News @ M-Media

Blog

  • မိကျောင်းကန် မြေသိမ်းမှု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင်-၁၀၊ ၂၀၁၃
    M-Media
    အိမေ

    မိကျောင်းကန် မြေယာအသိမ်းခံ တောင်းဆို ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အား ဆက်သွယ်မေးမြန်းချက်

    robat sanaungရန်ကုန် ။           ။          ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ၂၇.၆.၂၀၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်မှ သိမ်းဆည်းထားခဲ့သော သင်္ဃန်းကျွန်းမြို့နယ်၊ မိချောင်းကန် ၁.၂.၃ မှ မြေယာ အသိမ်းခံဒေသများခံ၏ တောင်းဆိုဆန္ဒ ဖော်ထုတ်ပွဲနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ဦးရောဘတ်စန်းအောင်မှ နိုင်ငံတော်နှင့် တပ်မတော်အပါ် သုံးသပ်မှုတို့အား တည်ဆဲဥပဒေများနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။

    ” သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ၁.၂.၃ မြေယာသိမ်းခံ ပြည်သူတွေ ဆန္ဒဖေါ်ထုတ်ကြတာ အခုအကြိမ်နဲ့ဆို (၅) ကြိမ်ရှိပြီလို့ သိရတယ်၊ ပထမ အကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ ခွင့်ပြုမိန့် မရခဲ့လို့ ပုဒ်မ-၁၈ နဲ့ အရေးယူခံခဲ့ရတယ်။ တတိယနဲ့ စတုတ္ထ၊ ပဉ္စမ အကြိမ်တွေမှာ တရားဝင် ခွင့်ပြုမိန့်တွေနဲ့ ဆန္ဒဖေါ်ထုတ်ကြတယ်။ အဲဒါကို ကျွန်တော်လည်း လေ့လာကြည့်ပြီး သူတို့တွေ ဆန္ဒဖေါ်ထုတ်တဲ့ တပ်မ(၂၂)က သိမ်းထားတဲ့ မြေတွေက၊ သူတို့တွေရဲ့ ပိုင်ဆိုင်မှု မြေဂရန်တွေနဲ့ ရှိတာတွေ နှစ်ကာလရှည်နေထိုင်ပြီး အခွန်အခတွေ ပေးထားပြီး တရားဝင်သူတို့ ပိုင်ဆိုင်ကြပါတယ်။ တပ်မတော်က လိုအပ်လို့ ဒါမှမဟုတ် နိုင်ငံတော်က လိုအပ်လို့ ပြန်သိမ်းမယ်ဆိုရင် ၁၈၉၄-ခုနှစ် မြေသိမ်းဥပဒေ ပုဒ်မ ၂၃-၂၄ တို့အရ ကာလပေါက်ဈေး ပေးပြီးထိုက်တန်တဲ့ ပေးလျော်မှုမျိုး ဆောင်ရွက်ရမှာ ဖြစ်တယ်။

    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်က သိမ်းထားတဲ့ မြေတွေ အသုံးမပြုတဲ့မြေတွေကို မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ဖို့ ညွန်ကြားချက် အမိန့်တွေ ပေးထားပြီး ဖြစ်ကြောင်း၊ မြန်မာပြည်အရပ်ရပ်တွင် တပ်မတော်အပိုင်းအနေနဲ့ သိမ်းယူထားသော မြေတွေ လယ်ယာတွေကိစ္စ အမြောက်အများရှိနေကြောင်း၊ ယင်း ပြဿနာတွေကို နိုင်ငံတော် အကြီးအကဲများက အောက်ခြေအထိ တည်ဆဲဖွဲ့စည်းပုံ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အချိန်ဆွဲမနေပဲ၊ တရားဥပဒေစိုးမိုးသော နည်းဖြစ်ဖို့ တရားဥပဒေ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ဖို့လိုကြောင်း၊ အဲဒီလိုမှမဟုတ်ဘဲ ထွန်တုံးတိုက်ပွဲ၊ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ပြီးတော့ ဖမ်းလိုက် ဆီးလိုက်ကနေ တရားစွဲလိုက်၊ ထောင်ချလိုက်၊  လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်လိုက်၊ လွတ်လိုက်နဲ့ ဖြေရှင်းလို့ကတော့ ပြဿနာတွေက ပြေငြိမ်းသွားမှာမဟုတ်ပဲ ပိုမိုကြီးထွားပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် ပြည်ပနိုင်ငံတွေကလည်း ပိတ်ဆို့မှုတွေနဲ့ ပြန်ပြီး ဖြစ်လာရင် တိုင်းပြည်အတွက် အရမ်းနစ်နာမယ်။ တိုးတက်မှုတွေ နှောင့်နှေးမယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ်။ အဲလိုမဖြစ်ရလေအောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၊ တပ်မတော်၊ လွှတ်တော်အသီးသီးက တိုင်ပြည်နဲ့လူမျိုးကိုချစ်တယ် တိုင်းပြည်တိုးတက် ချမ်းသာစေချင်ရင် ပြည်သူလူထုရဲ့ ဆန္ဒတွေကို ဖြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ်” ဟု M-Media သို့ပြောသည်။

