News @ M-Media
Blog
  • Breaking News : သံတွဲမြို့တွင် လက်ပံစုကုန်းမှ မွတ်စလင်မ်အိမ် တစ်လုံး မီးရှို့ခံရ
    ဇူလိုင် ၆၊၂၀၁၃
    M-Media
    ထွန်းတောက်
    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ လက်ပံစုရွာ ဘုန်းကြီးကျောင်း အနီးရှိ မွတ်စလင်မ်အိမ်တစ်လုံးအား ယနေ့ည (၈း၃၀)နာရီခန့် မီးရှို့ခံရကြောင်း သိရသည်။
    TanDwe 7-6-2013
    သံတွဲမြို့ လက်ပံစုကုန်း ဘုန်းကြီးကျောင်းနောက်ရှိ ဦးကျော်အေး၏ တဲအား အကြမ်းဖက်သမားများက ယနေ့ (၈း၃၀)နာရီခန့်က မီးရှို့ဖျက်ဆီး သွားခဲ့ပါသည်။
    သံတွဲမြို့ ကျောက်ဆိပ်ရွာတွင် မွတ်စလင်မ်အိမ်ခြေ (၅)အိမ်ခန့်ရှိပြီး ထိုရွာရှိ မွတ်စလင်မ်အိမ်များသည်လည်း စိုးရိမ်ဖွယ်ရာ အနေအထားနှင့် ကြုံနေရကြောင်းသိရသည်။ အဆိုပါ မွတ်စလင်မ်အိမ်(၅)အိမ်အား ရွာမှ ထွက်ပေးရန် ရခိုင် အကြမ်းဖက် သမားများက ကြေညာချက်ထုတ် ထားကြောင်းလည်းသိရသည်။
    အဆိုပါ မွတ်စလင်မ်များသည်လည်း ရခိုင်လူမျိုးများဖြစ်ပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူများဖြစ်ကြောင်းလည်း သိရသည်။
  • စီတဲလ်မြို့သားမှ နှစ် ၂၀၀ သက်တမ်းရှိ ငါးတစ်ကောင်ကိုဖမ်းမိ
    ဇူလိုင်- ၆ ၊ ၂၀၁၃
    M-Media
    AP-rockfish-record-catch-jef-130702-33x16-608-jpg_181652
    စီတဲလ်မြို့မှ အိမ်ခြံမြေလုပ်ငန်းရှင် ဟန်နရီ လိဗ်မန် (Henry Liebman) သည် အလာစကာ (Alaska)၊ စစ်ကာ (Sitka) ကမ်းခြေမှ shortracker အမျိုးအစားဝင် rockfish – ကျောက်ငါးတစ်ကောင်ကှို ဖမ်းဆီးရရှိခဲ့ရာ ၄င်း၏ အရွယ်အစားက သက်တန်း ၂၀၀ ကျော် ရှိကြောင်းပြသနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
    “ ဒါက မထင်မှတ်ဘဲ ရလိုက်တာပါ။ တစ်ချို့လူများအတွက် ဇရာထောင်းတဲ့အချိန်အထိ ဒါမျိုးမြင်ဖူးမယ်မထင်ဘူး။ ဒါကြောင့် ဒီအရာကိုမြင်ခွင့်ရတာ ကျေနပ်စရာပါဘဲ ” ဟု ABC News သို့ လိဗ်မန်မှ ပြောကြားခဲ့သည်။
    အရွယ်ရောက်လာလျှင် ကြီးထွားမှုနှုန်းရပ်တန့်သွားကြသည့် အခြားသောမျိုးစိပ်များနှင့်မတူညီဘဲ rockfish ကျောက်ငါးများမှာ အသက်အရွယ်အလျောက် ကြီးထွားနေတတ်ကြသည်။
