News @ M-Media

Blog

  • အထင်အမြင်လွှဲမှားမှုများအပေါ် မွတ်စ်လင်မ်ပညာရှင်များနှင့် Unity for Peace ၏ ရှင်းလင်းထုတ်ပြန်ချက်

    ဇွန်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    အစ္စလာမ်နှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင်လွဲမှားနေမှုများနှင့်ပတ်သက်၍ Unity for Peace Networks မှ ဦးစီးပြီး မွတ်စလင် ပညာရှင်များမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ဇွန်လ ၁၂-ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ Y.M.C.A ခန်းမမှာ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    2 001 2 002 2 003 2 004

    2 005

  • အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

    ဇွန်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန် ။         ။        ညီညွှတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ကွန်ရက်ပေါင်းစု (Unity For Peace Networks) မှ စီစဉ် ကျင်းပသော အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီထိ ရန်ကုန်မြို့ YMCA ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    P6120200

    သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ Unity For Peace Networks Organizer မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော  ဦးကျော်ဝင်းက ” နှစ်ပေါင်းများစွာ ယုံကြည်သူ လူမျိုးပေါင်းများစွာ ဆည်းကပ်ကိုးကွယ်ခြင်းခံရသည့် အစ္စလာမ်ဘာသာနှင့် ဘာသာဝင်မွတ်စ်လင်မ်တွေအပေါ် အထင်အမြင် လွဲမှားမှုများနှင့် စွပ်စွဲချက်များ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြုံစဖူး၊ နိုင်ငံနဲ့ အ၀ှမ်း ပြန့်ပွားနေရုံမက အစ္စလာမ်ဘာသာရဲ့ သာသနိက အဆောက်အအုံတွေဟာ နိုင်ငံနှင့် အ၀ှမ်း အကြမ်းဖက်တိုက်ခိုက် ခံနေရပါတယ်။ ဘယ်ရှူ့ထောင့်က ကြည့်ကြည့် အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ တိုင်းကျိုးပြည်ပြုလုပ်ရပ်တွေ မဟုတ်ပါ။ တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု လုပ်ရပ်တွေဟာ အထင်မှား၊ အမြင်မှားမှုတွေ၊ အမုန်းတရားတွေကနေ မြစ်ဖျားခံလားခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အထင်အမြင် လွဲမှားမှုတွေကို အစ္စလာမ် သာသနာ့ပညာရှင် အသီးသီးက မိမိတို့ တတ်စွမ်းသရွေ့ တစ်ဦးချင်း ဖြေရှင်းခဲ့၊ ဖြေရှင်းနေဆဲပါ။ တစ်ဦး တစ်ယောက်ချင်း ဖြေရှင်းနေတာထက်စာရင် အဓိကကျတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ပတ်သပ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ အစ္စလာမ်ဘာသာဝင် ပညာရှင်တွေက တညီတညွှတ်တည်း၊ တစ်နေရာတည်း၊ တစ်ချိန်တည်း မီဒီယာတွေရှေ့မှာ ရှင်းလင်းထုတ်ပြန်ပြီး မီဒီယာတွေ အနေနဲ့လည်း ရှင်းလင်းထုတ်ပြန်ချက်ကို အများပြည်သူထံ အရောက် ပို့ပေးနိုင်ရင်ဖြင့် အကြမ်းဖက်မှု ပပျောက်ရေး၊နိုင်ငံသာယာတိုးတက်ရေးအတွက် ပိုအကျိုးရှိနိုင်မယ်လို့ ကျွန်တော်တို့ လူမှုကွန်ရက်တွေက ယုံကြည်တဲ့ အတွက် ဒီသတင်းစာ ရှင်းလင်းပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    P6120100

