News @ M-Media
Blog
  • အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ပြည်သူများ၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား လျို့ဝှက်သိမ်းဆည်းခဲ့
    ဇွန် ၇၊၂၀၁၃
    M-Media
    အမေရိကန် တယ်လီဖုန်းကုမ္ပဏီ ဗာရီဇွန် (Verizon) အား ကမ္ဘာ့အကြီးဆုံး စုံစမ်း ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့  US National Security Agency (NSA) မှ “ အမေရိကန်နိုင်ငံအတွင်း ပြည်သူ အချင်းချင်း နေ့စဉ်ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများ နှင့် ပြည်ပမှ ၄င်းတို့ထံ အမေရိကန်နိုင်ငံ အတွင်းသို့ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများအား တင်ပြရန် ” လျှို့ဝှက် ညွှန်ကြားခဲ့ကြောင်း The Washington Post သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
    mbadakhsh
    ပြီးခဲ့တဲ့ April လထဲက လျို့ဝှက် ထုတ်ပြန်တဲ့ အမိန့်အရ အကြီးဆုံးအမေရိကန်တယ်လီဖုန်း Company တခုက တဆင့် ခုလို တယ်လီဖုန်းခေါ်ဆိုတဲ့ မှတ်တမ်းတွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။
    ယင်းအမိန့်ကို လျှို့ဝှက်ရုံးတော်မှ တရားသူကြီးတစ်ဦးက လက်မှတ်ရေး ထိုးခဲ့ကြောင်း၊ ပြည်တွင်းစစ်ဆေးမှုများ ဖြစ်ပေါ်လာ ဖွယ်မြင်ကြောင်း နှင့် ထောက်လှမ်း စစ်ဆေးရန် ထုတ်ပြန်ချက်များအနက် အကျယ်ပြန့်ဆုံး ဖြစ်ကြောင်း နေ့စဉ် သတင်းစာကဆိုသည်။
    ဆက်လက်၍ ဒီမိုကရက်တစ်လွှတ်တော်အမတ်များ ဖြစ်သော အော်ရီဂွန် မှ ရွန် ၀ှိင်းဒင် (Ron Wyden of Oregon) နှင့် ကိုလိုရာဒို မှ မာ့ခ် အူဒလ် (Mark Udall of Colorado) တို့က ရှေ့နေအဲရစ် ဟိုလ်ဒါ(General Eric Holder) သို့ ယမန်နှစ်က အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ခဲ့သည်။
    လျှို့ဝှက်ဥပဒေများဟာ သိသိသာသာကို ကွာခြားလွန်းနေပါတယ် ” ဟူ၍ ရေးသားထားခဲ့သည်ဟု ဖော်ပြထား၏။
    စာတွင် အမေရိကန်တစ်ဝှန်းရှိ လူ့အခွင့်အရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားသူများသည် မိမိနိုင်ငံသားပေါ်ထားရှိသော အမေရိကန်အစိုးရ၏ စုံစမ်းရေးကျင့်ဝတ်မှ သွေဖယ်နေကြောင်း သံသယပွားလျက်ရှိသည်။  လူပေါင်း ၃၀၀၀ ခန့် သေဆုံးစေခဲ့သည့် ၀ါရှင်တန်ဒီစီအနီး နှင့် နယူးယောက်မြို့၌ဖြစ်ပေါ်ခဲ့သော ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်  သံသယ ၀င်စရာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်၏နောက်ပိုင်း အမေရိကန် ဥပဒေပြုအမတ်များက စီးပွားရေး အကျိုးတူပူး ပေါင်းဆောင်ရွက် သူများအား ဥပဒေအောက်မှ အစောတလျင် ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်၏။
    ဥပဒေများကို ကသုတ်ကရက် ပြဌာန်းခဲ့သည်။ ဥပဒေရေးရာ ကျွမ်းကျင်သူများက  ၄င်းအရာသည် အခြေခံဥပဒေနှင့်မညီညွတ်သည့် အပြင် ပြည်သူတို့၏ မူလ လွတ်လပ်ခွင့်အားလည်း ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။
