News @ M-Media
Blog
  • အမေရိကန်နိုင်ငံ မီယာမီမြို့ရှိ စာသင်ကျောင်းတွင် ကျောင်းသား တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
    မေ-၂၅၊၂၀၁၃
    M-Media
    အမေရိကန်နိုင်ငံအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုများ အမြောက်အများ ဖြစ်ပွားနေခိုက် ဖလိုရီဒါပြည်နယ် မီယာမီမြို့ရှိ စာသင်ကျောင်း တစ်ခုတွင် ကျောင်းသားတစ်ဦး သေနတ်ပစ်ခတ်ခံ ခဲ့ရကြောင်း သိရသည်။
    hakbari20130525170626873
    ရဲအရာရှိများ၏ အဆိုအရ၊ သောကြာနေ့က မီယာမီ – ဒိတ်(Miami-Dade) ကျောင်းရှိ ကျောင်းသား၏ ခြေထောက်အား သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ ရကြောင်း၊ မီယာမီ ကလေးဆေးရုံသို့ ရဟတ်ယာဉ် ဖြင့် ပို့ဆောင်ခဲ့ ရကြောင်း သိရသည်။
    ထို့နောက် ရရှိသော သတင်းအရ ကလေးငယ်၏ ဒဏ်ရာ စိုးရိမ်စရာမရှိဘဲ  စိတ်ချရသော အခြေနေတွင်ရှိကြောင်း သိရသည်။
    မီယာမီ-ဒိတ် ကျောင်းများရှိ ရဲများသည် အသက် ၁၁ နှစ်အရွယ်၊ တရားမ၀င် လက်နက်အား ကျောပိုးအိတ်ထဲသို့ သယ်ဆောင်၍ ကျောင်းသို့ ယူလာသော ကျောင်းသားအား စစ်ဆေးမေးမြန်း နေကြောင်းကိုလည်း ပြောဆိုသွားခဲ့သည်။
    အသက် ၁၂ နှစ်အရွယ်ရှိ မျက်မြင် သက်သေ ပါဘလို စန်ချက်ဇ်(Pablo Sanchez) မှ ပြောသည်မှာ သမိုင်း သင်ခန်းစာအချိန်တွင် ကျောင်းသားမှ သူ၏ကျောပိုးအိတ် လွတ်ကျသွားပြီးနောက်တွင်၊ ၄င်း မတော်တဆမှုသည် ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်နိုင်ငံမှာ  သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုတွေ အမြောက်အများ ဖြစ်ပေါ်ခဲ့ပြီး၊ အဖြစ်အပျက် အများစုဟာ ကျောင်းများနှင့် တက္ကသိုလ်များတွင် ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။
    ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်၊ ကော်နီကပ်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ရှိ စန္ဒီဟွဒ်(Sandy Hook) မူလတန်းကျောင်းတွင် အသက် ၂၀ ရှိ အာဒမ် လမ်ဇာ(Adam Lanza) ဆိုသူက ကလေးငယ် အယောက် ၂၀ နှင့် ၀န်ထမ်း ၆ ယောက်အား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။
    အမေရိကန် သမိုင်းတွင် ၄င်း မတော်တဆမှုသည် ဒုတိယမြောက် လူတစ်ယောက်ထဲမှ ပစ်ခတ်ခဲ့သော အရက်စက်ဆုံးသတ်ဖြတ်မှုဖြစ်ပြီး၊ ၂၀၀၇ နှစ်တွင် ဖြစ်ခဲ့သော ဗာဂျင်နီးယား တက်ခ်(Virginia Tech) ရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပြီးတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
    ဆောင် ဟိုင် ချို(Seung-Hui Cho) သည် ၂၀၀၇ ခုနှစ်က ဗာဂျင်နီးယား တက်ခ်ရှိ သင်တန်းသားဟောင်း တစ်ဦးဖြစ်ပြီး၊ သေနတ်ဖြင့်ပစ်ခတ်မှုကို နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့ကြောင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ်ကို နှစ်နာရီနီးပါးကြာခဲ့ပြီး လူအယောက် ၃၂ ယောက် အားသေစေခဲ့ပြီး၊ လူ ၁၇ ယောက်အား ဒဏ်ရာရစေခဲ့ကြောင်း၊ ထို့နောက်ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်း သိရသည်။
    MAM/SS
  • မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုသာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေ
    မေလ-၂၇၊ ၂၀၁၃
    M-Media
    ဇာဏီ
    မိတ္ထီလာ ။           ။      မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည့်အတွက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
    A mosque burns during a riot in Meikhtila March 21, 2013
    မတ်လ ၂၁ ရက်နေ့က အကြမ်းဖက်သမားများ မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသော မွတ်စလင်မ် လူနေရပ်ကွက်နှင့် ဗလီ ဝတ်ကျောင်းတော် ဓါတ်ပုံ-AP
    “ကျွန်တော်တို့ မွတ်စလင်မ်သုသာန်အဟောင်းပေါ့။ အဲဒါကို မြေကော်စက်နဲ့ ထိုးဖို့လုပ်တော့မယ်။ မိတ္ထီလာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဌာန တိုင်းဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့က ခေါ်ပြောတယ်။ လာမယ့်အပတ် – လာမယ့်အပတ်လို့ပြောတာ မနက်ဖြန်ပေါ့။ အဲဒီနေ့မှာ ကားကွင်းအဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ခေါ်ပြောတယ်။ ကားကွင်းဆိုတာ မိတ္ထီလာကားကွင်းကို နေရာပြောင်းမယ်လို့ ပြောတယ်။  ဒီသုသာန် အခုလိုပဲ ဖျက်မယ်ဆိုတာ ဦးသိန်းစိန် သမ္မတဖြစ်စအချိန်က သတင်းထွက်ပေါ်လာတယ်။ အဲဒါကို မွတ်စလင်မ်တွေက ၀ိုင်းပြီး ပြောလိုက်ကြတော့ ခဏနားထားဦးဆိုပြီးဖြစ်သွားတယ်။ အခုတော့ ဖျက်ပစ်ဖို့ ပြန်လုပ်နေတယ်။ ကျွန်တော်တို့မှာ လူတွေသတ်ခံရ၊ အိမ်တွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရ၊ မိသားစုတကွဲတပြားစီဖြစ်လို့ စိတ်သောကတွေရောက်နေတဲ့အချိန်မှာ အခုတစ်ခါထပ်ပြီး သုဿာန်ကို ဖျက်ဦးမယ်ဆိုတော့ စိတ်ထိခိုက်တယ်ဗျာ။ မနက်ဖြန်ကို လုပ်လိမ့်မယ်ဆိုတာလည်း ကျွန်တော် တစ်ထစ်ချ ခံစားမိနေတယ်။ ဟုတ်ကဲ့ အခုထိတော့ အစောင့်ချထားတာ၊ မြေထိုးစက်တွေ ရပ်ထားတာမရှိပေမယ့် မနက်ဖြန်ကို သူတို့လုပ်မယ်လို့ ကြေညာထားပြီးသားဖြစ်လို့ လုပ်မှာပါ။ သူတို့ဘက်က တရားဝင် စာပို့တာတော့ မဟုတ်ဘူး၊ ပါးစပ်ကပဲ ပြောနေတာ။” လို့ M-Media ကိုပြောပြရင်း ဆက်လက်ပြောပြလာပါတယ်။
    “ချမ်းအေးသာယာမှာလည်း ဒီနေ့ မြေကော်စက်နဲ့ထိုးတယ်လေ။ မနက်ဖြန်လည်း ထိုးဦးမှာ။ ချမ်းအေးသာယာဆိုတာ မိတ္ထီလာမှာ မီးရှို့ခံလိုက်ရတဲ့ မွတ်စလင်မ်ရပ်ကွက်ပါ။ မီးလောင်ခံလိုက်ရတဲ့အိမ်တွေကို တိုက်ခန်း အသစ်ပြန်ဆောက်မှာမို့ လို့ဆိုပြီး မြေကော်စက်တွေနဲ့ ထိုးနေတာ။ အဲဒါတွေက စိတ်တွေကို ပိုပြီးဒဏ်ရာရအောင် လုပ်တယ်လို့ သူတို့ပြောကြတယ်။ အဲဒီ ရပ်ကွက်က ဗုဒ္ဓဘာသာ အနည်းစုပဲရှိတာ။ မွတ်စလင်မ်အများစုရှိတယ်။
    စီးပွားရေးလုပ်ငန်းကိစ္စတွေအနေနဲ့က လုပ်ငန်းရှင်တွေရှိတယ်။ သူတို့တွေ ဆိုင်ပိုင်ရှင်တွေ ဂိုဒေါင်တွေရှိကြတယ်။ ဂိုဒေါင်တွေ ဖွင့်ဖို့ကို တချို့ရပ်ကွက်တွေက လက်မခံဘူး။ တချို့ရပ်ကွက်တွေကတော့ ကောင်းပါတယ်။ တချို့ရပ်ကွက်တွေက သူတို့ပြောတဲ့ ရပ်မိရပ်ဖဆိုသူတွေက ဂိုဒေါင်တွေ မဖွင့်ရဘူးလို့ပြောတယ်။ တချို့ကတော့ ကောင်းပါတယ်။
