News @ M-Media

Blog

  • သြဇီတွင် ဝန်ကြီးချူပ်၏ ပါလီမန် အတွင်းရေးမှူး အဖြစ် ခံအပ်ခံရသူ အစ္စလာမ်ဘာသာဝင် အမျိုးသား ကုရ်အာန်ကို ကိုင်တွယ်၍ ကျမ်းသစ္စာကျိန်ဆိုခဲ့

    ဇူလိုင် ၂ ၊ ၂၀၁၃
    M-Media

    Ed Husic

    CANBERRA။    ။ လူမျိုးဘာသာ ယဉ်ကျေးမှုစုံ တိုင်းပြည်ဖြစ်သော သြစတေးလျနိုင်ငံတွင် မွတ်စ်လင်မ် ဥပဒေပြုလွှတ်တော်အမတ်ဖြစ်သော  အဒ် ဟျူးစစ် (Ed Husic)အား ပါလီမန်၏ ဝန်ကြိးချူပ် ကိုယ်စားပြု လွှတ်တော်အတွင်းရေးမှူးအဖြစ်  ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် သူသည် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် လွှတ်တော်၏ အစိုးရအဖွဲ့ဝင်များအတွက် သီးသန့်နေရာတွင် ထိုင်ရမည့် ပထမဆုံး အစ္စလာမ်ဘာသာဝင် ဖြစ်လာခဲ့သည်။

    မြို့တော် ကိန်ဘာရာ တွင်ပြုလုပ်သော ကျမ်းသစ္စာကျိန်ဆိုပွဲ၌ လေဘာပါတီခေါင်းဆောင် ကွင်တင်း ဘရိုက်စ် (Quentin Bryce) နှင့် ပါတီဝင် ၂၄ ဦးရှေ့ ကျမ်းသစ္စာကျိန်ဆိုလိုက်သည့် ဟျူးစစ်အား “ ဒါဟာ ဘာသာလူမျိုး ယဉ်ကျေးမှုစုံစံနစ်အတွက် အလွန်ဝမ်းသာကြည်နှူးဖွယ်နေ့တစ်နေ့ပါဘဲ။ ဒီစံနစ်ဟာ ကျွန်မတို့နိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တယ်။ ဟျူးစစ် အနေနဲ့ ပါလီမန် အတွင်းရေးမှူးအဖြစ် ကျွန်မတို့ရဲ့နိုင်ငံအပေါ် အကောင်းဆုံး အလုပ်အကျွေးပြုဖို့ မျှော်လင့်ပါတယ် ” ဟု ကွင်တင်း ဘရိုက်စ်မှ ပြောကြားလိုက်ကြောင်း AAP သတင်းဌာနမှ ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့က တင်ပြခဲ့သည်။

    Broadband ဆိုင်ရာဝန်ကြီးအဖြစ် စွမ်းဆောင်ရည်ရှိခဲ့မှုကြောင့် ယင်းသို့ သမ္မတနှင့် ဒုသမ္မတတို့၏ ပါလီမန်အတွင်းရေးမှူးအဖြစ်  ခန့်အပ်ခံရခြင်းဖြစ်သည်။ ဘော့စနီးယန်းဇာတိဖြစ်သူ ဟျူးစစ်သည် ဆစ်ဒနီအနောက်ပိုင်း၌ ကြီးပြင်းကာ၊ Blacktown South Public School နှင့် Mitchell High School တွင် တက်ရောက်ခဲ့သည်။ University of Western Sydney တက္ကသိုလ်မှ ပထမဆုံးဘွဲ့ရကျောင်းသားအသုတ်ထဲပါဝင်ပြီး BA (applied communications) ဘွဲ့ကို ရယူခဲ့သူဖြစ်သည်။

    ၁၉၆၆ ခုနှစ်တွင် သြစတေးလျသို့ရောက်လာခဲ့သော သူ၏မိဘနှစ်ပါး နှင့် ဇနီးဖြစ်သူ ဘရစ်ဂျစ်အား “ လကမ္ဘာကို ကျော်လွန်ပြီ ” ဟူ သူက ခန့်အပ်ခံရပြီးနောက် ၀မ်းသာအားရပြောကြားခဲ့သည်။

    ဆစ်ဒနီအနောက်ပိုင်းဒေသအတွက် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသော ၂၀၁၀ ခုနှစ်မှစ၍ ဟျူးစစ်မှာ ထင်ရှားလာသည်။ ကျမ်းမြတ်ကုရ်အာန်စာအုပ်ပေါ်လက်တင်၍ ကျမ်းသစ္စာဆိုခဲ့သူဖြစ်သည်။

    အခြားထင်ရှားသည့် မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးမှာ ပါကစ္စတန်ဇာတိသူ မဲဟ်ရင်း ဖာရူကီ (Mehreen Faruqi) ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် သြစတေးလျ၏ ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး လွှတ်တော် အမတ်အဖြစ် ခန့်အပ်ခံရသည်။

    သြစတေးလျ လွှတ်တော်အမတ်သစ်များ ရွေးကောက်တင်မြှောက်မှုအတွက် အဓိကအားဖြည့် ကူညီခဲ့သော ဟျူးစစ် က ပြည်သူပြည်သားတို့၏လိုအပ်ချက်များအား တိုင်းပြည်၏ ထိပ်ပိုင်းအဆင့်အထိ သိရှိအောင် ဆောင်ရွက်သွားမည်ဟု အခိုင်အမာ ပြောခဲ့သည်။

    “ ကီဗင် ရုဒ် (Kevin Rudd) ကို ကနဦးကတည်းက ကျွန်တော် ထောက်ခံကူညီလာခဲ့ပေမယ့် ဒီလို ခန့်အပ်ခံရဖို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။ ကျွန်တော့်ရဲ့မဲဆန္ဒရှင်များထဲက ပြည်သူ့အသံကို သြစတေးလျရဲ့ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်နှစ်ဦးဆီ လက်ဆင့်ကမ်းပေးနိုင်ပါလိမ့်မယ်။ ဒေသခံတွေက သူတို့ကလေးတွေ ကျောင်းကောင်းကောင်း မတက်နိုင်မှာကို ပူပန်နေကြတယ်။ တကယ်လို့ တိုနီ အက်ဘော့ Tony Abbott သာ အာဏာရယင် မတတ်စွမ်းနိုင်တဲ့ကလေးမိဘတွေဟာ ဒီအခွင့်အရေးဆုံးရှုံးရတော့မယ်ဆိုပြီး စိုးရိမ်နေကြတယ်။ အနောက်ပိုင်းဆစ်ဒနီမှာ broadband တပ်ဆင်မှုကို သူတို့တစ်တွေကလည်း ထောက်ခံကြပါတယ် ” ဟု ဟျူးစစ်က Blacktown Sun သတင်းစာသို့ ပြောကြားသည်။

    သြစတေးလျတွင် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းရှိနေသည်မှာ နှစ်ပေါင်း ၂၀၀ ကျော်နေပြီဖြစ်ပြီး နိုင်ငံ့လူဦးရေ သန်း၂၀ ၌ ၁.၇ ရာခိုင်နှုန်း ပါဝင်နေသည်။ သြစတေးလျနိုင်ငံတွင် ခရစ်ယာန်ဘာသာ၏ နောက် အစ္စလာမ်သည် ဒုတိယအကြီးမားဆုံး သာသနာဖြစ်သည်။

    Ref: OnIslam

  • ယူအေအီး လေကြောင်းလိုင်း Air Arabia ဈေး အသက်သာဆုံး လေကြောင်းလိုင်း ဆုရရှိ

    ဇူလိုင် ၂ ၊ ၂၀၁၃
    M-Media

    Air_Arabia

    အဘူဒါဘီ။ ။ ယူအေအီးနိုင်ငံနှင့် မြောက်အာဖရိက နိုင်ငံများအကြားပြေးဆွဲလျက်ရှိသော ပထမဆုံးနှင့် အကြီးဆုံးသော ဈေးအသက်သာဆုံးလေကြောင်းလိုင်း Air Arabia သည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသော Skytrax World Airline Awards 2013 Air Show ၌  ဈေးအသက်သာဆုံး လေကြောင်းလိုင်းအဖြစ် ဆုရရှိခဲ့ပါသည်။

    ဒီဆုသည် လေကြောင်းလိုင်းများ၏ အကောင်းဆုံးအရည်အသွေး၊ ခရီးသည်များအတွက် ဈေးအသက်သာဆုံး ကုန်ကျစရိတ်များအပေါ်တွင် ကောက်ချက်ချ ပေးအပ်ခြင်းလည်းဖြစ်သည်။

    “အခုလို Skytrax ကပေးတဲ့ အရှေ့အလယ်ပိုင်းရဲ့ ဈေးအသက်သာဆုံးလေကြောင်းလိုင်းအဖြစ် ဆုရတာဟာ တကယ်ကို ဂုဏ်ယူစရာပါ။ ဘာလို့လဲဆိုတော့ ဒီဆုကို ခရီးသည်များရဲ့ မဲပေးမှုအရရွေးချယ်တာဖြစ်လို့ပါပဲ၊ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ဈေးအသက်သာဆုံး လက်မှတ်ခနဲ့ အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးတာပါ ၊ဒါ့ကြောင့်လည်း ခရီးသည်တွေ အမြဲမပြတ်တိုးလာတာဖြစ်ပါတယ်” ဟု Air Arabia ၏ အမှုဆောင်တာဝန်ခံချုပ် Adel Ali က ပြောခဲ့ပါသည်။

