News @ M-Media

Blog

  • ဆော်ဒီ တက္ကသိုလ်များ သုတေသန အစီအစဉ်များ အတွက် KACST မှ ဆော်ဒီငွေ ၂၂.၈၄ သန်းအား အသုံးပြုမည်။

    ဇူလိုင်- ၃၊ ၂၀၁၃
    M-Media

    King Abdulaziz City for Science and Technology (KACST) သည်  နိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးတွင် သုတေသနအစီအစဉ် ၂၅ မျိုး ဆောင်ရွက်ရန်အတွက် ဆော်ဒီငွေ ၂၂.၈၄ သန်းအား သတ်မှတ်ကာ ပေးအပ်ခဲ့ကြောင်း အဖွဲ့အစည်း၏ အကြီးတန်းအရာရှိတစ်ဦးမှ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    1372686699691410300_0

    “ဟိဂ်ျရီနှစ် ၁၄၃၃-၃၄ ခုနှစ်အတွင်း တက္ကသိုလ်အသီးသီးက သိပ္ပံစမ်းသပ်မှုသုတေသနနယ်ပယ် အမြောက်အများအတွက် ရံပုံငွေများကို ပေးအပ်ထားပါပြီ။ အခြေခံသိပ္ပံပညာရပ်များအတွက် ဆော်ဒီငွေ ၃.၉၀ သန်း၊ ဆေးပညာသုတေသနကဏ္ဍအတွက် ဆော်ဒီငွေ ၁၃.၃၈သန်း၊  စိုက်ပျိုးရေးကဏ္ဍဏ္ဍများအတွက် ဆော်ဒီငွေ ၃.၆၁ သန်း နဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာစီမံချက်များအတွက် ဆော်ဒီငွေ ၁.၉၄ သန်း ကို အသီးသီးသုံးစွဲစေမှာဖြစ်တယ် ” ဟု KACST Grants Program မှ အထွေထွေကြီးကြပ်ရေးမှူး မုဟမ္မဒ် ဘင်န် အဟ်မဒ် ခီယာမီ (Mohammed bin Ahmed Khiyami) က ဆိုသည်။

    သိပ္ပံသုတေသန နှင့် နည်းပညာအဆင့်မြှင့်တင်မှု၏အရေးပါပုံနှင့်ပတ်သက်၍ KACST မှ ဥက္ကဌ ဖြစ်သူ မုဟမ္မဒ် ဘင်န် အီဘ်ရာဟင်မ် အလ်စူဝိုင်ယလ် (Mohammed bin Ibrahim Al-Suwaiyel) မှ ပြောကြားသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများသည် သုတေသနနှင့် တီထွင်မှုနယ်ပယ်အတွက် စေ့စေ့စပ်စပ် ကြိုးပမ်းထားပြီးဖြစ်ကြောင်း၊ ၄င်းတို့၏ပြည်တွင်းထုတ်ကုန်များမှရသော အသားတင်အမြတ်ငွေအား ထိုကဏ္ဍအတွက် အချိုးကျသုံးစွဲရန် လျာထားသတ်မှတ်ခဲ့ကြကြောင်း၊ ယင်းသို့အားဖြင့် ယနေ့ကာလ သိပ္ပံဖြစ်စဉ်များနှင့် သတင်းအချက်အလက်အပြောင်းအလဲများအား မြင်တွေ့လာရခြင်းဖြစ်ကြောင်း စသည်တို့ဖြစ်သည်။

    “ KACST သည် အခန်းကဏ္ဍအသီးသီး၏တိုးတက်မှု ဖြစ်ထွန်းလာအောင် ရည်ရွယ်သည့် သိပ္ပံပညာဆိုင်ရာ သုတေသန စီမံကိန်း အမြောက်အများကို ထောက်ပံ့ကူညီပေးခြင်းဖြစ်သည်။ ဤသုတေသနစီမံကိန်းများက အများပြည်သူဆိုင်ရာ ကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍနှစ်မျိုးလုံးက အုပ်စုအမျိုးမျိုးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိစေခဲ့တယ်” ဟု သူက ဆိုသည်။

