News @ M-Media

Blog

  • တောင်အာရှနှင့် အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ ခေါင်းဆောင် ဆွေးနွေးနှီးနှော ဖလှယ်ပွဲကျင်းပ

    ဇွန်လ ၂၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    အရှေ့တောင် အာရှနှင့် အာရှတောင်ပိုင်းဒေသမှ ဗုဒ္ဓဘာသာနှင့် မွတ်စလင်တို့၏ ဆက်ဆံမှုအား မျက်မှောက်ကာလ အဖြစ်အပျက်များနှင့် နှိုင်းယှဉ် လေ့လာခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးနှီးနှောဖလှယ်ပွဲ ပြုလုပ်
    ဘန်ကောက် ။              ။    “Contemporary Issues in Buddhist – Muslim Relations in South and South East Asia” (အရှေ့တောင် အာရှနှင့် အာရှတောင်ပိုင်းဒေသမှ ဗုဒ္ဓဘာသာနှင့် မွတ်စလင်တို့၏ ဆက်ဆံမှုအား မျက်မှောက်ကာလ အဖြစ်အပျက်များနှင့် နှိုင်းယှဉ် လေ့လာခြင်း) ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Rissho Kosei- Kai; Bangkok Dharma Centre တွင် ဇွန်လ ၁၅- ၁၇ ရက်နေ့ထိ နံနက် (၈)နာရီမှ ညနေ (၆)နာရီထိ ဆွေးနွေးနှီးနှော ဖလှယ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    stories-report-buddhistmuslim
    အဆိုပါ ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာသူများမှာ မြန်မာပြည်မှ ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ရတနာမေတ္တာ ဗုဒ္ဓဘာသာအဖွဲ့၏ ဥက္ကဌ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ဥက္ကဌ ဦးမြင့်ဆွေ နှင့် သီရိလင်္ကာ နိုင်ငံ၊ မလေးရှား နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဒေသတွင်းက မဟုတ်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    အဆိုပါ ဆွေးနွေးပွဲသို့  မြန်မာပြည်မှ ကိုယ်စားလှယ် တစ်ဦး အဖြစ် တက်ရောက်ဆွေးနွေးခဲ့သော မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ အစ္စလာမ့်ဓမ္မ ဗိမာန် ဦးဆောင်ဆော်သြရေးမှူး ဆရာဦးအေးလွင် အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “ဇွန်လ ၁၅-ရက်နေ့ ကနေ ၁၇-ရက်နေ့ထိ ဘန်ကောက်မှ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်များရဲ့လတ်တလော ဖြစ်ပေါ်နေတဲ့ အရေးကိစ္စရပ်များကို ဆွေးနွေးဖို့ ကိစ္စရပ်လေး တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ပူးတွဲ ကျင်းပတဲ့ အဖွဲ့က သုံးဖွဲ့ပါ။ (၁) ထိုင်းအခြေစိုက် ဗုဒ္ဓဘာသာဝင်များ၏ အပြည်ပြည်ဆိုင်ရာ ကွန်ရက်၊ (၂) မလေးရှား အခြေစိုက် တရားမျှတသည့် ကမ္ဘာကြီးဖြစ်စေဖို့ အတွက် အပြည်ပြည် ဆိုင်ရာ လှုပ်ရှားမှု အဖွဲ့၊ (၃) နယူးယောက် အခြေစိုက် မြန်မာပြည် အပါအ၀င် (၉၁)နိုင်ငံ အဖွဲ့ရှိသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့တို့ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံ အခြေစိုက် သီရိလင်္ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့အစည်းမှ ကြိုဆိုနှုတ်ဆက်ပြီး အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောပါတယ်။ အဲဒီ့နောက် နိုင်ငံအလိုက် လက်တလော ဖြစ်နေတဲ့ အခြေအနေတွေကို တင်ပြကြပါတယ်။”