    “ အရွယ်အစား၊ သက်တမ်း နဲ့ အလေးချိန်အကြားမှာ ခိုင်မာတဲ့ဆက်နွယ်မှု တစ်ရပ်ရှိတယ်။ ကျွန်တော်တို့ဆီမှာ  နှစ် ၂၀၀ သက်တမ်းကျော်တဲ့ ငါးအချို့ ရှိပါတယ်။ ဒါပေမယ့် အခုဖမ်းမိရတဲ့ငါးထက် သေးငယ်နေကြတာတော့အမှန်ပါဘဲ ” ဟု Alaska Department of Fish and Game မှ ဒေသခန့်ခွဲရေး ဇီဝဗေဒပညာရှင် ထရွိုင်း တိုင်ဒင်ကို (Troy Tydingco) က ဆိုသည်။
    အဆိုပါ ကျောက်ငါးသည်  ၃၉.၈ ပေါင် အလေးချိန်ရှိသဖြင့် စံချိန်ချိုး မှတ်တမ်းဝင်ခဲ့သည်။
    “ အလာစကာမှာ အပျော်တမ်းငါးဖမ်းသူတွေ ဖမ်းမိတဲ့ငါးတွေထဲမှာ အခုငါးက အရွယ်အစားအကြီးဆုံးပဲ၊ ပြည်နယ်အတွက် မှတ်တမ်းသစ် တစ်ခု ဖြစ်သွားပြီ ”ဟု National Marine Fisheries Service မှ ပြည့်သူ့ရေးရာဌာနအုပ် ဂျူလီ စပီဂယ်လ် (Julie Speegle) က ပြောကြားခဲ့သည်။
    ငါးကိုဖမ်းမိခဲ့သော လိဗ်မန်မှ မိမိသည် ရှားပါးလှသည့် ၄င်းငါးအားဖမ်းဆီးမိခဲ့သဖြင့် အလွန်ကို ၀မ်းမြောက်ကြောင်း ဇွန် ၂၁ ရက်နေ့တွင် ABC News သို့ ပြောကြားခဲ့သည်။
    “ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ငါးဖမ်းထွက်တဲ့အခါတိုင်း ဒီလို မျိုးစိပ်မျိုးကို အဓိကထားဦးတည်ခဲ့တာပါ ။ ဘယ်သူမှ မဖမ်းချင်တဲ့ငါးကို ကျွန်တော် ကြိုးစားပြီးဖမ်းလိုတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဟာလီဘဒ် (Halibut) ငါး တော်တော်များများကို ငါးစာအဖြစ်သုံးပြီး ပေ ၉၀၀ အနက်ဝန်းကျင်အထိ ချမျှားရတယ်။ ငါးမိပြီလို့ ကျွန်တော်သိလိုက်ရတဲ့အချိန်မှာ ငါးက ခပ်သေးသေးဘဲ – ဟာလီဘဒ် ငါးတစ်ကောင်ပါဘဲလို့ ကျွန်တော် ထင်ခဲ့မိတယ်။ ဒါပေမယ့် ရေထဲကနေ တစ်ဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါကျမှ သူရဲ့အရွယ်အစားကြောင့် ကျောက်ငါးဆိုတာ ချက်ခြင်းသိလိုက်တယ်။ မယုံနိုင်စရာကောင်းလောက်အောင်ပါဘဲဗျာ ”ဟု လိဗ်မန်ကဆက်လက်ပြောကြားခဲ့သည်။
    ကျောက်ငါးများသည် သဘာဝအားဖြင့် အပျော်တမ်းငါးဖမ်းသမားများအဖို့ လက်လှမ်းမမှီနိုင်လောက်သော သမုဒ္ဒရာရေနက်ပိုင်းမှာသာ ကျက်စားလေ့ရှိကြသည်။
    ယခုသီတင်းပတ်အကုန်တွင် ယင်းကျောက်ငါး၏ သက်တမ်းအား အတိအကျသတ်မှတ်နိုင်အောင် သိပ္ပံပညာရှင်များက စူးစမ်းစစ်ဆေးမည်ဖြစ်သည်။
