News @ M-Media

Blog

  • ဦးအုန်းမောင် (၁၉၁၃ – ၁၉၄၇)

    ဦးအုန်းမောင် (၁၉၁၃ – ၁၉၄၇)

    ဇူလိုင်-၁၇၊ ၂၀၁၃
    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

    photo

    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    ဦးအုန်းမောင် (၁၉၁၃ – ၁၉၄၇)

    U Ohn Maungဦးအုန်းမောင်ကို မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့မှ  ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် မွေးဖွားခဲ့သည်။ မိသားစုတွင် ဒုတိယသား ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။

    ၁၉၄၇- ခု၊ ဇူလိုင်လ ၁၉-ရက်နေ့ ၀န်ကြီးများ အစည်းအဝေးတွင် ဦးအုန်းမောင်သည် အလှည့်ကျ အစိုးရအတွင်းဝန်အဖြစ် တာဝန်ကျသည်သည်။ ဦးအုန်းမောင် ရောက်လာပြီး သုံးလေးမိနစ်ခန့် အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေး အစီအစဉ်အရ ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီး သော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြ ခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူ ပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ် အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်လည်း ပါဝင်ခဲ့ရသည်။

    ယင်းကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့် အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

    –  ဂျူလိုင် ၁၉ လုပ်ကြံမှုကြီး ကိုယ်တွေ့ ကြုံသူတို့၏ ပြောကြားချက်များ (http://www.goldmyanmar.com)

  • အမေရိကန် အစိုးရ လျိုဝှက်ချက်များ ဖော်ထုတ်ခဲ့သူ စနိုဒင် နိုဘယ်ဆုအတွက် အဆိုတင်သွင်းခံရ

    ဇူလိုင်-၁၇၊ ၂၀၁၃
    M-Media

    မေလအတွင်းက အမေရိကန်၏ ကမ္ဘာ့တစ်ခွင် သူလျှိုလှုပ်ရှားမှုများကို  ဖော်ထုတ်ခဲ့သော အမေရိန်ကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ၏ ထောက်လှမ်းရေးဟောင်း အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) သည်  ၂၀၁၃ ခုနှစ်၏ငြိမ်းချမ်းရေးနိုဗယ်လ်ဆု Nobel Peace Prize အတွက် လျာထားရန် အဆိုတင်သွင်းခံရသည်။

    Snowden

    ဆွီဒင် (Sweden) ရှိ အူမီယာတက္ကသိုလ် (Umea University) မှ လူမှုဗေဒ ပါမောက္ခ စတီဖန် စဗလ်ဖော်စ် (Stefan Svallfors) က နော်ဝေပါလီမန်အဖွဲ့ (Norwegian parliament) သို့ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ လက်ရှိနှင့်ဆက်လက်တိုးချဲ့မည့် ကမ္ဘာ့တစ်ခွင်သူလျှိုလှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့သူ အမေရိကန်သားအား နိုဘယ်လ်ဆုအတွက် ရွေးချယ်ရန် ထောက်ခံတင်သွင်းခဲ့သည်။

    “ နိုင်ငံတော်ဥပဒေများ နှင့် နိုင်ငံတကာသဘောတူညီချက်များကို ချိုးဖောက်ကျူးလွန်မှုအပေါ် စေ့စပ်စွာစောင့်ကြည့်လေ့လာပြီး ဖွင့်ချလိုက်သည့်အတွက်  အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) သည် ကမ္ဘာမြေအား အန္တရာယ်ဆိုးအချို့မှကင်းဝေးစေ၍ ပိုမိုလုံခြုံစေခဲ့သည်။ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုအတွက် လူတိုင်း ရပ်တည်နိုင်ခွင့်ရှိကြောင်း ပြသရာလည်းရောက် သွားပါသည် ” ဟု ပါမောက္ခ မှ ဆိုသည်။

    အသက် ၃၀ အရွယ် စနိုဒင်သည် အမေရိကန်ထောက်လှမ်းရေး လုပ်ငန်းမှ ရုန်းထွက်နိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ကျိုးစွန့်၍ သူရဲကောင်းပီသသောလုပ်ဆောင်ချက်ဟု စဗလ်ဖော်စ် က  ချီးမွှမ်းဖော်ပြခဲ့သည်။

