News @ M-Media
Blog
  • ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည်
    ဇွန် ၁၇ ၊ ၂၀၁၃
    M-Media
    iram
    ယင်းသို့ပူးပေါင်းဆွေးနွေးဆောင်ရွက်မှုသည် အီရန်နိုင်ငံ၏နျူကလိယအစီအစဉ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိုးရိမ်နေမှုအား သံတမန်နည်းကျအဖြေရှာရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။ အီရန်၏ နျူကလိယ ပရိုဂရမ်မှာ အနုမြူလက်နက်များတည်ဆောက်ရန်ရည်ရွယ်သည်ဟု အနောက်တိုင်းမှ သံသယ၀င်နေသော်လည်း အီရန်ကမူ စွမ်းအင်ထုတ်လုပ်ခြင်းကဲ့သို့သော အကျိုးပြုလုပ်ငန်းများအတွက်သာဖြစ်ကြောင်း အခိုင်အမာပြောကြားလျက်ရှိသည်။
    အီရန်လူထု၏ လိုလားချက်ဆန္ဒကိုလေးစားပါကြောင်း၊ ရွေးကောက်ပွဲ၌ လူထု၏ပါဝင်မှုအား ဂုဏ်ယူပါကြောင်း၊ ပြည်သူ့အသံများထဲမှ ပြည်သူ့သတ္တိကို ကြားသိရပါကြောင်း အိမ်ဖြူတော်မှ ချီးမွှမ်းခဲ့သည်။
    သောကြာနေ့ကကျင်းပခဲ့သည့် မဲပေးပွဲတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မီဒီယာ အင်တာနက် နှင့် သတင်းပို့မှုများ၌ှ ဖြတ်တောက်တည်းဖြတ်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့်စုရုံးခွင့်ကို ကန့်သတ်သည့် လုံခြုံရေးချထားခြင်းများ ရှိခဲ့သည်။ အစိုးရဖက်မှ တားဆီးကန့်သတ်ချက်များ ရှိနေသော်လည်း အီရန်လူထုအနေနှင့် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ရေးသားခြယ်သခွင့် ရရှိခဲ့ကြောင်း အိမ်ဖြူတော်မှ ပြောကြားခဲ့သည်။
    အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌ “ အီရန်အစိုးရမှ အီရန်ပြည်သူလူထု၏ဆန္ဒအား အလေးထားလိမ့်မည်၊ ထို့ပြင် အီရန်လူထု၏အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် တာဝန်ယူလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အီရန်နိုင်ငံ၏နျူကလိယအစီအစဉ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိုးရိမ်နေမှုအား သံတမန်နည်းကျအဖြေရှာရန် ရည်ရွယ်ထားသော တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုလည်း အမေရိကန်မှပြုလုပ်သွားဖို့အသင့်ရှိသည် ” ဟုလည်း ဖော်ပြခဲ့သည်။
    – AFP/fl
  • လူထုရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုအချက်အလက်များကို စင်္ကာပူအစိုးရမှ ထုတ်ပြန်မည်
    ဇွန် ၁၇ ၊ ၂၀၁၃
    M-Media
    ပုဂ္ဂလရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုနိုင်မည့်အချက်အလက်များကို စင်္ကာပူအစိုးရမှ လူထုထံ ပိုမိုထုတ်ပြန်အသိပေးသွားတော့မည်။
    sg
    Singapore’s financial district across the Singapore River (AFP/File/Simin Wang)
    ပြည်တွင်းလုပ်သားဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များဖြင့် အလုပ်ရှင်များအားပံ့ပိုးနိုင်ရန်အတွက် လူ့စွမ်းအားဝန်ကြီးဌာနမှ ၀က်ဘ်ဆိုဒ် အသစ်တစ်ခုကို လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ဥပမာအားဖြင့် ရပ်ဝန်းတစ်ခု၏ အနေအထားပေါ်မူတည်၍ လူထုမှ မည်သည့်ပစ္စည်းအမျိုးအစားကိုဝယ်ယူရန် ဆုံးဖြတ်နိုင်သည့် စံနစ်မျိုးဖြစ်သည်။ ယင်းဝက်ဘ်ဆိုဒ်ကို မြေပုံနှင့်တစ်ကွ တစ်ပြေးညီအသုံးပြုပုံစံဖြင့် တည်ဆောက်ဖော်ပြထားသည်။
    Ref:channelnewsasia
  • ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ
    ဇွန် ၁၇၊ ၂၀၁၃