    နောက်တစ်ခုက ဗလီနဲ့ ပတ်သက်တာတွေပါ။ ဗလီတွေပိတ်ထားတာ တော်တော်ကြာပြီ။ ကောင်းတဲ့ ဗလီတွေရော၊ မကောင်းတော့တဲ့ ဗလီတွေရော ပိတ်ထားရတယ်။ ကောင်းတဲ့ ဗလီတွေကို ပြန်လည် သန့်ရှင်းရေးလုပ်ပြီး ဘုရားဝတ်ပြုရမယ်။  မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ ဥပုသ်လရောက်တော့မယ်။ ကျွန်တော်တို့အတွက် အများကြီး အခက်အခဲတွေ ရှိနိုင်တယ်။  ဒါကြောင့် ဗလီတွေပြန် ဖွင့်ခွင့်ရချင်တယ်။ အဲဒါလေးတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးကြပါလို့ ကျွန်တော် တစ်ခါတည်း မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်”လို့ M-Media ကို ပြောပြလာပါတယ်။
    DVB မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ မိတ္ထီလာမြို့ချမ်းအေးသာယာနဲ့ သီရိမင်္ဂလာ ရပ်ကွက်တွေက မီးလောင်ပျက်စီးသွားတဲ့ အိမ်နေရာတွေမှာ ၃ ထပ်နဲ့ ၄ ထပ်တိုက်တွေ ဆောက်ပေးမယ်၊ ရပ်ကွက်တခုမှာ တိုက်ခန်းပေါင်း ၁၅၀၀နဲ့ စုစုပေါင်း တိုက်ခန်း ၃၀၀၀ ကျော် ဆောက်ပေးဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ကြေညာ ထားကြောင်းသိရပါတယ်။
    ဒါပေမယ့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးသူတွေက သူတို့မြေနေရာ တွေမှာပဲ ပြန်လည်နေထိုင်လိုတဲ့အကြောင်း၊ သီရိမင်္ဂလာ ရပ်ကွက်မှာ လမ်းမတန်းမြေကွက်တွေက သိန်း ၇၀၀နဲ့ ၈၀၀ ကြား တန်ကြေး ရှိတဲ့အတွက် တန်ကြေးရှိတဲ့ မြေနေရာကိုပဲ ပြန် လိုချင်နေကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။
  • ဆိုရှယ်မီဒီယာတွင် လူမျိုးရေး ခွဲခြားသော မှတ်ချက်များ ရေးသူ ၃ ဦး ဗြိတိန်တွင် ဖမ်းဆီး
    မေ-၂၆၊၂၀၁၃
    M-Media
    saberimoghaddam20130525153706160
    လက်ယာအစွန်းရောက် EDL ပါတီအား လူမျိုးေ၇းခွဲခြားမှု ဆန့်ကျင်သူများ ဖေဖော်ဝါရီလက ဆန္ဒပြနေစဉ်
    ဗြိတိန် စစ်သားတစ်ဦးဖြစ်သူ လီရစ်ဘီ(Lee Rigby) အား လူနှစ်ယောက်မှ အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ထိုကိစ္စနှင့်ပက်သက်၍ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် လူမျိုးရေးခွဲခြားသော မှတ်ချက်များရေးသားခဲ့သည့် လူသုံးဦးကို ဗြိတိန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
    အဆိုပါလူသုံးဦးအနက် နှစ်ဦးမှာ Gateshead မှဖြစ်ပြီး အခြားတစ်ဦးမှာ Stockton မှဖြစ်ကာ လက်ယာစွန်းရောက် အုပ်စုဖြစ်သည့် English Defence League (EDL)မှ စနေနေ့တွင် နယူးကာဆယ်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲမတိုင်မီ ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု နော်သမ်ဘရီယာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်တောင်ဘက် ၀ူးလ်ဝစ်ခ်ျမြို့တွင် ဗြိတိန်စစ်သားတစ်ဦးဖြစ်သူ လီရစ်ဘီ အသတ်ခံရမှုနှင့် ပက်သက်ပြီး ဖေ့စ်ဘုတ်နှင့် တွစ်တာ စာမျက်နှာများပေါ်တွင် လူမျိုးရေးအရ စော်ကားပုတ်ခတ်သည့် မှတ်ချက်များရေးသားခဲ့သည်ဟု သင်္ကာမကင်းဖြစ်သူ အဆိုပါလူသုံးဦးအား တရားစွဲဆိုထားသည်။
    အကြမ်းဖက်တိုက်ခိုက်သူ အဒီဘိုလာဂျိုမှာ ဗြိတိန်တွင် မွေးဖွားသည့် နိုက်ဂျီးရီးယားနွယ်ဖွား တစ်ဦးဖြစ်ပြီး အစွန်းရောက်အမြင်များကို ဖြန့်ဝေမှုကြောင့် ပိတ်ပင်ခံထားရသည့် အဖွဲ့အစည်းတစ်ခုနှင့် အဆက်အသွယ်ရှိသူဟု သိရသည်။