    ဘရင်နန် ဥပဒေဌာန (Brennan Center for Justice) ရှိ လွတ်လပ်ခွင့်နှင့် အမျိုးသားလုံခြုံရေး (Liberty and National Security Program) မှ တွဲဖက်ဒါရိုက်တာ အလစ်ဇဘက် ဂွိုက်တိန်း (Elizabeth Goitein) က “ ဒါဟာ တုန်လှုပ်စရာ ထုတ်ပြန်ချက်ဖြစ်တယ်။ အစိုးရက
    အမေရိကန်ရှိ အဖွဲ့အစည်းတွေကို သူတို့ရဲ့တည်နေရာများပါ မကျန်  စစ်တမ်းကောက်နေတာလို့ ဒီအချက်က ဖော်ပြနေပါတယ်။ အမေရိကန်ပြည်သူတွေ အချင်းချင်း ပြည်တွင်း ဆက်သွယ်ပြောဆိုချက်တွေဟာ ပြည်ပထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံတကာအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးတစ်ရပ်နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ် ပတ်သက်မှု ရှိနိုင်ပါ့မလဲ ” ဟု ပြောသွားခဲ့ကြောင်း သတင်း၌ဖော်ပြသည်။
    သတင်းမှ ထပ်မံဖော်ပြချက်များအရ    လူများကို ရုပ်ပုံများနှင့်တကွ ၄င်းတို့၏ မိတ်ဆွေများ၊ ပတ်သက်ဆက်နွှယ်သူများနှင့် ဆက်သွယ်မှု အားလုံး၏ကြာမြင့်ချိန် စသည့် အသေးစိပ် သတင်းအချက်အလက် အမြောက်အများကို NSA မှ ယခုထိတိုင် စုဆောင်းလျက်ရှိကြောင်း သိရသည်။
    ထို့ကြောင့် NSA စုံစမ်းရေးဌာနသည် အရေးပါသော ဖုန်းကုမ္ပဏီများ နှင့် အင်တာနက်ကုမ္ပဏီများမှ ယင်းသို့သော အချက်အလက်များ စုဆောင်းလျက်ရှိနေသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း အမေရိကန် ကိုယ်ပိုင်အခွင့်အရေး ထောက်ခံသူများမှ သတ်မှတ်ထားကြသည်။
    MFB/MFB
  • တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား
    တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား
    ဇွန်လ ၆၊ ၂၀၁၃
    M-Media
    ဆုံမှတ်
    ရန်ကုန် ။ ။ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် ဘာသာတစ်ခုနှင့်တစ်ခုအကြား အထင်အမြင်လွဲမှားပြီး အကြမ်းဖက်မှုဖြစ်ပေါ်လာစေရန် လှုံ့ဆော် ရန်စပြီး မိမိကိုယ်ကို အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါဟု လိမ်ညာပြောဆိုခဲ့မှုတစ်ခု ဇွန်လ(၄)ရက်ညက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
    ဖြစ်ပွားပုံမှာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အိုးဘို အရှေ့ရပ်ကွက်၊ သာဓု(၁)လမ်းတွင် ဟိန္ဒူဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦး ဖြစ်သော အသက် (၃၀)ကျော်အရွယ်ရှိ ဦးလှဝင်း(ခ)ရာန်ဆာမိ မှ ဇွန်လ ၄-ရက်နေ့ ည(၁၀)နာရီ ၀န်းကျင်ခန့်တွင် တစ်ဘာသာနှင့် တစ်ဘာသာ ချစ်ခင်လေးစားမူကို ပျက်ပြားစေကာ အထင်မြင်လွဲမှားပြီး အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် လှုံဆော် ရန်စသော အပြောအဆို အသုံးအနှုန်းသုံးကာ ပြဿနာရှာခဲ့ပြီး ရဲစခန်း၌ မိမိကိုယ်မိမိ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါဟု လိမ်ညာထွက်ဆိုခဲ့ကြောင်း သိရသည်။
