News @ M-Media
Blog
  • သေကြောင်းကြံမှု သတင်းအား တိုက်ရိုက် ထုတ်လွှင်ခဲ့မှုကြောင့် Fox News တရားစွဲဆိုခံရ
    ဇွန်-၁၈၊၂၀၁၃
    M-Media
    ကိုယ့်ကိုယ်ကိုသတ်သေသွားသော အမေရိကန်နိုင်ငံသား  ဂျိုဒေါန်ရိုမီရို (JoDon Romero)၏အကြောင်းကို Fox News Channel  မှ မဆင်မခြင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သဖြင့် ၄င်း၏ ဇနီးဖြစ်သူ ကလေး ၃ ယောက်မိခင်က မိသားစုအတွင်း ကြေကွဲဝမ်းနည်းခြင်းဒဏ်ရာဖြစ်ပေါ်ခဲ့သည့် အတွက် ထိုသတင်းဌာနအား တရားစွဲဆိုခဲ့သည်။
    _68227875_foxscreenရဲဌာနမှ အချိန်အတန်ကြာလိုက်လံဖမ်းဆီးနေခဲ့သော ဂျိုဒေါန်ရိုမီရို (အသက် ၃၃ နှစ်)သည် စက်တင်ဘာလအတွင်း၌ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။
    အစပိုင်းက ထိုသူမှာ မည်သူမည်ဝါဟုမသိရှိခဲ့ရပဲ ၄င်းသူ၏ကလေးများသည် အင်တာနက်မှတစ်ဆင့် ယင်းသတင်းအား ကြည့်ရှုမိခဲ့ကြသည် ဟုဆိုသည်။
    သတင်းထုတ်လွှင့်သူတို့သည် သေကြောင်းကြံသတင်းမှာ ပြင်းထန်သော အမှားအယွင်းဖြစ်သွားကြောင်း တောင်းပန်ခဲ့သည်။
    အသက် ၉ နှစ်၊ ၁၃ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးများ၏ မိခင်- ဂျိုဒေါန်ရိုမီရို၏ဇနီး အန်ဂျဲလာ ရိုဒရီဂက်ဇ် (Angela Rodriguez) သည် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်တရားရုံးသို့ တရားစွဲဆိုချက်ကို တင်သွင်းခဲ့သည်။ ၄င်း စွဲဆိုချက်တွင် သူမ၏ကလေးငယ်များသည် သတင်းထုတ်လွှင့်မှုကြောင့် ကြီးစွာစိတ်ထိခိုက်ခဲ့ရပြီး၊ စိတ်ကျ ဝေဒနာခံစားနေရကြောင်း ထည့်သွင်းတိုင်ကြားခဲ့သည်။
    သူမသည် သတင်းဌာနအား မမှန်းဆနိုင်သည့်နစ်နာမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
    စက်တင်ဘာ ၂၈ ရက်နေ့တွင် ကားတစ်စီးအားခိုးယူခဲ့သော ရိုမီရိုကို ရဲများမှ ၁ နာရီကြာအောင် လိုက်လံဖမ်းဆီးခဲ့ပြီး သေနတ်ဖြင့်ချိန်ရွယ်ထားစဉ် ၄င်းသည် မိမိကိုယ်ကို နားထင်အားသေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားခြင်းဖြစ်သည်။ ထိုစဉ်က သတင်းဌာန၏ ဟယ်လီကော်ပတာသည် အခင်းဖြစ်ပွားနေသော နေရာ၏ အပေါ်တွင်ပျံသန်းခဲ့ကာ သတင်းအား ရိုက်ယူလွှင့်တင်ခဲ့သည်။ သေဆုံးသူသည် ပြစ်မှုအမြောက်အများ ကျူးလွန်နေခဲ့သူဖြစ်ပြီး၊ ခံဝန်ချုပ်ဖြင့် ထောင်မှထွက်လာသူဖြစ်ကြောင်း၊ ၄င်းနောက် ခံဝန်ချက်များအား ချိုးဖောက်ခဲ့သဖြင့် ရဲမှ အလိုရှိနေသူဖြစ်ကြောင်း  ရဲအရာရှိများက ပြောကြားခဲ့သည်။
    Fox News Channel နှင့် ၄င်း၏မိခင်ကုမ္ပဏီ News Corp အား ယခုလအစောပိုင်းက တရားစွဲဆိုထားသော တိုင်ကြားစာဖိုင်၌ ရိုမီရို၏ကလေးများသည်  မိမိကိုယ်ကိုလုပ်ကြံသောသတင်းတစ်ခုအား သတင်းဌာနမှထုတ်လွှင့်နေသည်ဟု ကျောင်းတွင် ကြားသိခဲ့ကြောင်း၊ ထို့ကြောင့် အိမ်ပြန်ရောက်လျှင်ရောက်ချင်း YouTube မှရှာဖွေကြည့်ရှုခဲ့ကြောင်း၊ ကြည့်ရှုနေချိန်ကျမှ ၄င်းတို့၏ဖခင်ကိုယ်တိုင်ဖြစ်နေသည်ကို တွေ့လိုက်ရကြောင်း ဖော်ပြထား၏။
