News @ M-Media
Blog
  • “၁၂၆ လမ်း” လမ်းပေါ်နှင့် နောက်ဖေးလမ်းကြား အထူးသန့်ရှင်းရေး လမ်းသာယာရေးအဖွဲ့ ဆောင်ရွက်
    ဇွန်လ ၁၄၊ ၂၀၁၃
    M-Media
    သတင်းဓာတ်ပုံ-ဆူးထက်
    126th st
    ရန်ကုန် ။           ။           မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်စေပြီး လူထုကျန်းမာရေးအတွက် ရည်ရွယ်၍ လမ်းပေါ်နှင့် နောက်ဖေးလမ်းကြား သန့်ရှင်းရေး စီမံကိန်းကို စတင် အကောင်ထည်ဖော် လုပ်ဆောင်နေကြကြောင်းသိရသည်။
    ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းရှိ မြို့နယ်များ၏ ရပ်ကွက်များတွင် လမ်းမပေါ်နှင့် နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုကြောင့် မြို့ပြအင်္ဂါရပ် ချို့ယွင်းရသလို ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိလာနိုင်တာကြောင့် လမ်းမပေါ်နှင့် နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့ အမှိုက်မပစ်ရ အထူးသန့်ရှင်းရေး စီမံကိန်းကို ၁၂၆လမ်း၊ လမ်းသာယာရေး အဖွဲ့မှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
  • သံတွဲတွင် အကြမ်းဖက် မီးရှို့ခဲ့သူများ ရုံးထုတ်အမိန့်ချမည့် အပေါ် လူစုလူဝေးဖြင့် စုရုံးနေကြ
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    သံတွဲမြို့ အံတော်တွင် အကြမ်းဖက် မီးရှို့ခဲ့သူများကို ယနေ့ တရားရုံးထုတ်ပြီး အမိန့်ချမည့်အပေါ် လူစုလူဝေးဖြင့် စုရုံးနေကြ
    TanDwe
    သံတွဲ ။           ။            ရခိုင်ပြည်နယ်၊ သံတွဲမြို့ အံတော်မြို့သစ်တွင် လွန်ခဲ့သောရက်ပိုင်းများက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မီးရှို့မှုတွင် စတင်လုပ်ဆောင်ခဲ့သူများအား တရားစွဲဆိုထားသူများထဲ ၄-ဦးအား ယနေ့ တရားရုံးထုတ်မည်ဖြစ်သဖြင့် တရားရုံးရှေ့တွင် လူအစုအဝေးဖြင့် စုရုံးနေကြသဖြင့် သံတွဲမြို့ခံများ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။
    အံတော်တွင် အကြမ်းဖက်မီးရှို့မှုများပြုလုပ်ခဲ့သူများအနက် ၄-ဦးအား တရားရုံးထုတ်ပြီး အမိန့်ချမည်ဆိုသည့်အတွက် တောင်ကုတ်နှင့် ဂျိတ်တောမှ ကား ၄-စီးခန့်စီခန့် ရောက်လာပြီး တရားရုံးရှေ့တွင် စုရုံးနေကြပြီး လူဦးရေ ၁၀၀-၀န်းကျင်ခန့်အထိ ရှိနေကြောင်းသိရသည်။ ပုဒ်မ ၁၄၄ ထုတ်ထားပြီး လူ ၅-ဦးထက် ပို၍ မစုရဟု အမိန့်ထုတ်ထားသော်လည်း ဤကဲ့သို့ လူဦးရေ ၁၀၀ ခန့်ရှိနေပြီး တရုန်းရုန်းဖြစ်နေသည့်အချိန်ထိ လူစုခွဲမှု မရှိသေး၍ မြို့နေလူထုမှ စိုးရိမ်နေကြကြောင်းလည်း သိရသည်။
    လက်တလော အခြေအနေများနှင့်ပတ်သက်၍ “အံတော်မှာဖြစ်တဲ့ မီးရှို့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာထဲက ၄-ယောက်ကို အမိန့်ချမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် တောင်ကုတ်က ကား ၄-စီး၊ ဂျိတ်တောက ကား ၄-စီး ရောက်လာပြီး တရားရုံးရှေ့မှာ စုရုံးစုရုံးနဲ့နဲ့ ဖြစ်နေတာ။ ပုဒ်မ ၁၄၄-ထုတ်ထားပြီး ၅-ယောက်ထက် ပိုမစုရဘူးပြောထားပေမယ့် ဒီလောက် တရုန်းရုန်းဖြစ်နေတာကို အခုထိ ဘာမှ မလုပ်ဘူး။