    ယင်းနောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား မွတ်စ်လင်မ် ပညာရှင်များဖြစ်သော အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် မွဖ်သီ နူးရ် မုဟမ္မဒ် ဦးကိုလေး၊ အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် ဦးတင်မြင့်၊ ဟွတ်ဂ်ျတွလ်အစ္စလာမ် အလ်ဟာဂ်ျ မော်လာနာ အင်နာယသ်ဟူစိန် ဦးခင်မောင်ဦး၊  အလ်ဟာဂ်ျ ခလီဖွှာ ဦးအေးလွင် (M.Sc.,F(1)၊  အလ်ဟာဂ်ျ မွဖ်သီဒေါက်တာမြင့်သိန်း(စာရေးဆရာ ငြိမ်းချမ်းလုလင်)၊  မွဖ်သီအဗွလ်ဟစန် ဦးတင်မြင့်၊ အလ်ဟာဂ်ျ မော်လာနာ အိုမရ်မြင့်နိုင်၊  မွဖ်သီ ကာရီ ဂျလားလ်အဟ်မဒ် ဦးအောင်စိုး (B.A) တို့နှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

    အစ္စလာမ် ဘာသာနှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စ်စလင်မ် ပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစုမှ ရှင်းလင်းကြေညာချက်အား UPN မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုရဲလှမှ ဖတ်ကြားတင်ပြခဲ့သည်။