    နယူးကာဆယ်ရှိ ဖက်ဆစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက လက်ယာစွန်းရောက်ပါတီတစ်ခုဖြစ်သည့် EDL ပါတီအား တန်ပြန်ဆန္ဒပြရန် စီစဉ်ထားကြသည်ဟု သိရသည်။
    ဗြိတိန်ရှိ ဗလီဝတ်ကျောင်းတော်များမှလည်း ၎င်းတို့ဘာသာတရား နာမည်ဖြင့် ကျူးလွန်ခဲ့သည့်ပြစ်မှုကြောင့် တုန်လှုပ် ခြောက်ခြားခဲ့ရပါသည်ဟု ထုတ်ပြန်ခဲ့သည်။
    SSM/HE
  • လူငယ်တွေကြားက စိတ်ဒါဏ်ရာတွေ
    မေ-၂၆၊၂၀၁၃
    M-Media
    ရေးသူ-ဖိုးသောကြာ
    no jutice no peace
    ဒီနေ့သူငယ်ချင်းတစ်ယောက်နဲ့ စကားအတော်ကြာပြောမိရင်း ပြီးသွားတဲ့ ၂နှစ် ၃နှစ်စာလောက်ကိုပြန်လှန်မိတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက ကျွန်တော်တို့ မွတ်ဆလင်လူငယ်တွေထဲမှာ လူမျိုးမရွေး ဘာသာမရွေးပဲ လူမှုရေးတွေလုပ်မယ် မြန်မာပြည်က မွတ်ဆလင်လူထုအတွက် ပညာရေးအဆင့်မြှင့်တင်မှုတွေ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ အသိအမြင်ကျယ်မှုတွေဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမယ် Minority နဲ့ Majority ကြားမှာကွာဟမှုကျဉ်းမြောင်းပြီး အတူယှဉ်တွဲနေထိုင်ရေး အတွက် ပြောကြမယ် ဆိုကြမယ်ဟေ့ဆိုရင် အသိအမြင်တင်ပြနိုင်တဲ့ လူငယ်တွေ အမြင်ကျယ်ပြီး လက်တွေ့ပြင်ပလောကအထိ ဆောင်ရွက်နိုင်တဲ့/ဆောင်ရွက်ချင်တဲ့ မွတ်ဆလင်လူငယ်တွေ မများဘူးဆိုရင်တောင် မနည်းလှတဲ့အရေအတွက်ကိုရနိုင်ခဲ့တယ်။
    လွန်ခဲ့တဲ့ ၁နှစ်ကျော်ကဆိုရင် မွတ်ဆလင်လူငယ်တွေဟာ ဘာသာလူမျိုး မခွဲခြားတဲ့ လူမှုရေးအသင်းတွေအထိ ပူးပေါင်းဆောင်ရွက်နိုင်မှု အတိုင်းအတာတစ်ရပ် အထိရှိနေခဲ့တယ်။ ပြောရရင်တော့ အရင့်အရင်အစိုးရ လက်ထက်များက ဖိနှိပ်မှုမျိုး အတန်ငယ်ပြေလျော့လာသယောင် အနေအထားမှာ မွတ်ဆလင်လူငယ်တွေဟာ ပြောင်းလဲလာတဲ့ နိုင်ငံရဲ့အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့ Ideology/သဘောတရားရေးရာမှာ အဖုအထစ်တော်တော်လေးကင်းစင်နေပြီး လက်တွေ့ပြင်ပလောကမှာလည်း ပူးပေါင်းဆောင်ရွက်မှုအချို့နဲ့ လူမှုရေး/ကျန်းမာရေးစတာတွေအထိ ဆောင်ရွက်နိုင်မည့်/ဆောင်ရွက်နေတဲ့ ခြေလှမ်းတစ်ချို့အထိရောက်ရှိနေခဲ့တယ်။
    လွန်ခဲ့တဲ့ ၁နှစ်ကျော်ကျော်လောက်ကစပြီး အဲ့ဒီလိုဖူးသစ်စရောင်ခြည်ဟာ တိမ်မီးခိုးတို့ဖုံးလွှမ်းသွားပြီး ဘောင်တွေကျဉ်းလာလိုက် ဖယ်ကျဉ်မှုတွေ မသိမသာရော သိသိသာသာပါ ဖြစ်ထွန်းလာလိုက်တာ ၁နှစ်ဆိုတဲ့ကာလအတွင်းမှာ အလုံးစုံပျက်ဆီးသွားပြီလို့မပြောနိုင်သေးရင်တောင် အဲ့ဒီအနေအထားမျိုးပြန်ရောက်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံလိုက်ရပြီ။
    လက်ရှိ လူငယ် လူရွယ် လူလတ် လူကြီးပိုင်းအထိ အဲ့ဒီ impact ဒါဏ်ဟာ နက်ရှိုင်းစွာရိုက်ခတ်သွားခဲ့ပြီးပြီ။ အဆုံးသတ်မဲ့ ရောင်နီလည်းမမြင်သေးဘူး။  ဒါဟာ ဒီမျိုးဆက်အတွင်းမှာ အပြန်အလှန်နားလည်မှုကို ခက်ခက်ခဲခဲတည်ဆောက်ဖို့ အကျိုးဆက်ကလွဲလို့ ဘာမှအမြတ်မကျန်ခဲ့မည့်အနေအထားအစစ်အမှန်ပဲ။၂၀၀၈ နာဂစ်အပြီးကတည်းက မွတ်ဆလင်လူငယ်တွေဟာ ဘာသာလူမျိုးမခွဲခြားဘဲ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မထင်မှတ်လောက်အောင်ပဲ အားတက်သရောပူးပေါင်းပါဝင်ရင်း အတိုင်းအတာ တစ်ရပ်အထိ ထူထောင်ထားတဲ့ လူငယ်အချင်းချင်း အပြန်အလှန်နားလည်မှု ကွန်ယက်ဟာ အလုံးစုံနီးပါးပြိုပျက်သွားပြီ။
