News @ M-Media
Blog
  • အကြမ်းဖက်မှု ကျူးလွန်သူများကို အမြန်ဆုံး အရေးယူရန် မြန်မာအစိုးရကို မလေးရှားတောင်းဆို
    ဇွန် ၃၀၊ ၂၀၁၃
    M-Meida
    Foreign Minister Datuk Seri Anifah Aman
    ကွာလာလမ်ပူ၊    ။ ပြည်တွင်း၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အမြန်အရေးယူရန် မြန်မာအစိုးရအား မလေးရှားမှ တိုက်တွန်းလိုက်သည်။
    ဇွန်လ ၂၉ ရက်၊ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါစရီဘီဂ၀ါန်၌ကျင်းပသည့် ၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး AMM အတွင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးစဉ်  နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ အနီဖာအမန် မှ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ပြောကြားခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုအပေါ် မလေးရှားမှ စိုးရိမ်မှုရှိကြောင်း၊ ထိုကိစ္စသည် မလေးရှား အပါအ၀င် အိမ်နီးချင်းနိုင်ငံတို့ကိုလည်း ထိခိုက်စေပြီးဖြစ်ကြောင်း အနီဖာမှ ဖော်ပြခဲ့သည်ဟု အာဆီယံ-မလေးရှား အမျိုးသားစီမံရေးရာ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
    အကြမ်းဖက်သမားတို့အား ဖော်ထုတ်၍ ဥပဒေကြောင်းအရ အရေးယူရန်၊ မျှတမှုနှင့်ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းကိုလည်း ၄င်းမှ မြန်မာအစိုးရထံ တိုက်တွန်းပြောကြားခဲ့သည်။
    အနီဖာသည် ဘန်ဒါစရီဘီဂ၀ါန်တွင် ဇွန် ၂၉ မှ ဇူလိုင် ၂ ရက်အထိ ဆက်တိုက်ကျင်းပမည့် အာဆီယံအရေးဆိုင်ရာဆွေးနွေးပွဲ၌ မလေးရှားကိုယ်စားလှယ်အဖြစ် ဦးဆောင်တက်ရောက်လျက်ရှိသည်။
    ယင်းဆွေးနွေးပွဲကြီးတွင် ၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး – AMM အပြင် လွှတ်တော်ဝန်ကြီးများညီလာခံ – Post-Ministerial Conferences (PMC)၊ ၂၀ ကြိမ်မြောက် အာရှဒေသတွင်းဖိုရမ် – 20th Asean Regional Forum ၊ အာဆီယံနှင့်သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး –  Asean Plus Three Foreign Ministers’ Meeting ၊ တတိယကြိမ်မြောက် အရှေ့အာရှ ထိပ်သီးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး – 3rd East Asia Summit Foreign Ministers’ Meeting တို့ကိုလည်း ထည့်သွင်းထားသည်။
    Ref: Bernama
    Photo Credit- sabahkini.net
  • သံတွဲမှ အကြမ်းဖက် ဖျက်ဆီးမှုများမှာ အကွက်ချ လုပ်ဆောင်မှုများဖြစ် (ဆက်သွယ်မေးမြန်းချက်)
    ဇူလိုင် ၁၊ ၂၀၁၃
    M-Media
    ဇာဏီ
    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မနေ့ ဇွန်လ ၃၀-ရက်နေ့က အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့ပြီး သံတွဲ အံတော်မြို့သစ်တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ပြီး မွတ်စလင်မ်ပိုင် အိမ်များကို မီးရှို့ပြီး၊ အဝေးပြေးကားဂိတ်နှင့် ကားများကို ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
    TanDwe
    ယင်းကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍ အဖြစ်မှန်ကို သိရှိစေရန် သံတွဲမြို့ခံများနှင့် M-Media မှ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
    သံတွဲ မြို့ခံ (၃)ဦးရဲ့ ပြောပြချက်များဖြစ်ပါတယ်။
    “သံတွဲမှာဖြစ်တဲ့ကိစ္စရပ်က မနှစ် ဇွန်လကတည်းက ရခိုင်မှာ စခဲ့သလို ပြန်လည်ပြီးဖြစ်အောင် စလုပ်တဲ့ အနေအထားပါ။ မနေ့ကဖြစ်သွားတာဆိုရင်လည်း သတင်းအမှားလွှင့်ပြီး ပြဿနာဖြစ်အောင် လုပ်တာပါ။ ဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်ကို မွတ်စလင်မ် ဆိုင်ကယ် တက္ကစီသမားက မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ ဆိုင်ကယ် တက္ကစီမောင်းတဲ့ ကောင်လေးကတော့ ဟုတ်တယ်။ အဲ့ဒီကောင်လေး အမေက ဗုဒ္ဓဘာသာ၊ အဖေကတော့ အစ္စလာမ်၊ အဲ့ဒီကောင်လေးက အရင်ကတည်းက ဟိုလိုဒီလိုလိုပါပဲ ဘယ်ဘာသာကိုမှ တလေးတစားရှိခဲ့တာ မဟုတ်ပါ။ အဲဒါကိုမှ ရခိုင်တိုးတက်ရေးပါတီနဲ့ လူမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေက တမင် အကွက်ချပြီးလုပ်ဆောင်သွားတာပါ။ အဲဒီကောင်လေးက ကောင်မလေးကို မုဒိမ်းကျင့်တာ မဟုတ်ဘဲ သူတို့အချင်းချင်း သဘောတူညီခဲ့ကြပြီး ဖြစ်သွားတာ။ ဒီကောင်လေးတစ်ယောက်တည်း မဟုတ်ဘူး တစ်ခြားကောင်လေးတစ်ယောက်လည်းပါတယ်။ ဒါပေမယ့် ဒီကောင်လေးက မုဒိမ်းကျင့်တယ်ဆိုပြီး ရဲစခန်းမှာသွားတိုင်တယ်ဗျ။ အဲဒီ အမျိုးသမီးက တိုင်တာလည်းမဟုတ်ဘူး။ ခုနကပြောတဲ့ ပါတီနဲ့ လူမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလူတွေက တိုင်တာ။ အဲဒါနဲ့ မနေ့က ညနေ ၄-နာရီ ၀န်းကျင်လောက်ကျတော့ ရဲစခန်းရှေ့မှာ လူ(၅၀)လောက်စုလာပြီး ၅-နာရီလောက်မှာ လူ(၁၅၀)လောက်ဖြစ်သွားတယ်။ အဲဒီလူတွေက ရဲတွေကို ပုံမှားပြောပြီး အော်ဟစ်ဆဲဆိုနေကြတယ်။
