြို့ လယ်တနေရာတွင် ခြင်းလုံးခတ်ကစားနေကြသော ခြင်းဝိုင်းလေးကို အမှတ်မထင် တွေ့ရှိခဲ့သည်။ လွန်ခဲ့သောနှစ်များစွာက ခြင်းလုံးခတ်ကစားပွဲလေးများကို လမ်းတိုင်းတွင် မကြာခဏတွေ့ရလေ့ရှိသည်။ ယနေ့မြို့ပြ၏ ထူထပ်လှသောလူဦးရေနှင့် မြေနေရာရှားပါးမှုများသည်လည်း လူမှုဘ၀များကို အနည်းနဲ့ အများ ထိခိုက်လာခဲ့ကြသည်။

    ခြင်းလုံးမြေကျမှာကို အလွန်နှမြောစိုးရိမ်ကာ တဦးနှင့်တဦးအချိတ်အဆက်မိမိ ကစားနေကြသော ခြင်းဝိုင်းထဲက ဦးမျိုးဆွေက “ခြင်းလုံးကစားရာတွင် တဦးတယောက်ထဲက လေး၊ငါးချက်တော့ထားခြင်း၊ ဆွဲထားခြင်းပြုလုပ်၍ မရကြောင်း တကိုယ်ကောင်းဆန်သော ကစားခြင်းမျိုးပြုလုပ်၍ မရကြောင်း’’ ရှင်းပြသည်။နယ်မြို့များတွင်ပါ ခြင်းလုံးခတ်ကစားပွဲများ နည်းပါးလှပြီဖြစ်သော ခြင်းလုံး၏သမိုင်းသည် ပျူခေတ်ကပင် စတင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
    ပျူခေတ်ကငွေခြင်းလုံး

    မြန်မာပြည်ရှေးဟောင်းသုတေသနဋ္ဌာနမှ ကျောက်စာဝန် မစ္စတာဒူရွိုင်ဇယ်၏ ညွှန်ကြားချက်အရ ၁၉၂၆-၂၇ခုနှစ် အတွင်းက ပြည်ခရိုင်မှော်ဇာမြို့ ကုလားကန်ကုန်းရွာအနီးရှိ ခင်ဗကုန်းတွင် တူးဖော်ဆောင်ရွက်ရာတွင် ရုပ်တု၊ဆင်းတု၊ ရွှေစေတီ၊ ငွေစေတီ၊ ရွှေပေစာ စသည်တို့ပါဝင်သော ဋ္ဌာပနာပစ္စည်းမျိုးစုံကို ဖော်ထုတ်တွေ့ရှိရာ ငွေဖြင့်ပြုလုပ်ထားသည့် ခြင်းလုံးကလေးတလုံးပါရှိကြောင်း သိရှိရသည်။

    (အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနဋ္ဌာန၊ ၁၉၂၆-၂၇ခုနှစ်၊ နှစ်ချုပ်အစီအရင်ခံစာ၊ စာမျက်နှာ ၁၈၁)

    အင်းဝခေတ်နှင့်ခြင်းလုံး

    ၁၇၈၂ခုနှစ်တွင် မြန်မာနိုင်ငံအင်းဝနေပြည်တော်သို့ သာသနာပြုလုပ်ငန်းဖြင့် ရောက်ရှိလာသော အီတလီနိုင်ငံမှ ဗရင်ဂျီဘုန်းတော်ကြီး စန်ဂါမနို (Sangermano)၏ မှတ်တမ်းတွင်

    “မြန်မာနိုင်ငံတွင် ကစားကြသည့်ကစားနည်းများမှာ ခုံညင်းထိုးခြင်း၊ ဆင်စွယ် ဖဲကစားခြင်း၊ ကြက်တိုက်ခြင်း တို့အပြင် ကိုယ်လက်လှုပ်ရှားကျန်းမာရေးကစားနည်းအမျိုးမျိုးတို့အနက်မှ ၀ါးကိုလွှာ၍ပြုလုပ်သောအလုံးကို လက်ဖြင့်မပုတ်ဘဲ ခြေထောက် ရိုက်ခတ်ကစားခြင်း ပြုလုပ်သည့်ကစားနည်းတွင် လူငယ်လူရွယ်များ အချိန်အတော်ကြာအောင် အတူတကွခတ်ကစားကြသည်။’’

    (၁၈၃၃ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေသော The Burmese Empire စာမျက်နှာ ၁၃၁၊ အမှတ်စဉ် ၂၉)

    ကုန်းဘောင်ခေတ်

    ၁၈၇၄-၇၅ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အင်္ဂလန်နိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီး C.A.Gordon ၏ မှတ်တမ်းတွင် “ပြည်မြို့တွင် ကျွန်ုပ်ရှိနေစဉ်အခါ ဂတ်တဲအနီးတွင် ဗမာလူမျိုးလေးဦး ခြင်းလုံးခတ်ကစားနေကြသည်ကို တွေ့မြင်ရသည်။ ကျွန်ုပ်တို့၏ ဘောလုံးကစားနည်းဟန်အတိုင်း သူတို့သည် ဖျတ်လတ်စွာ ခတ်ကစားနေကြသည်ကို တွေ့ရပြီး ယင်းအလုံးသည် အခေါင်းပွ ၀ိုင်းဝန်းသောသဏ္ဍန်ရှိသည်။