    ဆက်လက်၍ သူက KACST သည် ၄င်းပိုင် ဓာတ်ခွဲခန်းများနှင့် သုတေသနဌာနများတွင် သုတေသနလုပ်ငန်း အမြောက်အများအား အဆင့်လိုက် အကောင်အထည်ဖော်လျက်ရှိကြောင်း၊
    နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် KACST သည် IAEA (the International Atomic Energy Agency)၊ UNESCO (the United Nations Educational, Scientific and Cultural Organization)၊ UNIDO (the United Nations Industrial Development Organization) ၊ အစ္စလာမ့်သိပ္ပံဆိုင်ရာကွန်ရက်အများစု၊ ကမ္ဘာ့သိပ္ပံပညာအဖွဲ့အစည်းများ  စသည့် ကမ္ဘာ့အသင်းအဖွဲ့များစွာနှင့်လက်တွဲဆောင်ရွက်နေကြောင်း ပြောကြားသည်။

    KACST အဖွဲ့သည် ၀န်ကြီးချုပ်လက်အောက်တွင်ရှိပြီး၊ အစိုးရနှင့်မသက်ဆိုင်သော လွတ်လပ်သည့် သိပ္ပံပညာရပ်ဆိုင်ရာ အဖွဲ့တစ်ခုသာမက၊ ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားသိပ္ပံအေဂျင်စီ နှင့် ဓာတ်ခွဲစမ်းသပ်ခန်းလည်း ဖြစ်သည်။ သိပ္ပံအေဂျင်စီဌာနမှာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ အချက်အလက်များစုဆောင်းခြင်း၊ အခြားသော သုတေသနများအတွက် ငွေကြေးထောက်ပံ့ပေးခြင်း နှင့် တီထွင်ချက်များအား မှတ်ပုံတင်ကာ ထုတ်လုပ်ခွင့် ပေးအပ်ခြင်း စသည် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

    Ref: ArabNews

  • ရမ်သွာန် (ဥပုတ်) လတွင် မွတ်စ်လင်မ်တို့၏ ၀တ်ပြုရေး နှိုးဆော်သံ ဗြိတိန် ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည်

    ဇူလိုင် ၂၊ ၂၀၁၃
    M-Media

    ကိုင်ရို။    ။ ဘာသာရေးဆိုင်ရာ လူနည်းစုတို့အား ဦးစားပေးသောအားဖြင့် British channel 4 မှ ရမ်ဿွာန်လမြတ်တစ်လလုံး နေ့စဉ်နှင့်အမျှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုရေးဖိတ်ခေါ်သံ(အဇာန်)ကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်သွားမည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာ အစွန်းမရောက်သောမွတ်စ်လင်မ်တို့၏ ပုံရိပ်အမှန်ကို တင်ဆက်ပြသရန် (နှင့်) ဘာသာရေးကိုအကြောင်းပြသောအကြမ်းဖက်မှုများကို စိန်ခေါ်ရန် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် Channel 4 သည် အဇာန်သံကိုထုတ်လွှင့်မည့် ပထမဆုံးဗြိတိန်ပိုင်ရုပ်မြင်သံကြားလိုင်းတစ်ခု ဖြစ်လာသည်။

    Worshippers arrive at Sultanahmet mosque, known as the Blue mosque, for Friday prayer in Istanbul

    “ Channel 4 ပေါ်ကနေ အဇာန်ပေးမှုထုတ်လွှင့်ခြင်းကို နိုင်ငံအ၀ှန်း ကြားသိစေလိုတဲ့စံနစ်တစ်ရပ်အနေနဲ့ ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ရဲ့ပရိသတ်အားလုံးဆီကို ကမ္ဘာ့အနှစ်သာရစစ်စစ်တစ်ရပ် ရောက်ရှိသွားစေဖို့ ရည်ရွယ်ပါတယ် ” ဟု အချက်အလက်အစီအစဉ်မှူး ရဖ်လီ ( Ralph Lee ) မှ Radio Times တွင်ရေးသားခဲ့ပြီး၊ The Independent သတင်းစာက ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့တွင် ကောက်နှုတ်ဖော်ပြလိုက်သည်။

    မွတ်စ်လင်မ်တို့၏ လမြတ် ရမ်ဿွာန်အတွင်း ယင်းသို့တင်ဆက်မှုအပေါ် ရဖ်လီက “ ဗြိတိန်က လူအများစုဟာ စုပေါင်းစွန့်လွှတ်မှုနဲ့ဝတ်ပြုမှုကို အလေးမထားသတိမ၀င်တတ်ကြလို့ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

