News @ M-Media
Blog
  • ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    ဇူလိုင်-၁၃၊ ၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    TNTUBaWinမကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ဦးဖာ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ငယ်နံမည်မှာ မောင်စံတင် ဖြစ်သည်။
    ငယ်စဉ်က နတ်မောက်မြို့ ဆရာကြီး ဦးဝကြီးကျောင်း၊ ဆရာသက်ကျောင်း၊ တောင်တွင်းကြီးမြို့ ဆရာတော် ဦးသုန္ဒရကျောင်းတို့၌ ပညာသင်ယူခဲ့သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ခဲ့သည်။ ၁၆ နှစ်တွင် ၉ တန်းနှင့်ဆရာဖြစ်စာမေးပွဲ အောင်မြင်ပါသည်။ အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ဦးဘ၀င်းသည် ၁၇ နှစ် အရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်း၌ လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင် စာရေးအလုပ်များ လုပ်ကိုင်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။
    ထို့နောက် စာရေးအလုပ်မှထွက်ကာ မန္တလေး ဥပစာကောလိပ် သွားတက်သည်။ ဥပစာသိပ္ပံအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ပြန်ရာ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ်ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြဆရာအဖြစ်လုပ်ခဲ့သည်။ ယင်းနောက် ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့၏။ ဆရာကြီး ဦးဘ၀င်းသည် ကိုလိုနီခေတ် နှောင်းပိုင်းကာလတစ်လျှောက် အမျိုးသားကျောင်းအုပ်ကြီး အဖြစ် အမှုထမ်းရင်း မျိုးချစ်စိတ်ပြင်းထန်သူ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သည်။
    ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။
    ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့တွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ် သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများနှင့် အတူ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် ကျဆုံးခဲ့ရသည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
  • ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး
    shwe ti gone
    ရန်ကုန်၊ ဇူလိုင် ၁၂
    ၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်းတန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေးတိုင်းဒေသကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည်ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ ၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ  အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။
    Yangon Police FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
    Source =>http://goo.gl/n0tGr
  • ဒုက္ခသည်များ ကိုင်ဆောင်သည့် UNHCR ကဒ်များ နည်းပညာ အဆင့်မြှင့်ပြီး တရားဝင် အလုပ်လုပ်ခွင့် မလေးရှားပေးမည်။
    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media
    Datuk Seri Dr Ahmad Zahid Hamidi
    ကွာလာလမ်ပူ။                ။ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာနသည် United Nations High Comissioner for Refugees (UNHCR) နှင့် အတူ UNHCR ကဒ်များအား အဆင့်မြှင့်ကာ ပုံသဏ္ဍန်ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒါတွန် စရီ အဟ်မဒ် ဇာဟစ် ဟမီဒီ (Datuk Seri Dr Ahmad Zahid Hamidi)က ပြောကြားခဲ့သည်။