    “ ကျောက်ငါးရဲ့နားအရိုးဟာ တစ်နှစ်ကို တစ်ကွင်း တိုးလာလေ့ရှိတယ်။ သစ်ပင်တွေရဲ့သက်တမ်းပုံဟန်နဲ့ တော်တော်လေးကို တူညီနေတယ်။ အဲ့ဒီအရိုးကွင်းတွေ ရေတွက်ကြည့်ယင် ငါးရဲ့အသက်ကို အတိအကျ ဖော်ထုတ်နိုင်ပါလိမ့်မယ် ” ဟု စပီဂယ်လ် က ရှင်းပြသည်။
    Ref:  ABC News Blogs
  • ဗြိတိန်သွားမည့် ဆရာတော်ကြီးများ ဗီဇာငြင်းပယ်ခံရ
    ၆-၇-၂၀၁၃ ရက်နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ
    နေလင်းထွန်း
    7days
    ရန်ကုန် ။ ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ပြုလုပ်မည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ရေစက်ချအလှူနှင့် တရားပွဲသို့ သွားရောက်ကြမည့် ဆရာတော်ကြီးများ ဗြိတိန်ပြည်ဝင်ခွင့် (ဗီဇာ) ငြင်းပယ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ တိပိဋက ဆရာတော်များအပါအ၀င် သံဃာနာယကဆရာတော်နှစ်ပါး၊ ကမ္မဌာန်းရိပ်သာဆရာတော်နှစ်ပါးတို့သည် ဇွန်လဆန်းတွင် ဗြိတိန်ပြည်ဝင်ခွင့်လျှောက်ထားခဲ့ပြီး ဇွန်လကုန်တွင် ပြည်ဝင်ခွင့်ငြင်းပယ်သည့် အကြောင်းပြန်စာ ရရှိခဲ့ခြင်းဖြစ်ကြောင်း
    ပြည်တွင်း၊ ပြည်ပနယ်လှည့် ဓမ္မကထိက ဆရာတော်တစ်ပါးက မိန့်သည်။
    “ဘဏ်အကောင့်တွေ၊ စပွန်ဆာတွေ အကုန်ဖြည့်ပြီးသား ပြည့်စုံလို့ သူတို့လက်ခံတာပေါ့။ ခုမှ သွားမယ့်နေရာတွေကို ဘယ်နေ့၊ ဘယ်ရက် အတိအကျမပါလို့ဆိုပြီးအကြောင်းပြတာပေါ့။ နောက်ပြီး တစ်လလျှောက်တဲ့အခါ တစ်လနဲ့ ပြန်မလာလောက်ဘူးဆိုတဲ့ အကြောင်းပြချက်ပေးတယ်။ အင်္ဂလန်ဗီဇာတော့ မလျှောက်ဖူးဘူး။ အမေရိကန်နဲ့ အခြားနိုင်ငံတွေတော့ အစုံရောက်ဖူးပါတယ်”ဟု အထက်ပါ ဆရာတော်က မိန့်ကြားသည်။
    လန်ဒန်မြို့တွင် ကျင်းပပြုလုပ်မည့် ကျောင်းရေစက်ချအလှူနှင့် တရားပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးအပါအ၀င် နယ်လှည့်ဓမ္မကထိက ဆရာတော်များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ “ဇူလိုင် ၆-ရက်မှာ ဗန်းမော်ဆရာတော်ကြီးရဲ့ တရားပွဲ ဆောင်ရွက်ဖို့ စီစဉ်ထားတာကိုလည်း မြန်မာနိုင်ငံက ဆရာတော်တွေ မကြွရောက်နိုင်တော့လို့ဆိုပြီး အစီအစဉ်ပြောင်းလိုက်တယ်လို့ အီးမေလးလ်ဝင်လာတယ်”ဟု အထက်ပါ ဆရာတော်က မိန့်သည်။
    ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများနှင့်အတူ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်ပုံများ အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေခြင်း၊ ၉၆၉ လှုပ်ရှားမှုနှင့် မျိုးစောင့် ဥပဒေ၊ တိုင်းမ်မဂ္ဂဇင်း၏ သတင်းဆောင်းပါး ရေးသားဖော်ပြမှုတို့သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဗြိတိန်ဝင်ခွင့် ငြင်းပယ်ခံရမှုနှင့် ဆက်စပ်နိုင်ကြောင်း ဆရာတော်များက သုံးသပ်သည်။
    “သံရုံးတိုင်းရဲ့ထုံးစံကတော့ ပြည်ဝင်ခွင့် လျှောက်တဲ့အခါ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာ အတိအကျရေးရတာပါပဲ။ သံရုံးက ပြည်ဝင်ခွင့် ငြင်းပယ်တာကို တိုက်ရိုက်ကြီးပြောဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ ဖော်ပြမှုကတော့ တော်တော် သက်ရောက်မှုရှိနေပါတယ်”ဟု ပြည်ပတွင် သာသနာပြုနေသော မြန်မာဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။
    မြန်မာနိုင်ငံမှ ဗြိတိန်ပြည်ဝင်ခွင့် လျှောက်ထားသူများအတွက် ထိုင်းနိုင်ငံ၊ ဘန်းကောက်မြို့ရှိ ဗြိတိန်သံရုံးက ကိုင်တွယ် ဆောင်ရွက်ခြင်းဖြစ်သည်။
  • ဇီးကုန်းမှ အကြမ်းဖက်ခံ မွတ်စလင်မ်ဒုက္ခသည်များကို ကူညီစောင့်ရှောက်ခဲ့သည့် ဗုဒ္ဓဘာသာဝင်ဖြစ်သူ မယင်းကျေးရွာ သူကြီး ဦးတင်အေးနှင့် အင်တာဗျူး
    ဇူလိုင် ၅၊ ၂၀၁၃
    M-Media
    ဆူးထက်
    ဇီးကုန်း ။        ။      ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်သမားများလက်မှ  မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်များ၏ အသက်ဘေးကာကွယ် စောင့်ရှောက်ခဲ့သူ ဇီးကုန်းမြို့ မယင်းကျေးရွာ သူကြီး ဦးတင်အေးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
    U Tin Aye
    “ဇီးကုန်းမြို့ပေါ်မှာ ပြဿနာဖြစ်တော့ အစ္စလာမ်ဘာသာဝင်တွေက ရွာတွေဘက်ကို ပြေးလာကြတယ်၊ တချို့ မိသားစုတွေ၊ ရွာတွေက ခဏတော့ လက်ခံကယ်တင်ထားပေးကြတယ်။ သူတို့ကိုပါ ရန်မူမှာကြောက်ပြီး နောက်တော့ လက်မခံရဲကြတော့ မွတ်စလင်တွေမ်ဟာ လယ်ကွင်းတွေ၊ ကန်သင်းတွေမှာ နေနေကြရတယ်။
