News @ M-Media

Blog

  • (၇ ဇူလိုင်/ ၁၉ ဇူလိုင် ) အာဇာနည်မျိုး သေရိုးမရှိ

    ဇူလိုင်-၁၅၊၂၀၁၃
    M-Media
    စည်သူမောင်

    july19

    ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ ၆၆နှစ်ပြည့်ခဲ့လေပြီ။ ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ၊ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် သမိုင်းတလျှောက်မှာ တိုင်းပြည်အတွက် မိမိအသက်ကိုစတေး၍ ပေးဆပ်ခဲ့ကြသောအာဇာနည်ခေါင်းဆောင် အများအပြား ပေါ်ထွန်းခဲ့ ဘူးလေသည်။ အထူးသဖြင့်ယခုလကဲ့သို့ဇူလိုင်လသည် မိုးစက်များနှင့်အတူ သွေးစွန်းခဲ့ရသည့် သမိုင်း ကို ၀မ်းနည်းစွာဦးညွတ် ရမည့်အချိန်ကာလတစ်ခုဖြစ်ခဲ့လေသည်။

    ၇ ဇူလိုင် / ၁၉ ဇူလိုင် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ ဇူလိုင်သမိုင်းသည်ကျောင်းသား အာဇာနည် အမျိုးသားအာဇာနည်တို့ သွေးဖြင့်ရေးခဲ့သောလ ၊

    အဓိပတိလမ်းတွေသွေးစွန်းခဲ့..။
    တက္ကသိုလ်မြေသွေးစွန်းခဲ့…။
    ကျောင်းတံခါးတွေသွေးစွန်းခဲ့…။
    အတွင်းဝန်ရုံးသွေးစွန်းခဲ့…။

    နိုင်ငံရေးအာဏာကို လက်နက်အားကိုးနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းခဲ့သောလူတစ်စု၏ ယုတ်မာရက်စက်မှုဖြင့်ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော်လည်း ထိုလက်နက်အားကိုးဖြင့်နိုင်ငံရေးအာဏာကို ရယူရန်ကြိုးစားခဲ့သည့် ဂဠုန်ဦးစော အပေါင်းအပါ တစ်စုတို့ နိုင်ငံရေးအာဏာ မရခဲ့သည့်အပြင်ကြိုးစင်ပေါ်တက် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ပါခံခဲ့ရ လေသည်။ အာဏာဟူသည်လက်နက်အားကိုးနည်းလမ်းဖြင့် မရနိုင်ပြည်သူလူထု၏ ယုံကြည် ထောက်ခံမှုရှိမှသာလျှင် ရရှိနိုင်ကြောင်း (၁၉) ဇူလိုင်က အာဏာရူးများကို သင်ခန်းစာပေးခဲ့လေသည်။

    7 julyနိုင်ငံလွတ်လပ်ရေးအတွက် တိုင်းတပါးနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးရရှိရန် ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ စိတ်ဓာတ်သည် အဘယ်နည်း? အာဇာနည် စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည် ဖွံ့ဖြိုးစေလိုသော ဆန္ဒ ၊ ပြည်သူလူထုအား ကောင်စားစေလိုသော စိတ်ဓာတ် ၊ မိမိ အကျိုးထက်နိုင်ငံ အကျိုးကိုသာ ကြည့်တတ်သောနှလုံးသား ကို ဆိုလိုရင်းဖြစ်ပါသည်။ ကျဆုံးလေပြိးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ကျွန်တော်တို့ ၀မ်းနည်းစွာ ဦးညွတ် အလေးပြုရုံမျှနှင့် ဇူလိုင် ၀မ်းနည်းမှတ်တမ်းသည် မပြည့်စုံ။ ထိုသမိုင်းကို သွေးဖြင့်ရေးသားခဲ့သော ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ကျွန်တော်တို့မွေးမြူ၍နိုင်ငံ အရေး ၊ ဒီမိုကရေစီရေး ။ တိုင်းပြည်တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ နီုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ပြည်သူလူထု တစ်ရပ်လုံး မျက်ချေမပြတ် ပါဝင်ပတ်သက်ကြဖို့ လိုအပ်ပါလိပ့်မည် ။ သမိုင်း စာမျက်နှာသစ်များကို ကျွန်တော်တို့ ချွေးစက်များဖြင့်ဆက်လက် ရေး သားဖို့လိုပါသည်။ လျှောက်လှမ်းဖို့လိုပါသည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ယခုကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ မှစ၍ခေါင်းဆောင်ကြီးများ၏ ဆန္ဒကိုဆက်လက် အကောင် အထည်ဖော်ကြပါစို့ ။ အာဇာနည်စိတ်ဓာတ်မွေးမြူကြပါစို့ ။

    နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများတွင် ရဟန်းအာဇာနည် ၊ကျောင်းသားအာဇာနည် ၊ လယ်သမားအာဇာနည် ၊ အမျိုးသားအာဇာနည် ကြီးများ အများအပြားပေါ်ထွန်းခဲ့လေရာ အာဇာနည်နေ့ ဟု အစိုးရရုံးပိတ်ရက် အဖြစ်ကြေ ငြာ၍ တစ်မျိုးသားလုံး ၀မ်းနည်းဖွယ်နေ့ တစ်နေ့အဖြစ် ဂုဏ်ပြုသတ် မှတ်ခဲ့သောအမျိုးသားခေါင်းဆောင် ၊ လွတ်လပ်ရေးဗိသုကာကြီး ဦးအောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များကိုသာ ကျွန်တော်တို့ရင်ထဲတွင် အမှတ်ရနေရုံနှင့် မလုံလောက်ဘဲ ထို အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွတ်အနစ်နာခံရဲသည့် သတ္တိများကိုလဲ မွေးမြုရမည်ဖြစ်လေသည်။

    ထို့ပြင်…

    • ၁၉၂၉စက်တင်ဘာလ ၂၉ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ ကိုဆန့်ကျင်မှုဖြင့် ရန်ကုန် အကျည်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပေါင်း(၁၆၆)ရက်တိုင် အစာငတ်ခံတိုက်ပွဲဝင်ကာ ပျံလွန်တော်မူသွားခဲ့သော အာဇာနည် ဆရာတော်ဦးဝိစာရ ကဲ့သို့ရဟန်းအာဇာနည်များ ။
    • ၁၉၃၁နိုဝင်ဘာလ ၂၁ရက်နေ့တွင်နယ်ချဲ့အစိုးရအား လက်နက်စွဲကိုင်၍ တော်လှန် တိုက်ပွဲဝင်ခဲ့ပြီး သာယာဝတီ အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက်ခံရသည့် ဂဠုန်ဆရာစံ ကဲ့သို့ လယ်သမား အာဇာနည်ကြီးများ ။
    • ၁၉၃၈ ဒီဇင်ဘာ၂၀ရက်နေ့တွင် (ယခုဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ) အတွင်းဝန်ရုံးရှေ့ စပတ်လမ်းမ (ယခုဗိုလ်အောင်ကျော်လမ်း) ထက်တွင် ကျောင်းသားရာပေါင်းများစွာနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး နယ်ချဲ့လက်ပါးစေ မြင်းစီးပုလိပ်များ၏ တုတ်ချက်ဖြင့်ဒီဇင်ဘာ၂၂ရက်နေ့တွင် ကျဆုံးသွားခဲ့သော ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် (နေမျိုးသီဟသူရဗိုလ်အောင်ကျော်) ကဲ့သို့ကျောင်းသား အာဇာနည်များ။
    • ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုပမ်းခဲ့ကြပြီး အသက်ပေးလှူသွားခဲ့သော မန္တလေးအာဇာနည် (၁၇)ပါးကဲ့သို့အာဇာနည်များ။
    • ၁၉၆၂ခုနှစ် ဇူလိုင်လ(၇) ရက်နေ့တွင်ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့၌ တော်လှန်ရေးကောင်စီ အစိုးရ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများအား ဗိုလ်နေ၀င်းအစိုးရ၏ ရက်စက် ရမ်းကားစွာ ပစ်သတ်မှုကြောင့် ကျောင်းသားရာချီ၍ တက္ကသိုလ် မြေ ပေါ်တွင် အသက်ပေးသွားခဲ့ရသည့် ကျောင်းသားအာဇာနည်များ ။
    •  ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှား မှုကို ခေါင်းဆောင်ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင်းအာဏာရှင် တို့၏ကြိုးပေးကွပ်မျက်ခြင်းကိုခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကဲ့သို့ကျောင်းသားအာဇာနည်များ ။
    • ၁၉၈၈ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွင် အသက်ပေးစွန့်လှူသွားသော အာဇာနည် ရဟန်းရှင် လူ ကျောင်းသားပြည်သူများအား ကျွန်ုပ်တို့အမှတ်ရနေရမည်ဖြစ်ပေသည်။