    ထို့နောက် ဆရာဦးဝင်းငြိမ်းမှ အမှာ စကားပြောကြားရာတွင် ” ဒီကနေ့ ကျင်းပတဲ့ UPN Networks မှ ရှင်းလင်းတင်ပြတဲ့ အစီအစဉ်မှာ ကျွန်တော်က အစ္စလာမ်ဘာသာဝင်တစ်ယောက်၊ စာနယ်ဇင်းတစ်မား တစ်ယောက် အနေနဲ့ ဧည့်သည်အဖြစ် တက်ရောက်လာရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ကြုံရတဲ့ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်တဲ့ နိုင်ငံမှာ မတည်ငြိမ်မှု၊ အေးချမ်းမှု မရှိတဲ့ အခြေအနေကို ကျွန်တော်တို့ ရခိုင်က စပြီး တစတစ မိတ္ထီလာ၊ လာရှိုး၊ ရန်ကုန်တိုင်းမှာ ဆိုရင် အနီးဆုံးနေရာတွေ အထိ ရောက်လာပါပြီ။ ရန်ကုန်မြို့ပေါ်မှာလည်း မကြာခဏဆိုသလို ဟိုနားက အော်သွား၊ ဒီနားက အော်သွားနဲ့ ကျီးလန့်စာစား အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အတွက် ကျီးလန့်စာစား ဖြစ်ရတာပါ။ ဘာကြောင့်လည်း ဆိုတော့ ဒီနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်များက လူနည်းစုတွေ ဖြစ်ပြီးတော့ ဗုဒ္ဓဘာသာဝင်များက လူများစု ဖြစ်ပါတယ်။ မိတ္ထီလာမှာ ဖြစ်တဲ့ ညက ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင် တော်တော်များများ တစ်ညလုံး မအိပ်နိုင်ကြပဲနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေနဲ့ သက်ဆိုင်ရာများကို တဆင့် အကြောင်းကြားပေးကြပါတယ်။ တတ်နိုင်သလောက် နှုတ်၏ စောင်မခြင်းနဲ့ လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က နှုတ်၏ စောင်မခြင်းနဲ့ပဲ တတ်နိုင်ပါတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာကို အတိအကျ ပြောနိုင်ပေမယ့်လို့ လက်၏ စောင်မခြင်းနဲ့ မလုပ်နိုင်ခဲ့ကြပါဘူး။ အင်မတန် ၀မ်းနည်း ကြေကွဲရပါတယ်။ မိဘမဲ့ ကလေးကျောင်းကို မီးတင်ရှို့နေပြီဆိုတာ သိတဲ့အချိန်မှာ ဆရာဦးအေးလွင်ဆီကို ကျွန်တော်အင်မတန် စိတ်ထိခိုက်စွာနဲ့ အကြောင်းကြားခဲ့ပါတယ်။ ဆရာကလည်း ဆက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေးပါတယ်။ စိတ်မပူပါနဲ့ ၊ တပ်က ထိန်းသိမ်းထားပါတယ် ဟု အဲလိုပဲ အကြောင်းပြန်ပါတယ်။ တကယ်တကယ့် ကြတော့ မိဘမဲ့ကျောင်းမှာ ရှိတဲ့ ကလေးတွေဟာ အများကြီး သေကြေပျက်ဆီးကြပြီးတော့ အချို့လည်း အခုထက်ထိ ပျောက်ဆုံးနေဆဲပါ။ အင်မတန် ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်တွေပါ။ အခုလည်း ဒုက္ခသည် စခန်းတွေမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အများကြီး ရှိနေပါသေးတယ်။ အိမ်ပြန်ခွင့် မရပါဘူး။ တည်ငြိမ်မှုကို အကြောင်းပြပြီးတော့ ထိန်းသိမ်းထားသလို ရှိနေပါတယ်။
    P6120194
    ဂျာနယ်အချို့နဲ့ သတင်းစာ အပါအ၀င် မီဒီယာတွေက အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သပ်ပြီး အင်မတန် လွဲမှားတဲ့ အယူအဆတွေနဲ့ တိုက်ခိုက်နေတာကို အများကြီး ကြုံရပါတယ်။ အဲဒီတော့ ဒီနေ့မှာ ကျွန်တော် မီဒီယာ သမား တစ်ယောက်အနေနဲ့ တက်ရောက်လာတဲ့ မီဒီယာက ပုဂ္ဂိုလ် များကို အထူးမေတ္တာရပ်ခံချင်တာကတော့ ဒီသတင်းစာ ရှင်းလင်းပွဲဟာ သာမာန်သတင်းစာ ရှင်းလင်းပွဲနဲ့ မတူပါဘူး။ တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူ ပြုမယ့် ရှင်းလင်းပွဲ တစ်ရပ်ဖြစ်ပါတယ်။ ရှင်းလင်းပွဲတွေနဲ့ ပတ်သက်ပြီး ရှေ့က ပုဂ္ဂိုလ်က တစ်ချက်ခြင်း ရှင်းလင်းတင်ပြခဲ့တဲ့ (၁၀)ချက်ကို ပြန်ပြီးတော့ ကိုယ်ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာမှာ ပြန်ပြီးတော့ တင်ပြတဲ့ အခါမှာ တိတိကျကျလေးတင်ပြပေးပါလို့ UNP ကိုယ်စား၊ မီဒီယာ သမား တစ်ယောက်ကိုယ်စား၊ အစ္စလာမ် ဘာသာဝင်တစ်ယောက် ကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါတယ်။ တိတိကျကျ မရေးလို့ ကိုယ်လိုချင်တာကို ဖြတ်တောက်ပြီးတော့ ထည့်လိုက်မယ် ဆိုလို့ရှိရင် ဒီနေ့ တည်ငြိမ်အေးချမ်းစေချင်လို့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ မတည်ငြိမ်အောင် ဖန်တီးသလို ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အထူးမေတ္တာရပ်ခံပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် မီဒီယာများမှ မေးမြန်းချက်များကို အထက်ပါ ဆရာများမှ ပြန်လည် ဖြေကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
    News Watch သတင်းဂျာနယ်မှ သတင်းထောက် ကိုမင်းဗညားက ” ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှာ မွတ်စ်လင်မ်များက ထိပ်တိုက်တွေ့၍ ဖြစ်ရကြောင်း၊ မွတ်စ်လင်မ်များကစ၍ ဗုဒ္ဓဘာသာများက ပြန်ခုခံခြင်းဖြစ်ကြောင်း၊ အစ္စလာမ် ခေါင်းဆောင်များ အနေဖြင့် အောက်ခြေအထိ ဆင်း၍ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် စည်းရုံးသိမ်းသွင်းရန် အစီအစဉ်ရှိလား မေးခွန်းကို အလ်ဟာဂ်ျခလီဖွှာ ဦးအေးလွင်က ယခုကဲ့သို့ ဖြေကြားခဲ့သည်။
    ” အစ္စလာမ်ဘာသာဝင်များ အားလုံး ကိုယ်စား ဖြေကြားခြင်းဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွင် လူဟူသည်ရှိနေသရွေ့လူမှု ဆက်ဆံရေးအရ အမှားအယွင်းရှိကြောင်း၊ လူမှုပြဿနာကို ဘာသာရေး ခေါင်းစဉ်တပ်၍ မရကြောင်း၊ လောကရှိ လူများတွင် ကောင်းသူရှိသလို ဆိုးသူလည်းရှိကြောင်း၊ ဘာသာတရား အသီးသီးကလည်း အကောင်းကိုသာ ညွှန်ပြထားကြောင်း၊ ဘာသာတရား မည်မျှပင် ကောင်းစေကာမူ မပြုကျင့်သူများရှိကြောင်း၊ မကောင်းမှု ပြုသူသည် ဘာသာတရားကို ကိုယ်စားမပြုကြောင်း၊ မကောင်းမှု ကျူးလွန်သူ မည်သူ့ကို မဆို ရှုံ့ချပြီး ဥပဒေအရ အရေးယူရမည် ဖြစ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာကို ခေါင်းစဉ်တပ်၍ ပြောခြင်းသည် ရိုးသားမှု မရှိကြောင်း၊ အပြစ်ကျူးလွန်သူကိုသာ ပြောသင့်ကြောင်း” ဟူ၍ ဖြေကြားခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ မီဒီယာ (၄၂)ခုမှ  လူဦးရေ (၆၀)ယောက်ခန့်၊ ဧည်သည့်တော် (၁၆၅)ယောက် စုစုပေါင်း ၂၂၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ဓါတ်ပုံများကြည့်ရန်။