    ကစားသူများသည်လုံချည်ကို ခါးတောင်းကျိုက်၍ ကိုယ်တုံးလုံးဖြင့်ခတ်ကစားနေကြသည်ကို တွေ့ရ၏။ ထိုကဲ့သို့ပြုမှုခြင်းသည် တနည်းအားဖြင့် ထိုခေတ်အခါကဗမာလူမျိုးတို့ ဂုဏ်ယူကြသော ထိုးကွင်းမင်ကြောင်များကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်နိုင်စေရန်ဖြစ်ကြောင်း သုံးသပ်ရပေသည်။’’

    ခေတ်နှောင်းပိုင်း

    အိမ်တော်ရာ ဘုရားဝင်း

    ခရစ်နှစ်၁၉၀၀ပြည့်နှစ်လောက်မှစ၍ မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်း၌ နာမည်ကျော်အပျော်တမ်းခြင်းဝိုင်း တစ်ဝိုင်းရှိခဲ့သည်။ ခြင်းလုံးခတ်တော်သူများလာရောက်၍ ကစားကြရာတွင် တိုင်းရင်းသားမွတ်စလင်မ်များလည်း ပါဝင်ခဲ့သည်။

     ဗလီဝင်းမှခြင်းဝိုင်း

    လွန်ခဲ့သောနှစ်ပေါင်း(၇၀)ကျော်က မန္တလေးမြို့ လမ်း၃၀နှင့်၃၁လမ်းကြား၊ တောင်ပလူဗလီဝင်းထဲ၌ ညနေတိုင်းအပျော်ခတ် ကစားကြသည့် ခြင်းဝိုင်းများရှိခဲ့လေသည်။၎င်းဝိုင်းများတွင် တိုင်းရင်းသားမွတ်စလင်မ်များနှင့်ဗုဒ္ဓဘာသာဝင်များ ပူးတွဲ၍ အတူတကွကစားခဲ့ကြသည်။ ချမ်းမြေ့သာစည်ရပ်ကွက်မှ “ပြည်တော်သာ’’အမည်ဖြင့် ကိုသိန်းမောင်နှင့်ဦးဟာမက်တို့ ဦးစီးသော တိုင်းရင်းသားမွတ်စ်လင်မ်ခြင်းအဖွဲ့ တစ်ဖွဲ့တည်ထောင်ခဲ့ကာ မန္တလေးမြို့၌ နှစ်စဉ်ကျင်းပသော မဟာမြတ်မုနိဘုရားကြီး ၀ါဆိုပန်းကပ်ခြင်းယိုင်အလှခတ်ဧည့်ခံပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး အခြားပြိုင်ပွဲနှင့် အလှူဖိတ်ပွဲများ၌လည်း ခတ်ကစားခဲ့ကြသည်။

    ဗ.မ.က ခြင်းခတ်ပြိုင်ပွဲ (ဗမာမွတ်စ်လင်မ်ကွန်ဂရက်)

    ၁၉၅၃ခုနှစ်၊ဧပြီလ(၁၀)ရက်နှင့်(၁၁)ရက်တွင် မန္တလေးမြို့ အမှတ်(၃) အ.ထ.က ကျောင်းဝင်းအတွင်း မန္တလေးခရိုင်ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗ.မ.က)က ဦးစီးကျင်းပသော ခြင်းလုံးခတ်ပြိုင်ပွဲကျင်းပခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရေးရာဋ္ဌာနနှင့်ကျန်းမာရေးဝန်ကြီး ဦးခင်မောင်လတ် မှ ဆုဖလားနှင့်ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်ခဲ့သည်။

    တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ကစားခြင်း

    ၁၉၆၁ခုနှစ်အောက်တိုဘာ၂ရက်နေ့တွင် တရုတ်မြန်မာနယ်ခြားသတ်မှတ်သည့်စာချုပ်လက်မှတ်ရေးထိုးသော အခမ်းအနားကို ကျင်းပခဲ့လေသည်။ထိုအခမ်းအနားသို့ မြန်မာအားကစားအဖွဲ့ များ လိုက်ပါသွားကာ မြန်မာ့လက်ရွေးစင် ခြင်းသမားများမှာ ရန်ကုန်တိုင်းမှ ဦးစံလှနှင့်ကိုအောင်ကြွယ်၊ မန္တလေးတိုင်းမှ ခြင်းဦးဘသိန်းနှင့်ကိုကျော်ကျော်၊ မြင်းခြံခရိုင်မှ ကိုအောင်အောင်နှင့် ကိုဗိုစီ တို့ဖြစ်ကြသည်။ ၎င်းလက်ရွေးစင်ခြင်းအဖွဲ့မှ ခတ်သားတစ်ယောက်ဖြစ်သည့် ခြင်းဦးဘသိန်းသည် တိုင်းရင်းသားမွတ်စလင်မ်ဖြစ်သည်။