    လာမည့်အင်္ဂါနေ့မှစတင်၍ မွတ်စ်လင်မ်တို့၏အဇာန်ဖိတ်ခေါ်သံနှင့်အတူ ၀တ်ပြုချိန်၊ ဥပုသ်သီလစောင့်ထိန်းခြင်းနှင့် ပတ်သက်သောအစီအစဉ်များကိုပါ တင်ဆက်သွားမည်ဖြစ်သည်။ ရမ်ဿွာန်လအတွင်း ဗြိတိန်မွတ်စ်လင်မ်တို့၏ ဘ၀ပုံဟန်မှတ်တမ်းတင်ဗီဒီယိုနှင့်တစ်ကွ ကြည့်ရှုသူလူငယ်များ၏အမြင်ကိုလည်း တွဲ၍ တင်ဆက်သွားမည်ဟု ဆိုသည်။

    “ လူနည်းစုတစ်ခုရဲ့ဘာသာတရားကို အလေးထားတဲ့အတွက် Channel 4 ကတော့ အဝေဖန်ခံရမှာ အသေအချာပါဘဲ။ ဒါပေမယ့် မတူကွဲပြားမှုအတွက်၊ ကိုယ်စားပြုတင်ပြခွင့်မရှိတဲ့လူတွေရဲ့အသံအတွက် နေရာတစ်ခု ပေးရမယ်ဆိုတာ ကျွန်တော်တို့ သတိချပ်သင့်တယ်။ ပြီးတော့ အစ္စလာမ်ဟာ ယူကေမှာ အဖွံ့ထွားလာဆုံး ရှားရှားပါးပါး ဘာသာတရား တစ်ခုဖြစ်တာလည်း မမေ့လိုက်ကြပါနဲ့။ Channel 4 ရဲ့ ဦးတည်ပရိသတ်တွေလိုဘဲ မွတ်စ်လင်မ်ဖြစ်လာသူအများစုက လူငယ်ပိုင်းတွေပါ။ လတ်တစ်လောအစီရင်ခံချက်အရ ဗြိတိသျှမွတ်စ်လင်မ်တွေရဲ့ထက်ဝက်ဟာ အသက် ၂၅ နှစ် အောက်လူငယ်တွေဖြစ်နေကြတယ်။ ဒီလအတွင်း နိုင်ငံ့လူဦးရေ ၅ % နီးပါးက ရမ်ဿွာန်လအတွက် ပျော်ရွှင်တက်ကြွစွာ ပြင်ဆင်နေကြပြီ။ ဘုရင်မရဲ့နှစ်ပတ်လည်အခမ်းအနားလို ရုပ်မြင်သံကြားအပေါ် အ၀တ်အုပ်ခံရတဲ့ တခြားပြည်တွင်းဖြစ်ရပ်တွေနဲ့အတူတူပါဘဲလို့ ဘယ်လိုပြောနိုင်မှာလဲ ? ” ဟူ၍လည်း ရဖ်လီမှ ထည့်သွင်းပြောဆိုခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် ရမဿွာန်သည် အမြင့်မြတ်ဆုံး လတစ်လဖြစ်သည်။ ထိုလ၌ အရွယ်ရောက်ပြီးသူ မွတ်စ်လင်မ်တို့သည် အားနည်းချည့်နဲ့သူနှင့်ခရီးသည်အား ကူညီစောင့်ရှောက်ကြ၏။ အရုဏ်ချိန်မှနေ၀င်ချိန်အထိ အစာရေစာ၊ ဆေးလိပ်၊ မေထုတ်မှီဝဲမှုတို့မှ ရှောင်ကြဉ်ကြ၏။ ဤတစ်လတာအတွင်း အလ္လာဟ်အရှင်မြတ်၏ နှစ်သက်လက်ခံမှုရရန် ၀တ်ပြုခြင်း၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း နှင့် ကောင်းမှုလုပ်ရပ်များပြုကျင့်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေလေ့ရှိကြသည်။

