News @ M-Media

Blog

  • ဆော်ဒီအာရေဗျတွင် အမျိုးသမီးများကို စစ်မှုထမ်းခွင့် စပြု

    ဆော်ဒီအာရေဗျတွင် အမျိုးသမီးများကို စစ်မှုထမ်းခွင့် စပြု

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျစစ်တပ်မှာ အမျိုးသမီးတွေ စတင်အမှုထမ်းခွင့်ရပြီလို့ ပြည်တွင်းမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။

    စစ်တပ်က ရာထူးအစုံမှာ ဝင်ရောက်အမှုထမ်းနိုင်မှာဖြစ်ပြီး အနည်းဆုံး အထက်တန်းအဆင့်ပညာရေး ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေကိုတော့ အမှုထမ်းခွင့်ပြုမှာ မဟုတ်ပါဘူး။

    ရှေးရိုးစွဲဓလေ့ထုံးတမ်းတွေကြောင့် အမျိုးသမီးတွေအပေါ် ကန့်သတ်ထားမှုတွေ ဖယ်ရှားရေး အစီအစဉ်​ကို ဆော်ဒီအစိုးရက ၂၀၁၈ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုခဲ့သလို၊ နိုင်ငံရပ်ခြားသွားရင် အမျိုးသားအုပ်ထိန်းသူတစ်ဦး လိုက်ပါရတဲ့စနစ်ကို ၂၀၁၉ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ပါတယ်။

    အမျိုးသမီးတွေ စစ်မှုထမ်းခွင့်ပေးမယ့် အစီအစဉ်ကိုလည်း ၂၀၁၉ ခုနှစ်မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ နိုင်ငံမှာ ဘက်စုံဖွံ့ဖြိုးအောင် ၂၀၃၀ ပြုပြင်ပြောင်းလဲရေး စီမံကိန်းချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    အဲဒီပြုပြင်ပြောင်းလဲရေး စီမံကိန်းမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးလည်း ပါဝင်ပါတယ်။ လက်ရှိ ဆော်ဒီအစိုးရဟာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးလာသလို နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေကို ပိုမိုခန့်ထားလာပါတယ်။

    Ref: Aljazeera

  • လူ့အခွင့်အရေးနှင့် ပြည်သူ့ဆန္ဒကို လေးစားရန် စစ်ကောင်စီကို ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

    လူ့အခွင့်အရေးနှင့် ပြည်သူ့ဆန္ဒကို လေးစားရန် စစ်ကောင်စီကို ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀၁
    M-Media

    -မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပျက်သုဉ်းတာ၊ ရက်စက်ကြမ်းကြုတ်တာတွေ မြင်လာရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    လူ့အခွင့်အရေးကောင်စီရဲ့ ၄ ပတ်တာကြာမြင့်မယ့် အစည်းအဝေးကို ဂူတာရက်စ်က ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

    “ဖိနှိပ်ညှင်းပမ်းမှုတွေကို ချက်ခြင်းလက်ငင်း ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ဒီနေ့ ကျွန်တော် တိုက်တွန်းပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးပါ။ အကြမ်းဖက်မှုကို အဆုံးသတ်ပါ။ လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲက လူထုဆန္ဒကို လေးစားပါ။ စစ်တပ်က အာဏာသိမ်းမှုဟာ ခေတ်သစ်ကမ္ဘာမှာ နေရာမရှိတော့ပါဘူး” လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပျက်သုဉ်းတာ၊ ရက်ရက်စက်စက် အင်အားသုံးတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ ဖိနှိပ်မှုတွေကို လူသိရှင်ကြား လုပ်ဆောင်တာကို တွေ့လာရတယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။

    “ပြည်သူတွေကို ကန့်သတ်ချုပ်ချယ်တာ၊ တိုက်ခိုက်တာတွေဖြစ်နေတယ်။ လူနည်းစုတွေအပေါ် ဆိုးဆိုးရွားရွားကျူးလွန်တာကိုလည်း အရေးယူမယ့်သူမရှိ ဖြစ်နေပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုလည်း ဒီအထဲမှာပါဝင်ပါတယ်”

    Ref: Reuters

  • ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ရန် စစ်ကောင်စီကို ဥရောပသမဂ္ဂ တိုက်တွန်း

    ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ရန် စစ်ကောင်စီကို ဥရောပသမဂ္ဂ တိုက်တွန်း

