News @ M-Media
Blog
  • ဝန်ကြီးချူပ် Mr Lee Hsien Loong စင်္ကာပူမွတ်စလင်မ်များနှင့် အတူ ဝါဖြေပွဲဆင်နွှဲ
    ဇူလိုင်-၁၇၊ ၂၀၁၃
    M-Media
    Lee Hsien Loong
    စင်္ကာပူ ဝန်ကြီးချုပ် Mr Lee Hsien loog Woodlands မှ AN – Nur ဗလီတွင် စင်ကာပူမွတ်စလင်များနှင့် အတူ အစ္စလာမ်ဘာသာဝင်များရဲ့ ရမဿွန် ဥပုသ်အထွက် (ဝါဖြေပွဲ) ညစာအတူ သုံးဆောင်ခဲ့သည်။
    ဓါတ်ပုံများကြည့်ရန်။ Click Here
    Channel NewsAsia Singapore’s
    (Photo: Riz Sunawan)
  • စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း (ပညာဒါန သင်တန်းများ) ကျိုလီယာမွတ်စလင်မ် သာသနာ့ရံပုံငွေအဖွဲ့မှ ဖွင့်လှစ်မည်။
    ဇူလိုင် ၁၇၊ ၂၀၁၃
    M-Media
    KK
    Training
    ရန်ကုန် ။         ။              ရန်ကုန်တိုင်းဒေသကြီး ကျိုလီယာမွတ်စလင်မ် သာသနာ့ရံပုံငွေအဖွဲ့မှ ပညာဒါန သင်တန်းများအဖြစ် စက်ချုပ်သင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို သြဂတ်လ ၁၉-ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
    ကျိုလီယာမွတ်စလင်မ် သာသနာ့ရံပုံငွေအဖွဲ့မှ ပညာဒါန သင်တန်းများအဖြစ် စက်ချုပ်သင်တန်း အမှတ်စဉ်(၅) နှင့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၆)ကို ၁၉.၈.၂၀၁၃ (တနင်္လာနေ့)တွင် အမှတ်(၁)၊ သုခလမ်း၊ (ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဖွင့်လှစ်မည်ဖြစ်ပြီး လူမျိုးဘာသာရွေး တက်ရောက်သင်ယူနိုင်ကြောင်းလည်း သိရသည်။
    အဆိုပါ သင်တန်းအတွက် ၁၅.၇.၂၀၁၃ မှစတင်၍ သင်တန်းအပ်လက်ခံနေပြီး တက်ရောက်လိုသူများသည် သင်တန်းဝင်ခွင့်ပုံစံအား ကိုယ်တိုင်ဖြည့်သွင်းရမည်ဖြစ်ပြီး လိုင်စင်ဓါတ်ပုံ(၃)ပုံနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ တက်ရောက်နိုင်ကြောင်းသိရသည်။ ကွန်ပျူတာ သင်တန်းတက်ရောက်မည့်သူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟုလည်း သိရသည်။
    သင်တန်းနှင့်ပတ်သက်ပြီး သိရှိလိုပါက 01-577473, 01-8551191, 09-73137532 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
  • တရားမ၀င် လယ်သိမ်းခဲ့ခြင်းအား ပိုင်ရှင်မှ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းသိရ
    ဇူလိုင်-၁၇၊၂၀၁၃
    M-Media
    အိမေ
    P7170145