     

  • Pray For Myanmar မှ စီစဉ်တဲ့ “ဘာသာတရားများ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ”

    ဇွန် ၁၂၊ ၂၀၁၃
    M-Media
    မောင်ပုည

    Pray For Myanmar လူငယ်ကွန်ရက်မှ ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေးဓလေ့ စရိုက်များ လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲအား အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဆောက်အဦးများတွင် တစ်လှည့်စီ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

    1

    ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဗလီဝတ်ကျောင်းတော်တွင် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ အောက်ပါ အခမ်းအနား အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အခမ်းအနားအစီအစဉ်
    ၉း၀၀ – ၉း၃၀ ( ဗလီအတွင်းလေ့လာခြင်းနှင့် ဘာသာရေးစာပေများ လေ့လာခြင်း )
    ၉း၃၀ – ၁၀း၃၀ ( အစ္စလမ်နှင့် ငြိမ်းချမ်းခြင်း ခေါင်းစဉ်ဖြင့် ဟောပြောခြင်း)
    ၁၀း၃၀ – ၁၁း၃၀ ( တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း)
    ၁၁း၃၀ – ၁၂း၀၀ ( ကျွေးမွေးဧည့်ခံခြင်း )

    ဘာသာရေးဓလေ့ စရိုက်များ လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ အစီအစဉ်ကို မည်သည့် ဘာသာဝင်မဆို တက်ရောက်နိုင်ပါကြောင်း ကို Pray For Myanmar ၏ တရားဝင် FB စာမျက်နှာတွင် ကြေညာထားတာကို တွေ့ရှိရပါသည်။