    အဘက ပြည်သူတွေကို အားလုံးပဲ အတူတူလို့ ခံယူတယ်၊ အဘတို့ နိုင်ငံမှာ ဘာသာကြီးလေးရပ်ရှိတယ်လေ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဆိုပြီးတော့။ သူတို့တွေက သူတို့ဘာသာကိုပဲ ကိုးကွယ်ကြတယ်။ တို့တတွေကို အနှောက်အယှက် မလုပ်ဘူး၊ ဗုဒ္ဓဘုရားရှင်က ဟောခဲ့တယ် လူသားတွေ ဒုက္ခတွေ့ရင် ကူညီရမယ်လို့ ဟောခဲ့တယ်၊ ဘုရားရှင်ဟောခဲ့တဲ့ အတွက် ဘဘက ဒုက္ခရောက်တဲ့ သူတွေကို ကယ်တာပါ။ မိမိအိုးအိမ်မှာ မနေရဘဲ အစားမစားရတဲ့ ဒုက္ခရောက်တဲ့ သူတွေကို အစာ ရေဆာ ကျွေးမွေးတယ်၊ အဘတို့ရွာက အစဉ်အလာကို ရှိခဲ့ဖူးတယ်၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မယင်းကျေးရွာ အကြောင်းကို ကမ္ဘာသမိုင်းမှာ သင်နေတယ်လို့ သိရတယ်။ ပြည်သူတွေကို ပြောချင်တယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ တူညီစွာ အတူယှဉ်တွဲနေထိုင်သွားကြပါစို့လို့ အဘအနေနဲ့ ပြည်သူတွေကိ aတာင်းဆိုချင်ပါတယ်၊
    အဘက နိုင်ငံရေး သမားမဟုတ်ပါဘူး၊ ဒါပေမယ့် အဘက ပြည်သူတွေကို ချစ်တယ်၊ အလုပ်သမား ၊ လယ်သမားတွေကို ချစ်တဲ့ သူပါ၊ သူတို့တွေ ရောက်လာတာက ၂၇-ရက်နေ့၊ ၂၈ရက်နေ့မှာ အဘက အသက်(၈၈)နှစ်ပြည့် မွေးနေ့ ရှိပါတယ်၊ အစတည်းက
    မွေးနေ့မှာ အလှူလုပ်မယ်လို့ စိတ်ကူးထားခဲ့တာ။ သူတို့တွေရောက်လာတော့ မွေးနေ့ အလှူလေးလည်း မြောက်သွားပါတယ်၊ သူတို့ကို (၇)ရက် ကျွေးမွေးစောင့်ရှောက်ခွင့် ရခဲ့ပါတယ်၊ သူများရဲ့ အကူအညီ ဘာမှမယူဘဲ ကျွေးမွေး စောင့်ရှောက်ခဲ့တာပါ၊
    နောက် သူတို့တွေက လာပြီး ဂုဏ်ပြုပွဲ လုပ်ပေးကြပါတယ်။ အဲဒီဂုဏ်ပြုပွဲမှာ သူတို့တွေက အဘတို့ရဲ့ ဘာသာတရားအရ  အဘကို ကုသိုလ်ကောင်းမူ လုပ်ပါဆိုပြီးတော့ လိုက်လုပ်ပေးကြတယ်၊ အဘက ဘုန်းကြီးကို ဆွမ်းကပ်တယ်၊ အချိုပွဲ ကပ်တယ်၊ ၀တ္ထုပစ္စည်း ဆပ်ကပ် လှူဒါန်းတယ် အဘလုပ်ချင်တဲ့ ကုသိုလ်ကောင်းမှုကို သူတို့တွေ လုပ်ပေးကြတယ်၊ တစ်ရွာလုံးကို အဘကို ဂုဏ်ပြုတဲ့နေ့မှာပဲ ပလောင်ထမင်းကျွေးတယ်၊ အလှူရှင်က ဟာဂျီကိုကိုလွင် (ကမ္ဘာရှား မုန့်တိုက်) ကလှူတာလို့ သိရတယ်၊ ဇီးကုန်းမြို့ အစ္စလာမ်ဘာသာဝင် အားလုံး ကိုယ်စား (၁၄)ယောက်က လုပ်ပေးကြတာ ဖြစ်တယ်၊ အဘတို့ မိသားစုနဲ့ ရွာသားတွေက ပိုက်ဆံ အကုန်အကျ များမှာစိုးလို့ သူတို့တွေလည်း အိမ်တွေ၊ ဆိုင်တွေ အဖျက်အဆီးခံထားရတာ ဆိုတော့လေ ထမင်းမကျွေးဖို့ ပြောတယ်၊ သူတို့ကလည်း မဟုတ်ဘူးပေါ့၊ ဒီလိုမျိုး အဘကယ်ခဲ့တဲ့ အတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒါလေးလောက်တော့ လုပ်ပါရစေလို့ ပြန်ပြောကြတယ်။