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
    M-Media

    -ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရထံ အာဏာပြန်အပ်ဖို့အတွက် ဥရောပသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပြီး၊ အာဏာသိမ်းမှုနဲ့ တိုက်ရိုက်ပတ်သက်တဲ့သူတွေကို ပိတ်ဆို့အရေးယူသွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီနေ့အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့တာပါ။

    “စစ်အာဏာသိမ်းမှုမှာ တိုက်ရိုက်ပါဝင်တဲ့သူတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားရေးကို ပစ်မှတ်ထားပြီး အရေးယူဆောင်ရွက်ဖို့ ဥရောကသမဂ္ဂက အသင့်ရှိနေပါတယ်” လို့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့အတွက်လည်း ဥရောပသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။

    “လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်မှုတွေအတွက် ချက်ခြင်းလက်ငင်း အရေးယူဖို့ လိုအပ်ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှု မြင့်တက်လာတာကို မြင်လာရပါတယ်” လို့​ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ပ် ဘော်ရဲလ်က ပြောပါတယ်။

    ဘော်ရဲလ်ဟာ မန္တလေးမြို့မှာ ဆက်ကျော်သက် လူငယ်တစ်ဦးအပါဝင် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်နှိမ်နှင်းမှုကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    လက်ရှိတင်းမာမှုတွေကို လျှော့ချပြီး အရေးပေါ်အခြေအနေ ကြေငြာထားတာကို ပြန်ရုပ်သိမ်းဖို့၊ လွှတ်တော်ကို ချက်ခြင်း ပြန်လည်ခေါ်ယူဖို့၊ ဥရောပသမဂ္ဂက တိုက်တွန်းခဲ့သလို၊ ပါဝင်ပတ်သက်သူတွေအားလုံး ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ဖြေရှင်းနိုင်ရေး ပံ့ပိုးကူညီသွားမယ်လို့ ဥရောပသမဂ္ဂရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ​မြန်မာပြည်သူတွေကို ပေးအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပြီး၊ လူထုထိခိုက်မယ့် အရေးယူမှုတွေကို ရှောင်ရှားသွားမယ်လို့လည်း ဥရောပသမဂ္ဂက ပြောကြားခဲ့ပါတယ်။

    Ref: Bloomberg

  • အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို မဖြစ်စေရန် မလေးရှားကို နိုင်ငံတကာအသိုင်းအဝိုင်း တိုက်တွန်း

    အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို မဖြစ်စေရန် မလေးရှားကို နိုင်ငံတကာအသိုင်းအဝိုင်း တိုက်တွန်း

    ​ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁
    M-Media

    -မလေးရှားကနေ မြန်မာ​နိုင်ငံကိုပြန်ပို့မယ့် လူတွေထဲမှာ ခိုလှုံခွင့်တောင်းခံထားသူတွေ ပါဝင်နေတာတဲ့အတွက် စိုးရိမ်မိပြီး၊ ဒီလုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်နိုင်သွားနို်င်တယ်လို့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက သတိပေးလိုက်ပါတယ်။

    လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေထဲက မြန်မာနိုင်ငံသား ၁၂၀၀ ကို မလေးရှားက ပြန်ပို့ဖို့ စီစဉ်နေတာပါ။ ရေတပ်သင်္ဘောတစ်စင်း အပါအဝင် မြန်မာနိုင်ငံက သင်္ဘော ၃ စင်းဟာ မလေးရှား လူမွတ်ရေတပ်စခန်းကို မနေ့က ရောက်ရှိလာပါတယ်။

    ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်မပို့ဘူးလို့ မလေးရှားက ကတိပြုထားပါတယ်။ ဒါပေမယ့် ပြန်ပို့မယ့် လူ ၁၂၀၀ စာရင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအေဂျင်စီ UNHCR မှာ မှတ်ပုံတင်ထားသူ အနည်းဆုံး ၆ ဦး ပါဝင်ပါတယ်။

    ဒါ့ကြောင့် မှတ်ပုံမတင်ရသေး​တဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ပါဝင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ ထိန်းသိမ်းရေးစခန်းတွေထဲက လူတွေထဲမှာ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာရသူတွေ ပါဝင်နေလားဆိုတာကို UNHCR က မေးမြန်းလိုပေမယ့် မလေးရှားအစိုးရက ဒီလူတွေနဲ့ UNHCR တာဝန်ရှိသူတွေကို တွေ့ဆုံခွင့်မပေးတာ ၁ နှစ်ရှိ ပြီဖြစ်ပါတယ်။