  • စင်္ကာပူ မွတ်စလင်မ်များ ရမဿွန်လ (ဥပုတ်) ဗုဒ္ဓဟူးနေ့တွင် စတင်မည်။

    ဇူလိုင်-၉၊၂၀၁၃

    M-Media

    SINGAPORE:  စင်္ကာပူနိုင်ငံရှိ မွတ်စလင်များသည် ဗုဒ္ဓဟူးနေ့ မှ စတင်ကာ လမြတ်ရမ်ဇန် အတွက် ဥပုသ်စောင့်တည်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံ၏ မုဖ်သီ ဒေါက်တာ မုဟမ္မဒ် ဖာရစ် ဘက်ကာရမ် (Mufti Dr Mohamed Fatris Bakaram) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    en-naeem-mosque

    မွတ်စလင်များသည် ရမဿွန်လတွင် အပျော်အပါးများ ရှောင်ကျဉ်ကာ၊ အစားအသောက်များ ကိုလည်း နေထွက်ချိန်မှစကာ နေ၀င်ချိန်အထိ စားသောက်ခြင်း မပြုလုပ်ကြပေ။

    စင်္ကာပူနိုင်ငံရှိ ဗလီကျောင်းတော်များသည် လမြတ်ရမဿွန် အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး၊ ဟောင်ဂန် (Hougang) တွင် ရှိသော အန်နာအီးမ်(En-Naeem) ဗလီကျောင်းတော်ကတော့ မေလကပင် စတင်ကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

    လုပ်အားပေးများမှာ ဗလီကျောင်းတော်များ အရှေ့တွင် နေ့စဉ် ညဘက် ၀တ်ပြုရန် အတွက် ယာယီ တဲများ နှင့် စင်များကို ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ စင်များမှာ လူအယောက် ၁၅၀ ကျော် ဆန့်ကြောင်း သိရသည်။

    ဥပုသ်လတွင် ပလီကျောင်းတော်များ၌ လှူဒါန်းသူများ ကျွေးမွေးသော အစားအစာများအား ကျွေးမွေးမည်ဖြစ်ပြီး။

    နှစ်စဉ် တစ်လကြာ ဖွင့်လှစ်သော Geylang Serai bazaar  ဈေးသည်လည်း ရမဿွန် လအတွက် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

    ယာယီ အရောင်းဆိုင်များမှာ ငှားရမ်းခ စင်္ကာပူ ဒေါ်လာ ၁၈၀၀ နှင့် ၇၀၀၀ ကြားရှိပြီး။

    ဈေးစီစဉ်သူများက ယခုနှစ်အတွက် ငှားရမ်းသူနှုန်းမှာ ယခင်နှစ်ကလောက် မများကြောင်း၊ အကြောင်းမှာ တန်ပိုင်း (Tampines) တွင် ဖွင့်လှစ်မည်ဖြစ်သော ဈေးအသစ်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    MMC Events ၏ ကန်ထရိုက်တာ Salleh Sam က “အရင်နှစ်က ငှားရမ်းသူများမှာ ၉၀ မှ ၉၅ ရာခိုင်နှုန်းရှိပြီး။ ဒီနှစ်တွင် ၈၀ ရာခိုင်နှုန်းသာရှိသည်။ တန်ပိုင်းဈေးသည် ယခုမှစတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ငှားရမ်းသူများသည် ထိုသို့ပြောင်းကာ ရောင်းချနေ၍ပင် ဖြစ်မည်” ဟု ပြောကြားခဲ့သည်။

