News @ M-Media

Blog

  • အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ Unity for Peace Networks မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

    ဇွန် ၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။          ။        အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားနေမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယခု ဇွန်လ ၁၂-ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ Y.M.C.A ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    press media

    ယင်းသတင်းစာရှင်းလင်းပွဲတွင် အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင်မ်ပညာရှင်များက ရှင်းလင်းဖြေကြားမည်ဖြစ်ကြောင်းနှင့် ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် လူမှုရေးကွန်ရက် အတော်များများ စုပေါင်းထားသည့် Unity for Peace Networks မှ ပြုလုပ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲသည် မီဒီယာ၊ စာနယ်ဇင်းများနှင့်သာ ပြုလုပ်မည်ဖြစ်သောကြောင့် မီဒီယာအများစုကို ဖိတ်ကြားထားပြီးဖြစ်သော်လည်း ဖိတ်စာမရရှိသေးသော မီဒီယာများအနေနှင့်လည်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နိုင်ကြောင်းကို Unity for Peace Networks မှ ပြောပြလာပါတယ်။

  • MMSY Foundation မှ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲ ဆုပေးပွဲကျင်းပ

    ဇွန် ၉၊ ၂၀၁၃
    M-Media
    သုတ

    ရန်ကုန် ။         ။        ၂၀၁၃-ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အဖြစ် ဓါတ်ပုံပြိုင်ပွဲတစ်ရပ်ကို MMSY Foundation က ပြုလုပ်ခဲ့ရာ ယနေ့ နေ့လည်ပိုင်းတွင် ဆုပေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    P6090091

    ယခုကဲ့သို့ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အဖြစ် ဓါတ်ပုံပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ လူငယ်များအနေဖြင့် ခေတ်နှင့်တပြေးညီ အားလုံးတန်းတူ ရင်ဘောင်တန်း ပါဝင်နိုင်စေရန်၊ ဓါတ်ပုံပညာရပ်အား စိတ်ဝင်စားသော လူငယ်များအနေဖြင့် ဓါတ်ပုံပညာရပ်တွင် ပိုမိုလေ့လာနိုင်စေရန်၊ လူတိုင်း Camera အသုံးပြုနေသော ခေတ်ကာလ အခြေအနေတွင် Camera ကို ပိုမို အကျိုးရှိစွာအသုံးပြုတတ်ပြီး Quality ကောင်းသော ဓါတ်ပုံများ ချိန်ဆ ရိုက်ကူးတတ် လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

    ယခု ၂၀၁၃-ခုနှစ် MMSY Foundation ဓါတ်ပုံပြိုင်ပွဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြိုင်ပွဲဝင် ဓါတ်ပုံပေါင်း ၃၄-ပုံကို လက်ခံရရှိပြီး ဇွန်လ ၂-ရက်နေ့မှ ၈-ရက်နေ့အထိ ခင်းကျင်းပြသထားခဲ့ပြီး၊ လာရောက်ကြည့်ရှုသူများ၏ အမှတ်ပေးမှုဖြင့် ရွေးချယ်ခဲ့ပြီး၊ ထိုအထဲမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ခေါင်းစဉ်နှင့် ကိုက်ညီသည့် ဓါတ်ပုံများကို ပြန်လည်ရွေးထုတ်ပြီး၊ ဓါတ်ပုံပညာရပ် ကျွမ်းကျင်သူများမှ ပြန်လည်၍ ဆုရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

    ပထမဆုကို ‘ဒီမိုး၊ ဒီရေ၊ ဒီလျှပ်စစ်’ခေါင်းစဉ်ဖြင့် မသရဖီ၊ ဒုတိယဆုကို ‘Think. Eat. Save : Let’s save the world evenviroment by preserving ecosystem-keeping the natural balance of plants, animals and people in our daily lives’ ခေါင်းစဉ်ဖြင့် မမေလဲ့လဲ့အောင်၊ တတိယဆုကို ‘စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များကြောင့် မြစ်၊ ချောင်းများထဲ၌ သွားလာနေသော သင်္ဘောများ တိမ်းမှောက်သည်အထိ အန္တရာယ်ဖြစ်ပွားနိုင်’ဟူသော ခေါင်းစဉ်ဖြင့် မဆောင်းနှင်းဖြူတို့က အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။