    အခုက အကြမ်းဖက်တဲ့သူတွေကို အမိန့်ချမှာ။ မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ၂-ယောက်ကလည်း ဆရာဝန်က တရားဝင်ဆေးစာထုတ်ပေးထားတယ် မုဒိမ်းမှု မမြောက်ဘူးဆိုတာကို။ ဒါကြောင့် အဲ့ဒီ ၂-ယောက်ကိုတော့ ရမံပဲ ယူနေရတာ။ အမိန့်မချသေးဘူး။ အဲလိုမျိုး တဘက်ကို ရမံပဲယူနေရတယ်။ တဘက်ကို အမိန့်ချမယ်ဆိုတဲ့အခါ အဲဒီအပေါ် လူစုနေကြတာ။ အဲဒါအတွက် မြို့ခံတွေက စိုးရိမ်နေတယ်။
    အခု အမိန့်ချမှာက ၄-ယောက်ပါ။ နာမည်တွေကိုလည်း ကျွန်တော် သေချာပြန်ပြောပြပါ့မယ်။”လို့ သံတွဲမြို့ခံက M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။
  • ကမ္ဘာကို ကိုင်လှုပ်ခဲ့သော ရမဿွာန်လအတွင်းမှ သမိုင်းဝင်ဖြစ်အင် ၅ ရပ်
    ဇူလိုင်-၁၄၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- သြရသရေချမ်း
    ရမဿွာန် ဟူသည် ဥပုသ်သီတင်းဆောက်တည်ရသော လမြတ် ဖြစ်ကြောင်း၊ နေ့ပိုင်းတွင် အစာရေစာနှင့်ကာမမှုကို ရှောင်ကြဉ်၍ မိမိကိုယ်ကိုဆင်ခြင် သုံးသပ်နေရမည့်လဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိကြ၏။ သို့တစေ ရမဿွာန်လသည် ယနေ့ကျွန်ုပ်တို့နေထိုင်နေသည့်ကမ္ဘာကြီးအား ထူးခြားအံ့ချီးဖွယ် သမိုင်းဖြစ်အင်များ ခြယ်သခဲ့သည်ကိုမူ ကျွန်ုပ်တို့ သိချင်မှသိပါလိမ့်မည်။ ရမဿွာန် လမြတ်အတွင်း ဖြစ်ပွားခဲ့သော ထိပ်တန်းဖြစ်အင် ၅ ရပ်အား လေ့လာကြည့်ပါစို့။
    OLYMPUS DIGITAL CAMERA
    ၁။ ဗဒရ် စစ်ပွဲ
    မှတ်သားလောက်စရာ အပြောင်းကြီးပြောင်းလဲစေခဲ့သော ဖြစ်အင်တို့၏ လက်ဦးပထမမှာ ဗဒရ် စစ်ပွဲ ဖြစ်၏။ ၄င်းသည် လူ့သမိုင်း၌ ယနေ့တိုင်အောင် အရေးပါနေဆဲဖြစ်သည့် ဒုစရိုက်နှင့် သုစရိုက်အကြားက တိုက်ပွဲ တစ်ခုဟူသည်ကို သံသယမ၀င်လေနှင့်။ ၄င်းစစ်ပွဲ၏အင်အားစုတစ်ရပ်မှာ အန္တိမ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုနှင့်မင်္ဂလာအပေါင်း သက်ရောက်စေသား) နှင့် နောက်လိုက် ၃၀၀ ကျော်လေးမျှသာ ရှိခဲ့သည်။ ဆန့်ကျင်ဖက်အုပ်စုမှာကား လူဦးရေ၊ လက်နက်၊ ဓနအင်အား အဆမတန်သာလွန်နေသည့် ရုပ်ဝါဒီ ကုရိုင်းရှ် မျိုးနွယ်ဝင်များ ဖြစ်ကြ၏။
    ထိုစစ်ပွဲ၏သမိုင်းဝင်အကျိုးဆက်သည် ကမ္ဘာ့တစ်ဝှန်း မွတ်စ်လင်မ်တို့နှင့်အတူ ယနေ့တိုင် တွဲဖက်ရှင်သန်လျက်ရှိပေသည်။ ဤနေရာ၌ သမိုင်းဝင် အကျိုးဆက်ဟုဆိုခြင်းမှာ ပမာဏများပြားခြင်းကို မဆိုလို။ ဤစစ်ပွဲအတွင်းရှိ ခမ်းနားထယ်ဝါလှသော လုပ်ဆောင်ချက်အကြောင်းတရားမှာ မည်မျှအရေးပါကြောင်း သိအပ်သည်။ စစ်ပွဲ မစတင်မှီ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှုနှင့်မင်္ဂလာအပေါင်း သက်ရောက်စေသား) သည် မိမိ၏လက်အစုံကို ကောင်းကင်ဖက်သို့ ပင့်မြှောက်လျက် “ ဤလက်တစ်ဆုပ်စာမျှသောအုပ်စုလေးသာ ယနေ့တွင် မျိုးသုဉ်းပျောက်ကွယ်သွားပါက ဤကမ္ဘာမြေပေါ်ဝယ် အသျှင်မြတ်အား ကိုးကွယ်ဆည်းကပ်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ကျန်ရစ်တော့မည် မဟုတ်တော့ပါ ” ဟုဆိုကာ လေးလေးနက်နက် ဆုပန်တော်မူခဲ့၏။ ၄င်းသူ (မွတ်စ်လင်မ်)တို့မှာ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ခဲ့ကြ။ သို့သာမက “ အလ္လာဟ်အသျှင်မြတ်မှအပ ခ၀ပ်ကိုးကွယ်အပ်ရာ ဟူသည် အလျဉ်းမရှိ၊ မုဟမ္မဒ်သည် ထိုအသျှင်စေလွှတ်တော်မူသော (ကျမ်းရ)တမန်တော် ဧကန်ဖြစ်၏ ” ဟု ထွက်ဆိုနေသူများ ယနေ့တိုင်အောင် တိုးပွားလျက် ရှိနေလေသည်။ ဤသည်မှာ ထာဝရကျေးဇူးတော်တစ်ရပ်တည်း။
