News @ M-Media

Blog

  • မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရေး စီမံချက် သတင်းစာ ရှင်းလင်းပွဲ

    ဇူလိုင် ၁၄၊ ၂၀၁၃
    M-Media
    အိမေ

    DSCF5094

    ရန်ကုန် ။            ။        ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှ မွန်လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ ၂၀၁၃-ခု၊ ဇူလိုင်လ ၁၄-ရက် နေ့လည်(၁)နာရီတွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    သတင်းစာရှင်းလင်းပွဲတွင် ဦးနိုင်ဖေတင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မွန်လူမျိုး (၃၀)ခန့်တက်ရောက်ခဲ့ပြီး သတင်းမီဒီယာ (၂၅)ခုခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ရန်ကုန်တိုင်းအတွင်း မွန်လူဦးရေစာရင်း အမှန်မရှိခဲ့သဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း မွန်လူမျိုး လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် ဆုံးရှုံးခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းတွင် မွန်လူမျိုး လူဦးရေစာရင်း ရာနှုန်းပြည့်မီပါက မွန်လူမျိုး တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရွေးချယ်ခွင့် ရရှိနိုင်မည်ဟုလည်း သိရသည်။

    ဓါတ်ပုံ များကြည့်ရန်။ Click Here

  • ငှက်ပျောသီးခွံမှ ပလတ်စတစ် ထုတ်တဲ့နည်း ၁၆ နှစ်အရွယ် တူရကီသူ ဆယ်ကျော်သက် တီထွင်တွေ့ရှိ

    ဇူလိုင်-၁၄၊ ၂၀၁၃
    M-Media
    Elif Bilgin
    တူရကီ ဆယ်ကျော်သက် Elif Bilgin သည်  ငှက်ပျောသီး အခွံများမှ ဇီဝဗေဒနည်းဖြင့် ပလက်စတစ် ထုတ်လုပ်နည်း ကို တီထွင်ခဲ့သည်။ ယခင် ပလတ်စတစ်ထုတ်လုပ်ရာ ကုန်ကြမ်းဖြစ်သော သဘာဝ ရင်းမြစ် ရေနံသယံဇာတ ကုန်ဆုံး မသွားစေရန် တားဆီးနိုင်တော့မည် ဖြစ်သည်။

    အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်  တူရကီ သိပ္ပံကျောင်းသူ အလဖ်ဘလ်ဂျင်းသည် အစ္စတန်ဘူလ် (Istanbul) မှဖြစ်ပြီး၊ ငှက်ပျောခွံမှ ပလက်စတစ်ထုတ်လုပ်ရန် ၂ နှစ်တာ မှ သုတသန စမ်းသပ်မှုများပြုလုပ်ခဲ့ရသည်။ ယခုအချိန်တွင် သူမ၏ စမ်းသပ်မှုများမှ အကျိုးခံစားမှုများ ရရှိခဲ့ပြီဖြစ်သည်။

    ဘလ်ဂျင်းသည် ၂၀၁၃ နှစ် Google Science Fair တွင် $50,000 Science in Action ဆုကို ရရှိခဲ့သူ ဖြစ်သည်။ လူငယ်သိပ္ပံပညာရှင် သူမက ဆိုသည်မှာ ဇီဝနည်းလမ်းအရ ထုတ်လုပ်ထားသော ပလက်စတစ်သည် ဓာတ်ကြိုးများတွင် လျှပ်စစ်ကာပစ္စည်း Insulator အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

    လက်ရှိတွင် ပင်လယ်များ၌ စွန့်ပစ်ထားသော အမှိုက်သရိုက်များတွင် ပလက်စတစ်သည် ၉၀ ရာခိုင်နှုန်း ပါရှိသည်။ ၁ စတုရန်းမိုင်တွင် ပလက်စတစ်အစပေါင်း ၄၆,၀၀၀ ရှိနေသည်။ သူမ၏ မျှော်လင့်ချက်ကတော့ ၄င်း ဇီဝနည်းလမ်းများဖြင့် ထုတ်လုပ်ထားသော ပလက်စတစ်သည် တစ်ချိန်တွင် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော ရေနံမှ ရရှိသော ပလက်စတစ်နေရာတွင် အစားထိုး နေရာယူနိုင်ရန်ဖြစ်သည်။ ယခုတီထွင်ခဲ့သည် ပလတ်စတစ်မှာ ယခင် ရေနံမှ ထုတ်လုပ်သည့် ပလတ်စတ်စများထပ် ဖျက်ဆီးရန် ပိုမိုလွယ်ကူကြောင်းသိရသည်။

    ဘလ်ဂျင်းသည် လက်နှိပ်ဓာတ်မီးကို ခန္ဓာကိုယ် အပူစွမ်းအင်မှ လင်းအောင်လုပ်ခဲ့သူဖြစ်သည်၊ မြေကြီး ထဲတွင်ရှိသော မိုင်းဗုံးများကို အသံလှိုင်းဖြင့်ဖော်နိုင်အောင် တီထွင်ခဲ့သူလည်းဖြစ်သည်။ ယခုတွင် ၈ တန်း ကျောင်းသူ ထိုကလေးမသည် သင်တို့၏ သောက်ရေထဲမှ ဓာတုဗေဒများကိုဖယ်ရှားပေးရန် လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အသက်ပြည့်ရန် မလိုပါဘူး။

    Ref: Take Part

  • ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်ကျင်းပ

    ဇွန်လ ၁၄၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-မောင်ပုည

    ကွာလာလမ်ပူ ။ ။ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယနေ့ ဇူလိုင်လ ၁၄-ရက် နေ့လည် ၁၂-နာရီမှ ၅း၃၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။
    cover photo

    အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါ်သန်းမြင့်အောင်(ရန်ကုန် – နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဌ)မှ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောလူ့ဘောင်၊ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှ နောက်ဆုံးခံတပ်နှင့် ကိုဂျင်မီမှ ပညာတန်ခိုးနှင့် ပရဟိတလူမျိုး ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရသည်။

    ဟောပြောပွဲသို့ မလေးရှားနိုင်ငံရောက် လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံမှ မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

    အဆိုပါ ဟောပြောပွဲအား နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ရန်ပုံငွေအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ => Click Here