    P6090143

    ပထမဆုရရှိခဲ့တဲ့ မသရဖီက “ဒီဓါတ်ပုံလေးက ကိုယ်တွေ့ ခံစားရတာပါ။ အဲဒီနေ့က မေလ (၂၂)ရက်နေ့ပါ။ မိုးတွေက အရမ်းရွာပြီး ရေကူးရတာ။ ရေတွေက ညစ်ပတ်နေတာပဲ။ ဖီလေးက သန်လျင်မှာနေတာပါ။ ဒီနေ့အချိန်ထိ ရေတစ်ခါမှ မကူးရဘူး။ မြို့လယ်ခေါင်ရောက်မှပဲ ရေကူးရတာပါ။ ကိုယ်လိုပဲ ညစ်ညမ်းတဲ့ရေကို ကူးနေသူတွေကို စာနာပြီး တိုက်တစ်တိုက်ပေါ်ကနေ အမှတ်တမဲ့ ရိုက်လိုက်တာ။ ရိုက်ကာမှ အန္တရာယ် လျှပ်စစ်ကြိုးတွေက ကင်မရာထဲဝင်လာပြီး သေသေချာချာ zoom ဆွဲပြီး ရိုက်လိုက်တာပါ။ နောင်လိုအပ်လာရင်လည်း သုံးလို့ရအောင်လို့ပါ။ ဖီလေးသူငယ်ချင်းကလည်း မှာဘူးတယ်။ ဓါတ်ပုံကို အားနေရိုက်နေတဲ့။ တစ်ချိန်လိုအပ်လာမယ်တဲ့။ အခုတော့ ဒီပုံလေးကို ပြိုင်ပွဲဝင်လိုက်တာ ဆုရတော့ ပျော်ပါတယ်။”ဟု သူ၏ ခံစားချက်ကို ပြောပြလာပါတယ်။

  • သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်မည်။

    ဇွန် ၉ ၊ ၂၀၁၃
    M-Media
    မောင်ပုည

    သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်ကို  ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN) မှ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရပါသည်။

    အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက် ၂၀၁၃ (သောကြာနေ့) နေ့လည် ၃ နာရီမှ ညနေ ၅ နာရီ အထိ ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမှန်တရားလိုလားသူများ တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။

    media press
    ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )သည်
    (၁)     ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မှု (Capacity Building)၊ ပညာရေး နှင့် ဘဝနေထိုင်မှု အဆင့်အတန်းမြှင့်တင်ပေးရန်
    (၂)     ပြည်ထောင်စုဖွားအချင်းချင်းချစ်ကြည်ရင်းနှီးသောဆက်ဆံမှုများတည်ဆောက်ရန်
    (၃)     တရားဥပဒေ စိုးမိုးရေး။ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ   ပါဝင်ဆောင်ရွက်ရန်
    (၄)     ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
    ရည်ရွယ်ချက်များဖြင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဖြင့် ဖွဲ့စည်းထားသော ကွန်ရက်အဖွဲ့အစည်းတခုဖြစ်သည်။

