News @ M-Media

Blog

  • ကိန်းဂဏန်းများကပြောသည့် ဂါဇာက အစ္စရေး၏ အကြမ်းဖက်မှုများ

    ကိန်းဂဏန်းများကပြောသည့် ဂါဇာက အစ္စရေး၏ အကြမ်းဖက်မှုများ

    ဇွန် ၃၊ ၂၀၂၄

    M-Media


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၆၀၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    ဂါဇာကမ်းမြှောင်တစ်ခုလုံးလည်း အစ္စရေးရဲ့ အကြမ်းဖက်မှုကြောင့် အလုံးစုံ ပျက်ဆီးနေပါပြီ။ 

    လူနေအိမ်ယာတွေရဲ့ ၆၀ ရာခိုင်နှုန်းကို အစ္စရေးက ဖျက်ဆီးထားပြီး၊ စီးပွားရေးလုပ်ငန်း၊ အဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းလည်း ဖျက်ဆီးခံထားရပါတယ်။ 

    ၀တ်ပြုရာနေရာ ၂၆၇ ခုကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခဲ့သလို၊ ကမ်းမြှောင်တစ်ခုလုံးမှာရှိတဲ့ ဆေးရုံ ၃၅ ခုမှာ ၁၄ လုံးသာ တစ်စိတ်တစ်ပိုင်း လည်ပတ်နိုင်ပါတော့တယ်။ 

    အလ်-ရှီဖာနဲ့ အလ်-နဆာရ် ဆေးရုံးတွေကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကမ္ဘာတစ်၀ှမ်းက အကြီးအကျယ်ရှုတ်ချခဲ့ပါတယ်။ 

    ဂါဇာကမ်းမြှောင်တစ်၀ှမ်းက ရေတွင်းရေကန်တွေရဲ့ ၈၃ ရာခိုင်နှုန်းကို အစ္စရေးက ဖျက်ဆီးထားပြီး၊ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေလို ပညာရေးအဆောက်အဦး ၈၆ ရာခိုင်နှုန်းလည်း တိုက်ခိုက်ဖျက်ဆီးခံထားရပါတယ်။ 

    အသတ်ခံရသူများ 

    ဇွန်လ ၂ ရက်နေ့အထိ ဂါဇာကမ်းမြှောင်မှာ သတ်ဖြတ်ခံရသူ အရေအတွက်ဟာ ၃၆၄၃၉ ဦး ရှိလာပါတယ်။ အဲဒီအထဲက ၁၅၀၀၀ ကျော်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ဒဏ်ရာရသူအရေအတွက်က ၈၂၆၂၇ ဦးရှိပြီး၊ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က တစ်သောင်းကျော် ရှိနေပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ၅၂၃ ဦး ရှိလာပါတယ်။ 

    အဲဒီအထဲက ၁၃၂ ဦးဟာ ကလေးငယ်တွေဖြစ်ပါတယ်။ အနောက်ဖက်ကမ်းမှာ ဒဏ်ရာရသူ အရေအတွက်က ၅ သောင်းကျော် ရှိပါတယ်။ 

    Ref: Aljazeera 

  • ပစ္စည်းဆန်းတွေ ထုတ်မယ့် ကမ္ဘာ့ပထမဆုံး အာကာသ ကုန်ထုတ်စက်ရုံကို

    ပစ္စည်းဆန်းတွေ ထုတ်မယ့် ကမ္ဘာ့ပထမဆုံး အာကာသ ကုန်ထုတ်စက်ရုံကို

    ဇွန် ၄၊ ၂၀၂၄

    M-Media


    -လူသားသမိုင်းမှာ ပထမဆုံးဖြစ်လာမယ့် အာကာသ ကုန်ထုတ်စက်ရုံကို အမေရိကန်အခြေစိုက် Varda Space Industries ကုမ္ပဏီက ကမ္ဘာပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ 

    W-Series 1 လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်မှာ ထုတ်လုပ်ဖို့ အဆင်မပြေမယ့် ပစ္စည်းတွေ၊ ဆွဲအားကင်းတဲ့ နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ကွာလတီကောင်းကောင်း ရနိုင်မယ့် ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ 

    Varda Space Industries ကုမ္ပဏီကို တည်ထောင်သူဟာ နာမည်ကျော် Space X ကုမ္ပဏီက လေကြောင်းအင်ဂျင်နီယာ ၀ီလ် ဘရူ၀ေးဖြစ်ပါတယ်။

    “အရည်အသွေးပိုကောင်းတဲ့ ဖိုက်ဖာအော့ပတစ် ကြိုးတွေကနေ၊ လူ့အသက်တွေကယ်နိုင်မယ့် ဆေး၀ါးပစ္စည်း အသစ်တွေအထိ ကမ္ဘာပေါ်မှာ သုံးနေပြီး အာကာသမှာထုတ်နိုင်တဲ့ ပစ္စည်းမှန်သမျှ ထုတ်လုပ်သွားမှာပါ” လို့ ကုမ္ပဏီရဲ့ ၀ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ 