    အဲလိုအခြေအနေကနေ ထပ်ဆိုးတာက ကျေးရွာတွေကို အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့ဆိုပြီး လူတွေခေါ်တယ်။ သူတို့မှာ ကွန်ရက်တွေရှိပါတယ်။ အဲဒီ ကွန်ရက်တွေကမှတဆင့် လူများလာပြီး အံတော်ဆိုတဲ့ရပ်ကွက်၊ သူက သံတွဲမြို့ရဲ့တဘက်ကမ်းမှာ ရှိတာပါ။ အဲဒီအချိန်မှာပဲ အံတော်ဘက်မှာ လူတွေက တအားဆိုးလာတယ်။ အံတော်မှာ ရခိုင်ကွန်ရက်တွေဖြစ်တဲ့ လေးဝတီကွန်ရက်၊ လူမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကွန်ရက်တွေ၊ ရခိုင်လူငယ်ကွန်ရက်တွေကနေ ဧည့်စာရင်းမရှိပဲ ၀င်ရောက်နေထိုင်တဲ့ ရခိုင်တွေ တော်တော်များများရှိတယ်။ အဲဒီလူတွေကနေ သွေးထိုးလှုံ့ဆော်ပြီး အစ္စလာမ်ဘာသာဝင် ကုလားတွေကိုသတ်ဖို့၊ သူတို့ပိုင်ဆိုင်တာတွေယူဖို့၊ သူတို့က အမျိုးဘာသာ သာသနာစောင့်ရှောက်ကြဖို့ဆိုပြီး သွေးထိုးလှုံ့ဆော်တယ်။ အဲလို လုပ်ပြီး ည ၈-နာရီလောက်မှာ အံတော်က မွတ်စလင်မ်အိမ် ၁၂-အိမ်လောက်ကို ဖျက်ဆီးကြတယ်။ ည ၈း၂၀ နာရီလောက်မှာ ထွေအုပ်ကနေ ညမထွက်ရအမိန့်ပြောတယ်။ ပြောပြီးတဲ့အချိန်မှာ အံတော်မှာ မဖြစ်ပဲ သံတွဲမြို့ပေါ်က ဦးတင်မြအိမ်နဲ့ ဦးခင်မောင်ရဲ့ အိမ်ကို လူအယောက်(၃၀)လောက်က ခဲနဲ့ဝိုင်းထုတယ်။ ဦးခင်မောင်အိမ်ကို ခဲနဲ့ဝိုင်းထုတော့ အဲဒီမှာ စာသင်နေတဲ့ကျောင်းသားလေးတချို့ လောက်လေးဂွနဲ့ပြန်ပြီးပစ်တော့ အဲဒီလူစုက ထွက်ပြေးသွားတယ်။ အဲဒီအချိန်မှာ သံတွဲမြို့တော်ခန်းမမှာရှိနေတဲ့ ဗိုလ်ကြီးဦးဆောင်ပြီးရောက်လာပြီး မောင်းထုတ်တော့ အဲ့ဒီ အကြမ်းဖက်လူစု ထွက်ပြေးသွားတယ်။
    ည ၈-နာရီခွဲလောက်မှာ အံတော်က အိမ် ၁-အိမ်ကို မီးစရှို့တယ်။ ရောက်နေတဲ့ ရဲတွေက ငါ့ညီတို့ တော်ပါတော့လို့ပြောတာလည်း မရဘူး။ ရဲကို သူတို့ကပြောတယ် ခင်ဗျားတို့အလုပ်မဟုတ်ဘူး၊ ကျုပ်တို့ကတော့ ရှို့မှာပဲဆိုပြီး ဆက်ပြီးလုပ်နေကြတယ်။ နောက်တစ်အိမ်မှာဆို လင်မယား ၂-ယောက်တည်းပဲရှိတယ်။ သူတို့ကို အပြင်ထွက်မရအောင် အပြင်ကနေ အက်ဆစ်တွေနဲ့လောင်းတယ်။ အပြင်ကနေ မီးရှို့တယ်။ စစ်တပ်ရှိပေမယ့် အထက် အမိန့်မရသေးဘူးလို့ဆိုပြီး နေနေတယ်။ ည ၉-နာရီကျော်ကျော်လောက်မှာပဲ မီးက ဆက်တိုက်လောင်လာတယ်။ မီးသတ်ကားက သွားပြီး မီးငြိမ်းတယ်။ မီးလောင်တာက ၅-အိမ်လောင်တယ်။ အစ္စလာမ်ဘာသာဝင် အိမ်ဆိုပြီး မီးရှို့မိသွားတာက ဗုဒ္ဓဘာသာ ၂-အိမ် ပါသွားတယ်။
    အဲဒီအချိန်မှာ သံတွဲမြို့ပေါ်မှာတော့ဘာမှ မလုပ်ဘူး။ သူတို့တွေကတော့ ပတ်သွားနေတယ်။ စစ်တပ်က အရေးပေါ် အခြေအနေ ကြေညာပြီးတဲ့အချိန်မှာ လူစုခွဲတယ်၊ မောင်းထုတ်တယ်။ အံတော်ဘက်ခြမ်းမှာတော့ လုံးဝ လူစုခွဲလို့မရဘူး။ မနေ့ညက ၉-နာရီခွဲကနေ ည ၂-နာရီလောက်ထိ အဲဒီ လူအုပ်ကြီးက သူတို့ လုပ်ချင်တာ လုပ်တယ်။ စုစုပေါင်း ၇-အိမ် ၈-အိမ် လောက်ကို တစ်အိမ်တက်ဆင်း ဖျက်တယ် ဖြိုတယ်၊ မီးရှို့တယ်။
    အဲလို လိုက်လုပ်နေရင်း ဗုဒ္ဓဘာသာအိမ်တွေနဲ့ ကပ်လျက်ရှိတဲ့ အိမ်တွေကိုကျ အိမ်ထဲက အတွင်းပစ္စည်းတွေကို ထုတ်တယ်။ မီးရှိုတယ်။ ကား ၄-စီး ဖျက်ဆီးခံရတယ်။ ဘေးနားမှာ ဗုဒ္ဓဘာသာကားဂိတ်ရှိတော့ မီးမရှို့ဘဲ ကားဂိတ်ကိုပဲ ဖျက်ဆီးကြတာ။ ကားတွေက ကောင်းကင်သစ္စာကားဂိတ်က ကား ၂-စီးနဲ့ တစ်ခြားကား ၂-စီးပါ။ ကောင်းကင်သစ္စာ ကားဂိတ်က ကားက ကုန်တင်ကားကြီး ၂-စီးပါ။ တစ်ခြားကတော့ ခရီးသည်တင်လူစီးကားပါ။
    ဖျက်ဆီးခံရတဲ့ထဲက အိမ်တစ်အိမ်က ဒီနေ့ မနက်မှာတော့ သူ့အိမ်ကိုဝင်ချင်တယ်၊ ပစ္စည်းတွေယူချင်တယ်ဆိုတော့ အံတော်တံတားထိပ်က အရက်ဆိုင်မှာ လူ(၃၀)လောက်က စောင့်နေတယ်။ အံတော်ကို ပစ္စည်းလာယူရင် ပြဿနာလုပ်ဖို့ ဟန်ရေးပြနေတယ်။ ရဲက အိမ်ဖျက်ခံရတဲ့အိမ်ကို ပြောတယ်။ ပဋိပက္ခဖြစ်လိမ့်မယ် ခင်ဗျားတို့ မယူနဲ့ဆိုတော့ အဲဒါက မဖြစ်သင့်ဘူးလို့ထင်တယ်။
    ကျွန်တော်တို့လိုချင်တာက တရားဥပဒေစိုးမိုးရေးရှိရမယ်လေ။ အဲဒါတွေကို နိုင်ငံတော် သမ္မတကြီးလည်း သိစေချင်တယ်။ မနေ့က အရေးပေါ် အခြေအနေ ကြေညာတာကလည်း ကျွန်တော်တို့အတွက်ပဲ ကြေညာတယ်။ ဗုဒ္ဓဘာသာတွေ သွားလာနေကြရင် ဘာမှ မပြောဘူး။ ကျွန်တော်တို့ကိုတော့ အပြင်ထွက်မရအောင် လုပ်ထားတယ်။ ဥပဒေက ကျွန်တော်တို့အတွက် မရှိဘူး။ အခုအခြေအနေအရ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်းနဲ့ လေးဝတီကွန်ရက်ကပေါင်းပြီး ရဲတွေကိုပြောတယ်၊ သံတွဲမြို့ပေါ်ကို သူတို့ဖျက်ဆီးမှု လုပ်ချင်တယ်လို့ပြောတယ်။ အဲဒါကြောင့် ဒီနေ့အခြေအနေက သံတွဲမြို့ဟာ စိုးရိမ်ဖွယ်ဟာ အခြေအနေဖြစ်နေတယ်။”
    “အကြမ်းအားဖြင့်ပြောရရင် ကောင်းကင်သစ္စာ-သံတွဲကားဂိတ်ဟာ သံတွဲမြို့သစ် အံတော်ရပ်ကွက်မှာရှိပါတယ်။ ပိုင်ရှင်တွေက သူတို့ပြောတဲ့ ဘင်္ဂါလီတွေ မဟုတ်ပါဘူး။ ကမန်မွတ်စလင်မ်နဲ့ မြန်မာမွတ်စလင်မ်ပိုင်တဲ့ဂိတ်ပါ။ အခု ဖျက်ဆီးခံလိုက်ရတဲ့ ကား ၂-စီးရဲ့ပိုင်ရှင်ကတော့ ကမန်မွတ်စလင်မ်ပါ။ ပြဿနာစဖြစ်တာက အမျိုးသမီးတစ်ယောက်နဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်ရဲ့ကိစ္စလို့ပြောပါတယ်။ ကားပိုင်ရှင်ရော ဂိတ်ပိုင်ရှင်ရောက ရန်ကုန်မှာ ရှိနေပါတယ်။ ဂိတ်မှာတော့ မန်နေဂျာရှိပါတယ်။ ကားတွေကို ခဲနဲ့ပေါက်တယ်။ မှန်တွေကို ရိုက်ခွဲတယ်၊ ဘီးတွေကိုလည်း ဓါးတွေနဲ့ ထိုးခွဲသွားတယ်။ ကားကိုလည်း ပိန်ရှုံ့သွားအောင် ထုရိုက်ပြီး လုံးဝ သုံးစားလို့မရအောင် လုပ်သွားပါတယ်။ မီးမရှို့တာက ကောင်းကင်သစ္စာကားဂိတ်ရဲ့ဘေးမှာ နောက်ထပ် ကားဂိတ်တစ်ခုရှိပါတယ်။ အဲဒီကားဂိတ်က အဝေးပြေးကုန်စည် မထသ ဥက္ကဋ္ဌရဲ့ ကားဂိတ်ပါ။ ဥက္ကဋ္ဌက အမေမွတ်စလင်မ် အဖေ ဗုဒ္ဓဘာသာက မွေးဖွားခဲ့ပြီး သူကတော့ ဗုဒ္ဓဘာသာကိုးကွယ်သူပါ။ အဲ့ဒီဂိတ်ကတော့ ဗုဒ္ဓဘာသာဖြစ်နေလို့ ဖျက်ဆီးမခံရပါဘူး။ အစ္စလာမ်ဘာသာဝင်ရဲ့ဂိတ်ကို ဖျက်ဆီးသွားပါတယ်။ ကားတစ်စီးကို မီးရှို့တယ်ဆိုရင် ပေါက်ကွဲမှုတွေရှိလာပြီး ဘေးနားကဂိတ်ကိုပါ ကူးစက်နိုင်လို့ မီးမရှို့တာဖြစ်နိုင်ပါတယ်။ သူတို့ဖျက်ဆီးပြီး ခဏနေတော့ ရဲ ၂-ယောက် ရောက်လာပြီး ကားတွေကို လာကြည့်တယ်။ ဓါတ်ပုံရိုက်ဖို့အတွက် ကားဂိတ်မန်နေဂျာကို မီးထိုးခိုင်းတယ်။ အဲဒါကို အကြမ်းဖက်လူအုပ်ကြီးက ဟိုမှာ ကုလားတစ်ယောက်ဆိုပြီး ၀ိုင်းရိုက်ဖို့လုပ်လို့ အဲဒီမန်နေဂျာလည်း ထွက်ပြေးပြီး ပုန်းနေရပါတယ်။