  • မက္ကဆီတွင် ထောင်နှင့်ချီသောလူများ အ၀တ်မဲ့ စက်ဘီးစီးကာ ဆန္ဒပြ

    ဇွန် ၉ ၊၂၀၁၃
    M-Media

    ပရမ်းပတာကားမောင်းနှင်မှု၊ လေထုညစ်ညမ်းမှု၊ တင်းမာသည့်သဘောထားများအပေါ် ဆန့်ကျင်အသိပေးချက်အဖြစ် ထောင်ချီသောလူတို့သည် အ၀တ်များချွတ်၍ စက်ဘီးစီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    Naked cyclists take part in the World Naked Bike Ride in Mexico City
    မက္ကဆီကိုတွင် အ၀တ်မဲ့နှင့် အရှက်လုံအောင်ဖုံးရုံမျှ ၀တ်ဆင်ထားသသော စက်ဘီးသမားများသည် ပရမ်းပတာကားမောင်းသူများ၊ ကားများမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၊ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ သဘောထားတင်းမာခြင်း အပါအ၀င် အနှောင့်အယှက်အဟန့်အတားဖြစ်စေသောအရာများစွာကို စက်ဘီးနင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လုံးဝအ၀တ်မဲ့သူအချို့လည်းပါဝင်သည့် ဆန္ဒပြသူ သုံးထောင်ခန့်သည် ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲဒေသတစ်ခုဖြစ်သော ဂျာလစ္စကိုပြည်နယ်၏အကြီးဆုံးမြို့တော် ဂွါဒလာဂျလာ သို့ ၁၂ မိုင်စက်ဘီးနင်းကာ ဆန္ဒထုတ်ဖော်ကြသည်။

    မက္ကဆီကိုတစ်လျှောက်ထပ်မံဖြတ်သန်းသွားသည့် လူ ၂၀၀၀ ဦးတွင် အချို့သည် “ စက်ဘီးများများစီးခြင်းဖြင့် လေထု ညစ်ညမ်းမှုကို လျှော့ချပါ ”၊ “ လူတိုင်းအတွက်မြို့တော်၊ စက်ဘီးဖြတ်ခွင့်ပြု ” စသည့် အသားကပ်စတစ်ကာများအား ခန္ဓာကိုယ်ပေါ်ကပ်ထားခဲ့ကြသည်။

    အချို့စက်ဘီးသမားတို့မှ အ၀တ်မဲ့နေပြခြင်းသည် လမ်းမပေါ်တွင် စက်ဘီးစီးနင်းသူများနည်းပါးလာမှု နှင့် ၄င်းတို့ရင်ဆိုင်ရသည့်အန္တရာယ်များကို အသားပေးပုံဖော်ရန် ရည်ရွယ်သည်ဟုဆိုသည်။ သို့သော် ဂွါဒလာဂျလာရှိ ဆန္ဒပြသူတို့ကမူ တင်းကြပ်သည့်သဘောထားများအား ဖယ်ထုတ်နိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

    “ ဒီမြို့ဟာ ရှေးရိုးစွဲကြီးလွန်းတဲ့မြို့ဖြစ်တယ်။ ဒီလိုရဲရဲတင်းတင်း စက်ဘီးစီးပြခြင်းဟာ ကက်သလစ်ဝါဒရဲ့ချုပ်ချယ်မှုတွေကို တွန်းတိုက်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် ” ဟု ရေချိုးအ၀တ်ဝတ်ဆင်ထားသော အသက် ၂၇ နှစ်အရွယ်ရှိ လူစီယာအက်စ်ကလဲန်တီ က ပြောပြသည်။

    ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲလှုပ်ရှားမှုကို ၂၀၀၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ ကနေဒါနိုင်ငံ၊ ဗန်ကိုးဗား၌ စတင်၍ နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြရာ ၄င်းကာလမှ ယနေ့တိုင် မြို့ပေါင်း ၂၉ မြို့တွင် ကျင်းပပြီးဖြစ်သည်။

    Ref: aljazeera

  • တောင်ကြီးတွင် ဦးဝီရသူ၏ ၉၆၉ တရားပွဲပြုလုပ်ရန် ကြေညာဘုတ်များ လိုက်လံ စိုက်ထူလျက်ရှိ

