News @ M-Media
Blog
  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်
    ဇူလိုင် ၂၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    PfM
    ရန်ကုန် ။           ။         ၂၀၁၃-ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီး စုပေါင်းကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ယခု ဇူလိုင်လ ၂၉-ရက်နေ့ မနက်(၉း၃၀)နာရီမှ နေ့လည်(၃)နာရီအထိ ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
    ၂၀၁၃-ခု စက်တင်ဘာ (၂၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို အရပ်ဖက်လူမှုအဖွဲ့အစည်း အသီးသီး၏ စုပေါင်းအင်အားဖြင့် ကျင်းပပြုလုပ်ရန် တိုင်ပင်ဆွေးနွေးလိုသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ်(၂)ဦးစီ တက်ရောက်ပေးပါရန် Pray for Myanmar လူငယ်များမှ ဖိတ်ကြားကြောင်း သိရသည်။
    တက်ရောက်လိုသည့် အဖွဲ့များနေဖြင့် ဇူလိုင်လ ၂၈-ရက် ညနေ (၅)နာရီနောက်ဆုံးထား၍
    ဒေါက်တာကျော်သူ-092043709, ကိုနိုင်ဦး – 0943098291, ကိုသက်ဆွေဝင်း – 09420029616, ကိုသန့်စင်ထွေး 095154831, ကိုအောင်နိုင်စိုး – 0931429763, ကိုဇော်မင်းလတ် – 095500787 တို့ထံ ဆက်သွယ်အတည်ပြုပေးနိုင်ကြောင်းလည်း သိရသည်။
    “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော်အတွက် အခုလို ဆွေးနွေးပွဲလေး ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကျွန်တော်တို့ ကြိုဆိုတယ်၊ ဂုဏ်ပြုတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ငြိမ်းချမ်းချင်တယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါကြောင့် ငြိမ်းချမ်းမယ့် နည်းလမ်းတွေကို ကျွန်တော်တို့တွေ အတူပူးပေါင်း ဆွေးနွေးလုပ်ဆောင်ကြမယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ဒါကြောင့် အခြားသော CSO တွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ အခုဆွေးနွေးပွဲကိုလည်း တဖွဲ့ကို ၂-ယောက် တက်ရောက်ပေးကြဖို့ ဖိတ်ကြားပါတယ်”လို့ အစီအစဉ်ကို ဦးဆောင်သည့် Pray for Myanmar မှ M-Media ကို ပြောပြခဲ့ပါတယ်။
  • မွေးနေ့တူ ဇနီးမောင်နှံ နှစ်ဦး မင်္ဂလာသက်တမ်း ၇၅ နှစ်၏နောက် တစ်ရက်သာခြား၍ ကွယ်လွန်ခဲ့ကြ
    ဇူလိုင်-၂၆၊ ၂၀၁၃
    M-Media
    Couple born same day
    လောင်းဘိခ်ျ၊ ကယ်လီဖိုးနီးယား။        ။ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လွန်ခဲ့သည့်နှစ်က ၇၅ နှစ်မြောက် မင်္ဂလာအခမ်းအနား ကျင်းခဲ့သည့် မွေးနေ့တူ ဇနီးမောင်နှံနှစ်ဦးသည် တစ်ရက်သာခြား၍ အသီးသီးကွယ်လွန်ခဲ့ကြသည်။