  • မြန်မာ မွတ်စလင်မ်များ ကိုယ်ညံ့ကိုယ်ခံလို့ ပဲ ပြောရလေမယ်

    မြန်မာ မွတ်စလင်မ်များ ကိုယ်ညံ့ကိုယ်ခံလို့ ပဲ ပြောရလေမယ်

    ဇူလိုင် ၁၃၊ ၂၀၁၃
    ဆောင်းပါးရှင်- ဇက္ကရီယာ

    opinion

    မြန်မာပြည် ပွင့်လင်းလာပြီဆိုတဲ့ အချိန်ရောက်တော့မှ မွတ်စလင်မ်တွေ ပက်ပက်စက်စက်ခံ လိုက်ရတယ်။ အရင်က ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေရှိပေမယ့်၂၀၁၂ မတိုင်ခင်ကစခဲ့တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေးဟာ ကျနော်တို့ ဖြတ်သန်းလာတဲ့ သက်တမ်းတလျှောက် အဆိုးဆုံးဖြစ် တယ်။ ဗမာတွေ ဗုဒ္ဓဘာသာတွေကိုချည်း အပြစ်တင်နေရင်တော့ မှားပြီးရင်း ထပ်မှားရင်းဖြစ် အုံးမယ်။ ခုချိန်မှာ ဘယ်သူမပြု မိမိမှုတို့ မပြောချင်ပေမယ့် ကိုယ်ညံ့ကိုယ်ခံလို့ တော့ ပြောရလိမ့် မယ်။

    ဟုတ်ပါတယ်။ ခုခံနေရတာ မြန်မာမွတ်စလင်မ်တွေ ကိုယ်တိုင်က ညံ့လို့ ပါ။ ပြဿနာရှိနေမှန်း သိရဲ့၊ ခံရတော့မယ့် အရိပ်တွေ ရှိနေပါလျက် ကိုယ့်ဖက်က ဘာမှ ပြင်ဆင်မထားလို့ ပါ။ အဓိက အကြောင်းအရာကို မပြောခင် ဘာမှ ပြင်ဆင်မထားလို့ ဆိုပြီး ထောက်ပြတာကို မကျေနပ်တဲ့ မြန်မာမွတ်စလင်မ်တွေ ရှိတယ်ဆိုရင် မေးချင်ပါတယ်။ ဘာတွေပြင်ဆင်ထားသလဲလို့ ။ မွတ်စလင်မ် တွေအတွက် ရှေ့ တန်းက ရပ်တည်ပေးမယ့် ပြတ်ပြတ်သားသား သတ္ထိရှိရှိ ရပ်တည်ပေးမယ့် ခေါင်း ဆောင်ကောင်းတွေ၊ နိုင်ငံရေး တိုက်စစ်မှုးတွေ၊ နိုင်ငံရေးဗျူဟာမှူးတွေရှိရင် ပြကြည့်ပါ။ မြန်မာ မွတ်စလင်မ် အခွင့်အရေးကို သမိုင်းနဲ့ ချီကိုင်ပြီး တိုက်မယ့် ပညာရှင်တွေရှိရင် ပြကြည့်ပါ။ ပါလေရာ ပညာရှင် ၂ ယောက် ၃ ယောက်အပြင် ရှိသေးရင် ပြကြည့်ပါ။ သုတေသီတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ အစိုးရဌာနတွေကို လာဘ်ထိုးပြီး ပါးယက် နားယက် မဟုတ်ဘဲ နိုင်ငံရေးအရ ဥပဒေရေးရာအရ ပြောနိုင်ဆိုနိုင် ထိုးဖောက်နိုင် စိန်ခေါ်နိုင်တဲ့ လူတွေရှိရင် ပြကြည့်ပါ။ မဟုတ်က ဟုတ်ကလည်းရေး၊ မွတ်စလင်မ်တွေ နာမည်ဆိုး မရရအောင် ရတဲ့နည်းတဲ့ လုပ်ကြံတဲ့ သတင်းဌာနတွေကို ချေပရုံတင်မက တွန်းလှန်နိုင်တဲ့၊ ပြည်သူတွေဆီကို သတင်းမှားကို မှား နေတဲ့အကြောင်း ဖြတ်ခနဲ  ဖြတ်ခနဲ ဆော်ပလော်တီးနိုင်တဲ့ မြန်မာမွတ်စလင်မ် မီဒီယာရှိရင်၊ သတင်းစာရှိရင်၊ ဂျာနယ်ရှိရင်၊ FM ရေဒီယိုရှိရင်၊ အင်တာနက် တီဗွီ ဗီဒီယို များရှိရင် ပြကြည့်ပါ။ မဟုတ်တာကို မဟုတ်တဲ့အကြောင်း၊ မတရားတာကို မတရားတဲ့အကြောင်း ရဲရဲဝံ့ပြောတဲ့ နိုင်ငံရေးသမား ရှိရင်ပြကြည့်ပါ။ ရဲရဲဝံ့ဝံ့ နိုင်ငံရေးသမား မပြောနဲ့  နိုင်ငံရေးသမားဆိုတာရှိရင် ပြကြည့်ပါ။ မြန်မာ မွတ်စလင်မ်ကိုတော့ တကျွန်း အပါအ၀င် ထောင်ဒဏ်နှစ်ရှည်ချ၊ တခြားလူတွေ တော့ ၂ နှစ်ချတဲ့ မတရားမှုကို မတရားပါဘူးဆိုပြီး ရဲရဲထပြောတဲ့ ရှေ့ နေတွေ မွတ်စလင်မ် ရှေ့နေအဖွဲ့  တွေရှိရင် ပြကြည့်ပါ။ အနုပညာရှင်တွေက ရုပ်ရှင်မှာ တမျိုး၊ သီချင်းမှာတမျိုး၊ ကာတွန်းမှာတမျိုး၊ ၀တ္ထုမှာတမျိုး မွတ်စလင်မ်ကို ပြောင်ချင်တိုင်းပြောင် လှောင်ချင်တိုင်း လှောင်တာကို ပြန်တုန့် ပြန်တဲ့ မြန်မာ မွတ်စလင်မ် အနုပညာနဲ့  အနုပညာရှင်ဆိုတာရှိရင်ပြပါ။

    ဘာရှိလဲ။ ဘာမရှိဘူး။ ခေါင်းဆောင်မရှိဘူး၊ အဖွဲ့ မရှိဘူး။ ဗျူဟာမရှိဘူး။

    အဖွဲ့ ကြီးဆိုတာတွေတော့ရှိတယ်။ လူတိုင်းအသိမလို့ ထည့်မပြောတော့ဘူး။

    ကိုယ့်ဖက်က ဘာမှ ပြင်ဆင်မထားဘူးဆိုတာ ဒါကိုပြောတာ။ ခေါင်းဆောင်လုပ်ချင်တဲ့လူရယ်၊ နည်းနည်းဆို ဖသွဝါထုတ်ချင်တဲ့ခေါင်းဆောင်ရယ်၊ အလုပ်လုပ်ဖို့ ထက် နေရာလုပြီး ကွဲပြဲကြတဲ့ဇာတ် လမ်းရယ်။ ဒါတွေက မြန်မာမွတ် စလင်မ်တွေရဲ့  မော်ဒန်သမိုင်းပဲ မဟုတ်ဘူးလား။