    ဒါတွေအတွက် အစိုးရမှာ တာဝန်အရှိဆုံး အုပ်ချုပ်မှုအာဏာပိုင်များမှာ တာဝန်အရှိဆုံးနဲ့ တရားစီရင်ရေးအပိုင်းက ဒုတိယတာဝန်အရှိဆုံးလို့ သတ်မှတ်လို့ရနိုင်သလို အခြေအမြစ်မရှိတဲ့အနေအထားတွေမှာ အလုံးစုံပုံယုံကြည်လိုက်ပြီး ယုန်ထင်ကြောင်ထင်နဲ့ Knowledge ပိုင်းနဲ့ Globalization ပိုင်းမှာ Upgrade မလုပ်ခဲ့တဲ့ တစ်ချိန်က တွဲလက်ညီခဲ့သော တစ်ဖက်က လူငယ်ထုနဲ့ လူထုတစ်ရပ်လုံးဟာ တတိယတာဝန်အရှိဆုံးပါပဲ။  နိုင်ငံရေးပွင့်လင်းလာမှုနဲ့ နည်းပညာပိုင်းဆိုင်ရာပေါက်ကွဲမှုနောက်ကွယ်မှာ ဒီလောက်ပြင်းထန်တဲ့ ရိုက်ခတ်မှု ကြီးကြီးမားမားမျိုးနဲ့ လူငယ်တွေကြားက ဘာသာလူမျိုးမခွဲခြားတဲ့  အချင်းချင်းနားလည်ယုံကြည်မှုတွေဟာ အလျှားလိုက် ခွဲခံလိုက်ရတဲ့ ဝါးလုံးလိုမျိုး ထက်ခြမ်းသက်သက် ကွဲပြားသွားလိမ့်မယ်လို့ ၂၀၁၀နှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော့ကို တစ်ယောက်ယောက်က လာပြောရင် အရူးလို့လက်ညှိုးထိုးပြီးပြန်လည် ဟားတိုက်လိုက်မိမှာ ဖြစ်ပေမဲ့ မျက်ဝါးထင်ထင်မြင် တွေ့လိုက်ရမှု အပေါ်မှာတော့ အံ့ဩမင်သက်ခြင်းနဲ့အတူ ဘယ်အရာကများ ဒီအတိုင်းအတာအထိ တွန်းအားပေးသွားသလဲဆိုတာ အဖြေရှာရင်တော့ ယုံလွယ်မှု အသိပညာ ဗဟုသုတနည်းပါးမှု မလိုအပ်တဲ့နေရာမှာ မာနတံခွန်ထောင်လွှားမှု ဖြစ်ရပ်တိုင်းမှာ အဓိကရင်းအမြစ်ကိုအပြန်အလှန်သုံးသပ်ခြင်းအားနည်းမှု ကမ္ဘာလုံးဆိုင်ရာအမြင်ကျယ်ခြင်းအားနည်းမှုတွေဟာလုံးထွေးရစ်ပါတ်ပြီး တစ်နွယ်ငင်တံစဉ်ပါဖြစ်နေတာလို့ပဲ သုံးသပ်မိတယ်။
    ရှေ့လျှောက် တိုးတက် ပွင့်လင်းလာမဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး အခြေအနေတွေ အရတော့ ဒီပုံစံ ဒီစံနှုန်းများအတိုင်း ဆက်သွားကြမယ်ဆိုရင် တကယ်တမ်း အထိနာမှာကတော့ လူငယ်ထုဆိုတဲ့ တိုင်းပြည်ရဲ့ အနာဂါတ်ကို ပုခုံးထမ်းတင်ပေးရမဲ့ လူတန်းစားကြီးပဲဖြစ်လိမ့်မယ်။  ညီညွတ်ရေး တရားမျှတရေး ဆိုတဲ့ အခြေခံပူးပေါင်း ဆောင်ရွက်မှုတွေအတွက် အဘက်ဘက်က ခေါင်းဆောင်များအနေနဲ့ ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ရတာ ခက်ခဲနေပြန်တော့ ထိရောက်ဖို့ဆိုတဲ့ အနေအထားရောက်ဖို့တောင် ဝေးလွန်းလှတယ်။
    ဒါ့ကြောင့် တစ်ခါကရေးဖူးသလိုပဲ ဘာသာတရားများကြားက ညီညွတ်စွာနဲ့အပြန်အလှန်လေးစားပြီး အတူယှဉ်တွဲနေထိုင်ရေး အတွက် ဆောင်ရွက်မှုတွေက ခြေဗလာနဲ့ဖိနပ် လိုက်ရှာနေတုန်းမှာ အမုန်းမီးနဲ့အပေါ်ယံရာသီစာ တရားသဘင်များကတော့ တိုင်းပြည်အနှံ့ ယာဉ်ပေါင်းစုံစီးပြီး ခရီးထွက်ကာ လမ်းဆုံတိုင်းမှာ မဏ္ဍပ်တွေထိုးပြီး တရားတွေဟောနေကြလေရဲ့။ တရားမျှတမှုကို အားလည်းမပေး/တောင်းဆိုခြင်းလည်းမပြုဘဲ ဆိတ်ဆိတ်နေသောအခါ တရားမျှတမှု၏ အရသာကို ဘယ်သောအခါမှ မြည်းစမ်းခွင့်ပင်ရမည် မဟုတ်ပါ။