    ရန်ကုန် ။         ။    ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု မြစိမ်းရောင်ကွင်း အမှတ် ၃၆၉ အား မဟာရွှေတောင် ဖွံ့ဖြိုးမှုကုမ္ပဏီ မှတရားမ၀င် လယ်သိမ်းခဲ့ခြင်းအား ပိုင်ရှင်မှ တရားစွဲရန်ဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ကို ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ (၁၇)ရက် နေ့လည် ၁-နာရီ တွင် MJN ( မြန်မာဂျာနယ်လစ်နက်ဝက်လ်) ရုံးခန်း ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    “ဒီလယ်မြေတွေက ကျွန်တော်တို့ ဘိုးဘွား ပိုင်လယ်ပါ။၂၀၁၁ ခုနှစ် အထိလည်း စိုက်ပျိုးရေး ဘဏ်ကနေ ချေးငွေနဲ့ ဒီလယ်ပေါ်မှာ စပါးစိုက်ပျိုးခဲ့ပါတယ်။၂၀၁၂ ခုနှစ် မေလ ၂၆ ရက်တွင်  မိုးဦးကျကာလဖြစ်သောကြောင့် စပါးစိုက်ပျိုးရန် လယ်တဲထိုးခြင်းနှင့် ပတ်ဝန်းကျင်တွင် လယ်မြေများ အရောင်းအ၀ယ် လုပ်နေကြခြင်းကြောင့် လယ်ကွက်မမှားစေရန် ခြံခတ်ခြင်းနှင့် လယ်တဲထိုးခြင်းကို မိသားစုနှင့်အတူ လုပ်ကိုင်နေစဉ် ဦးစန်းပွင့်နှင့် လူ ၁၅ ဦး ခန့်ရောက်လာပြီး ဦးစန်းပွင့်က “သူပိုင်သောလယ်ဟုဆိုကာ” လယ်ကွက်အတွင်းမှထွက်ပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
    ပြည်ထောင်စု သမ္မတနိုင်ငံတော် အစိုးရဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာန နေပြည်တော် စက်မှုလက်မှု လုပ်ငန်းအတွက် မဟာ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ အား အသုံးပြုရန် ၂၀၁၁ခုဇွန်လ ၈ ရက်နေ့စွဲဖြင့် စတင် ခွင့်ပြုခဲ့ကြောင်းသိရသည်။၂၃.၅.၂၀၁၂ ရက်တွင် ရွှေတောင် ကုမ္ပဏီမှ လယ်သမားများ နစ်နာကြေးအဖြစ် လယ်တစ်ဧက ကို သိန်း ၈၀ အလျော်ပေးခဲ့သော်လည်း ကျွန်တော်ပိုင် လယ်မြေအား လျော်ကြေး မပေးသည့် အပြင် လယ်မြေထဲမှ မောင်းထုတ်ခြင်းကို ခံခဲ့ရပါသည်။
    ဒီလယ်မြေကို စက်မှုလက်မှု လုပ်ငန်းအတွက် မသုံးဘဲ ဦးစန်းပွင့်ထံသို့ ရွှေတောင်ကုမ္ပဏီမှ ထပ်ဆင့်ရောင်းချခဲ့ခြင်းကြောင့် ကျွန်တော်တို့မှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့က လယ်သမားတွေဖြစ်တဲ့ အတွက် လယ်အလုပ်ပဲ လုပ်တတ်တာမို့လို့ လယ်မြေတွေပဲ ပြန်လိုချင်ပါတယ်။”ဟု လယ်ပိုင်ရှင် ဦးသောင်းညွန့်က ပြောကြားသည်။
    အဆိုပါမြေကွက်အား ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ နှင့်ရောယှက် မှုမဖြစ်စေရန် ခြံစည်းရိုးခတ်မည်ဖြစ်ကြောင်း ၊ရွှေတောင်ကုမဏီအား အကြောင်းကြားထားပြီးဖြစ်ကြောင်း ၊ပြုလုပ် ခွင့်မပေးပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
    ဓါတ်ပုံများ ကြည့်ရန်။ Click Here
  • အမေရိကန် အိမ်ရာမဲ့များဆီသို့ ရမဿွာန် လမြတ်၏ ကောင်းခြင်းများ ရောက်ရှိ
    ဇူလိုင်-၁၅၊ ၂၀၁၃
    M-Media
    Texas ပြည်နယ်၊ San Antonioနေ အမေရိကန် မွတ်စလင်မ်များသည် အထူးဝါဖြေပွဲ စားသောက်ဖွယ်ရာများကို မျှဝေခြင်းနှင့် အစ္စလာမ်ကို ပိုမို နားလည်စေရန် အခွင့်အလမ်း ဖန်တီးပေးခြင်းတို့အားဖြင့် အိမ်ရာမဲ့များဆီသို့ ရမဿွာန်လမြတ်၏ ပျော်ရွှင်မှုနှင့် ကရုဏာတရားတို့ကို ဆောင်ကြဉ်းပေးကာ အကူအညီလိုအပ်နေသူတို့ မျက်နှာများတွင် အပြုံးပန်းဝေစေခဲ့သည်။