    အသက် ၉၄ နှစ်အရွယ်ရှိ ဟယ်လင်ဘရောင်းသည် ဇူလိုင် ၁၆ ရက်တွင် ကွယ်လွန်ခဲ့ပြီး၊ အသက် ၉၄ နှစ်ရှိ လက်စ်ဘရောင်းက ဇူလိုင်လ ၁၇ ရက်နေ့တွင် ကွယ်လွန်သည်ဟု သားဖြစ်သူ လက်စ်ဘရောင်းဂျူနီယာမှ လောင်းဘိခ်ျ သတင်းဌာနသို့ ပြောကြားခဲ့သည်။ မိခင်မှာ အစာအိမ်ကင်ဆာ၊ ဖခင်မှာ ပါကင်ဆန်ရောဂါ ခံစားနေရသူများဖြစ်သည်ဟု ဆိုသည်။
    ထိုဇနီးမောင်နှံမှာ ၁၉၁၈ ခုနှစ်၊ နှစ်သစ်ကူးအကြိုညဥ့်တွင် မွေးဖွားခဲ့ကြ၏။ သားဖြစ်သူအဆိုအရ သူ၏မိဘများသည် အထက်တန်းကျောင်း၌ ဆုံစည်းကြသည်၊ အသက် ၁၈ နှစ်အရွယ်၊ ၁၉၃၇ ခုနှစ်တွင် ခိုးပြေးပေါင်းဖက်ခဲ့ကြသည်။ ၄င်းတို့၏ မိဘများက ကြွယ်ဝသူ အမျိုးသားနှင့် လက်လုပ်လက်စားအမျိုးသမီးတို့၏အိမ်ထောင်ရေးသည် တာရှည်ခံမည် မဟုတ်ဟု အတွေးအမြင်ရှိခဲ့ကြ၍ဖြစ်သည်။ သူတို့သည် ၁၉၆၃ ခုနှစ်တွင် လောင်းဘိခ်ျသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး၊ အမျိုးသားက ဓာတ်ပုံဆရာ၊ အမျိုးသမီးက အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ငန်းများဖြင့် အသက်မွေးခဲ့ကြသည်။ သူတို့၏ ၇၅ နှစ်မြောက်မင်္ဂလာအထိမ်းအမှတ်ကို ယမန်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့ကြသည်။
  • မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော
    ဇူလိုင်-၂၆၊၂၀၁၃
    M-Media
    Manila says Muslim veil directiv
    ဖိလစ်ပိုင်တောင်ပိုင်းမှ စာသင်ခန်းတခုတွင် မွတ်စလင်မ် ကျောင်းသူများ စာသင်ကြနေစဉ်
    မနီလာ။        ။ မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ မျက်နှာကို ဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည် မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
    မွတ်စ်လင်မ် အနည်းစုသာရှိကြသည့် ဖိလစ်ပိုင်တောင်ပိုင်းကို အဓိကရည်ရွယ်၍ ကျောင်းများအတွင်း နိကာ့ဗ်  ၀တ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဆိုင်ရာအတွင်းရေးမှူး အာမီးန် လူဝစ္စထရို (Armin Luistro)က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စည်းမျဉ်းချမှတ်ခဲ့၏။
    “ ပညာရေးဌာနကအမိန့်ဟာ မွတ်စ်လင်မ်ဆရာမများရဲ့ သာသနာ့အခွင့်ကို ထိခိုက်စေဖို့ရည်ရွယ်ခြင်း မဟုတ်ကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းစွာ သိရှိစေလိုပါတယ်။ အဲ့ဒီညွှန်ကြားချက်ဟာ မေတ္တာရပ်ခံမှုသာဖြစ်တယ်လို့ အထူးပြု ပြောကြားလိုပါတယ် ” ဟု လူဝစ္စထရိုမှ AFP သတင်းဌာနသို့ ရှင်းပြသည်။ ယင်းညွှန်ကြားချက်မှာ အမိန့်ဟူသောခေါင်းစဉ်ဖြင့် ၀င်ရောက်လာသောကြောင့် ကနဦးပိုင်း၌ အရှုပ်အထွေးများ ဖြစ်သွားရသည်။