    အခုလို ဖျက်ဆီးတာဟာ (၁) အချက် ကျွန်တော်တို့ စတင်တဲ့ကိစ္စမဟုတ်ပါဘူး။ (၂) အချက်သည် ကျွန်တော်တို့သည် ဘယ်တုန်းအခါကမှ သူတစ်ပါးကို ဖျက်ဆီးမှု မလုပ်ခဲ့ပါဘူး။ စိတ်ကူးလည်းမရှိပါဘူး။ ရိုးရိုးတန်းတန်း သမာအာဇီဝလုပ်စားပြီးနေတာပါ။ ဥပဒေကြောင်းနဲ့ မကင်းလွတ်တဲ့ အလုပ်ကိုလည်း မလုပ်ခဲ့ပဲနဲ့ ဘာဖြစ်လို့ လူစုလူဝေးနဲ့ ဂိတ်နဲ့ ကားဂိတ်က မိသားစုဝင်တွေပိုင်တဲ့ ကားတွေကို ဖျက်ဆီးရပါသလဲဆိုတာ သိချင်ပါတယ်။ ဘာကြောင့်လုပ်တာလဲဆိုတာပဲ မေးချင်ပါတယ်။ ဘာကြောင့်လုပ်တာလဲဆိုတာ သိချင်ပါတယ်။ မွတ်စလင်မ်တစ်ယောက်နဲ့ အခြားမှာဖြစ်တိုင်း ရှိတဲ့မွတ်စလင်မ်တိုင်းပိုင်တဲ့ ပစ္စည်းတွေကို လိုက်ဖျက်ဆီးရမယ်ဆိုရင်ရော လောကကြီးက တရားပါဦးမလား၊ ဥပဒေဆိုတာရော တရားပါဦးမလားလို့ ပြောချင်ပါတယ်။ ပစ္စည်းဆုံးရှုံးသွားရလို့ ၀မ်းမနည်းပါဘူး။ ဒါပေမယ့် သက်သက်မဲ့ ဖျက်ဆီးခံရတာတွေအတွက်တော့ စိတ်မကောင်းဘူး။ အကြမ်းဖက်ဖျက်ဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်အောင် ဘာလုပ်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။”
    “မနေ့ညနေ ၆-နာရီလောက်က သိရပါတယ်။ အမှန်တကယ် ရည်ရွယ်ချက်က အဲ့ဒီ အကြမ်းဖက်လူစုက သံတွဲမြို့ထဲကို သွားတာ။ အံတော် ကွန်ကရစ်တံတားထိပ်မှာ ရဲတွေ ပိတ်ထားတော့ သူတို့ မြို့ထဲကို ၀င်မရဘူး။ ၀င်မရတဲ့အတွက်ကြောင့် နောက်ကို ပြန်လှည့်လာပြီး ကားဂိတ်နဲ့ ကားတွေကို ဖျက်ဆီးသွားပါတယ်။ ကျွန်တော်တို့ဂိတ်က ကုန်တင်ကား ၂-စီးနဲ့၊ တခြားက လူစီးကား ၂-စီးပါ။ ရဲစခန်းကိုတော့တိုင်ချက်ဖွင့်ထားပါတယ်။ မနေ့က ညနေ ၆-နာရီလောက်မှာ ဖြစ်တော့ ကျွန်တော်တို့ဂိတ်မှာ မန်နေဂျာနဲ့ ၀န်ထမ်းအလုပ်သမားလေး ၂-ယောက်ရှိပါတယ်။ သူတို့က အဲလိုဖြစ်နေတော့ အောက်မဆင်းရဲဘူး။ ဖျက်ဆီးတဲ့သူတွေလည်းပြန်သွားရော ရဲ ၂-ယောက် ရောက်လာပြီးတော့ ကားကိုဓါတ်ပုံရိုက်ဖို့ ဂိတ်မှူးကို ဓါတ်မီးနဲ့ထိုးခိုင်းတယ်။ အဲဒီအချိန်မှာ မီးရောင်မြင်တော့ လမ်းပေါ်ကမြင်တော့ ခုနက အကြမ်းဖက်ဖျက်ဆီးသူတွေက ပြန်ဝင်လာတယ်။ ပြန်ဝင်လာတော့ ရဲကပြောတယ် မင်းတို့ထင်သလိုမဟုတ်ဘူး။ ပြဿနာဖြစ်တဲ့ ကောင်လေးကို ငါတို့စစ်ပြီးပြီ၊ ကောင်မလေးကိုလည်း စစ်ပြီးပြီလို့ပြောတယ်။ မင်းတို့ထင်သလို မွတ်စလင်မ်ကြောင့်ဖြစ်တာ မဟုတ်ဘူး၊ မင်းတို့ သူများပစ္စည်းကို မဖျက်ဆီးနဲ့၊ ဖျက်ဆီးရင် ဥပဒေကြောင်းအရ အရေးယူခံရမယ်လို့ ချော့မော့ပြီး ပြန်လွှတ်လိုက်တယ်။ အကြမ်းဖက်သမားတွေက ကုလားတွေလည်း ရခိုင်စကားတတ်တာပဲလို့ပြောတယ်။ အဲဒီနောက်ပိုင်းတော့ ကားဂိတ်မှူးလည်း ထွက်ပြေးပြီး ပုန်းနေရတယ်။ မီဒီယာတွေမှာ ပြန့်နေသလို ကောင်မလေးကို မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်ဘူး။ တရားခံရဲ့စကားတွေနဲ့ လွဲနေတယ်။ အဲဒါကိုလည်း အမှန်ဖြစ်သင့်တာက ရဲစခန်းက စစ်ဆေးပြီး အရှိကို အရှိအတိုင်းထုတ်ပြန်သင့်တယ်။ မထုတ်ပြန်ဘဲ ထိန်ချန်ထားတာက ရိုးသားမှုမရှိဘူး။ မနေ့ကဆို အဲဒီ ကောင်မလေးရော၊ ကောင်လေးရော သူတို့ဆီမှာရှိနေတာပဲ။ စစ်ဆေးပြီး သတင်းအတိအကျထုတ်ပြန်ပေးလို့ရတယ်။ အဲဒါကို ဒီဟာကြောင့် မဟုတ်ပါဘူးဆိုတာ အတိအကျ မထုတ်ပြန်ပေးဘူး။ ဟုတ်တယ်ဆိုတာလည်း မပြောဘူး။ မနေ့ညကထိ ရဲတွေကိုမေးတော့ မဟုတ်ဘူးပဲပြောတယ်။ ဒီနေ့တော့ ဘယ်လိုပြောင်းသွားမလဲ မသိဘူး။
    အခုအချိန်ထိ အဲဒီတရားခံတွေဟာ မီဒီယာတွေမှာရေးသလို ဟိုဘက်ဒီဘက် ပဋိပက္ခဖြစ်တာမဟုတ်ဘူး။ အခုလို အကြမ်းဖက်မှုတွေ စဖြစ်ကတည်းက အခုအချိန်ထိ ကျွန်တော်တို့တွေ တဘက်သတ် နိုင်ထက်စီးနင်းလုပ်ခံနေရတာ၊ ကျွန်တော်တို့ဘက်က ပြန်ခုခံတာလည်းမရှိဘူး၊ စလုပ်တာလည်းမရှိဘူး၊ သူတို့ပြောသလို ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတာလည်းမရှိဘူး။ ဘာပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးအရ ဖြစ်စေချင်တယ်။ အခုလက်ရှိအနေအထားက သံတွဲမြို့ဟာ စိုးရိမ်ရေမှတ်ကို ရောက်နေပါတယ်။ အခုလက်ရှိ တောင်ကုတ်မှာလည်း လူစုနေတယ်၊ ကားတွေပေါ်မှာ စုတွေ သင့်စောင့်နေတယ်၊ အံတော်မှာလည်း လူစုနေတယ် ဒါကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်နေပါတယ်”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားပေးခဲ့ကြပါတယ်။
    မနေ့က သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူနေအိမ် ၅-လုံး မီးရှို့ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခုနဲ့ ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါတယ်။
  • ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင်
    မူရင်းဆောင်းပါးရှင် – အန်ဒရူး အရ်၊စီ မာရှယ်
    ကိုယ်ရေးအကျဉ်း (http://blogs.reuters.com/andrew-rc-marshall)
    ဖြည့်စွက်သတင်းပေးပို့မှု – မင်းဇေယျာဦး၊ တည်းဖြတ် – ဘီလ် တာရန့် နှင့် မိုက်ကယ် ၀ီလျံ
    ရိုက်တာ  Special Report  ( http://www.reuters.com/article/2013/06/27/us-myanmar-969-specialreport-idUSBRE95Q04720130627)
    ဘာသာပြန် – သာကီထက်ကောင်း
    တည်းဖြတ် – အမ်-မီဒီယာ
    Buddhist monk Wirathu, leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon
    Buddhist monk Wirathu (C), leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon June 27, 2013.