    ရမ်ဿွာန်လအတွင်း ဥပုသ်သီလစောင့်သည့် ပထမဆုံးနေ့မှစ၍ နေ့စဉ်နံနက်တိုင်း မွတ်စ်လင်မ်တို့၏၀တ်ပြုရေး ပြင်ဆင်မှုများကိုလည်း အချိန်အတိအကျဖြင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟု Channel 4 မှ ပြောကြားသည်။

    သို့ရာတွင် အယူသည်းသူအချို့ကမူ ဤဆောင်ရွက်ချက်သည် မွတ်စ်လင်မ်လူနည်းစုကို မျက်နှာသာပေးလွန်းသည်ဟု အမြင်ရှိကြသည်။

    “ BBC လို ခရစ်ယာန်ဘာသာအပေါ် ပိုပြီးဦးစားပေးတာမျိုးဆိုယင် ကျွန်တော် ကန့်ကွက်ဖို့မရှိဘူး။ ဒါပေမယ့် Channel 4 ကတော့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ ထည့်သွင်းထားတယ်။ ယူကေမှာ မွတ်စ်လင်မ်ဦးရေ ရာခိုင်နှုန်း အလွန်ကို နည်းပါးတဲ့အတွက် အဲ့ဒါကို စိတ်ဝင်စားသူ မဆိုစလောက်ဘဲ ရှိကြပါလိမ့်မယ်။ ဘယ်သတင်းဌာနကိုမှ ဘာသာရေး ဆွယ်တရားဟောတဲ့ လမ်းကြောင်းအဖြစ် မမြင်ချင်ဘူး ” ဟု National Secular Society ၏ ဥက္ကဌ တယ်ရီ ဆန်ဒါဆင် Terry Sanderson က ပြောဆိုသည်။

    “ မွတ်စ်လင်မ်တွေနဲ့ရမ်ဿွာန်လအကြောင်းကို ရုပ်မြင်သံကြားပေါ်ကနေ အနီးကပ်မြင်ရတဲ့အခါကျယင် သူတို့ဟာ အစွန်းရောက် သို့မဟုတ် အကြမ်းဖက်သူတွေလားဆိုတာ ကွဲပြားထင်ရှားသွားပါလိမ့်မယ်။ အလယ်အလတ်လမ်းစဉ်ပေါ် ရှိတဲ့ မွတ်စ်လင်မ်တွေကို တွေ့နေရတဲ့တိုင်အောင် ဒီလိုစွပ်စွဲမှုနဲ့ မကြာခဏထိုးနှက်တိုက်ခိုက်နေကြတာဘဲ။ ၀ူးလ်ဝိခ်ျ Woolwich က တုန်လှုပ်ဖွယ်ဖြစ်အင်တွေရဲ့နောက် ဗြိတိသျှမွတ်စ်လင်မ်တွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ဆက်ဖြစ်လာခဲ့တယ်။ ဒီလို ထပ်မံဖိနှိပ်မှုတွေ မရှိခဲ့ဖူးတဲ့အတွက် သမမျှတအမြင်ရှိကြတဲ့လူများစုဆီ ဒီအသံကို ကြားစေဖို့ လိုအပ်နေတယ် ” ဟု ရဖ်လီက ပြန်လည်ချေပခဲ့သည်။

    လူဦးရေ ၂.၇ သန်းခန့်ရှိသော ဗြိတိသျှမွတ်စ်လင်မ်များအား မုန်းတီးမှုသည် စစ်သည်တစ်ဦးအသတ်ခံရပြီးနောက် ပိုမို မြင့်မားလာသည်။ ထိုသတ်ဖြတ်မှုသည် အစ္စလာမ့်အခြေခံသွန်သင်ချက်နှင့်ဆန့်ကျင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မွတ်စ်လင်မ်တို့မှ ရှုတ်ချခဲ့သည်။

    ဗြိတိန်နိုင်ငံ၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့လာနေသော Tell Mama project ၏ အဆိုအရ ၀ူးလ်ဝိခ်ျတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဗလီဝတ်ကျောင်းများကိုတိုက်ခိုက်မှု ၁၁ ကြိမ်အပါအ၀င် မွတ်စ်လင်မ်ဆန့်ကျင်ရေးအမှုပေါင်း ၂၁၂ ခု ရှိသွားပြီဖြစ်၏။