    ဒီလိုပဲ ကျွန်တော်တို့ဘက်မှာလည်း မမျှတစွာ ဆက်ဆံခံနေရမှုကို မြင်တွေ့နေရမှု အကြမ်းဖက် တိုက်ခိုက်ခြင်းဒါဏ်မှ ကာကွယ်ပေးခြင်း မခံရမှုတွေကြောင့် ရရှိလာခဲ့တဲ့ လူငယ်တွေကြားက စိတ်ဒါဏ်ရာတွေကိုပဲ ဘယ်လိုဘယ်နည်းဖြေဖျောက်ပေးရမယ်ဆိုတာ ကြီးမားတဲ့ အရေးကိစ္စ တစ်ခုအဖြစ် ဝန်ပိစေပြန်ပါတယ်။
    ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာပြုစုစောင့်ရှောက်မှုတွေ အခြေခံလူမှုနေထိုင်ရေး အဆင့်မြှင့်တင်ရေး အပိုင်းမှာ အသုံးပြုရမဲ့ Train ပေးရမဲ့အင်အားတွေဟာလည်း မိမိအိမ်ရာကိုစွန့်ခွါပြီး လမ်းပေါ်မှာ ရွက်ဖျင်တဲထဲရောက်သွားကြတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဓါးစာခံလူသားတွေအတွက် အခြေခံ စားသောက်ရေးကိုပင် ပြည့်မှီအောင်ကြိုးပမ်းရရင်း အရင်းအမြစ်တွေ ကုန်ဆုံးလှပါတယ်။ဒီလိုဘယ်သူ့အတွက်မှ မကောင်းနိုင်တဲ့ အခြေအနေဆိုးကြီးကို တိုင်းသူပြည်သားတွေကလည်း စိတ်ပါလက်ပါ ပြင်ဆင်ပြောင်းလဲခြင်း မပြုချင် အုပ်ချုပ်သူ အစိုးရကလည်းထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ပေးခြင်းမရှိ တရားစီရင်ရေးအပိုင်းကလည်း မျှတစွာကိုင်တွယ် ဖြေရှင်းမှုမရှိဘဲ ဘယ်လို အခြေအနေရောက်သည်အထိ သယ်သွားကြမှာလဲလို့သာ မေးခွင့်ရရင် မေးချင်ပါသည်။ တစ်ဦးတစ်ယောက်ခြင်းစီ မိမိရဲ့ နှလုံးသားကိုပဲပြန်မေးကြဖို့တိုက်တွန်းပါရစေ။
  • အကြမ်းဖက်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ အစ္စလာမ့် ရပ်တည်ချက် (Dr ယူစွဖ်အလ်ကဒွာဝီ)
    အကြမ်းဖက်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ အစ္စလာမ့် ရပ်တည်ချက် (Dr ယူစွဖ်အလ်ကဒွာဝီ)
    မေ-၂၃၊၂၀၁၃
    M-Media
    Woolwich တိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ မွတ်စလင်ပညာရှင်များ သမဂ္ဂ(IUMS)၏ ဥက္ကဌ ကမ္ဘာကျော် အစ္စလာမ့် ဓမ္မသတ်ပညာရှင်ကြီး ဒေါက်တာ ယူစွဖ်အလ် ကဒွာဝီ ၏ ဓမ္မသတ် ဆုံးဖြတ်ချက်
    Qaradawi
    ကမ္ဘာကျော် အစ္စလာမ့် ဓမ္မသတ်ပညာရှင်ကြီး ဒေါက်တာ ယူစွဖ်အလ် ကဒွာဝီ
    အကြမ်းဖက်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ အစ္စလာမ့် ရပ်တည်ချက်
    သံသယဝင်စရာ အကြောင်းကို မရှိပါဘူး။ အပြစ်မဲ့သူတွေကို ရန်မူခြင်းဟာ အလိုဆိုးဝါးတဲ့ အပြစ်ဖြစ်ပြီး စက်ဆုတ် ရွံရှာဖွယ် ဒုစရိုက်မှုပါပဲ။ ကျူးလွန်ခံရသူတွေဟာ မည်သည့် ဘာသာဝင်ဖြစ်ပါစေ၊ မည်သည့်နိုင်ငံသားဖြစ်ပါစေ၊ ဒါမှမဟုတ် မည်သည့် လူမျိုးတွေပဲ ဖြစ်နေပါစေ။ မည်သူ့ကိုမှ ဒီလိုပြစ်မှုကျူးလွန်ဖို့ ခွင့်မပြုထားပါဘူး။ အမြင့်မြတ်ဆုံးဖြစ်တော်မူသော အလ္လာဟ်ရှင်မြတ်က ဒီရန်မူတိုက်ခိုက်ခြင်းတွေကို မုန်းတီးတော်မူပါတယ်။ ဂျူးဝါဒမှာလိုမျိုး လူအခွင့်အရေးများကို ကာကွယ်ဖို့အတွက် စံနှုန်းနှစ်ခွ ပေါ်လစီမျိုး အစ္စလာမ်က စွဲကိုင် မထားပါဘူး။
    ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ မုဟမ္မဒ်သခင်ရဲ့ ကျင့်သုံးပြသမှုတွေကို အခြေခံတဲ့ သင့်လျော်တဲ့ အစ္စလာမ့် သင်ကြားမှုများကို အဓိကထား ပြောသွားပါမယ်။
    (၁) အစ္စလာမ်သည် အပြစ်မဲ့သူများအား ရန်မူတိုက်ခိုက်ခြင်းကို တားမြစ်သည်။