    – CNA/jc

  • မိတ္ထီလာမြို့ရှိ အကြမ်းဖက် ဖျက်ဆီးခံ ဗလီတချို့ ရမဿွန်လ(ဥပုသ်လ)တွင် ပြန်လည် ၀တ်ပြုခွင့်ရ။

    ဇူလိုင် ၉၊ ၂၀၁၃
    M-Media
    KK

    မိတ္ထီလာ ။        ။     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ၂၀၁၃-ခု မတ်လအတွင်းက အကြမ်းဖက်မှုများကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသော ဗလီများကို ပိတ်ထားခဲ့ရာ ယခု မွတ်စလင်မ်များ၏ ဥပုသ်လ(ရမ်ဇာန်)လတွင် တချို့ ဗလီများတွင် ၀တ်ပြုရန် ယနေ့ နေ့လည်ပိုင်းက ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

    burn masjid
    လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက မိတ္ထီလာမြို့စွန်ရှိ တူရကီဗလီနှင့် ချမ်းအေးဗလီအား ၀တ်ပြုရန် ခွင့်ပြုကြောင်းနှုတ်မိန့်ကို ခရိုင်ရုံးမှ ဗလီဂေါပကများထံသို့ တိုက်ရိုက် အကြောင်းကြားခြင်း မရှိခဲ့သော်လည်း တဆင့်ကြားသိရသည့် ဗလီတာဝန်ရှိဂေါပကများနှင့် ကူညီဆောင်ရွက်နေသူများမှ မြို့ထဲရှိဗလီများတွင် ၀တ်ပြုခွင့်ရရန် တောင်းဆိုခဲ့မှုကြောင့် ယနေ့နေ့လည်ပိုင်းက မြို့ထဲရှိ ဘင်္ဂါလီဗလီအား ၀တ်ပြုခွင့်ပြုလိုက်ပြီဟု သိရသည်။

    “ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ္ထီလာမြို့ အစွန်က တူရကီဗလီနဲ့ ချမ်းအေးရပ်ကွက် မီးလောင်ပြင်က ဗလီမှာ ၀တ်ပြုဖို့ ခွင့်ရရှိခဲ့တယ်။ အဲဒါကလည်း တရားဝင် ခွင့်ပြုတာမဟုတ်ပဲ ကြားလူကတဆင့် အကြောင်းကြားလာပါတယ်။ ဒါနဲ့ ဗလီဂေါပကတွေရယ် တစ်ခြား ကူညီပေးနေတဲ့သူတွေရယ် စုပေါင်းပြီး အဲဒီ ဗလီတွေကို သွားရောက်ဝတ်ပြုဖို့ ခက်ခဲတယ်။ ဒါကြောင့်မြို့ထဲ ဗလီကို ၀တ်ပြုခွင့်ရချင်ပါတယ်ဆိုပြီး ခရိုင်ကို အကြောင်းပြန်ခဲ့ပါတယ်။

    ဒါနဲ့ ဒီနေ့တော့ ဦးညွှန့်မောင်သျှိန်ရယ် ဒေါက်တာသာဥာဏ်ရယ်ပါတဲ့ ရန်ကုန် ဘာသာပေါင်းစုံအဖွဲ့၊ မန္တလေးက ဘာသာပေါင်းစုံအဖွဲ့တို့ပေါင်းပြီး တိုင်းဝန်ကြီးချုပ်ကို ညှိနှိုင်းလိုက်တယ်။ ညှိနှိုင်းလိုက်တော့ တိုင်းဝန်ကြီးချုပ်က ခရိုင်ကိုညွှန်ကြားတယ်။ ဒါနဲ့ အခုပဲ မြို့ထဲက ဗလီတစ်လုံးကို ခွင့်ပြုလိုက်ပါပြီ။ ရတနာမာန်အောင်ရပ်ကွက်က သုခ၀တီလို့လည်းခေါ်တဲ့ ဘင်္ဂါလီဗလီကြီးကို ခွင့်ပြုလိုက်တာကြောင့် အခုပဲ ကျွန်တော်တို့သန့်ရှင်းရေးလုပ်နေကြတာပါ။

