News @ M-Media
Blog
  • မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၅၄ ဦး ထပ်မံ ဖမ်းဆီးခံရ
    မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၅၄ ဦး ထပ်မံ ဖမ်းဆီးခံရ
    ဇွန် ၉ ၊၂၀၁၃
    M-Media
    ကွာလာလမ်ပူ။    ။ မကြာသေးမီက Klang Valley ၌ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအုပ်စုနှစ်စုအကြား ရန်ပွဲများ၏နောက်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၄ ဦးကို ရဲများမှ ထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်သည်။
    Cheras ၊ Brickfields နှင့် Sentul ဧရိယာထဲမှ နိုင်ငံခြားသားတွေကို ရှောင်တခင်စစ်ဆေးခဲ့ကြောင်း မြို့ပြလူထုလိုအပ်ချက်နှင့်လုံခြုံရေးမှူး အကြီးတန်းလက်ထောက်ကော်မရှင်နာ Wan Abdul Bari Wan Abdul Khalid က ပြောကြားသည်။
    “ Sentul အတွက် Pasar Borong Baru ဧရိယာတစ်ခုတည်းကိုဘဲ အဓိကထားခဲ့တာဖြစ်တယ်။ ဒီစစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်သွားဖွယ်ရာရှိနေပါတယ်။ ဆက်လက် အရေးယူဖို့အနေနဲ့ကတော့ မြန်မာနိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး ဌာနဆီ လွှဲပြောင်းခဲ့ပြီဖြစ်ပါတယ် ” ဟု ၄င်းက ဆိုလိုက်သည်။
    မြန်မာနိုင်ငံသား တစ်ထောင်ဦးထက် မနည်းကို ကွာလာလမ်ပူရဲတပ်ဖွဲ့မှ ရှောင်တခင် စစ်ဆေးခဲ့ရာ ၄င်းတို့အနက် ၁၉၆ ဦးမှာ မည်သည့် အထောက်အထား စာရွက်စာတမ်းဟူ၍ မည်မည်ရရ မရှိကြောင်း၊ နောက်ထပ် ၅၇ ဦးမှာ UNHCRM (မလေးရှား ဒုက္ခသည်ခံယူရေး ကုလသမဂ္ဂ အသိအမှတ်ပြု ကဒ်ပြား) အတုများအား ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မေလ ၃၀ နှင့် ဇွန်လ ၄ ရက်အကြား ကွာလာလမ်ပူနှင့် Selangor နေရာတစ်ချို့၌ မြန်မာနိုင်ငံသားတို့အကြား ရန်ပွဲ ၇ ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref: thestar
  • မိုးရာသီကာလ မသန့်ရှင်းသော ရေများကြောင့် အရေပြားဆိုင်ရာ ပြဿနာများ ဂရုပြုသင့်
    ဇွန်လ-၈၊ ၂၀၁၃
    M-Media
    သတင်း-သန့်သန့်
    ရန်ကုန် ။        ။     ယခုလို မိုးရာသီကာလတွင် မသန့်ရှင်းသောရေများထိတွေ့မှုကြောင့် အရေပြားဆိုင်ရာပြဿနာများ ဖြစ်လေ့ရှိသဖြင့် ဂရုပြုသင့်ကြောင်း ကျန်းမာရေးဆရာဝန်များမှ သတိပေးပြောကြားလာပါတယ်။