    Air Arabia လေကြောင်းလိုင်းသည် ယူအေအီးနိုင်ငံ၏ ဈေးအသက်သာဆုံးဆုရရှိခဲ့သည့်အပြင် ယူအေအီးနိုင်ငံ၏ အကောင်းဆုံးသော  ထိပ်တန်းလေကြောင်းလိုင်း (၁၀)ခုတွင် တစ်ခုအပါအ၀င်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။

    Skytrax World Airline ဆုများကို ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) မှ ခရီးသည်များက မဲပေးကြပြီး ၊ လေယာဉ် မပျံသန်းမှီ နှင့် လေယာဉ်တွင်း ခရီးသည်၏ သဘောကျ စိတ်ကျေနပ်မှု ပေးနိုင်မှု ကိုပါ စောင့်ကြည့်လေ့လာ ခြင်းတို့ပါဝင်သည်။

    လေ့လာစောင့်ကြည့်ခြင်းတွင်လည်း  နိုင်ငံတကာလေကြောင်းလိုင်းများအပြင် ပြည်တွင်းလေကြောင်းလိုင်းများ၏ first class,business class နှင့် economy class တို့ အထိ လေ့လာခြင်းဖြစ်ပြီး  စုစုပေါင်း လေကြောင်းလိုင်းပေါင်း(၂၀၀)ကျော်ပါဝင်သည်။                      ။

    Ref: The Gulf Today

  • အနာဂတ် အုပ်ချုပ်ရေးအတွက် မီဒီယာများနှင့် ထိတွေ့မှုသည် မရှိမဖြစ်ဟု အီရန် သမ္မတသစ် Rohani ပြောကြား

    ဇူလိုင် ၁ ၊ ၂၀၁၃
    M-Media

    အီရန်သမ္မတ Hassan Rohani က  တိုင်းပြည်အတွက်ပိုမိုကောင်းမွန်သော အကျိုးပြုမှုများလုပ်ဆောင်ရန် ၄င်း၏ အနာဂတ် တိုင်းပြည် အုပ်ချုပ်ရေးနှင့် မီဒီယာတို့ အကြား အမြဲမပြတ် ဆက်သွယ်မှုရှိရန် လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားလိုက်သည်။

    Rohani

    “မီဒီယာဆိုတာ လူတွေရဲ့ စိတ်ထဲ က လိုအပ်ချက်တွေ၊ အစ္စလာမ့်အခြေခံ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပြည်သူတွေ စိတ်ထဲက အမြင်တွေ နဲ့ အဲ့အမြင်တွေနဲ့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးဟာ ပြည်သူတွေရဲ့ လိုအပ်ချက် အပေါ်တကယ် ထိရောက်မှု ရှိမရှိ စတာတွေကို သဘောပေါက်ဖို့ဆိုတာ မီဒီယာက နေ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု Rohani က အီရန်နီယန် မီဒီယာမှ မန်နေဂျာများအား တနင်္လာနေ့က ပြောလိုက်ပါသည်။

    “ဇွန်လ(၂၄) ရက် သမ္မတ ရွေးပွဲတုန်းကလည်း မီဒီယာရဲ့ ကြားနေ လုပ်ဆောင်မှုများကို တွေ့ရပါတယ်။”  ဟု ၄င်းက ပြောခဲ့ပါသည်။

    “ကျွန်တော်တို့ရဲ့ ရှေ့ဆက်ပြီး တိုင်းပြည် အုပ်ချုပ်ရေးပိုင်းမှာလည်း မီဒီယာတွေက တစ်ဖက်သက်ချည်းပဲ ဖော်ပြတာကို မလိုလားပါဘူး ၊ ပြည်သူတွေမှာ မှန်ကန်တဲ့ မျှတမှုကိုလိုလားတဲ့ မျှော်လင့်ချက်တွေရှိတယ် ၊ စဉ်းစားချင့်ချိန်တတ်တဲ့ အမြင်တွေရှိတယ်၊  အဲ့လို ပြည်သူတွေရဲ့ အမြင်တွေ ၊ ပြဿနာတွေနဲ့ သူတို့ရဲ့ ဝေဖန်မှုတွေကို အမှန် အတိုင်း အားလုံးသိအောင် လုပ်ဖို့က မီဒီယာရဲ့ တာဝန်ပါ” ဟု ၄င်းက အလေးပေးပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး Rohani က အုပ်ချုပ်ရေး ပိုင်းရဲ့ လုပ်ဆောင်မှုတွေနဲ့ အခြား အမှုဆောင် များရဲ့ လုပ်ဆောင်ချက်များကို မီဒီယာများက သေသေချာချာ လေ့လာစောင့်ကြည်ရန်လည်း ပြောခဲ့ပါသည်။

    Rohani သည် ပြီးခဲ့သည့် အီရန် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲပေါင်း (၁၈၆၁၃၃၂၉) မဲဖြင့် (သို့မဟုတ်) မဲပေါင်း (၃၆၇၀၄၁၅၆) တွင် (၅၀.၇) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါသည်။

    ပထမဦးဆုံးအကြိမ်မဲပေးသူပေါင်း (၁.၆)သန်းအပါအ၀င် အီရန်နိုင်ငံလူဦးရေ (၅၀.၅) သန်းနီးပါးသည် သမ္မတ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီး ဌါန၏ ထုတ်ပြန်ချက်အရ မဲပေးသူပေါင်း (၇၂.၇)ရာခိုင်နှုန်းရှိသည်။              ။

     

  • သမိုင်းဝင် အမှားများကို အခြေခံ ဥပဒေများ၊ နည်းဥပဒေများနှင့် ကုစားခြင်း

    သမိုင်းဝင် အမှားများကို အခြေခံ ဥပဒေများ၊ နည်းဥပဒေများနှင့် ကုစားခြင်း

    ဇူလိုင် -၁ ၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- မောင်သမာဓိ

    ဦးနေဝင်းနှင့် မဆလ ပါတီဝင်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်၏ အမှားများ အကျဉ်းချုပ်။

    ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဝေဖန်ဆန့်ကျင်သည့် အသံများ တိတ်ဆိတ်သွားစေရန် အတွက် တက္ကသိုလ် ကျောင်း သားသမဂ္ဂကို ဗုံးခွဲခဲ့သော ဦးနေဝင်း အစိုးရသည် တစ်ပါတီအာဏာရှင် စနစ်ကို အသက်သွင်းကာ နိုင်ငံနှင့် ပြည်သူများအပေါ် ဖုံးဖိ မရနိုင်သည့် အမှားများကို အထိန်းအကွပ် မဲ့စွာ ကျူးလွန်ခွင့် ရသွားလေတော့သည်။

    အရှေ့တောင် အာရှတွင် အချမ်းသာဆုံးနိုင်ငံတစ်ခု၏ ကုန်ထုတ်စွမ်းအားစုများနှင့် ကုန်လုပ် အရင်းအနှီးများကို ပြည်သူပိုင်သိမ်းခြင်း ဟု နာမည်လှလှ ပေး၍ အဓမ္မလုယူခဲ့ကာ ဆိုရှယ်လစ်စီးပွားရေးစနစ် ကို ဖေါ်ဆောင်ခဲ့သော်လည်း လက်တွေ့ တွင် နိုင်ငံအုပ်ချုပ်ရေး၌ စီမံခန့်ခွဲမှုများ လွဲမှားခဲ့သောကြောင့် နောက်ဆုံးတွင် ကမ္ဘာ့ မိတ်ဆွေနိုင်ငံများ၏ အကူငွေကို မျှော်ကိုး ပြီး မြန်မာနိုင်ငံကို LDC (Least Developed Country) အဖြစ် ဦးနေဝင်းကိုယ်တိုင် အရှက်အရွံ့မဲ့စွာ ကြေငြာခဲ့လေသည်။

    တိုင်းပြည်တွင် အရံဆန်များရှိပါလျှက် စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် ဆန်ပြတ်လတ်မှု ပြဿနာနှင့် အတူ ရခိုင်ပြည်၊ စစ်တွေ ဆန်လုပွဲနှင့် အလုပ်သမား အရေးအခင်းများ ဆက်တိုက်ဖြစ်ပေါ်လာချိန်တွင် အာရုံပြောင်း လမ်းကြောင်းလွဲသည့်အနေဖြင့် တရုတ် ဗမာ အရေးအခင်း ကို ဖန်တီးကာ မကြာမီက ဖြစ်ပွားခဲ့သော မိတ္ထီလာ၊ လားရှိုး၊ ပဲခူးတိုင်းအနောက်ခြမ်း ဘာသာရေး နှိပ်ကွပ်မှု များကဲ့ သို့ပင် နိုင်နိုင်နင်းနင်း မထိန်းသိမ်းဘဲ လွှတ်ထား ခဲ့ဘူး၏။