    ထင်ရှားသော တိုင်းရင်းသားမွတ်စလင်မ်များ

    ဦးဘသိန်း (ပီကင်းပြန်)

    ၁၉၇၂ခုနှစ်တွင် (၄၄)ကြိမ်မြောက် ၀ါဆိုပန်းကပ်ခြင်းယိုင်အလှခတ်ပွဲကြီးမှစတင်ကာ “ပသီခြင်းအဖွဲ့’’ အမည်ဖြင့် ခြင်းဦးဘသိန်း(ပီကင်းပြန်) ဦးစီးသော တိုင်းရင်းသား မွတ်စလင်မ်ခြင်း အဖွဲ့ တည်ထောင်ခဲ့သည်။ ၎င်းပွဲ၌ ခတ်ကစားကြသူများမှာ-

    ၁။ဦးဘသိန်း(ပီကင်းပြန်)
    ၂။ ဦးခလေး
    ၃။ ကိုအေးမောင်
    ၄။ ကိုစလေမံ
    ၅။ ကိုစအစ် ခေါ် ကိုခင်မောင်
    ၆။ ကိုဗိုလ်ကြီး တို့ဖြစ်ကြသည်။

    patichin04
    ၁၃၄၄-ခု၊ (၄၄)ကြိမ်မြောက် ၀ါဆိုခြင်းပွဲ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီး၊ အရှေ့ ၄၅-တာကွင်း၌ ဒုတိယ၀ါဆိုလပြည့်နေ့ညနေ (၃း၂၀)နာရီအချိန်တွင် “ပသီ”ခြင်းအဖွဲ့ ခြင်းယိုင် အလှခတ် ကစားနေစဉ်
    (25.7.72)

    ဦးဘသိန်းသည် ငယ်စဉ်ကျောင်းသားဘ၀ကတည်းက ခြင်းခတ်ဝါသနာပါခဲ့သူ တစ်ယောက်ဖြစ်ကာ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်တွင် စဥ့်ကိုင်မြို့နယ် ဟင်းငူရွာသို့ မိသားစု စစ်ပြေးသောအခါ ခြင်းလုံးများကိုပါ သယ်ယူသွားသည်အထိ ၀ါသနာကြီးမားလွန်းခဲ့သည်။ စစ်ပြေးဘ၀နှင့်ပင် ခြင်းခတ်မပြတ်ခဲ့ပေ။

    ၁၉၆၀ ပြည့်နှစ် ရန်ကုန်အောင်ဆန်းကွင်းတွင် ကျင်းပသည့် ခြင်းညီလာခံ၌ မန္တလေး၊ ခရိုင်ခြင်းအဖွဲ့ကို အလှခတ်စေပြီး ကိုယ်တိုင်အော်၍ အမှတ်ပေးသည့် မူစနစ်ကိုတင်ပြခဲ့ရာ အဖွဲ့ချူပ်က လက်ခံအတည်ပြုပြီး ယနေ့တိုင် ဦးဘသိန်းတီထွင်သောစနစ်ဖြင့် အမှတ်ပေးလျက်ရှိသည်။ ၁၉၅၉-ခုနှစ် မန်းရာပြည့်ပွဲတော်ကြီးကို ရာပြည့်ကွင်း၌ ၁၀ ညကျင်းပခဲ့ရာ မန္တလေးခရိုင် ချင်းအဖွဲ့မှ အလှခတ်ပွဲများဖြင့် ဖြေဖျော်သည်။

