News @ M-Media
Blog
  • ဇွန်-၁၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၁၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၁၊၂၀၁၃
    M-Media
    အိုကလာဟိုးမား လေဆင်နှာမောင်း တိုက်ခတ်မှု ၅ဦးသေဆုံး
    စနေနေ့ မနက်ပိုင်း မုန်တိုင်းတိုက်အပြီး သတင်းများအရ ၅ဦးသေဆုံးပြီး ၅၀ဦး ဒါဏ်ရာရခဲ့သည်။ မုန်တိုင်းနှင့်အတူ ရေကြီးခဲ့ပြီး အပျက်အစီးစာရင်းကို အသေးစိတ် မသိရသေးပေ။
    http://www.usatoday.com/story/weather/2013/06/01/tornadoes-oklahoma-midwest-plains/2379203/
    **********
    Google Glass တွင် မျက်နှာသိရှိမှတ်သားနိုင်မှု စံနစ် ထည့်သွင်းမည် မဟုတ်
    ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ထိပါးစေနိုင်မည့် ပူပန်မှုများကြောင့် Google ၏ ထုတ်ကုန်သစ် Glass တွင် မျက်နှာသိရှိမှတ်သားနိုင်မှု စံနစ် ထည့်သွင်းမည် မဟုတ်ကြောင်း သိရသည်။
    http://news.cnet.com/8301-17938_105-57587181-1/google-nixes-facial-recognition-in-glass-for-now/
    **********
    ဖိလစ်ပိုင်နိုင်ငံသည် ဗိုင်းရပ်စ် အသစ်ကိုတားဆီးရန် စီစဉ်
    SARSနှင့် အလားသဏ္ဌာန်တူသော အသက်ရှုလမ်းကြောင်းကို ထိခိုက်စေသည့် ဗိုင်းရပ်စ် အသစ်ကိုတားဆီးရန် WHO နှင့် ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။
    http://news.xinhuanet.com/english/health/2013-06/01/c_132424431.htm
    **********
    အာဂျစ်တီးနားမှ အဆုတ်ကင်ဆာ ကာကွယ်ဆေး ဖော်ထုတ်
    အာဂျစ်တီးနား ဆေးသိပ္ပ ပညာရှင်များက အဆုတ်ကင်ဆာ ကာကွယ်ဆေး ကို အောင်မြင်စွာ ဖော်ထုတ် နိုင်ခဲ့သည်ဟုဆိုသည်။
    http://news.xinhuanet.com/english/world/2013-06/01/c_132423260.htm
    **********
    မနီလာတွင် ပေါက်ကွဲမှုဖြစ်
    သောကြာနေ့ ညပိုင်းက အိမ်ယာ အဆောက်အဉီးတစ်ခုတွင် ကြီးမားသော ပေါက်ကွဲမှု ဖြစ်ခဲ့ရာ ခြောက်ဦးသေဆုံးခဲ့သည်။
    http://www.independent.co.uk/news/world/asia/six-killed-in-explosion-in-manila-apartment-complex-8640541.html
  • မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများပြုလုပ်နေ
    ဇွန်လ-၁၊ ၂၀၁၃
    M-Media
    ရှမ်းကိုကို(မူဆယ်)
    မူဆယ် ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ၉၆၉ အဖွဲ့အား တရားဝင်သည်ဟု မြို့နယ် သာသနာရေးမှူးကိုယ်တိုင်ပြောဆိုခဲ့ပြီး မွတ်စလင်မ်များကိုလည်း လိုက်လံ စည်းရုံးပြောဆိုနေကြောင်း သတင်းရရှိသည်။
    1
    Photo Wirthu FB
    မေလ ၂၀-ရက်နေ့မှ ၂၄-ရက်နေ့ အထိ မူဆယ်တွင်ကျင်းပခဲ့သော “၉၆၉ တရားပွဲ”
    မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများ လွန်စွာအားကောင်းနေပြီး စီးပွားရေးခိုင်မာတောင့်တင်းသူများမှ ယင်းလှုပ်ရှားမှုကို ဦးဆောင်မှု့ပေးနေပါတယ်။ ၉၆၉ အဖွဲ့ဝင်ပါက ဆိုင်ကယ်တစ်စီးပေးမည်ဟု မဲဆွယ်သတင်းလွှင့်မှုများ ရှိနေပြီး ၉၆၉ အဖွဲ့ဟုဆိုတာ မူဆယ်မြို့အ၀င် လွယ်တိမ်ခမ်းဘုရားကုန်းပေါ်တွင် ရုံးခန်းဖွင့်လှစ်ပြီး လှုံ့ဆော်နေကြောင်းသိရပါတယ်။ ၉၆၉ အဖွဲ့ ဥက္ကဌမှာ နောင်ရိုးကွမ်းယာပိုင်ဆိုင်ရှင်ဖြစ်ပြီး အဆိုပါကွမ်းယာ ဆိုင်ပိုင်ရှင်သည် ကွမ်းယာဆိုင်ဖွင့်ထားသော်လည်း အခြားသော စီးပွားရေးလုပ်ငန်းများဖြင့် မူဆယ်တွင် လူချမ်းသာ စာရင်းဝင်များဖြစ်ပါသည်။ ယင်း ၉၆၉ အဖွဲ့သည် တရားဝင်ဖြစ်ကြောင်းပြောဆိုပြီး မြို့နယ် သာသနာရေးမှူးမှ မွတ်စလင်မ်များအား လိုက်လံစည်းရုံးပြောဆိုနေကြောင်းလည်း သိရသည်။
    “မေ ၃၀-ရက်နေ့ကစတင်၍ မူဆယ်တွင် ပြဿနာဖြစ်စေရန် ဖန်တီးနေသော်လည်း ဒေသခံရှမ်းတိုင်းရင်းသားမှ ၀င်ရောက်ကာကွယ်ပေးနေမှုကြောင် အကြမ်းဖက်မှု မအောင်မြင်ခြင်းကို ၉၆၉ အဖွဲ့များက မကျေနပ်မှုများရှိနေကြပါတယ်။
    မြန်မာပြည်မမှ ရှမ်းပြည်နယ်သို့ လာရောက်စီးပွားရှာနေသော ဗမာများကို ဆူပူမူဖြစ်အောင်ဆက်လက် ဖန်တီးမည်ဆိုပါက ရှမ်းပြည်ပြင်ပသို့ မောင်းထုတ်သွားမည်ဟု ဒေသခံရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကပြောပါတယ်။ လက်ရှိမူဆယ်မြို့မှ ဒေသခံမွတ်စလင်တို့မှာ တရုတ်ပြည် ရွှေလီ ကျယ်ခေါင်မြို့များသို့ သွားရောက်တိမ်းရှောင်ခိုလှုံနေကြရပါတယ်”လို့ ဟုလည်း မူဆယ်မြို့ခံတဦးက ဖုန်းဖြင့် M-Media ကို အသိပေးအကြောင်းကြားလာပါတယ်။
  • ရီးရဲလ်မက်ဒရစ် မှ UAE အခြေစိုက် အီမီရိတ်စ် လေကြောင်းလိုင်း တံဆိပ် အင်္ကျီ ဝတ်ရန် စပွန်ဆာ စာချူပ်ချုပ်
    ဇွန်-၁၊၂၀၁၃
    M-Media
    မက်ဒရစ်: အီမီရိတ်စ်လေကြောင်းလိုင်း (Emirates airline) ၏ စပွန်ဆာ အားကစားဝတ်စုံအား ဘောလုံးရာသီ ၅ ရာသီခန့် ၀တ်ဆင်ရန် ရီးရဲလ်မဒရစ်အသင်းမှ သဘောတူညီခဲ့သည်။
    Emirates
    “ ကမ္ဘာကျော် အမှတ်တံဆိပ်နှစ်ခုအဖို့ ကာလ အသစ်တစ်ရပ်ဖြစ်ပြီး၊ ကျွန်တော်တို့ကိုလည်း အောင်မြင်မှုအသစ်တွေကို သယ်ဆောင်ပေးပါလိမ့်မယ် ” ဟု ရီးရဲလ်မဒရစ်ကလပ် အသင်းဥက္ကဌ ဖလိုရန်တီနို ပါရဇ် (Florentino Perez) မှ ကြာသပတေးနေ့၊ ဗာနဗြူး (Bernabeu) အားကစားရုံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ပြိုင်ဖက်မရှိ ရွေးချယ်မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး နောက်အပတ်အတွင်း၌ ဥက္ကဌနေရာကို ဆက်လက်တာဝန်ယူသွားမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ပါရဇ်က “ ကလပ်၏ သမိုင်းကြောင်းတွင် ချုပ်ဆိုခဲ့သောစာချုပ်များအနက် ယခုစာချုပ်သည် အရေးအကြီးဆုံးဖြစ်သည် ” ဟုပြောကြားခဲ့သည်။