    ဖိလစ်ပိုင်မွတ်စ်လင်မ်အမျိုးသမီးများစွာတို့သည် ထုံးတမ်းစဉ်လာအရ ဟိဂျာ့ဗ် ကို ဆင်ယင်ကြသည်။ ဟိဂျာ့ဗ် ဟူသည် ဆံပင်၊ နားရွက်၊ လည်ပင်း နှင့် ရင်သားကို လုံခြုံအောင် ဖုံးကွယ်ထားသည့် ဦးခေါင်းခြုံထည်ဖြစ်သည်။ အချို့ကမူ တစ်ဆင့်တက်ကာ နိကာ့ဗ် ကို ၀တ်ဆင်ကြသည်။ နိကာ့ဗ် ဟူသည် မျက်လုံးကိုသာဖော်၍ နှာခေါင်း၊ ပါးပြင်၊ ပါးစပ် နှင့် မေးရိုးအထိပါ ဖုံးကွယ်ရသည့် ဦးခေါင်းခြုံထည် ဖြစ်သည်။
    မွတ်စ်လင်မ်ဆရာမများအတွက် ညွှန်ကြားချက်မှာ နိကာ့ဗ် ကိုသာ ရည်ညွှန်း၍ ဟိဂျာ့ဗ် ကို မဟုတ်ပေ။ ကျောင်းသူကျောင်းသားပေါင်း ၁၆၆၀၀၀ အား အရဗီစာပေနှင့် အစ္စလာမ့်ပညာရေး အတွက် သင်ကြားသူ မွတ်စ်လင်မ်ဆရာ ၁၆၃၅ ဦးကို ခန့်အပ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနမှ ဆိုသော်လည်း စာသင်ဆရာမ ဦးရေကိုမူ မထုတ်ပြန်မပြောဆိုခဲ့ချေ။
    ဤညွှန်ကြားချက်ကို ကက်သလစ်ဘာသာဝင်အများစုရှိနေကြသော တောင်ပိုင်းဒေသတစ်ဝှန်းရှိ ကျောင်းပေါင်း ၈၄၉ ကျောင်းထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
  • ရမဿွာန် ၀ါဖြေပွဲအား အိုဘာမားမှ ဦးစီးကျင်းပပြီး အမေရိကန် မွတ်စ်လင်မ်များကို အလေးပြု
    ဇူလိုင်-၂၆၊၂၀၁၃
    M-Media
    IFTAR-OBAMA
    အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော အစ္စလာမ့်ဥပုသ်လ ရမဿွာန်အား ဂုဏ်ပြုသည့်ညစာစားပွဲ၌ အိုဘားမားက ၄င်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နေ၀င်ချိန်အပြီးတွင် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများ နှင့် မိသားစုဝင်များသည် စားသောက်ပွဲ(သို့) ၀ါဖြေပွဲကို အတူတကွ စားသောက်ပါဝင်ခဲ့ကြသည်။
    အိုဘားမားက “ ရမဿွာန် ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရတဲ့ အချိန်ကာလတစ်ခုပါ၊ ဘုရားဝတ်ပြုမှုများနှင့် ဥပုသ်စောင့်တည်မှုများအားဖြင့် ထာဝရဘုရားသခင်အပေါ် ကိုင်းရှိုင်းခြင်းကို ဖော်ပြရာရောက်တဲ့လဖြစ်ပါတယ်။ အလားတူစွာ  မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စည်းစည်းလုံးလုံးရှိရမယ့် အချိန်လည်း ဖြစ်ပါတယ်။
    အိမ်ဖြူတော်မှာ ဘာသာတရား အသီးသီးရဲ့ နေ့ထူးနေ့မြတ်များကို ဂုဏ်ပြုဆင်နွှဲတဲ့ အစဉ်အလာ ရှိပါတယ်။ ဒီလို မတူညီကွဲပြားတဲ့ အခမ်းအနားကျင်းပတာဟာ နိုင်ငံတော်ဆိုတဲ့ ပုံဟန်ကို ပေါ်လွင်စေပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း ထပ်ဆင့် ခိုင်မာသမှု ဖြစ်သွားစေလိုက်တာပါဘဲ။ အမေရိကန်များ နဲ့ အရှေ့အလယ်ပိုင်းဒေသသားတွေဟာ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ နဲ့ စီးပွားရေးလုပ်ငန်းများအတွက် ဘုံရည်မှန်းချက်တစ်ရပ် ရှိထားပါတယ် ” ဟု ပြောကြားခဲ့သည်။