    သို့သော် တိုင်းပြည်မှာ GDP (Gross Domestic Product) တိုးတက်မှု မရှိဘဲ မွဲမြဲ မွဲနေသော အခါ အကြံကုန် ဂဠုံဆားချက်သည့် အနေဖြင့် ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန် ငွေစက္ကူများကို ပြန်လည် လဲလှယ်မပေးဘဲ ဖျက်သိမ်းကြောင်း ကြေငြာခြင်းဖြင့် ဒုတိယအကြိမ် ပြည်သူအားလုံးကို ဓါးပြ တိုက်ကာ သမိုင်းဝင် အမှားတစ်ခုကို ၁၉၈၇ ခုနှစ်တွင် ကျူးလွန် လိုက်ပါတော့သည်။

    ပြည်သူများ၏ အစိုးရအပေါ် အယုံအကြည် (Trust) မဲ့စေသော နိုင်ငံတော် ကောင်စီ၏ လျှော်ကြေး မပေးဘဲ ငွေကြေး ဖျက်သိမ်းမှုကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ထပ်ဆင့် အမှားများကို ကျူးလွန် လိုက်ကြသောကြောင့် အစိုးရရော လွှတ်တော်ကိုပါ မယုံကြည်သော ပြည်သူလူထုတရပ်လုံး အုံကြွ လာပါတော့သည်။

    ထိုအခါ ထုံးစံအတိုင်း ဘာသာရေးကို ခုတုံးလုပ်ကာ ပြည်သူလူထု အာရုံကို လွှဲလိုသော(သို့မဟုတ်) နိုင်ငံရေးအမြတ်ထုတ် လိုသော ရည်ရွယ်ချက်ဖြင့် လူမျိုးရေး၊ ဘာသာရေး အထိကရုံးများ ကို ပြည်မြို့နှင့် တောင်ကြီးမြို့ တို့တွင် နိုင်ငံရေး ကစားကွက် အဖြစ် ဖန်းတီးခဲ့သေးသော်လည်း ၈ လေးလုံး ကျောင်းသားများ၏ ဦးဆောင်မှုနှင့် ပြည်သူလူထု၏ တခဲနက် ပါဝင်မှုကြောင့် မဆလ တစ်ပါတီ အာဏာရှင် စနစ်ဆိုးကြီးသည် ၁၉၈၈ ခုတွင် အပြီးတိုင် ချုပ်ငြိမ်းခဲ့လေသည်။

    ဦးနေဝင်း၏ အမှားများကို ဦးသန်းရွှေက ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကုစားခြင်း။

    ဦးနေဝင်း၏ အထိန်းအကြောင်းမဲ့ တစ်ပါတီ အာဏာရှင် စနစ်ဆိုးကို ကုစားရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၇) တွင် နိုင်ငံတော် သည် ပါတီစုံ ဒီမိုကရေစီ စနစ် ကို ကျင့်သုံးသည်ဟု ပြဌာန်းလိုက်ပါသည်။

    မှောင်ခိုစီးပွားရေးစနစ်ကို ဖွံ့ဖြိုးစေသော လက်ဝါးကြီးအုပ် စီးပွားရေး စနစ်တခုဖြစ်သည့် ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးကို ကုစားရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၅) တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက် စီးပွားေ ရးစနစ် ဖြစ်သည်ဟု ပြဌာန်း ထားပါသည်။ တဖန် ခရိုနီ စီးပွားရေး စနစ်ကို ဟန့်တားရန် ပုဒ်မ (၃၆) အပိုဒ်ခွဲ (ခ) တွင် စီးပွားရေး လုပ်ငန်း များတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်ဟု အတိအလင်းဆိုထား၏။

    အများပြည်သူ၏ အစိုးရအပေါ် အယုံအကြည်မဲ့စေမည့် အဓမ္မ ဓါးပြတိုက်သည့် နည်းလမ်းနှစ်ခု ဖြစ်သော ပြည်သူပိုင်သိမ်းခြင်းနှင့် တရားမဝင်ငွေကြေး ကြေငြာခြင်းကို ကုစားရန် အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆) အပိုဒ်ခွဲ (ဃ) နှင့် (င) တို့တွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု နှင့် တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု ပါဟု ကတိပြုထား၏။

    (မှတ်ချက်။     ။ ဦးသန်းရွှေလက်ထက်တွင် မန္တလေး၌ တည်ရှိသော ဒေါ်ဝင်းဝင်းနုပိုင် ဘီယာ စက်ရုံကို နိုင်ငံပိုင် သိမ်းခဲ့သောကြောင့် အစိုးရမှ တရားတဘောင် ရင်ဆိုင်ခဲ့ရသေးသည်။)

    နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာ၊ သာသနာများအား အလွဲသုံးမှုများကို ကာကွယ် ကုစားရန် အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ ဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်ဟု ရေးသား ကုစား ထားပါသည်။

    ကုစားမှုများ၏ ထိရောက် အကျိုးရှိမှုနှင့် အဟောသိကံ ဖြစ်မှုများ။

    ပထမဦးစွာ ကုစားမှုများ၏ ထိရောက် အောင်မြင်မှုများကို စတင် ဆွေးနွေးပါမည်။ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ ကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုဆိုသော ကုစားမှု ပုဒ်မကြောင့် စီးပွားရေး လုပ်ငန်းရှင်များ ပိုမို ရင်းနှီး မြှုပ်နှံ လာသည်ကို တွေ့နေရပါသည်။ တရားဝင် လှည့်လည် သုံးစွဲနေသော ငွေကြေးကို တရားမဝင် ငွေကြေး အဖြစ် သတ်မှတ်ခြင်းမပြုပါ ဟူသော ကုစား မှုကြောင့် နိုင်ငံခြားငွေလဲလှယ်မှု လက်မှတ် (FEC, Foreign Exchange Certificate) ကို အိနြေ္ဒရှိစွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။ နောက်ဆုံး သတ်မှတ်ရက် နီးလေ ဈေးတက် လေ ဖြစ်ခြင်းသည် ဖွဲ့စည်းပုံပါ ငွေကြေးဆိုင်ရာ မူဝါဒကို ပြည်သူလူထုမှ ယုံကြည် သောကြောင့် ဖြစ် သည်။

            ကုစားမှုများ မအောင်မြင်၊ မထိရောက်သည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မများကို ဆွေးနွေးပါဦးမည်။ လက်ရှိ ဦးပိုင်ကုမ္ပဏီနှင့် ခရိုနီတို့၏ စီးပွားရေးနယ်ပယ်တွင် လွှမ်းမိုးထားနိုင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆) အပိုဒ် ခွဲ (ခ) သည် ထိရောက်မှု မရှိကြောင်း ပြသနေပါသည်။

    ယခုဆောင်းပါးတွင် အဓိက ထောက်ပြလိုသည့် အချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) သည် လုံးဝ အသက်ဝင်ခြင်းမရှိ သည့် အချက်ပင်ဖြစ်သည်။ ထို့ထက် ပို၍ဆိုးသည်မှာ နိုင်ငံရေးပါတီနှစ်ခုက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ဖက်ပါတီအပေါ် လူများစု၏ အမုန်းတရားမဲနှင့် လူနည်းစု၏ အစွန်းရောက်ဘေးရန် အကြောက်တရားမဲ တို့ကို ရလိုသော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာနှုင့် သံဃာတော်တို့ကို အသုံးချ၍ အမျိုး သားရေးလှုပ်ရှားမှု နိုင်ငံရေး ကစားကွက်ကို ဖင်လိမ်ကွင်း (Hoopla hoop) လေးလှည့်ကာ၊ လှည့်ကာ ကစားရာ ပရိတ်သတ်ရှေ့ ပုဆိုးကျွတ်ကျ၍ အရှက်ကွဲရသည့်အလား ဗုဒ္ဓသားတော် သံဃာတစ်ပါး ဖြစ်သော မန္တလေး မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဥူးဝီရသူကို အကြမ်းဖက်သမား တစ်ဦးအဖြစ် ကမ္ဘာ့ မီဒီယာကြီးများက မှတ်တမ်း တင်ခံရသည် အထိ ဗုဒ္ဓဘာသာ၏ ပုံရိပ်သည် ကမ္ဘာပေါ်တွင် ကျဆင်းခဲ့ရ ပါတော့သည်။