    စပွန်ဆာပေးမှု၏ ပမာဏကို အတိကျထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း မီဒီယာသတင်းအရ တစ်နှစ်လျှင် ယူရိုသန်း ၃၀ ($38.90 million) အထိ ရှိမည်ဖြစ်ကြောင်း သိရသည်။
    လွန်ခဲ့သော ၆ နှစ်အထိ ရီးရဲလ်မဒရစ်၏ အားကစား အကျီင်္များအား Bwin အမည်ရှိ အွန်လိုင်းလောင်းကစား ကုမ္ပဏီ မှ စပွန်ဆာပေးခဲ့ပြီး ၊ ယခုအခါ ၄င်းကုမ္ပဏီအား ဒူဘိုင်းအခြေစိုက် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီအဖြစ် အစားထိုးလိုက်ကြောင်း ဘီဝင်း၏ အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Sport+Markt က ပြောကြားခဲ့သည်။ ၄င်း စပွန်ဆာသဘောတူညီမှုသည် တစ်နှစ်လျှင် ယူရို ၂၃ သန်း ၀န်းကျင်ရှိကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
    Bwin ကုမ္ပဏီသည် ဆိုရှယ်လ်မီဒီယာ၊ ဂိမ်း နှင့် မိုးဘိုင်းဖုန်းဆိုင်ရာအွန်လိုင်းနည်း ပညာဖက်သို့ ပြောင်းလဲလုပ်ဆောင်ပြီးလျှင် ၄င်းသည် ကလပ်၏ နောက်နှစ်ပေါင်းမြောက်များစွာအတွက် ဒီဂျစ်တယ် လက်တွဲဖက် ဖြစ်လာမည်ဟု မဒရစ်ကလပ်မှ အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
    လေကြောင်းလိုင်းနှင့် စာချုပ်ချုပ်ဆိုမှုသည် ရီးရဲလ်မဒရစ်အား သူ၏ ပြိုင်ဘက်များနှင့် ပို၍ပခုံးယှဉ်လာစေခဲ့ပြီး၊ အထူးသဖြင့် လာလီဂါဖလားချန်ပီယံဖြစ်သော ဘာဆီလိုနာအသင်းနှင့် ထိပ်တိုက်တွေ့ဖွယ်ရှိနေသည်။ ဘာဆီလိုနာအသင်းသည်လည်း ကာတာဖောင်ဒေးရှင်းမှ ၂၀၁၆ ခုနှစ် တိုင် ယူရိုသန်း ၃၀ နီးပါး အားကစားအင်္ကျီအား စပွန်ဆာပေးထားသည်။
    ယမန်နှစ် ဘောလုံးရာသီတွင် ရီးရဲလ်သည် ယူရိုသန်း ၅၀၀ ကျော် ၀င်ငွေရရှိသော ပထမဆုံး ကလပ်အသင်းအဖြစ် စာရင်းဝင်ခဲ့သည်ဟု Deloitte’s Football Money League က ဇန်န၀ါရီလ၌ စာရင်းထုတ်ပြန်ခဲ့သည်။
    ယူရိုသန်း ၅၁၃ သန်းရရှိခဲ့သဖြင့် ရီးရဲလ်အသင်းသည် ပထမနေရာတွင်လည်းကောင်း၊ ဘာကာကလပ်သည် ယူရို ၄၈၃ သန်းဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ မန်ချက်စတာယူနိုက်တက်သည် ၃၉၆ သန်းဖြင့် တတိယနေရာတွင်လည်းကောင်း ရောက်ရှိခဲ့သည်။
    လွန်ခဲ့သောနှစ်က ဘောလုံးကလပ်များအတွက် ဈေးအမြင့်ဆုံးစပွန်ဆာကို ယူနိုက်တက်မှ ရရှိခဲ့ကာ၊ ၄င်းတို့၏ General Motors’s Chevrolet အမှတ်တံဆိပ်ပါ အနီရောင် အားကစားအင်္ကျီကို ၂၀၁၄ ခုနှစ်မှစတင်၍ ၇ နှစ်နှစ်တိုင် ၀တ်ဆင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ၄င်းစာချုပ်၏တန်ကြေးမှာ $ 599 သန်းဖြစ်သောကြောင့် ဘောလုံးလောက၌ ကြေးအကြီးဆုံးဖြစ်ခဲ့သည်။