    “မြန်မာပြည် ကိုယ်စား ဥက္ကဌ ဦးမြင့်ဆွေနဲ့ ဆရာတို့ အဓိက ပြောခဲ့ကြတာက- ‘ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိစ္စသည် ဘာသာနှစ်ခုရဲ့ ထိပ်တိုက်တွေ့မှု မဟုတ်ဘူး။ ဘာသာနှစ်ခုရဲ့ ပဋိပက္ခ မဟုတ်ဘူး။ ဘာသာနှစ်ခုရဲ့ ပဋိပက္ခဖြစ်အောင် ကြိုးပမ်း အားထုတ်မှု ရှိတယ်။ အဲဒါတွေကို ရေရှည် ရေတို စီမံကိန်းတွေချပြီးတော့ မသိနားမလည်ပဲနဲ့ နားယောင်ပြီး ပါသွားတဲ့သူတွေ နားမယောင်အောင် ပညာပေး စည်းရုံးပြီး အဲလို အဖြေရှာဖို့ ကိစ္စရပ်တွေလုပ်နေပါတယ်။ အဲလို အဖြေရှာတဲ့နေရာမှာလည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (မြန်မာ) အနေနဲ့ ဆုတောင်းပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ဘာသာပေါင်းစုံက လူကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးရတာကလည်း အင်မတန် အရေးပါတယ်။

    အဲဒီမှာ ဆရာအနေနဲ့ ဘာတင်ပြခဲ့သလဲဆိုရင်  မေလ ၂၃-ရက်နေ့တုန်းက သွားခဲ့တဲ့ မွတ်စလင် ၉၀ရာခိုင်နှုန်းရှိတဲ့ Kosovo (ကိုဆိုဗို) နိုင်ငံမှာ ဆွေးနွေးခဲ့တဲ့ ဘာသာပေါင်းစုံေ ဆွးနွေးပွဲဆိုတာ တကယ်ပဲ ထိရောက်လား၊ အဓိပ္ပယ် ရှိလား၊ ဘာတွေ လုပ်တာတုန်း၊ အကျိုးနဲ့ အဆိုး သူရဲ့ နည်းပိရိယာယ်တွေ၊ နည်းဗျူဟာတွေ ဘာတွေလဲဆိုတာ ဆွေးနွေးကြတော့ အဲဒီ့ ဆွေးနွေးပွဲရဲ့ ဆောင်ပုဒ်လေးက ဘယ်သူရဲ့ဆောင်ပုဒ်လဲ ဆိုရင် တောင်အာဖရိကက လူမည်း ခေါင်းဆောင် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ခဲ့တဲ့ နယ်လ်ဆင် မင်ဒရဲလား ရဲ့ဆောင်ပုဒ်ပါ။ သူက ဘာပြောလဲဆိုရင် ဒို့တတွေ စကားပြောကြပြီ ဆိုရင် ပြဿနာ ဖြစ်နေတဲ့၊ ပဋိပက္ခ ဖြစ်နေတဲ့ အချိန်မှာ ပဋိပက္ခကို ဖြေရှင်းဖို့ အတွက်ဆိုရင် မိတ်ဆွေတွေ စကားပြောတာထက်၊ ရန်သူကို စကားပြောဖို့ လိုပါတယ်တဲ့။