    သတင်းအားထုတ်လွှင့်ပြီးပြီးချင်းတွင် Fox News မှ သတင်းတင်ဆက်သူသည် ထိုသတင်းအား အချိန်ယူတည်းဖြတ်ပြီးမှ ထုတ်လွှင့်ပြသသင့်ကြောင်း ပရိသတ်များအား ပြောဆိုတောင်းပန်ခဲ့သည်။ နောက်ပိုင်းတွင် သတင်းဌာန၏ စီမံခန့်ခွဲသူသည် ထပ်မံ၍ တောင်းပန်ခဲ့ပြီး၊ ဆိုးဝါးသည့်အမှားအယွင်းဟုဆို၍ သတင်းအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
    ရိုဒရီဂက်ဇ်မှပြောသည်မှာ သူမ၏ကလေးငယ်များသည် ယင်းဖြစ်ရပ်ကိုမြင်ပြီးနောက် ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာရခဲ့ကြောင်း၊ ထို့နောက် မြင်ယောင်စိုးကြောက်၍လန့်နိုးအိပ်မပျော်ခြင်းအပါအ၀င် Post-Traumatic Stress Disorder ခေါ် ပရိဒေ၀ကြောင့် စိတ်ကျဝေဒနာ၏ ရောဂါလက္ခဏာများဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။
    အကြီးဆုံးနှင့်ဒုတိယ ကလေးငယ်နှစ်ဦးသည် ၄င်းတို့၏ဖခင် သေဆုံးပြီးကတည်းက စာသင်ကျောင်းသို့ ခြေဦးမလှည့်တော့ကြောင်း သူမက ဆက်လက်ပြောပြခဲ့သည်။.
    Ref: BBC
  • ဇွန် ၁၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၁၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၁၈၊၂၀၁၃
    M-Media
    အာဖဂန်နစ္စတန် လုံခြုံရေးတာဝန်များ လွှဲပြောင်း
    NATO တပ်ဖွဲ့များ ဦးစီးတာဝန်ယူထားသော နိုင်ငံ လုံခြုံရေးတာဝန်ကို ယနေ့  အာဖဂန်တပ်ဖွဲ့များက ဦးစီးသွားရန် တာဝန်ယူလိုက်ပြီဖြစ်သည်။
    Boeing ကုမ္ပဏီ က ပိုမိုရှည်လျားသည့် ၇၈၇ ဂျက်လေယာဉ် ထုတ်လုပ်မည်။
    Boeing ကုမ္ပဏီ မှထုတ်လုပ်သော လေယာဉ် အချို့တွင် ဘက်ထရီ ပြဿနာ ပေါ်ခဲ့ ပြီးနောက် ပြန်လည် အောင်မြင်မှုအတွက်၇၈၇ လေယာဉ်ကို  ဒီဇိုင်း အသစ်ဖြင့် ပြန်လည်ထုတ်လုပ်မည်ဟု ကြောငြာသည်။
    အာဖဂန်အစိုးရ တာလီဘန်နှင့် ဆွေးနွေးမည်။
    တာလီဘန်နှင့် ဆွေးနွေးရန် ကာတာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်ဟု သမ္မတ ဟာမစ်ကာဇိုင်းက ယနေ့ ပြောဆိုလိုက်သည်။
    .ဘရာဇီးတွင် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ပေါ်
    တနင်္လာနေ့ညပိုင်းက လူဦးရေ နှစ်သိန်းခွဲခန်းက နိုင်ငံတော် ငွေကြေးသုံးစွဲမှု၊ ခရီးစရိတ်များ မြင့်တက်လာမှု ရဲများ၏ အကြမ်းဖက်မှု စသည်ကိစ္စများ အတွက်  ဆန္ဒပြခဲ့ကြသည်။
    အီရန် ခေါင်းဆောင်သစ်က အမေရီကန်နှင့် ဆွေးနွေးလို
    ရွေးကောက်ပွဲ အနိုင်ရ အီရန် သမ္မတသစ် ဟာဆန်ရိုဟာနီက နူကလီးယားအရေး ပြေလည်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။
    မန်ဒဲလား ကျန်းမာရေးအတွက် တောင်အာဖရိက မွတ်စလင်မ်များ ဆုတောင်း
    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ သည် တောင်အာဖရိက အထင်ကရ ခေါင်းဆောင်ဖြစ်ပြီး အဆုတ်ရောဂါဖြင့် ဆေးရုံတင် ထားရသူ လူဖြူ-လူမည်းဆန့်ကျင်ရေးခေါင်းဆောင် မန်ဒဲလားအတွက် ဆုတောင်းလျက်ရှိကြသည်။
    ဆီးရီးယားအပေါ် ကန် – ရုရှား သဘောထားကွဲပေမဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို
    ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။