    ၂။ မက္ကဟ်မြို့တော်ကို အောင်နိုင်ခြင်း
    မက္ကဟ်မြို့တော်ကိုအောင်နိုင်ခြင်းသည် အစ္စလာမ့်ရာဇ၀င်၌ အောက်ခြေမှတ်စုဖော်ပြချက်ဆိုသည်ထက် အဆပေါင်းများစွာ ကျယ်ဝန်းနက်ရှိုင်းပါ၏။ ဟူသမျှသောအံ့ဖွယ်ဖြစ်ရပ်များအနက် ၀မ်းမြောက်ဖွယ်အကောင်းဆုံး အဆုံးသတ်မှုတစ်ရပ် ဖြစ်ခဲ့ပေသည်။ ထိုဖြစ်စဉ်ကို ရှုပါလေ။ လက်တစ်ဆုပ်စာမျှသော အမျိုးသား၊ အမျိုးသမီးတို့မှာ မိမိတို့၏ယုံကြည်ချက်အယူဝါဒကြောင့် မိမိတို့၏မွေးရပ်ဌာနီမှာပင် အပြင်းထန်ဆုံး ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်။ သူတို့သည် ခိုကိုးရာမဲ့ဘ၀ဖြင့် အဘယ်ကဲ့သို့ အလွတ်ရုန်းထွက်ခဲ့ကြကုန်သနည်း၊ သို့သာမက ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် အဘယ်ကဲ့သို့ အောင်နိုင်သူများအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ကြသနည်း ?
    မက္ကဟ်မြို့တော်အားအောင်နိုင်မှုသည် ကမ္ဘာ့သမိုင်း၏အလှည့်အပြောင်းတစ်ခု ဖြစ်သွားခဲ့၏။ အစ္စလာမ်သည် မိမိ၏ ဘူမိနက်သန်ဌာနီသို့ ပြန်လည်ရောက်ရှိလာ၏။ ကအ်ဗဟ် ဗိမာန်တော်သည် (ရှေးတစ်ချိန်ကအတိုင်း) အလ္လာဟ်အသျှင်မြတ်တစ်ပါးတည်းကိုသာလျှင် ဆည်းကပ်ဝတ်ပြုသောနေရာအဖြစ် အကြွင်းမဲ့ ပြန်လည်ဖြစ်တည်လာခဲ့၏။ မက္ကဟ်မြို့တော်အား အောင်နိုင်ခြင်းက ကျန်ရှိသော အာရေဗျနယ်ပယ်တို့ကို အောင်မြင်ရာ ရောက်သွား၏။ မက္ကဟ်သို့ချီတက်ထွက်ခွာမည့်သတင်း ရရှိသည့် အခိုက်အတန့်အတွင်း ကျွန်းဆွယ်ထဲရှိ မျိုးနွယ်စုဝင် အားလုံးနီးပါးမှ မဒီနဟ်မြို့သို့ ကိုယ်စားလှယ်အသီးသီးစေလွှတ်ကာ သစ္စာခံမဟာမိတ်ဖွဲ့ခဲ့ကြကုန်သည်။
    ယနေ့သော်ကား ဤရွှေမြို့တော်အရပ်ဖက် မျက်နှာမူ၍ ၁.၆ ဘီလီယံအထက်ရှိ မွတ်စ်လင်မ်တို့သည် နေ့စဉ်နေ့တိုင်း ငါးကြိမ် ၀တ်ပြုလျက် ရှိနေပေပြီ။ တစ်သက်လျှင် အနည်းဆုံးတစ်ကြိမ် ဤမြို့တော်သို့ ဟဂ်ျခရီးနှင်နေလေပြီ။ ကျွန်ုပ်တို့၏ကွယ်လွန်သူများကို ၄င်းအရပ်ဖက်သို့ မျက်နှာမူစေပြီး မြှုပ်နှံသင်္ဂြိုလ်နေကြလေပြီ။ ဤမြို့ကို အောင်နိုင်ခဲ့သည်မှာ ရမဿွာန်လမြတ်၏ မင်္ဂလာနေ့ရက်တစ်ရက်ဖြစ်ခြင်းကြောင့်တည်း။
    ၃။ ဂိုလိယက် မှ နောက်ဆုံးခံစစ်
    မိမိတို့ရည်ရွယ်လမ်းကြောင်းအတွင်းရှိ မည်သည့်အရာကိုမဆို ဖြိုလှဲသွားနိုင်ခဲ့ကြသော ရိုင်းစိုင်းကြမ်းတမ်းလှသည့် လက်တစ်ဆုပ်စာ လူမျိုးတစ်စုအကြောင်း ကြားသိဖူးသူ အလွန်းနည်းပါးကြပါလိမ့်မည်။ ၄င်းတို့သည် မွန်ဂိုလိယမှ မွန်ဂိုတာတာများ ဖြစ်၏။ ၄င်းတို့ကို မွတ်စ်လင်မ်များက မည်မျှအထိ ကြောက်ရွံ့ခဲ့ကြကြောင်း  အဆိုတစ်ရပ်ကို ဖော်ပြပါမည်။ မွန်ဂိုတာတာစစ်သည်တစ်ဦးသည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးကို သတ်ဖြတ်ရန် လက်နက်တစ်စုံတစ်ရာ မရှိဖြစ်နေသည်။ ထို့ကြောင့် ဓားတစ်ချောင်းသွားရှာ၍ပြန်ရောက်လာသည်အထိ ဒူးထောက် စောင့်ဆိုင်းနေရန် ထိုသူအား အမိန့်ပေး၏။ ထိုမွတ်စ်လင်မ်အမျိုးသားမှာလည်း စွန့်စားရင်ဆိုင်မည့်အစား ထိုအတိုင်းသာ စိတ်ရှည်သည်းခံစွာ (လာရောက်သတ်ဖြတ်လိုက်ချိန်အထိ) စောင့်ဆိုင်းနေခဲ့ပေသည်။ ၄င်းသည် သေခြင်းတရားထက် ဆိုးဝါးသည့် ကံကြမ္မာဟု ဆိုရမည်ဖြစ်ခြင်း !