    M-Media
    သန့်သန့်
    ရန်ကုန် ။         ။     ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ မနေ့က နေ့လည် (၂)နာရီတွင် ကျင်းပခဲ့ပါသည်။
    ယင်းအခမ်းအနားမှာ လွန်ခဲ့သော နှစ်ပေါင်း၂၅-နှစ်က ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုကြီးကို စတင်စေခဲ့သည့် ၁၉၈၈-ခုနှစ်၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။
    ”ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ဒီပွဲလေးလုပ်ဖြစ်တာပါ။  ၈၈၊ ဇွန်လမှာ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့ပါတယ်။ နောက် ဇူလိုင်၊သြဂုတ်မှာ ကျောင်းတွေပိတ်ပြီး ရှစ်လေးလုံးလူထုအုံကြွမှု ဖြစ်ခဲ့တယ်။ လူထုအုံကြွမှုဖြစ်ခဲ့တဲ့အထိ အရေးပါခဲ့တဲ့ ဒီဇွန်ကျောင်းသားလှုပ်ရှားမှုကို နောက်မျိုးဆက်လူငယ်တွေမသိကြတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေလည်း ဒီလှုပ်ရှားမှုကိုသိစေချင်လို့ပါ”ဟု အခမ်းအနား ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    ၁၉၈၈၊ ဇွန် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂-ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပခဲ့ပြီး၊ ယခင်နှစ်က ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်ပြီးမှ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ရက်နီးမှပြုလုပ်နိုင်ကြောင်း၊ ယခုနှစ် ငွေရတုအထိမ်းအမှတ် အခမ်းအနား၌ အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများအနက် ပြည်တွင်းရှိသူများအပြင် ယခုနှစ်တွင် ပြည်ပ၌ရောက်ရှိနေကြသောသူများပါ လာရောက်ကြကြောင်း၊ ယခင်နှစ်ကကဲ့သို့ပင် ကျောင်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်းသိရသည်။
    june 17
  • မြန်မာမွတ်စလင်မ်များ၏ အခက်အခဲများ ဖြေရှင်းရန် အဖြေရှာမည့် အလုပ်ရုံ ဆွေးနွေးပွဲ မလေးရှားတွင် ကျင်းပမည်။
    ဇွန်-၁၇၊ ၂၀၁၃
    M-Media
    International Institute of Advanced Islamic Studies (IAIS) မှဦးစီးပြီး မလေးရှားတွင် “Plight of Muslims in Burma in the 21st century: An initiative for solution & the way forward” ခေါင်းစဉ်ဖြင့် ဖိုရမ် ဆွေးနွေးပွဲပြုလုပ်မည်။
    IAIS
    မလေးရှားနိုင်ငံ International Institute of Advanced Islamic Studies (IAIS) တွင် လာမည့် ဇွန်လ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် “၂၁ ရာစု မြန်မာမွတ်စလင်များ၏ အခက်အခဲများ – ကနဦးအဖြေရှာခြင်းနည်းလမ်းနှင့် လျောက်လှမ်းရမည့်လမ်း” ဟူသော အမည်ဖြင့် ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်းကို IAIS ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။
    အဆိုပါဆွေးနွေးပွဲတွင် မလေးဝန်ကြီးချုပ်ဟောင်း အဟ်မဒ်ဘာဒါဝီမှ အဖွင့်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ အခမ်းအနားမိတ်ဆက်အနေဖြင့် ဖော်ပြထားချက်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    “မြန်မာပြည်ရှိ မွတ်စလင်များမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးပပျောက်ရေး လှုပ်ရှားမှု၊ ဘာသာရေးနှိပ်ကွပ်မှု၊ အဓမ္မမောင်းထုတ်မှုနှင့် ဘိုးဘွားတို့လက်ထက် ကတည်းက နေထိုင်လာသည့်မြေမှ ဆက်လက်နေထိုင်ခွင့် ပိတ်ပင်ခံရမှု