News @ M-Media

Blog

  • Post Graduae Certificate in Peace, Democracy and Development သင်တန်းကို MDRI – CSIS မှ ဖွင့်လှစ်မည်

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန် ။           ။ MDRI ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ ပဉ္စမအကြိမ် ဖွင့်လှစ်မည့် Post Graduae Certificate in Peace, Democracy and Development သင်တန်းကို ဇူလိုင်လ ၂၉-ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါသင်တန်းကို ပြည်တွင်း/ပြည်ပမှ နိုင်ငံရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာပညာရှင်များနှင့် တက္ကသိုလ်များမှ ၀ါရင့် ပါမောက္ခများ ပို့ချပေးမည်ဖြစ်ပြီး

    (၁) Peace building and Conflict Resolution

    (၂) Democracy and Human Right

    (၃) Sustainable Human Development ကဏ္ဍ (၃)ခုနှင့်ဆိုင်သော ဘာသာရပ်(၁၅)ခုကို သင်ကြားပေးမည်ဖြစ်ပါသည်။

    တက်ရောက်သူများအနေဖြင့်လည်း သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရန် လိုအပ်ပါသည်။

    သင်တန်းတက်ရောက်လိုသူသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက်(၂၅)နှစ်မှ (၅၅)နှစ်အတွင်းရှိရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်လိုသူ၊ စိတ်ဝင်စားသူဖြစ်ရမည်ဟုလည်း သိရသည်။

    သင်တန်းတက်ရောက်လိုသူသည် ဘွဲ့လက်မှတ်မိတ္ထူ၊ မှတ်ပုံတင်မိတ္တူ (၁)စောင်စီ၊ ပတ်စ်ပို့စ်ဓါတ်ပုံ(၃)ပုံနှင့်အတူ CSIS ရုံးခန်း၊ အမှတ်(၂၇)၊ ၆-မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်တိုင်းဒေသကြီး (09-73107596) သို့ ဇူလိုင်လ ၁၈-ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။

    မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI)၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) သည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး၊ ဥပဒေရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို စီမံခန့်ခွဲနိုင်သည့် လိုအပ်သော လူ့အရင်းအမြစ်များ ဖြစ်ထွန်းနိုင်ရေးကို ရှေ့ရှုဖွင့်လှစ်ထားသော အစိုးရ မဟုတ်သည့် (NGO)တစ်ခု ဖြစ်ကြောင်း သိရသည်။

    MDRI

     

  • ကမ္ဘာတစ်ဝှန်းမှ ရမ်ဿွာန်လ အဖွင့် စဦးပုံရိပ်များ (၂၀၁၃ ခုနှစ်)

    ဇူလိုင်-၁၀၊၂၀၁၃
    M-Media

    2013 ခုနှစ် ကမ္ဘာတစ်ဝှန်းမှ ရမ်ဿွာန်လ အဖွင့် စဦးပုံရိပ်များကို စုစည်းတင်ဆက်လိုက်ပါသည်။

    ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စ်လင်မ်များတို့၏ ရမ်ဿွာန်လမြတ် စတင်ပြီဖြစ်သည်။ ထိုလမြတ်တစ်လလုံး၌ သူတို့အနေဖြင့် ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ၀တ်ပြုခြင်း နှင့် နာမ်ပိုင်းဆိုင်ရာစင်ကြယ်ခြင်းအမှုများတွင် နံနက်အရုဏ်ချိန်မှ ညနေ ဆည်းဆာချိန်အထိ မွေ့လျော်လေ့ရှိကြသည်။

    “ဓါတ်ပုံများကို Facebook တွင်ကြည်ရန်။” http://goo.gl/TZ5n5

    1
    ပြင်သစ်နိုင်ငံ၏ ရမ်ဿွာန်လ ပထမဆုံးရက် ဇူလိုင် ၉ ရက်တွင် Strasbourg Grand Mosque ဗလီဝတ်ကျောင်း အတွင်း မွန်းလွှဲဝတ်ပြုမှုကို တန်းစီဝတ်ပြုနေကြသည့် မွတ်စ်လင်မ်ထုများအကြားမှ လိုက်လံကိုင်းညွှတ်ဦးချနေသော ကလေးငယ်တစ်ဦး။ French Council of Muslim Religion ၏အဆိုနှင့်မတူဘဲ ပဲရစ်မြို့ရှိ Grand Mosque ကမူ ဗုဒ္ဓဟူးနေ့ကို ရမ်ဿွာန်၏ပထမရက်အဖြစ် သတ်မှတ်လိုက်သည်။