    Ramadan Iftars Provide For America Homeless
    “အသင်တို့ကို ကျွေးမွေးခဲ့တာ ကျွန်တော်တို့ဆိုပေမယ့် ကျွန်တော်တို့ကို လာခွင့် လှူဒါန်းခွင့်ပေးခဲ့တာ အသင်တို့ပါ၊ အဲ့ဒီအတွက် အသင်တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု မွတ်စလင်မ် ကလေးငယ်များ ပညာရေးနှင့် အရပ်ဖက် စင်တာ (MCECC)၏ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူးဖြစ်သူ စကိဘ်ရှိုက်ခ်က San Antonio Express သတင်းဌာန ကို ဇူလိုင် ၁၅ရက်၊ တနင်္လာနေ့က ပြောကြားခဲ့ပါသည်။
    မွတ်စလင်မ် ယဉ်ကျေးမှုအမွေအနှစ် စိုဆိုင်တီနှင့် ပူးပေါင်းကာ MCECCက မြို့တော်၏ အိမ်ရာမဲ့များ ခိုနားရာ“မျှော်လင့်ချက် ရိပ်မြုံ”စင်တာမှ အဖွဲ့ဝင် ၃၀၀ ကို အထူးစားဖွယ်ရာများကို ပေးလှူခဲ့သည်။
    တနင်္ဂနွေ ညနေခင်းတွင် ကျွေးမွေးခဲ့သော စားဖွယ်ရာများသည် ရမဿွာန်လအခါ မွတ်စလင်မ်တို့၏ ၀ါဖြေချိန်တွင် ရောက်လာခဲ့သည်။
    ဤ၀ါဖြေပွဲကို မြို့ထဲရှိ မွတ်စလင်မ်အဖွဲ့နှစ်ဖွဲ့စလုံးမှ ပရဟိတလုပ်အားပေး ၅၀ ၀န်းကျင်က လုပ်အားပေးခဲ့ပြီး ကိတ်မု့န်ချိုများ၊ ကြက်သားကဗတ်၊ ဟင်းရွက်လုံးနှင့် အခြား အရသာရှိ အစားအစာများ ပါဝင်သော ပလတ်စတစ်ကာတွန်းဗူးများကို ရိပ်မြုံမှ နေထိုင်သူများကို ပေးဝေခဲ့ကြသည်။
    စင်တာတွင် နေထိုင်သူများက အစ္စလာမ်နှင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာများကို သုတရရန် သူတို့ကို အခွင့်အလမ်းပေးခြင်းအတွက် ဤအစပျိုးလှုပ်ရှားမှုကို ချီးမွမ်းခဲ့ကြသည်။
    “ဘာကြောင့် ရမဿွာန်ကို ကျင်းပကြတာလဲ”ဟု StarLisa Leonardက ညနေစာ မတည်ခင်းမှီ ပင်မအဆောင်ထဲရှိ ဘာသာပေါင်းစုံချစ်ကြည်ရေး ၀တ်ပြုခန်းတွင် ရပ်လျက် မေးခဲ့သည်။
    မွတ်စလင်မ်လုပ်အားပေးများထဲမှ တစ်ဦးဖြစ်သူ Nazli Siddiquiက စားရန်အတွက် အစားအစာ၊ သောက်ရန်အတွက် ရေစသည် ကောင်းခြင်းများကို သတိတရဖြစ်ရန်နှင့် ဒုက္ခရောက် ခံစားနေရသူများကို ကိုယ်ချင်းစာ စာနာတတ်ရန် မွတ်စလင်မ်တို့သည် ရမဿွာန်လမြတ်တွင် ဥပုသ်သီလ စောင့်ကြပါသည်ဟု ရှင်းပြခဲ့ပါသည်။
    “ကမ္ဘာပေါ်မှာ အချို့သူတွေဟာ တစ်နေ့လုံးမှ တစ်နပ်ပဲ စားကြရတယ်”ဟု အမွေအနှစ်စိုဆိုင်တီ၏ ညွှန်ကြားရေးမှူးဖြစ်သူ Siddiqui က ပြောပြခဲ့သည်။
    “ကျွန်တော်တို့တွေ သနားကြင်နာမှု ခံစားဖြစ်တည်ဖို့ တစ်လကြာအောင် ဒီလိုရှင်သန်မှုမျိုးနဲ့ နေဖို့ ကြိုးစားကြတာပါ။”
    ညနေစာပြီးသောအခါ မွတ်စလင်မ်များသည် ၀တ်ပြုရန်အတွက် စောင်ဖြူများနှင့် ၀တ်ပြုအခင်းများကို အခန်းထဲတွင် ဖြန့်ခင်းလိုက်ကြသည်။