    float ygn 2
    Photo Credit- Minn Thaik FB
    မိုးရာသီကာလ မသန့်ရှင်းသောရေများကြောင့် အရေပြားဆိုင်ရာ ပြဿနာများ ဂရုပြုသင့်ကြောင်းကို ”မိုးသည်းရင် ရေမြောင်းတွေရေလျှံတာက ဖြစ်လေ့ရှိတဲ့ ရန်ကုန်ရဲ့ အစဉ်အလာလို ဖြစ်နေတယ်။ အဲဒီရေတွေထဲ ဖြတ်သန်းသွားလာပြီးရင် အရေပြားတွေယားယံတာ၊ ရှိပြီးသားဒဏ်ရာတွေ ရင်းတာ၊ တော်တော်နဲ့အနာမကျက်တာတွေ ဖြစ်တတ်ကြတယ်။ တစ်ချို့တွေဆို ရေကြည်ဖုတွေထလာတာ၊ အစက်လေးတွေပေါ်လာတာအထိ ဖြစ်တတ်ကြတယ်။ ကောင်းတာကတော့ မသန့်တဲ့ရေတွေနဲ့ထိတွေ့ပြီးရင် ရေ၊ ဆပ်ပြာနဲ့ ပြန်ပြီးဆေးကြောသင့်ပါတယ်။ ယားယံနေတယ်ဆိုရင်တော့ အရက်ပြန်လေးနဲ့ပွတ်ပေးနိုင်ပါတယ်။ လုံးဝမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်”ဟု မြောက်ဒဂုံမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောပါတယ်။
    ရန်ကုန်မြို့လယ်ရှိအစိုးရရုံးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ကိုကျော်ဦးက ”ရုံးတက်ရုံးဆင်းချိန် မိုးကောင်းရင် မြောင်းရေလျှံတော့ လမ်းပေါ်မှာရေအပြည့်ပဲ။ အဲဒီရေတွေထဲ ဖြတ်သန်းသွားလာပြီးရင် ရုံးရောက်ရောက်၊ အိမ်ပဲပြန်ရောက်ရောက် ရေနဲ့ဆေး၊ ဆပ်ပြာနဲ့တိုက်၊ အဲဒါတောင် ယားယားနေတတ်တယ်။ ရက်ဆက်ပြီးများမိုးမိလို့ကတော့ နေလို့ကိုမရအောင်ကိုယားတာမှ ပြောဖို့တောင်မကောင်းဘူး။ မျောက်ငါးပိထိသလိုပဲ။နောက်ဆုံး ဆေးခန်းပြပြီး ဆရာဝန်ညွန်တဲ့အတိုင်း ဆေးကြောပြီးရင် အရက်ပြန်နဲ့ထပ်ပွတ်ပေးမှ ယားယံတာမဖြစ်တော့တာ။ အခုဆို မိုးတွင်းအပြင်ထွက်ရင် အရက်ပြန်ဘူးလေး သွားလေရာဆောင်သွားရတယ်”ဟု ၎င်း၏ကိုယ်တွေ့ကိုပြောသည်။
    ပန်းပဲတန်းမြို့နယ်တွင်နေထိုင်သူ ဒေါ်ဝါ၀ါက ”အိမ်က ကလေးတွေကို စာလာပြပေးတဲ့ကောင်မလေးဆို(Sensitive Skin) လေ။ထိခိုက်လွယ်တဲ့အရေပြားဆိုတော့ ရေဆေး၊ ဆပ်ပြာတိုက်၊ အရက်ပြန်နဲ့ပွတ်ပြီးတာတောင် တစ်ခါတစ်လေ အပိန့်တွေထ၊အကွက်တွေပေါ်လာတတ်သေးလို့ ဆရာဝန်ပြပြီး ဆေးထိုးဆေးသောက်ထပ်လုပ်ရသေးတယ်”ဟုဆိုသည်။
