News @ M-Media

Blog

  • မိတ္ထီလာတွင် အရေးအပေါ်အခြေအနေ အမိန့် ပြန်လည်ရုပ်သိမ်း

    ဇူလိုင်-၂၀၊ ၂၀၁၃
    M-Media

    ၂၀၁၃ ခုနှစ် မတ်လတွင်းက အကြမ်းဖက် မီးရှို့မှုများဖြစ်ပွားခဲ့မှုကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့သည့်  မိတ္ထီလာခရိုင် မြို့နယ်(၄) မြို့နယ်အား အရေးပေါ်အခြေအနေ ရုပ်သိမ်းကြောင်း ကြေညာချက်ကို ဒီနေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြကြေညာလိုက်ပါသည်။

    မိတ္ထီလာ အကြမ်းဖက်မှု အတွင်းမှာ ဗလီနဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်အများအပြား မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးတော့ အစ္စလာမ် ဘာသာဝင် အများစုလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့်  မွတ်စလင်မ် အများစု ပါဝင်တဲ့ လူ သောင်းနဲ့ချီပြီးတော့လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပါသည်။

    ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

     

    president office

    ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
    နိုင်ငံတော် သမ္မတရုံး

    ဥပဒေ ကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်(၂/၂ဝ၁၃)
    ၁၃၇၅ ခုနှစ်၊ ဝါဆို လဆန်း ၁၃ ရက်
    (၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်)

    အရေးပေါ် အခြေအနေ ကြေညာခြင်းအား ရုပ်သိမ်းခြင်း

    ၁။ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင် မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်မှုအား ဥပဒေကဲ့သို့ အာဏာတည်သော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အမှတ် (၁/၂ဝ၁၃) ကို (၂၂-၃-၂ဝ၁၃) ရက် တွင် ထုတ်ပြန် ကြေညာ၍ ထိန်းသိမ်း ခဲ့ပါသည်။

    ၂။ (၂ဝ-၅-၂ဝ၁၃) ရက်တွင် အမိန့် ထုတ်ပြန်သည့် ရက်(၆ဝ) ပြည့်သော်လည်း တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရန် လိုအပ်သဖြင့် အဆိုပါ အမိန့် ထုတ်ပြန်မှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အတည်ပြုချက် ရယူရန်နှင့် သက်တမ်း တိုးမြှင့် ပေးရန် တို့အတွက် (၂၁-၅-၂ဝ၁၃) ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အထူး အစည်းအဝေးသို့ တင်ပြခဲ့ရာ ကနဦး ထုတ်ပြန်ခဲ့သည့် အမိန့်ကို အတည်ပြုပြီး၊ အထူး အစည်းအဝေး ပြုလုပ်သည့် ရက်မှ စ၍ ရက်ပေါင်း (၆ဝ) အထိ ဆက်လက် အာဏာ တည်စေရန် အတည်ပြုခဲ့ပါသည်။ ထိုသို့ ဆက်လက် အာဏာတည်သည့် ရက်သည် (၁၉-၇-၂ဝ၁၃) ရက်တွင် ရက်(၆ဝ)ပြည့်ပြီး ဖြစ်ပါသည်။

    ၃။ မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ရရှိပြီး ဖြစ်သောကြောင့် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အား ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

    (ပုံ) သိန်းစိန်
    နိုင်ငံတော် သမ္မတ
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

  • နိုင်ငံတော်၏ ဂေဇက်ဝင်နေ့ကြီးတွင် ပြင်ပရောက်နေသည့် သမ္မတဦးသိန်းစိန်က မြန်မာပြည်တွင်း မွတ်စလင်နှိပ်ကွပ်ရေး ပဋိပက္ခများတွင် ၄င်းတို့အစိုးရ အပြစ်မရှိကြောင်းဆို

    M-Media
    ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃

    meikhtila

    ဓာတ်ပုံ – အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်၏ ၂၀၁၃ နှစ်ပတ်လည်အစီရင်ခံစာမျက်နှာဖုံးမှ ကူးယူပါသည်။

    ပညာရှင်နှင့် ကျွမ်းကျင်သူများ၏ စနစ်ကျသော ထောက်ပြမှုများသာမက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အစီရင်ခံစာများနှင့် အမေရိ ကန်ပြည်ထောင်စု၏ USCIRF အစီရင်ခံစာ ၂၀၁၃ (စာမျက်နှာ ၂၀ မှ ၂၆ အထိ) တို့အရ မြန်မာအစိုးရ၏ မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင် များအပေါ် စနစ်ကျသော နှိပ်ကွပ် ညှဉ်းဆဲမှုများ ရှိနေသော်လည်း သမ္မတဦးသိန်းစိန်က မိမိတို့အစိုးရတွင် အပြစ်မရှိကြောင်း ပြင်သစ်တီဗွီ France 24 သို့ ပြောကြားခဲ့သည်။