    4

     

    ယီမင်နိုင်ငံ၊ သမိုင်းဝင်မြို့ စန်အာမြို့တွင် ရမ်ဿွာန်လမြတ်အားကြိုဆိုသည့် ကလေးငယ်များပွဲတော်၌ ရိုးရာဝတ်စုံ ဆင်ယင်ထားကြသော ယီမင်သမီးပျိုများ။

     

    5

    မနီလာတောင်ပိုင်း၊ မဟာလီကာရှိ IBN Khaldon Asian Integrated Institute အတွင်း ကျောင်းသားများကို ဦးဆောင်ဝတ်ပြုနေသည့် ဘာသာရေးလမ်းညွှန်ပုဂ္ဂိုလ် တစ်ဦး။ ရမ်ဿွာန်လမြတ်အား တန်ဖိုးထားသည့်အားဖြင့် ဖိလစ်ပိုင်မွတ်စ်လင်မ်များအကြား စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ရှိကြစေရန် ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အကီနို မှ တိုက်တွန်းလိုက်သည်။

    3

    ဇူလိုင် ၈ ရက်၊ ဂျကာတာမြို့ရှိ Al-Hidayah Basmol ဗလီဝတ်ကျောင်းခေါင်မိုးထိပ်တွင် ရမ်ဿွန်လမြတ်အား သတ်မှတ်နိုင်ရန် ဆန်းစလကိုကြည့်ဖို့ပြင်ဆင်နေကြသည့် အင်ဒိုနီးရှားမွတ်စ်လင်မ်အမျိုးသားများ။ ဆန်းစလတွေ့မြင်မှု အပေါ်မူတည်၍ လမြတ်ဝင်ရောက်ခြင်းရှိမရှိကို သတ်မှတ်ကြသည်။

    2

    ရမ်ဿွာန်ဥပုသ်လမြတ်စတင်ဝင်ရောက်သည့် ပထမဆုံးညဥ့်အထိမ်းအမှတ်အဖြစ် “ သရာဝီးဟ် ” ဟုခေါ်ဆိုသော ညဥ့်ပိုင်းဝတ်ပြုမှုတစ်ခုအား ဆောင်ရွက်နေသော အမျိုးသားတစ်ဦးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ ဒင်ပါဆာ Denpaasar ရှိ ဗလီတစ်ခုတွင် ဇူလိုင် ၉ ရက်နေ့က တွေ့ရစဉ်။ (အစ္စလာမ်ဘာသာ၏ နေ့ရက်သတ်မှတ်မှုတွင် ညဥ့် ဦးစွာလာသည်)။ အစ္စလာမ့်ပြက္ခဒိန်မှ အမြင့်မြတ်ဆုံးလတစ်လလုံးအတွင်း မွတ်စ်လင်မ်တို့သည် နံနက်အရုဏ်ချိန်မှ ညနေ နေ၀င်ဆည်းဆာချိန်အထိ စားသောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့မှ ရှောင်ကြဉ်ကြသည်။

    6

    ဇူလိုင် ၈ ရက်၊ ဂျကာတာမြို့ရှိ Al-Hidayah Basmol ဗလီဝတ်ကျောင်းခေါင်မိုးထိပ်တွင် ရမ်ဿွန်လမြတ်အား သတ်မှတ်နိုင်ရန် ဆန်းစလကိုကြည့်ဖို့ပြင်ဆင်နေကြသည့် အင်ဒိုနီးရှားမွတ်စ်လင်မ်အမျိုးသားများ။ 7

    ရှေးဟောင်းသမိုင်းဝင်မြို့တော် ဂျေရုဆလင် ရှိ Dome of the Rock ၀တ်ကျောင်းအနီး နံရံကပ်မီးအား ပြင်ဆင်နေသော ပါလက်စတိုင်း လုပ်သားတစ်ဦး။

    8

    ဘရူနိုင်းနိုင်ငံ၊ အစ္စလာမ်ဘာသာရေးတာဝန်ရှိသူများမှ ဘန်ဒါဆရီဘီဘာဝန်တွင် ရုက်ယဟ် (ရမ်ဿွာန်၏ ဆန်းစလအား စောင့်ကြည့်ခြင်း)ကို ဆောင်ရွက်နေကြစဉ်။ စန္ဒမာသပြက္ခဒိန်၏န၀မမြောက်လ ဖြစ်သော ရမ်ဿွာန်လ စတင်ခြင်းကို အတည်ပြုနိုင်ရန်အတွက် ဆည်းဆာညဥ့်ဦးချိန်တွင် မွတ်စ်လင်မ်တို့မှ ကောင်းကင်တစ်ခွင်ကို (ဆန်းစလ ရှာဖွေရန်) လှည့်လည်ကြည့် ရှုလေ့ရှိသည်။