    ဆရာ အနေနဲ့ ကတော့ ရန်သူ ဆိုတာထက် အထင်အမြင်လွဲနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကား ပြောဖို့လိုတယ်။ အစည်းအဝေးတက်လာတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အစ္စလာမ်အကြောင်း သိတယ်၊ မဟုတ်တမ်း တရား စွပ်စွဲ ပြောဆိုနေတယ် ဆိုတာလည်း သိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်ခင်မင်မင် မိသားစု စိတ်ဓာတ်က ရှိပြီးသား ဆိုတော့ ကြေကြေလည်လည် ပြောနေစရာ မလိုဘူး။ ဘယ်သူကို ပြောရမှာလဲဆိုရင် အထင်အမြင်လွဲနေတဲ့ သူတွေကို ပြောရမှာ ဖြစ်တယ်။ ရိုးရိုးသားသားနဲ့ နားယောင်သွားတဲ့ သူတွေကို ပြောရမှာ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိပ်တိုက် ပဋိပက္ခကို ရှောင်ရှားဖို့၊ သွေးဆောင်ဖြားယောင်တဲ့ သူတွေက မိမိတို့ကို ပဋိပက္ခထဲမှာ ပါဝင်ဖို့ အတွက် သိမ်းသွင်းစည်းရုံးရင်းပဲလဲ နားယောင်ပြီး ပါမသွားအောင်လို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲဆိုတဲ့ အခါကြတော့ အောက်ခြေမှာ ရှိတဲ့ ပြည်သူအထိ ဆင်းမယ်။ ဆင်းပြီး ဟောပြောတာတွေ၊ သင်တန်းပို့ချတာတွေ လုပ်သလို အောက်ခြေ ပြည်သူများရဲ့ ဘ၀ မြှင့်တင်ရေး တွေကို လုပ်မယ်။ ဥပမာ ဆိုရင် အကူအညီ လိုအပ်နေတဲ့၊ ဘေးဖယ်ထားခြင်းခံရတဲ့၊ အရေးတယူ ဆက်ဆံခြင်း မခံရတဲ့ အုပ်စုတွေကို ချည်းကပ်ပြီး သူတို့ရဲ့ ဘ၀ကို တိုက်ရိုက် အထောက်အကူ ပြုမယ့် လူမူရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ဟာတွေကို တနိုင်တပိုင် ထောက်ကူမှုတွေ ပေးရမယ်။ အဲဒီလို လုပ်ပေးရင်းနဲ့ ငြိမ်းချမ်းရေးရဲ့ သတင်းစကားတွေကို ပြောရမယ်။ ငြိမ်းချမ်းရေး သတင်း စကားဆိုတာ ဘာသာအသီးသီးဟာ မေတ္တာတရား ပေါ်မှာ အခြေခံတယ်၊ ငြိမ်းချမ်းရေး ပေါ်မှာ အခြေခံတယ်၊ အဲလို ငြိမ်းချမ်းရေးနဲ့ မေတ္တာ တရားပေါ်မှာ အခြေခံတဲ့ ဘာသာတရားတွေမှာ အခုလို ပဋိပက္ခဆိုတာ မရှိသင့်ဘူး ဆိုတာမျိုးတွေ ပြောပြမယ်။ လူကို လူလို့ပဲ မြင်ပြီး ဒို့တတွေဟာ မိသားစုကြီး တစ်ခုလို နေကြရမယ်ဆိုတဲ့ အသိလေးတွေ တကယ့်လက်တွေ့ရသွားအောင် အဲဒီနည်းနဲ့ လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆွေးနွေးခဲ့ပါတယ် ”

    ဆရာတို့ ဆွေးနွေးခဲ့ကြတဲ့ အထဲမှာ ” ဒီပဋိပက္ခမှာ အကျိုးလိုသော ဖုံးကွယ်ထားတဲ့ အစီအစဉ်တွေ ရှိတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး ဖြစ်မယ်။ အဲလို ကိုယ်ကျိုးရှာ အမြတ်ထုတ်ချင်တဲ့ လူတွေက ဘာသာရေး အသွင်သဏ္ဍာန်ဆောင်ပြီးတော့ ဘာသာရေးက ထိလွယ် ရှလွယ်တယ် ဆိုပြီး ဘာသာရေးနဲ့ မှိုင်းတိုက်ပြီးတော့ အသုံးချတယ်။ နောက်ကွယ်က သူတို့ရဲ့ အကျိုးစီးပွား အတွက်။ အဲဒီ့ လူတွေရဲ့ စနက်ကြောင့် ဖြစ်နေတဲ့ အတွက် အဲဒီလူတွေဟာ ခေတ်ပြောင်း၊ စနစ်ပြောင်းတာကို မလိုလားတဲ့ သူတွေက ဒါကို လုပ်နေတယ် သတိထားရမယ် ဆိုတာကို ဆရာတို့က မီးမှောင်ထိုးပြတယ်။ အဲဒါသည် ဘာသာဝင်များရဲ့ ပဋိပက္ခ မဟုတ်သေးဘူး။ သို့သော်လည်းဘဲ အမုန်းတရားတွေနဲ့ အာဃာတတရားတွေနဲ့ ဘာသာတရားရဲ့ လမ်းကြောင်းကနေ ဟောပြောနေတဲ့ ဟောပြောချက်တွေကလည်း ရှိနေတယ်။ စာပေတွေလည်း ဖြန့်ဝေတောတွေ ရှိနေတယ်။ အဲဒါတွေကို နားယောင်ပြီးတော့ စိတ်တွေဝေနေတဲ့ သူတွေဟာ ဒိလို ပဋိပက္ခထဲမှာ အမှတ်မထင် ပါဝင်လာတတ်တယ်” ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။