    ထို့ကြောင့် နိုင်ငံရေးသမားများ ကပ်လှူသော နှောင်ကြိုးပါသည့် ဆွမ်းနှင့် ဝတ္ထုပစ္စည်းတို့ကို သတိ ကြီးစွာဖြင့် လက်ခံရန်  ကြုံကြိုက်တုံး ဥူးဝီရသူ အပါအဝင် ဆရာတော်၊ သံဃာတော်များကို လျှောက်တင် ချင်ပါသည်။ အဘယ် ကြောင့် ဆိုသော် နိုင်ငံရေး သမားတို့သည် ၎င်းတို့ အာဏာရရေး၊ မဲနိုင်ရေးအတွက်ဆိုလျှင် မေတ္တာဝါဒီ ဗုဒ္ဓ ဘာသာ သံဃာကိုပင် အော့ကြောလန် အကြမ်းဖက်ဝါဒီ အဖြစ် ကမ္ဘာက သမုတ်ခံရသည်အထိ ဘာသာရေးကို အလွဲသုံးစား ပြုရန် ဝန်မလေးသူများဖြစ်သည်ကို မျက်မြင်ဒိဌ တွေ့နေ ရသောကြောင့်ဖြစ်သည်။ လိုအပ်တုံးအခါ အသုံးချ၍ မလိုအပ်ချန်တွင် ထိုးကြွေးခြင်းနှင့် နှိပ်ကွပ်ခြင်းတို့ကိုလည်း ခံရနိုင်ပါသေးသည်။

    ပရိယတ္တိ၊ ပရိပတ္တီ၊ ပရိဝေဒ သာသနာ့ တာဝန် သုံးရပ် ကျင့်ကြံအားထုတ်ခြင်းကသာ အကောင်းဆုံးကုစားမှု။

    မိမိသမီးတွင် ရည်းစားရှိကြောင်း နောက်ဆုံးမှ သိသူမှာ မိဘနှစ်ပါးသာ ဖြစ်သည်။ ပတ်ဝန်းကျင်မှ သူတို့၏ နားနှင့် မျက်စေ့များ လျှံထွက်လာမှသာ မိသားစုဝင်များက သိနိုင်ကြပါလိမ့်မည်။ လူများစုမှ လူနည်းစု မူဆလင်များ အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် တိုက်ခိုက်ဆော်ကားနေမှုများကို ခံနေရသူ မွတ်ဆလင် များက အရင်ဆုံး သိပါလိမ့်မည်။ ဒုတိယအနေဖြင့် ကြားလူ (Third Person) က သတိပြုမိပါလိမ့်မည်။ ရည်းစား တိတ်တိတ်ခိုးထားသည့် သမီးရှင်၏ မိဘများနှင့် တူသော ဗုဒ္ဓဘာသာဝင် စစ်စစ် ပြည်သူအများစုမှာ ပြည်တွင်း တွင် မွတ်ဆလင်များ နှိပ်ကွပ် ခံရမှုကို နောက်ဆုံး ဗုဒ္ဓပုံရိပ်ပေါ်၌ နိုင်ငံရေး အရိပ်ထိုးခံရချိန်ကျမှ အိပ်ယာမှ လန့်နိုးကာ သတိထားမိ သူများ ဖြစ်နေပေလိမ့်မည်။

    ဆရာဝန် တစ်ဦးသည် လူနာ၏ သွေးနမူနာဓါတ်ခွဲမှု အဖြေကို ကြည့်ပြီးနောက် ဆရာဝန်တို့၏ နည်းပရိယာယ် (Counseling) ကို မသုံးဘဲ ခင်ဗျားမှာ HIV ပိုးရှိတယ်ဟု ရုတ်တရက် ပြောလိုက်လျှင် (Breaking the bad news)  လူနာ၏ ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းဆိုခြင်း (Denial) ပင်ဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့် ဆရာဝန် သည် လူနာ၏ တိုက်ခိုက် ခြင်းကို ခံရနိုင်ပါသည်။ တတိယ အဆင့်တွင် လူနာသည် သွေးအေးလာပြီး တဖြည်း ဖြည်း လက်တွေ့ အခြေ အနေကို လက်ခံ လာပါ လိမ့်မည်။

    ထို့အတူ ကမ္ဘာကျော် Time မဂ္ဂဇင်းက အကြမ်းဖက် သံဃာတစ်ပါး အကြောင်း ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ဖေါ်လိုက်ချိန်တွင် တစ်ခါမျှ မကြားခဲ့ဘူးသော အကြောင်းအရာဖြစ်၍ ဗုဒ္ဓဘာသာဝင်များ အများစုက လက် မခံ ငြင်းဆန်ကြပါသည်။ Time မဂ္ဂဇင်းတိုက် အနီးအနားတွင်ရှိလျှင် အတိုက်အခိုက် ခံရမည်မှာ သေချာ သည်။ ထို့နောက် ဤအဖြစ်အပျက်သည် ပြန်ပြင်၍ မရသော သမိုင်းအမဲစက် အဖြစ် ပြည်သူအများ လက်ခံပြီး သင်ခန်း စာ ယူလာချိန်တွင် နောင်အခါ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတို့ကို နိုင်ငံရေး သမားများ အကျိုးအမြတ် အ တွက် ကမ္ဘာ့ဘာသာကြီးများ အကြား ဂုဏ်ငယ်စေသည်အထိ အသုံးချခြင်း မခံရလေအောင် ကာကွယ်ဖို့ စဉ်းစား လာပါလိမ့်မည်။

    ထို့ကြောင့် ယခုသံဃာတော်များ ကြိုးပမ်းနေကြသော အမျိုးစောင့် ဥပဒေထက်စာလျှင် ဗုဒ္ဓဘာသာကို သန့်ရှင်းသော မေတ္တာတရား ရှေ့ထားသည့် ဘာသာအဖြစ် ထာဝရတည်တန့်စေရန်အတွက် နိုင်ငံရေးသမားနှင့် စည်းခြားသည့် ဥပဒေသည်သာ အမြန်ဆုံးပြဌာန်းသင့်သည်ဟု မြင်ပါသည်။ နိုင်ငံရေးသမားများ၏ ကြိုးကိုင် ခိုင်း စေမှုကိုလည်း သံဃာတော်များ အနေဖြင့် သတိဖြင့် ရှောင်ရှားကြရပါလိမ့်မည်။ နိုင်ငံရေးသမားများနှင့် ရော ထွေး ယှက်တင် နိုင်ငံရေးလုပ်သော သံဃာကိုလည်း ရဟန်းအဖြစ်မှ ကျဉ်ခြင်းမျိုးဖြင့် ကုစားမှသာ လူရိုသေ ရှင် ရိုသေ သာသနာ ဖြစ်လာရုံမျှမက နောက်ထပ် Time မဂ္ဂဇင်း မျက်နှာဖုံးရှင် သံဃာတစ်ပါး မပေါ်ပေါက်စေရန် ကာကွယ်ပြီးလည်း ဖြစ်သွားပါလိမ့်မည်။

    တနည်းအားဖြင့် သံဃာတော်များသည် ဥပဒေပြုဖို့ ကြိုးစားနေကြခြင်းထက် ပရိယတ်၊ ပရိပ္ပတ်၊ ပရိ ဝေဒ သာသနာ့တာဝန် သုံးရပ်ကို ဘုရားဟော အတိုင်း ကျင့်ကြံအားထုတ်ခြင်းကသာလျှင် ဗုဒ္ဓသာသနာကြီးကို ဂုဏ်ရောင် ပြောင်စေမည့် နောက်ထပ် သမိုင်းအမဲစက် မထင်စေရန် အကောင်းဆုံး ကုစားမှု ဖြစ်ပေသည်။ ခရစ် ယာန် ဘာသာကလည်း လူသားတို့ ပြုစုသော ဥပဒေနှင့် လူသားတို့ ၏ အုပ်ချုပ်မှုသည် မည်သို့မျှ တရား မျှတမှု မရှိနိုင်ဟု ဆိုသောကြောင့် ဥပဒေပြုသူ သံဃာတော်များသည် အဂတိတရား ၄ ပါး ကင်းရန် မဖြစ်နိုင်ပါသော ကြောင့် အစဉ် အမြဲ အာဘတ် သင့်နေပါလိမ့်မည်။

    ၂၀၁၃ ခု ဇွန်လ ၂၇ ရက်နေ့တွင် အင်းစိန် ရွာမ၌ ကျင်းပသော သံဃာ့ညီလာခံတွင် သီတဂူ ဆရာတော် ဘုရားက မျိုးချစ်စိတ် လွန်ကဲသော လူငယ်များကို သံဃာတော်များက ထိန်းသိမ်းရမည်ဟု မိန့်ကြားချက် အပေါ် တပည့်တော် ဘဝင်မကျပါ။ ထိုသို့သော အစွန်းရောက်တို့ကို အာဏာစက်ဖြင့်  ထိန်းသိမ်းရန် အတွက် အစိုးရနှင့် လုံခြုံရေး အဖွဲ့များ တွင်သာ တာဝန် အပြည့်ရှိမည်ဟု မြင်ပါသည်။

    ထို့အပြင် မြင့်မြတ်သော ဘာသာရေးကို ညစ်ပတ်လေ့ရှိသော နိုင်ငံရေးနှင့် ရောထွေးယှက်တင် မဖြစ် စေရန်အတွက် သံဃာတော်များကို ပါတီထောင်ခွင့်၊ မဲပေးခွင့်များကို ခေတ်အဆက်ဆက် ဖွဲ့စည်းပုံများက ဟန့်တားထားသောကြောင့် ဘုရားသားတော် သံဃာများသည် နိုင်ငံရေးနှင့် ကင်းရှင်းသင့်ပါသည်။