    အဓိက အကြောင်းအရာကို ဆက်ရရင် ၇၈၆ ဆိုတာ ၂၁ ရာစုမှာ မြန်မာကို အပြီးသတ် လွှမ်း မိုးဖို့ ကြံထားတဲ့ အကြံအစည်ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်တွေက မနေ့ တနေ့ ကမှ ထွက်လာ တာမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ကြားဖူးနေတယ်။ အမျိုးပျောက်မှာစိုးကြောက်စရာဆို တာလာလည်း ပြန့်နေတာကြာပြီ။ ကုလားတွေ မိန်းမ ၄ ယောက်ယူတယ်ဆိုပြီး လိုရာဆွဲပြော တာတွေ၊ ဒါတွေက ဆယ်စုနှစ်တွေနဲ့ ချီကြာပြီးရှိနေတာ။ ဒါပေမယ့် မြန်မာ မွတ်စလင်မ်တွေ ဖက်က ဘာမှ မတုန့် ပြန်ခဲ့သလို  ဘာမှလဲပြင်ဆင်ထားတာမရှိဘူး။ မွတ်စလင်မ် ဆန့် ကျင်ရေး ဟိုးလေးတကျော် ဖြစ်လာတော့မှ အလူးအလဲ ကောက်ရေးကြတာ။ ဒါတောင် ရေးတဲ့လူ (ရေးနိုင်တဲ့လူ)၊ လူရှေ့ ထွက်ပြောနိုင် (ပြောရဲ) တဲ့လူက ၅ ယောက်ထက်မပိုဘူး။ မွတ်စလင်မ် ၁၀ ရာခိုင်နှုန်းလို့ တော့ပြောတယ်၊ မွတ်စလင်မ်တွေအတွက် နိုင်ငံရေးအရ ရှေ့ တန်းက ရေးနိုင် ရေးရဲ ပြောနိုင် ပြောရဲတဲ့လူ ၅ ယောက်မပိုတာ ဘာကြောင့်လဲ။ (အာချောင်တဲ့ လူတွေကို ထည့်မတွက်ပါ)။

    နှစ်ပေါင်းများစွာရှိလာတဲ့ သံသယနဲ့  စွပ်စွဲမှုကို ဘာမှ တုန့် မပြန်ခဲ့ဘူး။ အတွန့် တက်ချင် တက်ပါလိမ့်မယ်၊ စစ်အစိုးရခေတ်မှာ ဘာများလုပ်လို့ ရလဲဆိုပြီး။ ဒါဆို တခြား အဖွဲ့ အစည်း တွေက ဘယ်က ဘယ်လို ပေါ်လာတာလဲ။ တိုင်းရင်းသားတွေက တောထဲမှာ စစ်တပ်ထောင် ထားသလို မြို့ ထဲမှာလဲ ခရစ်ယာန်ကျောင်းတွေမှာ ရုံးခန်းတွေဖွင့်ထားတယ်။ လူမှုရေး၊ ဖွံ့ ဖြိုး ရေးနဲ့ တွဲပြီး တိုင်းရင်းသားအရေး၊ နိုင်ငံရေးလုပ်တယ်။ လူငယ်အဖွဲ့ တွေဖွဲ့ တယ်။ ကျောင်း တွေထောင်တယ်။ ခုဆိုရင် ရန်ကုန်မှာ ကောလိပ်တောင်ရှိနေပြီ မဟုတ်ဘူးလား။ လူကြီးအဖွဲ့ တွေက သူတို့ ကို ကျောထောက်နောက်ခံပေးဖို့  လူငယ်အဖွဲ့ တွေ နယ်လှည့်ဖွဲ့ ၊ ငွေထုတ် ပေး၊ ဒါမှမဟုတ် နိုင်ငံခြားငွေရှာပေးတယ်။ ဘာသာရေး ခေါင်းစဉ်အောက်ကနေ ရရင် ရသလို နိုင်ငံသား အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးတောင်းဖို့ ကြိုးစားတယ်၊ လူထုအခြေပြု အဖွဲ့ အစည်း၊ အမျိုးသမီး အဖွဲ့ အစည်းတွေဖွဲ့ တယ်၊ ခေါင်းဆောင်ငယ်တွေပေါ်လာအောင် ကြိုးစားတယ်။ မြန်မာမွတ်စလင်မ်တွေက အဲ့ဒီအဖွဲ့ တွေလို ကြိုးစားရမှန်း၊ အားကျရမှန်း၊ အတုယူ သင့်မှန်း သိပုံမရ။

    မြန်မာမွတ်စလင်မ်တွေ အတွက် နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့ ဆိုတာ ရှိရင်ပြပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့် အခွင့်အရေးကို နိုင်ငံရေးအရ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပါတီနိုင်ငံရေးနဲ့ မကွဲပြားတာကို မသိတဲ့ မြန်မာ မွတ်စလင်မ် လူကြီးတွေ အများကြီး ရှိနေသေးတာ တွေ့နေရတယ်။

    ကရင်လူငယ်၊ ချင်းလူငယ်၊ ကချင်လူငယ် ဆိုပြီး တစုပြီး တစု တွေ့ တွေ့ နေရတယ်။ ပွင့်လင်း သွားပြီဆိုတော့ အရင်က တီဗွီသတင်းမှာတွေ့ ဖူးတဲ့ တိုင်းရင်းသား လူငယ်တွေကို ရန်ကုန်မှာ ဟိုနားတပွဲ ဒီနားတပွဲမှာတွေ့ ရတယ်။ လူတွေများသလို အဖွဲ့ တွေလဲ မှတ်လို့ မနိုင်အောင်။ မွတ်စလင်မ်လူငယ်တွေကို ဘယ်နေရာမှာမှ မတွေ့ ဘူး။ မွတ်စလင်မ် ကောင်လေး ကောင်မလေးတွေ တခါတလေ တွေ့ တယ်။ လာတယ်၊ နားထောင်တယ်၊ ပြီးရင်ပြန်တယ်။ စကားပြော ကြည့်ရင် အဖွဲ့ နာမည်တွေတော့ပြောတယ်၊ နာမည်ကြီးကြီးအဖွဲ့  (တခြားအ ဖွဲ့ တွေနဲ့ ရင် ဘောင်တန်းနိုင် တဲ့) အဖွဲ့ ဆိုတာ သတိမထားမိသေးဘူး။