    ဦးဘသိန်းသည် မြန်မာမှုကို မြတ်နိုးသည့် မြန်မာ မွတ်စလင်ကြီးဖြစ်သည်။ မြန်မာမှုအနုပညာနှင့်ပတ်သက်၍ နိုင်ငံကို အကျိုးပြုခဲ့သည်။ ထို့ကြောင့် ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ကပင်- ‘ခြင်းဦးဘသိန်းသည် မန္တလေးသားဖြစ်သည်။ တိုင်းရင်းသား မြန်မာ မွတ်စလင်အမျိုးသားဖြစ်သည်။ သို့တစေ တကယ့် မြန်မာ့စိတ် မြန်မာ့ ဟန်နှင့် နေထိုင်သူ ဖြစ်သည်။   မြန်မာစာပေ၊မြန်မာ အနုပညာကို လေးစားသည်။ ခြင်းလုံးနှင့်ပတ်သက်သောစာဟူသမျှ ရှာကြံသည်။ဖတ်သည်။’ဟု လည်းကောင်း၊’ တစ်ဖန် ၁၉၆၉-ခုနှစ်တွင် ပုံနှိပ်သော ဆဋ္ဌမတန်း၊ မြန်မာဖတ်စာသင်တွင် သရေခေတ္တရာမှ ရသောငွေခြင်းလုံးနှင့် စပ်လျဉ်းပြီး ဘောဘောကြီးစေတီ ဌာပနာမှမဟုတ်ကြောင်း၊ ၁၉၂၆ ခုနှစ် ပြည်ခရိုင်မှော်ဇာမြို့နယ် ခင်ဗကုန်းမှရသောခြင်းလုံးဖြစ်ကြောင်း၊ ၁၅-၃-၇၀ နေ့ထုတ် ဟံသာဝတီသတင်းစာတွင်လည်း ကျောင်းသူကျောင်းသားများအတွက် အမှန်ကို ပြုပြင်ပေးရန် တင်ပြခဲ့လေသည်။ ပညာရေးဌာနသို့လည်း အခါအားလျော်စွာ အကြံပြုသည်သာ’ဟု လည်းကောင်း သုံးသပ်တင်ပြခြင်းဖြစ်သည်။ ဦးဘသိန်းသည် ခြင်းခတ် ပညာရှင်သာမက သုတေသီကြီးလည်း ဖြစ်ကြောင်း ထင်ရှားပါသည်။

    (တိုင်ရင်းသားမွတ်စ်လင်မ်စာပြုစာဆို ပုဂ္ဂိုလ်များကျော်များ-၂    ပါမောက္ခဒေါက်တာအောင်ဇော်)

    ဦးကရင် (U KARIM)

    U KaYin

    ၁၉၂၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် “ဗုဒ္ဓဘာသာခြင်းလုံးခတ်အသင်း’’ ကို တည်ထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ထောင်သော အသင်းဖြစ်သည်။ ပထမဦးဆုံးဥက္ကဋ္ဌမှာ ဘကြီးလှဖြစ်၍ အတွင်းရေးမှူးမှာ ဦးကရင် (U KARIM)ဖြစ်သည်။ ခြင်းလုံးခတ်ကစားရာတွင် ကျောနောက်မှ ရှေ့သို့ကျလာသော ခြင်းလုံးကို နောက်လှည့်မကြည့်ဘဲ အမှန်းအဆနှင့် ခေါင်းငုံ့ရှောင်ကာ ရှေ့ကျလာမှ မိအောင် ခတ်ကစားသောခြင်းကွက်ကို “ခြင်းပျောက်ရှာသည်’’ ဟုခေါ်လေသည်။ ထိုသို့ခြင်းပျောက်ရှာ၍ခတ်သောကစားကွက်ကို ဦးကရင်မှ စတင်ကာ တီထွင်ကစားခဲ့လေသည်။

    ဦးဒွလ်လာ (တောင်အိုးဘို ဗလီဒကာ)

    mdy buudish chin lone

    စစ်ကိုင်းတန်း ဧချိုင့်ရပ်မှ ဆေးဆရာ ဦးဒွလ်လာသည် အိမ်တော်ရာခြင်းဝိုင်း၌ ခတ်ကစားခဲ့သူဖြစ်သည်။

    ဦးဒွလ်လာသည် ခြင်းခတ်ကစားရာတွင် ဟန်အမူအရာကြွကြွ ရွရွဖြင့် ခြင်းခတ်ကစားနိုင်သူတယောက်ဖြစ်ကာ ခြင်းဆိုင်းတီး၍ ခတ်ကစားရသော အလှူပွဲ၊ ဘုရားပွဲ၊ ကထိန်ပွဲများကျင်းပရာတွင် “ဗုဒ္ဓဘာသာခြင်းအဖွဲ့’’ နှင့် အကြိမ်ပေါင်းများစွာ ပါဝင်ခတ်ကစားခဲ့လေသည်။

     အောင်မြင်ကျော်ကြား ခတ်ကစားသမားများ

    မန္တလေးမြို့ညွှန်ပေါင်းဈေးအနီး၃၅လမ်းတွင် နေထိုင်သော ညီအစ်ကိုနှစ်ဦးဖြစ်သည်။ အစ်ကိုဖြစ်သူဦးကာမှာ ထိုင်ပြီးခြင်းခတ်ရာတွင် အထူးကျွမ်းကျင်ကာ ခြင်းဝိုင်းအလည်၌ ထိုင်နေစဉ် အခြားခတ်သား ၄-၅ဦးက ၀ိုင်းပြီးခြင်းပို့ပေးကြရာတွင် မလွတ်တမ်းခတ်ကစားနိုင်သူဖြစ်သည်။ ၎င်းတို့နှင့်ခတ်ကစားဘက်များတွင် ဦးဟာမက်ဆိုသူမှာလည်း ခြင်းမြဲသူတစ်ယောက်ပင်ဖြစ်၍ ၎င်းဘက်မှခြင်း မြေကျနည်းလေသည်။