    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ” အိုးဘို သာဓု (၁)လမ်းမှာ ဘယ်ကနေပြောင်းလာတဲ့ သူတွေတော့ မသိဘူး၊ သေချာတာကတော့ ကျွန်တော်တို့ မြို့က မဟုတ်ဘူး၊ ကျွန်တော်တို့ မြို့က ကျဉ်းတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုပြီး အကုန်လုံး သိကြတယ်၊ ၁၀-ရက်နေ့ညက ကိုလှဝင်းက သူ့မိန်းမနဲ့ သူတို့လင်မယားချင်း စကားများ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတော့ သူက လမ်းအပြင်ဘက် ထွက်လာပြီး ၉၆၉ ခွေးတွေ၊ ဘာညာ ဆိုပြီး ညစ်ညစ်ငြမ်းငြမ်း ဆဲတယ်လို့ သိရတယ်၊ အဲဒီမှာ သူ့ကို လူအယောက် တစ်ရာလောက် ၀ိုင်းလာပြီး ရိုက်မယ်၊ ထုမယ်၊ လုပ်တဲ့အချိန်မှာပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးရောက်လာပြီး နောက်ဆုတ်ပေးပါလို့ လူအုပ်ကြီးကို တားတယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။
    တွံ့တေးမြို့နယ် ရဲစခန်းရောက်တော့ အဲဒီ့ ဦးလှဝင်းဆိုတဲ့ လူက သူကိုယ်သူ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါလို့ ပြောတယ်။ အဲဒါကို ကြားတော့ မြို့က အစ္စလာမ်ဘာသာဝင် တစ်ယောက်၊ နှစ်ယောက်က ရဲစခန်းကို သွားရောက်ပြီး အဲဒီ့လူကို တွေ့ခွင့်ပေးပါလို့ ခွင့်တောင်းပြီး ဖြေရှင်းပေးဖို့ သွားတယ်။ အဲဒီ့ မြို့က အစ္စလာမ် ဘာသာဝင်က ဘာလို့ အဲလိုလုပ်ရတာလည်းလို့ ဆဲဆိုရန်စသူကို မေးကြည့်မယ်ဆိုပြီး သွားတာလို့ သိရပါတယ်၊ သူပြောရင် သူ့အပြစ်လုပ်ရင် ကိုယ်ဘာသာခံရမယ်ပေါ့၊ အဲဒီလူကို သွားရောက်မေးမြန်းတဲ့ သူက ‘မင်းဘာလို့ အဲလိုလုပ်တာလဲ၊ မင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ၊ ရန်စရှိလို့လားလို့ မေးတယ်၊ အဲဒီလူက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူးတဲ့၊ ဒါဆို ဘာလို့ ၉၆၉ ဆိုတာကို ကိုင်ပြီး ဆဲရတာလဲ၊ ကိုယ့်မိန်းမနဲ့ကိုယ်ရန်ဖြစ်တာ အိမ်မှာ မိန်းမကို ဆဲချင်ဆဲပေါ့၊ ဘာလို့ အပြင်က မဆိုင်တဲ့ သူများတွေကို ဆဲရတာလဲ လို့ပြောတယ်။ အဲဒီလူက ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိဘူး၊ ဘယ်လိုပြောရမှန်း မသိတော့ပါဘူး လို့ပြန်ပြောတယ် လို့အပြန်အလှန်စကားပြောကြတယ်။
    အဲဒီမှာ သွားတွေ့တဲ့ ပုဂ္ဂိုလ်က မသင်္ကာဖြစ်လာတယ်။ သူ့မှာလည်း ဘာသာပေါင်းစုံက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းစုံတယ်။ အဲဒီလူရဲ့ လေသံတွေကလည်း မွတ်စလင်မ် တစ်ယောက်ရဲ့ ပြောဆိုနေကြ အသံမဟုတ်ဘူး။ အဲဒီမှာ မင်း အာအုဒုလိလ္လာ ဗစ္စမိလ္လာဟ် ဖတ် ဆိုတော့ သူက ‘ အန် ‘တဲ့၊ ဖတ်ခိုင်းတော့ မဖတ်တတ် ဖြစ်နေတယ်၊ အဲဒါနဲ့ ကျွန်တော်က ကလီမာ(အစ္စလာမ်ဘာသာဖြစ်ရန် သက်သေယုံကြည့်ချက်) ထပ်ဖတ်ခိုင်းတယ်၊ မဖတ်နိုင်ဘူး ဖြစ်နေတယ်၊ သူရဲ့ အာရဗီ နာမည် ကဘာလဲ ဆိုတော့ ရာန်ဆာမိ လို့ ပြန်ဖြေတယ်လို့ သိရတယ်။ ဒါနဲ့ သွားတွေ့တဲ့ ပုဂ္ဂိုလ်က ဒီနာမည်က အာရဗီနာမည်မှ မဟုတ်တာ၊ ဟိန္ဒူ နာမည်ကြီးပဲလို့ ပြန်ပြောတယ်လို့ သိရတယ်၊ အဲဒါနဲ့ အဲဒီလူက မင်းကွာ ဘာလို့ တဖက်သားကို ဘာလို့ အဲလိုလုပ်တာလည်း။ မင်းကြောင့် အပြစ်မရှိတဲ့ သူတွေအားလုံး ဒုက္ခရောက်သွားနိုင်တယ်။ အမှန်အတိုင်းပြောပါကွာ လိမ်လည်တာ မကောင်းပါဘူး။ အမှုလည်း ပိုကြီးသွားလိမ့်မယ်လို့ပြောတယ်။ အဲဒီတော့မှ ဦးလှဝင်းဆိုသူက ဟုတ်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က ဟိန္ဒူ ဗုဒ္ဓဘာသာပါလို့ ပြန်ပြောတယ်လို့ သိရပါတယ်၊ သူ့ကို အရင်က ဘယ်မှာနေတာလဲဆိုပြီးမေးတော့ ကျွန်တော် အရင်က လှိုင်သာယာမှာနေတာပါ၊ ဒီကို ဘာလာလုပ်တာလည်းဆိုတော့ အဲဒီလူက သူဒီမှာ ပေ-၄၀ ပေ-၆၀ မြေကွက် ၀ယ်ထားတယ်။ အဲဒါနဲ့ လာနေတာတဲ့။ သူ့ကို မနက်က ထမင်းလာပို့တဲ့သူတွေကတော့ ဒီမြို့က မျက်နှာသိတွေပဲလို့ ပြောတယ်။