    အစ္စလာမ့်ပြက္ခဒိန်တွင် အထူးမြတ်ဆုံး လဖြစ်သော ရမဿွာန်လမြတ်သည် အမေရိကားတွင် ဇူလိုင် ၉ရက်၊ ကြသာပတေးနေ့တွင် စတင်ခဲ့သည်။
    ရမသွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စလင်မ်များသည် စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် သံဝါသတို့ကို အရုဏ်ဦးမှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြပါသည်။
    ဥပုသ်သီလစောင့်ထိန်းခြင်းသည် မွတ်စလင်မ်တို့ကို သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နာမ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစသည်တို့ကို သင်ကြားပေးသည် မည်ပါသည်။ ၀တ်ပြုခြင်း၊ ကျမ်းတော်မြတ် ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းနှင့် ကောင်းမှုများကျင့်ဆောင်ခြင်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် နှစ်မြှုပ်ထားသော လမြတ်အချိန်ခါလည်းဖြစ်ပါသည်။
    လမြတ်ကာလအတွင်း မွတ်စလင်မ်အများစုကြီးသည် ဆင်းရဲသားများနှင့် လိုအပ်နေသူများကို ဇကားသ်ဆင်းရဲသားဒါနကြေး ပေးရန် အခြားလများထက် ပိုမိုနှစ်သက်ကြပါသည်။
    ကျိုးပျက်သွားသော အေးစက်မှုများ
    အစ္စလာမ့် အလှစစ်ကို ရိပ်မြုံတွင် နေထိုင်သူများဆီသို့ ပိုမိုနီးကပ်စေခဲ့သော ဤအစပျိုးလုပ်ဆောင်မှုသည် အစ္စလာမ်၊ ရမဿွာန်နှင့် အစ္စလာမ့်ယုံကြည်ချက် မဏ္ဍိုင်များအပေါ်တွင် လုံးဝ သက်ရောက်မှု ဖြစ်စေခဲ့သည်။
    “မွတ်စလင်မ်တွေမှာ နားလည်ရခက်တဲ့ ဘာသာတရားရှိတယ်လို့ သင်ကြားဖူးလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒါဟာ တကယ်မဟုတ်ပါဘူး” ဟု ရိပ်မြုံမှ Linda Downs က ပြောပြခဲ့သည်။
    “ကျွန်မတို့ (ရိပ်မြုံ အဖွဲ့ဝင်)တွေဟာ ကျွန်မတို့ဘ၀ရဲ့ ခက်ခဲလှတဲ့ အချိန်မှ ရှိနေပါတယ်။
    သူတို့တွေ ဒီမှာရှိနေပြီး ကျွန်မတို့ကို မျှဝေခံစားတာဟာ အင်မတန်မှကို သနားကြင်နာမှုပါပဲ။”
    ဒုက္ခရောက်ခံစားနေရသူတွေကို ကိုယ်ချင်းစာတတ်ဖို့အတွက် နာရီပေါင်းရှည်လျားစွာ အစာနှင့် ရေကို ရှောင်ကြဉ်သော အကြံဥာဏ်သည် Downsအတွက် အံ့သြစရာကောင်းနေပေသည်။
    “သူတို့ တစ်လလုံး ဥပုသ်သီလယူကြပြီး စွန့်လှူကြတယ်။ အဲ့ဒါက သူတို့ နှလုံးသားတွေကို ပြည့်ဝစေတယ်။”ဟု သူမက ပြောပြခဲ့သည်။
    “သူတို့တွေက လူကောင်းတွေပါ။”
    တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများ မရှိသော်လည်း၊ အမေရိကန် နိုင်ငံသည် ၆သန်းမှ ၈သန်းကြားရှိသော လူနည်းစု မွတ်စလင်မ်များ၏ အမိမြေဖြစ်သည်။
    အမေရိကန် သုသေတနစစ်တမ်းတစ်ခုအရ အမေရိကန်အများစုကြီးသည် မွတ်စလင်မ်များနှင့် အစ္စလာမ်အကြောင်းကို အနည်းငယ်မျှသာ သိကြသည်။