    မီဒီယာလိုတယ်ဆိုပြီး ပြောသံတွေကြားတယ်။ ရှေ့ နောက်မဆိုင်းဆိုသလို ၃ ခုလောက် ထွက် လာတယ်။ အသံတွေက ကြားရတယ်၊ ရေဒီယိုလိုတယ် တီဗွီလိုတယ်ဆိုပြီး။ အဲ့ဒီလိုပြောတဲ့ လုပ်ငန်းရှင်တွေကို မေးကြည့်ပါတယ်။ လိုအပ်တယ်ဆိုရင် ခင်ဗျားတို့ လုပ်ပါလားလို့ ။ စီးပွား ရေးတဖက်ကြောင့် ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာက ဇာတ်တိုက်ထားတဲ့ အဖြေတခု။ ဒါဆို ရှိ ပြီးသား မီဒီယာတွေကို ထောက်ပံ့ပြီး လုပ်ခိုင်းပါလားဆိုတော့ အင်ရှာအလ္လာဟ်ဆိုပြီး ရပ်သွား တယ်။ မကြာမကြာတွေ့ လို့ ခင်ဗျားတို့  မြန်မာ မွတ်စလင်မ် မီဒီယာတွေကို ဆက်သွယ်ဖြစ်လားဆို တော့ အင်ရှာအလ္လာဟ်က အဖြေတမျိုး၊ လိပ်စာသိရင် ပေးခဲ့ပါဆိုတာက နောက်တမျိုး။ အပြစ် မပြောလိုပါ။ ကိုယ့်ငွေနဲ့ ကိုယ် ကိုယ့်သဘော မဟုတ်ပေဘူးလား။

    နိုင်ငံရေးသင်တန်း၊ မီဒီယာသင်တန်း၊ ခေါင်းဆောင်မှုသင်တန်း စသဖြင့် သင်တန်းတကာ လျှောက်သွားဖြစ်တယ်။ မြန်မာ မွတ်စလင်မ် ကလေးတွေ မတွေ့ ဘူး။ မြန်မာမွတ်စလင်မ် ကလေးတွေ မတွေ့ တော့ သင်တန်းလုပ်တဲ့ အဖွဲ့ တွေကို အကြံပေးပါတယ်။ မြန်မာမွတ်စလင်မ် ကလေးတွေကို လည်း ထည့်စဉ်းစားပေးဖို့ ။ အမြဲလိုလိုကြားရတဲ့ အဖြေက မွတ်စလင်မ် ကလေး တော်တော် များများက အင်္ဂလိပ်စာအားနည်းတယ်၊ နိုင်ငံခြားသားကပေးတဲ့ သင်တန်းဆိုရင် အဆင်မ ပြေဘူးဆိုတာက တမျိုး၊ စကားပြန်ပေးတဲ့ သင်တန်းဆိုရင်တောင် အခြေခံမရှိထားတဲ့ အတွက် အဆင်မပြေဘူးဆိုတာကတမျိုး၊ နိုင်ငံရေးပါတီတွေနဲ့  လူထုအဖွဲ့ အစည်းမှာလုပ်နေတဲ့ လူငယ် တွေ ကို ဦးစားပေးတဲ့ သင်တန်းဖြစ်တော့ မွတ်စလင်မ်ထဲက လာလျှောက်ရင် အဖွဲ့ တွေက မဟုတ် တော့ ရွေးတဲ့အခါ အဆင်မပြေဖြစ်ရတယ်ဆိုတာက တမျိုး၊ သင်တန်းသားတွေ စုနေ စုစားရတဲ့အခါမှာ မွတ်စလင်မ်ကလေးတွေနဲ့ က အစားအသောက် အဆင်မပြေဘူးဆိုတာက တမျိုး။

    လူငယ်တွေနဲ့  စကားပြောတဲ့အခါ သတိထားပြီးမေးဖြစ်တယ်။ အထူးသဖြင့် နယ်ကလူငယ် တွေဆိုရင်ပိုဆိုးတယ်။ အင်္ဂလိပ်စာကမရ၊ ကွန်ပျူတာကမတတ်၊ ကျောင်းကမပြီး၊ လူကြီးတွေ နဲ့  အလိုက်အထိုက်က မဆက်ဆံတတ်၊ အ၀တ်အစားက မသေမသပ်၊ အဖွဲ့ အစည်းတွေမှာ လည်း လုပ်နေတာမရှိ။ ဒီလိုအခြေအနေမှာ ဘယ်သင်တန်းတွေက လက်ခံမလဲ။

    ကိုယ်တိုင်ကလည်းဘာမှ လုပ်မထားဘူး၊ သူများနဲ့ ကပ်ဖို့ ကျတော့လည်း အခြေအနေတွေက အဆင်မပြေဘူး။

    ရှင်းရှင်းပြောရရင်တော့ မြန်မာ မွတ်စလင်မ်တွေအနေနဲ့  ပြဿနာဖြစ်ရင် ထိထိရောက်ရောက်ရင်ဆိုင် ဖို့  ဘာမှလုပ်ထားတာမရှိဘူး။ နိုင်ငံခြားလွှတ် စကောလားရှစ်ပေးရုံနဲ့  မွတ်စလင်မ် အရေးလုပ် တယ် ဆိုပြီး ကျေနပ်နေရင် ထပ်မှားအုံးမယ်။

    အဓိက လိုအပ်တာ နိုင်ငံရေး၊ လူမှုရေး၊ ဥပဒေ ရေးရာတွေမှာ ဦးဆောင်မှုပေးနိုင်တဲ့ စင်ပေါ် တက်မဲ့ခေါင်းဆောင်သစ်တွေ မွေးထုတ်ဖို့ ၊ စင်အောက်ကနေ စင်နောက်ကနေ ဦးဆောင်မယ့် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ဗျူဟာပိုင်းဆိုင်ရာ သုတေသနဆိုင် ရာတွေမှာ ဦးဆောင်မှုပေးဖို့  ခေါင်းဆောင်သစ်တွေ မွေးထုတ်ဖို့ ။ ဒါတွေဖြစ်လာဖို့ ကျောင်း၊ သင်တန်း၊ ဆရာ ဆရာမ၊ သင်ရိုး စတာတွေပြင်ဆင်ဖို့ ၊ သင်ကြားထားဖို့ ၊ တနည်းပြောရရင် Institution building  ရှိဖို့ လိုတယ်။

    ဘာမှမရှိလေတော့ ခုလိုဖြစ်လာတဲ့အခါ ဘာမှ မတတ်ကြဘူး။ အချိန်ရှိတဲ့အခိုက်မှာ ဖသွဝါ တွေပေးရင်း၊ လိုင်းတွေကွဲရင်း၊ နေရာတွေလုရင်း၊ ဘတပြန် ကျားတပြန် ချရင်း အချိန်တွေ ဖြုန်းခဲ့ကြတယ်။ မွတ်စလင်မ်ကိစ္စ လုပ်ပြန်ရင်လည်း သာရေး နာရေးထက် မပိုတာများတယ်။ မြန်မာ မွတ်စလင်မ်တွေ အနာဂတ် လှူပါ၊ ငွေထည့်ဝင်ပါဆိုရင် သူတောင်းစားကို ကြည့်တဲ့ အကြည့်မ ဟုတ်ရုံတမယ်။ ရပ်ကွက်အလှူခံတို့  ဌာနဆိုင်ရာ အလှူခံတို့ ဆိုရင်တော့ မျက်နှာလိုမျက်နှာရ အားရပါးရ။ အပြစ်မပြောလိုပါ။ ကိုယ့်ငွေနဲ့  ကိုယ်မလို့  ကိုယ့်သဘောပါ။