    ထူးထူးခြားခြားအနေနဲ့ ကျွန်တော်တို့ မြို့မှာ ဒီနေ့ မနက်က မြို့က မဟုတ်တဲ့ တစိမ်း ဟိန္ဒူ ဗုဒ္ဓဘာသာတစ်ယောက် ထပ်ရောက်နေတာကို ကျွန်တော်ကိုယ်တိုင် သတိထားပြီး တွေ့မြင်ရပါတယ်၊ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က စစ်တပ်ကိုလည်း သတင်းပို့ထားတယ်၊ ရဲစခန်းကိုရော၊ မယက ကိုရော ကျွန်တော်တို့ အကြောင်းကြားထားပါတယ်”ဟု ပြောပြလာပါတယ်။
    ယခုတလော မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ မိမိဒေသခံမဟုတ်ပဲ အခြားဒေသမှရောက်ရှိလာသူနေများအနေနှင့် မြို့ရွာအတွင်း ပြဿနာများဖြစ်ပွားအောင် လှုံ့ဆော်ဖန်တီးနေမှုများ များစွာကြားသိတွေ့ရှိနေရပါတယ်။ ဒါကြောင့် မိမိရပ်ရွာ ဒေသအတွင်း အကြမ်းဖက်ရန် လှုံ့ဆော်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းသင့်ကြောင်း သုံးသပ်လိုက်ရပါတယ်။
  • ဇွန် ၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၆၊ ၂၀၁၃
    M-Media
    အီရန်နိုင်ငံသူ သိပ္ပံပညာရှင် တစ်ဦး UNESCO လူငယ် သိပ္ပံပညာရှင်ဆုကို ဆွတ်ခူးရရှိ
    သက်ရှိများမျိုးမတုံးစေရန် ကာကွယ်စောင့်ရှောက်သည့် ဇီ၀၀န်းကျင်ရေရှည် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု (Management of Biosphere Reserve) ၌   ထူးချွန်စွာစွမ်းဆောင်ပေးဆပ်နိုင်မှုများကြောင့် အီရန်နိုင်ငံသူ သိပ္ပံပညာရှင်တစ်ဦးအား ၂၀၁၃ UNESCO လူငယ်သိပ္ပံပညာရှင်ဆုအားပေးအပ်ခဲ့သည်။
    Read More
    ———————
    ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ဆွေးနွေးမည် SEOUL, South Korea (AP)
    တောင် နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံသည် အကျိုးတူ ပူးတွဲ လုပ်ဆောင်သည့် စက်ရုံများ ပြန်လည် ဖွင့်လှစ်ရန် နှင့် အခြားကိစ္စများကို ဆွေးနွေးရန် အင်္ဂါနေ့က သဘောတူခဲ့သည်။
    Read More
    ——————————-
    အမေရိကန်နိုင်ငံ၊၊ ဖီလားဒဲလ်ဖီးယားမြို့ တွင် အဆောက်အဦးပြိုကျ
    အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့ တွင် ၄ ထပ် အဆောက်အအုံ တခုပြိုကျခဲ့ရာ  အနည်းဆုံး လူ ခြောက်ဦးသေဆုံး၍ ၁၄ဦးဒါဏ်ရာရရှိခဲ့သည်။
    Read More
    ——————————-
    အာဖဂန်အရပ်သား ၁၆ဦးကို သတ်ခဲ့သော အမေရိကန် စစ်သား သေဒဏ်မှ လွတ်မြောက်
    ၂၀၁၁ ခုနှစ် မတ်လ က အာဖဂန်မှ အရပ်သား ၁၆ ဦးကို ပစ်သတ်ခဲ့သည့် အမှုအတွက် သေဒဏ် ချမှတ်ခံထားရသော အသက် ၃၉ နှစ် အရွယ်ရှိ အမေရိကန် စစ်သား Robert Bales ကို တရားရုံးမှ ၎င်း၏ အယူခံကို လက်ခံ၍ ပြစ်ဒါဏ်ကို လျှော့ပေါ့ပေးလိုက်ကြောင်းသိရသည်။
    Read More
    ——————————-