    တရုတ်ဆူပါကွန်ပျူတာ
    တရုတ် အမျိုးသား နည်းပညာ ကာကွယ်ရေးတက္ကသိုလ် က ထုတ်လုပ်တဲ့ ဆူပါကွန်ပျူတာသစ်ဟာ အရင် အမေရိကန်က ထုတ်လုပ်တဲ့ Titan ဆူပါကွန်ပျူတာရဲ့ အမြန်နှုန်းကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးအလုပ်လုပ်တဲ့ ဆူပါကွန်ပျူတာအဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။
  • မွတ်စ်လင်မ်တွေပေါ် အကြမ်းဖက်မှုရပ်ဖို့ ကုလတိုက်တွန်း (VOA)
    ဇွန်-၁၈၊၂၀၁၃
    VOA မှ  ကူးယူဖော်ပြပါသည်။
    CA051E84-79CD-4D9F-9693-371E14129CCC_mw1024_n_s
    Internally displaced Rohingya boys shiver in rain in a makeshift camp for Rohingya people in Sittwe, Burma, May 14, 2013.
    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပါအ၀င် မွတ်ဆလင်လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်မကင်းဖြစ်ရတယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့နဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာကြဖို့ကိုလည်း မြန်မာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တိုက်တွန်းသွားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ဒီအကြောင်း ဆွေးနွေးခဲ့တာကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
    မြန်မာနိုင်ငံတွင်း လူနည်းစုမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်သွားစေဖို့ မြန်မာအစိုးရအနေနဲ့ အရေးယူကိုင်တွယ်မှုတွေ ချက်ခြင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌရဲ့ကြေညာချက်ကို လူ့အခွင့်အရေးကောင်စီကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ အတည်ပြုပေးလိုက်တာပါ။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ သုံးသပ်ဆွေးနွေးကြရာမှာ လူနည်းစု မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေက အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီ မူကြမ်းနဲ့ အဆိုတင်သွင်းတဲ့ OIC ကမ္ဘာမွတ်ဆလင်ပူးပေါင်းဆောင်ရွက်အဖွဲ့ကိုယ်စား ပါကစ္စတန်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို သဘောပေါက် နားလည်ပေမယ့် မွတ်ဆလင်တွေရဲ့ အခက်အခဲ အခြေအနေကိုတော့ လျစ်လျူမပြုထားလိုဘူးလို့ ပြောပါတယ်။ တချိန်တည်းမှာ ဒီပြဿနာကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာဖက်ကနေ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်ကြောင်း OIC က ပြောပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ် ဦးမောင်ဝေကတော့ ကြေညာချက်ပါ စာသားအချို့ကို လက်မခံကြောင်း ပြောပါတယ်။ အထူးသဖြင့်တော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာပြည်သူတွေ အနေနဲ့ သဘောမတူနိုင်ဘူးလို့ ပြောသွားပါတယ်။