    ပထမဆုံး စပြီးဆွေးနွေးတာက ထိုင်းက ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါက်တာ ဆူးလက် ဖြစ်တယ်။ သူက” ဘာသာရေးဟာ အသုံးချခံနေရတယ်။ အထူးသဖြင့် ဗုဒ္ဓသာသနာမှာ ဒီလို အကြမ်းဖက်မှုတွေ မရှိဘူး ” ဟု ထည့်သွင်းပြောကြားဆွေးနွေးခဲ့သည်။

    အဲဒီမှာ သီရိလင်္ကာက ပုဂ္ဂိုလ်ကလည်း ” ကျွန်တော်တို့ဆီမှာလည်း ဒီအတိုင်းပဲ နိုင်ငံရေး အရသော်လည်းကောင်း၊ စီးပွားရေး အရသော်လည်းကောင်း အမြတ်ထုတ်ချင်တဲ့ သူတွေက ဒီလိုလုပ်နေတယ် ” ဟုထည့်သွင်းဆွေးနွေးခဲ့တယ်။

    အင်ဒိုနီးရှားက ပုဂ္ဂိုလ်တွေ ဆွေးနွေးတဲ့ အခါကြတော့ သူတို့နိုင်ငံမှာလည်း တချိန်က အခုလို ဖြစ်ခဲ့တယ်။ ဘာသာပေါင်းစု ချစ်ကြည်ရေး အတွက် ကြိုးစား အားထုတ်နေတယ်။ နောက် သူထပ်ဆွေးနွေးပြောတာက ” ခင်ဗျားတို့ ပြောသလို နိုင်ငံရေး အတွက်ပဲ တိုင်းပြည်ကို နောက်ကြောင်း ပြန်ဆွဲချင်တဲ့ အဲဒီ့လူတွေရဲ့ လုပ်ရပ်တစ်ခုတည်းကြောင့်တင် မဟုတ်ဘူး။ ပြည်သူတွေကပါ နည်းနည်းလေး အစွဲ ဥပဒါန်လေးတွေ ရှိနေတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ သူတို့ ပါလာတာလည်း ဖြစ်နိုင်တယ်ပေါ့ ” ဟု ထည့်သွင်းဆွေးနွေးတော့ ဆရာတို့ကလည်း ပြန်ဆွေးနွေးခဲ့တယ်။

    ” ဟုတ်တယ်၊ အဲဒီလို အမုန်းတရားတွေနဲ့ မှိုင်းတိုက်ထားတဲ့ အတွက်ကြောင့် နားယောင်နေတဲ့ သူတွေရှိတာတော့ မှန်တယ်။ သို့သော် သူတို့က လူများစုတော့ မဟုတ်သေးဘူး။ အချိန်မှီ ဒါတွေကို ကျွန်တော်တို့က ကာကွယ်ရမယ်” ဟု အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