စသည်များနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ရာပေါင်းများစွာမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း၊ မွတ်စလင်ထောင်ပေါင်းများစွာမှာလည်း အစွန်းရောက်ဗုဒ္ဓဘာသာများနှင့် စစ်အာဏာပိုင်များ၏ ပြဿနာရှာမှုများကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် ၄င်းတို့၏လုံခြုံရေးမှာ အလွန်အရေးကြီးသည်နှင့်အမျှ ထိရောက်သည့် ပြောဆိုမှုများ၊ လှုပ်ရှားဆောင်ရွက်မှုများသည်လည်း အလွန်လိုအပ်လျက်ရှိကြောင်း” ဖော်ပြထားပါသည်။
    ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များအဖြစ်
    ၁) လူမျိုးရေးအဓိကရုဏ်းများ၊ ခွဲခြားဆက်ဆံမှုများ၊ နေရာရွှေ့ပြောင်းခံရမှုများ၊ အဓမ္မနှင်ထုတ်ခံရမှုများနှင့် မြန်မာမွတ်စလင်များနှင့် စပ်လျဉ်းပြီး လိုက်လျောညီထွေ သဟဇာတဖြစ်ခြင်းကို ဆန့်ကျင်ဘက်ပြုလုပ်နေမှုများ အားလုံးကို ဂရုဓမ္မပြုရန်
    ၂) တိမ်းရှောင်နေရသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်ဆီးပေးရန်။ ၄င်းတို့အား လူမျိုးတုန်းသတ်ဖြတ်မှု၏ ဓားစာခံအဖြစ် ခံရခဲ့ရမှု၊ အရှက်တကွဲအကျိုးနည်းစေဖို့ အတွက် သားကောင်များအဖြစ် ခံစားခဲ့ရမှုများအား ကုစားဖို့အတွက် ကိုယ်ချင်းစာနာစိတ်ဖြင့် ကုစားပေးရန်။
    ၃) မြန်မာအာဏာပိုင်များအား မွတ်စလင်ဆန့်ကျင်လှုပ်ရှားမှုများအတွက် မှားယွင်းစွာကိုင်တွယ်ခြင်းမျိုးမရှိစေရန်အတွက် ထိရောက်သည့် ဖိအားတစ်ရပ်ဖြစ်စေရန်။ မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးနှင့် လူသားဖြစ်ခြင်းအခွင့်အရေးများကို လေးစားလိုက်နာဖို့ ထိရောက်သည့် ဖိအားတစ်ရပ် ဖြစ်ပေါ်လာစေရန်။
    မော်ဒရေတာအဖြစ် တွဲဖက်ပါမောက္ခ ဒေါက်တာ မုဟမ္မဒ် အာဇမ်း မုဟမ္မဒ် အဒီးလ် Deputy CEO, IAIS Malaysia က ဆောင်ရွက်မည်ဖြစ်သည်။
    တက်ရောက် ဆွေးနွေးကြမည့် စပီကာများမှာ အောက်ပါအတိုင်းဖြစ်သည်။
    1. Dr. Chandra Muzaffar, President, International Movement For A Just World (JUST)
    2. Dr. Maung Zarni, Fellow, Department Of History, Faculty Of Arts & Social Sciences, University Of Malaya
    3. Mr. Mohammad Sadek, Program Coordinator, Rohingya Arakanese Refugee Committee (RARC)
    4. Mr. Saw Clo Say, Special Advisor, Burma Muslim Community
    5. Mr. Mohamad Raimi Bin Ab Rahim, Secretary General, Muslim Youth Movement Of Malaysia (ABIM)
    ဖိုရမ်သို့ တက်ရောက်လိုသူများ ဤနေရာတွင် Register လုပ်နိုင်ကြောင်း သိရှိရပါသည်။
  • ရွှေညောင် ၉၆၉ တရားပွဲအပြီး တောင်ကြီးမှာ အော်ဟစ်လှုံ့ဆော်မှုဖြစ်၊ ယနေ့ည ၉၆၉ တရားပွဲ တောင်ကြီးတွင်စမည်။
    ဇွန် ၁၇၊ ၂၀၁၃
    M-Media
    ကျောက်ခဲ
    တောင်ကြီး ။          ။     ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘာသာရေးကိုအခြေခံပြီး ပြဿနာများပေါ်ပေါက်စေရန် လှုံ့ဆော်မှုတစ်ခုကို ပြီးခဲ့သည့် ဇွန်လ ၁၄-ရက်နေ့ ည ၁၀-နာရီခွဲခန့်ခွဲက ဆူပူအော်ဟစ်ပြီး လှုံ့ဆော်သွားကြောင်း သတင်းရရှိသည်။
    4
    ဖြစ်ပွားပုံမှာ ဇွန်လ ၁၃-ရက်နေ့ ရွှေညောင်မြို့ တွင် ကျင်းပသော ၉၆၉ တရားပွဲပြီးနောက် ရွှေညောင်မြို့ နှင့် ၁၂ မိုင်သာကွာဝေးသော တောင်ကြီးမြို့ရှိ တောင်ဗလီ အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ယခု ဇွန်လ ၁၄-ရက်ည ၁၀-နာရီခွဲခန့် တွင် ရမ်းကားသူတစ်စု မှ Super Custom ကားဖြင့် လာရောက် အော်ဟစ်ဆူပူသွားခဲ့သည်။