    Credit: REUTERS/Soe Zeya Tun
    ရန်ကုန်၊ ရိုက်တာ။    ။ ၉၆၉ ဟုကျော်ကြားသော မြန်မာဗုဒ္ဓအစွန်းရောက်လှုပ်ရှားမှုမှာ အခြေခံလူတန်းစားတစ်ရပ်လုံးအတွက်ယုံကြည်ချက် အဖြစ် မိမိဖာသာ ရုပ်လုံးဖော်လျက်ရှိ၏။ ၄င်း၏အမာခံခေါင်းဆောင်ကြီး ဦးဝီရသူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု အတွက် စစ်အစိုးရဟောင်းမှ ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသူ ဖြစ်သလို  ယင်းဘုန်းတော်ကြီးက မိမိကိုယ်ကို “ဗမာဘင်လာဒင်” ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။
    ၉၆၉ ၏ မူလမြစ်ဖျားခံရာကို ရိုက်တာသတင်းထောက်များမှ ခြေရာခံကြည့်သောအခါ တစ်ခါက မြန်မာပြည်၏အာဏာရှင်စနစ်၏ အရာရှိတစ်ဦးမှ စတင်ခဲ့ကြောင်း တွေ့ရသည်။  ယနေ့ ပြုပြင်ပြောင်းလဲရေးအစိုးရသည်လည်း ယင်းအာဏာရှင်စနစ် မျိုးဆက်ဟောင်းမှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ ယခုတွင်မူ ၉၆၉ လှုပ်ရှားမှုတွင် အထက်တန်းအစိုးရအရာရှိများ၊ သြဇာရှိဘုန်းတော်ကြီးများသာမက နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံနိုင်ငံရေးပါတီ NLD မှ အဖွဲ့ဝင်တစ်ချို့ပင်လျှင် ထောက်ခံပါဝင်နေကြပေသည်။
    ဦးဝီရသူမှ မွတ်စ်လင်မ်တို့၏ဆိုင်များကို သပိတ်မှောက်ရန်အပြင် ဘာသာခြားတို့နှင့်ထိမ်းမြားမှုပိတ်ပင်ဖို့ကိုပါ ဗုဒ္ဓဘာသာဝင်တို့အား နှိုးဆော်လျက်ရှိသည်။ သူသည် ဗလ်ီများကို “ရန်သူ့စစ်စခန်းများ”ဟု ခေါ်ဝေါ် သမုတ် နေပေသည်။ သူ့အားကြည်ညိုသူများအနက် သာသနာရေးဝန်ကြီးဌာနလည်း အပါအ၀င် ဖြစ်သည်။
    “ ဦးဝီရသူရဲ့ဟောကြားချက်များဟာ မေတ္တာတရားကို ဖော်ကျူးခြင်း နဲ့ ဘာသာတရားများအကြားနားလည်မှုထားရှိရေး အကြောင်းတွေသာဖြစ်တယ်။ ဘာသာရေးအကြမ်းဖက်မှုဖြစ်လာအောင် သူကလှုံ့ဆော်နေတယ်ဆိုတာ မဖြစ်နိုင် ပါဘူး ” ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတကာမီဒီယာများနှင့် ပထမဆုံး အင်တာဗျူးလုပ်စဉ် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
    မြန်မာစစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သော ဦးဆန်းဆင့်သည် ၉၆၉ သံဃာများမှဦးဆောင်၍ မွတ်စ်လင်မ်တို့၏ စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်နေခြင်းကို မှားယွင်းချွတ်ချော်မှုဟု မမြင်သည့်အလား “ ကျွန်တော်တို့ဟာ ဈေးကွက် စီးပွားရေးစံနစ်ကို ကျင့်သုံးနေပါတယ်။ ဘယ်သူမှ ဒါကို တားလို့မရပါဘူး။ ဒီစံနစ်က ၀ယ်ယူသူများအပေါ်မှာပဲ မူတည်ပါတယ် ” ဟု ဆိုသည်။
    သမ္မတဦးသိန်းစိန်သည်လည်း ၉၆၉ အပေါ် ပျော့ပြောင်းသည့်သဘောထားကို ပြသလာနေသည်။ သမ္မတရုံးကမူ ထိုကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆိုခဲ့ပါသည်။ ထိုလှုပ်ရှားမှုနှင့်ပတ်သက်သောအငြင်းပွားဖွယ်များ ကြီးထွားလာသောအခါ တုန့်ပြန်ချေပသောအားဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က “ ၉၆၉ သည် ငြိမ်းချမ်းရေးသင်္ကေတ ” ဖြစ်ကြောင်း၊  ဦးဝီရသူသည် ဗုဒ္ဓ၏သားတော်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် ကြေညာချက်ကို သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
    ဦးဝီရသူနှင့် အခြားသော ဘုန်းကြီးများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေးအဓိကရုဏ်းများနှင့် နီးနီးကပ်ကပ်စပ်ဆက်နေပေသည်။ ရာစုနှစ်တစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သည့် အာဏာရှင်အုပ်ချုပ်ရေးအောက်၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးမှာ တအုံနွေးနွေးဖြစ်နေခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ မတ်လတွင် စစ်တပ်တစ်ပိုင်းလူထုတစ်ပိုင်း အစိုးရမှအာဏာရလာပြီးမှ အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားလာသည်။
    ယမန်နှစ်က ရခိုင်ပြည်နယ်၌ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သောအဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးခဲ့ပြီး၊ တစ်သိန်းလေးသောင်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသူတို့ထဲမှအများစုမှာ ဌာနီမဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်များ ဖြစ်ကြသည်။ ရိုက်တာ၏ စုံစမ်းမှု တစ်ခုကဆိုသည်မှာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း မွတ်စ်လင်မ်တို့အား စံနစ်တကျပြင်ဆင် တိုက်ခိုက်ရာ၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှလှုံ့ဆော်ပေးခဲ့သော ရခိုင်အမျိုးသားရေးဝါဒီတို့က ဦးဆောင်ခဲ့ကြသည်။ ရံဖန်ရံခါ ဒေသတွင်းရှိလုံခြုံရေးတပ်ဖွဲ့ ၀င်များကလည်း ပါဝင်ကူညီပေးခဲ့ကြသည်ဟု ဆို၏။
    ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အကြမ်းဖက်မှု၌ လူ ၄၄ ဦးထက်မနည်း သေကြေကာ တစ်သောင်းသုံးထောင် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ဒုက္ခသည်အများစုမှာ မွတ်စ်လင်မ်များ ဖြစ်နေပြန်သည်။ ရိုက်တာ၏ ဧပြီလမှတ်တမ်း တင် ချက်တွင် သွေးဆူနေသော ဗုဒ္ဓဘာသာဝင်လူရမ်းကားတို့ကို သံဃာများဦးဆောင်လိုက်သည့်နောက်မှာမှ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ မေလတွင်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း လားရှိုး မြို့၌ ဗုဒ္ဓဘာသာလူရမ်းကားတို့သည် မွတ်စ်လင်မ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီး အကြမ်းဖက်ခဲ့ပြန်သည်။ သို့ဖြင့် တိုင်းပြည်တစ်ခုလုံး မငြိမ်သက်မှုသတင်းများ ကျယ်ပြန့်လာတော့သည်။
    ၉၆၉ နံပါတ်သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဂုဏ်တော်များကို ရည်ညွှန်းထားခြင်းဖြစ်၍ ပင်ကိုသဘာဝအားဖြင့် အန္တရာယ်ဖြစ်စေသောအရာ မဟုတ်။ သို့ရာတွင် ၉၆၉ ဘုန်းကြီးတို့သည် သွေးချောင်းစီးမွတ်စ်လင်မ်ဆန့်ကျင်ရေးလှိုင်းတံပိုး အတွက် စိတ်ဓာတ်မှိုင်းတိုက်လျက်သာရှိနေသောကြောင့် မြန်မာနိုင်ငံ၏ အရှိန်တက်စ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်အား နှင်ထုတ်တွန်းဖယ်ရာရောက်သွားစေသည်။ နာမည်ကျော် ၉၆၉ ဘုန်းကြီးနောက်တစ်ဦးဖြစ်သော ဦးဝိမလဘိဝံသ ကလည်း မွတ်စ်လင်မ်တို့အား လှောင်အိမ်ထဲမှသားကောင်တို့ကို သုတ်ချီရန် ၀င်ရောက်လာသော ကျားအဖြစ် ခိုင်းနှိုင်းနေလေ့ရှိသည်။ “ စည်းကမ်းချက်မပြဋ္ဌာန်းယင် လူမျိုးနဲ့ဘာသာ ကွယ်ပျောက်သွားမယ်။ နိုင်ငံကိုပင်လျှင် ဆုံးရှုံးသွားနိုင်တယ် ” ဟု မကြာသေးမီက တရားပွဲတစ်ခုတွင် သူက ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် နိုင်ငံတော်ဘာသာ ဟူ၍ တရားဝင် မရှိ။ သို့သော် အစဉ်အဆက်အုပ်ချုပ်သူများက ဗုဒ္ဓဘာသာအား ထိပ်တန်းတင်ဦးစားပေးကြသည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၄ ရာခိုင်နှုန်း(ခန့်မှန်း)သာရှိပြီး နိုင်ငံသား သန်း ၆၀ ၌ ဗုဒ္ဓဘာသာဝင်မှာ ၉၀ ရာခိုင်နှုန်း အထိ ရှိနေသည်။ သို့ပင်သို့ငြား စစ်အုပ်ချုပ်ရေးကာလအတွင်း သာသနာရေး ၀န်ကြီးဌာနအတွင်း၌ ဗုဒ္ဓဘာသာအတွက် အထူးသီးသန့်ဌာနတစ်ခုကိုလည်း ထပ်မံတိုးချဲ့ခဲ့သည်။
    Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon
    Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon Credit: REUTERS/Soe Zeya Tun
    အသုံးချ ဓားစာခံများ
    မြန်မာ့နိုင်ငံရေးတွင် ဘုန်းတော်ကြီးတို့သည် အခန်းကဏ္ဍများစွာတွင် ဆက်စပ်ပါဝင်နေသည်။ ၂၀၀၇ ခုနှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီကိုထောက်ခံသော ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ လက်ရှိသမ္မတဦးသိန်းစိန်နှင့်သူ့အစိုးရအဖွဲ့ဝင် ထိပ်တန်းအရာရှိများအပါအ၀င် စစ်ဗိုလ်ချုပ်များက သူတို့အား နှိပ်ကွပ်ခဲ့ကြသည်။ ယခု ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးမျှော်မှန်းလုပ်ငန်းစဉ်လမ်းညွှန်ချက်၌ လွတ်လပ်စွာပြောဆိုခွင့်နှင့် စုရုံးခွင့် ပေးထားလေရာ ပြည်တွင်းရှိ ၅ သိန်းဝန်းကျင် သံဃာတော်များမှာ (လက်လွတ်စပယ်ပြောဆိုဖို့) လွတ်လပ်ရေးရကြတော့သည်။ ဆန္ဒရှိသလို နေရာတိုင်းသို့ ဗုဒ္ဓတရားတော်သာမက ၉၆၉ လမ်းစဉ်သင်ကြားရေးအတွက် သွားလာနိုင်ကြတော့သည်။
    သံဃာတော်တို့သည် မြန်မာနိုင်ငံ၏ ဖူးငုံပွင့်စ ဒီမိုကရေစီစံနစ်၌ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ခါတော်မှီနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာသည်။ ၄င်းတို့၏ အသစ်သော လွှမ်းမိုးနိုင်မှုအင်အားမှာ လျှို့ဝှက်ကြံစည်ထားသည့် သီဝရီတစ်ခုအား ပေါ်ထွက်လာစေ၏။ ယင်းသီဝရီမှာ ယခင် စစ်အုပ်စုတွင်းရှိ အမျက်သိုအမာခံတို့က ၉၆၉ လှုပ်ရှားမှုအား ကိုင်တွယ်ထိန်းချုပ်ထားပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကို လမ်းချော်စေရန် ရ့ည်စူးပြီး တည်ငြိမ်ငြိမ်းချမ်းရေး ပျက်ပြားစေဖို့ လုပ်ဆောင်ကြရုံသာမက ဒေါ်စုကြည်၏ NLD ပါတီအား ရွေးကောက်ပွဲ၌ အနိုင်မရစေဖို့လည်း တားဆီးနေကြသည်ဟူ၏။
    ဤအတွေးကို ခိုင်မာစေဖို့ရန် အထောက်အထား မရှိသော်လည်း အစိုးရအာဏာပိုင်အချို့ကမူ ယင်းအချက်ဖြစ်နိုင်ဖွယ်ရှိနေကြောင်း ပြောနေကြပေသည်။
    “ တစ်ချို့သူတွေက ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ဖို့ စိတ်အားထက်သန်ကြတယ်။ ပြုပြင်ရေးကို မလိုချင်သူ အချို့လည်း ရှိနေကြတယ်။ ဒါကြောင့် အကြမ်းဖက်ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုကိုမလိုလားသူအချို့ပါဝင်ပတ်သက်နိုင်ပါတယ် ” ဟု သမ္မတဦးသိန်းစိန်၏အနီးကပ်အကြံပေးနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဦးစိုးသိန်းမှ ရိုက်တာသတင်းဌာနသို့ ပြောပြခဲ့သည်။
    ၉၆၉ ကို သြဇာကြီးမားသော အမာခံအုပ်စုဝင်များမှ ကိုင်တွယ်ထိန်းချုပ်ထားခြင်း မဟုတ်လျှင်ပင် – ရာထူးရာခံကြီးမားသူများနှင့်အောက်ခြေအလွှာများထဲမှ ကျယ်ပြန့်သော ထောက်ခံ ကျားကန်မှု ရှိနေသည်မှာ အမှန်ဖြစ်၏။ ထိုအလွှာထဲတွင်မူ ၉၆၉ လှုပ်ရှားမှုမှာ သစ္စာခံပမာ စွဲမြဲနေပြီး ကြီးထွားလာလျက်ရှိသည်။
    အာဏာပိုင်များမှ မျက်နှာလွှဲခဲပစ်ထောက်ခံမှုပေးထားကြောင်း ၉၆၉ ဘုန်းတော်ကြီး ဦးဝိမလ၏ အောက်ပါစကားအရ သိရှိနိုင်သည်။ “ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့ ဟောပြောခွင့်ကိုပေးထား ကတည်းက ဘုန်းကြီးတို့ကို ထောက်ခံနေတယ်လို့တွေးမိတယ် ”။
    ရန်ကုန်ကိုယ်စားပြု မြန်မာမွတ်စလင်အဖွဲ့အစည်း ကလည်း ထိုအတိုင်း သဘောမျှလျက်ရှိသည်။ မွတ်စလင်ကျောင်း ဆရာတစ်ဦးဖြစ်သူ ဦးမျိုးဝင်းမှ “ မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေက ကြီးထွားလာနေတယ်။ အစိုးရဖက်ကလည်း တားမြစ်ခြင်း မရှိဘူး ” ဟု ဆိုပြီး ၉၆၉ ကို Ku Klux Klan (အမေရိကန်နိုင်ငံရှိ လက်ယာစွန်းရောက် လျှို့ဝှက်အကြမ်းဖက်လှုပ်ရှားရေးဂိုဏ်း) နှင့်ခိုင်းနှိုင်းပြခဲ့၏။
    သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ၄င်းလှုပ်ရှားမှုမှာ နိုင်ငံတော်မှ တရားဝင်ထောက်ပံ့ပေးထားခြင်းမရှိ ဟု ဆိုသော်လည်း “သူတို့ဟောပြောနေတာက ပြဿနာတွေကို ဖန်တီးနေတာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ” ဟူ၍ ဦးဝီရသူ နှင့်  ယုံကြည်ချက်တူသူ အပေါင်းအပါဘုန်းကြီးများကို ကာကွယ်ပေးခဲ့သည်။
    ဒေသခံအာဏာပိုင်များကမူ ထိုလှုပ်ရှားမှုအား ရပ်တည်ကူညီပေးလျက်ရှိနေသည်။ ၉၆၉ ရုပ်ပုံမှာ ယခုတွင် မြန်မာပြည်၌ သတိထားမိဖို့ အလွယ်ဆုံးတံဆိပ်တစ်ခု ဖြစ်လို့နေပေပြီ။ ၄င်း ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာဝင်ရှေးဟောင်းဧကရာဇ်တစ်ပါးဖြစ်သည့် အာသောကမင်းကြီးကို ကိုယ်စားပြုထားသော ခြင်္သေ့လေးကောင်ပုံပါဝင်ကာ မြန်မာဂဏန်းသင်္ချာပုံစံဖြင့် ၉၆၉ ကို ရေးသားထားကာ ၂၄ ပစ္စည်းစက်ဝိုင်းဖြင့် ၀ိုင်းရံထားသည်။
    ထိုအမှတ်တံဆိပ်ပါ စတစ်ကာများကိုလည်း တရားပွဲများတွင် အခမဲ့ဝေငှလျက်ရှိသည်။ ၄င်းကို ဆိုင်များ၊ အိမ်များ၊ အငှားယာဉ်များ နှင့် မြန်မာတို့အထွဋ်အမြတ်အထားဆုံး ရွှေတိဂုံစေတီ၏ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၌ ကပ်ထားကြသည်။ မတည်ငြိမ်မှုဖြစ်ပွားခဲ့သမျှနေရာဒေသများတွင်လည်း ၄င်းတံဆိပ်ကို မမြင်ချင်အဆုံး ဖြစ်နေသည်။
    ယင်းသင်္ကေတကို အာဏာပိုင်အချို့က အထူးလေးစားကြောင်းတွေ့ရသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းတရားရုံးတစ်ခုတွင်  ကွမ်းယာဆိုင်မှ ၉၆၉ တံဆိပ်ခွာယူခဲ့သော မွတ်စ်လင်မ်တစ်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ကိုလိုနီခေတ်ရာဇသတ်ဥပဒေတစ်ခုဖြစ်သော “သာသနာတော်အားညှိုးနွမ်းစေမှု ” ဖြင့် စီရင်ခဲ့ခြင်းဖြစ်သည်။
    ဘူမိနက်သန်
    ၉၆၉ လှုပ်ရှားမှုသည် ဘာသာရေးယုံကြည်ချက်ကို အစကောက်၍ နိုင်ငံတော်နှင့် နွှယ်ခဲ့သည်။ ဘာသာရေးအသိုင်းအ၀ိုင်းပြင်ပ၌ ယခုအခါ လူအများမေ့လျော့နေပြီဖြစ်သော ဘုန်းကြီးလူထွက်၊ အစိုးရအရာရှိနှင့် စာများစွာရေးခဲ့သူ ဦးကျော်လွင်၏ တီထွင်ချက်ကို (မိမိတို့ ကူးယူအသုံးချနေခြင်းဖြစ်ကြောင်း) ဦးဝိမလ၊ ဦးဝီရသူ နှင့် အခြား ၉၆၉ သံဃာများမှ ရည်ညွှန်းဖော်ပြကြပေသည်။
    မြန်မာအာဏာရှင်ဟောင်းများက ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးအခင်းအား ရက်စက်စွာ နှိပ်ကွက်ပြီးနောက် ဗုဒ္ဓအယူ ဦးစားပေးထွန်းကားပြန့်ပွားရေးအတွက် ဦးကျော်လွင်ကို လက်သပ်မွေးခဲ့သည်။ ရဟန်းသံဃာများအပါအ၀င် လက်နက်မဲ့ ဆန္ဒပြသူများကို စစ်တပ်မှ ပစ်ခတ်ခဲ့ရာ ထောင်ချီပြီး ဒဏ်ရာရသေကြေပျက်စီးခဲ့ရသည်။ နောင်သောအခါ မိမိတို့၏  မုန်းတီးရွံရှာမှုကိုပြသသောအားဖြင့် သံဃာတော်များသည် ၀ါတွင်းသုံးလလုံးလုံး စစ်အာဏာပိုင်မိသားစုတို့၏ လှူဖွယ်ဝတ္ထုများအား လက်ခံရန်  ငြင်းဆိုခဲ့ကြသည်။