    “အပြင်ဘက်က အချက်အလက်တွေက ဖွတာတွေ၊ သတင်းမှားတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာမျိုး လုံးဝမရှိဘူး” ဟု ဦးသိန်းစိန်က ရခိုင်ရှိ ရိုဟင်ဂျာ အရေးကို ရည်ညွှန်းပြောကြားခဲ့သေးသည်။ ထို့ပြင် ဦးသိန်းစိန်က ပြည်ပက သတင်းများသည် အပုတ်ချမှုများဖြစ်သည်ဟု ပြည်ပမီဒီယာများကို ရည်ညွှန်းကာ ပြောကြားခဲ့သေးသည်။

    AFP သတင်းကမူ နယူးယောက်အခြေဆိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ဧပြီလ၌ မြန်မာအစိုးရအား “လူမျိုးတုန်းသတ်ဖြတ်မှု စစ် ဆင်ရေး” ဆင်နွဲနေသည်ဟု စွပ်စွဲခဲ့ကြောင်း၊ သို့စွပ်စွဲရာ၌ HRW က အလောင်းကောင်အမြောက်အမြားနှင့် လူထောင်ပေါင်းများစွာအား အင်အား သုံး မောင်း ထုတ်ပြစ်မှုများကို သက်သေအဖြစ်တင်ပြခဲ့ကြောင်း၊ မြန်မာအစိုးရ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဘုန်းကြီးများက အဓိကရုဏ်းများ ကို ခေါင်းဆောင်ခဲ့ကြောင်း၊ ၄င်းအဓိကရုဏ်းတို့ကို အစိုးရအင်အားစုများက ထောက်ပံ့ထားကြောင်း ဖော်ပြထားသည်။ (ရည်ညွှန်း – http://www.channelnewsasia.com/news/asiapacific/myanmar-leader-says/750042.html)

    အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ (၂၀၁၃) တွင်လည်း မြန်မာမွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားတို့၏ အဖိနှိပ်ခံ အခြေအနေမှန်များကို စနစ်တကျမီးမောင်း ထိုးထောက်ပြထားပြီး မြန်မာအစိုးရအား ဖိအားပေးထားသည်။ (ရည်ညွှန်း – http://www.uscirf.gov/images/2013%20USCIRF%20Annual%20Report%20%282%29.pdf)

    ဦးသိန်းစိန်ကမူ ၄င်း၏ဥရောခရီးစဉ်အတွင်း နိုင်ငံတကာအား ပဋိပက္ခထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်းကိုသာ တွင်တွင်ပြောကြားလျက်ရှိသည်။ သို့သော် ဦးသိန်းစိန် အစိုးရက အပြောသာရှိပြီး အလုပ်မဖြစ်ကြောင်း ဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်နေသလို မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်များကိုသာ အပြစ်ပေး အရေးယူနေပြီး အဓိကတရားခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်များကိုမူ ထိရောက်သည့် အရေးယူမှု၊ ဖိအားပေးမှုများ မရှိကြောင်း နိုင်ငံတကာ မီဒီယာများက ဆက်တိုက်ထောက်ပြလျက်ရှိသည်။

    ဦးသိန်းစိန်က ၄င်းတို့အစိုးရအနေဖြင့် စုံစမ်းရေးကော်မတီများဖွဲ့စည်းဆောင်ရွက်နေသည်ဟု ပြင်သစ်တီဗွီအား ပြောကြားခဲ့သေးသည်။ ဦးသိန်းစိန် ၏ နိုင်ငံခြားခရီးစဉ်တိုင်း၌ ထူးခြားမှုများရှိနေပြီး ယခုခရီးစဉ်တွင်လည်း သက်သေမရှိသဖြင့် အရေးယူနိုင်ခြင်းမရှိပါဟု သတင်းထုတ်ပြန် ခဲ့ဖူး သည့် တောင်ကုတ်အကြမ်းဖက် လူသတ်ကောင်များကို ဖမ်းဆီးပြခြင်းမှာလည်း အလွန်တိုက်ဆိုင် ထူးခြားလျက်ရှိကြောင်း သုံးသပ်ရရှိပါသည်။