    9

    ရှေးဟောင်းသမိုင်းဝင်မြို့တော် ဂျေရုဆလင် ရှိ Dome of the Rock (အလ် အတ်က်ဆွာ) ၀တ်ကျောင်း၏ ၀င်လမ်းအခင်းအကျင်းကို ပြင်ဆင်နေသော ပါလက်စတိုင်းအမျိုးသား တစ်ဦး။

    10

    ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါတွင် ရမ်ဿွာန်လမြတ်အကြို ဗလီဝတ်ကျောင်းကြမ်းပြင်အား သန့်ရှင်းရေး ပြုလုပ်နေသည့် ပါကစ္စတန်ကလေးတစ်ဦး။

    11

    ရမ်ဿွာန်လမြတ်မတိုင်မီ အကြိုနေ့၊ ဆွေမျိုးသားချင်း၏သင်္ချိုင်း၌ ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်ကုသိုလ်ပို့နေသည့် မိသားစု။ ဤလမြတ်မတိုင်မီ နှင့် ပြီးဆုံးကာနီးတွင် အင်ဒိုနီးရှားမွတ်စ်လင်မ်တို့သည် မိမိတို့၏ဆွေမျိုးသားချင်းသင်္ချိုင်းများထံ သွားရောက်ကြသည်မှာ ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်သည်

    12

    ပါကစ္စတန်၊ ပက်ရှဝါမြို့လမ်းဘေးတစ်နေရာ၌ စွန်ပလွံသီး ရောင်းချနေသူ။ စွန်ပလွံသီးဖြင့် ၀ါဖြေစားသောက်ခြင်း သည် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ ဓလေ့တော် တစ်ရပ်ဖြစ်သည်။

    13

    ဇူလိုင် ၈ ရက်၊ ကဘူးလ်မြို့ အိမ်တွင်းမှုလုပ်ငန်းတစ်ခုတွင် ချိုမြိန်စားဖွယ်များကို ပြင်ဆင်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး။

    14

     

    အာဖဂန်နစ္စတန်၊ ဟီရတ်ရှိ ရိုးရာ ဂျလေဗီ အိမ်တွင်းမှုအလုပ်ရုံမှ အချိုမုန့်သွားရေစာများအား သယ်ယူနေသည့် လုပ်သားတစ်ဦး။

    15

    ဆူဒန်နိုင်ငံ၊ ခါတွန်မ်မြို့ဈေးတစ်ခု၌ ရမ်ဿွာန်ဈေးဆိုင်ခင်းကျင်းပေးနေသော ဆူဒန်ကလေးငယ်တစ်ဦး။

    16

    ပါကစ္စတန်၊ ပက်ရှဝါမြို့တွင် ၀တ်ပြုအဆင်အယင်ဦးထုပ်ကို ဆောင်းကြည့်နေသူအား ဈေးသည်မှ မှန်ထောင်ပြပေးနေပုံ။

    17

    ပါကစ္စတန်၊ ပက်ရှဝါမြို့တွင် ဆိုင်တစ်ဆိုင်မှ စိပ်ပုတီးများရောင်းချနေသည့် ဈေးသည်။

    18

    ရာနှင့်ချီသော အရက်သေစာများ၊ ညစ်ညမ်းစာစောင်နှင့် တရားမ၀င်ဒီဗီဒီခွေများကို ဂျကာတာ ရဲဌာနအတွင်း လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးနေစဉ်။ ရမ်ဿွာန်အတွက်ပြင်ဆင်မှုအနေဖြင့် အင်ဒိုနီးရှားမြို့တော်ရှိ နေရာအချို့၌ အာဏာပိုင်များမှ ရှောင်တခင်ဖမ်းဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်။

    19

    ရာနှင့်ချီသော အရက်သေစာများ၊ ညစ်ညမ်းစာစောင်နှင့် တရားမ၀င်ဒီဗီဒီခွေများကို ဂျကာတာ ရဲဌာနအတွင်း လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးနေစဉ်။ ရမ်ဿွာန်အတွက်ပြင်ဆင်မှုအနေဖြင့် အင်ဒိုနီးရှားမြို့တော်ရှိ နေရာအချို့၌ အာဏာပိုင်များမှ ရှောင်တခင်ဖမ်းဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်။