    ထို ကဒ်အသစ်တွင် ATM များမှ ပိုက်ဆံထုတ်ယူရန် Debit Card စနစ်လည်းပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ အတုအပများ မလုပ်ဆောင်နိုင်ရန်လည်း ကာကွယ်တားဆီးသော စနစ်များလည်း ထည့်သွင်းထားမည်ဖြစ်သည်။
    ကဒ်အား အဆင့်မြင့်ရာတွင် ကုန်ကျသော စရိတ်အကျဉ်းအား ခိုလှုံသူများက ပေးအပ်ရမည် ဖြစ်ကြောင်း။
    မြန်မာလုပ်သား အများစုဖြင့် လည်ပတ်လုပ်ကိုင်နေသည့် ကွာလာလမ်ပူမြို့ စလာရန်း (Bandar Utara Selayang) ရှိ ဟင်းသီးဟင်းရွက် သားငါး လက်ကား ရောင်းချသောဈေးကြီး သို့သွားရောက်ကြည့်ရှုပြီး နောက်တွင် ၀န်ကြီးမှ “UNHCR နှင့် ထို အကြောင်းအရာအား တိုင်ပင်ဆွေးနွေးပြီးပြီဖြစ်တယ်။ ယခု အသစ်ထည့်သွင်း ထားသော လုံခြုံရေး နည်းစနစ်များအား သူတို့ထံမှ သဘောတူညီခြင်းရှိ/မရှိကို စောင့်စားနေတာဖြစ်ပါတယ်” ဟု  သတင်း ထောက်များအား ပြောကြားခဲ့သည်။
    အဟ်မဒ် ဇာဟစ်  က မလေးရှားနိုင်ငံတွင် လာရောက်ခိုလှုံသူ ဒုက္ခသည်များတွင် ၁၀၄,၀၇၀ သည် UNHCR ကဒ် ကိုင်ဆောင်ထားပြီး၊ ကျန်သော ၅၀,၀၀၀ ကျော်တွင်တော့ ကိုင်ဆောင်ထားခြင်း မရှိဟု ဆိုသည်။
    အဆိုပါဈေးကြီးတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့်  နိုင်ငံခြားသားများတွင် UNHCR ကဒ်သော် လည်းကောင်း၊ အခြားမည့်သည့် အထောက်အထား စာရွက်စာတန်းမှ သော်လည်းကောင်း တရားဝင်ကိုင်ဆောင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း တာဝန်ရှိသူများက မေးမြန်းသောအခါ သူတို့သည် လာရောက် ခိုလှုံသူများဟု ဟန်ဆောင်ပြောဆိုကြသည့် ဟု ပြည်ထဲရေးဝန်ကြီးက ဆက်ပြီး ပြောပါသည်။
    “ဒီအပတ်အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်တမ်း ကောက်ယူမည်ဖြစ်ပြီး၊ ထို့နောက် ပြည်ထဲရေး ၀န်ကြီးဌာနမှ UNHCR နှင့်အတူ အကောင်းဆုံး ဖြေရှင်းရန် နည်းလမ်းတစ်ခုကို အကောင်ထည်ဖော် သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
    တရားမ၀င်နေထိုင်နေသော အဆိုပါဈေးတွင် အလုပ် လုပ်ကိုင်သူများကို  မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်များအားလည်း တာဝန်ယူမည်ဟု မြန်မာသံရုံးက လက်ခံ သဘောတူထားပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံတွင် တရားမ၀င် လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဦးရေမှာ ၁၄၀,၀၀၀ နီးပါးရှိကာ အမြန်အဆုံး ပြန်လည်ပို့ဆောင်မည် ဟုသိရသည် ဟု အာမဒ်ဇဟဒ်က ပြောကြား ခဲ့သည်။
    “သို့သော်လည်း ထိုတရားမ၀င်နေထိုင်သူများသည် တိကျသော တရားဝင် နည်းလမ်းများဖြင့် မလေးရှားအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ သူတို့၏ လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည်ဖြစ်သည်” ဟု သူက ဆိုသည်။
    သြဂုတ်လ ၁ ရက်နေ့ ၂၀၁၁ ခုနှစ်မှ ဇူလိုင်လ ၈ ရက် ၂၀၁၃ ခုနှစ်အတွင်း ပြန်လည်ပို့ဆောင်ခံရသော တရားမ၀င် နေထိုင်သူ မြန်မာဦးရေမှ ၂၅,၅၃၅ ရှိသည်။
    အာမဒ်ဇဟဒ်က ပြည်သူများ၊ ဈေးရောင်းသူများနှင့် အလုပ်သမားများ၏ အကျိုးစီးပွားအား မထိခိုက်စေရန် ကာကွယ်ရန် အတွက် ကေအလ် နှင့် စလာရန်း ဈေးများတွင် ရှိသော တရားမ၀င် ဈေးရောင်းချသူ မြန်မာများအား ဌာနအစုံက ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ ရမည် ဖြစ်ကြောင်း။