    ဘာမှ ပြင်ဆင်မထားတဲ့အတွက် ကိုယ်ညံ့ကိုယ်ခံလို့ ပဲပြောချင်ပါတယ်။ ပြင်ဆင်မထား ဘာမှလုပ်မထားဆိုတာ ပြီးခဲ့တဲ့ နှစ် သုံးလေးဆယ်အတွင်းမှာ ဒုတ်ဆွဲ ဓားဆွဲ အစိုးရကို ပြန်မချလို့ ၊ မွတ်စလင်မ် မုန်းတီးရေး စာရေး စာဖြန့် နေသမားတွေကို ဒဲ့မရှင်းလို့ ဆိုပြီး ပြောနေတာမဟုတ်ပါ။ ခေါင်းဆောင်တွေ၊ အဖွဲ့ အစည်းတွေ၊ ကွန်ရက်တွေရှိမထားတာ၊ အဲ့ဒါတွေရှိပြီး လည်ပတ်ပေးမယ့် လူငယ်တွေမွေးထုတ်ပေးဖို့  ကျောင်းတွေ သင်တန်းတွေ မတည်ဆောက်ထားတာကို ပြောတာပါ။

    ဆက်ပြီး ညံ့နေအုံးမယ်ဆိုရင်တော့ သဘောပါ။ ဆက်တော့ ခံလိုက်ကြအုံးပေါ့ဗျာ။

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

     

  • မာလာလာ၏ ကုလသမဂ္ဂ မိန့်ခွန်းပြောကြားချက် အပြည့်အစုံ

    M-Media
    ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃
    အောင်သန်းလွင် (BCSc) မြန်မာပြန်သည်။

    970405_600072260027647_681066384_aအစွန်းရောက်တာလီဘန်တို့ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပညာသင်ကြားခွင့်အတွက် ကြိုးပမ်းသူ မာလာလာဟာ ဇူလိုင် ၁၂ ရက်နေ့က သူမရဲ့ (၁၆) နှစ်မြောက်မွေးနေ့မှာ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ မိန့်ခွန့်ပြောကြား ခဲ့တာဖြစ်ပါတယ်။

    ဂုဏ်သရေရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်း၊ ကမ္ဘာလုံးဆိုင်ရာ ပညာရေး ကုလသမဂ္ဂသံတမန် မစ္စတာ ဂေါ်ဒန် ဘရောင်း၊ လေးစားရပါသော လူကြီးမင်းများနှင့် ချစ်ခင်လေးစားရသော အစ်ကို၊ ညီအစ်မများရှင် … အတ်စလာမ်မိုအလိုင်း ကွမ်း(ဘုရားရှင်ထံ မှ ငြိမ်းအေးခြင်း သက်ရောက်ပါစေ)

    အချိန်အတော်ကြာပြီးတဲ့နောက် ခုလိုထပ်မံ စကားပြောခွင့်ရတာဟာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ ခုလို ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အတူရှိခွင့်ရတာဟာ ကျွန်မအတွက် တကယ့်ကို ဂုဏ်သရေရှိတဲ့ နေ့တစ်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အမျိုးသမီး ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီ ဘူတိုရဲ့ ခြုံလွှာကို ဝတ်ဆင် ထားပါတယ်။ ကျွန်မရဲ့ စကားကို ဘယ်က စပြောရမှန်း မသိပါဘူး။ လူတွေက ကျွန်မကို ဘာပြောစေချင်လဲဆိုတာလဲ မသိပါဘူး။ ဒါပေမယ့် ပထမဆုံးအနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘုရားသခင် ရှေ့မှောက်မှာတော့ လူသားအားလုံးဟာ တန်းတူညီမျှမှုရှိပါတယ်။ ကျွန်မအမြန်သက် သာပျောက်ကင်းဖို့နဲ့ ဘဝအသစ်တစ်ခု ပြန်စနိုင်အောင် ကူညီပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ များစွာသောလူတွေ ဟာ ကျွန်မ မယုံကြည်နိုင်လောက်အောင်ကို ကျွန်မအတွက် ချစ်ခြင်းမေတ္တာပြသခဲ့ကြပါတယ်။ ကမ္ဘာအနှံ့က ထောင်ပေါင်များစွာသော ကျန်းမာစေကြောင်း ဆန္ဒမွန်တွေနဲ့ လက်ဆောင်တွေ ရရှိခဲ့ပါတယ်။ သူတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ အပြစ်ကင်းတဲ့ စကားလုံးတွေနဲ့ ကျွန်မကို အားပေးခဲ့တဲ့ ကလေး ငယ်တွေ ကို ကျေးဇူး တင်ပါတယ်။ ဆုတောင်းဝတ်ပြုမှုတွေနဲ့ ကျွန်မကို အားဖြည့်ပေးခဲ့တဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပါကစ္စ တန် ဆေးရုံက ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အင်္ဂလန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) က အစိုးရတွေ၊ ကျွန်မ ကျန်းမာရေးကောင်းပြီး ခွန်အားပြန်ရလာအောင် ကူညီခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

    1069385_600071950027678_190887564_n

    ကျွန်မဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာတတ်မြောက်ရေး စဦးကြိုးပမ်းမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ ပညာရေးသံတမန် ဂေါ်ဒန်ဘရောင်း၊ ကုလသမဂ္ဂဥက္ကဌ ဖြစ်သူ ဗာ့ခ် ဂျရမစ်ခ် တို့ကို အပြည့်အဝထောက်ခံပါတယ်။ ပညာရေးမှာ သူတို့ဆက်လက်ဦးဆောင် မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျွန်မတို့အားလုံးပါဝင်တဲ့ ဒီပညာရေးအတွက် အမှန်တကယ်ဖြစ်မြောက်လာအောင် လုပ်ဆောင်သွားမှာဖြစ် ပါတယ်။ ချစ်ခင်ရပါသော အစ်ကို အစ်မများရှင် …  ဒီတစ်ခုကို အမှတ်ရပေးပါ။ “မာလာလာနေ့” ဟာ ကျွန်မ တစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ ဒီနေ့ဟာ သူတို့ရဲ့အခွင့်အရေးတွေအတွက် သူတို့ရဲ့ အသံကို ထုတ်ဖော်ခဲ့ကြတဲ့ အမျိုးသမီးတိုင်းအတွက်၊ လူငယ် ယောက်ျားလေး၊ မိန်းကလေး တိုင်း အတွက်ပဲဖြစ်ပါတယ်။