    Ref: OnIslam

    Photo-metro.co.uk

  • ၂၊၇ ၊၂၀၁၃ နိုင်ငံတကာသတင်းအချို့ စုစည်းမှု အကျဉ်း

    ၂၊၇ ၊၂၀၁၃ နိုင်ငံတကာသတင်းအချို့ စုစည်းမှု အကျဉ်း

    ဇူလိုင် ၂ ၊ ၂၀၁၃
    M-Media

    စနိုးဒန်း ခိုလှုံခွင့် ရရန်အခက်အခဲကြုံ
    မော်စကိုလေဆိပ်၏ ခရီးသည်များ ခရီးစဉ်ကူးပြောင်း ဧရိယာ အတွင်း ရှိနေ သော Edward Snowden သည် နိုင်ငံပေါင်း ၂၀သို့ ခိုလှုံခွင့် လျှောက်ထားခဲ့သော်လည်း ရနိုင်ခြေ နည်းပါးနေဆဲ ဖြစ်သည်။ ဝီကီလိခ် မှတစ်ဆင့် ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် အိုဘားမားသည် အခြားနိုင်ငံများကို ဖိအားပေး၍ ၎င်းင်အား ခိုလှုံခွင့် ငြင်းပယ်အောင် ပြုလုပ်နေကြောင်း ပြောဆိုထားသည်။

    ———————————————-
    ဆိုမာလီယား သူပုန်များကို ကန်ညာ ကထောက်ပံ့နေဟုဆို
    အငြင်းပွားစရာ အခြေအနေတွင်ရှိသော ကမ်းခြေဆိပ်ကမ်းမြို့ Kismayo တဝိုက်တွင် ရှိသူပုန်များကို ထောက်ပံ့ပေးခြင်းဖြင့် ထိုဒေသအပေါ် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုမားလီယား ဘက်က ပြောဆိုလိုက်သည်။

    ———————————————-
    ခန္ဓာကိုယ်အပူဓါတ်ဖြင့် လင်းသည့် ဓါတ်မီး
    ဂူးဂဲလ် သိပ္ပံပြိုင်ပွဲတွင်၁၅နှစ်အရွယ် ကျောင်းသားများက $26 သာတန်ဖိုးရှိသည့် ခန္ဓာကိုယ်အပူဓါတ်ဖြင့် လင်းသည့် ဓါတ်မီး နည်းစံနစ် ကို ပြိုင်ဆိုင်ခဲ့သည်။

    ———————————————-
    ရုရှနိုင်ငံ ဂြိုဟ်တုလွှတ်တင်မှု ပေါက်ကွဲ ပျက်စီး
    တနင်္လာနေ့က ကဇက်ကစ္စတန်ရှိ ဒုံးပျံလွှတ်စင်မှ ပစ်လွှတ်အပြီးခေတ္တအကြာတွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့၍ ပစ်လွှတ်လိုက်သော ဂြိုဟ်တု ပျက်ဆီးဆုံးရှုံးခဲ့သည်။
    ————————
    ဆော်ဒီအမျိုးသမီးများအား လေ့ကျင့်သင်ကြားပေးရန် UK ကောလိပ်များ ဒေါ်လာ ၁၁၄ သန်းတန် စာချုပ် လေလံအောင်
    ဗြိတိန်ကောလိပ် ၃ ခုပေါင်းထားသည့် ကဏ္ဍစုံအဖွဲ့အစည်းတစ်ခုသည် ဆော်ဒီအာရေဗျ (Saudi Arabia) တွင် အမျိုးသမီးသီးသန့်် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရန် ပေါင် ၇၅ သန်း (ဒေါ်လာ ၁၁၄ သန်း)တန် စာချုပ်ကို လေလံ အနိုင်ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

    ——————————-
    အနာဂတ် အုပ်ချုပ်ရေးအတွက် မီဒီယာများနှင့် ထိတွေ့မှုသည် မရှိမဖြစ်ဟု အီရန် သမ္မတသစ် Rohani ပြောကြား
    အီရန်သမ္မတ Hassan Rohani က  တိုင်းပြည်အတွက်ပိုမိုကောင်းမွန်သော အကျိုးပြုမှုများလုပ်ဆောင်ရန် ၄င်း၏ အနာဂတ် တိုင်းပြည် အုပ်ချုပ်ရေးနှင့် မီဒီယာတို့ အကြား အမြဲမပြတ် ဆက်သွယ်မှုရှိရန် လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားလိုက်သည်။