    သို့သော်လည်း မကြာသေးမီက မေးခွန်းစစ်တမ်းတစ်ခုအရ နိုင်ငံအနှံ့မှ ၄၃ ရာခိုင်နှုန်းသော အမေရိကန်များသည် မွတ်စလင်မ်များနှင့်ပတ်သက်ပြီး အနည်းငယ်မျှတော့ အကြောင်းမဲ့ မကောင်းမြင်ကြကြောင်း တွေ့ခဲ့ရသည်။
    Ref:OnIslam
  • စင်ကာပူတွင် အောင်လက်မှတ်အတုသုံးပြီး အလုပ်ပါမစ်တင်မှု့ မြန်မာ ၂၁ ယောက်အပါအဝင် နိုင်ငံခြားသား ၂၅ ယောက် ထောင်ချခံရ
    ဇူလိုင်-၁၇၊ ၂၀၁၃
    M-Media
    စင်္ကာပူ။    ။ နိုင်ငံခြားသား ၂၅ ယောက်သည် အလုပ်သမားပါမစ်ရရှိရန် ပါမစ်လျှောက်ထားရာဌာနသို့ အောင်လက်မှတ်အတုများ တင်ပြခဲ့သောကြောင့် အရေးယူခြင်းခံခဲ့ရသည်။
    crime_court_rotator
    ထိုသို့သောပြစ်မှုဖြင့် ဤနှစ်အတွင်း ရုံးတော်သို့ပို့ဆောင်လိုက်ရသော လူဦးရေမှာ ဤတစ်ခေါက်သည်  အများဆုံးဖြစ်ကြောင်း Manpower Ministry (MOM) လုပ်သားအင်အားဝန်ကြီးဌာန မှ ပြောကြားခဲ့သည်။
    အရေးယူခံရသူ ၂၅ ယောက်အနက် ၂၁ ယောက်သည် မြန်မာနိုင်ငံသားများဖြစ်ပြီး၊ ၃ ယောက်သည် အိန္ဒိယ နှင့် ကျန် တစ်ဦးသည် ဖိလစ်ပိုင်မှ ဖြစ်သည်။ အမျိုးသား  ၂၀ နှင့် အမျိုးသမီး ၅ ဦး ပါဝင်ပြီး အသက် ၁၉ နှစ် မှ ၄၈ နှစ်ကြား ရှိကြကြောင်း၊ ၄င်းတို့အားလုံးမှာ ၂၀၁၂ ခုနှစ်၊ မေ နှင့် သြဂုတ်လတွင် Controller of Work Passes သို့ အချက်အလက်အတုအယောင်များကို ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
    တရားခံအားလုံးသည် မည်သည့်တက္ကသိုလ်မှ အောင်လက်မှတ်/ဘွဲ့လက်မှတ်များ ရယူခဲ့ခြင်း မရှိချေ။
    အောင်လက်မှတ်အတုများသည် MOM ထံမှ အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အသုံးချသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
    ထိုတရားခံ ၂၅ ယောက်လုံးသည် အဖမ်းမခံရမီက အလုပ်သမားပါမစ်များ ရရှိထားကြပြီး လုပ်ငန်းခွင်များ နှင့် လက်လီလက်ကားအရောင်းဆိုင်များတွင် လုပ်ကိုင်နေခဲ့ကြသည်။ တရားဝင်ထုတ်ပြန်ချက်များအရ ၄င်းတို့သည် အဖမ်းမခံရမီအထိ တစ်နှစ်နီးပါးခန့် အလုပ်ဝင်သက်တမ်း ရှိထားပြီးဖြစ်ကြောင်း၊ မေလက ၄င်းတို့အား ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
    အင်္ဂါနေ့က အပြစ်ရှိသူ ၂၅ ယောက်လုံးသည် အယူခံဝင်ခဲ့ကြသည်။
    ၂၅ ယောက်အနက် အယောက် ၂၀ အား ထောင်ဒဏ် ရက်သတ္တ လေးပတ်ကျခံစေပြီး ကျန် ၅ ဦးအား စင်္ကာပူ ဒေါ်လာ ၅၀၀၀ ဒဏ်ငွေတပ်ခဲ့သည်။ သို့သော်လည်း ထို ၅ ယောက်သည် ဒဏ်ငွေပေးဆောင်နိုင်ခြင်း မရှိသဖြင့် သူတို့အား နောက်ထပ် ရက် ၂၀ ထောင်ဒဏ် ကျခံစေရန် အစားထိုးသတ်မှတ်လိုက်သည် ဟု MOM မှ ပြောကြားခဲ့သည်။
    – CNA/ac