    ထို့ပြင် ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုနှစ်ကုန်တွင် လွတ်လပ်စေရမည်ဟု ကတိပေးသော်လည်း ပြည်တွင်း၌မူ ဦးဘရန်ရှောင်နှင့် ဒေါ်ဘောက်ဂျာတို့အား အငြင်းပွားဖွယ် ဖမ်းဆီးခဲ့သည်။

  • လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ

    M-Media
    ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃

    IMG_7236ယခုလ ၁၈ ရက်နေ့က ကချင်အမျိုးသမီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ အား မြစ်ကြီးနားရှိ သူမ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရပါသည်။ မည်သို့သော အကြောင်းကြောင့် ဖမ်းဆီးသည်ကိုမူ မသိရှိရသေးပေ။

    ကချင်ငြိမ်းချမ်းရေးကွန်ယက်ကမူ ဒေါ်ဘောက်ဂျာအား မိုးညှင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဆိုပြီး ယင်းသို့ဖမ်းဆီးခြင်းမှာ နိုင်ငံရေးကြောင့်ဖြစ်သည်ဟု သံသယရှိကြောင်း ထိုကွန်ယက်၏ အတွင်းရေးမှူး မခွန်ဂျာက ဆိုသည်။

    မခွန်ဂျာက ယင်းကိစ္စနှင့်စပ်လျဉ်း၍ –

    ” ၂၀၁၀ တုန်းက “သူမ” ကို မဲလိမ်ပြီးအနိုင်ယူခဲ့တယ်။
    ၂၀၁၂ မှာ “သူမ” အနိုင်ရမှာ စိုးတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မလုပ်ခဲ့ဘူး
    ၂၀၁၅ အတွက် ပြင်ဆင်တဲ့ အနေနဲ့ “သူမ” ကို ကုပ်ထားပြန်ပြီ။

    ၂၀၁၀ တုန်းက “သူ့” ကို ရွေးကောက်ပွဲ ၀င်ခွင့် လုံးဝငြင်းပယ်ခဲ့တယ်။
    ၂၀၁၂ မှာ “သူ” အနိုင်ရမှာ စိုးတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မလုပ်ခဲ့ဘူး
    ၂၀၁၅ အတွက် ပြင်ဆင်တဲ့ အနေနဲ့ ……..”

    ဟု ၄င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

    ဒေါ်ဘောက်ဂျာမှာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်ဆိုင်ရာ ဥက္ကဌဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ်ခန့်က အာဏာရ ကြံဖွံ့ပါတီမှ အမတ် ယုဇနဦးဌေးမြင့်အား ဟူးကောင်းတောင်ကြားမြေကိစ္စနှင့် ပတ်သတ်ပြီး တရားဆွဲဆို အနိုင်ရရှိခဲ့ဖူးသည်။

    ဥပဒေအထောက်အကူပြုကွန်ယက်မှ ရှေ့နေဦးအောင်ထူး၏ ဒေါ်ဘောက်ချာဖမ်းဆီးခံရမှု ကန့်ကွက်လွှာအား အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည်။

    540677_10201467331510004_935079820_n

    1012213_10201467331430002_2050032013_n

  • ဘရုစ်လီ၏ ဘဝနှင့် အထိမ်းအမှတ်၊ အမှတ်တရနေ့ ဟောင်ကောင်တွင်ကျင်းပ

    M-Media
    ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃

    ကမ္ဘာက သူ့ကို ဘရုစ်စလီလို့ သိကြပါတယ်။ အေးဆေးတည်ငြိမ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ တရုတ်-အမေရိကန် တိုက်ခိုက်ခန်း သရုပ်ဆောင်ဟာ ၁၉၇ဝ ခုအစောပိုင်း မမျှော်လင့်ပဲ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ သတိပြုမှုကို ထူးကဲစွာရရှိခဲ့ပါတယ်။

    လူရွယ်တစ်ယောက်အနေနဲ့ သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ငါးခုလောက်မှာ ပဲ ကျော်ကြားခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ၃၂ အရွယ် ဟောင်ကောင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့မကွယ်လွန်ခင် အဲ့ဒီထဲက ကားသုံးကားသာ ပြသခဲ့ပါတယ်။

    ဒါပေမယ့် သူ့ရဲ့ပျော်ရွှင်စရာ ဘဝ ဒဿနဲ့ အမှတ်တရဖြစ်မှုတွေကတော့ အသက်အရွယ်၊ လူမျိုး နိုင်ငံဆိုတဲ့ အတားအဆီးတွေကို ကျော်ဖြတ်သွားခဲ့ ပါတယ်။ ကလေး၊ လူကြီး လူငယ် လူရွယ်မရွေး သူ့ရုပ်ရှင်တွေကို သဘောကျကြပါတယ်။