  • ဆော်ဒီအမျိုးသမီးများအား လေ့ကျင့်သင်ကြားပေးရန် UK ကောလိပ်များ ဒေါ်လာ ၁၁၄ သန်းတန် စာချုပ် လေလံအောင်

    ဇူလို်င် -၁ ၊ ၂၀၁၃
    M-Media

    EDDAH။    ။ ဗြိတိန်ကောလိပ် ၃ ခုပေါင်းထားသည့် ကဏ္ဍစုံအဖွဲ့အစည်းတစ်ခုသည် ဆော်ဒီအာရေဗျ (Saudi Arabia) တွင် အမျိုးသမီးသီးသန့်် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရန် ပေါင် ၇၅ သန်း (ဒေါ်လာ ၁၁၄ သန်း)တန် စာချုပ်ကို လေလံ အနိုင်ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

    Saudi women

    အဆိုတစ်ခုအရ NESCOT ကဏ္ဍစုံအဖွဲ့အစည်းတွင် နောက်ထပ် ပညာရေးကောလိပ် ၃ ကျောင်းပါရှိပြီး၊ North East Surrey College of Technology (NESCOT)၊ Highbury College Portsmouth and Burton နှင့် South Derbyshire College တို့ဖြစ်ကြသည်။

    ဂျီဒဟ် (Jeddah) အမျိုးသမီးကောလိပ်သည် တင်ဒါခေါ်ယူခံရသူ ၁၁ ဖွဲ့အနက် တစ်ခုဖြစ်ပြီး၊ ဆော်ဒီ ရီယဲလ် ၄ သန်းတန် စာချုပ်ထဲတွင် အပါအ၀င်ဖြစ်သည်။ အမေရိကန်၊ ကနေဒါ၊ ဗြိတိန် နှင့် စပိန်မှကောလိပ်များနှင့်အပြိုင် ဈေးကွက်လိုအပ်ချက်နှင့်အညီ ဆော်ဒီတွင် နည်းပညာရပ်အား သင်တန်းပေးရေး တင်ဒါအား ရရှိအောင် ဦးဆောင်ကြိုးစားနေသည်။ ၄င်း တင်ဒါခေါ်ယူမှုသည် ဆော်ဒီအာရေဗျတွင် ရှိသူများ၊ အထူးသဖြင့် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ရေး ပထမဆုံးကြိုးပမ်းချက်အနေဖြင့် ထိုစီမံချက်ပေါ်ထွက်လာရသည်။

    North East Surrey College of Technology (NESCOT) သည် ကဏ္ဍစုံကို ဦးဆောင်လျက် ရှိသည်။ ဗြိတိန်၊ အမေရိကား၊ သြစတေးလျ နှင့် နယူးဇီလန်နိုင်ငံများရှိ ကမ္ဘာ့အဖွဲ့အစည်း ၅၀၀ ကျော်ထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဆော်ဒီအာရေဗျတွင် ပထမဆုံးသော သက်မွေးဝမ်းကျောင်း ကောလိပ် ၁၀ ခုအနက် တစ်ခုအား ရင်းနှီးမြှုပ်နှံမှု၌ စိတ်အားထက်သန်ပါကြောင်း ဖွင့်ပြောခဲ့သည်။ ကောလိပ်တိုင်းအား နေရာဒေသ သတ်မှတ်ပြီး ဖြစ်ကာ၊ Technical and Vocational Training Corporation (TVTC) မှ တည်ဆောက်ထားပြီးဖြစ်သည်။
    “ ကျွန်မတို့ရဲ့ ကြိုးပမ်းမှု နဲ့ အားထုတ်မှုကြောင့် ဂျီဒဟ်မှာ အမျိုးသမီးကောလိပ်တစ်ခုအတွက် ကန်ထရိုက်ရခဲ့ပါတယ်။ ယူကေမှ လက်တွဲဖော်များရဲ့ အရည်အသွေးပြည့်သူ၊ ကျွမ်းကျင်သူတွေက  ဂျီဒဟ်နေ အမျိုးသမီးများရဲ့ဘ၀တွေကို ပြောင်းလဲစေမှာဖြစ်တယ်လို့ ကျွန်မတို့ ယုံပါတယ်။ နောက်ထပ် အမြောက်အများ ပေါ်ပေါက်လာဦးမယ့်အထဲက ပထမဦးဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ” ဟု NESCOT ကောလိပ်ကျောင်းအုပ် စူနိုင်နာ မန်း (Sunaina Mann) မှ ပြောကြားခဲ့သည်။