    အစ္စလာမ်ဟာ အပြစ်မဲ့သူများကို ရန်မူတိုက်ခိုက်ခြင်းကို ခွင့်မပြုပါ။ အပြစ်မဲ့သူတို့ရဲ့ အသက်ကိုဖြစ်စေ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်း သို့မဟုတ် ဂုဏ်သိက္ခာကိုပင် ဖြစ်စေ ရန်မူခြင်းကို လုံးဝခွင့်မပြုပါ။ ဒီစည်းကမ်းဟာ ရာထူး၊ အဆင့်အတန်းနဲ့ သြဇာကျော်ဇော်ခြင်းအပေါ်တွင် မမူတည်ပဲ လူတိုင်းအပေါ်မှာ သက်ရောက်ပါတယ်။ အစ္စလာမ်မှာ နိုင်ငံအုပ်ချုပ်ရေး နယ်ပယ်တွင်ပင် သတ်မှတ်ထားသော သွန်သင်ချက်များရှိရာ နိုင်ငံအုပ်ချုပ်သူ သို့မဟုတ် သမ္မတသည်ပင်လျှင် ပြည်သူတို့၏ အခွင့်အရေးများ၊ ဘဝနှင့် အသက်များ၊ ဂုဏ်သိက္ခာနှင့် ပိုင်ဆိုင်မှုစသည်တို့ကို မတရားလွန်ကျူးခွင့် မရှိပေ။
    နောက်ဆုံးဟဂ်ျဘုရားဖူးတွင် တမန်တော်မြတ် (ကိုယ့်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ) မှ တရားစီရင်ဆုံးဖြတ်တော်မူမည့် နောက်ဆုံးနေ့တော်ကြီးတိုင်အောင် လူသားတို့၏ အသက်၊ အိုးအိမ်စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို အန္တရာယ် မပြုရန် စည်းကမ်းကို ကြေငြာတော်မူခဲ့တယ်။ ဒီစည်းကမ်းဟာ မွတ်စလင်တွေအတွက်ပဲ သီးသန့် ကန့်သတ်ထားတာ မဟုတ်ဘူး။ မွတ်စလင်တွေကို ရန်ပြုတိုက်ခိုက်ခြင်း မရှိတဲ့ မွတ်စလင်မဟုတ်သူများအတွက်လည်းပဲ အကြုံးဝင်ပါတယ်။ စစ်ပွဲအတွင်းမှာတောင် အစ္စလာမ်က စစ်တိုက်ခိုက်မှုထဲမှာ မပါတဲ့ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဝတ်ပြုကိုးကွယ်မှုတွေအတွက်သာသီးသန့် မိမိတို့ဘဝတွေကို နှစ်မြုပ်ထားတဲ့ ဘာသာခြား ရဟန်း ဘုန်းတော်ကြီးတွေလိုမျိုး သူတွေကို တိုက်ခိုက်သတ်ဖြတ်တာမျိုး လုံးဝခွင့်မပြုပါဘူး။
    ဒီသွန်သင်ချက်ဟာ အံ့သြစရာမကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ္စလာမ်ဟာ တိရိစ္ဆာန်တွေကို ရန်ပြုခြင်းမျိုးကိုတောင် တားမြစ်ထားတဲ့ ဘာသာတရားဖြစ်လို့ပါပဲ။ တမန်တော်မြတ်ရဲ့ တပည့်သာဝကကြီး တစ်ဦးဖြစ်သူ အစ်ဗနေ့ အုမရ်(အရှင်မြတ်မှ ကျေနပ်တော်မူပါစေ)က တမန်တော်မြတ်(ကိုယ့်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ)ရဲ့ ဆုံးမစကားကို အခုလိုဆင့်ပြန်ခဲ့ပါတယ်။
    “အမျိုးသမီးတစ်ဦးဟာ ကြောင်လေးတစ်ကောင်ကို အစာလည်းမကြွေး သူ့ဖာသာ အစာရှာစားလို့ရအောင်လည်း လွှတ်မပေးဘဲ ဖမ်းချည်ထားတာကြောင့် ငရဲလားခဲ့ရတယ်” ( တမန်တော်မြတ် သြဝါဒတော် ဗုခါရီကျမ်း)
    တိရိစ္ဆာန်တွေကို ညှင်းပန်းခြင်းနှင့်ပတ်သက်လို့ အစ္စလာမ့်စည်းမျဉ်းက ဒါမျိုးဖြစ်သောကြောင့် ရန်ပြုခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အကြမ်းဖက်ခြင်း ခံရသူဟာ လူသားဖြစ်ခဲ့မယ်ဆိုရင် အပြစ်ဒဏ်က ပိုပြီးပြင်းထန်မယ်ဆိုတာ ဆင်ခြင်သိနိုင်ပါတယ်။
    (၂) တစ်ဦးချင်းစီ၏ တာဝန်
    အစ္စလာမ်မှာ လူတိုင်းဟာ သူရဲ့ ကိုယ်ပိုင် ပြုမူဆောင်ရွက်ချက်တွေအတွက်ပဲ တာဝန်ရှိပါတယ်။ အခြားသူရဲ့ ဆောင်ရွက်ချက်ဟာ သူအပေါ်တာဝန်မရှိပါဘူး။ ဘယ်သူမှ အခြားသူတွေရဲ့ အမှားတွေကြောင့်ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစရာမလိုပါဘူး။ အဲ့ဒီသူတွေဟာ သူရဲ့ ဆွေမျိုးရင်းချာကြီးတွေဖြစ်နေစေကာမူ မဆိုင်ပါဘူး။ ဒါဟာ ကျမ်းတော်မြတ် ကုရ်အာန်မှာ ရှင်းရှင်းလင်းလင်း ပြဆိုထားတဲ့ တရားမျှတမှုရဲ့ ပကတိပုံစံပါပဲ။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူထားသည်မှာ-