    ဆက်လက်ပြီး မလေးရှားဘက်က အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။ မလေးရှားမှာ ဗုဒ္ဓဘာသာသည် ဒုတိယ အများဆုံး ဘာသာဖြစ်တယ်။ မလေးရှားမှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာဆိုရင် သူတို့ဘာသာကို ဘယ်လို လွတ်လွတ်လပ်လပ် ကိုးကွယ်နေထိုင်ခွင့် ရလဲဆိုတာကို ပါဝါပွိုင့်နဲ့ ဆွေးနွေးပြသခဲ့တယ်။ အဲဒီမှာ ဘုရား၊ ကျောင်းကန် ပုံတွေ အများကြီးပဲ ပြတယ်။ ပြတဲ့ အထဲမှာ ရပ်တော်မူကိုယ်တော်တွေ။ လျောင်းတော်မူ ကိုယ်တော်တွေ၊ စေတီ ပုထိုးပုံတွေ ပြတယ်။ အဲဒီမှာ မြန်မာပြည်က ရှေးအကျဆုံး ပန်းပုပုံလည်းပါတယ်။ အဲဒါတွေ တွေ့တဲ့အခါကြတော့ မလေးရှားလို မွတ်စလင်နိုင်ငံမှာ ဗုဒ္ဓသာသနာဟာ ဒုတိယ လူအများစု ကိုးကွယ်ရာ ဖြစ်တယ်။ သူတို့ ဘယ်လို ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ဘယ်လိုလုပ်ကြလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်” ဟု M-Media သို့ပြောသည်။

    မြန်မာပြည်မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များမှ သီတဂူဆရာတော် နှင့် ဒေါက်တာဇာနည် တို့ နိုင်ငံခြား ခရီးလွန်နေ၍ အဆိုပါ ပွဲသို့ မတက်ရောက်ဖြစ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဆွေးနွေးပွဲမှ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အဖြေရှာမှုများအား အပိုင်း (၂)တွင် ထပ်မံ ဖော်ပြသွားပါမည်။

    Photo Credit-http://www.inebnetwork.org

  • လားရှိုးပဋိပက္ခကဲ့သို့ ဖြစ်လာမည်ကို နမ္မတူဒေသခံများ အထူး စိုးရိမ်

    လားရှိုးပဋိပက္ခကဲ့သို့ ဖြစ်လာမည်ကို နမ္မတူဒေသခံများ အထူး စိုးရိမ်

    သျှမ်းသံတော်ဆင့်
    21.6.2013

    ဘုရားရှိခိုးချိန် လက်အုပ်မချီလိုသည့် ကျောင်းသားတစ်ဦးမှစ၍ သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့အတွင်း လူစု လူဝေး ဖြစ်ပေါ်လာသဖြင့် လားရှိုးကဲ့သို့ ပဋိပက္ခ ဖြစ်လာမည်ကို ဒေသခံများ အထူး စိုးရိမ်နေကြကြောင်း ဆိုပါ သည်။

    “စ-ဖြစ်တာက အမက (၃) ကျောင်းက။ ဒီနေ့ မနက်ပိုင်း ကျောင်းတက်တော့ ဘုရားရှိခိုးကြတယ်။ ဘာသာခြား ကျောင်းသားတယောက်က လက်အုပ်မချီဘူး။ ဆရာမက ဘုရားမကန်တော့ချင်ရင်လည်း လက်အုပ်ချီပေးပါ လို့ ပြောတယ်။ အဲဒီကျောင်းသားက လက်အုပ်ချီရင် ဘာသာပျက်တယ်လို့ ပြန်ပြောတယ်။ ဆရာမက နိုင်ငံတော် က ချထားတဲ့စည်းကမ်းလို့ပြော တော့ကလေးကစိတ်ဆိုးပြီး ကျောင်းခန်းကပြေးထွက်တာတာ။ အဲဒီကနေ စ တော့ တာဘဲ” ဟု နမ္မတူမြို့ခံ စိုင်းဆိုင်က ပြောပါသည်။