    ဂါနာနိုင်ငံတွင် တရားမဝင် ရွှေတူးသူ တရုတ်လူမျိုးများကို ဖမ်းဆီး
    ဂါနာနိုင်ငံတွင်  တရားမဝင် ရွှေတူးသူ များကို ဖမ်းဆီးရာတွင် တရုတ်လူမျိုး ၁၂၄ ပါဝင်သည်ဟုဆိုသည်။
    Read More
    ——————————-
    ဂျပန် နျူကလီးယားဓါတ်ပေါင်းဖို ယိုစိမ့်မှုဖြစ်
    ၂၀၁၁ မတ်လက ဆူနာမိရေလှိုင်းဒါဏ်ကြောင့်ပျက်စီးခဲ့ရသော ဖူကူရှီးမား နျူကလီးယားဓါတ်ပေါင်းဖို တွင် ယခင်လက တပ်ဆင်ခဲ့သော ရေဒီယို ဓါတ်ကြွ ရေလှောင်ကန်မှ ယိုစိမ့်နေသဖြင့် ချွတ်ယွင်းမှုကို အမြန်ဆုံး အဖြေရှာလျက်ရှိသည်။
    Read More
  • ဘယ်ရွေးကောက်ပွဲ ပုံစံကို ရွေးကြမလဲ
    ဇွန် ၅ ၊ ၂၀၁၃
    ဆောင်းပါးရှင်-အောင်တင်
    vote
    PR (Proportional Representation) ရွေးကောက်ပွဲစနစ်ဆိုတာ တစ်နိုင်ငံလုံးက မဲပေးပွဲတွေ အကုန်ပြီးလို့ ပါတီအလိုက်ရတဲ့ မဲတွေစုစုပေါင်းကို မဲဆန္ဒနယ်မြေတွေ အားလုံးပေါင်းစည်း တွက်ချက်ပြီးမှ ပါတီတစ်ခုချင်းက ရထားတဲ့ စုစုပေါင်း မဲအချိုးအလိုက် အမတ်ခွဲတမ်း ချပေးတဲ့စနစ်ဖြစ်တယ်။ ပါတီတွေက မိမိရတဲ့ အမတ်ဦးရေအလိုက် မိမိပါတီသဘောကျ အမတ်အမည်စာရင်းကို အပြီးသတ် ရွေးချယ်တဲ့စနစ်ရှိသလို၊ မိမိပါတီတွင်းက လူထုထောက်ခံမဲ ပိုရသူတွေကိုသာ သက်ဆိုင်ရာ ပါတီရဲ့ ခွဲတမ်းဘောင်အတွင်းက ပေးအပ်တာမျိုးလည်း ရှိပါတယ်။ စနစ်ဟောင်းလို မဲပေးပြီးတာနဲ့ အနိုင်ရသူ ဦးဖြူ ဦးနီဆိုပြီး ချက်ချင်းမသိနိုင်လို့ အားရစရာ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။
    PR စနစ်သစ်ကို မြန်မာပြည်သူတွေ အတွေ့အကြုံ မရှိသေးတဲ့အတွက် ရှုပ်ထွေးတယ်လို့ ပြောကြပေမဲ့ တစ်ကယ်တော့ မဲပေးရတဲ့ ပြည်သူတွေအဖို့က မဲပေးတဲ့အခါမှာ ရှုပ်ထွေးစရာ အကြောင်းမရှိပါဘူး။ စနစ်ဟောင်းအတိုင်းဘဲ ကိုယ်ကြိုက်တဲ့ ပါတီ (သို့မဟုတ်) ကိုယ်ကြိုက်တဲ့လူ (ပါတီအမည်နဲ့ တွဲထားပေးတယ်)ကိုဘဲ မဲခြစ်လိုက်ရတာပါဘဲ။ ထူးခြားတာက စနစ်ဟောင်းလို ဒီမဲရုံမှာ မဲနိုင်တိုင်း အမတ်တန်းမဖြစ်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက မဲတွေပေါင်းပြီးမှ မဲရတဲ့ရာခိုင်နှုံးအရ အမတ်ခွဲတန်းရတာမို့ မဲဆန္ဒနယ်မြေတစ်ခုမှာ နိုင်လိုက်တိုင်း အမတ် ချက်ချင်းမဖြစ်ပါဘူး။ PR စနစ်ကို တိုင်းပြည်တွေရဲ့ အခြေအနေအလိုက် အနည်းငယ်ခြားနားပြီး ကျင့်သုံးတာမျိုးလည်း ရှိပေမဲ့ အခြေခံသဘောက အတူတူဖြစ်ပါတယ်။
    လက်ရှိကျင့်သုံးနေတဲ့ BV (Bloc Voting or Winner Takes All) ရွေးကောက်ပွဲစနစ်က မဲဆန္ဒနယ်မြေမှာ တစ်မဲအသာနဲ့ဘဲ နိုင်နိုင် နိုင်တဲ့လူကို ချက်ချင်းရွေးချယ်လိုက်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ကျင့်သားရတဲ့ စနစ်ဖြစ်ပါတယ်။ နိုင် ပြုံး၊ ရှုံး မှိုင်၊ ရော့ ပတ္တမြား၊ ရော့ နဂါးစနစ်ဖြစ်တယ်။
    ဘယ်စနစ်မဆို အားသာချက် အားနဲချက်ရှိတတ်တာမို့ အသစ်ပုံစံဖြစ်တဲ့ PR စနစ်သစ်ကို သုံးသုံး၊ လက်ရှိကျင့်သုံးနေတဲ့ BV စနစ်ဟောင်းကို သုံးသုံး အကျိုး အပြစ်၊ အားသာချက်၊ အားနဲချက်က နှစ်မျိုးလုံးမှာ ရှိပါတယ်။ အကျိုးချည်းဘဲ ရှိတဲ့စနစ်၊ အပြစ်ချည်းဘဲ ရှိတဲ့စနစ်ဆိုတာ လောကမှာ မရှိစကောင်းပါဘူး။ ရောဂါပျောက်အောင် သောက်တဲ့ဆေးမှာတောင် ဘေးထွက် ဆိုးကျိုးဆိုတာ ရှိနေတတ်ပါတယ်။