    စိန်ပန်းတောင်ပိုင်း၊ ပန်းဆက်တံတားမှ ဦးဟာမြင်၊ “နိုင်ငံညွန့်’’ခြင်းအဖွဲ့ မှ ဦးအောင်ဘနှင့် တွဲဖက်ကစားသော ကိုဘဇင်တို့မှာလည်း လူကြိုက်များခဲ့သော ကစားသမားများဖြစ်သည်။ ၁၉၃၅-၃၆ ခုနှစ်လောက်က မန္တလေးမြို့ ၂၈လမ်း လှည်းယဉ်တန်းရပ်မှ ဦးရာကွက်သည် မဟာဒူးခတ်ရာတွင် ပိုင်နိုင်ပြီး လိုရာသို့ ရောက်အောင်ပေးပို့ကစားနိုင်သဖြင့် နာမည်ရခဲ့သည်။

    ma har du

    (ဓါတ်ပုံ ခြင်းလုံးခတ်ကစားခြင်းသမိုင်း ဦးဘဇော်ရေး)

    ခြင်းလောက၏ အသွေးအရောင်စုံ ရှေ့ဆောင်များ

    အချုပ်အားဖြင့်ဆိုရသော်  အရောင်အသွးစုံ၊ လူမျိုးဘာသာမခွဲခြား စုရုံးလုပ်ဆောင်ခဲ့မှုများသည် အောင်မြင်မှုအထွတ်အထိပ်ကိုသာ ရောက်ရှိခဲ့သည်ကိုသာတွေ့ရသည်။ ယနေ့နားခါးနေကြသည့် သမိုင်းစကားများ၊ လုပ်ရပ်များကိုတော့ ဖျောက်ဖျက်၍မရပေ။ သမိုင်းအဆက်ဆက် လုပ်ရပ်အကောင်းအဆိုးသည် သက်သေများအဖြစ် အစဉ်ရှင်သန်နေပါတော့သည်။

    တင်မင်းထွဋ်
    ၂၀-ဇူလိုင်-၂၀၁၃

    ကိုးကားစာ စာရင်း

    1. ခြင်းလုံးခတ်ကစားခြင်းသမိုင်း                                        ဦးဘဇော်
    2. မြန်မာ့ခြင်းလုံးသမိုင်း (စာပေဗိမာန်ဆုရ)                           ခြင်းဦးဘသိန်း (ပီကင်းပြန်)
    3. တိုင်းရင်းသားမွတ်စလင်နှင့်ခြင်းလုံး                                  မဟာနွယ်
    4. (အစ္စလာမ်ဓမ္မဗိမာန်(နှစ်၃၀) ပြည့်အထူးထုတ်စာစောင်)
    5. တိုင်ရင်းသားမွတ်စ်လင်မ်စာပြုစာဆို ပုဂ္ဂိုလ်များကျော်များ-၂    ပါမောက္ခဒေါက်တာအောင်ဇော်

    ** မေတ္တာရပ်ခံ အသိပေးခြင်း M-Media ၏ မူပိုင် ပိုစ်များကို အွန်လိုင်းမီဒီယာများတွင် ဖော်ပြလိုလျှင် Credit အပြည့်အစုံပေးရန်နှင့် စီးပွားဖြစ် တည်ထောင်လုပ်ကိုင်သော  အွန်လိုင်း ၊ Offline မီဒီယာများ အသုံးပြုလိုလျှင် M-Media သို့ ဆက်သွယ်ရန်လိုမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်သည်။

  • ဥပုသ်လအတွင်း မွတ်စလင်မ် မဟုတ်သော ကလေးများအားToilets တွင် ထမင်းစားခိုင်းသည့် သတင်း ဖြစ်ရပ်အမှန်

    ဇူလိုင်-၂၄၊၂၀၁၃
    ရေးသားသူ-Mohammed Naeem

    မလေးရှား အစိုးရကျောင်း တစ်ကျောင်းတွင်  ဥပုသ်လအတွင်း မွတ်စလင်မ် မဟုတ်သော ကလေးများအားToilets တွင် ထမင်းစားခိုင်းသည့် သတင်း ဖြစ်ရပ်အမှန်

    KL48_230713_ PRISTANA

    မလေးရှားနိုင်ငံ ဆလန်းငေါပြည်နယ် ဆွန်ငိုင်းဘူးလိုဟ် မြို့နယ်မှာရှိတဲ့ အစိုးရကျောင်းတစ်ကျောင်းမှာ ဘာသာခြား ကလေးတွေကို မွတ်စ်လင်မ်တွေရဲ့ ဥပုသ်လမှာ Toilets တွေရှိတဲ့အနားမှာ အတင်းအဓမ္မ ထမင်းစားခိုင်းတယ်ဆိုပြီး ဘာသာခြားကလေးတစ်ဦးရဲ့ မိခင်ဖြစ်သူ Guneswari Kelly က သူမရဲ့ facebook မှာ ဓာတ်ပုံနှင့်တကွ တင်ခဲ့ပါတယ်။

    မလေးရှားနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ် နှင့် ပညာရေးဝန်ကြီးဖြစ်သူ Muhyiddin Yassin က ချက်ချင်း စုံစမ်းစစ်ဆေးရေးရန် ဝန်ကြီးဋ္ဌာနကို အမိန့်ပေးခဲ့ပြီး အဝတ်လဲခန်းဖြစ်စေ၊ Toilets ဖြစ်စေ မသင့်လျော်တဲ့နေရာတွေသာ ဖြစ်တဲ့အတွက် ကလေးငယ်များ အစားအသောက်စားသုံးရန် မသင့်တဲ့နေရာတွေသာဖြစ်တယ်လို့ ကနဦး ပြောကြားခဲ့ပါတယ်။

    ဒုတိယ ပညာရေး ဝန်ကြီး P. Kamalanathan ကလည်း အဲဒီကျောင်းမှာ အဝတ်လဲခန်းကို အစားအသောက်စားသုံးရာ နေရာအဖြင့် ဆက်လက် အသုံးမပြုရန် တားမြစ်ခဲ့ပါတယ်။

    Facebook ပေါ်မှာ ရေးသားခဲ့တဲ့ Guneswari Kelly ကတော့ ကျောင်းက ဝန်ထမ်းတွေဟာ ကလေးတွေကို Canteen မှာ မစားရဘူးလို့ တားမြစ်ခဲ့သလို ရေချိုးခန်း နှင့် အိမ်သာ ရှိတဲ့ အဝတ်လဲခန်းမှာ ယာယီ Canteen လုပ်ပေးထားတဲ့အတွက် အဲဒီမှာသာ သွားရောက်စားသုံးခိုင်းထားပါတယ်။

    သူမက ဆက်လက်ပြီးတော့ အဲဒီနေရာဟာ ဘက်တီးရီးယားတွေများပြီး အိမ်သာ အနံ့လည်း နံနေတဲ့အတွက် ကျွန်မအနေနဲ့ တိုင်ကြားတာဖြစ်တယ်လို့ မီဒီယာတွေကိုပြောပါတယ်။

    အစိုးရကျောင်းတစ်ကျောင်းဖြစ်တဲ့ Seri Pristana မှာ မွတ်စ်လင်မ်မဟုတ်သူ ကျောင်းသား၊ ကျောင်းသူတွေကို မွတ်စ်လင်မ်တွေရဲ့ ဥပုသ်လမှာ အခုလို ခွဲခြားဆက်ဆံတာ တရားမျှတပါရဲ့လားလို့လည်း သူမက မေးခွန်းထုတ်ခဲ့ပါတယ်။

    ———————————-
    ဖြစ်ရပ်မှန် (မလေးရှား TV3 ည 8:00 သတင်း)

    ဟိန္ဒူဘာသာဝင် ပညာရေး ဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီးက အထက်ပါ ကျောင်း Canteen ကိစ္စရှင်းလင်းပြောကြားရာမှာ

    ကျောင်း Canteen မှာ ၂၀၁၃ ခု မတ်လမှ စတင်ပြီး အသေးစား ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ကျောင်း Canteen ပြင်ဆင်နေစဉ်မှာ ကလေးငယ်များ Canteen အဖြင့် ယာယီအသုံးပြုရန် Canteen နှင့် ကပ်လျှက်ရှိတဲ့ အသုံးမပြုဘဲထားရှိတဲ့ (အိမ်သာမပါဘဲ ရေချိုးခန်း ၃ ခန်းသာပါဝင်တဲ့) အဝတ်လဲခန်းကို သတ်မှတ်ပေးခဲ့ပါတယ်။

    ကျောင်းအုပ်ချုပ်ရေးပိုင်းက ရည်ရွယ်ချက်က ကျောင်းသားတွေကို အဆင်ပြေအောင် စီစဉ်ပေးတာမှန်ပေမဲ့ ရွေးချယ်တဲ့နေရာဟာ အားနည်းချက်တွေရှိခဲ့ပါတယ်။

    ဘာသာခြားကလေးတွေကိုသာ ယာယီ Canteen မှာ မွတ်စ်လင်မ်တွေ ဥပုဒ်လဖြစ်လို့ ရွှေ့ပြောင်းစားသောက်ခိုင်းတာ မဟုတ်ဘဲ ဘာသာစုံမှ ကျောင်းသား၊ ကျောင်းသူ ၁၃၀၀ဦးဟာ အဆိုပါ ယာယီ Canteen မှာ ၂၀၁၃ခုနှစ် မတ်လမှ စတင်ပြီး မွတ်စ်လင်မ်တို့ရဲ့ ဥပုဒ်လစတင်သည့်တိုင်အောင် အတူတကွ စားသောက်နေခဲ့ကြတာ ဖြစ်ပါတယ်။

    ဒုဝန်ကြီးက အခုလို ကလေးတွေ အခက်အခဲကြုံကြရတဲ့အတွက် မိဘများကို နောင်ဒါမျိုး မဖြစ်စေရဘူးလို့ ကတိပေး တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။