    ဆေးဘက်ဆိုင်ရာမှာ အရေးပါတဲ့ ပရိုတိန်းခရစ္စတယ်လို ပစ္စည်းမျိုးဟာ ကမ္ဘာပေါ်မှာ ထုတ်တာထက်၊ အာကာသမှာ ထုတ်လုပ်တာက ပိုမိုပြည့်စုံတဲ့ ထုတ်ကုန်မျိုးကို ရရှိနိုင်တယ်ဆိုတာ သုတေသန ရလဒ်တွေမှာ တွေ့ရပါတယ်။ 

    အခု အာကာသကုန်ထုတ်စက်ရုံ W-Series 1 ရဲ့ ပထမဆုံး ထုတ်လုပ်မှုဟာ HIV လူနာတွေကို ကုရာမှာ အသုံးပြုတဲ့ ritonavir ဆေး ဖြစ်ပါတယ်။ ဒီဆေးကို Covid-19 ကာကွယ်ဆေး Paxlovid ထုတ်လုပ်ရာမှာလည်း အသုံးပြုပါတယ်။ 

    ထုတ်ကုန်တွေ ကမ္ဘာမြေထဲ ပြန်လည်ပေးပို့တဲ့အခါမှာ အသံထက်မြန်တဲ့ ဒုံးပျံတွေကို စမ်းသပ်အသုံးပြုဖို့အတွက်လည်း Varda Space Industries ကုမ္ပဏီက အမေရိကန်လေတပ်နဲ့ သဘောတူထားပါတယ်။ 

    Ref: Interesting Engineering 

  • လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ဆန်းသစ်စေမည့် အသေးစား နျူဓာတ်ပေါင်းဖို

    လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ဆန်းသစ်စေမည့် အသေးစား နျူဓာတ်ပေါင်းဖို

    ဇွန် ၁၊ ၂၀၂၄

    M-Media 


    -အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Westinghouse ဟာ လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ပြောင်းလဲပေးနိုင်မယ့် နျူဓာတ်ပေါင်းဖိုအသေးစားတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

    AP300 လို့ အမည်ပေးထားတဲ့ အဲဒီ အသေးစား ဓာတ်ပေါင်းဖိုဟာ နျူဓာတ်ပေါင်းဖိုအကြီးစား AP1000 ကို ချုံ့ထားတာဖြစ်ပါတယ်။

    စွမ်းအင်ထုတ်လုပ်မှုက အကြီးထက် ၃ ပုံ ၁ ပုံသာ ရှိမှာ ဖြစ်ပေမယ့် ကုန်ကျစားရိတ်က ၅ ဆကျော်လောက် သက်သာပါတယ်။ 

    AP300 နျူ ဓာတ်ပေါင်းဖို ကုန်ကျစားရိတ်ဟာ ကန်ဒေါ်လာ ၁ ဘီလီယံ ကျသင့်မှာဖြစ်ပြီး ဓာတ်အား ၃၀၀ မီဂါ၀ပ်ထုတ်လုပ်နိုင်ကာ နေအိမ်ပေါင်း ၃ သိန်းလောက်ကို မီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

    နျူဓာတ်အားပေးစနစ်ဟာ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိပါဘူး။ ဓာတ်ပေါင်းဖိုအကြီးထက် ကုန်ကျစားရိတ်သက်သာပြီး ဖန်တီးတည်ဆောက်ရ လွယ်တာကြောင့် AP300 ဓာတ်ပေါင်းဖိုကို စက်မှုလက်မှုလုပ်ငန်းတွေကလည်း စိတ်၀င်စားလာကြပါတယ်။ 

    AP300 ကို ၂၀၂၇ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ စီစဥ်ထားပြီး အမေရိကန် နျူစွမ်းအင်ထိန်းချုပ်ရေး ကော်မရှင်ရဲ့ ခွင့်ပြုချက် ရရှိဖို့ လိုအပ်အုံးမှာ ဖြစ်ပါတယ်။ 

    လုံခြုံဘေးကင်းရေးမှာ AP1000 ဓာတ်ပေါင်းဖိုကအတိုင်း ဆောင်ရွက်ထားတယ်လို့ Westinghouse ကုမ္ပဏီက ပြောပါတယ်။ 
    Ref: Interesting Engineering