    အဆိုပါကျောင်းသား အိမ်ပြန်ရောက်သည်နှင့်မကြာမီ မိဘများနှင့် ၄င်းတို့၏ဘာသာရေး အဖွဲ့ ခေါင်း ဆောင် တို့ ကျောင်းသို့ပြန်ရောက်လာကြောင်း၊ အတန်းပိုင်ဆရာမနှင့်အချီအချ စကားများကြပြီးနောက်ဆုံး ဘာသာ ရေးအဖွဲ့ခေါင်းဆောင်က မိမိဘာသာဝင်ကျောင်းသား လူငယ်များအား အကျပ်မကိုင်ရန် ပြောဆို ရာ မြို့တွင်းမှ လူတစု ကျောင်းသို့ရောက်ရှိလာကြောင်း ၊ လားရှိုးကဲ့သို့ ပဋိပက္ခဖြစ်လာမည်ကိုစိုးရိမ်သဖြင့် တာဝန်ရှိရဲများနှင့်ဒေသခံလူထုတို့က ဗလီ ကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၌ လုံခြုံရေး ယူထားကြ ကြောင်းလည်းဆိုပါသည်။

    “ ဒီနေ့ မြို့ထဲမှာ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဘဲ။ တချို့ဈေးဆိုင်တွေဆို ပိတ်ထားကြပြီ။ မြို့ထဲနဲ့ ဝန်ထမ်းရပ်ကွက်မှာ ဆူညံဆူညံဖြစ်နေပြီ ” ဟု ဈေးသည်တစ်ဦးကလည်း ပြောပါသည်။

    နမ္မတူမြို့ အရှေ့ဘက် ၁၄ မိုင်ခန့်ဝေးကွာသည့် ဘော်တွင်းဘက်မှလည်း လူတစု မြို့ဘက်သို့ တက်လာသဖြင့် ဒေသခံများအနေဖြင့် အထူးစိုးရိမ်မှုရှိနေကြောင်း ဆိုပါသည်။

    လားရှိုးပဋိပက္ခဖြစ်ကတည်းက ဆူပူမှုဖြစ်ပေါ်အောင် ဝါဒဖြန့် ဗီစီဒီခွေ များ ဖြန့်ထားသည် ကိုလည်းတွေ့ရကြောင်း မြို့မိမြို့ဖများက ပြောပါသည်။

    သျှမ်းသံတော်ဆင့်

    http://www.burmese.panglong.org/news/96-2008-08-03-06-49-23/4183-2013-06-21-02-26-52.html

  • လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ) IWHN ညှိနှိုင်းဆွေးပွဲ ပြုလုပ်

    လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ) IWHN ညှိနှိုင်းဆွေးပွဲ ပြုလုပ်

    ဇွန်လ ၂၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ) Islamic Women Humanitarian Network (Myanmar) IWHN ကို မှတ်ပုံတင်ရန် အတည်ပြု ဆွေးနွေးပွဲ တစ်ရပ်ကို ဇွန်လ ၂၀ရက်နေ့က အမှတ် (၁၁၀)၊ ၅၁လမ်း၊ (၁) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၌ နေ့လည် ၂-နာရီမှာ စတင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ –
    (က )  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အစဉ်အမြဲ လိုက်နာဆောင်ရွက်ရန်၊
    ( ခ )  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးများအား အပြည့်အ၀ ဖော်ဆောင်နိုင်ရန်၊
    ( ဂ )  လူမျိုးဘာသာ မခွဲခြားပဲ အချင်းချင်း အပြန်အလှန် ချစ်ခင်ရင်းနှီး နွေးထွေးမှု ရှိစေရန်၊
    (ဃ)  အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက် ခံရခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် အသိပညာများ ဖြန့်ဝေပေးရန်၊
    ( င )  အမျိုးသမီးများအား လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အသိပညာများပေးရန်၊ ဘ၀ ဖွံ့ဖြိုး တိုးတက် မြင့်မား စေရန်နှင့် စိတ်ဓါတ်မြှင့်တင်ပေးရန်၊
    ( စ ) အကြမ်းဖက်ခံခဲ့ရသော အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀အား ပြန်လည်ထူထောင်ပေးရန် ဖြစ်ကြောင်း သိရသည်။