             (မှတ်ချက်။      ။ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဖွဲ့စဉ်က ဆရာတော် သံဃာတော်များက မိမိတို့နည်းတူ အိုလမာအဖွဲ့ချုပ်နှင့် မော်လဝီ အဖွဲ့ချုပ်တို့သည် သာသနာ့ ဝန်ထမ်းများ ဖြစ်ကြသောကြောင့် နိုင်ငံရေးနှင့် မပတ်သက်သင့်သည်ဖြစ်၍ ကော်မရှင်တွင် မပါဝင်သင့်ကြောင်း ထောက်ပြကန့်ကွက်သည့်အတွက် သံဃာ့ အဖွဲ့အစည်း၊ အိုလမာနှင့် မော်လဝီ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များ ကော်မရှင်တွင် ထည့်သွင်း ဖွဲ့စည်းခြင်း မရှိသောဖြစ်စဉ် ရှိခဲ့ဘူးသော်လည်း ယနေ့သံဃာတော်များအနေဖြင့် ဥပဒေပြုရန် ကြိုးစားနေသည်ကို အံ့သြ ဖွယ်၊ ဝမ်းနည်းဖွယ် အဖြစ် တွေ့နေရပါသည်။)

    စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ အမှားများကို ကုစားရန် ကြိုးစားခြင်း။

    (က) ဗိုလ်ချုပ်နေဝင်းသည် ဦးနုကို၎င်း၊ ဗိုလ်ချုပ်စောမောင်သည် ဒေါက်တာမောင်မောင်ကို၎င်း၊ ဗိုလ်ချုပ် သန်းရွှေသည် ဗိုလ်ချုပ်စောမောင်ကို၎င်း အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် အကြောင်းမျိုးစုံပြ အချိန်ဆွဲခြင်းဖြင့် အာဏာရှင် စနစ်ကို ရှည်ကြာစေခဲ့ကြလေသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဏာ အသိမ်းဆုံးနိုင်ငံဖြစ်သော်လည်း ပျှမ်းမျှ တနှစ်အတွင်း ဖွဲ့စည်းပုံ အသစ်ရေးဆွဲပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးလေ့ရှိသောကြောင့် မြန်မာနိုင်ငံထက် အစစ အရာရာ သာလေသည်။

    ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရေးဆွဲလျှင် နိုင်ငံတော် အာဏာသိမ်းခြင်းကို ဟန့်တားသည့် ဥပဒေ ကို တည်ထွင်ပြဌာန်းခြင်းဖြင့် မကြာခဏ အာဏာသိမ်းမှုများကို ကုစားသင့်ပါသည်။

    (ခ) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခြင်းသည် ဦးသန်းရွှေ၏ မဟာ့ မဟာ အမှားတစ်ခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အများစုက စည်းပွားရေးပိတ်ဆို့မှုကြောင့် လက်လျှော့ နောင်တရချိန်တွင် တိုင်းပြည်သည် သူများ ကြွေးကို မဆပ်နိုင်သည့် နိုင်ငံ အဖြစ်သို့ ဆိုက်ရောက်ခဲ့ရလေသည်။ ဆရာကLDC (Least Developing Country) ဂုဏ်ဆောင်၍ တပည့်က ဒေဝါလီ ခံလေ၏။

    ထို့ကြောင့် ဖွဲ့စည်းပုံ အသစ်ပြင်ဆင် ရေးဆွဲလျှင် ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ခြင်းများကို ကာကွယ် ကုစားနိုင်ရန် ဥပဒေ အသစ်တစ်ခုကို ရေးဆွဲရန် ထည့်သွင်းစဉ်းစားသင့်သည်။

    (ဂ) ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင် ပါဝင်ပတ်သက်သော မဲလိမ်မှု မျိုးများ နောက်ထပ် မပေါ်ပေါက်စေရန် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ကို ပြန်လည် ရေးဆွဲပြီး ဘက်မလိုက် လူရိုသေ၊ ရှင်ရိုသေ ကော်မရှင် အသစ် ကိုလည်း ပြန်လည်ဖွဲ့စည်းသင့်ပါသည်။

    (ဃ) နောက်ဆုံးကုစားရမှာကတော့ ဒီပဲယင်း အကြမ်းဖက်မှုကဲ့သို့သော အစိုးရ ကိုယ်တိုင်ဦးစီးသည့် အကြမ်း ဖက်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ကာကွယ် ကုစားရေး ဥပဒေ များ ဖွဲ့စည်းပုံ အသစ်တွင် ထည့် သွင်း ပြဌာန်း ရေးဆွဲ ကုစား ရေးဘဲ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဦးသန်းရွှေ အုပ်ချုပ်စဉ် ကာလတွင် တောင်ငူနှင့် ကျောက်ဆည်မြို့တို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋ္ဋိပက္ခများ အကြီးအကျယ် ဖြစ်ခဲ့ သောကြောင့်ပင် ဖြစ်သည်။ ယနေ့ နာမည်ကျော် ဥူးဝီရသူသည်လည်း ကျောက်ဆည် အကြမ်းဖက်မှုအတွက် ထောင်ဒဏ် အနှစ် ၂၅ ကျခံခဲ့ဘူးသူ အကြမ်းဖက် သမိုင်းဝင် ပုဂ္ဂိုလ် တစ်ဦးဖြစ်ပေသည်။

    ဦးသိန်းစိန် အစိုးရ၏ အမှားများကို ရိုဟင်ဂျာပြတိုက်၊ ၉၆၉ ပြတိုက်များဖွင့်ပြီး ကုစားရန် ကြိုးစားခြင်း။

    (က) မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ ပါကစ္စတန် ခေါင်းဆောင် အလီ ဂျင်းနား၊ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုနှင့် မေယုခရိုင် စစ်ဒေသ စစ်တိုင်းမှူး  ဗိုလ်မှူးချုပ် အောင်ကြီး တို့က တိုင်းရင်းသား အဖြစ်လက်ခံသော ရိုဟင်ဂျာလူမျိုးကို ဦးသိန်းစိန်အစိုးရက ဇွတ်တရွတ် ငြင်းဆန်နေခြင်းသည် ရည်ရွယ်ချက် တစုံတရာ ရှိပုံရ၏၊၊

    ရိုဟင်ဂျာပြတိုက်တစ်ခု ဖွင့်နိုင်လောက်သည့် အထောက်အထားများဖြစ်သော ရခိုင်ပြည်နယ် မြောက်ဦး မြို့ ကိုးသောင်းဘုရား ရှိ ကျောက်စာတွင် ရိုဟင်ဂျာ ဘာသာနှင့် ရေးသားထားခြင်း၊ မြန်မာ တိုင်းရင်းသား များတွင် ရိုဟင်ဂျာ ပါဝင်ကြောင်း မြန်မာနိုင်ငံသို့ ကိုယ်တိုင်ရောက်ရှိ မှတ်တမ်းတင်ခဲ့သည့် ဒေါက်တာဖရန်စစ် ဘူချနန်၏ ၁၇၉၉ ခုတွင် ရေးသားခဲ့သော စာအုပ်တွင် ပါရှိခြင်း၊ မြန် မာနိုင်ငံသို့ အစ္စလာမ် ဘာသာ စတင်ပြန့်ပွားရာဒေသဖြစ်၍ ရခိုင်ပြည်နယ်တွင် ပလီအလုံးရေ ၁၆၀၀ ကျော်ရှိခြင်းကြောင့် တနိုင်ငံလုံးတွင် ပလီအရေအတွက် အများဆုံးရှိခြင်း၊ လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်က တည်ဆောက်ခဲ့သော စန္ဒီခန်းပလီ တည်ရှိရာ အရပ်ဖြစ်ခြင်း၊ ၁၉၄၇ ဖွဲ့စည်းပုံရေးဆွဲရာတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ရိုဟင်ဂျာ နှစ်ဦးဖြစ်သော အဗ္ဗဒူဂဖါးနှင့် ဆူလတန်အာမက်တို့နှစ်ဦး ပါဝင်ခြင်း၊ လွတ်လပ်ရေး ရပြီးနောက် ရိုဟင်ဂျာ (မူဂျာဟေဒင်) လက်နက်ကိုင်အဖွဲ့ရှိခြင်း၊ လက်နက်ချပြီးနောက် ရိုဟင်ဂျာ အမည်ကို ဗိုလ်ချုပ်အောင်ကြီးနှင့် ရခိုင်ခေါင်းဆောင်များက ရိုဟင်ဂျာ အလယ်သံကျော် Conference တွင် လက်ခံသဘောတူခြင်း၊ ဝန်ကြီးချုပ် ဦးနုခေတ်က ရိုဟင်ဂျာ သတင်းစာ ထုတ်ဝေခဲ့ခြင်းနှင့် မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ရိုဟင်ဂျာ တိုင်းရင်းသား အစီအစဉ်ကို ရိုဟင်ဂျာ ဦးဘထွန်းမှ အသံလွှင့်ခဲ့ခြင်း၊ ရခိုင်ပြည်တွင် ဗမာစကားပြောလျှင် ရခိုင်တိုင်းရင်းသာတို့က  တိုက်ခိုက်လေ့ ရှိသော်လည်း ရိုဟင်ဂျာ စကားကိုပြောခွင့်ပေးခြင်း၊ စသည်တို့ကြောင့် ပြည်ထောင်စု လွှတ်တော်မှ ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုလိုက်လျှင် ရခိုင်ပြည် အမြန်ဆုံး အေးချမ်းသွားစရာ အကြောင်း ရှိသည်ကို အဘယ်အတွက်ကြောင့် အချိန်ဆွဲနေကြ သနည်း။