    ကမ္ဘာမှာ ရာနဲ့ချီတဲ့ လူသားအရေး လှုပ်ရှားသူတွေ၊ လူမှုရေးဆောင်ရွက်ကြသူတွေရှိကြပါတယ်။ သူတို့ဟာ သူတို့အခွင့်အရေးတစ်ခု တည်း အတွက် ပြောဆို လှုပ်ရှားနေကြတာမဟုတ်ပါဘူး။ သူတို့ဟာ အားလုံးရဲ့ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းမှု၊ ပညာရေးနဲ့ တန်းတူညီမျှမှု  ရှိရေးတို့အတွက် ရုန်းကန်လှုပ်ရှား ကြိုးပမ်းအား ထုတ်နေကြတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ထောင်ပေါင်းများစွာသော လူတွေကို သတ်ဖြတ်ခဲ့ကြပြီး သန်းနဲ့ချီတဲ့လူတွေကို ဒဏ်ရာအနာ တရဖြစ်စေခဲ့ပါတယ်။ ကျွန်မဟာ သူတို့ထဲက တစ်ယောက်ပါပဲ။ ဒါကြောင့်ဒီနေ့ အဲ့ဒီလိုလူတွေထဲက မိန်းကလေး တစ်ယောက်အနေနဲ့ဒီမှာ ကျွန်မရပ်စ ကားပြောရတာပါပဲ။ ကျွန်မတစ်ဦးတည်းအတွက်ပြောတာလည်း မဟုတ်ပါဘူး။ ထုတ်မပြောတဲ့ သူတွေအတွက် လည်း ကြားနိုင်ရအောင် ကျွန်မပြောရခြင်းဖြစ် ပါတယ်။ သူတို့ရဲ့ရပိုင်ခွင့် အခွင့်အရေးတွေအတွက်၊ ငြိမ်းချမ်းစွာနေခွင့် အခွင့်အရေးအတွက်၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရေးအတွက်၊ တန်းတူညီမျှ အခွင့်အရေးအတွက်၊ ပညာသင်ကြားခွင့်ရရေး အခွင့်အရေးအတွက် စတာတွေအတွက် ကြိုးစား အားထုတ်သူတွေအားလုံး ကိုယ်စားပြောရတာဖြစ်ပါတယ်။

    သူငယ်ချင်းတို့ … ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တာလီဘန်တွေဟာ ကျွန်မဦးခေါင်းရဲ့ ဘယ်ဘက်ကိုသေနတ်နဲ့ ပစ်ခတ်သွားခဲ့ပါ တယ်။ ကျွန်မရဲ့ သူငယ်ချင်းကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဟာ ကျည်ဆံတွေက ကျွန်မတို့ကို တိတ်ဆိတ်သွားစေခဲ့ မယ်လို့ တွေးထင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ထင်သလိုမဟုတ်ခဲ့ပါဘူး။ သူတို့ထင်ခဲ့တဲ့ တိတ်ဆိတ်မှုတွေ အစား ထောင်ပေါင်းများစွာသော အသံတွေပေါ်ထွက်လာခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ ဟာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲအောင်၊ ရပ်တံ့အောင် လုပ်နိုင်မယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်မဘဝမှာ အားနည်း မှုတွေ၊ ကြောက် ရွံ့မှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေသာသေဆုံးခဲ့ပြီး ကျွန်မကတော့ မပြောင်းမလဲဆက်ရှိနေပါတယ်။ ခွန်အားတွေ၊ စွမ်းအားတွေနဲ့ ရဲစွမ်း သတ္တိတွေသာ မွေးဖွားလာခဲ့ပါတယ်။ ကျွန်မဟာ ဒီမာလာလာပါပဲ။ ကျွန်မရဲ့ ရည်မှန်းချက်တွေလည်း အရင်ကအတိုင်း ပဲ။ ကျွန်မရဲ့ မျှော်လင့် ချက်တွေ လည်း ဒီအတိုင်းပဲ။ ကျွန်မရဲ့ စိတ်ကူးတွေလည်း အရင်အတိုင်း အတူတူပဲ။ ချစ်ခင်ရသော အစ်မ အစ်ကိုတို့ … ကျွန်မက ဘယ်သူကိုမှ ဆန့်ကျင်လိုတဲ့ သဘောမရှိပါဘူး။ ဒီမှာခုလို စကားပြောရတာဟာလည်း တာလီဘန်နဲ့ အခြားအကြမ်းဖက် သမားတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေဖို့ဆိုတဲ့ရည်ရွယ် ချက်မျိုးဆိုတာလည်းမရှိပါဘူး။ ကျွန်မဒီမှာ စကားပြောရတာဟာ ကလေးတိုင်းပညာ သင်ကြားခွင့် ရရှိရေး အတွက်ပဲဖြစ်ပါတယ်။ ကျွန်မဟာ တာလီဘန်တွေနဲ့ အခြားအကြမ်းဖက်သမားတွေရဲ့ သားသမီးတွေအတွက် ပညာ သင်ကြား ခွင့်ရရေးကိုလည်း လိုချင်ပါတယ်။ ကျွန်မကို ပစ်ခတ်ခဲ့တဲ့  တာလီဘန်တွေကိုလည်း မမုန်းပါ။

    1005095_600072080027665_351890974_n

    ကျွန်မလက်ထဲသေနတ်ထည့်ပေးပြီး ကျွန်မကို ပစ်ခတ်ခဲ့တဲ့ တာလီဘန်တွေ ရှေ့မှာရပ်နေမယ်ဆိုရင်တောင်မှ ကျွန်မပစ်ခတ်လိမ့်မှာမဟုတ်ပါဘူး။ ဒီကြင်နာ သနားမှုဟာ ကြင်နာသနားတတ်တဲ့ တမန်တော် မုဟမ္မဒ် ၊ ခရစ်တော် ယေရှု နဲ့ မြတ်ဗုဒ္ဓတို့ဆီက ကျွန်မသင်ယူခဲ့တာပါ။ ဒီအမွေအနှစ်ကို မာတင်လူသာ ကင်း၊ နလ်ဆင် မန်ဒဲလား၊ မိုဟမ္မဒ်အလီဂျင်းနားတို့ ထံကလည်း ထပ်ဆင့်အမွေအဖြစ်နဲ့ ကျွန်မရရှိခဲ့ပါတယ်။

    ဒါဟာ ကျွန်မသင်ယူခဲ့ရတဲ့ ဂန္ဓီကြီး၊ ဘာချာခန်း၊ မာသာ ထရီဆာတို့ ရဲ့ အကြမ်းမဖက် အဟိံသ မေတ္တာဝါဒသဘောတရားလည်းလည်းဖြစ်ပါတယ်။ ဒါ့အပြင်ဒါဟာ ကျွန်မအဖေနဲ့ အမေထံက သင်ယူခဲ့ရတဲ့ ခွင့်လွှတ်တတ်မှုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ အတွင်းသဏ္ဍန် စိတ်ဝိညာဉ်ကိုက ငြိမ်းအေးဖို့နဲ့ လူတိုင်းကို ချစ်ခင်ဖို့တိုက်တွန်းနေပါတယ်။