    (၎င်းသည် ‘မူစာ’၏ ကျမ်းများ၌ လာရှိသည်ကိုလည်းကောင်း၊(အမိန့်တော်များကို) ကျေပွန်စွာဆောင်ရွက်ခဲ့သော ‘အီဗ်ရာဟီမ်’၏ကျမ်းတော်များ၌ လာရှိသည်ကိုလည်းကောင်း၊ သတင်းပေးခြင်း မခံခဲ့ရလေသလော။ ဧကန်စင်စစ် မည်သည့်သယ်ပိုးသူ တစ်ဦး တစ်ယောက်မျှပင် သူတစ်ပါး၏၀န်ထုပ်ကို သယ်ပိုး ရွက်ဆောင်မည် မဟုတ်ဟူ၍လည်းကောင်း။) ( ကြယ်တာရာများကဏ္ဍ ၅၃၊ ပါဒတော် ၃၆-၃၈)
    ဒါကြောင့် အချို့ အမည်ခံမွတ်စလင်တွေကို မြင်ရတာ စိတ်ပျက်စရာ အလွန်ကောင်းလှပါတယ်။ သူတို့တွေက နိုင်ငံအာဏာပိုင်တွေနဲ့ ရှိတဲ့ သူတို့ရဲ့ မကြေလည်မှုတွေအတွက် အပြစ်မဲ့သူတွေကို ဓါးစာခံအဖြစ်လုပ်တာ၊ ရန်မူတိုက်ခိုက်တာတွေကို ကျူးလွန်နေကြတယ်!! အဲ့ဒီနောက် သာမန်သူတွေရဲ့ ပြစ်မှုတွေကရော?! လူသတ်ခြင်းဟာ အစ္စလာမ်က လုံးဝကို တားမြစ်ထားတဲ့ စက်စုပ်ရွံရှာဖွယ် ပြစ်မှုကြီးတွေထဲက တစ်ခုပါပဲ။ ဘယ်လောက်အတိုင်းအတာအထိ အပြစ်ကြီးလည်းဆိုလျှင် အချို့ မွတ်စလင်ပညာရှင်တွေက လူသတ်သမားရဲ့ ဝန်ချတောင်းပန်မှုကို အလ္လာဟ်အရှင်မြတ်က လက်ခံလိမ့်မှ မဟုတ်ဘူးလို့ကို လက်ခံထားကြပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်ပါဒတော်ကို ကြည့်ကြရအောင်
    (မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်း မဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။) (ခဲဘွယ်ဘောဇဉ် ကဏ္ဍ ၅၊ ပါဒတော် ၃၂)
    (၃) အဆုံးသတ်ရလဒ်များသည် နည်းလမ်းများကို ဖြောင့်မှန် မသွားစေနိုင်ပါ။
    အစ္စလာမ်မှာ အဆုံးသတ်ရလဒ်များသည် နည်းလမ်းများကို ဖြောင့်မှန်သွားစေသည်ဆိုတဲ့ အယူအဆအတွက် နေရာလုံးဝကို မရှိပါဘူး။ မကောင်းတဲ့ နည်းလမ်းတွေနဲ့ ရည်ရွယ်ချက်ကောင်းတွေ အောင်မြင်အောင်လုပ်တာမျိုးကို ခွင့်မပြုထားပါဘူး။ ဒါကြောင့်လည်း မတရားတဲ့ နည်းတွေနဲ့ ကောက်ယူထားတဲ့ အလှူတွေဟာ ဟလာလ် မဟုတ်ပါဘူး(တရားတော်နဲ့မညီပါဘူး)။ ဒါနဲ့ပတ်သက်ပြီးတော့ တမန်တော်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာ “မုချ အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်တော် မူပြီး ကောင်းမြတ်ခြင်းမှ လွဲ၍ ဘယ်သောအခါမှ လက်ခံတော်မမူပေ” ။
    ဒါကြောင့် အစ္စလာမ့် ရှရီအဟ်တရားတော်နဲ့ တရားတော်၏ ရင်းမြစ်များဖြစ်ကြတဲ့ ကုရ်အာန်ကျမ်းတော်မြတ်၊ မုဟမ္မဒ်သခင်၏ သွန်သင်ကျင့်သုံးပြမှုနှင့် မွတ်စလင်ဥပဒေ ပညာရှင်များ အားလုံး၏ တညီတညွတ်တည်း သဘော တူညီမှုများတွင် အပြစ်မဲ့သူများအား ရန်မူ တိုက်ခိုက်ခြင်းနှင့် လူအခွင့်အရေး ချိုးဖောက်ခြင်းများကို လုံးဝ တားမြစ်ထားပါတယ်။
    ဒါ့အပြင် တွေဝေရှုပ်ထွေးနေသော လူအများအား ဖြောင့်မတ်မှန်ကန်လာရန်နှင့် လမ်းမှန်ကို လမ်းညွှန်ရန်မှာ မွတ်စလင်ပညာရှင်များ အဆုံးစွန်ဆုံး ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားဖြစ်ပါတယ်။
    Ref: “Woolwich Attack: Justified in Islam?” from OnIslam.net/english/ask-the-scholar/international-relations-and-jihad