    “ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာပြည်သူတွေအနေနဲ့ သဘောမတူနိုင်ပါဘူး။ ဒါပေမယ့်လည်း နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကျနော်တို့ရဲ့ နိုင်ငံသားဥပဒေနဲ့အညီ သုံးသပ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီပြဿနာကို အတော်လေးကို လေးလေးနက်နက်ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ရှိသူတိုင်းအတွက် ငြိမ်းချမ်းပြီး သဟာဇာတရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။”
    အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ်ဖြစ်တဲ့ Ms.Elleen Chamberlain Donhoe ကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလို အပြောင်းအလဲကာလမှာ ဗဟုသဘောဆောင်တဲ့ လူမှုအဖွဲ့အစည်းတရပ်ဖြစ်လာဖို့ မြန်မာအစိုးရအနေနဲ့ ကိုင်တွယ်ဆောင်ရွက်သွားရေးကို တိုက်တွန်းသွားပါတယ်။
    “မြန်မာနိုင်ငံမှာ ဗဟုသဘောဆောင်တဲ့ လူ့အဖွဲ့အစည်း သီးခံနားလည်မှုရှိတဲ့ လူအဖွဲ့အစည်းတရပ်ဖြစ်လာဖို့ ဆောင်ရွက်ရေးအတွက် မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး တိုက်တွန်းပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်နဲ့ မြန်မာနိုင်ငံတွင်းက လူတိုင်းလူတိုင်း နိုင်ငံသားဖြစ်ပိုင်ခွင့်အပါအ၀င် လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်။”
    မြန်မာနိုင်ငံတွင်းမှာ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ အလွန်အမင်းလည်း စိုးရိမ်ပူပင်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အီးယူ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ဖြစ်တဲ့ အန်ယာလန်နိုင်ငံက Mr.Gerard Corr ကတော့ မြန်မာနိုင်ငံအခြေအနေကို အနီးကပ် စောင့်ကြည့်နိုင်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးရုံးထားရှိဖို့ကို တိုက်တွန်းသွားပါတယ်။
    “မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေတွေကို အပြည့်အ၀အကာအကွယ်ပေးနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHR ရုံးထားဖို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်အပါအ၀င် တိုင်းပြည်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်စုံစမ်းဖို့ OHCHR ရုံးထားရှိရေးက အခရာ ကျပါတယ်။ ”
    မြန်မာ့အိမ်နီးချင်းလည်းဖြစ် အာဆီယံအဖွဲ့ဝင်လည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကို အရေးတကြီးတုံ့ပြန်ဖို့လိုမယ်လို့ အင်ဒိုနီးရှားကိုယ်စားလှယ် Mr.Triyono Wibowo က ပြောပါတယ်။
    “နိုင်ငံတကာရဲ့စိုးရိမ်ချက်တွေအပေါ်မှာ အရေးတကြီးတုံ့ပြန်ကိုင်တွယ်ဖို့ မြန်မာအစိုးရကို အင်ဒိုနီးရှားက ပြောလိုပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းစံထားတွေ ကိုက်ညီအောင် တုန့်ပြန်ဖို့ တိုက်တွန်းပါတယ်။ ဒီ စိန်ခေါ်ချက်အပေါ်မှာ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရမှာ နိုင်ငံရေးအရ ပိုင်းဖြတ်ချက်ရှိမယ်လို့ ကျနော်တို့လည်း ယုံကြည်ပါတယ်။”