    “ ကျွန်တော်တိုတစ်တွေအနေနဲ့ အလုပ်ကို ဒီ့ထက်အနည်းငယ်ပိုကြိုးစားမယ်၊ ရည်မှန်းချက်ကို ဒီ့ထက်အနည်းငယ် ပိုပြီးမြှင့်တင်မယ်ဆိုယင် ကျွန်တော်တိုရဲ့ ကလေးတွေ၊ အနာဂတ်မျိုးဆက်တွေအတွက် အခွင့်လမ်းများကို ပိုမိုတိုးပွားအောင် ဖန်တီးအားထုတ်ရာရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံတစ်ခုထဲက အိပ်မက် မဟုတ်ပါဘူး၊ ကမ္ဘာတစ်ဝှန်းလုံးမှာရှိတဲ့ လူတိုင်းရဲ့ဆန္ဒပါ။ ဒါဟာ လူသားရဲ့တိုးတက်လိုတဲ့ အာသီသပဲ ဖြစ်ပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာကို ကျွန်တော်တို့ရဲ့ကလေးတွေ အခြေခံကျကျ သိလာအောင် ဖော်ဆောင်ပေးကြရပါလိမ့်မယ်။ စီးပွားရေးလွတ်လပ်ခွင့် နဲ့ အခွင့်အလမ်း ဆိုတာကို နိုင်ငံရေးလွတ်လပ်ခွင့်လိုမျိုး ပိုမိုများပြားစွာ မျှော်လင့် တမ်းတထားပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြောက်အာဖရိက နဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း အပါအ၀င် အပြောင်းအလဲအများအပြားရဲ့ရေသောက်မြစ်အဖြစ်  ဒီအချက်တွေကို ကျွန်တော်တို့ တွေ့မြင်ခဲ့ကြပါပြီ ” ဟုလည်း ထပ်လောင်း တင်ပြသွားခဲ့၏။
    အိုဘားမားသည် သူ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လက်ရွေးစင်အရာရှိများ၊  ဘာသာရေးခေါင်းဆောင်များ နှင့် သံတမန်ရေးအသင်းအဖွဲ့များနှင့်အတူစားသောက်ခဲ့ပြီး၊ ဤသည်မှာ နိုင်ငံတော် ဧည့်ဝတ်ပြုဂေဟာ၌ အိုဘားမားမှ တည်ခင်း ကျင်းပသော ပဉ္စမမြောက် ၀ါဖြေပွဲ ဖြစ်ကြောင်းသိရသည်။
  • ကုရ်အာန် ဘာသာပြန် စောင်ရေ ၂ သိန်းခွဲ ဖြန့်ချိမည်
    ဇူလိုင်-၂၆-၂၀၁၃
    M-Media
    Qur'an
    မဒီနာမြို့မှ ကုရ်အာန်ပုံနှိပ် ထုတ်ဝေသည့် နေရာ
    နိုင်ငံတော် အစ္စလာမ့်ရေးရာဝန်ကြီးဌာန၊ မတည်လှူဒါန်းမှုဌာန၊ သာသနာဖြန့်ချိဖိတ်ခေါ်မှုဌာနများနှင့် ချိတ်ဆက်လျက်ရှိသော အစ္စလာမ့်ရေးရာ သင်ပေးသင်ယူဌာနများ နှင့် ရုံးများသို့ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန် စောင်ရေ ၂ သိန်းခွဲအား ဖြန့်ချိပေးပို့ရန် မြင့်မြတ်ကျောင်းတော်နှစ်ခု၏ ထိန်းသိမ်းစောင့်ရှောက်သူ ဘုရင် အဗ်ဒုလ္လာဟ်မှ အမိန့်ပေးခဲ့သည် ဟု ဆော်ဒီအာရေဗျ၊ အစ္စလာမ့်ရေးရာ ၀န်ကြီး ဆွာလိဟ် အလ် အရှ်ရှိုင်းခ် မှ ထုတ်ပြန်ပြောကြားသည်။
    ဤကျမ်းစာအုပ်များမှာ မဒီနဟ်မြို့ရှိ ဘုရင် ဖဟ်ဒ် ပုံနှိပ်တိုက်မှ ထုတ်ဝေထားခြင်းဖြစ်သည်။ နိုင်ငံတကာဝန်ကြီးရုံးများထံ သယ်ယူပို့ဆောင်သွားရန်လည်း ဘုရင် အဗ်ဒုလ္လာဟ်မှ ဆော်ဒီအာရေဗျလေကြောင်းလိုင်းများအား အမိန့်ထုတ်ထားကြောင်း SPA ၏ အစီရင်ခံမှုအရ သိရသည်။
    ဘုရင် ဖဟ်ဒ် ပုံနှိပ်တိုက်၊ ကျမ်းမြတ်ကုရ်အာန်ဘာသာပြန်ခြင်း၊ အနက်ဖွင့်ခြင်း၊ ပုံနှိပ်ခြင်း နှင့် အစ္စလာမ့်ကျမ်းဂန်များ ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများအား အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနမှ ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိသည်။
    Ref:ARAB NEWS