    “ ဒီလို စံနမူနာမျိုးက အလွန်အဖိုးတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၅ ခုနှစ်၊ နူရင်မ်ဘာ့ခ် စီရင်မှု (Nuremberg Trials) မှာ  ‘ အထက်က အမိန့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ပါတယ် ’ လို့ ကျော်ကြားခဲ့တဲ့စကားစုဟာ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုကို ဆန့်ကျင်ပြုလုပ်ဖို့အတွက် အကြောင်းပြချက်တစ်ခု မဟုတ်တော့ပါဘူး ” ဟု စဗလ်ဖော်စ် က ပြောသည်။

    စနိုဒင်သည် အမေရိကန်နိုင်ငံအခြေစိုက် web server များကို အသုံးပြုနေသာ အမေရိကန်များ နှင့် အခြားနိုင်ငံသားများအား ခြေရာခံသည့်  PRISM အမည်ရှိ အဓိက ပရိုဂရမ် အပါအ၀င်  NSA ၏ လျှို့ဝှက် အစီအစဉ်များစွာကို ဖော်ထုတ်ဖွင့်ချခဲ့သည်။

    ဥရောပသမဂ္ဂ (European Union) ရှိ ရုံးများ၊ ဥရောပမှ ပြည်သူများ၊ ကုမ္ပဏီများ၊ လက်တင်အမေရိကတိုက်ရှိ လူတစ်ဦးချင်းစီကို ထောက်လှမ်းနေသော အမေရိကန်၏ သူလျှိုလုပ်ခဲ့မှုဆိုင်ရာ အထောက်အထား စာရွက်စာတန်းများ  ကိုပါ သူက ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    လူမှုဗေဒ ပါမောက္ခ စတီဖန် စဗလ်ဖော်စ်က မိမိသည် နိုဗယ်လ်ဆုချီးမြှင့်ရေးကော်မတီ Nobel Committee ထံသို့ စနိုဒင်အား ရွေးချယ်ရန် ဆက်လက်၍ တွန်းအားပေးသွားမည်ဟု ဆို၏။

    “ ၄င်းဆုကို သူ့အားပေးအပ်ခဲ့ပါက ကမ္ဘာအင်အား အကြီးဆုံးနိုင်ငံက မနှစ်မြို့သော်ငြား ပြည်သူများ၏လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေးဖက်မှ ရပ်တည်ကာကွယ်ပေးလိုသည် ဟု ပြသသကဲ့သို့ဖြစ်ပေလိမ့်မည် ” ဟု စဗလ်ဖော်စ်  မှ ကောက်ချက်ချသုံးသပ်ပြခဲ့သည်။

    Nobel Peace Prize – ငြိမ်းချမ်းရေးနိုဗယ်လ်ဆုသည် ဆွီဒင် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက် နိုဗယ်လ် (Alfred Nobel) ၏ အားထုတ်ကြိုးစားမှုကြောင့် ၁၉၀၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိအောင် လုပ်ဆောင်ခြင်းအတွက်၊ စစ်ရေးတိုက်ခိုက်မှုများ လျော့နည်း/ရပ်စဲသွားအောင် လုပ်ဆောင်ခြင်းအတွက်၊  ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် လက်ကိုင်ပြုတိုးမြှင့်ခြင်းအတွက်  စသည်များ၌ အကောင်းဆုံးနှင့်အထူးခြားဆုံး ဆောင်ရွက်နိုင်ခဲ့သော လူတစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း အသင်းအဖွဲ့အလိုက်သော်လည်းကောင်း ၄င်းဆုကို နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ပေးအပ်လျက်ရှိသည်။

    GMA/SS

  • ၁၆-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ၁၆-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ဇူလိုင်-၁၆၊ ၂၀၁၃
    M-Media

    ပနားမားနိုင်ငံမှ စစ်လက်နက်တင်ဆောင်လာသော မြောက်ကိုရီးယား သင်္ဘောကို ထိန်းသိမ်း

    ကျူးဘားနိုင်ငံမှ ထွက်ခွာလာပြီး ပနားမားတူးမြောင်းသို့ ဖြတ်သန်းရန် ရောက်လာသည့် မြောက်ကိုရီးယား သင်္ဘောကို စစ်ဆေးရာမှ စစ်လက်နက်များတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
    ————————————-
    အမေရိကန်မှ Zimmerman ၏အမှု

    အသားအရောင် ခွဲခြားမှု မဖြစ်စေရန် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရသော အမှုဖြစ်သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၆ က Orlando အနီး ခြစည်းရိုး ကာရံထားသော အိမ်ယာ အဖွဲအစည်းတစ်ခုတွင် အစောင့်အဖြစ် မိမိဆန္ဒဖြင့် တာဝန်ယူထားသော George Zimmerman က ၁၇ နှစ် လူငယ် Trayvon Martin ကို ပစ်ခတ်ခဲ့ခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်မှုသာ ဖြစ်သည်ဟု ဂျူရီ အမျိုးသမီး ခြောက်ဦးက ဆုံးဖြတ်ခဲ့သည်။
    ————————————-
    iPhone 5 ကို ဓာတ်အားသွင်းစဉ် ဓါတ်လိုက်သေဆုံးမှု Apple စစ်ဆေးမည်

    ယခင်အပါတ်က ၂၃နှစ် အရွယ် တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှ လေယာဉ်မယ် Ma Ailun သည် iPhone 5 ကို ဓာတ်အားသွင်းထားစဉ် ဖုန်းလက်ခံ ပြောဆိုသဖြင့် ဓါတ်လိုက် သေဆုံးခဲ့ရာ iPhone 5 ၏ ချွတ်ယွင်းချက် ဟုတ်မဟုတ် Apple ကုမ္ပဏီက စစ်ဆေးမည်ဟုဆိုသည်။
    ————————————–
    နော်ဝေမှ နာဇီလက်သစ်ကို ပြင်သစ်တွင် ဖမ်းဆီး

    အကြမ်းဖက် အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်နေသည်ဟု သံသယ ရှိသောကြောင့် နော်ဝေနိုင်ငံသား နာဇီလက်သစ် Kristian Vikernes ကို ပြင်သစ်နိုင်ငံငံတွင် ဖမ်းဆီးလိုက်သည်။ ၎င်းသည် နော်ဝေ အကြမ်းဖက်သမား Anders Behring Breivik နှင့်လည်း ဆက်နွယ်မှု ရှိသူ ဖြစ်သည်။
    —————
    အီဂျစ်ယာယီခေါင်းဆောင်တွေနဲ့ အမေရိကန် ထိပ်တန်းသံတမန် တွေ့ဆုံ

    အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရနဲ့ ကဏ္ဍစုံကလူတွေ ပါဝင်နိုင်ရေး ဖိအားပေး ပြောဆိုဖို့ အမေရိကန်အရာရှိတွေ ကိုင်ရိုမြို့မှာ ရောက်နေပါတယ်။အခုလ အစောပိုင်းတုန်းက သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ချလိုက်ပြီးတဲ့နောက်ပိုင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတဦးအနေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Bill Burns အီဂျစ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာတာ ဖြစ်ပါတယ်။
    ——————-
    တရုတ်စီးပွားဖွံ့ဖြိုးမှု နှေးကွေး

    နိုင်ငံတော် စာရင်းအင်းဌာနက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ် ပထမသုံးလပတ်မှာ ၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဇွန်လမှာပြီးဆုံးတဲ့ ဒုတိယ သုံးလပတ်မှာတော့ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို ရောက်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။

  • သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၇)]

    သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၇)]

    ဇူလိုင်-၁၆၊၂၀၁၃

    M-Media

    4
    (ရန်ကုန်တရုတ်ကပြားနဲ့ ဟင်္သာတ မူဆလင်များအာဇာနည်နေ့ အခမ်းအနားကိုပါဝင်ချီတက်အလေးပြုပုံ)

    ၁၆-၈-၁၉၄၇ ထုတ် ဖဆပလ သတင်းစဉ်မှ အမြို့မြို့ အနယ်နယ်မှ မြန်မာနိုင်ငံသားများ အာဇာနည်နေ့ အခမ်းအနားကို ပါဝင်ချီတက် အလေးပြုကြပုံ။

    via Maung Khin

  • သန်လျင်မှ အသိမ်းခံရ လယ်မြေများ ပြန်ရရေး ဆန္ဒပြပွဲမှ အသံများ

    ဇူလိုင် ၁၆၊ ၂၀၁၃
    M-Media
    ဆူးထက်

    သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်လည် ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများ

    P7160013
    သန်လျင် ။         ။         သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င်သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများကို စုစည်းတင်ပြလိုက်ပါတယ်။

    “ကျွန်တော်တို့ လယ်ယာမြေတွေက သန်လျင် ရေနံချက် စက်ရုံဘေး သင်ပေါင်းတောနှင့် ပဲခူးမြစ်ဘေးမှာ ရှိတဲ့ လယ်ယာမြေတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေတွေကို သန်လျင်ရေနံချက် စက်ရုံက စွမ်းအင် သင်တန်းကျောင်းဆောက်မည့် အကြောင်းပြပြီး ၁၉၉၂-ခုနှစ်မှာ ရေနံချက် စက်ရုံမှာ လုံခြုံရေး ယူနေတဲ့ ဗိုလ်မှူးတစ်ဦး၏ နှုတ်မိန့်နဲ့ လယ်သမားများကို လူရော၊ တိရစ္ဆာန် မမြင်ချင်ဘူး။ သုံးရက်အတွင်း ပြောင်းပါဆိုလို့ ပြောင်းပေးခဲ့ရပါတယ်။ လယ်သမားတွေဆီက လယ်ဧက (၃၀၀)ကျော်၊ ဓနိခြံ ဧက (၁၀၀)၀န်းကျင်နှင့် ငါးကန်များ သိမ်းဆည်းခဲ့ပါတယ်။ ကွန်တော်ကတော့ လယ်(၁၅)ဧက၊ ဓနိခြံ (၂၆)ဧကနှင့် ငါးကန် (၃)ကန် သိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လယ်သမားများဟာ စိတ်ဆင်းရဲမှုကြီးစွာနဲ့ ဒုက္ခမျိုးစုံ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေများကို တရားဥပဒေမဲ့ မတရား သိမ်းဆည်းထားတဲ့ အတွက် လယ်သမားများ ကိုယ်စား လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အတွက် အခုလို စုပေါင်း ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု လယ်သမား မိသားစုများမှ ဦးမျိုးဦးမှ ဆန္ဒပြပွဲသို့ ရောက်ရှိလာကြသော မီဒီယာများနှင့် ပြည်သူများသို့ သူ၏ ရင်တွင်းခံစားချက်များကို ထည့်သွင်းပြောကြားခဲ့သည်။

    လယ်ယာမြေ သိမ်းဆည်းခံရချိန်မှ ယခုချိန်ထိ ဒုက္ခဆင်းရဲ ခံစား ရပုံများကို ဗိုလ်ချုပ်ရွာမှ လယ်သူမကြီး ဒေါ်လှလှခင်က “ကျွန်မ လယ်လုပ်လာတဲ့ သက်တမ်းက ကြာပါပြီ။ ၁၉၈၉-၉၀ ခုနှစ်လောက်ထဲက စွမ်းအင် သင်တန်းဆောက်မယ် ဆိုပြီး အပြင်ကို ဖယ်ခိုင်းခဲ့ပါတယ်။ ကျွန်မဟာ မိမိပိုင် လယ်ယာမြေကနေ အရွယ်မရောက်သေးတဲ့ နှစ်နှစ်အရွယ် ကလေးကို လက်ဆွဲပြီး မျက်ရည်စက်လက်  ရွာပြင်ရဲ့ လယ်ပြင်ထဲမှာ တဲပုတ်လေးတွေ ထိုးပြီး ကင်းတက်လိုက်၊ မြွေတက်လိုက်နဲ့ ဒုက္ခ ဆင်းရဲကြီး ကင်းစွာနဲ့ နေခဲ့ရပါတယ်။ စိတ်ဆင်းရဲခြင်း များစွာနဲ့ နေခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ သားသမီးတွေလည်း အတိ ဒုက္ခရောက်ခဲ့ရပါတယ်။ ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတဲ့ နှစ်၂၀ကျော် ကာလအတွက် ဒီကနေ့ ဒီအချိန်မှာတော့ ကျွန်မတို့ ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေ၊ ကျွန်မတို့ရောက်ခဲ့ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာတဲ့ အနေနဲ့ လယ်မြေတွေ ပြန်ရဖို့ အတွက် ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ကျွန်မကိုယ်တိုင် လယ်လုပ်လာခဲ့တဲ့ ကျွန်မတို့ရဲ့ နာမည်ပေါက် လယ်ယာမြေတွေပါ။ အဲဒီ မြေတွေ ပြန်မရမချင်း၊ ကျွန်မတို့အတွက် စီစဉ်မှု ဘာမှ မလုပ်ပေးမချင်း ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မနည်းတူ ဒီမှာရောက်ရှိနေတဲ့ သူတွေ အားလုံးဟာလည်း ဘ၀မှာ လက်တွေ့ ခံစားခဲ့ရတဲ့ လယ်သမားတွေပါပဲ။ နိုင်ငံတော် သမ္မတကြီးနဲ့ တကွ လယ်ယာမြေ စုံစမ်း စစ်ဆေးရေး အဖွဲ့ကနေ စုံစမ်း စစ်ဆေးပြီး ကျွန်မတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

    သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး ကော်မတီမှ အတွင်းရေးမှူး ဒေါ်မြမြလှိုင်က “လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု ပြည်သူများ မနစ်နာစေရန် စုံစမ်း စစ်ဆေးရေး ကော်မတီ” အပါအ၀င် ဌာနကြီး(၁၄)ခုကို စာတင်ထားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်တို့မှ လယ်သမားများ ဆန္ဒပြခွင့်ရအောင် လမ်းဖွင့်ခွင့်ပြု ပေးထားလို့ တောင်းဆို ရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးနဲ့ လွှတ်တော်က ခွင့်ပြုပေမယ့် အောက်ခြေမှာ ရှိတဲ့ စစ်တပ်တွေ၊ ဌါနဆိုင်ရာ အကြီးအကဲတွေကတော့ မသိကျိုးကျွန် ပြုနေကြပါတယ်။

    နိုင်ငံတော် အတွက် မရှိမဖြစ် အရေးပါတဲ့ လယ်သမားများကတော့ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ ဆုံးရှုံးပြီး ဆင်းရဲ ဒုက္ခမျိုးစုံ ခံစားနေရပါတယ်။ လယ်သိမ်းစဉ် အချိန်ကလည်း ခလရ၊ ၉၀ မှ လာရောက်ပြီး လူ၊ ကျွဲ၊ နွား ဘာမှ မမြင်ချင်ဘူး ဆိုပြီး ဖယ်ရှားခိုင်းခဲ့တာပါ။ တရားဝင် လျော်ကြေးပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ တရားဝင် စာနဲ့ပေနဲ့ သိမ်းခဲ့တာ မဟုတ်ပါ။ ပါးစပ်မိန့်နဲ့ စွမ်းအင် သင်တန်းကျောင်းဆောက်မယ် ဆိုပြီး သိမ်းခဲ့တာပါ။ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရန် အတွက် စွမ်းအင် သင်တန်းကျောင်း ဆောက်ခဲ့ရင် ကျွန်မတို့ လယ်သမားများ သဘောတူ ကြည်ဖြူကြမှာပါ။

    အခုတော့ သင်တန်းကျောင်း မဆောက်တဲ့အပြင် ရေနံချက် စက်ရုံမှ အလုပ်သမားများကို တစ်ဧက(၁၀)တင်းနှုန်းနဲ့ ယနေ့ထိ သီးစားချစားခဲ့ကြတာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတို့ ဆီက သိမ်းဆည်းထားတဲ့ လယ်တွေကိုဘဲ ပြန်လိုချင်ပါတယ်။ သင်ပေါင်းတောရှိ ဓနိခြံ၊ ငါးကန်နဲ့ လယ်မြေတွေမှာ အိမ်ယာတွေ တည်ထားတာ ပုဂ္ဂလိက လုပ်ငန်းရှင်များလက်ထဲ ရောက်ရှိနေပါတယ်။လယ်သမားတွေက တရားဝင်စာနဲ့တင်ပြ၊ လူကိုယ်တိုင် ဆန္ဒဖော်ထုတ်ပေမယ့် အရေးယူ ပေးတာ မရှိတဲ့အပြင် လျစ်လျူရှူခဲ့ကြပါတယ်။