    အထက်ပါဆရာဝန်ကပင် ”ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ။ခြေထောက်ပိုင်းမှာထိခိုက်ပွန်းပဲ့ဒဏ်ရာရှိနေသူတွေဆိုရင် ရေဆိုးရေညစ်တွေကြားဖြတ်သန်းသွားလာဖို့ သတိပြုသင့်ပါတယ်။တစ်ချို့ကူးစက်ရောဂါပိုးတွေက မသန့်တဲ့ရေကနေ အရေပြားကိုဖောက်ပြီး ကိုယ်တွင်းကိုရောက်ရှိနိုင်ပါတယ်။ဒါကြောင့် မသန့်ရှင်းတဲ့ရေတွေနဲ့ထိတွေ့ပြီးရင်တော့ သေချာဆေးကြောသင့်ပါတယ်။လိုအပ်ရင် ဆရာဝန်နဲ့ပြဖို့လည်း ၀န်မလေးသင့်ပါဘူး”ဟု မိုးရာသီကာလတွင် မသန့်ရှင်းသောရေများကြောင့် အရေပြားဆိုင်ရာ ပြဿနာများ ဂရုပြုသင့်ကြောင်းကို သတိပေးပြောကြားခဲ့ပါသည်။
  • မိတ္ထီလာမြို့မှ အကြမ်းဖက်ခံရသည့် အားကိုးရာမဲ့ ဒုက္ခသည်များ၏ ဆန္ဒများ
    ဇွန် ၁၀၊ ၂၀၁၃
    M-Media
    KK
    A man walks in Meikhtila,
    ဓါတ်ပုံအညွှန်း- မိတ္ထီလာမြို့မှ မီးရှို့အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ရပ်ကွက်တခု
    Photo Credit- AFP
    မိတ္ထီလာ  ။          ။        မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂၀၁၃-ခု မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်အဖြစ်သို့ ရောက်ရှိသွားခဲ့သော ချမ်းအေးသာယာရပ်ကွက်မှ ဒုက္ခသည်များ၏ ဆန္ဒများကို M-Media သို့ ဆက်သွယ်ပြောပြလာတာဖြစ်ပါတယ်။
    “မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ မွတ်စလင်မ် အိမ်တွေရှိပါတယ်။ မတ်လက အကြမ်းဖက်ခံရလို့ မွတ်စလင်မ်အိမ်တွေဟာ မီးလောင်သွားခဲ့ရပါတယ်။ မွတ်စလင်မ်အိမ်တွေက တစ်ရပ်ကွက်လုံး နီးပါးပါပဲ။ အဲ့ဒီ မီးလောင်သွားခဲ့တဲ့ အိမ်တွေအားလုံးကို အခုကျ တိုက်ခန်းကိုပဲ ပြန်ပေးတော့မယ်။ ကိုယ့်မြေနေရာတွေ ပြန်မပေးတော့ဘူး။ ဒါကြောင့် ဒုက္ခသည်တွေက စိတ်မချမ်းမမြေ့ဖြစ်နေရပါပြီ။ အရင်မြေကွက်တွေက တချို့က ပေ ၃၀ – ၅၀ပိုင်ကြတယ်။ တချို့က ပေ ၁၀၀ လောက်ပိုင်ကြတယ်။ အခုကျတော့ ပေ ၂၀ – ပေ ၄၀ တစ်ခန်းပဲ ရတော့မယ်။ နောက်ပြီးတော့ ရပ်ကွက်မှာ ပြန်ဆောက်ပေးရမယ့် မွတ်စလင်မ်အိမ်ခြေက ၆၀၀ လောက်ရှိတာ။ အခုတော့ ၁၂၀၀ လောက်ဆောက်ပြီး ၆၀၀ ကို ဒုက္ခသည်တွေကိုပေးပြီး ၆၀၀ လောက်ကို ကန်ထရိုက်ကို ရောင်းစားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိတ်ညစ်နေရပါတယ်။
    အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ဘယ်သူကမှ ဘာမှ အကူအညီ မပေးကြပါဘူး။ နိုင်ငံတော် အစိုးရကရော၊ ဘာသာရေးအဖွဲ့တွေကရောပေါ့။ ရန်ကုန်က အိုလမာသာသနာ့ပညာရှင်များရုံးကို ဖုန်းဆက်ပြီး ဒီကိစ္စကို စီစဉ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ ဒုက္ခသည်တွေအတွက်ကို လောလောဆယ် မစီစဉ်ပေးနိုင်သေးပဲ ဟာဂ်ျကိစ္စအတွက် လုံးပမ်းနေရတယ်လို့ ဆိုလာပါတယ်။ ဟာဂ်ျကိစ္စလုပ်တာကိုလည်း ကျွန်တော်တို့လက်ခံပါတယ်။ အဲဒါက ပိုက်ဆံရှိတဲ့သူတွေအတွက်ပါ။ အခုလို ဒီအချိန်မှာ ဒီဘက်ကို အာရုံစိုက်ပြီး လုပ်ပေးစေချင်ပါတယ်။ ဒီက ဒုက္ခသည်တွေကလည်း သမ္မတဆီ စာရေးပြီးတင်ချင်ကြပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ပြီးပြောတဲ့အခါမှာ အဲ့ဒီဘာသာရေးအဖွဲ့ ဥက္ကဋ္ဌက ဝေ့လည်လည်စကားပြောပါတယ်။ ဒုက္ခသည်တွေရဲ့အဖြစ်ကို မကြည့်ပဲပစ်ထားကြပါတယ်။
    အခု တိုက်ခန်းတွေ ဆောက်မယ်ဆိုတာ စီစဉ်မှုသက်သက်မဟုတ်ပါဘူး။ မြေထိုးစက်တွေ မြေကော်စက်တွေနဲ့ သူတို့ စလုပ်နေကြပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ တဘက်က ဒုက္ခတွေကြောင့် စိတ်ဒုက္ခရောက်ရတာကတစ်မျိုး ဘာသာရေးအဖွဲ့တွေက ဒုက္ခသည်တွေအတွက် ဆက်ပြီး အကူအညီမပေးတာကြောင့် ကျွန်တော်တို့ တော်တော်သောက ဖြစ်ရပါတယ်။ မိတ္ထီလာက ဒုက္ခသည်တွေအတွက်လည်း ၀ိုင်းဝန်းစဉ်းစားပေးကြပါဦးလို့ M-Media ကနေ တဆင့် ကျွန်တော်ပြောပြချင်ပါတယ်။”လို့ ဒုက္ခသည်များ၏ ခံစားချက်များကို ဒုက္ခသည်တစ်ဦးမှ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။
  • ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ဇွန် ၁၀၊ ၂၀၁၃
    M-Media
    ရေးသူ- ရွာဆော်ကြီး
    ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ငယ်ငယ်တုန်းကတည်းက ကြားဖူးကြသည့်မြန်မာစကားရှိသည်။
    “ပွဲဆူအောင်လုပ်တယ်” “ပွဲစည်အောင်လုပ်တယ်’’ ‘’ပွဲလန့်တုန်းဖျာခင်းတယ်’’ ဆိုပဲ။
    ပွဲနဲ့ပတ်သက်သောစကားများဖြစ်သည်။
    “ပွဲကြိုက်ခင်’’ ‘’ပွဲကြိုက်မောင်’’များလည်း ရှိသည်။
    ‘’ပွဲပျက်အောင်’’တော့ မလုပ်ကြပါစေနှင့်။
    မြန်မာပြည်ကြီးမှာ မိုးတွေရွာနေသည်။
    မိုးတွင်းမို့ မိုးရွာတာမဆန်းပါ။
    မိုးတွင်းမိုးသာမက ‘’အနမ်းမိုး’’ များပါ ရွာနေကြသည်။
    အမေရိကန် သမ္မတကြီးက စ သည်။
    မင်းသား/မင်းသမီးများ စတန့်ထွင်လာပြီ။
    PR မိုးတွေလည်းရွာနေသည်။
    PR သုံးပြီး ပွဲဆူအောင် ဖွကြသည်။
    facebook မှာ နမ်းတဲ့ပုံတွေတင်ကြသည်။