    ချစ်ခင်လေးစားရသော အစ်မ၊ အစ်ကိုတို့ ကျွန်မတို့ဟာ အမှောင်ကိုမြင်မှ အလင်းရောင်ရဲ့ အရေးပါအရာရောက်မှုကို သတိရကြတယ်။ ကျွန်မတို့ တိတ် ဆိတ်ကြရတဲ့အခါမှပဲ ကျွန်မတို့ အသံတွေရဲ့ အရေးပါ အရာရောက်မှုကို သိရတယ်။ ဖျက်ဆီးတဲ့ သေနတ်တွေကို မြင်မှပဲ ကလောင်တံနဲ့ စာအုပ်ရဲ့ အရေးပါမှုကို သိကြရတယ်။ ပညာရှိတွေပြောကြတာက ” ကလောင်သွားသည် ဓားသွားထက်ထက်၏” ။ ဒါဟာအမှန်ပါပဲ။ အစွန်းရောက် အကြမ်း ဖက်သမားတွေဟာ စာအုပ်နဲ့ ကလောင်တံတွေကို ကြောက်ကြပါတယ်။ ပညာရေးရဲ့ စွမ်းပကားက သူတို့ကို ကြောက်လန့်တုန်လှုပ်သွားစေတယ်။ သူတို့ ဟာ အမျိုးသမီးတွေကို ကြောက်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ထုတ်ဖော်တဲ့အသံစွမ်းအားကို သူတို့ကြောက်ကြတယ်။ ဒါ့ကြောင့်ပဲ ကတ်တားခရိုင် မှာ အပြစ်မဲ့တဲ့ ကျောင်းသား ၁၄ ယောက်လောက်ကို သူတို့သတ်ခဲ့တာပေါ့။ ဒါ့ကြောင့်သူတို့ဟာ အမျိုးသမီးဆရာမတွေကို သတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ကျောင်းတွေကို ဖောက်ခွဲ ဖျက်စီးကြတယ်။ အကြောင်းက သူတို့ဟာ အပြောင်းအလဲနဲ့ သာတူညီမျှမှုတွေ ကျွန်မတို့ လူအဖွဲ့အစည်းထဲကို ယူဆောင်လာမှာကို ကြောက်ကြလို့ပဲ။ ကျွန်မတို့ကျောင်းက လူငယ်လေးတစ်ဦးကို ဂျာနယ်လစ် တစ်ယောက်ကမေးတာကို အမှတ်ရမိပါတယ်။ “တာလီဘန်တွေဟာ ဘာလို့ပညာရေးကို ဆန့်ကျင်ရတာလဲ ?” လူငယ်လေးက စာအုပ်ကို ညွှန်ပြပြီး မဆိုင်းမတွဖြေလိုက်တာက “တာလီဘန်တွေဟာ စာအုပ်ထဲမှာ ဘာတွေရေးထားလဲဆိုတာ သူတို့မသိဘူး။”

    တာလီဘန်နဲ့ အကြမ်းဖက်သမားတွေဟာ ကျောင်းသွားတဲ့သူတွေကို အယူ အစွဲကြီးကြီးနဲ့ ဘုရားကပဲ သေနတ်နဲ့ချိန်ရွယ်ထားလိမ့်မယ် လို့လွဲမှားစွာ ထင်နေမြင်နေကြတယ်။ သူတို့ဟာ အစ္စလာမ်သာသနာကို သူတို့ကိုယ်ကျိုး တစ်ခုတည်းအတွက်နဲ့ လွဲမှားစွာအသုံးချနေကြတယ်။ ပါကစ္စတန် ဟာ ငြိမ်းချမ်း မှုကိုချစ်ခင်တဲ့၊ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ အာဖဂန်က ပထန်လူမျိုးတွေဟာ သူတို့သားသမီးတွေအတွက် ပညာရေးကို လိုလားကြပါတယ်။ ပညာရေးဟာ အဓိကဖြစ်သလို ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးဟာ သူတို့ရဲ့ တာဝန်နဲ့ဝတ္တရားပဲဖြစ်ပါ တယ်။ ငြိမ်းချမ်းမှု ကတော့ ပညာရေးအတွက် လိုအပ်မှုတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အထူးသဖြင့် ပါကစ္စတန်နဲ့ အာဖဂန် တို့မှာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေဟာ ပညာရေးအတွက် ကျောင်းတွေကို သွားလာခွင့်မရကြပါဘူး။ ကျွန်မတို့ဟာ ဒီစစ်ပွဲတွေကို တကယ်ပဲ စိတ်ကုန်လှပါပြီ။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကမ္ဘာအနှံ့မှာ အမျိုးမျိုးပဲ ခံစားနေကြရပါတယ်။

    အိန္ဒယမှာဆိုရင် အပြစ်မဲ့တဲ့ ဆင်းရဲတဲ့ ကလေးငယ်တွေဟာ ကလေးလုပ်သားတွေရဲ့ သားကောင်တွေဖြစ်နေပါတယ်။ နိုင်ဂျီးရီးယား မှာ ကျောင်းပေါင်း များစွာ ဖျက်ဆီးခံရတယ်။ အာဖဂန်က လူတွေဟာ အစွန်းရောက်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေရတယ်။ အမျိုးသမီးငယ်လေးတွေဟာ အိမ်ဖော်လို အလုပ် မျိုးတွေလုပ်ကိုင်နေရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံကြရတယ်။ ဆင်းရဲမှု၊ အသိဉာဏ်ပညာမဲ့မှု၊ တရားမျှတခြင်းကင်းမဲ့မှု၊ မျက်ကန်းမျိုးချစ်ဝါဒတွေနဲ့၊ လူ့အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေဟာ အမျိုးသား၊ အမျိုးသမီး နှစ်ဖက်လုံးမှာ တွေ့ကြုံရတဲ့ အဓိကပြဿနာတွေပဲဖြစ်ပါတယ်။