    ကြောက်မက်ဖွယ် ဤရန်သူသစ်နှင့်ရင်ဆိုင်ရာဝယ် အစ္စလာမ့်ကမ္ဘာတစ်ခုလုံးနီးပါး ပြိုလဲသွားခဲ့သည်။ နောက်ဆုံးသော ဒေသတစ်ခုသာ ကျန်ရစ်နေသည်။ အီဂျစ်ရှိ မမ်းလူးက် စုလ်တာန် ကုသုဇ် က အလှည့်ကျသေဆုံးရမည့်အဖြစ်ကို ထိုင်စောင့်မနေရန် ဆုံးဖြတ်လိုက်သည်။ သူသည် မိမိ၏စစ်သည်များကို စုဆောင်း၍ နောက်ဆုံးခံစစ်ကြောင်း တစ်ခု ဖွဲ့ခဲ့သည်။ ဂိုလိယက် (Ain Jalut) ရှိ စမ်းချောင်းဒေသ၌ ဖြစ်သည်။ ၄င်းသည်ကား ရှုံးပွဲမရှိ မွန်ဂိုများနှင့် ရင်ဆိုင်တော့မည့် အစ္စလာမ့်ကမ္ဘာမှ နောက်ဆုံးလက်ကျန် စစ်တပ်လေး တစ်ခုသာတည်း။ ထိုအခြေအနေမှာ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ နှင့် နံရိုးပြိုင်းပြိုင်းစိန်ခေါ်သူတို့၏ လက်ဝှေ့ပွဲတစ်ခုနှယ် ဖြစ်နေပေ၏။ သန်းနှင့်ချီသော အသက်များကို ရင်းနှီးထားခြင်းသာ ကွာခြား၏။ သို့နှင့် မွတ်စ်လင်မ်နှင့်မွန်ဂိုတို့အကြား တိုက်ပွဲအဖြေမှာ သူတစ်ပြန် ကိုယ်တစ်လှည့် ဖြစ်နေခဲ့၏။ နောက်ဆုံးအချိန်ထိတိုင်အောင် ကုသုဇ်သည် မိမိကိုယ်တိုင် ရန်သူ့စစ်ကြောင်းတွင်းသို့ ဦးဆောင်ဖောက်ထွင်းဝင်ရောက်တိုက်ခိုက်ခဲ့ပေသည်။ အဆုံးသတ်သော် မွန်ဂိုများအဖို့ ပထမဆုံးနှင့်အကြီးမားဆုံး ရှုံးနိမ့်ရသည့် စစ်ပွဲတစ်ခုအဖြစ် သမိုင်းတွင်ရစ်သွားပါတော့သည်။ ထိုဒေသတွင်း၌ အစ္စလာမ်မှာ ဘေးကင်းလုံခြုံခဲ့ရသည်။ ၄င်းမှာ ရမဿွာန်လအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    ၄။ ဟက်တင် စလာဟုဒ္ဒီန်း အိုင်ယူဘီ၏ ထိုးစစ်များ
    ဟက်တင် စလာဟုဒ္ဒီးန် အိုင်ယူဘီသည် အစ္စလာမ့်ရာဇ၀င်တွင် သြချရလောက်သည့် သူရဲကောင်းများအနက် တစ်ဦး အပါအ၀င်ဖြစ်၏။ သူသည် ခရူးဆိတ်စစ်ဆင်သူများအပေါ် အောင်နိုင်ခဲ့သူ၊ ရာစုနှစ်တစ်ခုနီးပါး ချိုးနှိမ်စော်ကားခံရသော မွတ်စ်လင်မ်နှင့် အစ္စလာမ်တို့အတွက် ဂျေရုဆလင်အား ပြန်လည် ရယူပေးခဲ့သူအဖြစ် ကျော်ကြားသည်။ သူ၏ အလယ်ခေတ်သူရဲကောင်းပီသမှုနှင့် ရိုးသားဖြောင့်မတ်မှုကိုယ်ရည်ကိုယ်သွေးတို့မှာ သူ၏ရန်သူများကပင် အသိအမှတ်ပြုခဲ့ကြ ရသည်ကိုလည်း ကျွန်ုပ်တို့ သိရှိကြပေ၏။
    သို့သော် ထိုဖြစ်အင်၏ ဟာကွက်မရှိ ချိန်သားကိုက် ဆောင်ရွက်ခဲ့သော ကာလကိုမူ ကျွန်ုပ်တို့ သိခဲ့ကြမည် မဟုတ်။ စလာဟုဒ္ဒီးန်သည် ခရူးဆိတ်စစ်ဆင်သူများ၏ ပိုင်နက်နယ်ပယ်များအား နှစ်အတန်ကြာအောင် ဖြည်းဖြည်းချင်း လှည့်လည်ကြည့်ရှုနေခဲ့သည်။ အင်အားတောင့်တင်းအောင် တည်ဆောက်နေခဲ့သည်။ မိမိ၏အင်အားစုအတွင်းရှိ အားနည်းပျော့ညံ့ချက်များကို ရှင်းလင်းပယ်ဖျက်ခဲ့သည်။ ခရူးဆိတ်စစ်ဘုရင်ကြီးနှင့် ဧရာမစစ်ပွဲဆင်နွှဲနိုင်ရေးအတွက် အဓိကအရာများ၌ လုံးပန်းနေခဲ့သည်။ အချိန်တန်လေလျှင် ခရစ်သက္ကရာဇ် ၁၁၈၇ ခုနှစ်၊ ရမဿွာန်လ အတွင်း ထိုးစစ်ဆင်ခဲ့သည်။ စစ်တိုက်ခြင်းထက် ရန်သူများ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအပေါ် စလာဟုဒ္ဒီးန်၏ ဗျူဟာကျကျ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်မှုကြောင့် အဆုံးသတ်သော် မွတ်စ်လင်မ်တို့ အောင်ပွဲခံခဲ့ပေသည်။ ခရူးဆိတ်ခေါင်းဆောင်များ အကျဉ်းသားဘ၀သို့ရောက်ခဲ့သည်။ ဂျေရုဆလင်မှာ လမ်းကြောင်းရှင်းသွားခဲ့သည်။ လက်လွှတ်ဆုံးရှုံးခဲ့ရသော အစ္စရာ့အ် နှင့် မိအ်ရာဂ်ျ အထိမ်းအမှတ်ကိုလည်း ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပေသည်။
    { တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုနှင့်မင်္ဂလာအပေါင်း သက်ရောက်စေသား) သည် မက္ကဟ်ဝတ်ကျောင်းတော်မှ ဂျေရုဆလင်ဝတ်ကျောင်းတော်၊ ထိုမှတဆင့် ကောင်းကင်ခရီးသို့ ကြွမြန်းခဲ့ခြင်းကို အစ္စရာ့အ်နှင့်မိအ်ရာ့ဂ်ျ ဟု ခေါ်၏ } ။ ဤသည်မှာ ကာလတစ်ခုအတွင်း ချိန်သားကိုက်ဆောင်ရွက်ခြင်းဖြစ်အင် မဟုတ်ပေသလော။
    ၅။ ဂူဒါလက် စစ်ပွဲ
    ဟိဂ်ျရီ ၉၂ ခုနှစ် (ခရစ် ၇၁၁ ခုနှစ်)၊ ရမဿွာန်လတွင် အာဖရိကရှိ အုမိုင်ယဒ်မြို့စား၏ကျွန်စေတစ်ဦး နှင့် သူ၏ ဘာဘေးရီးယန်းတပ်ဖွဲ့ဝင်များသည် စပိန်၏ ဗီစီဂေါ့သ် (Visigoth) ဘုရင်အား ယှဉ်ပြိုင်ရင်ဆိုင်ခဲ့ကြသည်။ ၄င်း သွာရီးက် ဗင်န် ဇိယာ့ဒ်သည် ကျွန်အဖြစ်မွေးဖွား၍ ချို့တဲ့စွာသေဆုံးသော်ငြား ကမ္ဘာ့ရာဇ၀င်၌ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ကြီးအဆင့်အထိ စီမံကွပ်ကဲနိုင်ခဲ့သူဖြစ်၏။
    စပိန်ပြည်ကမ်းစပ်ရှိကျောက်တုံးကြီး(အငူ)သို့ခြေချမိသည်နှင့် သွာရီးက်သည် မိမိနှင့်အတူ သွေးသောက်ရဲဘော်များ စီးနင်းလာသည့် လှေငယ်များအားလုံးကို မီးရှို့ဖျက်ဆီးလိုက်သည်။ (ယနေ့သော် ယင်းအငူအား သူ၏အမည်ကို အစွဲပြု၍ ခေါ်ဆိုထားသည်)။ ထိုလုပ်ရပ်မှာ အဆုံးစွန်သောတွန်းအားဖြစ်ခဲ့သည်။ ရန်သူ့အင်အားသည် ၄င်းတို့ထက် သုံးဆကျော် များပြားသာလွန်နေသော်ငြား ဂူဒါလက်စစ်ပွဲတွင် ဗီစီဂေါ့သ်ဘုရင် ရိုဒဲရစ် (Roderic) ကို အနိုင်ရအောင် တိုက်နိုင်ခဲ့ကြ၏။ ရှေ့ဆက်ပြီး စပိန်ပြည်တစ်ခုလုံး နှင့် ပြင်သစ်နယ်အားလုံးနီးပါးကို အောင်မြင်ခဲ့လေသည်။
    ထိုအချိန်မှစ၍ အင်ဒလူစီယာ၌ မွတ်စ်လင်မ်တို့ နှစ်ပေါင်း ၈၀၀ တိုင် အုပ်ချုပ်ခဲ့ရာ အုမိုင်ယဒ်ယဉ်ကျေးမှု သြဇာကြီးစွာ ထွန်းကားလာခဲ့သည်။ ထိုယဉ်ကျေးမှုသည် ဥရောပ၏ပညာတန်ဆောင်ခေတ်အတွက် အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်သည့်ပြင်၊ ကာလရှည်ကြီးတစ်ရပ်အထိ မွတ်စ်လင်မ်၊ ခရစ်ယာန်နှင့် ဂျူးတို့ အတူတစ်ကွ တစ်သားတည်း နေထိုင်သွားနိုင်ခြင်းကို ဖော်ဆောင်နိုင်ခဲ့သည်။
    သမိုင်းထဲက သင်ခန်းစာ
    ရမ်ဿွာန်လမြတ်ကို နာမ်ပိုင်းဆိုင်ရာ ပြုပြင်သန့်စင်သော လတစ်လအဖြစ်သာ ရှုမြင်လိုက်ခြင်းသည် ကျွန်ုပ်တို့၏ ရာဇ၀င်တစ်လျှောက် ရမဿွာန်လ၏အနှစ်သာရတစ်ရပ်ဖြစ်သည့် စွန့်လွှတ်အနစ်နာခံခြင်း၊ ရုန်းကန်အားထုတ်ခြင်း စသည့် အစစ်အမှန်စံနမူတို့အား အမြင်လျှမ်းသွားစေသည်။ ဤရမဿွာန်လမြတ်အတွင်း၌ အသင့် အသိုင်းအ၀ိုင်း နှင့် ကမ္ဘာ တစ်ခွင်ရှိ မွတ်စ်လင်မ်များအတွက် ထူးခြားစေသော အစီအမံတစ်ရပ် ရှိနေပါသည်။
    မူရင်း ရေးသားတင်ပြသူ မုဟမ္မဒ် ၀ါဂျိဒ် အခ်သာရ် အကြောင်း
    Ref: Muslim Matters
  • (၇ ဇူလိုင်/ ၁၉ ဇူလိုင် ) အာဇာနည်မျိုး သေရိုးမရှိ
    ဇူလိုင်-၁၅၊၂၀၁၃
    M-Media
    စည်သူမောင်
    july19
    ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ ၆၆နှစ်ပြည့်ခဲ့လေပြီ။ ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ၊ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် သမိုင်းတလျှောက်မှာ တိုင်းပြည်အတွက် မိမိအသက်ကိုစတေး၍ ပေးဆပ်ခဲ့ကြသောအာဇာနည်ခေါင်းဆောင် အများအပြား ပေါ်ထွန်းခဲ့ ဘူးလေသည်။ အထူးသဖြင့်ယခုလကဲ့သို့ဇူလိုင်လသည် မိုးစက်များနှင့်အတူ သွေးစွန်းခဲ့ရသည့် သမိုင်း ကို ၀မ်းနည်းစွာဦးညွတ် ရမည့်အချိန်ကာလတစ်ခုဖြစ်ခဲ့လေသည်။