    20

    အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှ Istiqlal ကျောင်းတော်တွင် ရမဿွာန် ပထမဆုံးည၌ မွတ်စလင်မ်အမျိုးသမီးများ ဝတ်ပြုနေကြစဉ်

    21

    တူရကီအစိုးရ ဆန့််ကျင်ဆန္ဒပြသူများ ရမဿွန်ပထမဆုံး ဥပုတ်ထွက် စားသောက်နေကြစဉ် (ဇူလိုင်-၉ အီစတန်ဘူ)

    22
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို၇ှိ ဗလီဝတ်ကျောင်းတော်တခုအတွင်း မွတ်စလင်မ် အမျိုးသားတစ်ဦး ဝတ်ပြုဆုတောင်းနေစဉ်

    23
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို၇ှိ ဗလီဝတ်ကျောင်းတော်တခုအတွင်း မွတ်စလင်မ် အမျိုးသားတစ်ဦး ဝတ်ပြုဆုတောင်းနေစဉ်

  • ရမဿွာန် (ဥပုတ်လ)နဲ့ပတ်သက်ပြီး မြန်မာ မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    မေးမြန်းသူ – ဆူးထက်၊ အိမေ၊

    မြန်မာမွတ်စလင်မ်များနှင့် ၂၀၁၃ ရမဿွန်(ဥပုတ်လ)နဲ့ ပတ်သက်ပြီး  မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

    မြန်မာနိုင်ငံမှာ ကျရောက်တော့မယ့် ရမဿွာန်လမြတ်မှာ မွတ်စလင်မ်တွေအနေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မွတ်စလင်မ်လူကြီးများကို M-Media မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    ဆရာဂျာဝိဒ်သန်း(စာရေးဆရာ)

    OLYMPUS DIGITAL CAMERA
    M-Media  –  ရမဿွာန်မှာ ပြည်တွင်းရှိ မွတ်စလင်တွေအတွက် လုံခြုံရေးအခြေအနေ ဘယ်လိုထင်ပါလဲ။
    ဆရာဂျာဝိဒ်သန်း  –  မွတ်စလင်တွေနည်းပါးတဲ့ ဗလီတစ်ခုကို လုံခြုံရေးအတွက် နာမည်မှည့်တဲ့နေရာမှာ “ဆုတောင်းပြည့်ဝတ်ကျောင်းတော်” လို့ဆိုပြီး ဆရာကြီးဃာဇီဟာရှင်မ် တို့ကမှည့်ခေါ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာခြားညီနောင်တွေဟာဆိုရင် ဒီကျင့်စဉ်ကျင့်ရပ်တွေနဲ့ ပတ်သက်ပြီး နှောင့်ယှက်ပေးဖို့ဝန်လေးကြမှာပါ။ ဘာသာတရားရဲ့ ကောင်းတဲ့လုပ်ဆောင်ချက်မှာ အနှောင့်အယှက်ပေးရင် တန်ပြန်ထိခိုက်မှာ ကြောက်ကြပါတယ်။ ဒါကြောင့် ရမဿွာန်လမှာ ဘာမှမဖြစ်ပါဘူးလို့ မျှော်လင့်ပါတယ်။

    M-Media  –  ရမဿွာန်လမှာ ပြည်တွင်းမှာရှိတဲ့ မွတ်စလင် တွေအတွက် လုံခြုံရေးကို ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။
    ဆရာဂျာဝိဒ်သန်း  –  တရာဝီနဲ့ပတ်သတ်ပြီး စူရာဟ်အတိုလေးတွေ ဖတ်လို့ရပါတယ်။ ရကအသ် ၁၆-၁၈-၂၀ ရကအသ်တွေဖတ်လို့ရပါတယ်။ အဲလို ဖတ်လိုက်ရင် မိုးမချုပ်ခင် မိမိနေထိုင်ရာအိမ်ကို ပြန်ရောက်ပါတယ်။