    ဟူလူ ဆလန်းငေါ ပြည်နယ် ဝန်ကြီးကလည်း ဒီကျောင်းရဲ့ Canteen က ကလေး ၅၀၀ မှ ၆၀၀ဦး အတွင်းသာ ဝင်ဆံ့ပါတယ်။ Canteen ပြင်ဆင်မှု မပြုခင်ကလည်း ကလေးတွေကို အခုလို ယာယီ Canteen အဖြင့် နေရာချပေးရပါတယ်။

    အခုလို Canteen ပြင်ဆင်နေတဲ့အချိန်မှာ ကလေးတွေ ထိခိုက်ဒဏ်ရာမရစေရန် ခေတ္တ ပိတ်ထားခြင်းသာဖြစ်ပြီး အခု ပြင်နေတာ ပြီးစီးသလောက်ရှိနေပြီး မှန်တံခါးအချို့တပ်ဆင်ရန်သာ ကျန်ရှိတော့ပါတယ်။

    ဒုဝန်ကြီးက ကျောင်းအုပ်ချုပ်ရေးကော်မတီအနေနဲ့ ပညာရေးဝန်ကြီးဋ္ဌာနကို Canteen တိုးချဲ့ရန် အတွက် အသုံးစားရိတ် လျှောက်ထားရန် ညွှန်ကြားခဲ့ပြီး ၎င်းကိုယ်တိုင်က မလေးရှားရင်းဂစ် 10000 ကို ပေးအပ် လှူတန်းခဲ့ပါတယ်။ မိမိအနေနဲ့ ပြောလိုတာက ဒီကျောင်းရဲ့ လက်ရှိ Canteen အနေအထားဟာ ကျောင်းတွေကို ညွှန်ကြားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိသေးတာပါပဲ။

    အဆိုပါကျောင်းမှာ ပညာသင်ကြားနေတဲ့ မွတ်စ်လင်မ် ကျောင်းသား ၁၅နှစ်အရွယ် တစ်ဦး နှင့် ကျောင်းသူ ၁၀နှစ်အရွယ် တစ်ဦးရဲ့ မိခင် ရှေ့နေတစ်ဦး ဖြစ်သူ Jehan Bakar က ကျွန်မအနေနဲ့ အခုလို မွတ်စ်လင်မ်တွေရဲ့ မွန်မြတ်တဲ့ ဥပုသ်လမှာ ဒီလိုမျိုးဘာသာခြားကလေးတွေ အပေါ် ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အကြောင်းအရင်းမှန်ကို သိချင်မိတယ်။ ကျွန်မတို့ အစ္စလာမ်ဘာသာမှာ ဒီလိုလူမဆန်တဲ့ အလုပ်မျိုးတွေ ခွင့်မပြုထားသလို ခိုင်းလဲမထားပါဘူး။ ကျွန်မကလေး နှစ်ယောက်စလုံး အသက် ၆နှစ်အရွယ်ကစလို့ ရမဿွာန်လမြတ်ရဲ့ ဥပုသ်စောင့်ထိန်းကြပါတယ်။ သူတို့မှာ မွတ်စ်လင်မ် မဟုတ်တဲ့ ဘာသာခြား ဆွေမျိုးသားချင်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်စလုံးဟာ အစ္စလာမ်ဘာသာရဲ့ အဆုံးအမတွေကို နားလည်သဘောပေါက်ကြပါတယ်။ သူတို့ဟာ သူတို့လက်ခံထားတဲ့ အစ္စလာမ်ဘာသာအတိုင်း ကိုယ်တိုင်ကျင့်သုံးကြရမယ်ဆိုတာသိကြသလို အခြားသူများကို ကိုယ်ကျင့်သုံးတာတွေနဲ့ နှိုင်းယှဉ်စရာမလိုဘူးဆိုတာ သိကြပါတယ်။

    နိဂုံးချုပ်ပြောချင်တာက ကိုယ်တွေနေထိုင်တဲ့နေရာမှာ အသက်တွေပေးခဲ့ရတဲ့ ကလေးငယ်တွေအတွက် လက်ပိုက်ရပ်ကြည့်နေတဲ့ လုံခြုံရေးဝန်ထမ်းတွေ၊ တိုင်းပြည်က အကြီးအကဲဆိုသူတွေနဲ့ အရင်ဦးဆုံး ယှဉ်ကြည့်ပါ။

    သူများနိုင်ငံတွေမှာ လူမျိုးရေး၊ ဘာသာရေးဘက်ကို ဆွဲသွားပြီး ဖွချင်တဲ့ Case တစ်ခုကို နာရီပိုင်းအတွင်း လက်တွေ့ကျကျ သတင်းမှန်တွေထုတ်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့ပါတယ်။