    ယခု သမ္မတနဲ့ လွှတ်တော်က စစ်တပ်သိမ်း လယ်မြေတွေကို ပြန်ပေးဖို့ ပြုလုပ်နေပြီလို့ သိရပါတယ်။ ကျွန်မတို့ လယ်မြေတွေကတော့ တပ်က သိမ်းပေးပြီး ရေနံက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    ဒါကို မကျေနပ်လို့ အခုလို လမ်းမပေါ်ထွက်ပြီး အများပြည်သူ သိရှိအောင် ဒုတိယအကြိမ် ဆန္ဒ ဖော်ထုတ်ကြခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ပြောသည်။

    သန်လျင် ဗိုလ်ချုပ်ရွာမှ လယ်သမားကြီး  ဦးတင်ဝင်းက ” ပထမအကြိမ် ဆန္ဒထုတ်ဖော်တုန်းက အကျိုး အကြောင်း ဘာမှအဖြူ အမဲမသိရလို့ အခုဒုတိယအကြိမ် ထပ်ပြီ ဆန္ဒ ထုတ်ဖော်တာပါ။ အစိုးရဘက်က ဘာမှ မလုပ်ပေးသေးဘူးဆိုရင်လည်း ကျွန်တော်တို့ကတော့ ဆက်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေမှာပါ။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို နိုင်ငံတော်ကပဲ ဖြေရှင်းပေးမှ ရမှာဖြစ်တဲ့ အတွက် နိုင်ငံတော်ကိုပဲ အားကိုးပြီးတောင်းဆို မေတ္တာရပ်ခံနေတာပါ။ နိုင်ငံတော်မှာ ရှိတဲ့ အဖွဲ့အစည်းတွေက လယ်သမားကြီးတွေကို သက်ညှာတဲ့ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက်ပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဆည်းခံထားရတဲ့လယ်သမား မိသားစုတွေဟာ အတော်လေး အတိဒုက္ခ ရောက်ခဲ့ရတာပါ။ သိမ်းဆည်းသွားတဲ့အချိန်ကစပြီး အခုချိန်အထိ  ဘာပံ့ပိုးမှုမှမရှိပါဘူး။

    ကျွန်တော်က လယ်ဧက ၁၀ ဧက အသိမ်းခံခဲ့ရပါတယ်။ လယ်မြေသိမ်းတုန်က သင်တန်းကျောင်းဆောက်မယ် ပြောပြီး အခုချိန်ထိ ဘာသင်တန်းကျောင်းမှ မဆောက်ပါဘူး။ အဲဒီသိမ်းထားတဲ့မြေတွေ ထဲကို ၀င်လို့လည်းမရဘူး။ ဘာမှလည်း လုပ်ကိုင်လို့ မရဘူး။ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် ဒီလယ်ယာမြေတွေ မှာ စပါး စိုက်ပျိုးပြီးအေးချမ်းစွာ လုပ်ကိုင် စားသောက်လာခဲ့တာပါ။ လယ်မြေတွေ မရှိတော့တဲ့ အတွက် လယ်သမားမိသားစုတွေ အများကြီးဒုက္ခရောက်နေရပါတယ်။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ၉ ဦးရှိပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မိသားစု စားဝတ်နေရေး အတွက် လယ်သမားက လယ်ယာမြေပဲ လုပ်ကိုင်တတ်သူတစ်ဦးဖြစ်ပေမယ့် လယ်ယာမြေတွေ မရှိတော့တဲ့နောက် အပြင်မှာ ရရာ ကျပန်း အလုပ်ကို လုပ်ကိုင် ရှာဖွေ ကျွေးမွေး လာခဲ့ရတာ ခုဆို နှစ်ပေါင်း ၂၃နှစ်ကျော်လာပါပြီ။  အဲလို လုပ်ကိုင် စားသောက်လာခဲ့ရတဲ့ အတွက် ကလေးတွေရဲ့ ပညာရေးရော၊ စီးပွားရေးရော အကုန်လုံး ကျပ်တည်း ဒုက္ခရောက် နေပါတယ်” ဟု M-Media သို့ပြောသည်။

    ယခု လက်ရှိ သိမ်းဆည်းထားသော လယ်ယာမြေ နယ်မြေများအား ပုဒ်မ (၁၄၄) ကန့်သတ်တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန် => Click Here