    မြန်မာအစိုးရကိုယ်စားလှယ် ဦးမောင်ဝေကတော့ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က တိတိကျကျ အရေးယူမယ်လို့ ဂတိပေးထားပြီးဖြစ်တဲ့အကြောင်း ပြောပါတယ်။ လက်တွေ့အားဖြင့်လည်း ရခိုင်အရေး စုံစမ်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်ခဲ့သလို အခြား အရေးယူမှုတွေကိုလည်း ပြုလုပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အခု နိုင်ငံတကာက ပြောနေသလို လူနည်းစု မွတ်ဆလင်တွေကို ဗုဒဘာသာဝင်တွေက တဖက်သက် တိုက်ခိုက်နေတဲ့ သဘောမျိုးတော့ မဟုတ်ဘဲ လက်တွေ့မှာ ဒီ ပဋိပက္ခကြောင့် လူမှုအဖွဲ့အစည်းနှစ်ဖက်လုံး နစ်နာခံစားရတယ်ဆိုတာကို သဘောပေါက်လိုမယ်လို့ ပြောသွားပါတယ်။
    “အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကို ပြန်လည်သုံးသပ်တဲ့အခါမှာ အထောက်အထားတွေအရ ဒီ အကြမ်းဖက်မှုတွေဟာ အပြန်အလှန်ဖြစ်ကြတယ်ဆိုတာ တွေ့ရပါတယ်။ မျှမျှတတ ပြောရမယ်ဆိုရင် ဗုဒ္ဒဘာသာဝင်တွေက မွတ်ဆလင်တွေကို ဆန့်ကျင်တယ်ဆိုတာ မမှန်ကန်ပါဘူး။ ဒီအကြမ်းဖက်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ လူ့အသက်တွေ ဆုံးရှုံးပြီး၊ အိုးအိမ်ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးကြရတာဟာ ၀မ်းနည်းစရာပါ။ ဒီအကြမ်းဖက်မှုကို လူ့အဖွဲ့အစည်းနှစ်ဖက်မှာ တဖက်ကပဲ ခံစားကြရတာမဟုတ်ပါဘူး။ နှစ်ဖက်စလုံးက နစ်နာခံစားကြရပါတယ်။”
    မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်အပါအ၀င် မြို့အချို့မှာဖြစ်ခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တာနားရဲ့ အစီရင်ခံစာမှာလည်း မြန်မာ အစိုးရရဲ့ ကိုင်တွယ်မှုအားနည်းတာတွေကို ဝေဖန်ထားပါတယ်။ အထူးသဖြင့်တော့ ဒီ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ အာဏာပိုင်တွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့ မစ္စတာကင်တာနားက တိုက်တွန်းခဲ့ပါတယ်။
  • မြန်မာပြည်မှ စရိုက်ဆိုးများ အတွက် ‘အမျိုးသားလုံခြုံရေး’ စကားသည် ခိုင်လုံသော အကြောင်းပြချက် မဟုတ်
    ဇွန်-၇ ၊၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်
    min_zin_rohingye_edited
    ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်ဒေသ အာဏာပိုင်များက ရိုဟင်ဂျာ မွတ်စ်လင်မ်များကို ဇနီးတစ်ဦးသာယူရန် နှင့် ကလေးနှစ်ဦးထက် ပိုမယူရန် တားမြစ် ပိတ်ပင်ခဲ့ပါသည်။ သောင်းနှင့်ချီသောပြည်သူတို့မှာ လူမျိုးရေးပြဿနာကြောင့် ပြောင်းရွှေ့မှုခံရသည့်ကြားမှ ယင်းအနောက်ပိုင်းပြည်နယ်မှ အရာရှိများသည် လူသိနည်း မှေးမှိန်နေခဲ့သော ကန့်သတ်ချက်အား ပြန်လည် အသက်သွင်းကာ လတ်တစ်လော နိုင်ငံရေးအနေအထား အပေါ်တုန့်ပြန်သောအားဖြင့် ပြန်၍ အတည်ပြုခဲ့ကြသည်။
    အင်္ဂါနေ့တစ်ရက်က ရာပေါင်းများစွာ ရခိုင်လူမျိုးတို့သည် လမ်းမပေါ်ထွက် ထိုပိတ်ပင်ချက်အား ထောက်ခံခဲ့ကြသည့်အပြင် ပြည်နယ်တစ်ခုလုံး၌ ဥပဒေအဖြစ်ပြဋ္ဌာန်းရန်အထိ မြန်မာအစိုးရကို တွန်းအားပေးခဲ့ကြသည်။