    Link =>https://www.facebook.com/mohammed.naeem.12/posts/10200294075176047

  • အစ္စလာမ်များ ၀တ်ပြုရန်ဖိတ်ခေါ်သည့် ဝတ်ပြုရန် နှိုးဆော်သံ(ဝါ) အာဇာန် (Azan) Myanmar Sub-title

    ဇူလိုင်-၂၄၊၂၀၁၃

    M-Media

    via Pensri Pro

    အစ္စလာမ်များ ၀တ်ပြုရန်ဖိတ်ခေါ်သည့် ဝတ်ပြုရန် နှိုးဆော်သံ(ဝါ) အာဇာန် (Azan) Myanmar Sub-title

    azan

    (Myanmar Sub-title) New York မြို့  ခရစ်ယာန်ဘုရားရှိခိုးကျောင်း Interfaith Dialogue တွင် ဆိုပြခဲ့သော အစ္စလာမ်များ၏ ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုရန်ဖိတ်ခေါ်သည့် ဝတ်ပြုနှိုးဆော်သံ (သို့) အာဇာန် (Athan) ဖြစ်သည်။

    ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်။

    (Translated into Myanmar language and sub-titled by Pensri Pro Creative Common. Any error is Pensri Pro CC’s responsibility).

  • ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး “ငွေရတုအထိမ်းအမှတ်” ပထမဆုံးအကြိမ် ရံပုံငွေပွဲကျင်းပ

    ဇူလိုင်-၂၄၊ ၂၀၁၃
    M-Media
    အိမေ

    ရန်ကုန် ။ ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး “ငွေရတုအထိမ်းအမှတ်” ပန်းချီ၊ ဓါတ်ပုံ၊ ကာတွန်း၊ ကဗျာပြပွဲ ရံပုံငွေပွဲတော်ကို ၂၂.၇.၂၀၁၃ မှ ၂၄.၇.၂၀၁၃ အထိ “ယုဒဿန်ရိပ်သာ” အမှတ် ၆၀၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်တွင် နံနက် ၉-နာရီ မှ ညနေ ၅-နာရီ အထိကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    8888 25th

    “၈-လပိုင်းမှာ ကျင်းပမယ့် ရှစ်လေးလုံးဒီမိုကရေစီ အထိမ်းအမှတ်ပွဲတော်အတွက် အကြိုတွန်းအားပေးတဲ့အနေနဲ့ ရံပုံငွေရှာတဲ့သဘောပါ။ ရှစ်လေးလုံးက ပြည်သူလူထုတစ်ရပ်လုံး ပါဝင်တဲ့ပွဲ၊ နေ့ထူးနေ့မြတ်ပါ။ ဒါကိုသေးသိမ်အောင် လုပ်တဲ့အတွက် ပေါ်လွင်အောင်ပြန် လုပ်နေကြတာပါ။ ပန်းချီ၊ ဓါတ်ပုံ၊ ကာတွန်း၊ ကဗျာ ပြပွဲတွေက အတူတွဲပြတာ မရှိပါဘူး။ ဒါပထမဆုံးအကြိမ်အဖြစ် အားလုံးပေါင်းပြီး လုပ်တာပါ။

    ဒီပွဲက တရားဝင်လုပ်တဲ့ပွဲပါ။

    ၈လပိုင်းမှာကျင်းပမဲ့ပွဲကလည်းတရားဝင်ကျင်းပမှာပါ။”ဟု ပွဲစီစဉ်သူ ကိုဘိုဘိုထွန်းကပြောကြားသည်။

    ယင်းပြပွဲသို့ ၂၄.၇.၂၀၁၃ရက်တွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကဗျာဆရာများ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါပြပွဲတွင် ပန်းချီဆရာ ၇၃-ဦးက ပန်းချီကား ၈၃-ကားကိုလည်းကောင်း၊ ကာတွန်းဆရာ ၁၆-ဦးက ကာတွန်း ၂၅-ချပ်ကိုလည်းကောင်း၊ ဓါတ်ပုံဆရာ ၁၀-ဦးက ဓါတ်ပုံ ၆၃-ပုံကို လည်းကောင်း၊ ကဗျာဆရာ ၃၀-ဦးက ကဗျာ ၃၀-ပုဒ်ကို လည်းကောင်း ခင်းကျင်းပြသရောင်းချခဲ့ကြောင်း၊ ကျင်းပသည့် သုံးရက်စလုံးတွင် ပန်းချီကား ၇ ချပ်၊ ဓါတ်ပုံ ၈ပုံနှင့် ကဗျာများကို အများဆုံးရောင်းရကြောင်း၊ ယင်းပွဲသို့ လာရောက်သူ နေ့စဉ် ၃၀၀-ဦးခန့် ရှိကြောင်း၊ ၂၄.၇.၂၀၁၃ ရက် ပွဲနောက်ဆုံးရက်တွင် ကိုဂျင်မီက ကိုဖုန်းမော်အတွက် အမှတ်တရရေးစပ်ထားသော သီချင်းကို ကိုယ်တိုင် တီးခတ် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းသတင်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here