    ကလော်တဲ့သူက ကလော်၊ ပျော်တဲ့သူက ပျော်
    ကလော်သူနဲ့ ပျော်သူတို့ ‘’ဆော်’’ ကြသည်။
    ပွဲဆူသွားသည်။
    ကလော်တာပဲဖြစ်ဖြစ်၊ ပျော်တာပဲဖြစ်ဖြစ်
    ဆော်တာပဲဖြစ်ဖြစ်
    ပို့စ်တင်သူတို့ကြိုက်ကြသည်။
    ကလော်ရာ၊ ဆော်ရာမှ
    တော်တော်အလုပ်ဖြစ်သွားသည်။
    Comment များ သတိထားရေးကြစေလိုသည်။
    PR ထောင်ချောက်ကြီးထဲဝင်သွားမှာ စိုး၍ဖြစ်သည်။
    မျိုးဆက်သစ်များအတွက် ရင်လေးစရာဖြစ်လာသည်။
    အချို့အချို့သောလူကြီးများက
    ဘယာနကရသမြောက်အောင် ဟောနေကြသည်။
    ရေကူးဝတ်စုံနဲ့ မယ်ပြိုင်တဲ့မိန်းကလေး
    မင်္ဂလာအနမ်းနဲ့ ပွဲကြမ်းတဲ့ အဆိုတော်လေး
    မွေးနေ့အမှတ်တရနဲ့  မင်းသမီးကိုချီ,မ ပြတဲ့
    ရှမ်းပြည်နယ်က စိုင်းလူငယ်လေးတို့ကို
    မည်သို့သဘောထားကြမည်လဲ?
    ဂလိုဘယ်လိုက်ဇေးရှင်းပင်လယ်ကြီးထဲက
    ယဉ်ကျေးမှုလှိုင်းတံပိုးအောက်မှာ
    ယဉ်ကျေးမှုတွေ သင်္ဂြိုဟ်ခံနေကြရသည်။
    အချို့ယဉ်ကျေးမှုများ လှိုင်းပေါ်တွင် လူးလွန့်နေသည်။
    အချို့ယဉ်ကျေးမှုများကတော့ လှိုင်းပေါ်မှာ မားမားရပ်တည်နိုင်ကြသည်။
    ‘’လှိုင်းကြီးလှေအောက်”ဟုဆိုသည်မဟုတ်ပါလား
    မြန်မာ့ယဉ်ကျေးမှုလှေကြီး လှိုင်းအောက်မရောက်စေလိုပါ။
    မျိုးဆက်သစ်ပန်းကလေးများကို
    ကောင်းမြတ်သော ယဉ်ကျေးမှု၊ သီလတရားရေစင်များဖြင့်
    ဥာဏ်သစ်လောင်းပေးသင့်သည်။
    PR တွေ တော်တော် ပေါနေသည်။
    မင်းသား/ မင်းသမီး မွေးနေ့လည်း PR
    မင်းသမီး ကလေးမွေးလည်း PR
    အူဝဲ က အူဝဲလေးမွေးတာ
    ကလေးရဲ့  Stem Cell သိမ်းထားသည်ဆိုပါလား
    ရွာဆော်ကြီးတို့ရွာမှာတော့ ထူးခြားဖြစ်စဉ်ဖြစ်သည်။
    မတော်လို့များ ကလေးကြီးလာလို့ နေမကောင်းဖြစ်လျှင်
    ထို Cell ဖြင့် အစားထိုးကုသလို့ရသည်ဆိုပါလား။
    PR သုံးပြီး ဖွ လိုက်ကြသည်။
    အဆင်ပြေသွားကြသည်။
    ဘာပဲဖြစ်ဖြစ် ဒီလို PR မျိုးကတော့ အများအကျိုးဖြစ်စေသဖြင့် ကြိုဆိုပါသည်။
    Facebook မှာ ကွန်ပျူတာနည်းပညာ အခမဲ့သင်တန်းပေးသည့် Fun Page များပေါ်လာသည်။
    ကွန်ပျူတာ၊ တယ်လီဖုန်း Software များ
    Free download ရသည်။
    Open Source System (O/S) ဖြင့်ရေးထားသော
    Software အများစုဖြစ်သည်။
    Share ပေးသော ကွန်ပျူတာပညာရှင်ကြီးများကို လေးစားပါ၏။