    “ကျွန်မတို့ ကွန်ရက်က အမျိုးသမီးလေးတွေ အတွက် အဓိက ရည်ရွယ်တာပါ။ လူသားချင်း စာနာ ထောက်ထားခြင်းနှင့် လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊  ဘာသာပေါင်းစုံ အပြန်အလှန် ရင်းနှီး ချစ်ခင် လေးစားစွာ အတူယှဉ်တွဲ နေထိုင် သွားနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ရက် (မြန်မာ)မှ ဥက္ကဌ ဒေါ်စိုးစိုးအေးက M-Media သို့ပြောသည်။

    “IWHN ကွန်ရက်က မြန်မာနိုင်ငံ တ၀ှမ်းမှာ ရှိတဲ့ လူမျိုး၊ ဘာသာမရွေး အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကူညီ ဖြေရှင်း ပေးဖို့ အတွက် အဓိက ရည်ရွယ်ဖွဲ့စည်းထားတာပါ” ဟု ဒုဥက္ကဌ ဒေါ်နီလာ ကကွန်ရက် အဖွဲ့ကိုယ်စား M-Media သို့ပြောသည်။

    ယင်းနောက် အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့ဆက်လက် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အဖွဲ့ဝင်များမှ ဆွေးနွေး ညှိနှိုင်း ခဲ့ကြပြီးနောက် ညနေ (၅)နာရီတွင်  ဒုအာ(ဆုတောင်း)ဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။

  • ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခြင်းခံရ

    ဇွန်-၂၀ ၊၂၀၁၃
    M-Media

    Time

    July 1 2013 နေ့စွဲဖြင့် ထုတ်ဝေမည့် ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးပုံ

    Cover Credit: Photograph by Adam Dean / Panos for TIME
    http://www.time.com/time/covers/asia/0,16641,20130701,00.html

  • မြန်မာမွတ်စလင်များ ပညာရေးကို ဦးစားပေးကြရန် မလေးဝန်ကြီးချူပ်ဟောင်း တိုက်တွန်း

    ဇွန် ၁၉၊၂၀၁၃
    M-Media

    ကွာလာလမ်ပူ။           ။ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများသည် ပညာရေးကို အထူးဦးစားပေးကြရန် မလေးရှား ၀န်ကြီးချုပ်ဟောင်း တူးန် အဗ်ဒုလ္လာဟ် အဟ်မဒ် ဘာဒါဝီ မှ တိုက်တွန်းလိုက်သည်။

    IAIS-1
    မလေးရှားဝန်ကြီးချူပ်ဟောင်း ဘာဒါဝီ မိန့်ခွန်းပြောကြားနေစဉ် (Photo-
    Maung Zarni FB)

    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့သည် ၂၁ ရာစု၌ မိမိကိုယ်ကို ပညာရေးဖြင့် စွမ်းရည်မြှင့်တင်ရန် နှင့် လိုအပ်ချက်ဆိုင်ရာ အသိပညာများအား ရှာဖွေရယူကြရန်လိုကြောင်း ၄င်းမှပြောကြားသည်။

    ဗုဒ္ဓဟူးနေ့၊ International Institute of Advanced Islamic Studies (IAIS) ၌ ကျင်းပခဲ့သော ၂၁ ရာစု မြန်မာမွတ်စ်လင်မ်တို့၏ အကြပ်အတည်းဖြေရှင်းရေး International Forum တွင် အဗ်ဒုလ္လာဟ်မှ ယင်းသို့ ကောက်ချက်ချပြောကြားခဲ့ခြင်းဖြစ်သည်။