    ယင်းစည်းမျဉ်းကိုထောက်ခံသော ဆန္ဒပြခေါင်းဆောင် သာပွင့်မှ “ ကျွန်တော်တို့ဟာ သူတို့ရဲ့လူဦးရေကို စောင့်ကြည့်စစ်ဆေးထိန်းချုပ်ဖို့ လိုအပ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောကြားသည်။ မွတ်စ်လင်မ်ဦးရေ ၉၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုသော ရခိုင်ပြည်နယ်၏ မြို့နယ်နှစ်ခုတွင် ထိုအချက်ကို လက်တွေ့ကျင့်ဆောင်လျက်ရှိသည်။
    ရိုဟင်ဂျာလူဦးရေကို ထိန်းချုပ်ခြင်းသည် အမျိုးသားလုံခြုံရေး ကိစ္စတစ်ခုဖြစ်ကြောင်း တားမြစ်ချက်ထောက်ခံအားပေးသူများက ဆိုကြသည်။ ၄င်းသည် လူ့အခွင့်အရေးထက် ပို၍ဦးစားပေးရမည့်အရေးဟု ၄င်းတို့မှ ယုံကြည်နေကြသည်။ ယင်းကန့်သတ်ချက်ပေါ် ရပ်တည်ထောက်ခံသူများက တရုတ်နိုင်ငံ၏ ကလေးတစ်ဦး မူဝါဒ၊ ဗီယက်နမ်နိုင်ငံ၏ ကလေးနှစ်ဦးမူဝါဒ စသည်များကို လိုရာဆွဲဥပမာပေးကြသည်။ ထိုတိုင်းပြည်များသည် ထိုမူဝါဒများကို မိသားစု စီမံကိန်းအတွက် ရွေးချယ် ကျင့်သုံးခြင်းသာဖြစ်ကြောင်း မသိမြင်ကြဘဲ နှိုင်းယှဉ်တင်ပြလိုက်ခြင်း ဖြစ်ပေသည်။ တိုင်းပြည်တစ်ခုလုံး၏ လူဦးရေထိန်းချုပ်သည့် အကြောင်းရင်းကို  ရခိုင်ဥပဒေက လူနည်းစုလေး တစ်ခုအတွက် ပစ်မှတ်ထားအသုံးချသည်မှာ လုံးလုံးလျားလျား မလုပ်အပ်ချေ။ ( ရိုဟင်ဂျာတို့သည် မြန်မာတစ်နိုင်ငံလုံး လူဦးရေ၏ ၁ ရာခိုင်နှုန်းမျှသာရှိကြောင်း ခန့်မှန်းရသည်။)
    ထောက်ခံကြသူများက “အမျိုးသားလုံခြုံရေး”ဟု အသံကောင်းဟစ်ကြသော်လည်း ထိုအချက်၏ သဘောသဘာဝအား ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မရှိပေ။ အမျိုးသား လုံခြုံရေးအတွက် အဓိကပြဿနာ တစ်ခုမှာ တရားမ၀င်ခိုးဝင်လာမှုများဖြစ်ခြင်း၊ ခိုးဝင်သူများပြားလာလျှင် ပြည်နယ်ချည့်နဲ့ပြိုကွဲသွားနိုင်ခြင်း ဟူ၍ အထင်ကရ ထောက်ခံပံ့ပိုးသူတစ်ဦးမှ ဆိုသည်။ သို့သော် ထူးဆန်းလှသည်မှာ တစ်ချိန်ကလည်း ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့သော ရွှေ့ပြောင်းအခြေချ တရုတ်လူမျိုးများ အပေါ်တွင်မူ ထိုကလေးနှစ်ယောက်မူဝါဒကို အဆိုမပြုကြ၊ အသုံးမချကြချေ။ ဤအချက်ကို ထောက်ရှု၍ တရားမ၀င်အခြေချမှုသည် ၄င်းတို့၏စိုးရိမ်မှု အစစ်အမှန်ဖြစ်ကြောင်း မှတ်ချက်ပေးရန် လားလားမျှမဖြစ်နိုင်တော့ပါ။
    သို့ဆိုလျှင် ပြဿနာအစစ်ကား အဘယ်အရာပါနည်း ? တရားမ၀င်အခြေချမှု သို့မဟုတ် ယဉ်ကျေးမှုကွဲပြားမှု မဟုတ်ပါ။ စင်စစ်၌ အစ္စလာမ်အားကြောက်ရွံ့နေသည့်ရောဂါ သာဖြစ်သည်။ ဤတားမြစ်ကန့်သတ်ချက်ကို ထောက်ခံကြများက ဗုဒ္ဓဘာသာမြန်မာများ၏ကြီး စိုးလွှမ်းမိုးမှုအား ကာကွယ် ထိန်းသိမ်းလိုခြင်းသာဖြစ်သည်။ သို့ရာတွင် ၄င်းတို့ သတိလွတ်နေသည့် အမှန်တရားမှာ မြန်မာနိုင်ငံသည် ဘာသာ၊လူမျိုး၊ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းပြည်ဖြစ်ပြီး၊ ဘာသာလူမျိုးမခွဲ နိုင်ငံသားတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးမှသာ ဆက်လက် ရှင်သန်ရပ်တည်နိုင်မည့် အချက်ဖြစ်သည်။ ရိုဟင်ဂျာလူဦးရေ ကြီးထွားမှုက ဗုဒ္ဓဘာသာဝင်တို့၏ အခွင့်အရေးများကို ကျိုးပျက်စေလိမ့်မည်ဟူသော အကျိုးမဲ့အဖြေကိုသာ အမြင်ရှိနေကြသည်။ ထို့ကြောင့် မူဝါဒ၏ အကျိုးဆက်အားဖြင့် ဖယ်ကြဉ်မှုနှင့်အကြမ်းဖက်မှုကို