    M-Media  –  ပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေ ဆောင်ရန်/ရှောင်ရန်လေးတွေ ဖြည့်စွက်ပြောကြားပေးပါ။
    ဆရာဂျာဝိဒ်သန်း  –  ဆောင်ရမယ့်ဟာတွေက မိမိတို့အိမ်မှာချက်ပြုတ်ရင် ပတ်ဝန်းကျင်က ညီနောင်တွေကို အစားအသောက်တွေ မျှဝေပေးရမယ်။
    ရှောင်ရမယ့်ဟာကတော့ မိမိကျင့်စဉ်တွေနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်ရဘူး။
    ဘာသာခြားတွေနဲ့လည်းအတတ်နိုင်ဆုံး ချစ်ခင်ရင်းနှီးကို ရှာရမယ်။ အကောင်းဆုံးလုပ်သင့်တာကတော့ –
    (၁)  ဆင်းရဲသားရပ်ကွက်တွေမှာ မွတ်စလင် အခမဲ့ ဆေးပေးခန်းဆိုပြီးဖွင့်သင့်တယ်။
    (၂)  ဆင်းရဲသားဈေးသည်တွေကိုလည်း အတိုးမဲ့ငွေချေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ ညီနောင်တွေရဲ့ချစ်ခင်မှုကိုရနိုင်ပါတယ်။

    = = = = = = = = = = = = = =

    ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)

    OLYMPUS DIGITAL CAMERA
    M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
    ဦးကိုနီ  –  ဥပုသ် သီလဆောက်တည်တဲ့ အချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်များရဲ့ လုံခြုံရေးက လုံးဝ အစိုးရပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေ အားလုံးရဲ့ လုံခြုံမှုကို တာဝန်ယူပေးထားတာက အစိုးရ ဖြစ်တယ်။ အစိုးရ အဖွဲ့ထဲမှာမှ ပြည်ထဲရေး ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဥပုသ်လမှာ မွတ်စလင်မ်တွေ လုံခြုံစိတ်ချစွာနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့ အတွက်ကို ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ယူပေးဖို့ လိုပါတယ်။

    M-Media  –  ဥပုသ်လမှာ မွတ်စလင်တွေ အတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားသင့်ပါသလဲ။
    ဦးကိုနီ  –  အစ္စလာမ် ဘာသာဝင်တွေ ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝတ်ပြုခြင်း အစစအရာရာ လုံခြုံဘေးကင်းစွာနဲ့ ဆောင်ရွက်နိုင်အောင် ဒီတိုင်းပြည်ရဲ့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးက တာဝန်ယူ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။
    ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဟာ တရားဝင် တည်ရှိတဲ့ ဘာသာလို့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံမှာ အသိအမှတ် ပြုထားပါတယ်။ ဒီအကြောင်းကြောင့် တရားဝင်တည်ရှိနေတဲ့ ဘာသာတစ်ရပ် ဖြစ်တယ်။ အဲဒီ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄-ဃ မှာ ဘာသာရေးဆိုင်ရာ ဆောင်ရွက်စရာ ရှိသည်များကို လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ပါသည် ဟုရေးသားထားပါတယ်။ ဒါကြောင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗလီ သွားပြီး ၀တ်ပြု ဆုတောင်းခြင်း ဒါတွေ အားလုံးကို လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ စိတ်အေးချမ်းသာစွာ ၀တ်ပြုနိုင်ရန်အတွက် နိုင်ငံတော် အုပ်ချုပ်ရေး အပိုင်းကို တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းမှ ဆောင်ရွက်ပေးနိုင်ပါတယ်။

    M-Media  –  ပြည်တွင်းက မွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
    ဦးကိုနီ  –  မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဗမာမွတ်စလင်မ်တွေဟာ လူနည်းစု ဖြစ်တယ်။ လူအများစုဖြစ်တဲ့ ဘာသာဝင်တွေနဲ့ သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတဲ့ သမိုင်းကို မမေ့ဘဲနဲ့ ထပ်ပြီးတော့ သင့်သင့်မြတ်မြတ် နေထိုင်နိုင်သွားအောင် အတတ်နိုင်ဆုံး သည်းခံပြီးတော့ မိမိတို့ လူနည်းစု အပေါ်၊ လူအများစုက နားလည်လာအောင် ကြိုးစားနေထိုင် ဿွားကြပါလို့ ပြောချင်ပါတယ်။ တကယ်တော့ လူအများစုက လူအနည်းစုကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အခြေခံ သဘောတရားပါ။
    အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ ရှောင်ရန်ကတော့ ကိုယ့်ဘာသာသာသနာ ကိစ္စကို ကိုယ်လုပ်ပါ။ ကိစ္စမရှိပါဘူး။ တစ်ချိန်တည်းမှာ သတိထားဖို့က ကိုယ့်လုပ်ရပ်တွေက သူများကို မထိခိုက်စေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ဘာသာ သာသနာကို ကိုယ်လုပ်နေတာ မှန်သော်လည်း တစ်ချိန်တည်းမှာ သူများကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အခါမျိုးလည်း ဖြစ်တတ်တယ်။ အဲဒါမျိုးတွေလည်း မဖြစ်အောင် တတ်နိုင်သမျှ သတိထားပါ။ သို့သော်လည်း ကိုယ့်ရဲ့ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု အတိုင်း လုပ်စရာ ရှိတာကို လုပ်ပါ။ ကိုယ့်ကြောင့် သူများ စိတ်အနှောက်အယှက်ဖြစ်စေတာမျိုး မဖြစ်ပါစေနဲ့။ ဒါကတော့ အားလုံးသော ဘာသာတရားတိုင်းမှာ တာဝန်ရှိတယ်။ ဘယ်ဘာသာမဆို ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်။ ဒါပေမယ့်လို့ သူများကိုတော့ မထိခိုက်ရဘူးပေါ့လေ။ အဲဒီ့ အခြေခံသဘောတရားလေးကို မမေ့ကြပါနဲ့။