    Like လုပ်သူတွေများလာပြီ။
    ကွန်ပျူတာပညာရှင်ကြီးများအရောင်နည်းနည်း စ ပြောင်းပြီ
    နိုင်ငံရေး/ဘာသာရေး/လူမျိုးရေး/ ဟိုအရေး/ဒီအရေးတွေကို
    ‘’ဆွ”လာ ‘’ဖွ”လာကြသည်။
    သြော်….”သူတို့လည်းလေ PR သမားပေမို့”
    သဘောပေါက်လိုက်ပါပြီ
    Fun Page များ အားလုံးကို မပြောရဲပါ။
    လူ့အကျိုးပြု Fun Page များစွာရှိသည်။
    ရွာဆော်ကြီးသဘောပေါက်ပါသည်။
    အားကစားလောက၊ အနုပညာလောက၊ စီးပွားရေးလောက
    အစရှိသည့် လောကပေါင်းများစွာမှ ကျော်ကြားသူအချို့
    နိုက်ကလပ်တွင် မူးပြီးရန်ဖြစ်ကြ
    နောက်ဆုံးပေါ်ကားတွေကို မူးပြီး မောင်းပြီး တိုက်ကြ
    ပြဿနာတွေတက်ကြ၊ ရှင်းကြ။
    မိဘမဲ့ကလေးများဂေဟာ
    ဘိုးဘွားရိပ်သာ၊ ဆေးရုံ၊ ဆေးခန်းများမှာ
    သာရေး/နာရေးအသင်းများမှာ
    ငွေတွေသွားလှူကြ၊ မီဒီယာတွေမှာ ဓါတ်ပုံရိုက်ဖေါ်ပြကြ
    လူထုက သာဓုခေါ်ကြ
    ကဲ…ပြီးသွားပြီ၊ အတိတ်ကဇာတ်လမ်းတွေ
    PR ကန့်လန့်ကာချ။
    ရုပ်ရှင်မင်းသားတစ်ယောက် ဒူးထောက်နေသည်။
    ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး(အဲလေ…ယောင်လို့)
    ရှုတည်တည်ကြီးနှင့်ဖြစ်သည်။
    မီဒီယာသမားများ ၀ိုင်းရံလာကြပြီ
    ဘုရားကျောင်းလူကြီးများရှင်းပြကြသည်။
    ထိုလူကြီးများ တော်တော်, တော် ပါသည်။
    လူအများနားလည်အောင် ရှင်းပြနိုင်ကြသည်။
    ဘုရားကျောင်းထဲကို ဘာသာမရွေးဝင်ခွင့်ရှိကြောင်းကို ဦးစွာပထမထားပြီး ပြောသည်။
    ဓါတ်တော်၊ မွေတော်များထားသည့် နေရာများကဲ့သို့သော
    ဘာသာဝင်များ အမြတ်တနိုးထားသည့်နေရာများအကြောင်းကို
    လူအများနားလည်အောင် ဥပမာပေး၍ ရှင်းပြကြသည်။
    ဒူးထောက်သူမင်းသား၏
    မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီကြောင်း ရှင်းပြသည်။
    ၎င်းတို့ဘာသာအကြောင်းတောင် သိပ်မပြောကြပါ။
    လိုအပ်သလောက်သာပြောသွားကြသည်။
    အများနားလည်အောင်ရှင်းပြသောအခါ
    အားလုံးလက်ခံသွားကြသည်။
    ထိုပုဂ္ဂိုလ်များ၏ PR ကြွယ်ပုံကို လေးစားပါသည်။
    တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ရွာလုံး
    PR ခေတ်ပြောင်းရေစီးကြောင်းကြီးထဲ ပါဝင်လာကြပြီ။
    ရွာဆော်ကြီးတို့လူစုတွေ ဘာလုပ်ကြမည်လဲ?