    အဲဗားရှဒ်ရီရာဒ် (Eversheds Riyadh) ၏ လုပ်ဖော်ကိုင်ဖက် ဖိုင်စလ် တဗ်ဘာ (Faisal Tabbaa) အမည်ရှိ အကြံပေးဥပဒေအဖွဲ့မှ “ ဆော်ဒီ အစိုးရဟာ နိုင်ငံတစ်ဝှန်း အရည်အသွေးမြှင့်တင်ရေးသင်တန်းများကို ပြုလုပ်ဖို့ အားသန်လျက်ရှိပါတယ်။ ဒီစီမံကိန်းက အရေးပါတဲ့  NESCOT ကဏ္ဍစုံအဖွဲ့အစည်းဟာ ဆော်ဒီ အလုပ်သမားထုရဲ့ အခြေခံကျွမ်းကျင်မှုကို မြှင့်တင်တိုးတက်စေဖို့ အနာဂတ်လက်တွဲဖော်များအတွက် ပုံစံတူစနစ်တစ်ရပ်ကို ပေးစွမ်းပါလိမ့်မယ်။  အပြည်ပြည်ဆိုင်ရာပညာရေးစံနစ်က ပညာရေးအခန်းကဏ္ဍအတွက် အရေးကြီးဆုံးတွန်းအားတစ်ခုဖြစ်တယ်။  ဒီလိုမျိုး အခြေခံစီမံချက်ထဲ အသုံးချရသည်မှာ ကျွန်တော်တိုရဲ့ကျွမ်းကျင်မှုကို အသုံးချခွင့်ရလို့ အလွန်ကို ပီတိဖြစ်မိပါတယ် ” ဟု ဆိုခဲ့သည်။

    အရည်ချင်းရှိ အမျိုးသမီးများအတွက် ကျောင်းအသစ်များဖွင့်လှစ်ခြင်းနှင့်အတူ  တက္ကသိုလ်များတက်ရန် အထူးအလေးထားဆောင်ရွက်ပေးမှုဖြင့် ဆော်ဒီအမျိုးသမီးများအား ကမ္ဘာ့အဆင့်မီပညာရပ်များကို ဆက်လက်အရယူဖို့ တွန်းအားပေးလျက်ရှိနေပါသည်။  ၁၉၆၅ ခုနှစ်တွင် စာတတ်မြောက်သော အမျိုးသမီးဦးရေမှာ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ ယနေ့သော် ဆော်ဒီအာရေဗျတွင် ကောလိပ်ကျောင်းသားများ၏ ၆၀ ရာခိုင်နှုန်းသည် မိန်းကလေးများဖြစ်ပြီး၊ သူတို့၏ အလုပ်ရရှိမှုမှာ ၅.၄ မှ ၁၄.၄ ရာခိုင်နှုန်းသို့ သုံးဆနီးပါးအထိ တိုးမြှင့်သွားပြီဖြစ်သည်။

    ဆော်ဒီဘုရင်မှ နိုင်ငံရပ်ခြားပညာတော်သင်ဆော်ဒီလူငယ်များအတွက် စကောလားရှစ်များကို ရက်ရက်ရောရော ပေးအပ်နေပြီဖြစ်ပြီး ၄င်းလူငယ်အများစုမှာ မိန်းကလေးများဖြစ်ကြောင်း သိရသည်။

    Ref:Saudi Gazette

  • Breaking News:သံတွဲမြို့ အံတော်မြို့သစ်တွင် ထပ်မံ၍ မီးရှို့မှုများပြုလုပ်နေ

    ဇူလိုင် ၂၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ အံတော်မြို့သစ်တွင် အကြမ်းဖက်သမားများမှ ယနေ့ညပိုင်းတွင် ထပ်မံ၍ မီးရှို့မှုများပြုလုပ်နေသည်ဟု သိရပါသည်။