    လူ့သမိုင်းဟူသည် လက်နက်ဝါဒီ လူရမ်းကားများ၏ တရားမဲ့ရမ်းကားရာ နယ်မြေအရိုင်း ဘုံမဟုတ်ကြောင်းကို အာဇာနည်နေ့ကအမှတ်ရနေစေပါလိပ့်မည်။ အာဇာနည်အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များနှင့် လယ်သမား အာဇာနည်ကြီး ဂဠုန်ဆရာစံ/ရေနံမြေ သပိတ် ခေါင်းဆောင်အာဠာဝက သခင်ဖိုးလှကြီးစသော ခေါင်းဆောင်များ၏ ပုံရိပ်များသည်ငွေစက္ကူများပေါ် တွင်ဖျောက်ဖျက်ခံခဲ့ရသော်လည်း ကျွနုပ်တို့၏ နှလုံးသားထဲတွင် ကွယ်ပျောက်၍မသွားခဲ့ သမိုင်း စာမျက်နှာများထက်တွင် ဖျောက်ဖျက်၍မရခဲ့ ။ ရဲရင့်မြင့်မြတ် သူတို့၏ အတ္ထုပတ္ထိသည် ဘယ်အချိန်ဖတ်ဖတ် ကျွနုပ်တို့၏နှလုံးအိမ်ထဲတွင် မှိုမတက်ခဲ့ပေ..။

    တခေတ်တစ်ခါက အစိုးရဌာန အဆောက်အဦးရုံးခန်း များတွင် တစ်ခမ်းတစ်နား ချိတ်ဆွဲထားသည့် အမျိုးသားခေါင်းဆောင်ကြီး၏ ဓာတ်ပုံများမှာ ဆယ်စုနှစ်နှစ် စုခန့်အများပြည်သူ၏ မြင်ကွင်းများမှ ပျောက်ကွယ်ခဲ့ရာမှ ယခုနိုင်ငံတော် သမ္မတ၏ ရုံးခန်းမှစ၍ အများ ပြည်သူနေ့စဉ်အသုံးပြုရာ ဘတ်(စ်)ကားမကျန်နေရာ အနှံပြန်လည် တွေ့မြင်လာရပြီဖြစ်လေသည်။ သမိုင်းဟူသည် ဘယ်သောအခါကမှ ပျောက်ကွယ်သွားရိုး ထုံးစံမရှိခဲ့ပေ။ သမိုင်းကို မှေးမှိန်အောင်ပြုလုပ်ခဲ့ကြ ကောင်းပြုလုပ်ခဲ့ကြပါလိပ့်မည်။ သို့သော် အမှန်တရားကို ဖျောက်ဖျက်၍မရနိုင်.. အာဇာနည်မျိုးသေရိုးမရှိခဲ့လေပြီ ။