    ၁၉၉၁ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနအတွင်း သာသနာ့စည်ပင်ပြန့်ပွားရေးဌာနခွဲတစ်ခုကို ဖန်တီးကာ ဦးကျော်လွင်အား ဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ Sasana ဆိုသည်မှာ ထေရ၀ါဒနှင့်ဆက်နွယ်နေသော ပါဠိဘာသာအရ သာသနာကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာပြည်တွင် ထိုစကားလုံးသည် ဗုဒ္ဓဘာသာဆိုသည့်စာလုံးနှင့်ဖလှယ်၍ အသုံးပြုနိုင်ပေသည်။ နောက်တစ်နှစ်တွင် သာသနာ့စည်ပင်ပြန့်ပွားရေးဌာန Department for the Promotion and Propagation of Sasana – DPPS မှ “ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးအဖြစ် နေထိုင်နည်း”စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့၏။ ဦးကျော်လွင်၏ သန့်စင်ထုတ်နုတ်ထားသည့် လက်ရာများအနက်တစ်ခုဖြစ်သည်။ ၂၀၀၀ ခုနှစ်၌ ယင်းစာအုပ်ကိုပင် “အကောင်းမြတ်ဆုံးဗုဒ္ဓ၀ါဒီ”အမည်ဖြင့် ထပ်မံထုတ်ဝေသောအခါ ယင်းစာအုပ်မျက်နှာဖုံးတွင် ၉၆၉ အမှတ်တံဆိပ်အား  အစောဆုံးဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။
    ဦးကျော်လွင်သည် ၁၉၉၂ ခုနှစ်တွင် အနားယူခဲ့သည်။ လက်ရှိဌာနမှူးမှာ စစ်အရာရှိဟောင်းတစ်ဦးဖြစ်သော ဦးခိုင်အောင်ဖြစ်သည်။ ဦးကျော်လွင်ကွယ်လွန်ပြီးနောက် ၄င်း၏ဇနီးနှင့်သားတို့မှာ ရန်ကုန်မြို့လယ်ရှိ သူပိုင်အိမ်၌ပင် နေထိုင်နေဆဲဖြစ်သည်။ အိမ်၏ဧည့်ခန်းနံရံကပ်စင်တွင် ဦးကျော်လွင်၏စာအုပ်များ စီတန်းထားပြီး၊ ဘုန်းတော်ကြီးနှင့်ဝိပဿနာတရား လမ်းညွှန်သူဘ၀က မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို မှန်ဘောင်သွင်းလျက် တွေ့ရသည်။ ဦးကျော်လွင်နှင့် ဗိုလ်ချုပ်မှူးကြီးခင်ညွန့်တို့ အတူတစ်ကွ စကားဖောင်ဖွဲ့ရယ်မောနေသည့် နောက်ထပ် ဓာတ်ပုံတစ်ခုကိုလည်း တွေ့ရသည်။ ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသူတစ်ဦးအနက်မှ တစ်ဦး ဖြစ်ခဲ့ဖူးသည်။
    ဦးကျော်လွင်၏ သားဖြစ်သူ မော်တော်ကားသွင်းကုန်လုပ်ငန်းရှင် အောင်လွင်ထွန်း(၃၈ နှစ်)မှ ပြောကြားသည်မှာ သူ့ဖခင်သည် အခြားသော စစ်ခေါင်းဆောင်များနှင့် အနီးကပ်ဆက်ဆံရေးရှိခဲ့ပြီး မြန်မာ့ဝါအရင့်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်မှ သူ့အား “အကောင်းမြတ်ဆုံး ဗုဒ္ဓ၀ါဒီ”စာအုပ်ကို ရေးသားရန် ပုဂ္ဂိုလ်ရေးအရ ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်လည်း မကြာခဏတွေ့ဆုံ၍ ဘာသာရေးကိစ္စဆွေးနွေးခဲ့သည်။ ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်၊ မတ်လတွင် အနားယူပြီးချိန်မှစ၍ ယနေ့တိုင်လူမြင်ကွင်းမှ ကွယ်ပျောက်နေသည်။
    “အကောင်းမြတ်ဆုံး ဗုဒ္ဓ၀ါဒီ” စာအုပ်မှာ အရောင်းမရှိတော့သဖြင့် အောင်လွင်ထွန်းမှ ပြန်လည်ပုံနှိပ်ရန်စီစဉ်လျက်ရှိသည်။ သူသည် ယနေ့ခေတ် ၉၆၉ လှုပ်ရှားမှုနှင့်တစ်ကွ မွတ်စ်လင်မ်ဆန့်ကျင်ရေးသပိတ်ကို ထောက်ခံသူတစ်ဦးဖြစ်သည်။  “အခုချိန်မှာ လူတော်တော်များများက ဒီစာအုပ်ကို မေးမြန်းနေကြတယ်။ ၉၆၉ လှုပ်ရှားမှုဟာ ကျွန်တော်တို့ဘာသာကို ကာကွယ်ပေးတဲ့ စည်းရိုးတံတိုင်းတစ်ခုနဲ့ အလားသဏ္ဍာန်တူပါတယ် ” ဟု သူက ဆိုခဲ့သည်။
    ဦးကျော်လွင်၏ဇနီး(အမည်မဖော်လို – ၆၅ နှစ်)ကလည်း ၉၆၉ အား ထောက်ခံအားပေးလျက်ရှိသည်။ မွတ်စ်လင်မ်နှင့် ထိမ်းမြားသော ဗုဒ္ဓဘာသာဝင်များကို မင်္ဂလာအခမ်းအနားတွင် ဗုဒ္ဓရုပ်ပုံအား ခြေဖြင့်နင်းရန် ခိုင်းစေကြောင်း၊ ၄င်းအပြင် တိရစ္ဆာန်တို့အား လှီးဖြတ်ခြင်းဓလေ့သည် မွတ်စ်လင်မ်တို့အား လွယ်လင့်တကူ လူသတ်လာအောင် လမ်းကြောင်းပေးခြင်း ဖြစ်ကြောင်း သူမက ပြောဆိုလေ့ရှိခဲ့သည်။
    DPPS ဌာနအကြီးအကဲဖြစ်စဉ်ကာလအတွင်း ဦးကျော်လွင် တွေ့ဆုံခဲ့သည့် သံဃာတစ်ဦးမှာ ယဉ်ကျေးမှုမြစ်ဖျားခံရာမြို့အဖြစ် ထင်ရှားသည့် မန္တလေးမြောက်ဖက်ရှိ ကျောက်ဆည်မြို့မှ ၀ိစိတ္တာ ဘိဝံသ ဖြစ်သည်။ သူ့အား ဦးဝီရသူ ဟု ပို၍ လူသိများကြပြီး ယခုအခါ (အမုန်းတရား) မီးခိုးမှိုင်းတိုက်မှုအပြင်းထန်ဆုံး ၉၆၉ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်နေ၏။
    ဦးဝီရသူ နှင့် ဦးကျော်လွင်တို့သည် ၁၉၉၂ ခုနှစ်တွေ့ဆုံမှုနောက်ပိုင်း ထိတွေ့ဆက်ဆံမှု မပြတ်ခဲ့ပေ။ “ အခြားသူတွေ မလုပ်ရဲတဲ့  သာသနာ့ကာကွယ်ရေးနဲ့ထွန်းကားရေးကို သူ လုပ်နေတယ် ” ဟုဆိုကာ ဖခင်ဦးကျော်လွင်က ဦးဝီရသူအား ကြည်ညိုမှုကြီးမားခဲ့ကြောင်း သားဖြစ်သူ အောင်လွင်ထွန်း၏အဆိုအရ သိရသည်။
    ဦးကျော်လွင်သည် ၂၀၀၁ ခုနှစ်၊ အသက် ၇၀ ၌ ကွယ်လွန်သည်။ ၄င်းနှစ်မှာပင် ဦးဝီရသူက ၉၆၉ အကြောင်း စတင် ဟောပြောပြီး၊ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှု နက်နက်ရှိုင်းရှိုင်းပင် တိုးပွားလာကြောင်း U.S.State Department မှ အစီရင်ခံ တင်ပြထားသည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် အာဖဂန်နစ္စတန်၊ ဘာမီယန်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို တာလီဘန်များ ဖျက်ဆီးခြင်း၊ စက်တင်ဘာလတွင် အမေရိကန်၌  အလ်ကိုင်ဒါ၏တိုက်ခိုက်ခြင်းများကြောင့် မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပိုမိုထကြွလာခဲ့သည်။
    ၂ နှစ်ကြာပြီးနောက် မွတ်စ်လင်မ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ကျောက်ဆည်အရေးအခင်း ဖြစ်ပွားစေမှုဖြင့် ဦးဝီရသူအား ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုမှ မွတ်စ်လင်မ် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့၏။
    ၉၆၉ နှင့် ၇၈၆
    ဦးဝီရသူကား ၂၀၁၁ တွင် နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာခဲ့သည်။ ယင်းမှစ၍ ကိုယ့်ကိုကိုယ် ဘင်လာဒင်ဟု ကင်ပွန်းတပ်ထားသည့် ဦးဝီရသူမှာ ၉၆၉ နောက်ခံနှင့် စစ်ရိပ်စစ်ငွေ့သန်းနေသောမျက်နှာပိုင်ရှင် ဖြစ်လာပေတော့သည်။ ဤအတောအတွင်းမှာပင် ၉၆၉ လှုပ်ရှားမှုကြီးက မြန်မာပြည်ဝယ် ပထမဆုံး ဗုဒ္ဓဘာသာဝင်များဟု မိမိတို့ဖာသာ ဂုဏ်ယူလေ့ရှိကြသည့် လူများနေထိုင်ရာ ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင် ဘုန်းကြီးများ၏ သာသနာ့ အင်အား ကို မောင်းနှင်လျက် ရှိနေပေတော့သည်။
    ပြီးခဲ့သည့်နှစ် အဓိကရုဏ်းများဖြစ်ကတည်းက ၄င်း ၉၆၉ တို့သည် နိုင်ငံအနှံ့ ကွန်ယက်ကြီးတစ်ခုကို ဖွဲ့စည်းခဲ့သည်။ မွန်ပြည်နယ်မြို့တော်ဖြစ်သည့် မော်လမြိုင်တွင် မွတ်စလင်မ်ပိုင် အဝေးပေးကားလိုင်းကို ဆန့်ကျင်သပိတ်မှောက်ရာ၌ ၉၆၉ တို့ ဦးဆောင်ခဲ့သည်။ ထိုသည်မှာစ၍ ၉၆၉တို့၏ နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြမှုတို့မှာ ၄င်း၏ ဗဟိုချက်မ (ရယ်ရွယ်ချက်) ဖြစ်လာပေတော့သည်။
    မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူနိုင်ခဲ့ပြီးနောက် အဆင့်မြင့်အုပ်ချုပ်ရေးနေရာများတွင် မွတ်စ်လင်မ်တို့ကို တွေ့ခဲ့ကြရသည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး၊ အရာရှိရာထူးများ၌ မွတ်စ်လင်မ်တို့အား မခန့်အပ်ခြင်း၊ ခန့်အပ်ခံရသူများကိုလည်း ရာထူးတိုးမြှင့်မပေးခြင်းတို့ပြုလုပ်လာသည့်အခါ အခြေအနေအပြောင်းအလဲ ဖြစ်သွားခဲ့သည်။ မွတ်စ်လင်မ်တို့သည် စီးပွားရေးလုပ်ငန်းများကို လွှမ်းမိုးခြယ်လှယ်ထားသည်၊ ရရှိလာသည့်အမြတ်အစွန်းကို အသုံးပြု၍ ဗလီဝတ်ကျောင်းများကို တည်ဆောက်ကြသည်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ငွေဖြင့်ဝယ်ယူ သိမ်းပိုက်ကာ အစ္စလာမ့်တရားကိုဖြန့်ချိကြသည် ဟူသော အစွဲကို လူသိများထင်ရှားလာအောင် စစ်တပ်ကသွတ်သွင်းဖြန့်ချိခဲ့ကြ၏။