    အဆိုပါ ရမ်းကားသူတစ်စုမှ ” ငါတို့ က ကိုးခြောက်ကိုး၊ ကိုးခြောက်ကိုးကွ”ဟု  အော်ဟစ်ကာ ခြိမ်းခြောက်သည့်သဘောမျိုးပြုလုပ်ပြီး ဗလီအနီးဝန်းကျင်တွင် ရှိနေသည့် မွတ်စလင်အချို့အားလည်း ဆဲဆိုသွားခဲ့သည်ဟုသိရသည်။ ကားနံပါတ်အား လိုက်လံ မှတ်သားသော်လည်း ညအချိန်အမှောင်ကျနေစဉ်ဖြစ်သောကြောင့် ကားမီးရောင်ကြောင့် ကားနံပါတ်အား မှတ်သားနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်းကို မျက်မြင်များက M Media သို့ ပြောကြားခဲ့သည်။
    တိုင်းရင်းသားပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက “ဒါမျိုး မငြိမ်မသက်ဖြစ်ပေါ်အောင် ဖန်တီးလုပ်ဆောင်နေတာတွေကို ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ တောင်ကြီးမြို့ ဆိုတာ ဟိုးရှေးယခင်ကတည်းက တိုင်းရင်းသားပေါင်းစုံအတူယှဉ်တွဲနေထိုင်လာတာပါ။ ဗိုလ်ချုပ်လက်ထက်ကတည်းက ပင်လုံစာချုပ် ချုပ်ဆိုရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဖေခင်တို့ ၊ နောက် ပါလီမန် ဒီမိုကရေစီခေတ်က တောင်ကြီး မြို့ တော်ဝန်ဦးခန်းတို့ ဆိုတာ နိုင်ငံတော်ကို အကျိုးပြုခဲ့တဲ့ ထင်ရှားတဲ့ အစ္စလာမ်ဘာသာဝင်တွေပါ။ ဒါတွေကိုကျွန်တော်တို့ သိပါတယ်” ဟု M Media သို့ ပြောကြားခဲ့သည်။
    3
    တောင်ကြီးမြို့သည် ၁၈၉၄ တွင် အင်္ဂလိပ်အစိုးရက တည်ထောင်ခဲ့သည်။ စတင်တည်ထောင်ချိန်တွင် စုစုပေါင်းလူဦးရေ ၁၂၄၇ ယောက်ရှိပြီး အိမ်ခြေမှာ ၃၃၆ အိမ်ရှိသည်။ ရှမ်း(၈၅၁)ယောက်၊ ဗမာ(၁၇၅)ယောက်၊ အိန္ဒိယ(၁၈၉)ယောက် နှင့် တရုတ်(၃၂)ယောက်သာရှိခဲ့သည်။ ၁၉၉၈-ခု တွင် တစ်မြို့ လုံးရှိလူဦးရေမှာ ၁၂၆၃၀၀ ယောက်ရှိဟု တောင်ကြီးမြို့ ပထ၀ီဝင်ဌာနမှ မ၀င်းပပသန်း၏ တောင်ကြီးတက္ကသိုလ် သုသေသနစာအုပ်တွင် အတိအလင်းဖော်ပြထားသည်ကို သိရှိရသည်။
    တောင်ကြီးမြို့ တွင် ဇွန်လ   ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်ရှိသည်။ ယင်းတရားပွဲကို ဇွန်လ ၁၇ ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့ ရှိ သိမ်တောင် ပရိယတ္တိစာသင်တိုက်တွင် ည ၇ နာ၇ီတွင်ကျင်းပမည်ဖြစ်သည်။
    wirathu
    ယနေ့ညတွင် ၉၆၉ တရားပွဲ စတင်မည်ဖြစ်ပြီး တောင်ကြီးမြို့ ရှိဗလီများ၌ အစ္စလာမ်ဘာသာဝင်များ ယနေ့ ည ၈ နာရီ ခွဲ နောက်ပိုင်းမှ စ၍ အကြောင်းတစ်စုံတရာမရှိပဲ ပြင်ပသို့ မထွက်ရန် နှင့် မိမိအိမ်များ၌သာ နေထိုင်ကြရန် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးမှ  ယနေ့ နေ့လည် ၀တ်ပြုဆုတောင်းမှု အပြီးတွင် ဆော်သြထုတ်ပြန်ခဲ့သည်
    မကြာခင်လများအတွင်းက မူဆယ်မြို့ တွင် အစွန်းရောက် ၉၆၉ တရားများဟောကြားပြီးနောက် လာရှိုးမြို့ ၌ အစွန်းရောက် ဗုဒ္ဓသာသာများ၏ အကြမ်းဖက်ရမ်းကားမီးရှို့ မှု၊ သတ်ဖြတ်မှုများ ကိုလာရှိုးမြို့ ရှိမွတ်စလင်များ ခံစားခဲ့ရသည်။ ယခုတဖန် ၉၆၉ အစွန်းရောက် တရားခွေများပြန့် နှံ့လျက်ရှိသော ရှမ်းပြည်တောင်ပိုင်းဒေသ များ တွင်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံမွတ်စလင် များက ယင်းကဲ့သို့ အကြမ်းဖက် မှုများဖြစ် လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။
    6
    5