News @ M-Media

Blog

  • အမေရိကန် တက်ဆက်တွင် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

    မေ-၂၇၊၂၀၁၃

    M-Media

    အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်တွင် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

    mbadakhsh20130527045930830

    အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ်တွင်  အသက် ၂၃ နှစ် အရွယ် သေနတ်သမား တဦး ပစ်ခတ်မှုကြောင့်  လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားပါသည်။ မေလ ၂၆ ရက် တနင်္ဂနွေ မနက်စောစောပိုင်းတွင် သေနတ်သမားမှ ကားဖြင့် လှည့်ပတ်မောင်းပြီး လူမြင်ကွင်းနေများတွင်  လူအုပ်ဆီိသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်သမားကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြင့် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

    တက်ဆက် လူထုလုံခြုံရေး ဌာန၏ ထုတ်ပြန်ချက်များအရ ရဲတပ်ဖွဲဝင် များသည် အပစ်အခတ် ဖြစ်ပွားသည်ဟု သံသယရှိသော နေရာမှ လေ့ကျင့်ရေးသုံး ရိုင်ဖယ်တစ်လက်၊ တူမီးသေနတ် တစ်လက် နှင့် ရာချီသော ကျည်တောင့်များကို ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရသည်။

    ပစ်ခတ်မှုများသည် Texas ၏ အချက်အချာ ဖြစ်သော  အေဒင်မြို့တွင် စတင်ဖြစ်ပွားခဲ့ပါသည်။

    Brady မြို့အနီးရှိ စတိုးဆိုင်တစ်ခု၏ အပြင်ဘက်ရှိ ကားပေါ်တွင် ထိုင်နေသော လူနှစ်ဦးအား သေနတ်သမားပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ပြီး နောက် သေနတ်သမားဟာ Eden မြို့သို့ကားဖြင့် ပြန်မောင်းကာ အခြားကားတစီးကို ပစ်ခတ်ခဲ့ရာ နောက်ထပ် လူတစ်ဦးကိုလည်း ဒဏ်ရာရရှိစေခဲ့ပါသည်။

    အခင်းဖြစ်ပွားရာတွင် သေဆုံသွားခဲ့သော သူမှာ အသက် (၄၁)နှစ် အရွယ် ရှိ Alicia Torres ဆိုသူဖြစ်ပြီး သူမအား ကားအတွင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပါသည်။

    အမေရိကန်ပြည်ထောင်စုတွင်  ဥပဒေပြုလွှတ်တော် အမတ်များမှာ သေနတ်များ ကိုင်ဆောင်မှုကို ပိုမိုထိန်းချုပ်နိုင်မည့် ဥပဒေပြင်ဆင်ပြောင်းလဲ ရေးအတွက် စဉ်းစားရန်ကို ငြင်းဆိုခဲ့ကြသည်။  ပြီးခဲ့သော ဒီဇင်ဘာလအတွင်း  Connecticut မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သော ကလေး အယောက် (၂၀)နှင့် လူကြီး (၇) ဦးသေဆုံးစေခဲ့သည့် သေနတ်ဖြင့် လူအစုလိုက်သတ်ဖြတ်မှု အပြီး သေနတ်ဝယ်ယူသူများအား ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုရန်ကိုပင် ငြင်းဆိုလိုက်သည့်အတွက် အမေရိကန် ပြည်ထောင်စု အတွင်း သေနတ် ပစ်ခတ်မှုများသည် လျော့ပါးသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေပါသည်။

    အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူပေါင်း သုံးသောင်းထက် မနည်းသည် သေနတ်ပစ်ခတ်မှု ခံရပြီး သေဆုံးနေပါသည်။

    University of Chicago Crime Lab နှင့် The Centers for Disease Control တို့အရ အမေရိကန်နိုင်ငံသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် သေနတ်အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၈၇ဦးရှိကာ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁၈၃ဦး ခန့်ရှိကြောင်း သိရပါသည်။

    MFB/MFB

    Ref:Press TV

  • မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင့်ရှုတ်ချသည့် ဆန္ဒပြပွဲ နယူးကာဆယ်တွင် ပြုလုပ်