    = = = = = = = = = = = = = =

    ဦးအောင်တင် (ကနေဒါ-မြန်မာဒီမိုကရေစီအရေးလုပ်ရှားသူ)

    M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
    ဦးအောင်တင်  –  မြန်မာ့သမိုင်းမှာ မြန်မာမွတ်စလင်မ်ဆန့်ကျင်ရေး အမြင့်ဆုံးဖြစ်နေတဲ့ ယနေ့ကာလမျိုးမှာ မွတ်စလင်မ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ၊ လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် တားဆီးတာ၊ အစွန်းရောက် ရာဇဝတ်မှုကျူးလွန်သူတွေကို တားဆီးဟန့်တားတဲ့ အပြစ်ဒဏ်ပေးတာတွေကို နိုင်ငံတော်အစိုးရက လုပ်ဆောင်ခြင်း မရှိသေးတာကို တွေ့ရှိနေရဆဲဖြစ်သဖြင့် မွတ်စလင်မ်တွေရဲ့ လုံခြုံရေးက အထူးစိုးရိမ်နေရဆဲဖြစ်တယ်။

    M-Media  –  ဥပုတ်လမှာ မွတ်စလင်တွေအတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားးသင့်ပါသလဲ။
    ဦးအောင်တင်  –  မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ အားလုံးကို ပြန်လည်သုံးသပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတိုင်းမှာ သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု (သို့မဟုတ်) အမှုအခင်းတစ်ခုကို အဆင်သင့်ပြင် စောင့်ဆိုင်းနေတဲ့ အဖျက်အင်အားစုက အစိုးရလုပ်သူများရဲ့ မသိကျိုးကျွပြုမှုအပေါ် အခွင့်ကောင်းယူပြီး စနစ်တကျ ရက်ရက်စက်စက် အကြမ်းဖက်ဿွားနေတာကိုချည်း တွေ့နေရတယ်။ မတော်တဆမှု၊ အမှုအခင်းတစ်ခုဆိုတာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်တတ်တာမို့ လုံခြုံရေးအရ စိတ်မချရသော နေရာဒေသတိုင်းမှာ သရာဝီနှင့် ဖဂျရ်ကို သာသနာ့ပညာရှင်များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်။ မြန်မာမွတ်စလင်မ်တွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို အထိအခိုက် မခံသင့်ကြဘူး။