    မွတ်စ်လင်မ်စီးပွားရေးအပေါ် လက်ရှိသပိတ်မှောက်မှုနှင့်စပ်လျဉ်း၍ ထိုသည့်အချက်များက ၄င်းသပိတ်မှောက်သူများအဖို့ (၄င်းတို့၏လုပ်ရပ်များအတွက်) တရားမျှတနေကြောင်း သဘောရရှိပေသည်။ ၉၆၉ နောက်လိုက်နှင့်ရှေ့နေတစ်ဦးဖြစ်သူ မဇာနည်ဝင်းထွန်း(၃၁ နှစ်) က မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်တို့၏စီးပွားရေးကို အချိန်အတန်ကြာကပင် ဖယ်ကြဉ်ထားခဲ့ကြကြောင်း နှင့် “ ကျွန်မတို့က စပြီး သပိတ်မှောက်ခဲ့တာ မဟုတ်ဘူး၊ သူတို့က စလုပ်ခဲ့တာ။ ဒါကြောင့် ကျွန်မတို့က သူတို့ရဲ့နည်းလမ်းကို ပြန်အသုံးချလိုက်တာဘဲ ” ဟူ၍ ပြောပြခဲ့၏။
    ထိုသို့ ပြောပြခြင်းအားဖြင့် သိရသည်မှာ သူမက ၇၈၆ နံပါတ်အား ညွှန်းဆိုလိုက်ဖြစ်ကြောင်းပင်။ တောင်အာရှသားမွတ်စ်လင်မ်များက မိမိတို့၏နေအိမ်နှင့်လုပ်ငန်း များတွင် ယင်းနံပါတ်ကို ဖော်ပြထားလေ့ရှိကြသည်။ ၄င်းသည် “ အလွန်တရာ စာနာထောက်ထားတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏) ” ဟူသော ဗျာဒိတ်စကားရပ်အား ကိန်းဂဏန်းဖြင့် ကိုယ်စားပြုထားခြင်းသာဖြစ်သည်။ သို့သော် ဂဏန်းနံပါတ်၌ အစွဲကြီး အကျကောက်တတ်လေ့ရှိသည့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များက ထိုနံပါတ်သုံးခုပေါင်းလဒ်သည် ၂၁ ဖြစ်သဖြင့်၊ ၂၁ ရာစုတွင် မွတ်စ်လင်မ်တို့မှ ကမ္ဘာကြီးကို ကြီးစိုးလွှမ်းမိုးရန် ကြံစည်ချက်တစ်ရပ်ဟု ပြောဆိုလျက်ရှိသည်။
    ဗုဒ္ဓဘာသာဝင်အချို့မှ ၄င်းစကားအပေါ် အဘယ်ကြောင့် ယုံကြည်စွဲမြဲသွားသည်ကို နားလည်နိုင်စေမည့် အခြေအနေများ ရှိပါ၏။ ဥပမာ – ဘာသာရေးဆိုင်ရာနှင့်အစားအသောက်ဆိုင်ရာထုံးတမ်းဓလေ့ရ မွတ်စလင်မ်များအနေဖြင့် ဗုဒ္ဓဘာသာစားသောက်ဆိုင် များသို့ အမြဲတစေ သွားရောက်လေ့မရှိခြင်း၊ မွတ်စလင်မ်များသည် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်လုပ်ကိုင်နေခြင်း များဖြစ်သည်။ ရန်ကုန်မြို့၌ အဆောက်အဦးများပြန်လည်တည်ဆောက်ရေးခေတ်ထနေသော ယခုအခါသမယတွင် Naing Group ၊ Motherland ၊ Fatherland စသော မွတ်စ်လင်မ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီများက ကျော်ကြားထင်ရှားလာမှုများလည်း ရှိနေသည်။
    မည်သို့ပင်ဆိုစေကာမူ အကြီးမားဆုံး ဆောက်လုပ်ရေးသဘောတူညီချက်တို့ပါဝင်နေသည့် ဒေါ်လာ ဘီလီယံ သန်းနှင့်ချီသော ရင်းနှီးမြုပ်နှံမှု ပရောဂျက်များအား လက်ဝါးကြီးအုပ်ထားသူများမှာ အာဏာရှင်စစ်အုပ်စုဟောင်းတို့နှင့် ဆက်နွှယ်နေသူများ သာ ဖြစ်နေပေသည်။ ထိုသူတို့အားလုံးမှာ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြသည်။
    အဆောက်အဦပြီးစီးသွားလျှင် ၉၆၉ နောက်လိုက်များမှ တိုက်ခိုက်လာမည်ကို ကြောက်ရွံ့၍ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များသည် မွတ်စ်လင်မ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီများနှင့်ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။ ဤသည်ကို လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ပြောကြားခဲ့ခြင်းဖြစ်သလို ၄င်းက ဆက်လက်၍ “ မြို့နယ်တစ်ခုကနေ နောက်ထပ်မြို့နယ်တွေဆီ ဒီကိစ္စမျိုး ကူးစက်သွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ် ” ဟု ပြောကြားခဲ့သည်။
    မလုံခြုံသော ဘ၀များ
    ၉၆၉ နောက်လိုက် မဇာနည်ဝင်းထွန်းအဖို့ မွတ်စ်လင်မ်များကိုဖယ်ကြဉ်ခြင်းမှာ လူမျိုးစုငြိမ်းချမ်းရေးအတွက် သေချာသော နည်းလမ်းတစ်ခုဖြစ်သည်ဟု ခံယူထားသည်။ မွတ်စ်လင်မ်ရွှေဆိုင်ပိုင်ရှင်တစ်ဦး နှင့် ဗုဒ္ဓဘာသာဝင်ရွှေရောင်းသူအကြား အငြင်းပွားရာမှ စတင်ပေါ်ပေါက်သော မိတ္ထီလာအကြမ်းဖက်မှုကို သူမက ထောက်ပြ၍ ဤသို့ပြောဆိုခဲ့သည်။ “ တကယ်လို့ သူတို့တွေသာ ကိုယ့်လူမျိုးအချင်းချင်းဆိုင်ကနေ ၀ယ်ယူခဲ့ယင် ဒီပြဿနာဖြစ်ပွားလာခဲ့မှာ မဟုတ်ဘူး ”။
    ခွဲခြားဆက်ဆံမှုသာလျှင် လူမျိုးရေး ပဋိပက္ခအတွက် အဖြေဖြစ်သလို ယင်းသည် အမျိုးသားရေးမူဝါဒကို ထင်ဟပ်စေကြောင်း သူမက တရားသေ လက်ခံထား၏။ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသော မွတ်စ်လင်မ်စုစုပေါင်း ၁၅၃,၀၀၀ အနည်းဆုံးရှိနေကြသည်။ အများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းထားသောဒုက္ခသည်စခန်းများ၌ ရောက်နေပြီး မိမိတို့၏မူလဘ၀အခြေအနေသို့ ပြန်လှည့်နိုင်ရန်မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပေသည်။
    ထင်ရှားသည့် ဘုန်းတော်ကြီးများထဲမှ အနည်းငယ်သာ ၉၆၉ လှုပ်ရှားမှုအား လူသိရှင်ကြား ဝေဖန်ရဲကြသည်။ ဖေ့စ်ဘွတ်အသုံးပြုသူအချို့က ၉၆၉ စတစ်ကာကပ် အငှားယာဉ်များကို မစီးရန် လှုံ့ဆော်ကြသည်။ မိတ္ထီလာသွေးချောင်းစီးမှုဖြစ်ချိန်မှစတင်ပြီး ရန်ကုန်လမ်းဘေးဈေးသည်အချို့မှ ၉၆၉ ဗီစီဒီခွေများကို ချင့်ချိန် ရောင်းချမှုပြုလာကြသည်။ တနည်းအားဖြင့် လူအများ၏ တုန့်ပြန်မှု နုတ်ပိတ်ခံရခြင်းလည်း ဖြစ်သည်။
    မွန်ဘုန်းကြီး ဦးဝိမလသည် အခြားသံဃာတော်များ၏ ဝေဖန်မှုအပေါ် “ ကောင်းတဲ့အလုပ်ကို တားမြစ်ဖို့ သူတို့ မကြိုးစားသင့်ဘူး ” ဟု အရေးမပါသည့်သဘောဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ဇွန်လလယ်ပိုင်းက ရန်ကုန်မြို့အနီးတွင် ကျင်းပသော ရာနှစ်ချီသည့် သံဃာများတက်ရောက်သည့် အစည်းအဝေးသို့ သူနှင့် ဦးဝီရသူတို့ တက်ရောက်ခဲ့၏။
    ယင်းအစည်းအဝေးတွင် ဗုဒ္ဓဘာသာအမျိုးသမီးများအား မွတ်စ်လင်မ် အမျိုးသားများနှင့်အိမ်ထောင်မပြုစေရေးအဆိုတစ်ရပ်ကို ဦးဝီရသူမှ တင်သွင်းသည်။ ဦးဝီရသူ၏ပိတ်ပင်တားမြစ်ချက်အဆိုကို ဦးဓမ္မပီယမှ ထောက်ခံခဲ့ပြန်သည်။ ယင်းကား ၉၆၉ သည် သြဇာတိက္ကမရှိသည့် သံဃာထုသို့ ထိုးဖောက်ဝင်ရောက်ခြင်း ပြယုဂ်လည်းမည်ပေသည်။ ဦးဓမ္မပီယသည် အာရှဒေသတွင်းရှိ အခြားဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများနှင့်ချိတ်ဆက်ထားသော ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်မှ အမေရိကန် ပညာရေးသင်ယူဖူးသည့် ပရော်ဖက်ဆာ ဆရာတော်ကြီးဖြစ်သည်။
    ဦးဓမ္မပီယက ၉၆၉ အား ငြိမ်းချမ်းသောလှုပ်ရှားဆောင်ရွက်မှုဖြစ်၍ မြန်မာလူမျိုးတို့ကို အပြောင်းအလဲကာလရှိ မငြိမ်သက်မှုများမှ လွတ်မြောက်စေမည်ဟု ဖော်ပြလိုက်သည်။ “ ဘုန်းကြီးတို့အတွက် ၉၆၉ ပြဿနာကို
    ပြဿနာလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးလမ်းစဉ်တွေထဲ ထာဝစဉ် ရှင်သန်သွားမှာဖြစ်တယ် ” ဟု ရိုက်တာသို့ပြောကြားခဲ့သည်။
    ဒီအရပ်မှာ ဗလီ အလိုမရှိ
    ၉၆၉ နှင့်အပြိုင် ကြီးကြီးကျယ်ကျယ်လှုပ်ရှားနိုင်သည်မှာ NLD ပါတီတစ်ခုတည်းသာဖြစ်သည်။ ၄င်းတို့နှစ်ခု ပတ်သက်မှုမှာ ထိပ်တိုက်ဆန့်ကျင်မှုရှိသလို အပြန်အလှန်အသုံးချမှုမျိုးလည်း ရှိနေသည်။ NLD ပါတီနှင့် ဒေါ်စုကြည်၏အတွင်းစည်း၌ မွတ်စ်လင်မ်တို့မှ စိုးမိုးခြယ်လှယ်ထားကြောင်း ဦးဝီရသူ၏ ပြောကြားချက် မတ်လနှောင်းပိုင်းတွင် YouTube ရောက်ရှိခဲ့သည်။ “ဘယ်မြို့ဘယ်ဒေသက NLD ရုံးကိုကြည့်ကြည့် မုတ်ဆိတ်တွေကို တွေ့ရပါလိမ့်မယ် ”။ ဦးဝိမလ၏နောက်လိုက်တို့က ဒေါ်စုကြည်သည် ဘာသာရေး ကိုင်းရှိုင်း သော်လည်း မိမိတို့အိမ်ရှိ သူမ၏ဓာတ်ပုံများကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း၊ ယမန်နှစ် ရခိုင်ပြည်နယ်အကြမ်းဖက်မှု၌ ဗုဒ္ဓဘာသာဝင်များဖက်မှ ကာကွယ်ပြောဆိုပေးမှုမရှိသည့်အပေါ် ဆန္ဒပြခြင်းဖြစ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။ ဒေါ်စုကြည်၏ နှုတ်ဆိတ်နေခဲ့ခြင်းက မွတ်စ်လင်မ်တို့ကိုလည်း အမျက်ထွက်စေခဲ့သည်။