    ရီးရဲလ်၏ ၂၀၁၂-၁၃ ရာသီပွဲစဉ်သည် စနေနေ့တွင်ပြီးဆုံးမည် ဖြစ်သည်။ ယခုနှစ်အတွက် သူတို့သည် အဓိကဖလားအား မရယူနိုင်ခဲ့သလို၊ လာလီဂါပွဲတွင် ဒုတိယနေရာသာရရှိ၍၊ ချန်ပီယံလိဂ်တွင်လည်း စီမီးဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်ပတ်က မြို့ခံပြိုင်ဖက်ဖြစ်သော အတ်လက်တီကိုမဒရစ်အသင်းအား King’s Cup ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
    Ref:REUTERS
  • ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုဖြစ်စေရန် မြင်းမူမြို့တွင် ဖန်တီးလှုံ့ဆော်
    ဇွန်လ-၁၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    မြင်းမူမြို့။           ။         ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုများပြုလုပ်ရန်အတွက် မြင်းမူမြို့ မင်းရဲကျော်စွာရပ်ကွက်၌ ယမန်နေ့ မေလ ၃၁-ရက် ည (၁၀း၃၀)နာရီခန့်က အကြမ်းဖက်သမားတစ်စုက ဖန်တီးခဲ့သော်လည်း ပြဿနာကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပဲ ပြန်လည် တည်ငြိမ်အေးဆေးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
    Myin Mu
    ယင်းသို့ အကြမ်းဖက်မှုဖြစ်စေရန် ဖန်တီးလှုံ့ဆော်ခဲ့မှုနှင့်ပတ်သက်၍ မြင်းမူမြို့သို့ ဆက်သွယ်စုံစမ်းခဲ့သည်။ “ဟုတ်ပါတယ်။ မြင်းမူမြို့မှာ အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ မနေ့ညက ၁၀-နာရီခွဲလောက်က ဖြစ်သွားတာပါ။ ဖြစ်တာက မင်းရဲကျော်စွာရပ်ကွက်ထဲက ဦးသိန်းမောင်ဆိုတဲ့ မွတ်စလင်မ်တစ်ယောက်ရောင်းတဲ့ ထတ္တရာဆိုင်အနားမှာ လူ ၁၀-ယောက်လောက်က တုတ်တွေကိုင်ပြီး လာစုနေတယ်။ ဟုတ်ပါတယ် မင်းရဲကျော်စွာဆိုတာ မွတ်စလင်မ်တွေအများစုနေတဲ့ရပ်ကွက်ပါ။ အဲဒီနားမှာက မွတ်စလင်မ်တွေပဲရှိတာ။ ဗုဒ္ဓ ဘာသာက ၂-ဦးလောက်ပဲရှိတာ။  အဲဒါကိုတွေ့တော့ ဘာဖြစ်ပြီလဲ မသိဘူး။ အခြေအနေတော့ မကောင်းဘူးလို့ သိလိုက်တယ်။ အဲဒီနားမှာ လူတွေက စုရုံးစုရုံးဖြစ်သွားတယ်။ ကျွန်တော်တို့ မြင်းမူမှာက ဘာသတင်းမှ မကြားထားဘူးဗျ။ ဗုဒ္ဓဘာသာဘက်ကလည်း သတင်းထွက်တာမရှိဘူး။ မထင်ထားတော့ ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ။ အဲဒီမှာ လူကြီးတွေ ကလေးတွေအတွက် စိတ်ပူပြီး တချို့လည်း ရှောင်သွားလိုက်ကြတယ်။ ဒီမှာ လူလတ်ပိုင်းတွေပဲ ကျန်ခဲ့တာပေါ့ဗျာ။
    ခုနကပြောသလို လူစုနေပြီးတော့ မိနစ် ၂၀-လောက်နေတော့ Light Truck ကားတစ်စီးရောက်လာတယ်။ ကားပေါ်မှာ ဘုန်းကြီး ၇-၈ ပါးပါတယ်။ လူတွေလည်းပါတယ်။ တုတ်တွေ ဓါးတွေနဲ့ဗျ။ လူတွေကတော့ မြင်းမူမြို့ အစွန်အဖျား ဆင်းရဲသားရပ်ကွက်က လူတွေဗျ။ ပြီးတော့ မနေ့ညနေ ၆-နာရီခွဲလောက်က မြင်းမူမြို့ထဲကို ၀င်လာတဲ့ Dina ကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ ဘုန်းကြီးတွေ အပြည့်နဲ့ ၀င်လာတာ တွေ့လိုက်ရတယ်။ အဲဒီ ဘုန်းကြီးတွေက မင်းကျောင်းမှာ တည်းနေတယ်လို့ သိရတယ်ဗျ။ အခုတက်လာလည်း အဲ့ဒီ အရှေ့ကပဲ တက်လာတာဗျ။