    Pray For Myanmar Youth Network အဖွဲ့အစည်းတွင်ဘာသာပေါင်းစုံ၊ လူမှုအဖွဲ့အစည်း ပေါင်းစုံတို့မှလူငယ်များပါဝင်ပြီး မတ်လ ၂၈ ရက်နေ့က YMCA တွင်ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ငြိမ်းချမ်းရေး လှုပ်ရှားမှုအနေဖြင့်စတင်ပြုလုပ်ခဲ့၍ “ကျွန်ုပ်ကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” စာတန်းပါတီရှပ်များ၊ စတေကာများ“ဘာသာလူမျိုးမခွဲခြားမြန်မာနိုင်ငံသား” ဟူသောလက်ကမ်း ပိုစတာများကို အခမဲ့ ဖြန့်ဝေသည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့နှင့် နယ်မြို့များတွင်ပါ စတင်ဆောင်ရွက်ခဲ့သည့် အဖွဲဖြစ်သည်။

  • ဗြိတိသျှ ဆယ်ကျော်သက် ၄ ယောက်အား အစ္စလာမ် ဘာသာရေးကျောင်း မီးရှို့မှုဖြင့် ဖမ်းဆီး

    ဇွန် ၁၂ ၊ ၂၀၁၃
    M-Media

    UK_school_fire_295

    လန်ဒန်။    ။လွန်ခဲ့သော ရက်သတ္တပတ်အကုန်က လန်ဒန်မြို့ဆင်ခြေဖုံးရှိ အစ္စလာမ်ဘာသာရေးကျောင်းဆောင်မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သည့်သံသယဖြစ်ဖွယ် ဗြိတိန်နိုင်ငံသား ဆယ်ကျော်သက် ၄ ဦးအား ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း ရဲဌာနမှ ပြောကြားခဲ့သည်။

    ဗြိတိန်နိုင်ငံအတွင်း လူ့အဖွဲ့အစည်းများအကြား အခြေအနေတင်းမာနေခိုက်၊ ချီစလီဟတ်စ် (Chislehurst) အရပ်ရှိ ဒါရုလ် အူလူမ်း (Darul Uloom) အစ္စလာမ်ဘာသာရေးကျောင်း၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

    မီးလောင်ကျွမ်းနေစဉ်က ကျောင်းအတွင်း၌ လူအယောက် ၁၃၀ ရှိနေကာ၊ ကယ်ဆယ်ခဲ့သူများအနက် ၂ ယောက်သည် မီးခိုး အဆိပ်သင့်၍ ဆေးကုသမှုပေးခဲ့ရကြောင်း ရဲများက ဆိုသည်။

    မီးရှို့မှုဖြင့် သံသယရှိသူ ၁၇ နှစ်အရွယ် နှင့် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးစီကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊  ရဲများသည် မကြာသေးမီရက်များအတွင်း အစ္စလာမ့်ရပ်ဝန်း၏နေရာနှစ်ခုတွင် ဖြစ်ပွားသွားသည့် သံသယဖြစ်ဖွယ်မီးလောင်ကျွမ်းမှုများကိုလည်း စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရဲမင်းကြီး ဘားနဒ် ဟိုဂမ်ဟောဝီ (Bernard Hogan-Howe) က ပြောကြားခဲ့သည်။

    “ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ အန္တရာယ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမယ့် သိကြတဲ့အတိုင်း မီးဆိုတာ  လူ့အသက်ကို ဆုံးရှုံးစေတတ်ပါတယ်။ ရဲဌာနကနေ လန်ဒန်မြို့တစ်ခွင်  ပြဿနာဖြစ်ပွားနိုင်တဲ့ အစ္စလာမ်နဲ့သက်ဆိုင်တဲ့နေရာတွေမှာ ရဲအရာရှိတွေ၊ ပတ္တရောင်တွေကို ပိုမိုတိုးမြင့် ချထားပါတယ်  ” ဟု သူကပြောပြသည်။