    တဖန် ၉၆၉ အဖွဲ့ အကြောင်းဆွေးနွေးပါဦးမည်။ ၉၆၉ အဖွဲ့ဝင် သံဃာတော်များနှင့် လူပုဂ္ဂိုလ် အဖွဲ့ဝင် တို့သည် ဘာသာရေး မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော်ဟောပြော လုပ်ဆောင်မှုများရှိကြောင်း ယနေ့ အချိန် အခါတွင် ဗုဒ္ဓဘာသာဝင် အများစုကြီးက လက်ခံကြောင်း ဇွန်လ ၃၀ ရက် တနင်္ဂနွေနေ့ နံက်ပိုင်းက ထုတ်လွှင့် သွားသော VOA ဆွေးနွေးခန်းက သက်သေပြနေပါသည်။

    အစိုးရအဖွဲ့ ကြေငြာချက်တွင် ၉၆၉ အမှတ် တံဆိပ်သည် ငြိမ်းချမ်းသော သင်္ကေတဖြစ်၍ လှုံ့ဆော်ဆူပူ အကြမ်းဖက်မှုများတွင် မသုံးရန်တည့်သွင်းရေးသား ထားသော်လည်း ၉၆၉ အဖွဲ့၏ တရားဝင်မှုကို ဒုဝန်ကြီး ဦးရဲထွဋ်က အာမ မခံနိုင်ပါ။ သို့သော် ၉၆၉ အဖွဲ့ကို ဆက်လက် လှုပ်ရှားခွင့်ပေးထားခြင်းက တောင်သာတွင် ဗြောင်ကျကျ ဆိုင်းဘုတ်တင်ထားသော စွမ်းအာရှင် ဝါးရင်းတုတ် တပ်ရင်းကဲ့သို့ နိုင်ငံရေး ကစားကွက်တွင် အသုံးချရန် ရည်ရွယ်ထားပုံရ၏။

    (မှတ်ချက်။     ။ တနိုင်ငံလုံးရှိ မွတ်ဆလင် အဖွဲ့အစည်း အသီးသီးက တာဝန်သိစွာဖြင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၊ သာသနာရေး ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း အသီးသီးထံ ပေးပို့ထားသော ပြည်သူလူထုအတွင်း လွတ်လပ်စွာ ပျံ့နှံ့နေသည့် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှု များပါဝင်သော DVD, VCD နှင့် စာရွက်စာတန်း၊ ဓါတ်ပုံများသည် Holocaust Museum ကဲ့သို့ ၉၆၉ ပြတိုက် တစ်ခု ဖွင့်နိုင်လောက်သည် အထိ များပြား၏။ နောင်အခါ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဗုဒ္ဓဘာသာကို Abuse မလုပ်နိုင်စေရန် ၉၆၉ ပြတိုက်တစ်ခု သို့မဟုတ် Web Site တစ်ခုကို ဖွင့်သင့်ပါသည်။)

    ဤနေရာတွင် အကြံပေးလိုသည်မှာ ၉၆၉ အဖွဲ့ကို မတရားအသင်းအဖြစ် ကြေငြာခြင်း၊ သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ပေးခြင်းကသာလျှင် နိုင်ငံတကာ ခေါင်းဆောင်များ၊ နိုင်ငံ တကာ မီဒီယာများနှင့် တွေ့ဆုံချိန်တွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ဂုဏ်သိက္ခာရှိရှိ ပြောဆိုနိုင်မည်ဖြစ်၏။ အစိုးရတရပ်၏ နိုင်ငံတကာသို့ လှည့်ပတ်လိမ်ညာနေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေပါသည်။

    ထို့အပြင် ၉၆၉ အဖွဲ့နှင့် ရိုဟင်ဂျာ ပြဿနာကို ဆွဲဆန့်ထားခြင်း နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက် ကြီးကြီးမားမား ရှိပုံရ၏။ ဒေါ်စုကိုမုန်းသော ဗုဒ္ဓဘာသာဝင်များ၏ မဲနှင့် အစွန်းရောက်ကို ကြောက်သော မွတ်ဆလင်တို့၏ မဲတို့ကို မျှော်ကိုးသော နိုင်ငံရေး ကစားကွက် (Political Games) များအဖြစ် နိုင်ငံရေး လေ့လာအကဲခတ်သူများက ယူဆကြ၏။ ကျွန်ုပ်၏ ကိုယ်ပိုင်အမြင်ကို ပြောရလျှင် ၂၀၁၅ တွင် ဒေါ်စု မတော်တဆ သမ္မတ ဖြစ်သွားလျှင် တည်ငြိမ်စွာ မအုပ်ချုပ်နိုင်အောင် ထောင်ထားသော နင်းမိုင်းများဖြစ်ပြီး နောက်ဆုံး တွင် ဒေါ်စုကိုယ်တိုင် စစ်တပ်ကို အာဏာပြန်အပ်သည် အထိ ရည်ရွယ်ချက်ကြီးမား၏။

    ထို့ကြောင့် ဒေါ်စုအနေဖြင့် ဤပြဿနာများကို ၂ နှစ်အတွင်း အပြီးအပြတ် မဖြေရှင်းဘဲ သမ္မတ အလျှင်စလို မလုပ်သင့်ဟု မြင် ပါသည်။ မိမိသမ္မတ မဖြစ်မီအရင် ဤကိစ္စများကို အကြွေး မထားစေဘဲ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အကြေအလည် ဖြေရှင်းဖို့ နည်းမျိုးစုံ သုံးပြီး လုပ်ဆောင်သင့်ပါသည်။

    (ခ) ဦးသိန်းစိန်အစိုးရ၏ နိုင်ငံခြားမှ အရင်းအနှီးများ ဝင်လာစေရန် မက်လုံးများပေး၍ ဆွဲဆောင် နေချိန်တွင် မြန်မာနိုင်ငံသား မွတ်ဆလင်တို့၏ ပိုင်ဆိုင်မှု အရင်းအနှီးများကို မကာကွယ်ပေးနိုင်ခြင်းသည် တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေယုံမျှမက ဥပဒေမစိုးမိုးသော၊ မတည်ငြိမ်သော တိုင်းပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာစေရန် ဟန့်တားလိုက်သကဲ့သို့ဖြစ်စေ၍ အမြန်ဆုံးတည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်း သင့်ပါသည်။

    (ဂ) ဗုဒ္ဓဘာသာဝင် အော့ကြောလန် (Face of Buddhist Terror) တစ်ဦးကို ပေါ်ထွက် လာစေခြင်း သည် ဦးသိန်းစိန် အစိုးရ၏ အဆိုးဆုံးသော သမိုင်းအမဲစက်ဖြစ်သည်။ How militant monks are fueling anti-muslim violence in Asia ဟု Time မဂ္ဂဇင်း မျက်နှာဖုံးတွင် ရေးထားသောကြောင့် နောက်ထပ် အော့ကြောလန်များ ထပ်ထွက်မလာအောင် ထိထိရောက်ရောက် ကာကွယ်ရန် ယခုခေါ်ယူထားသော ကာ-လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသင့်ပါသည်။

    သရော်စာနှင့် ကုစားခြင်း။

    မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခါသမယတွင် ဘုန်းဘုန်းတို့အနေဖြင့် ဥပဒေပြုရန် စိတ်ဝင်စား လာရုံမျှက နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့နှင့် အစိုးရ အဖွဲ့တို့မှလည်း ကန့်ကွက်ခြင်းမရှိသောကြောင့် အင်အားချိန်ခွင်ညှာ ညှိပြီးလည်းဖြစ်စေမည့်အပြင် ဘုန်းဘုန်းတို့ လူထွက်ရန်လည်း မလိုဘဲ ဥပဒေပြုနိုင်သော အခွင့် အရေး တစ်ရပ်ကို တင်ပြချင်ပါသည်။

    လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအရ မြန်မာ့တပ်မတော်သားတိုင်းတွင် မဲပေးခွင့်နှင့် လွှတ်တော်အသီးသီးတွင် ရွေးကောက်ခံစရာ မလိုဘဲ ကာကွယ်ရေးဦးစီးချုပ်မှ စစ်သား လွှတ်တော်ကိုယ်စားလှယ် ၂၅% (တမတ်သား) ခန့်အပ်ခွင့် ရှိပါသည်။