    “ဈေးများတွင်ရှိသော အလုပ်သမား ၉၉ ရာခိုင်နှုန်းဟာ မြန်မာများသာဖြစ်ပြီး၊ သူတို့၏ အကူညီကို အလွန်ပင်လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော မလေးများသည် ထိုသို့သော အလုပ်ကြမ်းများကို မလုပ်ဆောင်ချင်ကြဘူး။ သို့ပေမယ့် ထိုနေထိုင်သူများထဲမှ အားလုံးဟာ တရားဝင် UNHCR ကဒ် ကိုင်ဆောင်ထားခြင်းမရှိဘူး။ တော်တော်များများမှာ မည်သူမည်ဝါဆိုတာကို ပြသသော် အထောက်အထား စာရွက်စာတန်းများပင်မရှိဘူး”
    “ကျွန်တော့်ဝန်ကြီးဌာနသည် UNHCR နှင့် ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး၊ သူတို့သည် ခိုလှုံသူတစ်ဦး၏ အချက်အလက်များ ကိုက်ညီပါက လူဝင်မှုကြီးကြပ်ရေးအား သူတို့ကို အလုပ်သမား ပါမစ်များ ပေးအပ်ရန် ညွှန်ကြားထားပြီးဖြစ်တယ်” ဟု သူက ဆိုသည်။
    သို့သော်လည်း ပါမစ်ရရှိသူများသည် မလေးရှားနိုင်ငံမှ ပြဌန်းထားသော ဥပဒေကို လိုက်နာရမည် ဖြစ်သည်။
    လာရောက်ခိုလုံသူများအား မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်လမ်းများ ပေးအပ်ခြင်းကို UNHCR ၏ ကိုယ်စားလှယ် မစ်ချယ်လ်မန်ကာဒီနီစာ (Michele Manca di Nissa) မှ “မလေးရှား အစိုးရမှ ထိုကဲ့သို့ သဘောထားကြီးစွာ လာရောက်ခိုလုံသူများကို လက်ခံခဲ့ပြီး၊ အလုပ်အခွင့် အလမ်းများ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်ကြောင်း။ ထို့အတူ ယခုဆုံးဖြတ်ချက်ကြောင့် အစိုးရ ပေါ်တွင်ရှိနေသော ဝေဖန်ချက်များကို ရပ်တန့်စေမှာဖြစ်ပြီး၊ မလေးရှားမှ ပေးအပ်လိုက်သော လူသားချင်းစာနာမှု စိတ်ဓာတ်အား လေးစားကြောင်း” ပြောကြားခဲ့သည်။
    — BERNAMA
  • ၁၂-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု
    ၁၂-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု
    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media
    ပြည်ပရောက် ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံခေါင်းဆောင် လွတ်ငြိမ်းခွင့်ရ
    ယခုလကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲ စည်းရုံးရေး လုပ်နိုင်ရန် ဝန်ကြီးချုပ် Hun Sen၏ အဓိက အတိုက်အခံ ဖြစ်သူ Sam Rainsy ကို ထောင် ၁၂ နှစ် ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်သည်။
    စနိုးဒန်း လူ့အခွင့်အရေး အဖွဲ့များနှင့် တွေ့မည်
    မော်စကို လေဆိပ်အတွင်း ရှိနေသည့် စနိုးဒန်းက ရုရှလူ့အခွင့်အရေး အဖွဲ့များနှင့် တွေ့ဆုံလိုကြောင်း e-mail ပို့ တောင်းဆိုထားသည်ဟုဆိုသည်။
    အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီထောက်ခံသူများ ဆန္ဒပြ
    စစ်တပ်မှ သမ္မတ မော်စီကို ရာထူးမှ ဖယ်ရှားခဲ့ပြီးကတည်းက သမ္မတဟောင်း ကို ထောက်ခံ၍ စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားနေခဲ့ရာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၅၀ဦးခန့် သေဆုံးခဲ့သည်။
    နက္ခတ်သိပ္ပံပညာရှင်များ ဂြိုဟ်ပြာတစ်လုံးကို တွေ့ရှိ
    နေအဖွဲ့အစည်း ပြင်ပ ဂြိုဟ်၏ အရောင်ကို ပထမဆုံးအနေဖြင့် ပညာရှင်များသည် အလင်းရောင်ပြန်မှုကို တိုင်းထွာ၍ သိရှိနိုင်ခဲ့သည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမှာ အလင်းနှစ် ၆၃နှစ် ဝေးကာ လေထု အပူချိန် ၁၀၀၀ ဒီဂရီ ဆဲလ်စိယပ်စ် ပူပြင်းသည်။
    အင်ဒိုအကျဉ်းထောင်ဖောက်မှု ၁၀၀ ကျော်လွတ်မြောက်
    အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတခုအတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀၀ လောက်ကို အာဏာပိုင်တွေက လိုက်ရှာနေကြပါတယ်။