    ယနေ့ပိုင်းတွင် အကြမ်းဖက်သမားများမှ အံတော်မြို့သစ်ရှိ ကောင်းကင်သစ္စာကားဂိတ်အား မီးရှို့မှုပြုလုပ်ခဲ့ကြောင်း၊ မီးသတ်ကား(၃)စီး သွားရောက်မီးငြိမ်းသတ်ရာမှ ပြန်လာကြောင်းသိရသည်။

    TanDwe

    အဆိုပါ မီးရှို့မှုနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းရာ “ဟုတ်တယ်။ ကောင်းကင်သစ္စာကားဂိတ်ကို မီးရှို့တာ။ အခုတော့လည်း မီးငြိမ်းသွားပြီ။ အကုန်လောင်သွားလား၊ ဘယ်လောက်လောင်သွားလဲဆိုတာ ကျွန်တော် အတိအကျမပြောနိုင်ဘူးခင်ဗျ။ အဲ့ဒီဘက်ခြမ်းမှာ ကျွန်တော်တို့ မွတ်စလင်မ်တော်တော်များများမရှိတော့ဘူး။ မီးရှို့တယ်ဆိုတာတော့ အတိအကျသိရတယ်။ သို့သော် ဘယ်လောက်ထိ လောင်သွားတယ်ဆိုတာ မသိရဘူး။ မီးသတ်ကား ၃-စီးသွားတယ်ဆိုတာသိရတယ်။ မီးငြိမ်းသွားပြီဆိုတာလည်း သိရတယ်။

    တစ်ခု ကျွန်တော်သိရတာကို ပြောချင်တာက ဒီဖြစ်စဉ်မှာ ပထမဦးဆုံးဖြစ်တဲ့ မုဒိမ်းမှုဆိုပြီးပြောရာမှာ အဲ့ဒီအမှုတရားခံလို့စွပ်စွဲခံထားရတဲ့ နိုင်သူ ဆိုတဲ့ကောင်လေးဟာ ဘင်္ဂါအစ္စလာမ် လုံးဝမဟုတ်ပဲ ရခိုင်ဗုဒ္ဓတစ်ယောက်ဖြစ်နေပါတယ်။ ဟုတ်ပါတယ် သူ့အမေကိုယ်တိုင်က သူ့သားဟာ ဗုဒ္ဓဘာသာပါလို့ပြောပါတယ်။

    နောက်ပြီးတော့ အခု သံတွဲမြို့ပေါ်တင် မဟုတ်ပဲ တစ်ခြားမွတ်စလင်မ်ရွာတွေရှိသေးတယ်။ နှင်းဆီ၊ ပေါက်တော၊ သဗြုချိုင်၊ မင်းစိုင်မော၊ ပြင်ယောင်းတို့ဆိုတာတွေက တောင်ကုတ်နယ်စပ်နားမှာရှိတဲ့ မွတ်စလင်မ်ရွာတွေပါ။ အဲဒီရွာတွေမှာလည်း အကြမ်းဖက်မှုပြဿနာ ဖြစ်နိုင်ချေတွေ များနေတယ်။

    ခုနကပဲ ကျွန်တော်တို့အိမ်ရှေ့က အိမ် ၁-အိမ်ကို ခဲနဲ့ထုသွားတယ်။ ဒီမီးက တစ်ခြားကိုလည်း ဆက်ပြီးကူးမယ့်သဘော ကျွန်တော်တို့တွေ့နေရတယ်။ အခုက သံတွဲပေါ်မှာလည်း လှုပ်နေပြီလေ။ အခုပဲ အံတော်ဘက်မှာ မီးလောင်လို့ဆိုပြီး ပြေးလိုက်လွှားလိုက်၊ ခဏနေ ဗောဓိကုန်းဆို ဗောဓိကုန်းဘက်ပြေးလိုက်နဲ့ဆို အားလုံး ကျီးလန့်စာစားဖြစ်နေတယ်။ အဲဒါတွေ ဆက်ပြီးမဖြစ်အောင် နိုင်ငံတော် အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းပေးနိုင်ရင်ကောင်းမယ်။ နိုင်ငံတော်အစိုးရက ထိန်းသိမ်းပေးစေချင်ပါတယ်”လို့ M-Media ကို ယနေ့ည သံတွဲမြို့အခြေအနေအား ဆက်သွယ်မေးမြန်းစဉ်တွင် သံတွဲမြို့ခံမှ ပြောပြလာပါတယ်။