    ၇ ဇူလိုင် / ၁၉ ဇူလိုင် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ ဇူလိုင်သမိုင်းသည်ကျောင်းသား အာဇာနည် အမျိုးသားအာဇာနည်တို့ သွေးဖြင့်ရေးခဲ့သောလ ၊
    အဓိပတိလမ်းတွေသွေးစွန်းခဲ့..။
    တက္ကသိုလ်မြေသွေးစွန်းခဲ့…။
    ကျောင်းတံခါးတွေသွေးစွန်းခဲ့…။
    အတွင်းဝန်ရုံးသွေးစွန်းခဲ့…။
    နိုင်ငံရေးအာဏာကို လက်နက်အားကိုးနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းခဲ့သောလူတစ်စု၏ ယုတ်မာရက်စက်မှုဖြင့်ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော်လည်း ထိုလက်နက်အားကိုးဖြင့်နိုင်ငံရေးအာဏာကို ရယူရန်ကြိုးစားခဲ့သည့် ဂဠုန်ဦးစော အပေါင်းအပါ တစ်စုတို့ နိုင်ငံရေးအာဏာ မရခဲ့သည့်အပြင်ကြိုးစင်ပေါ်တက် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ပါခံခဲ့ရ လေသည်။ အာဏာဟူသည်လက်နက်အားကိုးနည်းလမ်းဖြင့် မရနိုင်ပြည်သူလူထု၏ ယုံကြည် ထောက်ခံမှုရှိမှသာလျှင် ရရှိနိုင်ကြောင်း (၁၉) ဇူလိုင်က အာဏာရူးများကို သင်ခန်းစာပေးခဲ့လေသည်။
    7 julyနိုင်ငံလွတ်လပ်ရေးအတွက် တိုင်းတပါးနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးရရှိရန် ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ စိတ်ဓာတ်သည် အဘယ်နည်း? အာဇာနည် စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည် ဖွံ့ဖြိုးစေလိုသော ဆန္ဒ ၊ ပြည်သူလူထုအား ကောင်စားစေလိုသော စိတ်ဓာတ် ၊ မိမိ အကျိုးထက်နိုင်ငံ အကျိုးကိုသာ ကြည့်တတ်သောနှလုံးသား ကို ဆိုလိုရင်းဖြစ်ပါသည်။ ကျဆုံးလေပြိးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ကျွန်တော်တို့ ၀မ်းနည်းစွာ ဦးညွတ် အလေးပြုရုံမျှနှင့် ဇူလိုင် ၀မ်းနည်းမှတ်တမ်းသည် မပြည့်စုံ။ ထိုသမိုင်းကို သွေးဖြင့်ရေးသားခဲ့သော ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ကျွန်တော်တို့မွေးမြူ၍နိုင်ငံ အရေး ၊ ဒီမိုကရေစီရေး ။ တိုင်းပြည်တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ နီုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ပြည်သူလူထု တစ်ရပ်လုံး မျက်ချေမပြတ် ပါဝင်ပတ်သက်ကြဖို့ လိုအပ်ပါလိပ့်မည် ။ သမိုင်း စာမျက်နှာသစ်များကို ကျွန်တော်တို့ ချွေးစက်များဖြင့်ဆက်လက် ရေး သားဖို့လိုပါသည်။ လျှောက်လှမ်းဖို့လိုပါသည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ယခုကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ မှစ၍ခေါင်းဆောင်ကြီးများ၏ ဆန္ဒကိုဆက်လက် အကောင် အထည်ဖော်ကြပါစို့ ။ အာဇာနည်စိတ်ဓာတ်မွေးမြူကြပါစို့ ။
    နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများတွင် ရဟန်းအာဇာနည် ၊ကျောင်းသားအာဇာနည် ၊ လယ်သမားအာဇာနည် ၊ အမျိုးသားအာဇာနည် ကြီးများ အများအပြားပေါ်ထွန်းခဲ့လေရာ အာဇာနည်နေ့ ဟု အစိုးရရုံးပိတ်ရက် အဖြစ်ကြေ ငြာ၍ တစ်မျိုးသားလုံး ၀မ်းနည်းဖွယ်နေ့ တစ်နေ့အဖြစ် ဂုဏ်ပြုသတ် မှတ်ခဲ့သောအမျိုးသားခေါင်းဆောင် ၊ လွတ်လပ်ရေးဗိသုကာကြီး ဦးအောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များကိုသာ ကျွန်တော်တို့ရင်ထဲတွင် အမှတ်ရနေရုံနှင့် မလုံလောက်ဘဲ ထို အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွတ်အနစ်နာခံရဲသည့် သတ္တိများကိုလဲ မွေးမြုရမည်ဖြစ်လေသည်။