    ပညာရေးအပြင် အနာဂတ်မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဂုဏ် သိက္ခာကောင်းအတွက် လူငယ်တို့၏ တိုးတက်မှု နှင့် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတို့၏ စီးပွားရေးကိုလည်း ထည့်တွက်စဉ်းစားရန် အလွန်အရေးကြီးကြောင်း၊ သို့သော် ဤအခြေအနေကိုရရှိရန်မှာ အကြမ်းဖက်မှုကို ရှောင်ရှားရမည့်အပြင် မွတ်စ်လင်မ်မဟုတ်သော အသိုင်းအ၀ိုင်းများနှင့် ငြိမ်းချမ်းစွာအတူယဉ်တွဲ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများအကြား တိုးတက်ဖွံ့ဖြိုးပြီးသောအုပ်စုသည် နိမ့်ကျနေသေးသည့်အုပ်စုအား အခွင့်အရေးနှင့်အောင်မြင်မှုအလို့ငှာ လက်ကမ်းကူညီပေးသင့်ကြောင်း  မလေးရှား IAIS ဦးဆောင်ပုဂ္ဂိုလ် အဗ်ဒုလ္လာဟ်က အလေးအနက်ထား ထောက်ပြပြောဆိုခဲ့သည်။

    IAIS Malaysia မှစီစဉ်ဆောင်ရွက်သော ယင်းနေ့တစ်ဝက်တာဖိုရမ်တွင် International Movement for a Just World (JUST) ၏ဥက္ကဌ Dr Chandra Muzaffar လည်း ပါဝင်ပြောဆိုခဲ့သည်။ စီစဉ်သူမှာ IAIS ၏ စီအီးအိုဒုတိယအရာရှိ ပရော်ဖက်ဆာ Dr Mohamed Azam Mohamed Adil ဖြစ်သည်။

    IAIS-2
    ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ ၂၁ ရာစု မြန်မာမွတ်စ်လင်မ်တို့၏ အကြပ်အတည်းဖြေရှင်းရေး International Forum (Photo- Maung Zarni FB)

    မြန်မာနိုင်ငံသည် ပါလီမန်ရွေးကောက်ပွဲများကဲ့သို့ အပြောင်းအလဲများအပြင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလည်း ပြုလုပ်သည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတံခါးကိုလည်း ပိုမိုဖွင့်လှစ်ပေးလာပြီဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ဤအပြောင်းအလဲအထမြောက်အောင် ကြိုးပမ်းရန် တာဝန်ရှိကြောင်း ဒေါက်တာ ချန်ဒရာမှ ဤသို့ပြောဆိုခဲ့သည်။

    “ ဒါပေမယ့် ဒီအပြောင်းအလဲတွေက မြန်မာ့လူ့ဘောင်ထဲမှာ အောက်ခြေအဆင့်အထိ ရောက်နိုင်ချေ မရှိသေးဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရတွေကလည်း မြန်မာပြည်က ရိုဟင်ဂျာ နဲ့ အခြားလူနည်းစုအရေး ပြဿနာအပေါ် ပိုပြီးရှေ့ပြေးဖြစ်မယ့် – တာသွားမယ့်နည်းလမ်းတွေကို အစားထိုးအသုံးပြုတာ ကျွန်တော်တို့မြင်လိုပါတယ်။ ဒီပြဿနာကို ကျွန်တော်တို့ ၀ိုင်းဝန်းဖြေရှင်းကြပါစို့၊ အသင်(မြန်မာပြည်)အဖို့ နိုင်ငံသား၊ အုပ်ချုပ်ရေးစံနစ် ဖြစ်တဲ့ ပြဿနာအရင်းအမြစ်ကိုတော့ မဖြစ်မနေဖြေရှင်းရပါလိမ့်မယ် ဆိုပြီး အာဆီယံအဖွဲ့က ဖွင့်ထုတ်ပြောကြားဖို့ အရေးကြီးပါတယ် ” ။

    သို့တစေ ဒေါက်တာ ချန်ဒရာမှ ဤအရေးအရာမှာ အကြမ်းမဖက်သောငြိမ်းချမ်းရေးနည်းလမ်းများးအားဖြင့်သာ အဖြေရှာသွားနိုင်မည်ဟု အလေးအနက်တင်ပြသွားသည်။

    အာဆီယံ ဟုခေါ်ဆိုသော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ Association of Southeast Nations တွင် ဘရူနိုင်း ဒါရုစ္စလာမ်၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား၊ လာအို(လော)၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်သည်။

    BERNAMA