    M-Media  –  ပြည်တွင်းက မြန်မာမွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
    ဦးအောင်တင်  –  ဒါတွေကတော့ ပြောမယ်ဆိုရင် များလှတယ်။ စဉ်းစားမိသလောက်ပြောမယ်။
    ၁။ ခုလိုအခြေအနေမျိုးမှာ လမ်းပေါ်က အထိမ်းအကွပ်မဲ့တဲ လူစုလူဝေးတွေ၊ လမ်းပေါ်က ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သလောက် ရှောင်ပါ။
    ၂။ မိမိရပ်ကွက်၊ မိမိလမ်း၊ မိမိအလုပ်ခွင်မှာ ဘာသာပေါင်းစုံနဲ့ ရင်းနှီးမှုကို တည်ဆောက်ပါ။ တစ်ချို့တွေက အခွင့်အရေးယူတာ၊ ကိုယ့်ကို အပေါ်စီးက ဆက်ဆံတာတွေကိုလည်း အညံ့ခံတဲ့သဘောလည်း မဟုတ်ဘဲ စိတ်ရှည်ရှည်ထားပေးပါ။
    ၃။ ဘာသာခြားများရဲ့ လူမှုရေး၊ သာရေး နာရေးတွေမှာ ပါဝင်ပါ။ ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ စိတ်ပါလက်ပါ ကူညီပါ။ မိမိနေထိုင်တဲ့ လူ့အဖွဲ့အစည်းက မိမိကို လိုအပ်နေ၊ ကြိုဆိုနေအောင် နေထိုင်ပြုမူပါ။
    ၄။ မိမိက တတ်နိုင်သော်လည်း ပတ်ဝန်းကျင်က မနာလိုဖြစ်အောင် ကြွားကြွား လွှားလွှား မနေကြပါနဲ့။
    ၅။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲု့လိုက်လျောညီထွေစွာ ပြုမူ နေထိုင် ဝတ်စားဆင်ယင်နိုင်အောင် ကြိုးစားပါ။
    ၆။ မွတ်စလင်မ်ဆိုတာ လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့၊ လူမျိုး ဘာသာမရွေး လူသားတိုင်းကို ကူညီစာနာတတ်တဲ့၊ အကျင့်စာရိတ္တအားဖြင့် ခိုင်ကျည်တဲ့၊ ရည်မွန် ယဉ်ကျေးတဲ့၊ လူရည်လူသွေး မြင့်မားတဲ့၊ လေးစားလောက်တဲ့ လူတွေကို ခေါ်တယ်ဆိုတာကို မြင်လာအောင် ကြိုးစားကြပါ။ ဒါမှသာ ကျနော်တို့ဟာ ကမ္ဘာမြေပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ စစ်မှန်သော ကိုယ်စားလှယ်များဖြစ်ကြမယ်။

  • သံတွဲမြို့အနီး ရွာများတွင် မွတ်စလင်မ်ပိုင်အိမ်ရာ ပစ္စည်းများအား ဖျက်ဆီး လုယက်မှုများရှိနေ

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာတွင် မွတ်စလင်မ်ပိုင် လယ်တောရှိ တဲကို မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်မှုတစ်ခု ယမန်နေ့ညပိုင်းက ရွှေကျောင်းပြင်ရွာ သမင်ကန်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    TanDwe

    သမင်ကန်သည် ရွှေကျောင်းပြင်ရွာမှ မိုင်ဝက်ခန့်သာ ဝေးကွာသောနေရာဖြစ်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသောနေရာလည်းဖြစ်သည်။ ရွှေလောင်းပြင်ရွာသူ မငယ်ပိုင်ဆိုင်သောလယ်ထဲရှိ တဲအား မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်ယူဆောင်သွားကြောင်း၊ လုယက်ယူဆောင်သွားသူများအား လယ်တောစောင့်သူများ သိမြင်လိုက်သော်လည်း ယခုထိ မည်သို့မျှ အရေးယူမှု မရှိသေးကြောင်းသိရသည်။

    ရွှေကျောင်းပြင်ရွာတွင် ဗလီတစ်လုံးရှိပြီး အာရဗီဘာသာရေး စာသင်ကျောင်း သီးသန့်မရှိဘဲ မွတ်စလင်မ်အိမ်ခြေ ၂၀၀-ခန့်ရှိပါသည်။

    ယခုအခါ သံတွဲမြို့အနီးတ၀ိုက် ရွာများနှင့် မွတ်စလင်မ်ရွာများတွင် မွတ်စလင်မ်များ၏ အိုးအိမ်စည်းစိမ်များ လုံခြုံရေးအထူး လိုအပ်နေကြောင်းလည်းသိရသည်။ ဂွမြို့နှင့် သံတွဲမြို့ကြားရှိ ရွာများတွင်လည်း ယခင်က တည်ငြိမ်အေးချမ်းမှုများအား မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် ၀ါဒဖြန့် လုပ်ဆောင်မှုများ ရှိလာနေသည့်အတွက် ဒေသခံမွတ်စလင်မ်များအနေနှင့် ထိုကဲ့သို့ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကိုလည်း အထူးစိုးရိမ်လျက်ရှိနေကြောင်းလည်း သိရသည်။

    ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား မွတ်စလင်မ် ၂-ယောက်မှ မုဒိမ်းကျင့်သည်ဟု သတင်းများ ထုတ်လွှင့်ပြီး အကြမ်းဖက်မီးရှို့မှုလုပ်ရပ်များ ဖြင့် လက်တုံ့ပြန်ခဲ့ကြသည်။

    သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဇူလိုင် ၁ရက်နေ့ထိ စာရင်းများအရ လူနေအိမ် ၅-လုံး မီးရှို့ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါသည်။

  • အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား

    အိမ်ဖြူတော်
    ပြန်ကြားရေးဝန်ကြီးရုံး
    ဇူလိုင်၊ ၈ ရက်

    ရမသွာန်လမြတ်အစဦးတွင် ကျွန်တော်နှင့်Michelleတို့မှ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာအ၀န်းရှိ မွတ်စလင်မ်များကို ဆုတောင်းမေတ္တာကောင်း ပို့သလိုက်ပါသည်။

    obarma

    ကမ္ဘာ့မွတ်စလင်မ် သန်းတစ်ထောင့်ငါးရာအတွက် ရမသွာန်လသည် ဥပုသ်သီလဆောက်တည်ခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ အကြင်နာတရားနှင့် သူတပါးတို့အားကူညီရန်အစဉ်အမြဲ တွေးတောပြင်ဆင်နေမှုကို ထင်ဟပ်စေခြင်းတို့အတွက် အချိန်အခါတစ်ရပ်ဖြစ်သည်။ ဤလမြတ်သည် မိသားစု မိတ်ဆွေသူငယ်ချင်းများ အတူတကွ စုစည်းကြရန်နှင့် ကွဲပြားသော ဘာသာတရားတို့၏ သက်ဝင်ယုံကြည်သူနောက်လိုက်များကို စုစည်းမိစေသော ကိုယ်ကျင့်တရားများဖြစ်သည့် ကျွန်တော်တို့၏ ညီနောင် လူသားများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် သနားကြင်နာမှုတို့ကို အာမခံကြိုးပမ်းမှုတို့ ဆောင်ရွက်ရန် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သည်။ ဤဆက်နွယ်မှုများသည် ကျွန်တော်တို့ကို မကြာခဏဆိုသလို ကွဲပြားသွားစေသော ကွဲပြားခြားနားမှုများထက် ပို၍ အားကောင်းကြပါသည်။

    လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများသည် လူသားအားလုံးအတွက် ငြင်းမရနိုင်သည့် ရပိုင်ခွင့်များဖြစ်ကြောင်းကိုလည်း ဤလမြတ်သည် ကျွန်တော်တို့အား အသိပေးအမှတ်ရစေသည်။ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ နိုင်ငံသားအများ ဤအခြေခံရပိုင်ခွင့်များအတွက် ဆက်လက်ရုန်းကန်ကြိုးပမ်းနေရသော အချိန်အခါနှင့် သန်းပေါင်းများစွာသော ဒုက္ခသည်များ သူတို့နေအိမ်များ၏ အဝေးတွင် ရမသွာန်လကို ကိုယ်စားပြုနေရစဉ်တွင် ကျွန်တော်တို့ အနေဖြင့် အားလုံးနှင့်ဆိုင်သော ဤတန်ဖိုးများကို လေးနက်စွာ စဉ်းစားမိပါသည်။ လူသားအားလုံး မိမိတို့၏ ကိုယ်ပိုင် အနာဂတ်ကို ရေးချယ်နိုင်သော၊ အကြမ်းဖက်မှုကို ကြောက်ရွံ့စိုးထိတ်မှုမရှိဘဲ မိမိတို့ သက်ဝင်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ သက်ဝင်ကျင့်သုံးနိုင်သော ကမ္ဘာတစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေသူများနှင့်အတူ အမေရိကန်ပြည်ထောင်စုသည် ရပ်တည်နေပါသည်။

    အမေရိကန်ပြည်ထောင်စုတွင် ရမသွာန်လမြတ်သည် သန်းပေါင်းများစွာသော အမေရိကန်မွတ်စလင်မ်တို့က ကျွန်တော်တို့ နိုင်ငံတော် အစိုးရ၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အရေးကြီးသော သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို ဦးဆောင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ကျွန်တော်တို့၏ အိမ်နီးချင်းများကို အကူအညီလိုအပ်စဉ် ဂရုစိုက်ခြင်းတို့အားဖြင့် ကျွန်တော်တို့ နိုင်ငံကို နေ့စဉ် မြှင့်တင်တိုးတက်စေခဲ့တာကို သတိပေး အမှတ်ရစေပါသည်။

    အမေရိကားနှင့် ကမ္ဘာအ၀န်းရှိ မွတ်စလင်မ်များ မိသားစုတွင်း ပျော်ရွှင်မှုများ၊ ငြိမ်းချမ်းမှုနှင့် နားလည်မှုများစသည့် ကောင်းခြင်းမင်္ဂလာတို့ဖြင့်ပြည့်သော လတစ်လ ဖြစ်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည်။ ရမသွာန် ကရီးမ် (ရမသွာန် နှုတ်ဆက်စကား)။