    ရဲလုံခြုံရေးတွေလည်း လာချပေးထားပါတယ်။ မြို့နယ်မှူးအဆင့်ပါရှိပြီး လက်နက်ကိုင်အပြည့်အစုံ ၁၂-ယောက်လောက်၊ ရယက တွေလည်း ပါပါတယ်။ မနက်ဖြန်နေ့လည် ၀တ်ပြုချိန်ကနေစပြီး ၀တ်ပြုကြပါမယ်။

    ဟုတ်ကဲ့ ပထမဖွင့်ပေးထားတဲ့ ဗလီ ၂-လုံး လုံးမှာတော့ လောလောဆယ် ၀တ်ပြုဖို့ မရှိဘူးခင်ဗျ။ တူရကီဗလီကိုတော့ တချို့တ၀က်သွားရောက် ၀တ်ပြုကြပါမယ်။ ဒါပေမယ့် ချမ်းအေးဗလီကိုတော့ ဘယ်သူမှ မသွားပါဘူး။ အဲ့ဒီက ဝေးလည်းဝေးတယ်။ ပြီးတော့ မီးရှို့ခံထားရလို့ မွတ်စလင်မ်တွေကလည်း camp ထဲမှာပါ၊ ပြီးတော့ ရေလည်း အခက်အခဲရှိပါတယ်။ လုံခြုံရေးလည်း စိတ်မချရတာကြောင့် ချမ်းအေးမှာ မဖတ်ကြပါဘူး။

    တချို့က တူရကီဗလီမှာ ၀တ်ပြုကြမယ်။ အများစုက ဘင်္ဂါလီဗလီမှာ ၀တ်ပြုကြပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ရမဿွန်အမီ မြို့ထဲကဗလီမှာ ၀တ်ပြုခွင့်ရလိုက်တာကိုပဲ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မိတ္ထီလာမြို့ခံတစ်ဦးက ဗလီအား သန့်ရှင်းရေးလုပ်နေစဉ်မှာပင် ဖြေကြားပေးခဲ့ပါတယ်။

    ချမ်းအေးဗလီက အဲ့ဒီမှာ လောလောဆယ်  ဗလီ နှစ်လုံးပြုပြင်ရန် မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံမှ နှုတ်ကတိ ရရှိတယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှု ဦးသာဥာဏ်ဖုန်းဖြင့်ပြောပါတယ်။ “အခု ကျွန်တော်တို့ ၀န်ကြီးချုပ်နဲ့တွေ့နေပါတယ် ၀မ်းသာလို့ ခင်ဗျား သိအောင်ပြောတာ ဘယ်ဗလီတွေ ဆိုတော ပြီးမှအသေအချာပြောတော့မယ် ဖြစ်နိုင်တာက ၀မ်းတွင်း က သဲတော့ဗလီ နဲ့ မိထ္ထီလာ မြို့ပေါ်ဗလီတစ်ခုပေါ့” လို့ သိရှိရပါတယ်။

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုတွင် သာယာကုန်းဗလီမှာ ဖျက်ဆီးခြင်းမခံရပဲ၊ ပြည်သာယာဗလီမှာ လုံးဝ ပုံကျသွားသည်အထိ ဖျက်ဆီးခံလိုက်ရပြီး ကျန်သည့် ပြည်သာယာမြောက်ဗလီ၊ သီရိမင်္ဂလာဗလီ၊ ပါကစ္စတန်အရှေ့ဗလီ၊ ဈေးဗလီ၊ မြို့မဗလီ၊ ဘင်္ဂါလီဗလီ၊ မြို့ဦးဗလီ၊ တူရကီဗလီ၊ နန်းတော်ကုန်းဗလီ၊ ချမ်းအေးဗလီ တို့မှာ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ခံခဲ့ရပါသည်။