    သို့သော် ဘယ်စနစ်ကို ကြိုက်သလဲဆိုတာက ဘယ်စနစ်ကို သုံးရင် ကိုယ့်ပါတီက ပိုအကျိုးရှိမလဲဆိုတဲ့ ပေတံနဲ့ တိုင်းပြီး နိုင်ငံရေးပါတီတွေက ကြိုက်တယ်၊ မကြိုက်ဘူးပြောကြတာကိုး။ ဒါကြောင့် ပါတီအသီးသီးက မိမိအကျိုးစီးပွါးအလိုက် ကြိုက်သူရှိသလို မကြိုက်သူရှိကြမှာပါ။ တစ်ကယ်တော့ နိုင်ငံရေး ပြသနာဆိုတာ အရင်းစစ်ရင် အကျိုးစီးပွါး ပြသနာကို လူကြားကောင်းအောင် နိုင်ငံရေးဆိုတဲ့ နာမည်လှလှလေး ပေးထားတာဘဲ မဟုတ်ပါလား။ လူထုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံနဲ့ လူတစ်စုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံ တူနိုင်ပါ့မလား။
    ယနေ့ပြောနေကြတဲ့ ရွေးကောက်ပွဲ စနစ်သစ်PR အကြောင်းကို နားလည်လွယ်အောင် ဥပမာပေးကြည့်ချင်ပါတယ်။ တစ်ကယ်လို့ PR စနစ်သစ်ကိုသာ ၁၉၉၀ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့မယ်ဆိုရင် အင်အယ်လ်ဒီက အမတ်နေရာ ၈၂%ကို ရခဲ့မှာ မဟုတ်ဘူး။ သူ့နောက်က လူထုထောက်ခံမဲ အရေအတွက် ကပ်လိုက်နေတဲ့ တစညကလည်း လူထုထောက်ခံမဲ ရသလောက် အမတ်နေရာ ခွဲတမ်းရမှာမို့ အင်အယ်လ်ဒီက အမတ် ၄၅%သာ ရပြီး (၈၂% မရတော့ဘူး။) ရွေးကောက်ပွဲ စနစ်ဟောင်းအရ မဲအပြတ်ရှုံးနေတဲ့ တစညက ရွေးကောက်ပွဲ စနစ်သစ်မှာ အမတ် ၃၅% ရသွားနိုင်တဲ့အတွက် အပြတ်ရှုံးမဲ့အစား အင်အယ်လ်ဒီကို ပုခုန်းချင်း ယှဉ်နိုင်မယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ စနစ်ဟောင်းအရ အမတ်အင်အားချိနဲ့သွားခဲ့တဲ့ တစညဟာ စနစ်သစ်အရ သူ့ကိုထောက်ခံခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်မှာ အင်နဲ့အားနဲ့ ဆက်လက်ကိုယ်စားပြု ထမ်းဆောင်ခွင့် ရသွားမှာဖြစ်တယ်။
    တစ်ဖန် ၁၉၉၀ရွေးကောက်ပွဲကို စနစ်သစ်အရ ကျင်းပခဲ့ပြီး အင်အယ်လ်ဒီက အမတ်များဆဲမို့ အစိုးရသာဖွဲ့ခွင့် ရခဲ့မယ်ဆိုရင်လည်း အမတ် ၄၅%သာရတော့တဲ့ အင်အယ်လ်ဒီက သူ့တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်တဲ့အတွက် အစိုးရဖွဲ့ဖို့ ပါတီငယ်တွေရဲ့ ထောက်ခံမှုကို ယူရမယ်။ ဒါကြောင့် ပါတီငယ်တွေရဲ့ ဆန္ဒသဘောထားကို အစိုးရဖွဲ့မဲ့ ပါတီကြီးက မလဲမသွေ ထဲ့စဉ်းစားပေးရမှာမို့ PR စနစ်ကို အားကောင်းတဲ့ ပါတီကြီးတွေက ကြိုက်တတ်တဲ့ သဘောမရှိဘူးလို့ ပြောနိုင်တယ်။ ဒီအတိုင်းဘဲ အားနည်းတဲ့ ပါတီငယ်တွေက မိမိရဲ့ လူထုထောက်ခံမှု တစ်မဲကိုတောင် အလဟသမဖြစ်စေတဲ့ စနစ်သစ်ကို ပိုကြိုက်တတ်တဲ့ သဘောရှိတယ်လို့ ပြောနိုင်ပါတယ်။
    နောက်ဥပမာတစ်ခု ထပ်ပေးပါမယ်။ တစ်ချို့ပါတီတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်အားကြီးပါတီ မဟုတ်သော်လည်း သူတို့ကို ထောက်ခံတဲ့ပြည်သူတွေက နိုင်ငံအနှံ့ မဲဆန္ဒနယ်မြေ အများအပြားမှာ အထိုက်အလျောက် ရှိနေတယ်ဆိုပါစို့။ အဲဒီလို ပါတီမျိုးတွေဟာ စနစ်ဟောင်းအတိုင်းသွားရင် လာမဲ့ရွေးကောက်ပွဲမှာ သူတို့တွေဟာ သူတို့ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲ ၁၀%၊ ၂၀%၊ ၃၀%ကနေ ၄၉%လောက်ဘဲရနေရင် လူထုထောက်ခံမှု တစ်စုံတစ်ရာ ရှိပင်ရှိနေငြားသော်လည်း တစ်ကယ်တန်းကျတော့ အမတ်တစ်ယောက်မှ မရဘဲ မျိုးပြုတ်သွားမဲ့ အန္တရာယ်ရှိနေပါတယ်။ PR ရွေးကောက်ပွဲ စနစ်သစ်အရဆိုရင် သူတို့ရခဲ့သမျှမဲ ၂၀%ဖြစ်ဖြစ်၊ ၅%ဖြစ်ဖြစ်၊ ၁%ဘဲဖြစ်ဖြစ် ရသလောက်မဲတွေကို နောက်ဆုံးမှာ စုပေါင်းလိုက်ပြီး ရတဲ့အချိုးအတိုင်း အမတ်ခွဲတမ်းရမှာဆိုတော့ မျိုးမပြုတ်တော့ဘဲ အမတ်အနဲဆုံး တစ်ယောက်ဖြစ်ဖြစ် ရနိုင်တဲ့ အခွင့်အလန်းရှိနေနိုင်တယ်။
    တစ်ကယ်လို့ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဦးသိန်းညွန့်တို့လို ပါတီတွေက သူတို့ရဲ့အနေအထားက အဲဒီလို အခြေအနေမျိုးမှာ ရှိနေတယ်လို့ ယုံကြည်ကြရင် အနယ်နယ် အရပ်ရပ်သော မဲဆန္ဒနယ်မြေတွေက လူထုထောက်ခံမှုမဲ စုစုပေါင်းအပေါ်မှာ မူတည်ပြီး အမတ်ခွဲတမ်းချပေးတဲ့ စနစ်သစ်ကို သဘာဝကျစွာဘဲ ထောက်ခံကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ စနစ်ဟောင်းအတိုင်းသွားရင် အမတ်တစ်ယောက်မှ မရတဲ့အနေအထားကနေ စနစ်သစ်အရ အမတ်အချို့ကို ရလာနိုင်ကြမယ်။ ဒါမှလဲ သူတို့ပါတီရဲ့ မူဝါဒကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ အကျိုးကို လွှတ်တော်မှာ ကိုယ်စားပြု ပြောဆိုနိုင်ခွင့် ရလာမှာဖြစ်ပါတယ်။
    တစ်ချို့ပါတီတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အတိုင်းအတာနဲ့ဖြစ်ဖြစ် မဲဆန္ဒနယ်မြေတွေမှာ ဖျမ်းမျှခြင်းအားဖြင့် မဲပေးသူ အများစု (သို့မဟုတ်) တစ်ဝက်ကျော်က သူတို့ကို ထောက်ခံနေကြတယ်လို့ ယုံကြည်ကြရင် တစ်မဲပိုရတာနဲ့ အမတ်ဖြစ်သွားတဲ့ လက်ရှိစနစ်ကို ပိုကြိုက်ကြမှာဖြစ်တယ်။ ဒါမှလည်း သူတို့ပါတီက အခြားပါတီငယ်တွေကို မဲရတဲ့အရေအတွက် အချိုးအရ အမတ်ခွဲတန်း ခွဲဝေပေးစရာမလိုဘဲ အမတ်အင်အားများများ သပိတ်ဝင် အိတ်ဝင် ချက်ချင်းရလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ အင်အားကောင်းနေတဲ့ အင်အယ်လ်ဒီ အပါအဝင် ဒေသဆိုင်ရာမှာ လူထုထောက်ခံမှု အားကောင်းတဲ့ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်စတဲ့ ပါတီတွေက လက်ရှိမဲပေးပုံစနစ်ကိုဘဲ ကြိုက်ကြမယ်ဆိုရင် သဘာဝ ကျပါတယ်။ တစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေကို အင်အားကောင်းကောင်း အရှိန်အဟုန်နဲ့ လုပ်နေချင်တဲ့ အင်အယ်လ်ဒီအတွက်ကတော့ စနစ်ဟောင်းက သူ့အတွက် ပိုလက်တွေ့ကျနေပါတယ်။ ဒါကြောင့်လဲ တနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်နဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲစနစ်သစ်PRကို လက်မခံနိုင်ကြောင်း၊ စနစ်ဟောင်းကိုဘဲ ကြိုက်ကြောင်း အင်အယ်လ်ဒီအမတ် ဦးဝင်းထိန် ပြောခဲ့ပါတယ်။
    ဆိုတော့ လာမဲ့ရွေးကောက်ပွဲက စနစ်ဟောင်းအတိုင်း သွားမလား။ စနစ်သစ်ကို ရွေးမလားဆိုတာ တွက်ချက်ကြည့်ရအောင်။
    ဒီအခါမှာ ရွေးကောက်ပွဲစနစ်ကို ဘယ်သူက ဆုံးဖြတ်ရွေးချယ်နိုင်ခွင့် ရှိသလဲဆိုတဲ့ မေးခွန်းကို အရင်ဆန်းစစ်ဖို့ လိုလာပါပြီ။