    အခု ပြန်ပို့မယ့်အထဲမှာ ပါဝင်နေတဲ့ ခိုလှုံခွင့်တောင်းခံထားသူ ၆ ဦးကို မထည့်ပေးဖို့ UNHCR က မလေးရှားအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ ဒီလူတွေထဲမှာ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်ခံရမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ချင်းလူမျိုးတွေနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ပါတယ်။

    “ပြန်ပို့မယ့်လူတွေထဲမှာ UNHCR က ကူညီပေးရမယ့် တစ်ခြားသူတွေများ ပါနေမလားဆိုတဲ့ စိုးရိမ်မှု ရှိပါတယ်” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယန်တီ အစ္စမာအီလ်က ပြောပါတယ်။

    နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသူတွေ မြန်မာနိုင်ငံကို ပြန်ရောက်သွားရင် ထပ်မံဖိနှိပ်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရှိနေတာဖြစ်ပါတယ်။

    အမေရိကန်သံရုံးက UNHCR တာဝန်ရှိသူတွေ ထိန်းသိမ်းရေးစခန်းထဲ ဝင်ရောက်ပြီး တွေ့ဆုံခွင့်ရဖို့ မလေးရှားအာဏာပိုင်တွေကို ပြောထားတယ်လို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    မလေးရှားအစိုးရနဲ့ ကွာလာလမ်ပူ မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဆက်သွယ်လို့မရဘူးလို့ ရိုက်တာက ရေးပါတယ်။ မလေးရှားကိုရောက်နေတဲ့ မြန်မာနိုင်ငံက သင်္ဘောတွေဟာ လူတင်ပြီးရင် အင်္ဂါနေ့ ပြန်ထွက်မှာပါ။

    မလေးရှားအစိုးရရဲ့ လူပြန်ပို့တဲ့ဆောင်ရွက်ချက်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားမှာစိုးတဲ့အတွက် ဒီကိစ္စကို ရပ်ဆိုင်းထားဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ သံတမန်တွေက မလေးအာဏာပိုင်တွေကို ​တိုက်တွန်းထားကြောင်း အမည်မဖော်လိုတဲ့ ရင်းမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တပ်မတော်သတင်းမှန်ပြန်ကြားရေး Page ကို ဘာပြစ်မှုနဲ့ Facebook က ဖယ်ရှားလိုက်တာလဲ

    တပ်မတော်သတင်းမှန်ပြန်ကြားရေး Page ကို ဘာပြစ်မှုနဲ့ Facebook က ဖယ်ရှားလိုက်တာလဲ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့် စာမျက်နှာတစ်ခုဖြစ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး Page ကို ဖယ်ရှားလိုက်တယ်လို့ Facebook က မနေ့မှာ ထုတ်ပြန်ပါတယ်။

    သတင်းမှန်ပြန်ကြားရေးစာမျက်နှာဟာ အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ စည်းကမ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်တဲ့အတွက် အခုလို ဖျက်ချလိုက်တာလို့ Facebook က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့ရဲ့ မူဝါဒတွေနဲ့အညီ တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ဒီစာမျက်နှာဟာ အကြမ်းဖက်အောင် လှုံ့ဆော်မှု၊ စနစ်တကျ ထိခိုက်အောက် ဆောင်ရွက်မှု တားဆီးရေးဆိုင်ရာ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာဖြစ်ပါတယ်”

    ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

    ဖေဖော်ဝါရီ ၂၀ ရက်နေ့က မန္တလေးမှာ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

    Facebook ဟာ ၂၀၁၈ ခုနှစ်တုန်းက အခုအာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်အဖွဲ့စည်းတွေရဲ့ အကောင့် စုစုပေါင်း ၁၉ ခု၊ စစ်တပ်နဲ့ဆက်နွယ်တဲ့ အကောင့်၊ ဝါဒဖြန့်စာမျက်နှာ စုစုပေါင်း တစ်ရာကျော်လောက်ကို ဖယ်ရှားခဲ့ပါတယ်။

    နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင်ကလည်း စစ်တပ်နဲ့ဆက်နွယ်တဲ့ ဝါဒဖြန့်ချီရေး အကောင့်တုနဲ့ ပေ့ချ်အတု စုစုပေါင်း ၇၀ လောက်ကို ဖြုတ်ချခဲ့ပါတယ်။

    Ref: Reuters