    M-Media
    ဇွန်လ ၉၊ ၂၀၁၃
    ကျောက်ခဲ

    wirathu
    တောင်ကြီးမြို့ပေါ်မှာ ၉၆၉ တရားပွဲ ကြေညာဘုတ်များ

    တောင်ကြီးမြို့ တွင် ဂျွန်လ ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်ရှိသည်။ ယင်းတရားပွဲကို ဇွန်လ ၁၇ ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့  ရှိသိမ်တောင် ပရိယတ္တိစာသင်တွင် ည ၇ နာ၇ီတွင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

    “အေးဗျာ ကျွန်တော်တို့ မှာ ဟိုသတင်းကြားလိုက် ဒီသတင်းကြား လိုက်နဲ့ စိုးရိမ်နေရတဲ့ကြားက အခု ဦးဝီရသူတရားပွဲကို ဒီမှာ လာလုပ်မယ် ဆိုတော့ တော်တော်စိတ်ပျက်မိ တယ်ဗျာ။ နောက် အခုလုပ်မယ့်တရားပွဲကြေညာဘုတ်တွေကိုလည်း လူစည်ကားရာ လမ်းတွေမှာ သင်္ကန်းဝတ်တွေကိုယ်တိုင် လိုက်လံတပ်ဆင်နေကြ တာ။ ကျွန်တော့်တစ်သက်ဒီလောက် တက်တက်ကြွကြွလုပ်တဲ့ တရားပွဲမျိုးမမြင်ဖူးပါဘူးဗျာ” ဟု ဒေသခံနည်းပညာကျောင်းသား တစ် ဦးကM-Media သို့ ပြောကြားခဲ့သည်။

    မကြာခင်လများအတွင်းက မူဆယ်မြို့ တွင် အစွန်းရောက် ၉၆၉ တရားများဟောကြားပြီးနောက် လာရှိုးမြို့ ၌ အစွန်းရောက် ဗုဒ္ဓသာသာများ၏ အကြမ်းဖက်ရမ်းကားမီးရှို့ မှု၊ သတ်ဖြတ်မှုများ ကိုလာရှိုးမြို့ ရှိမွတ်စလင်များ ခံစားခဲ့ရသည်။ ယခုတဖန် ၉၆၉ အစွန်းရောက် တရားခွေများပြန့် နှံ့လျက်ရှိသော ရှမ်းပြည်တောင်ပိုင်းဒေသ များ တွင်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံမွတ်စလင် များက ယင်းကဲ့သို့ အကြမ်းဖက် မှုများဖြစ် လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။

    ယင်းသို့ နိုင်ငံအရပ်ရပ်တွင် မငြိမ်သက်မှုများတစ်မြို့ ပြီးတမြို့ ဖြစ်ပျက်လျက်ရှိနေစဉ်မှာပင် ယခုကဲ့သို့ အစွန်းရောက်တရားပွဲများကို ထပ်မံပြုလုပ်ကြ ခြင်းဖြစ်သည်။

    tgi
    တရားပွဲအတွက် လုံးပန်းနေကြသည့် သင်္ကန်းဝတ်များနှင့် လူဝတ်ကြောင် အချို့

    “ကျွန်တော် မသိတာတစ်ခုက နိုင်ငံနဲ့ အနှံ့ဒါမျိုးတွေဖြစ်နေတယ်ဗျာ။ နောက်ပြီးဘာသာတရားတစ်ခုကို ဒီလိုပေါ်ပေါ်ထင်ထင်စော်ကားတယ်ဆိုတာ ဥပဒေနဲ့ လည်းမညီဘူး။ ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းရဲ့စရိုက်လည်းမဟုတ်ဘူးဗျာ။ ဒါတွေကိုအစိုးရက ဘာလို့ မတားဆီးတာလဲဆိုတာ ကျွန်တော်ဘယ်လိုမှမစဉ်းစားတတ်ဘူးဗျာ။ ဒီလိုသာဆို ကျွန်တော်တို့ နိုင်ငံရဲ့ရှေ့ဆက်ရမယ့် အနာဂတ်ကို တော်တော်ရင်လေးမိတယ်ဗျာ” ဟု ဥပဒေပညာရှင် တစ်ဦးက မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။