    ထို့ကြောင့် အင်အားချိန်ခွင်ညှာ ညီအောင် ကုစားသည့်အနေဖြင့် ဖွဲ့စည်းပုံအသစ်တွင် တပ်မတော်သား များက မဲပေးခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်ကိုယူလျှင်၊ ဘုန်းဘုန်းတို့က လွှတ်တော် တမတ်သား အခွင့်အရေးကို အရယူပြီး လွှတ်တော် အတွင်းသို့ အရောက်ကြွပါ။ သို့မဟုတ် လွှတ်တော် တမတ်သား အခွင့်အရေးကို တပ်မ တော်သားများ အတွက် ပစားပေးမျှဝေစွန့်ကြဲပြီး ဘုန်းဘုန်း တို့အတွက် မဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင် ရွေးကောက် ခံပိုင်ခွင့်ကို ဖွဲ့စည်းပုံ အသစ်တွင် ပြင်ဆင် ထည့်သွင်း ရေးဆွဲစေခြင်းဖြင့် လူထွက်စရာမလို၊ ဗုဒ္ဓဘာသာဝင် အချင်းချင်း ကဲ့ရဲ့ခံနေစရာလည်း မလိုတော့ဘဲ ဘုန်းဘုန်းတို့ အနေဖြင့် နိုင်ငံရေးနှင့် ဘာသာရေးကို ဒွန်တွဲကာ ပိုင်ပိုင်နိုင်နိုင် ပျော်ပျော်ပါးပါး လုပ်ဆောင် နိုင်ကြ ပါလိမ့်မည်။

    အနှစ်ချုပ်။ (Summary)

    (က) စစ်အာဏာရှင် အစိုးရအဆက်ဆက်နှင့် အသွင်ပြောင်း စစ်သားအစိုးရ လက်ထက်တွင် တိုင်းပြည် ဆုတ်ယုတ်ခဲ့ရခြင်း အဓိက အကြောင်းရင်းသည် ဥပဒေ စိုးမိုးမှုမရှိဘဲ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံရေး အခြေခံ ပဋ္ဋိပက္ခများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် တိုင်းပြည်၏ ပိုင်ဆိုင်မှု (Asset) များပြိုကွဲကာ ကုန်ထုတ် အရင်းအနှီးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည်ပတိုင်းပြည်များမှ ဝင်မလာသည့်အပြင် ပြည်ပတိုင်းပြည်များသို့ စီးထွက်စေသည့်အတွက် တိုင်းပြည် ဆင်းရဲတွင်းနက်စေခဲ့ သောကြောင့် ဤပြဿနာ များကို ကုစားရန် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခကာကွယ်ရေး ဥပဒေ များ ဖွဲ့စည်းပုံ အသစ်တွင် ခိုင်ခိုင်မာမာ ပြင်ဆင်ရေးဆွဲရန်နှင့် တရားဥပဒေ စိုးမိုးရန် အရေးတကြီး ဆောင်ရွက်သင့်ပါသည်။

    (ခ) လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခလုပ်ရန် လှုံ့ဆော်မှုများရှိလာပါက Potential Victims တို့ အနေ ဖြင့် လှုံ့ဆော်သည့် သက်သေ အထောက်အထား အပြည့်အစုံနှင့် တရားရုံးများထံ ဦးတိုက် လျှောက်ထားပြီး တရားရုံး၏ လှုံ့ဆော်သော အဖွဲ့အစည်းအား ဟန့်တားမိန့် ကို တောင်းခံနိုင်သည့် ပဋိပက္ခကာကွယ်ရေး ဥပဒေ များကို ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) ကပေးအပ်ထားသော လုပ်ပိုင်ခွင့် အရ မကြာမီ ပြင်ဆင်ရေးဆွဲမည့် ဖွဲ့စည်း ပုံတွင် ထည့်သွင်း ရေးသား သင့် ကြောင်း အကြံပြုအပ်ပါသည်။

    (ဂ) သက်ဆိုင်ရာ ဘာသာရေး အဖွဲ့ အစည်းများ၏ တင်ပြလာသည့် ခိုင်လုံသော သက်သေ အထောက် အထားများနှင့်တကွ ညွှန်ကြားချက်အရ ဗဟိုတရားရုံး ရှေ့နေတဦးမှ အကြမ်းဖက်ရန် လှုံ့ဆော်သူ သို့မဟုတ် စည်းရုံးသူ သို့မဟုတ် လက်နက်ကိုင်ဆောင် အားထုတ်သူ ထံ သတိပေးစာ (Letter of Notice) ထုတ်ဆင့်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၆၄) ကပေးအပ်ထားသော လုပ်ပိုင်ခွင့် အရ အသစ်ရေးဆွဲရာတွင် ဖြည့်စွက်သင့်ပါ သည်။

    (ဃ) ဂျပန်နိုင်ငံတွင် မီးအာမခံထားသော အိမ်၌တပ်ဆင်ထားသော မီးလန့် အချက်ပေး ဥသြသည် မီးလန့်ချိန်တွင် မီးသတ်ဌာနနှင့် မီးအာမခံ ဌာနတို့တွင် တပြိုင်နက် မြည်အောင် (Network) ချိတ်ဆက်ထား သော ကြောင့် မီးလန့်သည့် အိမ်ရှေ့သို့ မီးသတ်ဌာနနှင့် အာမခံဌာနမှ ပုဂ္ဂိုလ်များ ချက်ချင်းရောက်ရှိလာပြီး မီးမကူး ဆက်အောင် ဝိုင်းဝန်းကြိုးပမ်းကြသည်ဆို၏။

    မြန်မာ့အာမခံလုပ်ငန်းမှ အထိကရုံး အာမခံ ပရီမီယံ အသစ်ထုတ်ရောင်းခြင်းဖြင့် အကြမ်းဖက်ရန် လူစု သည်နှင့်တပြိုက်နက် အာမခံဌာနသည် အရပ်ဖက်အုပ်ချုပ်ရေး အာဏာပိုင်များကို လုံခြုံရေး အမြန်ပေးဖို့ တိုက် တွန်းနှိုးဆော်ခြင်းဖြင့် အကြမ်းဖက် မီးရှို့မှု၊ လူသတ်မှုများကို ကာကွယ်နိုင်မည် ဖြစ်သည်။

    (င) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၅၆) တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထား သော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျှင်း၍ ဥပဒေအရ ကာကွယ် ပေးရ မည်ဟု ပါရှိပါသည်။

    ထို့ကြောင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများကြောင့် သေဆုံး ဒဏ်ရာရသူများနှင့် ပျက်စီး ဆုံးရှုံးခဲ့ ရသော ပစ္စည်းနှင့် အိမ်များအတွက် အစိုးရမှ လျှော်ကြေးပေးရန် ဥပဒေ အား ပြည်ထောင်စု လွှတ်တော် မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် ရေးဆွဲ ရာတွင် ထည့်သွင်းရေးဆွဲခြင်းဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု များကို အစိုးရအနေဖြင့် အီလေးမဆွဲဘဲ မဖြစ်မနေ အမြန်ဆုံး ထိန်းချုပ်ရန် ကြိုးစားပါလိမ့်မည်။

    ထိုင်းနယ်စပ်ရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း ပိုင်ဆိုင်မှု အငြင်းပွားသည့် ပဋိပက္ခကြောင့် ကမ္ဘော ဒီးယား နိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံသား ထိုင်းလူမျိုးတို့ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအား ကမ္ဘောဒီးယားတို့က အကြမ်းဖက် ဖျက်စီးရာ ကမ္ဘောဒီးယား အစိုးရက ပျက်စီးဆုံးရှုံးမှုများ အတွက် လျှော်ကြေး ပေးပါသည်။ တနည်းအားဖြင့် နိုင်ငံသားတို့၏ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကို အစိုးရမှ အာမခံခြင်းပင်ဖြစ်သည်။

    မြန်မာနိုင်ငံမှာတော့ လျှော်ကြေးမပေးသည့်အပြင် အကြမ်းဖက်ခံရသော မိတ္ထီလာနေ မွတ်ဆလင်တို့ ပိုင်ဆိုင်သည့် မြေကွက် များကိုပင်  ပြန်မပေးဘဲ သိမ်းယူခြင်းများ ရှိနေပါသည်။ ဤအချက်သည် မြန်မာအစိုးရ နှင့် ကမ္ဘောဒီးယား အစိုးရတို့၏ သိသာ ထင်ရှားသော ကွာခြားချက်ဖြစ်ရာ ဤအတိုင်းဆက်သွားနေလျှင် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ နောက်တွင် အမြဲကျန် နေပါလိမ့်မည်။

    (စ) မြန်မာနိုင်ငံတွင် နှစ်ထောင်ချီပြီး အတူတကွ နေထိုင်လာခဲ့ကြသော ဗုဒ္ဓဘာဝင်နှင့် မွတ်ဆလင် တို့အကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်နေခြင်းသည် တဖက်နှင့် တဖက် နားလည်မှု လွဲမှားအောင် နှစ်ရှည်လများ စနစ်ကျစွာ သွေးခွဲနေသည့် ဥပဒေ အထက်တွင် ရှိသော လူတစ်စု ရှိနေခြင်းကြောင့်ဖြစ်၏။ သွေးခွဲနေသူများ ကိုယ်တိုင်လည်း မြန်မာမွတ်ဆလင်တို့၏ ရှည်လျှားသော သမိုင်းကြောင်းကို မသိသောကြောင့် ဖြစ်၏။

    ယခုအခါ အင်တာနက်တွင် ငြိမ်းချမ်း PhD. ဆိုသူ၏ ဦးရာဇတ်ကို အာဇာနည် ၉ ဦးစာရင်းမှ ပယ်ထုတ်ဖို့ တောင်းဆိုသည့် Video file တစ်ခု ပျံ့နှံနေပါသည်။ အဘယ်ကြောင့် သေနတ်ပြစ် ခံရရုံနှင့် အာဇာနည်အဖြစ် သတ်မှတ်ရသနည်း၊ မသိ၍မေးပါသည်ဟု ဆို၏။ အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံရပ်ခြားမှ PhD ဘွဲ့ရခဲ့သော်လည်း ၎င်းငယ်စဉ်က နေခဲ့သည့် TTC အထက်တန်းကျောင်းက အခြေခံ ပညာကို ကောင်းစွာ သင် မပေးနိုင်ခဲ့ကြောင်း သက်သေဖြစ်ပါသည်။

    Internet Google နှင့်တက္ကသိုလ်များ ဗဟိုစာ ကြည့်တိုက်တွင် ဦးရာဇတ်အမည်နှင့် ရှာလျှင် အထောက်အထား စာရွက်စာတမ်း၊ ဓါတ်ပုံနှင့် စာအုပ်များ တစ်ထမ်းစာ ရနိုင်ပါသည်။ ပန်းဆိုးတန်း စာအုပ် အသစ်နှင့် အဟောင်းဆိုင်များတွင် စာရေးဆရာ အသီးသီး တို့ ရေးသားထားသော ဦးရာဇတ်နှင့်ဆိုင်သည့် စာအုပ်များကို ရှာလျှင် ဆိုက္ကားတစ်စီးစာမျှရနိုင်ပါလျှက် ကြောင်ကို ရေးချိုးပြီး သန်းရှာပေးနေသော ပီအိပ်ခ်ျဒီ ဒေါက်တာဆိုသူ Video ဖိုင်ပိုင်ရှင်နှင့် ထိုဗီဒီယို ဖိုင်ကို LIKE လုပ်နေသူတို့သည် စာကြည့်တိုက် (Libiary) ကို သုံးတတ်အောင် မသင်သော အခြေခံ ပညာသင်ကြားရေးကိုသာ ရခဲ့သော ကြောင့်ဖြစ်သည်။

    (မှတ်ချက်။     ။ စာဖတ်ပျင်းလျှင် ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် ရေးသားသော  ဦးရာဇတ် အထုပ္ပတ္တိ စာပေဆုရ စာအုပ် ပါးပါးလေးကို ဝယ်ဖတ်နိုင်ပါသည်။)

    ထို့ကြောင့် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ စစ်ကိုင်းခေတ်၊ ကုန်းဘောင်ခေတ် စသည် ခေတ် အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် မြို့ပြအုပ်ချုပ်ရေးတို့တွင် ရွပ်ရွပ်ချွန်ချွန် တာဝန် ထမ်းဆောင်ခဲ့ကြသော မြန်မာမွတ်ဆလင် တို့၏ ထွန်းပြောင်သော သမိုင်းဆိုင်ရာ အထောက်အထား စာရွက် စာတန်းနှင့် ဓါတ်ပုံများ၊ ကိုလိုနီခေတ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် ဂျပန် တော်လှန်ရေးတွင် ပါဝင်ခဲ့သော မြန်မာမွတ်ဆလင် ကွန်ကရက် (မမက)တို့၏ အထောက်အထား စာရွက် စာတန်းများနှင့် ဓါတ်ပုံများ၊ ပင်လုံစာချုပ်ဆိုင်ရာ အထောက်အထားများ၊ ပါလီမန်ခေတ် မြန်မာမွတ်ဆလင် ဝန်ကြီးနှင့် ပါလီမန်အမတ်များ၏ သမိုင်းဆိုင်ရာ အထောက်အထားများ၊ မွန်ဘုရင်၊ ရခိုင်ဘုရင်နှင့် မြန်မာ ဘုရင်တို့ စစ်တိုက်ရာတွင် သုံးဖက်စလုံးတွင် ပါဝင်သော သစ္စာရှိ မွတ်ဆလင် တပ်မှူးတပ်သားများ၏ သမိုင်းဆိုင်ရာ အချက်လက်များ၊ ၈ လေးလုံး အရေးတော်ပုံတွင် မွတ်ဆလင်တို့ ပါဝင်ခဲ့သော အထောက် အထားများကို သိမ်းဆည်းထားရန် မြန်မာမွတ်ဆလင် သမိုင်းမော်ကွန်းတိုက် (Myanmar Muslim Archive) တစ်ခုကို ရန်ကုန်မြို့တွင် တည်ဆောက်ခြင်းဖြင့် ကျန်နိုင်ငံသားများနှင့် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ပါ လိမ့်မည်။ ထိုမော်ကွန်းတိုက်အား အများ ပြည်သူကို လေ့လာခွင့်ပေးခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် များအကြား အပြန်အလှန် နားလည်မှုများရှိလာချိန်တွင် ဘာသာရေး အလွဲသုံးစားပြုမည့်သူများ၏ သားကောင် မဖြစ်နိုင်တော့ပါ။

    မောင်သမာဓိ နိုင်ငံရေး ဗေဒင် အတတ်ဟောပြီး ကုစားမည်။

    (က) မြန်မာနိုင်ငံ ဆင်းရဲနေတာ နိုင်ငံနဲ့ ပြည်သူတွေကြောင့်လား၊ နိုင်ငံရေးသမားများနှင့် ၄င်းတို့ချမှတ် သော စနစ်ကြောင့်လား အရင်စဉ်းစားကြည့်သောအခါ နိုင်ငံရေး သမားများနှင့် လွဲမှားသော စနစ်ကြောင့်ဟု တညီတညွတ်တည်း ဖြေကြပါလိမ့်မည်။

    (ခ) ပြည်ပရန် ခြိမ်းချောက်မှု မရှိတဲ့ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်သော မြန်မာနိုင်ငံမှာ တိုင်းပြည် တည် ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးတွေကို ဦးစား မပေးဘဲ အမျိုး၊ ဘာသာ၊ သာသနာရေးကို ခွဲခြား ဆက် ဆံရေး၊ နိုင်ငံရေး  ဦးတည်ချက်တွေ အနေနဲ့ အလေးထားဖေါ်ဆောင်နေမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တက္ကနို လိုဂျီ ပညာအသုံးချ စီးပွား ရေးတောင့်တင်းသော နိုင်ငံ တစ်ခုဖြစ်လာစရာအကြောင်း မရှိဘဲ၊ ကမ္ဘာအနှံ့ အလုပ် ကြမ်း သမားတွေကို အဆက်မပြတ် ဆက်လက် တင်ပို့ ပေးနေရဦးမယ် ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲ သေချာပါသည်ဟု အတတ်ဟောပါသည်။

    (ဂ) မြန်မာပြည်၏ ကံကြမ္မာသည် အာဏာမြဲရေး အဓိကထားသော ညံ့ဖျင်းသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ လက်သို့ နှစ်ပေါင်း ၆၀ ခန့် ရောက်ရှိခဲ့၍ တဖြည်ဖြည်း ပြာပုံဖြစ်ခဲ့၊ ဖြစ်ဆဲဖြစ်သည်။

    နိုင်ငံရေးသမားများ၏ ကံကြမ္မာသည် ပြီးပြည့်စုံသော ရေခံမြေခံ ရှိသည့် မြန်မာပြည်၏ လက်တွင်း ရောက်သောနေ့တွင် တဟုန်ထိုးတိုးတက် လာပါလိမ့်မည်။

    သို့သော် သတိပြုစရာ အချက်တစ်ခုမှာ အာဏာရရှိသော မြန်မာ နိုင်ငံ ခေါင်းဆောင် အဆက်ဆက်တို့သည် နောင်လာ လတံ့သော နိုင် ငံရေးခေါင်းဆောင်များအနေဖြင့် တိုင်းပြည်အပေါ် မဖေါက်ပြန်နိုင်အောင်(Check & Balance)  ထိန်းချုပ်နိုင် ရန် စေတနာဖြင့် လိုအပ်သည်ဟု ထင်မြင်သော ဥပဒေ အသီးသီးကို အမေရိကန်သမ္မတများ ပြုလုပ်သကဲ့သို အတည်ဖြစ်အောင် ကြိုးစားပြဌာန်းရစ်ခဲ့မှ သာ မြန်မာပြည် အနေဖြင့် နိုင်ငံရေးသမားများကို နိုင်နိုင်နင်းနင်း ကြိုးကိုင်နိုင်မည်ဖြစ်ကြောင်း ဗေဒင်ဟော စာတမ်း ရေးသားရင်း နိဂုံးသံပတ် ဆုံးသတ် လိုက်ပါသည်။

    မောင်သမာဓိ

    * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။