    ထို့ပြင်…
    • ၁၉၂၉စက်တင်ဘာလ ၂၉ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ ကိုဆန့်ကျင်မှုဖြင့် ရန်ကုန် အကျည်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပေါင်း(၁၆၆)ရက်တိုင် အစာငတ်ခံတိုက်ပွဲဝင်ကာ ပျံလွန်တော်မူသွားခဲ့သော အာဇာနည် ဆရာတော်ဦးဝိစာရ ကဲ့သို့ရဟန်းအာဇာနည်များ ။
    • ၁၉၃၁နိုဝင်ဘာလ ၂၁ရက်နေ့တွင်နယ်ချဲ့အစိုးရအား လက်နက်စွဲကိုင်၍ တော်လှန် တိုက်ပွဲဝင်ခဲ့ပြီး သာယာဝတီ အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက်ခံရသည့် ဂဠုန်ဆရာစံ ကဲ့သို့ လယ်သမား အာဇာနည်ကြီးများ ။
    • ၁၉၃၈ ဒီဇင်ဘာ၂၀ရက်နေ့တွင် (ယခုဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ) အတွင်းဝန်ရုံးရှေ့ စပတ်လမ်းမ (ယခုဗိုလ်အောင်ကျော်လမ်း) ထက်တွင် ကျောင်းသားရာပေါင်းများစွာနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး နယ်ချဲ့လက်ပါးစေ မြင်းစီးပုလိပ်များ၏ တုတ်ချက်ဖြင့်ဒီဇင်ဘာ၂၂ရက်နေ့တွင် ကျဆုံးသွားခဲ့သော ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် (နေမျိုးသီဟသူရဗိုလ်အောင်ကျော်) ကဲ့သို့ကျောင်းသား အာဇာနည်များ။
    • ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုပမ်းခဲ့ကြပြီး အသက်ပေးလှူသွားခဲ့သော မန္တလေးအာဇာနည် (၁၇)ပါးကဲ့သို့အာဇာနည်များ။
    • ၁၉၆၂ခုနှစ် ဇူလိုင်လ(၇) ရက်နေ့တွင်ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့၌ တော်လှန်ရေးကောင်စီ အစိုးရ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများအား ဗိုလ်နေ၀င်းအစိုးရ၏ ရက်စက် ရမ်းကားစွာ ပစ်သတ်မှုကြောင့် ကျောင်းသားရာချီ၍ တက္ကသိုလ် မြေ ပေါ်တွင် အသက်ပေးသွားခဲ့ရသည့် ကျောင်းသားအာဇာနည်များ ။
    •  ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှား မှုကို ခေါင်းဆောင်ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင်းအာဏာရှင် တို့၏ကြိုးပေးကွပ်မျက်ခြင်းကိုခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကဲ့သို့ကျောင်းသားအာဇာနည်များ ။
    • ၁၉၈၈ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွင် အသက်ပေးစွန့်လှူသွားသော အာဇာနည် ရဟန်းရှင် လူ ကျောင်းသားပြည်သူများအား ကျွန်ုပ်တို့အမှတ်ရနေရမည်ဖြစ်ပေသည်။
    လူ့သမိုင်းဟူသည် လက်နက်ဝါဒီ လူရမ်းကားများ၏ တရားမဲ့ရမ်းကားရာ နယ်မြေအရိုင်း ဘုံမဟုတ်ကြောင်းကို အာဇာနည်နေ့ကအမှတ်ရနေစေပါလိပ့်မည်။ အာဇာနည်အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များနှင့် လယ်သမား အာဇာနည်ကြီး ဂဠုန်ဆရာစံ/ရေနံမြေ သပိတ် ခေါင်းဆောင်အာဠာဝက သခင်ဖိုးလှကြီးစသော ခေါင်းဆောင်များ၏ ပုံရိပ်များသည်ငွေစက္ကူများပေါ် တွင်ဖျောက်ဖျက်ခံခဲ့ရသော်လည်း ကျွနုပ်တို့၏ နှလုံးသားထဲတွင် ကွယ်ပျောက်၍မသွားခဲ့ သမိုင်း စာမျက်နှာများထက်တွင် ဖျောက်ဖျက်၍မရခဲ့ ။ ရဲရင့်မြင့်မြတ် သူတို့၏ အတ္ထုပတ္ထိသည် ဘယ်အချိန်ဖတ်ဖတ် ကျွနုပ်တို့၏နှလုံးအိမ်ထဲတွင် မှိုမတက်ခဲ့ပေ..။