  • ဂါဇာတွင် ၈ လအတွင်း လခြမ်းနီအဖွဲ့၀င် ၃၃ ဦးကို အစ္စရေးက သတ်ဖြတ်ထား

    ဂါဇာတွင် ၈ လအတွင်း လခြမ်းနီအဖွဲ့၀င် ၃၃ ဦးကို အစ္စရေးက သတ်ဖြတ်ထား

    ဇွန် ၁၊ ၂၀၂၄

    M-Media


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း မိမိတို့အဖွဲ့၀င် ၃၃ ဦး အသတ်ခံထားရတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    မေလ ၃၁ ရက်နေ့ည ရာဖာက စစ်ရှောင်စခန်းတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လခြမ်းနီအဖွဲ့၀င် မိုဟာမက် ဂျီဟတ် အာဘဒ် သေဆုံးခဲ့ပါတယ်။ 

    ဒါဟာ ၈ လအတွင်း အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ၃၃ ယောက်မြောက် လခြမ်းနီအဖွဲ့၀င် ဖြစ်ပါတယ်။ အဲဒီအထဲက ၁၉ ဦးဟာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေစဥ်မှာ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ၈ လအတွင်း ဂါဇာမှာ အစ္စရေးက လူပေါင်း ၃၆၀၀၀ ကျော် သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ရာဖာက စစ်ရှောင်စခန်းတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera

  • ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်းတွေ့ရတဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ၀င်ပြိုင်နိုင်မလား

    ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်းတွေ့ရတဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ၀င်ပြိုင်နိုင်မလား

    မေ ၃၁၊ ၂၀၂၄

    M-Media 


    -အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်း တွေ့ရတယ်လို့ နယူးယောက်ပြည်နယ် တရားရုံးက မေလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

    အပြာမယ်ကို ငွေပေးပြီး သူ့အကြောင်းတွေ မပြောအောင် နှုတ်ပိတ်ခဲ့မှု မပေါ်လာစေဖို့အတွက် စာရွက်စာတမ်းအတုလုပ်ကာ ဖုံးကွယ်မှု၊ ၂၀၁၆ ရွေးကောက်ပွဲမှာ သြဇာလွှမ်းမိုးနိုင်ရေး ငွေပေးကြိုးစားမှု အပါအ၀င် စုစုပေါင်း ၃၄ မှုဖြစ်ပါတယ်။ 

    ဒီအမှုတွေအတွက် ပြစ်ဒဏ်အမိန့်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ချမှတ်မှာဖြစ်ပါတယ်။ အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အမြင့်ဆုံး ချမှတ်ခံရနိုင်ပါတယ်။ 

    ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ အပြစ်ပေးခံရမယ့် ပထမဆုံးသမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ထရမ့်ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ခြစားနေတဲ့ တရားသူကြီးတွေလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ထရမ့်ရဲ့ ရှေ့နေအဖွဲ့က ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပေမယ့် နယူးယောက်တရားရုံးက ပယ်ချခဲ့ပါတယ်။

    သမ္မတရွေးပွဲကို ထိခိုက်မလား

    ထရမ့်ဟာ လာမယ့်နိုင်၀င်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်နဲ့အတူ သမ္မတအဖြစ် ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေပညာရှင် ပရော်ဖက်ဆာ ရစ်ချက် အလ် ဟာဆန်က ရာဇ၀တ်သားတစ်ယောက် သမ္မတ၀င်ရွေးခွင့်မရှိဘူးလို့ အခြေခံဥပဒေမှာ တားမြစ်ထားတာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

    “ဥပဒေအရတော့ ထရမ့်ရဲ့ သမ္မတလောင်းအဆင့်ဟာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အခြေခံဥပဒေမှာက ကန့်သတ်ချက်တွေ (အသက် ၃၅ နှစ်နဲ့ အထက်ရှိရမယ်။ အမေရိကန်မြေမှာမွေးရမယ်။ အနည်ဆုံး ၁၄ နှစ် နိုင်ငံအတွင်း နေထိုင်ရမယ်)  ပါ၀င်ပြီးဖြစ်ပါတယ်” 

    ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြောင်း တွေ့ရတယ်လို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ပြပြီး ရွေးကောက်ပွဲမပါနိုင်အောင် ပြည်နယ်တရားရုံးတွေက တားမြစ်ပိုင်ခွင့် မရှိဘူးလို့လည်း အလ်ဟာဆန်က ပြောပါတယ်။ 

    ထရမ့်ကို ထောက်ခံတဲ့ ပြည်နယ်တွေက ယခင် စစ်တမ်းတွေအရ ပြစ်မှုထင်ရှားစီရင်ခံရရင် ထရမ့်ကို မဲထည့်မှာမဟုတ်ဘူးလို့ မဲဆန္ဒရှင်တွေရဲ့ ၅၃ ရာခိုင်နှုန်းက ဖြေကြားထားပါတယ်။ 

    Ref: CNN