    မေ-၂၆၊၂၀၁၃

    M-Media

    မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင့်ရှုတ်ချသည့် ဆန္ဒပြပွဲ  နယူးကာဆယ်တွင် ပြုလုပ် ၊ ရာပေါင်းများစွာသော မွတ်စလင် မဟုတ်သည့် ဗြိတိန်ပြည်သူများ ပါဝင်
    UK Activists Rally Against Islamophobia

    လန်ဒန်တောင်ဘက် ၀ူးလ်ဝစ်ခ်ျဒေသ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စလာမ် ဘာသာဝင်များနှင့် ဗလီဝတ် ကျောင်းတော်များအပေါ် တိုက်ခိုက်မှုများဖြစ်လာမည်ကို စိုးထိတ်ကြသည့် ရာပေါင်းများစွာသော ဗြိတိန်ပြည်သူများက အစ္စလာမ်ဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ မုန်းတီးမှုများဖြစ်ပေါ်လာစေရန် ဟောပြောချက်များကို ဆန့်ကျင်သော ဆန္ဒပြပွဲတစ်ခုကို နယူးကာဆယ်မြို့၌ ပြုလုပ်ခဲ့ကြသည်။

    “ကျနော်တို့ ဒီအရှေ့မြောက်ဘက်ဒေသမှာ နိုင်ငံရပ်ခြားက ပြောင်းရွှေ့အခြေချနေထိုင်မှု၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပက်သက်ပြီး ရှည်လျားတဲ့၊ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့မြို့ရဲ့လမ်းမတွေပေါ်က လက်ယာစွန်းရောက် အဖွဲ့တွေကို တွန်းလှန်ဖို့ ကျနော်တို့ အမြဲ သတိရှိရပါလိမ့်မယ်။ လူမျိုရေးခွဲခြားမှု အလိုမရှိပါ။”ဟု ဆန္ဒပြပွဲတွင်University and College Union မှ ဆရာများနှင့် အတူပါဝင်ခဲ့သည့် ဗီရိုနီကာ ကီလင်(Veronica Killen) က Socialist Worker သတင်းစာသို့ ပြောကြားခဲ့သည်။

    ထိုဆန္ဒပြပွဲကို ဖက်ဆစ်ဝါဒဆန့်ကျင်ရေးအုပ်စု(Unite Against Fascism) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်စစ်သားတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း မွတ်စလင်များနှင့် ဗလီဝတ်ကျောင်းတော်များအား တိုက်ခိုက်ရန်ဆောင်ရွက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်ရှုတ်ချရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။

    ထိုကဲ့သို့အကြမ်းဖက်သတ်ဖြတ်မှုမှာ အစ္စလာမ်၏ သွန်သင်မှုများနှင့် ဆန့်ကျင်နေသောကြောင့် ဗြိတိန်မွတ်စလင်များမှလည်း ထိုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

    ဒေသတွင်းရှိ Spice FM မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဆန်ဒီပ်(Sandeep) ကလည်း “ဒီလှိုဆန္ဒပြမှုဟာ သိပ်ကိုကောင်းပြီး ကျနော်တို့မြို့မှာ လိုအပ်နေတဲ့ အရာပါပဲ။” ဟု ပြောဆိုခဲ့သည်။

    ဖက်ဆစ်ဝါဒဆန့်ကျင်ရေး

    “English Defence League နဲ့ British National Party လို ဖက်ဆစ်အဖွဲ့အစည်းတွေက လီရစ်ဘီ အသတ်ခံရမှုကို အမြတ်ထုတ်ပြီး လူမျိုးရေးခွဲခြားမှုကို ပွဲထုတ်လာတာ၊ မွတ်စလင်တွေအားလုံးကို မုန်းတီးအောင်လုပ်လာတာ အဲဒီလို လုပ်ဆောင်မှုတွေကို ကျနော်တို့ ကန့်ကွက်ရှုတ်ချပါတယ်။” ဟု ဖက်ဆစ်ဝါဒဆန့်ကျင်ရေးအုပ်စု (Unite Against Fascism) မှ ၎င်းတို့၏ ၀က်ဘ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

    မေလ ၂၇ ရက်နေ့တွင်လည်း ၀န်ကြီးချုပ်ရုံးရှေ့၌ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ရှုတ်ချသည့် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ရန် စီစဉ်ထားသည်။