    PR ကို လေ့လာသင့်ပြီ၊ Social Psychology တွေကို နားလည်သင့်ပြီဟုတော့
    မရဲတရဲဖြင့် အကြံပေးပါရစေ။
    တစ်ဖက်မှာလည်း တုတ်နဲ့ဓါးနဲ့
    တစ်ဖက်မှာလည်း PR နဲ့ ၊ Media နဲ့
    ကြားညှပ်သွားလျှင် “မိအေးအခါတစ်ရာမကနာပါလိမ့်မည်”။
    ရွာဆော်ကြီးလည်း PR အကြောင်း လေ့လာပါဦးမည်။
    အခုတော့ သွားလေရာထီးဆောင်နေရသည်။
    စောစောကပြောသလို မြန်မာပြည်ကြီးမှာ မိုးတွေရွာနေသည်မဟုတ်ပါလား
    ကိုယ့်ကိုကိုယ်တော့ လုံအောင် “ကာ” မှဖြစ်မည်။
    ကာရင်းနဲ့ “ကား” မသွားဖို့တော့ လိုမည်ထင်သည်။
    ဒီတစ်ခေါက်တော့ ဒီမျှနှင့်တော်ဦးမည်။
    တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ရွာလုံး
    ကျန်းမာချမ်းသာကြပါစေ။
    ပြောချင်တာပြောပြီးမှ
    Comment များတွင် အကြိမ်းခံရမှာစိုး၍
    PR သုံးတာ မဟုတ်ပါ။
    ရိုးသားဖြူစင်စွာမေတ္တာပို့ခြင်းဖြစ်ကြောင်းဝန်ခံရင်း….
    အမှားပါရင်ခွင့်လွှတ်ကြပါရန် ပန်ကြားရင်း….။   ။
    • PR – Public Relation – လူမှုပေါင်းသင်းဆက်ဆံရေးနည်းဗျူဟာ / လူမှုပေါင်းသင်းဆက်ဆံရေးအတတ်ပညာ
    • ဘယာနကရသ – ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေသည့် ရသခံစားမှု။
    • ၀ံသာနုတရား – မျိုးစောင့်တရား/မျိုးချစ်တရား
  • မန္တလေးမှ ဗလီအတွင်းသို့ အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ကာ မသင်္ကာဖွယ်လူစိမ်း တစ်ဦး ၀င်ရောက်
    ဇွန် ၉၊ ၂၀၁၃
    M-Media
    ရဲရင့်သူ
    မန္တလေး  ။          ။        မန္တလေးတိုင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဗလီအတွင်းသို့ မသင်္ကာဖွယ် လူစိမ်းတစ်ဦး ယနေ့ည ၈-နာရီဝန်းကျင်က ၀င်ရောက်လာသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။
    23 mosque
    ဖြစ်ပွားပုံမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂လမ်းနှင့် ၈၃လမ်းကြား ၂၃-လမ်းရှိ ကျောက်ဗလီအတွင်းသို့ မသင်္ကာဖွယ်လူတစ်ဦးတွေ့ရှိရသည်ဟု သိရသည်။ ယင်းသူမှာ ယနေ့ည အိရှာဟ်ဆွလာသ် (၈-နာရီ ၀တ်ပြုချိန်)တွင် ဗလီအတွင်းသို့ ၀င်ရောက်လာပြီး ၀တ်ပြုမှုပုံစံအတိုင်း လိုက်လံ ၀တ်ပြုနေသည်ကို တွေ့ရှိရပြီး သူကပုံစံမှာ မူမမှန်သဖြင့် ၀ိုင်းဝန်းစစ်ဆေးမေးမြန်းရာ သူထံမှ အရက်နံ့များရပြီး၊ စိတ်မနှံ့သူတစ်ဦး သဏ္ဍာန်ဖြစ်နေပြီး မွတ်စလင်မ်တစ်ဦး မဟုတ်ကြောင်း သိရသည်။ ထိုသူမှာ မိုးကုတ်မြို့တွင်နေသူ ဂေါ်ရခါး လူမျိုးတစ်ဦးဖြစ်ကြောင်းလည်း သိရသဖြင့် သက်ဆိုင်ရာသို့ အပ်နှံလိုက်တာကြောင့် သက်ဆိုင်ရာမှ သူ့အား အိမ်ပြန်ပို့မည်ဟုဆိုကာ ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။
    အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မန္တလေးမြို့ခံတဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ကို အောက်ပါအတိုင်းရေးသားထားပါတယ်။
    “နမားဇ်ဖတ်နေတဲ့အချိန် ဝင်လာတယ်၊ နမာဇ်ဖတ်တဲ့ပုံစံ လုပ်တယ်၊ လုပ်သာလုပ်တာ တလွဲ၊ လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ပြီး ပါးစပ်က လျှောက်ရွတ်တယ်၊ ထိုင်ချပြီး မြေကြီးနဲ့ခေါင်း စိုက်လုပ်တယ်။ မင်္သကာလို့ ခေါ်မေးတော့ အနောက်ထဲဝင်ပြေးတယ်။ မိသွားတော့ မေးတော့ ဂေါ်ရခါး မုစ်လင်မ်လို့ ပြောတယ်ဗျာ။ လူကြီးတွေ ရောက်လာပြီး ထပ်မေးတယ်။ ဘာသာမဲ့ပါဆိုပြီးဖြေတယ်။ အရက်စော်လည်း နံလို့။
    ၁၀ မိနစ်လောက်နေတော့ ရဲတစ်ယောက်နဲ့ လူတစ်ယောက် ယောက်လာတယ်။ အဲဒီလူကိုလည်း မြင်ရော ဒီကောင့်မျက်ခွက် ပြောင်းသွားတယ်။ ရဲနဲ့ပါလာတဲ့ လူကပြောတယ်။ ဒီကောင် မနေ့ညကလည်း ၁၉ လမ်းဘက်မှ ပတ်မွှေပြီးပြီတဲ့။ ပိုက်ဆံ ၁၀၀၀ ပေးလိုက်ရင် ပြန်ထွက်သွားတယ်တဲ့။ အဲဒါ အခုလည်း ပိုက်ဆံ ၁၀၀၀ ပေးမယ်ဆိုပြီး ဆိုင်ကယ်ပေါ်တင်ပြီး ခေါ်သွားတယ်။ ရဲစခန်းတော့ မဟုတ်ဘူး။ ပြန်ပို့မယ်ဆိုပြီး ဘယ်ခေါ်သွားလည်းမသိ။
    နောက်ရက်ကစပြီး ဘာသာပေါင်းစုံက မိတ်ဆွေများ ဒီကောင့်ကို အဲလိုမသင်္ကာဖွယ် လုပ်တာတွေ့ရင် အရင်ဆုံးမလွှတ်လိုက်ပါ။ ပြီးမှ ရဲလက်အပ်ပါ။ အရူး အရူးနဲ့ လားရှိုးလည်း ပြာကျပြီးပြီ။ ”
    ယခုကဲ့သို့ ဗလီများအတွင်း အစ္စလာမ်ဘာသာမဟုတ်သူများအနေနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦး အသွင်ဖြင့် ၀င်ရောက်လာပြီး ဘာသာရေးကို အကြောင်းပြပြီး ပဋိပက္ခဖြစ်စေမည့်အသွင် ဖန်တီးမှုများ ပေါ်ပေါက်လာမည်ကိုလည်း အစ္စလာမ်ဘာသာဝင်များအနေနှင့် စိုးရိမ်မှုများရှိနေကြောင်းနှင့် ဗလီများတွင် CCTV ကင်မရာများ အမြန်ဆုံးတပ်ဆင်ထားသင့်ကြောင်းလည်း တိုက်တွန်းအကြံပြု ပြောကြားလာကြပါတယ်။