    ဒီနေ့တော့ ကျွန်မဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး အထူးအလေးပေးပြောချင်ပါတယ်။ အကြောင်းက သူတို့ဟာ အခွင့်အရေးအချိုးအဖောက် အခံရဆုံးဖြစ်လို့ပါပဲ။ တစ်ချိန်ကတော့ အမျိုးသမီးအရေး လှုပ်ရှား တက်ကြွသူတွေဟာ သူတို့အခွင့်အရေး အတွက် အမျိုးသားတွေကို အကူအညီတောင်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်မတို့ဟာ ကိုယ်တိုင်လုပ်ယူကြတော့မှာပါ။ ဒါပေမယ့် အမျိုးသားတွေကို အမျိုးသမီးအခွင့် အရေးအတွက် မပြောမဆိုဘဲနေကြဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသမီးတွေကိုလည်း လွတ်လပ်စွာနဲ့ သူတို့အခွင့်အရေးအတွက် သူတို့ကိုယ်တိုင်လည်း ပါဝင်ကြိုးစားကြဖို့ အလေးပေးချင်တာပါ။ ဒါ့ကြောင့် အစ်မ၊ အစ်ကိုတို့…အခုအချိန်ဟာ ကျွန်မတို့အသံတွေကို မြှင့်တင်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ငြိမ်းချမ်းပြီး သာယာဝပြောစေမယ့် နည်းဗျူဟာ စည်းစနစ်တွေ ချမှတ်ကြဖို့ တောင်းဆိုချင်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ် သတ်ပြီး ကာကွယ်ပေးကြဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေ ရဲ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေကို လက်မခံနိုင်ပါဘူး။

    နိုင်ငံတိုင်းမှာရှိတဲ့အစိုးရတွေအနေနဲ့ ကလေးငယ်တိုင်းအတွက် အခမဲ့ မဖြစ်မနေ ပညာရေးကို ဖြည့်ဆည်းပေးကြဖို့တောင်းဆိုပါတယ်။ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ကြောက်လန့်ဖွယ်ဆူပူမငြိမ်မသက်မှုတွေကို ငြိမ်းအေးအောင် လုပ်ကြဖို့တောင်းဆိုပါတယ်။ ကလေး ငယ်တွေကို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အန္တရာယ်ပေးမှုတွေကနေ အကာအကွယ်ပေးကြပါ။ တိုးတက်ပြီးနိုင်ငံတွေအနေနဲ့လည်း အမျိုးသမီး ပညာရေးအခွင့်အရေးအတွက် တိုးတက်ဆဲကမ္ဘာ့ အခြားနေရာတွေအထိ ဖြန့်ကျက် အကူအညီပေးကြဖို့တောင်းဆိုပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ နားလည်သည်းခံကြဖို့၊ လူတန်းစား၊မျိုးနွယ်၊ဘာသာအယူဝါဒ၊ အသားအရောင်၊ လိင်ကွဲပြားမှုတွေနဲ့ဆိုင်တဲ့ အာဃာတ တွေကို ဖယ်ရှားကြဖို့၊ အားလုံးအောင်မြင်တိုးတက်တက်ပြီး လွတ်လပ်တဲ့အခြေအနေကိုဖန်တီးကြဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မတို့အထဲက တစ်ဝက်လောက် က နောက်ကိုပြန်လှည့်နေရင် ကျွန်မတို့အောင်မြင်ကြမှာမဟုတ်ပါဘူး။ ကမ္ဘာအနှံ့က ကျွန်မရဲ့ ညီအစ်မတွေကိုပြောချင်တာက သတ္တိရှိကြပါ၊ မိမိအတွင်းက ခွန်အားကို အားကိုး အသုံးချကြပါ။ ဒါ့အပြင် မိမိတို့ရဲ့ အခွင့်အရေးပြည့်ဝတဲ့ အနာဂတ်အလားအလာကို သတိတရရှိကြပါ။

    ချစ်ခင်ရသောအစ်ကို အစ်မတို … ကျွန်မတို့ဟာ ကလေးငယ်တိုင်းရဲ့ အနာဂတ်ထွန်းလင်းတောက်ပဖို့ ကျောင်းတွေနဲ့ ပညာရေးကိုအလိုရှိပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းတဲ့ ပညာရေး ပန်းတိုင်ကို ဆက်လက်ချီတက်ကြမှာပါ။ ဘယ်သူမှ ကျွန်မတို့ကို ရပ်တံ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် ပြောကြားမယ်။ ကျွန်မတို့ရဲ့ အသံတွေနဲ့အတူ ပြောင်းလဲမှုတွေ ဖြစ်လာရမယ်။ ကျွန်မတို့ရဲ့ စကားလုံးတွေရဲ့ ခွန်အားနဲ့ စွမ်းပကားကို ကျွန်မတို့ယုံကြည်မှုရှိပါတယ်။ ကျွန်မတို့စကားလုံးတွေဟာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ပါတယ်။ အကြောင်းက ကျွန်မတို့ အားလုံးဟာ အတူတကွဖြစ်ကြပြီး ပညာရေးအတွက် အားလုံးစုစည်းကြလို့ပါပဲ။ ကျွန်မတို့ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အသိဉာဏ် ပညာ ဗဟုသုတလက်နက်နဲ့ ကျွန်မတို့ကိုယ်ကို စွမ်းအားမြှင့်တင်ရပါမယ်။ အဲ့ဒီနောက် အတူတကွစုစည်းမှုနဲ့ ကျွန်မတို့ကိုယ်ကို ဒိုင်းသဖွယ်အကာအကွယ်ရှိနေရပါမယ်။

    ချစ်ခင်ရသော အစ်ကို အစ်မတို့ … သန်းပေါင်းများစွာသောလူတွေဟာ ဆင်းရဲမှု၊ တရားမျှတခြင်းကင်းမဲ့မှု နဲ့ မသိနားမလည်မှုတွေရဲ့ ဆိုးကျိုးတွေခံ စားနေရတယ်ဆိုတာ မေ့မထားကြပါနဲ့။ သန်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ သူတို့နေရမယ့် ကျောင်းတွေရဲ့ပြင်ပကို ရောက်နေကြ ရတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်မတို့ အစ်ကိုတွေ အစ်မတွေဟာ ထွန်းလင်းငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုကို စောင့်မျှော်နေကြတယ်ဆိုတာ မမေ့ပါနဲ့။

    ဒါ့ကြောင့် စာမတတ်မှုပပျောက်ရေး၊ ဆင်းရဲ့မှုပပျောက်ရေးနဲ့၊ အကြမ်းဖက်ဝါဒတွေပပျောက်ရေးစတဲ့ ခန်းနားထယ်ဝါတဲ့ ကြိုးပမ်းအား ထုတ်မှုကိုပြုလုပ်ကြပါစို့။ အစွမ်းထက် လက်နက်ဖြစ်တဲ့ စာအုပ်နဲ့ ကလောင်တံတွေကို ကောက်ယူကြမယ်။ ကလေးတစ်ယောက်၊ ဆရာတစ်ယောက် စာအုပ်တစ်အုပ်နဲ့ ကလောင်တံတစ်ချောင်းက ကမ္ဘာကိုပြောင်းလဲနိုင်တယ်။ ပညာရေးက တစ်ခုတည်းသော အဖြေဖြစ်တယ်။ ပညာရေးသည်သာ ပထမ။ ကျေးဇူးတင်ပါတယ်။