    တိုတိုပြောရရင် လက်ရှိ အနေအထားအရ ကြံ့ဖွံ့က တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ထားတာဖြစ်လေတော့ ဘယ်စနစ်ကို ရွေးမလဲဆိုတာ ကြံ့ဖွံ့ပေါ်မှာဘဲ လုံးလုံးလျားလျားတည်နေတယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ဒါကြောင့် ကြံ့ဖွံ့က သူ့အတွက် ဘယ်စနစ်ကအကျိုးရှိမလဲ၊ အကျိုးဆုတ်မလဲ ဆိုတာပေါ်မှာ မူတည်ပြီး မဲပေးပုံစနစ်ကို လာမဲ့ရွေးကောက်ပွဲမှာ ရွေးချယ်ကျင့်သုံးမှာက သေချာနေပါတယ်။
    ကြံ့ဖွံ့ ဘယ်လိုတွက်မလဲဆိုတာကို ဆက်စဉ်းစားကြရအောင်။
    (၁) တစ်ကယ်လို့ လာမဲ့၂၀၁၅ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက ၁၉၉၀ရွေးကောက်ပွဲတုန်းကလို၊ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို တစ်မဲအသာနဲ့ဖြစ်ဖြစ်၊ မဲအပြတ်နဲ့ဘဲဖြစ်ဖြစ် မဲဆန္ဒနယ်တွေမှာ သိမ်းကြုံးအနိုင်ယူနိုင်တဲ့ အနေအထားရှိနေတယ်လို့ ကြံ့ဖွံ့က ယုံကြည်ရင် ဘယ်နိုင်ငံရေးပါတီက ကိုယ့်သေလမ်းကိုယ်ရွေးပြီး ကိုယ့်အမတ်တွေ မျိုးပြုတ်ကုန်မဲ့ စနစ်ဟောင်းကို ဆက်လက်ဖက်တွယ်နေမှာလဲ။ Do or Die ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဟန့်တားကာကွယ်ဖို့က တစ်နိုင်ငံလုံးမှာ လူထုထောက်ခံမှု အင်အားအတော်အသင့်ရှိနေတဲ့ ကြံ့ဖွံ့အတွက် ရွေးကောက်ပုံစနစ်သစ် (PR) ကို မလွဲမသွေ ရွေးချယ် ဆုံးဖြတ်ရမှာဘဲ။
    (၂) အကယ်၍ ကြံ့ဖွံ့က အင်အယ်လ်ဒီကို တရားတဲ့နည်းအရဖြစ်စေ၊ မတရားလုပ်လို့ဖြစ်စေ မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင် အနိုင်ကြဲနိုင်တယ်လို့ ယူဆနေသေးရင်တော့ လက်ရှိမဲပေးပုံစနစ်ဟောင်း(BV)ကိုဘဲ သူဆက်ရွေးမှာပါ။
    စာဖတ်သူ မိတ်ဆွေက ဘယ်လိုထင်ပါသလဲ။
    ကျနော့အမြင်မှာ အင်အယ်လ်ဒီဟာ ၁၉၉၀က ပုံစံမျိုးလို အပြတ်အသတ် အနိုင်ရမှုမျိုးကို စိတ်ကူးမယဉ်နိုင်သော်လည်း လက်ရှိမဲပေးပုံ စနစ်ဟောင်းအတိုင်းဆိုရင် ပြည်မမဲဆန္ဒနယ်မြေတွေမှာ ကြံ့ဖွံ့ကို အလဲထိုးနိုင်တယ်လို့ ယုံကြည်တာမို့ ကြံ့ဖွံအတွက်က စနစ်သစ်ဖြစ်တဲ့ PR ကို မလွဲမသွေ ရွေးချယ်မယ်လို့ ယူဆမိပါတယ်။
    အောင်တင်
    ဇွန်လ ၅၊ ၂၀၁၃
    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • ရခိုင်ပြည်နယ်က မွတ်စလင်တွေ ကလေး ၂ယောက်သာ ယူရန် ဥပဒေကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် RFA မေးမြန်းခန်း
    ဇွန်လ-၆၊၂၀၁၃
    Source: RFA
    ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံး တန်းတူဖြစ်ရမယ်လို့ ပြောကြား
    DASSK
    ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင် တွက်ဆပြီး ဖြစ်ပါတယ်။
    ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
    “ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေတစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး”
    RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
    တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ် သဘောထားကို မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
    “ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့”