တရားဝင်ပြုခွင့်ရသွားခြင်းဖြစ်သည်။ စင်စစ်သော် နိုင်ငံတော်/အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံတော်(စစ်တပ်)ထက် မည်သူမျှပိုပြီး လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိချေ။ ရိုဟင်ဂျာများကို ရှင်းထုတ်ရေးအတွက် သူတို့သည် နိုင်ငံတော်အကျိုး/ ကယ်တင်ခြင်း ခေါင်းစဉ်အောက်မှ အလွန်စက်ဆုပ်ဖွယ်ကောင်းသော ခေါင်းဆောင်ထံ အာဏာပြန်လည် လွှဲပြောင်းရောက်ရှိမည် ကိုလည်းကောင်း၊ မိမိတို့၏ နိုင်ငံရေး သဘောတရား မကြေညက်မှုကိုလည်းကောင်း သတိမထားကြတော့ချေ။
    ဤအတွက်အကောင်းဆုံးဥပမာသည် ၉၆၉ လှုပ်ရှားမှုဖြစ်သည်။ ၄င်းသည် ဗုဒ္ဓဘာသာဝင် တစ်မျိုးတည်း၏ အခွင့်ထူးကို ကာကွယ်စောင့်ရှောက်ရန် သွေးဆွနေသည့် တရားမ၀င် ဗုဒ္ဓဘာသာဝင်အုပ်စုတစ်စုဖြစ်ကာ ကလေးနှစ်ဦးကန့်သတ်ရေးကို အပြင်းအထန် ရပ်တည်နေကြလေ၏။ ယင်းအုပ်စုသည် ရိုဟင်ဂျာလူမျိုး နှင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ မဟုတ်သူ အခြားမွတ်စ်လင်မ်များကို ကွဲပြားအောင် မခွဲခြားတတ်ကြ။ မွတ်စ်လင်မ်တို့၏စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်သပိတ်မှောက်ရန် လှုံ့ဆော်ကြသည့်အပြင် လက်ကမ်းစာစောင်များ၊ ဘာသာရေးအမည်ခံတရားပွဲများ၊ ဒီဗီဒီများ၊ facebook ရေးသားချက်များအပါအ၀င် မွတ်စ်လင်မ် ဆန့်ကျင်ရေးဝါဒဖြန့်မှိုင်းတိုက်လျက်ရှိကြသည်။ ထို့ကြောင့် လက်ရှိကာလ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှာ ဤအုပ်စု၏ သွေးထိုးမီးမွှေးမှုအဖြစ် ပြောဆိုကြခြင်းဖြစ်သည်။
    မြန်မာ့နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအ၀ိုင်းအား ချွေးသိပ်ခြင်းဖြင့် အမြတ်ထုတ်နိုင်မည့် သဘောထားကြီးပြခြင်း နှင့် မွတ်စ်လင်မ် ဆန့်ကျင်ရေး ရပ်တည်ချက် အကြား ချိန်ခွင်လျှာညှိရန် ပြုလုပ်လာကြသည်။
    ပမာဆိုရသော် သမ္မတဦးသိန်းစိန်၏ပြောခွင့်ရပုဂ္ဂိုလ်သည် ယင်းကလေးနှစ်ဦး မူဝါဒသည် နိုင်ငံတော်၏ထုတ်ပြန်ချက် မဟုတ်ကြောင်း ပယ်ချခဲ့သည်။ ကျွန်ုပ်တို့မှဆောင်ရွက်သွားမည် မဟုတ်ဟု သတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံတကာ၏လ က်ခံမှုနှင့်ပူးပေါင်းဆောင်ရွက်မှု အလွန်အမင်း လိုအပ်လျက်ရှိသော အစိုးရသည် အနာဂတ် လူဦးရေ မူဝါဒအား ချမှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အမြန်ဆုံး သုံးသပ်ရပါတော့မည်။ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်သည်လည်း ဤအရေးကို အလေးအနက်ထားကာ သတိဖြင့် “ တကယ်လို့(ဒီမူဝါဒကို) ထုတ်ပြန်ခဲ့တာမှန်ယင် ဒါဟာ ဥပဒေကိုဆန့်ကျင်နေတာပါဘဲ ” ဟု ထိန်းသိမ်းပြောဆိုသွားခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ လူနည်းစု အခွင့်အရေးများအား ကာကွယ်မှုမရှိခဲ့သည့်အတွက် ဝေဖန်ခံနေရသည်။
    ရပ်တည်ချက်အသီးသီး နောက်ကွယ်မှ နိုင်ငံရေး သို့မဟုတ် ကိုယ်ကျင့်တရားအတွေးအမြင်များက အဓိက မကျပါ။ အရေးကြီးသည်မှာ အစိုးရအာဏာပိုင်အဆင့်တိုင်းက မိမိ၏နိုင်ငံသားတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ တန်းတူ အခွင့်အရေးရရှိအောင် ခိုင်မာပြတ်သားစွာ ကာကွယ်သွားရန်ဖြစ်သည်။
    နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုထောက်ခံလာရန် လိုအပ်နေသည်။ လူနည်းစုမွတ်စ်လင်မ် အုပ်စုတစ်စုအပေါ် ကလေးနှစ်ဦးသာယူရန် အဓမ္မပြဋ္ဌာန်းခြင်းသည် ခွဲခြားနှိမ့်ချဆက်ဆံမှု၊ ၄င်းပြင် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောဆိုသည်။ “ တစ်ဖက်သတ်ချိုးနှိမ်ကန့်သတ်သည့် မျိုးဆက်ပွားမူဝါဒ ” အား မည်သည့်နည်းနှင့်မျှလက်မခံနိုင်ကြောင်း အမေရိကန်မှလည်း ထုတ်ဖော်အသိပေးလိုက်သည်။
    အာဏာရပြုပြင်ပြောင်းလဲရေးအုပ်စု နှင့် အတိုက်အခံအုပ်စုများ နှစ်ဖက်စလုံး နှလုံးသွင်းအပ်သည်မှာ ဒီမိုကရေစီနည်းစဉ်၌ ပါဝင်သော ဒီမို ၏ အဓိပ္ပာယ် သတ်မှတ်ချက်သည် နိုင်ငံသားဝါဒဖြင့်နိုင်ငံတော်ကိုတည်ဆောက်သူများ ဟူ၍ ဖြစ်ပါသည်။ ဒီမိုကရေစီ၏ အဓိကအခြေခံအချက်သည် အမျိုးသားလုံခြုံရေး ဟူသည့် အကြောင်းအရာနှင့် လားလားမျှ မသက်ဆိုင်ပါ။
    မည်သည့် ဒီမိုကရေစီအပြောင်းအလဲကာလအတွက်ဖြစ်စေ နိုင်ငံတော်အစိုးရအနေနှင့် အရေးအပါဆုံး ဖွင့်ဆိုဖော်ပြရမည့် မေးခွန်းကြီးနှစ်ရပ်ရှိနေပေသည်။
    ၁။ မည်သူတို့သည် နိုင်ငံတော်၏နိုင်ငံသားများ ဖြစ်ကြသနည်း၊ နိုင်ငံသား ဥပဒေအား မည်သို့သတ်မှတ်ကြမည်နည်း ?
    ၂။ ဤမေးခွန်းများအား သမမျှတအောင်ဆောင်ရွက်ခြင်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏အကူးအပြောင်းကြားကာလအား သမိုင်းက မည်သို့ ဆုံးဖြတ်ပြောင်းလဲပေးလိုက်မည်နည်း ?
    ** Foreignpolicy တွင် မင်းဇင် ရေးသားသည့် National security is no excuse for bad behavior (in Burma)  ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • ၈၈မျိုးဆက် ခေါင်းဆောင် ၈ ယောက်ရဲ့ ၈ ရက်ကြာ အင်္ဂလန်ခရီးစဉ် စတင်
    ဇွန်-၁၈ ၊၂၀၁၃
    M-Media
    ၈၈မျိုးဆက် ပွင်လင်းအဖွဲ့အစည်းမှ ခေါင်းဆောင် ၈ ယောက်ရဲ့ ၈ ရက်ကြာ အင်္ဂလန်ခရီးစဉ် စတင်၊ လန်ဒန် ဟီးသရိုး လေဆိပ်ကိုရောက်ရှိ
    88_Eng
    ၈၈မျိုးဆက်ပွင့်လင်းအဖွဲ့ အစည်းမှ ခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်၊ကိုမင်းဇေယျာ၊ ကို ကိုကိုကြီး၊ကိုဌေးကြွယ်၊ ကိုမြအေး၊ကိုမာကီ၊မနီလာသိန်း နှင့် မမီးမီးတို့ ၈ဦးပါဝင်သော အဖွဲ့သည် ဗြိတိန်အစိုးရ ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ ယူကေနိုင်ငံသို့ ဇွန်လ၁၈ရက်နေ့ လန်ဒန် စံတော်ချိန် နံနက် ၇း၁၅ နာရီ မှာ လန်ဒန်မြို့ ရှိ ဟီးသရိုး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် လာကြပြီ ဖြစ်ပါတယ်။
    ဇွန်လ၁၈ရက် နေ့ မှ ၂၅ ရက်ထိ ၈ရက်ကြာ ခရီးစဉ်အတွင်း ၈၈မျိုးဆက်ခေါင်းဆောင်များဟာ Northern Ireland ဒေသသို့ လေ့လာရေး ခရီးစဉ်နှင့် ၂၂ ရက်နေ့တွင် ယူကေရောက် မြန်မာတိုင်းရင်းသားများ၊ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ အစီအစဉ်တို့ပါဝင်ကြောင်းလည်း သိရှိရပါတယ်။
    ဓါတ်ပုံများကြည့်ရန် ==>