    အဲဒီ Light Truck ကားရောက်လာပြီး မကြာဘူး ရဲတွေ မော်တော်ပီကယ်တွေ ရောက်လာပြီး လူစုခွဲဖို့ပြောတယ်။ ဖြစ်တဲ့ ထတ္တရာဆိုင်နားမှာနေတဲ့ ဗုဒ္ဓဘာသာအမျိုးသားကလည်း ဒီလိုအကြမ်းဖက်မှု ပြဿနာတွေ မဖြစ်စေချင်ဘူး။ သူကတည်း အတင်းကို တောင်းပန်ပြီး မွတ်စလင်မ်တွေကလည်း ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေးနေတာပါလို့ တောင်းပန်တယ်။ လူတွေ အဲလို စုရုံးစုရုံးဖြစ်နေတာကို လူစုခွဲဖို့ ပြောနေပေမယ့် ဘုန်းကြီးတွေက လူစုခွဲစရာမလိုဘူး၊ မခွဲနဲ့ဆိုပြီးပြောတယ်။ ဒါပေမယ့် ၂၅ မိနစ်လောက်ကြာပြီးတော့ လူစုခွဲသွားပါတယ်။
    အာဏာပိုင်အနေနဲ့တော့ လာတာက ရဲနဲ့ လုံထိန်းတော့ရှိတယ်။ ဖြစ်တဲ့နေရာနားမှ နည်းနည်းပဲ စောင့်နေတော့တယ်။ လုံခြုံရေးကတော့ ပတ္တရောင်ပုံစံမျိုး ဆိုင်ကယ်တွေနဲ့ ပတ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ အေးဆေးသွားပြီဆိုပေမယ့် ကျွန်တော်တို့တော့ စိတ်မချနိုင်သေးပါဘူး။ လူကြီးတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် စိုးရိမ်နေရပါတယ်။ ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မြင်းမူမြို့ခံမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    Photo-Google
  • ဗိုဒါဖုန်း နှင့် ချိုင်းနားမိုဘိုင်း ကုမ္ပဏီ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်
    မေ-၃၁၊၂၀၁၃
    M-Media
    ဗိုဒါဖုန်း(Vodafone) နှင့် ချိုင်းနားမိုဘိုင်း(China Mobile) ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်
    VODAFONE
    ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်းတို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့မည်ဟု ကြေညာ လိုက်သည်။
    မြန်မာအစိုးရမှ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို နှစ်ခုမှ လေးခုအထိတိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် ပထမနှင့် ဒုတိယအကြီးဆုံး မိုဘိုင်ဖုန်းဝန်ဆောင်မှုပေးသည့် အဆိုပါ ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်လိုင်စင်ရရန်အတွက် အစိုးရအား လျှောက်ထားခဲ့သည်ဟု ဧပြီလက ထုတ်ဖော်ပြောကြားခဲ့သည်။
    “မေလ ၂၀ ရက်နေ့က ကြေညာတဲ့ လိုင်စင်နဲ့ပက်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပြီးတဲ့နောက် ဗိုဒါဖုန်းနဲ့ ချိုင်းနားမိုဘိုင်းတို့က သတ်မှတ်ကျင့်သုံးတဲ့ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှုကို မလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ဟု ဗိုဒါဖုန်း ကုမ္ပဏီက ဆိုသည်။
    Ref: ရိုက်တာ