    ထို့ကြောင့်ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲသည့် စိတ်ဓာတ်ကို မွေးမြူကြပါစို့…။
    သမိုင်းအဆက်ဆက်လွတ်လပ်ရေး ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရေးအတွက် အသက်ပေး စွန့်လှူသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးအမြတ်ပြုကြပါစို့။
    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ၁၉.၇.၂၀၁၃ နံနက် ၁၀နာရီ ၃၇မိနစ်တွင် နေရာအနှံမှ ၀မ်းနည်း ဥသြသံများ ကားဟွန်းသံများ ကြားရသည်နှင့် တစ်ပြိုင်နက် မိမိတို့ရောက်ရှိ နေသည့်နေရာများတွင် ၀မ်းနည်းစွာ ရပ်တန့်လျှက် ကျွန်ုပ်တို့ ခန္ဓာကိုယ်များဖြင့်ငြိမ်သက်စွာ အလေးပြုကြပါစို့ ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ဦးညွတ်ကြပါစို့….။

    စည်သူမောင်
    3rd year B.Eon (stats.) Y.I.E 2007 sep.
    ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)

  • သခင် မြ (၁၈၉၇ – ၁၉၄၇)

    သခင် မြ (၁၈၉၇ – ၁၉၄၇)

    ဇူလိုင်-၁၄၊၂၀၁၃
    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

    photo

    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    သခင် မြ (၁၈၉၇ – ၁၉၄၇)

    takhin Mya

    အာဇာနည် ခေါင်းဆောင်ကြီး သခင်မြကို ဖခင် ဦးဘိုးချွန်နှင့် မိခင် ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်မြို့နယ် ထုံးဘိုရွာ၌ ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ ညီမ မမြငွေ တစ်ဦးသာ ရှိ၍ ညီမမှာ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သခင်မြသည် သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်းအောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေးကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

    ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့သည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာတွင် ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်းအဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင် အမတ် တဦးလည်း ဖြစ်သည်။

    ပြည်သူ့ အရေးတော်ပုံ ပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသော အခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ အဖြစ် တာဝန်များ ပေးအပ်ခြင်းခံရသည်။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီးစား ဥပဒေ ဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ သခင်မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    ယင်းကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။

     

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

  • မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရေး စီမံချက် သတင်းစာ ရှင်းလင်းပွဲ

    ဇူလိုင် ၁၄၊ ၂၀၁၃
    M-Media
    အိမေ

    DSCF5094

    ရန်ကုန် ။            ။        ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှ မွန်လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ ၂၀၁၃-ခု၊ ဇူလိုင်လ ၁၄-ရက် နေ့လည်(၁)နာရီတွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    သတင်းစာရှင်းလင်းပွဲတွင် ဦးနိုင်ဖေတင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မွန်လူမျိုး (၃၀)ခန့်တက်ရောက်ခဲ့ပြီး သတင်းမီဒီယာ (၂၅)ခုခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ရန်ကုန်တိုင်းအတွင်း မွန်လူဦးရေစာရင်း အမှန်မရှိခဲ့သဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း မွန်လူမျိုး လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် ဆုံးရှုံးခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းတွင် မွန်လူမျိုး လူဦးရေစာရင်း ရာနှုန်းပြည့်မီပါက မွန်လူမျိုး တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရွေးချယ်ခွင့် ရရှိနိုင်မည်ဟုလည်း သိရသည်။

    ဓါတ်ပုံ များကြည့်ရန်။ Click Here

  • ငှက်ပျောသီးခွံမှ ပလတ်စတစ် ထုတ်တဲ့နည်း ၁၆ နှစ်အရွယ် တူရကီသူ ဆယ်ကျော်သက် တီထွင်တွေ့ရှိ

    ဇူလိုင်-၁၄၊ ၂၀၁၃
    M-Media
    Elif Bilgin
    တူရကီ ဆယ်ကျော်သက် Elif Bilgin သည်  ငှက်ပျောသီး အခွံများမှ ဇီဝဗေဒနည်းဖြင့် ပလက်စတစ် ထုတ်လုပ်နည်း ကို တီထွင်ခဲ့သည်။ ယခင် ပလတ်စတစ်ထုတ်လုပ်ရာ ကုန်ကြမ်းဖြစ်သော သဘာဝ ရင်းမြစ် ရေနံသယံဇာတ ကုန်ဆုံး မသွားစေရန် တားဆီးနိုင်တော့မည် ဖြစ်သည်။

    အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်  တူရကီ သိပ္ပံကျောင်းသူ အလဖ်ဘလ်ဂျင်းသည် အစ္စတန်ဘူလ် (Istanbul) မှဖြစ်ပြီး၊ ငှက်ပျောခွံမှ ပလက်စတစ်ထုတ်လုပ်ရန် ၂ နှစ်တာ မှ သုတသန စမ်းသပ်မှုများပြုလုပ်ခဲ့ရသည်။ ယခုအချိန်တွင် သူမ၏ စမ်းသပ်မှုများမှ အကျိုးခံစားမှုများ ရရှိခဲ့ပြီဖြစ်သည်။

    ဘလ်ဂျင်းသည် ၂၀၁၃ နှစ် Google Science Fair တွင် $50,000 Science in Action ဆုကို ရရှိခဲ့သူ ဖြစ်သည်။ လူငယ်သိပ္ပံပညာရှင် သူမက ဆိုသည်မှာ ဇီဝနည်းလမ်းအရ ထုတ်လုပ်ထားသော ပလက်စတစ်သည် ဓာတ်ကြိုးများတွင် လျှပ်စစ်ကာပစ္စည်း Insulator အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

    လက်ရှိတွင် ပင်လယ်များ၌ စွန့်ပစ်ထားသော အမှိုက်သရိုက်များတွင် ပလက်စတစ်သည် ၉၀ ရာခိုင်နှုန်း ပါရှိသည်။ ၁ စတုရန်းမိုင်တွင် ပလက်စတစ်အစပေါင်း ၄၆,၀၀၀ ရှိနေသည်။ သူမ၏ မျှော်လင့်ချက်ကတော့ ၄င်း ဇီဝနည်းလမ်းများဖြင့် ထုတ်လုပ်ထားသော ပလက်စတစ်သည် တစ်ချိန်တွင် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော ရေနံမှ ရရှိသော ပလက်စတစ်နေရာတွင် အစားထိုး နေရာယူနိုင်ရန်ဖြစ်သည်။ ယခုတီထွင်ခဲ့သည် ပလတ်စတစ်မှာ ယခင် ရေနံမှ ထုတ်လုပ်သည့် ပလတ်စတ်စများထပ် ဖျက်ဆီးရန် ပိုမိုလွယ်ကူကြောင်းသိရသည်။

    ဘလ်ဂျင်းသည် လက်နှိပ်ဓာတ်မီးကို ခန္ဓာကိုယ် အပူစွမ်းအင်မှ လင်းအောင်လုပ်ခဲ့သူဖြစ်သည်၊ မြေကြီး ထဲတွင်ရှိသော မိုင်းဗုံးများကို အသံလှိုင်းဖြင့်ဖော်နိုင်အောင် တီထွင်ခဲ့သူလည်းဖြစ်သည်။ ယခုတွင် ၈ တန်း ကျောင်းသူ ထိုကလေးမသည် သင်တို့၏ သောက်ရေထဲမှ ဓာတုဗေဒများကိုဖယ်ရှားပေးရန် လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အသက်ပြည့်ရန် မလိုပါဘူး။

    Ref: Take Part

  • ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်ကျင်းပ

    ဇွန်လ ၁၄၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-မောင်ပုည

    ကွာလာလမ်ပူ ။ ။ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယနေ့ ဇူလိုင်လ ၁၄-ရက် နေ့လည် ၁၂-နာရီမှ ၅း၃၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။
    cover photo

    အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါ်သန်းမြင့်အောင်(ရန်ကုန် – နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဌ)မှ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောလူ့ဘောင်၊ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှ နောက်ဆုံးခံတပ်နှင့် ကိုဂျင်မီမှ ပညာတန်ခိုးနှင့် ပရဟိတလူမျိုး ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရသည်။

    ဟောပြောပွဲသို့ မလေးရှားနိုင်ငံရောက် လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံမှ မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

    အဆိုပါ ဟောပြောပွဲအား နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ရန်ပုံငွေအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ => Click Here