    လွန်ခဲ့သည့်လက  ဗြိတိန်စစ်သားတစ်ဦး တာဝန်ချိန်ပြင်ပတွင် အသတ်ခံခဲ့ရပြီးနောက်ပိုင်း၊ အစ္စလာမ့် ဆန့်ကျင်ရေး တိုက်ခိုက်မှုများ တိုးမြင့်ဖြစ်ပေါ်လာခဲ့သည်။ ပြစ်မှုကျူးလွန်လွန်သူ အမျိုးသားနှစ်ဦးကိုလည်း လူသတ်မှုဖြင့် အရေးယူထားပြီးဖြစ်သည်။

  • အမေရိကန်တွင် ဖုန်းကြားဖြတ်ထောက်လှမ်းရေးများ ဆောင်ရွက်ခဲ့သည့် အိုဘားမားအစိုးရအဖွဲ့မှ NSA တရားစွဲခံရ

    M-Media
    ဇွန်လ ၁၂ ရက်၊ ၂၀၁၃

    NSA
    သမ္မတအိုဘားမားရဲ့ အမျိုးသားလုံးခြုံရေးအေဂျင်စီ (National Security Agency – NSA) အဆောက်အဦ

    အမေရိကန်နိုင်ငံ Civil Liberties Union က သမ္မတအိုဘားမားရဲ့ အမျိုးသားလုံးခြုံရေးအေဂျင်စီ (National Security Agency – NSA) မှာ ပါဝင်တဲ့ အဓိကပုဂ္ဂိုလ်များကို အင်္ဂါနေ့က တရားစွဲလိုက်ပြီဖြစ်တယ် လို့ လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းတစ်ရပ်က ဖော်ပြပါတယ်။

    တရားစွဲဆိုရခြင်းအကြောင်းရင်းကတော့ National Security Agency က တယ်လီဖုန်းဆက်သွယ်မှုတွေမှာ လျှို့ဝှက်စွာ ထောက်လှမ်း စုံစမ်းခဲ့ တာတွေကြောင့်လို့ သိရပါတယ်။ ဒါဟာဆိုရင် အိုဘားမားအစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းရေးစနစ်ကို ပထမဆုံး တရားဝင်စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

    နယူးယောက်မြို့က US District တရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး NSA ရဲ့ တယ်လီဖုန်းဆက်သွယ်မှုတွေမှာ ထောက်လှမ်းစုံစမ်းနေတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။

    “ဒီလို ထောက်ချောက်ဆင်တဲ့ အစီအစဉ်ကတော့ ဒီမိုကရေစီအစိုးရ တစ်ရပ်က သူ့နိုင်ငံသားတွေ ဆန့်ကျင်ပြီးတော့၊ လျှို့ဝှက်ထောက်လှမ်းတဲ့ အကြီးကျယ်ဆုံး အားထုတ်ကြိုးပမ်းမှုတစ်ရပ် မလွဲမသွေဖြစ်နေတယ်။ ဒါဟာဆိုရင် အမေရိကန်နိုင်ငံသားတွေသည် သူတို့နေ့စဉ် သွားရောက် လည်ပတ် နေတဲ့ ကိစ္စရပ်တွေ၊ ဖုန်းပြောဆိုမှုတွေ၊ ဘယ်အချိန်မဆို ဖုန်းကနေ စကားပြောဆို တာတွေ၊ ဖုန်းခေါ်ဆိုမှုက ဘယ်လောက်ကြာမြင့်ခဲ့ သလဲဆိုတာတွေ အားလုံးကို အစိုးရဆီမှာ မှတ်တမ်းတင်နေတာနဲ့ တူတူပါပဲ။ ” ဟု Civil Liberties Union မှ လက်ထောက်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဂျမီးလ် ဂျက်ဖာက ဆိုပါတယ်။

    Verizon ဖုန်းကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဖုန်းထောက်လှမ်းရေးအစီ အစဉ်ကြောင့် အိမ်ဖြူတော်က ပြင်းထန်စွာ ရှုံ့ချဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။