    အဘတို့ မိသားစု သူတို့ကို ကယ်တင်ပြီးတဲ့နောက် ရွာကို ၀ိုင်းလာပြီလို့ အဲလိုမျိုး အသံတွေတော့ ကြားရတော့ ရပ်ရွာ လုံခြုံရေး အတွက် လူအယောက် ၁၅၀-လောက် ကင်းစောင့်ကြတယ်၊ ကားလမ်းဘေးကနေ ရွာကို ပတ်ပတ်လည် နှစ်ထပ် သုံးထပ် ကင်းချထားတယ်၊ တစ်ရွာလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကြတာ ဖြစ်တယ်။  အဘတို့ အနား ပတ်ဝန်းကျင် ရွာတွေကလည်း အဘတို့ရွာကို လာပြီး အန္တရာယ် ပြုလို့ မရအောင် ၀ိုင်းပြီး စောင့်ရှောက်ပေးကြတယ်၊ အဘတို့ရွာက အိမ်ခြေ တစ်ထောင်ခန့် ရှိပါတယ်၊ နောက်ကြတော့ မ.ယ.က တွေရော၊ ရဲတွေရော လာပြီး စောင့်ရှောက်ပေးကြတယ်။  အဘတို့က ဆိုင်ကယ်တွေနဲ့ ရွာကလယ်ကွင်းတွေ၊ ချုံတွေ၊ ကန်စင်းတွေမှာ ပုန်းနေကြရတဲ့ သူတို့တွေကို လိုက်ခေါ်ပြီး အဘရဲ့ အိမ်ကို ခေါ်လာခဲ့ပါတယ်” ဟု M-Media သို့ပြောပြသည်။
  • သေတမ်းစာအတုလုပ်မှုဖြင့် ဟောင်ကောင်တွင် ဗေဒင်ဆရာတစ်ဦး ထောင်ကျ
    ဇူလိုင်- ၅၊ ၂၀၁၃
    M-Media
    ဟောင်ကောင်။           ။ ဟောင်ကောင် တရားရုံးတစ်ခုမှ ဗေဒင်ဆရာ တစ်ဦးအား ၄င်း၏ချစ်သူဟုဆိုသော ကုဋေကြွယ်သူဌေး နီနာဝမ် (Nina Wang) ၏ သေတမ်းစာကို အတုလုပ်ခဲ့ခြင်းကြောင့်  သောကြာနေ့က ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်သည်။
    Ex-fortune teller
    ချန်သည် ဖန်ရွှေ (ခေါ်) ၀ိညာဉ်နှင့် သဘာဝလွန်စွမ်းအင်များကို အခြေခံထားသည့်  ရှေးဟောင်းတရုတ်အယူဖြင့် လမ်းညွှန်ပေးသော အသက်မွေးဝမ်းကျောင်း ပြုလုပ်ဖူးသူ တစ်ဦးဖြစ်သည်။
    ချန်သည် အာရှတွင် အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးနှင့် ခန့်မှန်းခြေ ဒေါ်လာ ၁၃ သန်းတန် ပိုင်ဆိုင်မှုကိစ္စဖြင့် နှစ်ရှည်အမှုဖြစ်ပွားခဲ့သည်။ ထိုအမှုမှာ အလွန်ထင်ရှားကျော်စောခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရားရှုံးခဲ့သည်။ ၄င်းနောက် ပြီးခဲ့သည့်ကြာသပတေးနေ့တွင် သေတမ်းစာအတုပြုလုပ်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့်
    ချန်အား ယင်းသို့ စီရင်ချက်ချလိုက်ခြင်းဖြစ်သည်။
    – AFP/ac