    တခေတ်တစ်ခါက အစိုးရဌာန အဆောက်အဦးရုံးခန်း များတွင် တစ်ခမ်းတစ်နား ချိတ်ဆွဲထားသည့် အမျိုးသားခေါင်းဆောင်ကြီး၏ ဓာတ်ပုံများမှာ ဆယ်စုနှစ်နှစ် စုခန့်အများပြည်သူ၏ မြင်ကွင်းများမှ ပျောက်ကွယ်ခဲ့ရာမှ ယခုနိုင်ငံတော် သမ္မတ၏ ရုံးခန်းမှစ၍ အများ ပြည်သူနေ့စဉ်အသုံးပြုရာ ဘတ်(စ်)ကားမကျန်နေရာ အနှံပြန်လည် တွေ့မြင်လာရပြီဖြစ်လေသည်။ သမိုင်းဟူသည် ဘယ်သောအခါကမှ ပျောက်ကွယ်သွားရိုး ထုံးစံမရှိခဲ့ပေ။ သမိုင်းကို မှေးမှိန်အောင်ပြုလုပ်ခဲ့ကြ ကောင်းပြုလုပ်ခဲ့ကြပါလိပ့်မည်။ သို့သော် အမှန်တရားကို ဖျောက်ဖျက်၍မရနိုင်.. အာဇာနည်မျိုးသေရိုးမရှိခဲ့လေပြီ ။
    ထို့ကြောင့်ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲသည့် စိတ်ဓာတ်ကို မွေးမြူကြပါစို့…။
    သမိုင်းအဆက်ဆက်လွတ်လပ်ရေး ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရေးအတွက် အသက်ပေး စွန့်လှူသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးအမြတ်ပြုကြပါစို့။
    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ၁၉.၇.၂၀၁၃ နံနက် ၁၀နာရီ ၃၇မိနစ်တွင် နေရာအနှံမှ ၀မ်းနည်း ဥသြသံများ ကားဟွန်းသံများ ကြားရသည်နှင့် တစ်ပြိုင်နက် မိမိတို့ရောက်ရှိ နေသည့်နေရာများတွင် ၀မ်းနည်းစွာ ရပ်တန့်လျှက် ကျွန်ုပ်တို့ ခန္ဓာကိုယ်များဖြင့်ငြိမ်သက်စွာ အလေးပြုကြပါစို့ ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ဦးညွတ်ကြပါစို့….။
    စည်သူမောင်
    3rd year B.Eon (stats.) Y.I.E 2007 sep.
    ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)
  • သခင် မြ (၁၈၉၇ – ၁၉၄၇)
    သခင် မြ (၁၈၉၇ – ၁၉၄၇)
    ဇူလိုင်-၁၄၊၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
    photo
    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    သခင် မြ (၁၈၉၇ – ၁၉၄၇)
    takhin Mya
    အာဇာနည် ခေါင်းဆောင်ကြီး သခင်မြကို ဖခင် ဦးဘိုးချွန်နှင့် မိခင် ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်မြို့နယ် ထုံးဘိုရွာ၌ ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ ညီမ မမြငွေ တစ်ဦးသာ ရှိ၍ ညီမမှာ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သခင်မြသည် သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်းအောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေးကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
    ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့သည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာတွင် ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်းအဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင် အမတ် တဦးလည်း ဖြစ်သည်။
    ပြည်သူ့ အရေးတော်ပုံ ပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသော အခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ အဖြစ် တာဝန်များ ပေးအပ်ခြင်းခံရသည်။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီးစား ဥပဒေ ဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ သခင်မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    ယင်းကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။