    ဟောင်ကောင်မှာ စနေနေ့ကစလို့ ဘရုစ်လီကွယ်လွန်တဲ့ နှစ် (၄ဝ) ပြည့် အမှတ်တရနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဟောင်ကောင် အမွေအနှစ်ပြတိုက်မှာ ငါးနှစ်ကြာပြသထားမယ့် ပြခန်းကိုဖွင့်လှစ်ပါလိမ့်မယ်။ ဒါဟာ မြို့တော်ရဲ့ အကျော်ကြားဆုံးအနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှုကို ပြသတဲ့ပြခန်းလည်းဖြစ်ပါတယ်။

  • ၁၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ၁၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ဇူလိုင်-၁၉ ၊ ၂၀၁၃
    M-Media

    ရုရှ အတိုက်အခံ ခေါင်းဆောင် ပြန်လွတ်

    ရုရှသမ္မတ ပူတင်၏ သည် ၎င်း၏ အဓိက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောင် ငါးနှစ် ချလိုက်ပြီးနောက် မနေ့ညက ကရင်မလင်နန်းတော် ရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ဝေဖန်မှုများလည်း ပြင်းထန်လာသောကြောင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
    —————————————
    ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြန်ရောက်

    ဝန်ကြီးချုပ် Hun Sen၏ အဓိက အတိုက်အခံ ဖြစ်သူ Sam Rainsy ကို ထောင် ၁၂ နှစ် ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကြေငြာခဲ့ပြီး နောက် ယနေ့ ဖနွမ်ပင်သို့ ပြန်လာခဲ့ရာ ထောက်ခံအားပေးသူများစွာက ကြိုဆိုကြသည်။
    —————————————
    ပါကစ္စတန်၌ ပထမဆုံး လေထီးခုန် စစ်သမီး သင်တန်းဆင်း

    ကပ္ပတိန် ဆာဒီယာ (Sadia) ဟာ ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံး လေထီးခုန် စစ်သမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကပ္ပတိန် ကီရင်းအရှရဖ် (Kiran Ashraf) ကတော့ သင်တန်းအတွင်း အကောင်းဆုံး လေထီးခုန် စစ်သည်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
    http://myanmarmuslimsvoice.com/archives/8139
    ————————————
    ဒက်ထရွိုက်မြို့ ဒေဝါလီခံ

    အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့ ၏ မြို့စည်ပင်သာယာ ကော်မတီမှာ အကြွေး ဒေါ်လာ ၁၈၅၀၀ သန်း တင်ရှိနေသောကြောင့် ဒေဝါလီခံ လိုက်ရခြင်း ဖြစ်သည်။ စက်မှုဖွံ့ဖြိုးမှု ဆုတ်ယုတ်လာခြင်း၊ လူမျိုးရေး တင်းမာမှုများရှိနေခြင်း ၊ နှင့် ခြစားမှုများကြောင်း မြို့ရှိ လူဦးရေမှာလည်း ၁၉၅၀ နှစ်များက ၁.၈သန်း ရှိခဲ့ရာမှ ယခုအခါ ၇သိန်းသာ ရှိတော့သည်ဟုဆိုသည်။
    ———————————
    စပိန်နိုင်ငံတွင် ဆန္ဒပြ

    ဝန်ကြီးချုပ် Mariano Rajoy ၏ အခွန်ရှောင်မှု အရှုပ်တော်ပုံကြောင့် ၎င်းအား ရာထူးမှ နုတ်ထွက်ပေးရန် မဒရစ်မြို့တွင် မနေ့ညကဆန္ဒပြရာတွင် ရဲနှင့် ဆန္ဒပြသူများကြား အကြမ်းဖက်မှုများရှိခဲ့သည်။
    ——————————-
    အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ

    ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်

    အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ


    —————————–
    ကမ္ဘာ့ထိပ်တန်းသို့ အမေရိကန်ကို တရုတ်ကျော်တက်မည်ဟု ယူဆသူများပြား

    တရုတ်နိုင်ငံဟာ တနေ့ကျရင် အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ကမ္ဘာက ပိုမို ယုံကြည်လာနေတဲ့အကြောင်း Pew သုတေသနဌာနက ကောက်ယူတဲ့ စစ်တမ်းသစ်တခုက ဆိုပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေရဲ့ တ၀က်ကျော်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုထားတုန်း ဖြစ်ပါတယ်။