    ရန်ကုန်မြို့တွင် NLD အဖွဲ့ဝင်များသည် ၉၆၉ ၏ လက်ဝေခံအလုပ်များလုပ်နေကြောင်း မြန်မာမွတ်စ်လင်မ်အဖွဲ့အစည်းက စွပ်စွဲထားသည်။ NLD ပါတီ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း “ တစ်ချို့ NLD ပါတီဝင်တွေက ၉၆၉ ထဲမှာ ပါဝင်နေတာတော့အမှန်ဘဲ။ ဒါပေမယ့် ပါတီဝင်တွေရဲ့ လွတ်လပ်မှုနဲ့အခွင့်အရေးကို NLD က ၀င်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ လူမှုရေးနဲ့ပတ်သက်လို့ သူတို့ဆန္ဒအတိုင်း လုပ်ခွင့်ရှိပါတယ် ” ဟု ပြောဆိုခဲ့သည်။
    အငှားယာဉ်မောင်းဖြစ်သူ မင်းသက်လင်း (၃၆ နှစ်) သည်လည်း ထိုအခွင့်အရေးအတိုင်း ပြုလုပ်သည်။ သူ့ကား၏ ရှေ့ဖက်၊ နောက်ဖက်မှန်များပေါ်တွင် ၉၆၉ စတစ်ကာများ ကပ်ထား၏။ သူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြင့် ကျော်ကြားသော အလုပ်သမားအများစုနေရာ ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်၏ NLD ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
    ဖေဖော်ဝါရီလတုန်းက သာကေတရှိ ဗုဒ္ဓဘာသာဝင်များသည် မင်းသက်လင်း၏အိမ်အနီးမှ အစ္စလာမ်ဘာသာရေးကျောင်း တစ်ခုကို ဗလီဝတ်ကျောင်းအဖြစ် တိတ်တဆိတ် ပြောင်းလဲဆောက်လုပ်နေသည်ဟုဆိုကာ ဖြိုချခဲ့ကြသည်။ အဆောက်အဦး ဖြိုချဖျက်ဆီးနေချိန်အထိ အဓိကရုဏ်းထိန်းသိမ်းရေး ရဲတို့ကို တာဝန်ချပေးထားခဲ့သည်။
    နောက်တစ်လအကြာ ဦးဝိမလနှင့်မွန်ဘုန်းကြီး ၂ ဦးတို့သည် သာကေတသို့ရောက်လာပြီး ၉၆၉ တရားပွဲ ၃ ရက် ကျင်းပပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များထံဝေငှသော “ဓမ္မဆေးဝါး” အမည်တပ်လှုံ့ဆော်စာရွက်ထဲတွင် “ တိုက်ခိုက်မှုကို မစွန့်လွှတ်နှင့် ” ဟု တွန်းအားပေးထားသည်ကို တွေ့ရ၏။ ယခုသော် ထိုစာသင်ကျောင်းအား ချိတ်ပိတ်ထားပြီး ရဲများဖြင့် အစောင့်ချထားသည်။ “ ဒီမှာ ဗလီရှိနေတာကို လူတွေက မလိုလားဘူး ” ဟု မင်းသက်လင်းက ဆိုသည်။
    သူ၏ စကားအရ ၉၆၉ လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် “ဘာသာရေး သွေးအမြဲတစေ တအုံ့နွေးနွေး ဖြစ်နေဖို့” ဆိုသည်မှာ သောသောညံသွားခဲ့သည်ဟုဆိုသည်။ အနီးရှိ ဘုန်းတော်ကြီး စာသင်ကျောင်းကလည်း ကျောင်းသားများကိုလက်ခံစဉ် ထိုသီချင်းအား ဖွင့်ထားခဲ့ပေသည်။
    ( သာကီထက်ကောင်း )
    ရိုက်တာ သတင်းဌာမှ  Special Report Myanmar gives official blessing to anti-Muslim monks ကို သာကီထက်ကောင်း မှ မြန်မာလိုဘာသာပြန်ဆိုပါသည်။
  • သံတွဲတွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်မှုရဲ့ နောက်ဆက်တွဲ အိမ် ၂ လုံးမီးရှို့ခံရ
    သံတွဲတွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်မှုရဲ့ နောက်ဆက်တွဲ အိမ် ၂ လုံးမီးရှို့ခံရ
    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် တည်ငြိမ်အေးချမ်းနေရာ ယနေ့ နေ့လည်ပိုင်းတွင် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားပြီး သံတွဲမြို့ပေါ်တွင် မငြိမ်မသက်ဖြစ်ပွားပြီး အံနော်မြို့သစ်တွင် အိမ် ၂-လုံး မီးရှို့ခံခဲ့ရပါတယ်။
    သံတွဲချောင်းတဘက်ကမ်းရှိ အံနော်မြို့သစ်တွင် အိမ် ၂-လုံး မီးရှို့ခံခဲ့ရပြီး၊ သံတွဲမြို့ပေါ်မှာလည်း မတည်ငြိမ်မှုများဖြစ်ပွားပြီး လူ(၅၀)၀န်းကျင်ခန့် လူအုပ်ကြီးမှ ရဲစခန်းကို လာရောက်ဝိုင်းရံခဲ့ကြကြောင်း၊ တပ်မှရောက်လာပြီး လူစုခွဲလိုက်ကြောင်းသိရပါသည်။ ယခုအခါ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။
    ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းမှာ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးအား မွတ်စလင်မ်အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်သည်ဟုဆိုတာ မမှန်သတင်းလွှင့်၍ အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်စေရန် လူတစ်စု၏ လှုံ့ဆော်ခဲ့မှုကြောင့် ဖြစ်သည်ဟုလည်း သံတွဲမြို့ခံများက M-Media ကို ပြောပြလာပါတယ်။
  • ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်
    ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်
    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    ရန်ကုန် ။ ။ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ တစ်ရပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့မှ ယနေ့ နေ့လည် (၁း၃၀)တွင် ၎င်းတို့  ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ ဟောပြောပွဲအား ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဦးဆောင်ဟောပြောတင်ပြခဲ့ပြီး ၁၉၈၂-ခုနှစ် ဥပဒေနှင့်ပတ်သက်၍ သိသင့်သည်များကို အဓိက ဆွေးနွေးခဲ့ပြီး။ ၁၉၆၇-ခုနှစ်ဥပဒေ၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ ဥပဒေတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ပါသည်။ ဦးခင်မောင်ချို၏ ဟောပြောမှုအပြီးတွင် တက်ရောက်လာသူများမှ မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဟောပြောသူမှ ပြန်လည် ဆွေးနွေးပေးခဲ့ပါသည်။
    ယခုကဲ့သို့ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး “ယခုလို ၈၂-ခုနှစ် ဥပဒေဆိုင်ရာ ဟောပြောပွဲမှာ အဓိကတင်ပြသွားတာတွေက ဥပဒေတစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့ အကြောင်းအရာတွေကို လေးလေးနက်နက် တင်ပြသွားတာ တွေ့ရကြောင်း၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေကို အဓိကထားရမှာဖြစ်ကြောင်း၊ ဥပဒေကို အခြေပြုပြီးဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ များစွာရှိကြောင်း၊ ဥပဒေကို အသုံးမပြုပဲဖြစ်နေတဲ့ကိစ္စရပ်များစွား ရှိခဲ့ကြောင်း၊ ရှိပြီးသားဥပဒေကို ဟန့်တားခွင့်များ ဆုတ်ယုတ်နေသည်များလည်းရှိကြောင်း၊ ယခု ဟောပြောပွဲသည် ဥပဒေ၏ ရေသောက်မြစ်ကို အဓိက ရှာဖွေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် ဘာသာကိုအကြောင်းပြုပြီး လူမျိုးသတ်မှတ်လေ့ရှိပြီး ကိုးကွယ်သည့် ဘာသာကိုကြည့်၍ ဥပဒေကို သတ်မှတ်သည့် အခြေအနေများ ရှိနေသည့် အတွက် ယခုလို ဟောပြောပွဲပြုလုပ်ရသည်ကို နားလည်စေလိုကြောင်း၊ ယခုလို ဟောပြောဆွေးနွေးပွဲများတွင် လိုအပ်၍ ဆွေးနွေးပါက ခိုင်ခိုင်လုံလုံဆွေးနွေးတတ်ရန် လိုအပ်ကြောင်း၊ အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများတွင် ပြောကြားနေကြသလို မပြောမိကြစေရန် အထူးမေတ္တာရပ်ခံကြောင်း”ကို မ.မ.လ ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ဟောပြောပွဲနိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။