    ထိုင်ဝမ်မှာ တိုင်ဖုန်း မုန်တိုင်းရန် ကြိုတင်ပြင်ဆင်
    ထိုင်ဝမ် ဗဟိုမိုးလေ၀သဌာနကနေ ဆူးလစ် (Soulik) အမည်ရှိ တိုင်ဖုန်း မုန်တိုင်းဟာ ဒီကနေ့ သောကြာနေ့မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော်လောက်နဲ့ ထိုင်ဝမ်ကျွန်းမြောက်ဘက်ခြမ်းကို ၀င်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်ဝမ်ကျွန်းတခုလုံးကိုလည်း အထူးသတိပေးဇုန်အဖြစ် ကြေညာထားပြီး မိုးသည်းထန်မှုကြောင့် မြေပြိုမှုတွေ ဖြစ်နိုင်တဲ့ဒေသက ထောင်ပေါင်းများစွာသော လူတွေကိုလည်း ဘေးလွတ်ရာဆီ ကြိုတင်ပြောင်းရွှေ့ပေးနေပါတယ်။
  • ဗလီအားလုံး ပြန်ဖွင့်ခွင့်ရရေး တောင်းဆိုသွားမည်
    ဇူလိုင်-၁၂၊ ၂၀၁၃
    DVB မှ ကူးယူဖော်ပြပါသည်။
    burn masjid
    မြန်မာနိုင်ငံအတွင်း ပဋိပက္ခအကြမ်းဖက်မှုတွေကြောင့် ပိတ်ခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ၀တ်ပြုရာ ဗလီတွေအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာ ကောင်စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။
    “အပိတ်ခံထားရတာတွေ တချို့ ပြန်ဖွင့်ခွင့် ရတာတွေ ရှိတယ်။ ပြန်ဖွင့်ခွင့်ရတာ နည်းနည်းပဲ ရသေးတာ။ မိထ္ထီလာမှာ ကျနော်တို့ ၁၃ လုံး၊ ၁၂ လုံးလောက်မှာ ၂ လုံး၊ ၃ လုံးလောက်ပဲ ရသေးတယ်။ ကျနော်တို့ ကုသိုလ်ရေး အရေးတကြီးလိုတဲ့ အချိန်မှာပေါ့နော်။ ကျနော်တို့ ဗလီကျောင်းတော်တွေ သုံးခွင့်မရတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်တယ်။ စိတ်မကောင်းဖြစ်တာထက် အခက်အခဲတွေ ပေါ်တာပေါ့။ အဲဒီအတွက်ကိုလည်း ကျနော်တို့ ကြိုးပမ်းတာပေါ့။ နိုင်ငံတော်ကို ကျနော်တို့ မေတ္တာ ရပ်ခံတာ ကျနော်တို့ ကျောင်းတွေကို ပြန်ဖွင့်ပေးဖို့ မေတ္တာရပ်ခံထားတယ်။”
    ဗလီဝတ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဌာန ဒုရုံးအဖွဲ့မှူး ဦးစိုးနိုင်က သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့တွေထံက ခွင့်ပြုချက်ရယူပြီး ပြန်လည် ဖွင့်ခွင့်ရနိုင်ပါတယ်လို့ ပြောပါတယ်။
    “ဗလီတွေကတော့ နဂိုအတိုင်းပဲလေ။ လာရှိုး၊ မိထ္ထီလာတို့မှာဖြစ်တဲ့ ဗလီတို့ ဘာတို့ကျတော့ သက်ဆိုင်ရာ အဲဒီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ အစီအစဉ်နဲ့ပဲ သူတို့ရဲ့ လုံခြုံရေး အစီအစဉ်အရ လုပ်ပေးနိုင်ရင် ဖွင့်ပေးတာမျိုး ရှိရင်ရှိမယ်။ သာသနာရေးဝန်ကြီးဌာနအနေနဲ့ အဲလို  တိုက်ရိုက် ဖွင့်ခွင့်ပြုတယ်လို့ မရှိပါဘူး။”
    ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေထဲက မွတ်စလင်ဒုက္ခသည်တွေအဖို့ ၀တ်ပြုဆုတောင်းမှုမှာ အခက်အခဲတွေရှိပေမယ့်  မင်းပြားမြို့ ပိုက်သည်ကျေးရွာ ဥက္ကဋ္ဌ ဦးရွှေမောင်ကတော့ သူတို့နေရာမှာ ဗလီတက်ဝတ်ပြုခွင့်တွေ ရခဲ့ပေမယ့် စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။
    ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လဆန်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဗလီ ၆၀ ကျော် ဖျက်ဆီးခံရပြီး ပြန်ဆောက်ခွင့် မရသေးဘူးလို့ မြန်မာမွတ်စလင်လူငယ်များ လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောပါတယ်။
    မိတ္ထီလာမှာ ၁၄ လုံး အပိတ်ခံရပြီး ၃ လုံးကို ဒီဥပုဒ်လမှာ ပြန်ဖွင့်ရပြီဖြစ်ကြောင်း၊ လားရှိုးမှာ ၁ လုံးနဲ့ ရမည်းသင်းမြို့ ဗလီတလုံးကိုတော့ ပြန်ဖွင့်ခွင့်ရဖို့ ညှိနှိုင်းကြိုးစားနေတယ်လို့ ပြောပါတယ်။
    Link=>http://burmese.dvb.no/archives/41524