    ယခုအခါ မိတ္ထီလာမြို့သည် ပြန်လည်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး ပြည်သူများ အကြား ဆက်ဆံရေးမှာ ဟိုးရှေးယခင်ကကဲ့သို့ ပြန်လည် မရောက်ရှိသေးသော်လည်း အချင်းချင်း အပြန်အလှန်သွားလာဆက်ဆံမှု ပြန်လည်ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

  • စင်္ကာပူဝန်ကြီးချူပ် မှ နိုင်ငံသား မွတ်စလင်များကို ရမဿွန် (ဥပုတ်လ)အဝင် နှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြား

    ဇူလိုင်- ၉၊၂၀၁၃
    M-Media

    စင်ကာပူ ဝန်ကြီးချူပ် လီရှန်လွန်း မှ စင်ကာပူနိုင်ငံသား မွတ်စလင်မ်များအား မနက်ဖြန်မှာ စတင် ကျရောက်မယ့် အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရမဿွန် ဥပုတ်လ စတင်ခြင်းအတွက် ၄င်းရဲ့ Facebook စာမျက်နှာမှ တဆင့် ဆုမွန်ကောင်းတောင်းပြီး နှုတ်ခွန်းဆက် စကားပြောကြားလိုက်ပါတယ်။

    အဆိုပါ နှုတ်ဆက်စကားကို အင်္ဂလိပ်၊ မလေး ၂ ဘာသာဖြင့် ရေးသားထားပါတယ်။ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွန်ဥပုတ်လ ၁ လတိတိ ကြာမြင်မှာဖြစ်ပြိး စင်္ကာပူနိုင်ငံမှာ မနက်ဖြန် ဇူလိုင်လ ၁၀ ရက်မှ စတင်မှာဖြစ်ပါတယ်။

    စင်္ကာပူနိုင်ငံ လူဦးရေ ၅ သန်းကျော်၏ ၁၅% မှာ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်သူများဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံတွင် ဗလီဝတ်ကျောင်းတော် ၆၉ လုံးရှိပါတယ်။

    SG LSL

    ဓါတ်ပုံအညွန်း-၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ စင်္ကာပူဝန်ကြိးချူပ် လီရှန်လွန်း နှင့် မွတ်စလင်မ်များစုပေါင်း ဝါဖြေ (ဥပုတ်ထွက်ချိန် စုပေါင်း စားသုံးခြင်း) နေစဉ်။

    Ref: Lee Hsien Loong FB http://goo.gl/rTydW

  • မသန်စွမ်းသူများအတွက် တတိယအကြိမ် စာပေဟောပြောပွဲ ပြုလုပ်မည်

    ဇူလိုင် ၉၊ ၂၀၁၃
    M-Media

    ရန်ကုန် ။            ။         မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် တတိယအကြိမ် စာပေဟောပြောပွဲ တစ်ရပ်ကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဦးစီး၍ ဇူလိုင်လ(၁၃)ရက် (စနေနေ့) နေ့လည် ၂-နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေ္ဂ္ဂ္ဂဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    SMTF

    ယင်းဟောပြောပွဲသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ စာပေဗဟုသုတများ တိုးပွားစေရန်နှင့် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်း သိကောင်းစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပတာဖြစ်ပြီး စာရေးဆရာ ချစ်ဦးညို၊ ဆရာမောင်သာချိုနှင့် ၈၈-ကျောင်းသားမျိုးဆက်မှ ဦးကိုကိုကြီးတို့က ဟောပြောမည်ဖြစ်ပြီး မသန်စွမ်းသူများအပါအ၀င် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရပါတယ်။

    ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)သည် မသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားပြီး မသန်စွမ်းသူများ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး စာပေဟောပြောပွဲဖြစ်မြောက်ရေး အတွက် အလှူငွေများကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရုံးချုပ် ဖုန်း ၀၁-၂၃၀၀၃၂၉၊ ၀၁-၂၃၀၀၃၃၂ နှင့် ၀၁-၂၁၅၉၃၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်းသိရပါသည်။