    ထိုဆန္ဒပြပွဲကို Stop the War Coalition အဖွဲ့မှ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းစု၊ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များ နှင့် လူမှုရေးအဖွဲ့များမှ ပါဝင်မည်ဖြစ်ကာဝူးလ်ဝစ်ခ်ျ အကြမ်းဖက်မှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် ဘာသာရေးမုန်းတီးမှုများနှင့် ပက်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်မည်ဖြစ်သည်။

    “အနုပညာ အသိုင်းအ၀ိုင်း၊ ဘာသာရေးအသိုင်းအ၀ိုင်း၊ ကုန်သွယ်လုပ်ငန်းအသိုင်းအ၀ိုင်းနဲ့ အခြား လူ့အဖွဲ့အစည်းတွေက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေနဲ့အတူ အစ္စလာမ်ကြောက်ရောဂါ ဘယ်နေရာမှာပဲပေါ်လာပေါ်လာ အခုရော နောင်ရော အမြဲတမ်း ကျနော်တို့အားလုံးက ဆန့်ကျင်သွားမှာပါ။” ဟု အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

    EDL ဟုခေါ်သည့် လက်ယာစွန်းရောက်ပါတီမှာ ၂၀၀၉ ခုနှစ်က စတင်ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့အမည်ပေးခေါ်ဝေါ်သည့် “အစ္စလာမ့်မစ် အစွန်းရောက်ဝါဒ” ကို ဆန့်ကျင်သော ဆန္ဒပြပွဲမြောက်များစွာကို ပြုလုပ်ခဲ့သည်။

    ၂၀၁၀ ခုနှစ် နိုင်ဝဘာလက EDL ပါတီမှပြုလုပ်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုမှာ အစွန်းရောက်ဝါဒကို မီးထိုးပေးပြီး ဗြိတိန်လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်မှုကို ထိခိုက်နိုင်သောကြောင့် ဗြိတိန်ရဲတပ်ဖွဲ့က EDL ပါတီအား သတိပေးခဲ့သည်။

    Ref:OnIslam

  • ကမ္ဘောဒီးယားနှင့် မြန်မာ ဘာသာရေးခေါင်းဆောင်များ အတွေ့အကြုံဆွေးနွေး ဖလှယ်နိုင်ရန် စီစဉ်

    IMG_20130410_155732
    Pray For Myanmar အဖွဲ့ရဲ့ ငြိမ်းချမ်းလှုပ်ရှားမှု စတေကာ ဆောင်ပုဒ်များ

    ရန်ကုန် – မေ ၂၇၊ ၂၀၁၃ (မော်ကွန်း)

    ကမ္ဘောဒီးယားနိုင်ငံမှ အစ္စလာမ်ဘာသာနှင် ဗုဒ္ဓဘာသာ ခေါင်းဆောင်များကို ဖိတ်ကြားကာ ၎င်းတို့နိုင်ငံတွင် မတူညီသည့် ဘာသာဝင်များ မည်သို့ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို မြန်မာနိုင်ငံရှိ ဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန် လူငယ် ကွန်ယက်တစ်ခုဖြစ်သော Pray For Myanmar မှ စီစဉ်နေကြောင်း မော်ကွန်းမဂ္ဂဇင်းသို့ပြောသည်။

    ၎င်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် အမြန်ဆုံး ကျင်းပနိုင်ရန် စီစဉ်လျှက်ရှိပြီး အဓိကအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် မတူညီသည့်ဘာသာဝင်များ အကြား ပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းပုံနှင့် မည်ကဲ့သို့ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

    “ကမ္ဘောဒီးယားမှာ မွတ်ဆလင်တွေလည်း အများစုရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေလည်းရှိတယ်၊ ကျွန်တော်တို့နိုင်ငံလိုမျိုးပဲ။ ဒါပေမဲ့ ဘာပြဿနာမရှိဘူး “ဟု Pray For Myanmar မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း မှပြောသည်။

    မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးကာ နိုင်ငံတော် အဆင့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာစေရန် စီစဉ်လျှက်ရှိနေသည်ဟု ကိုသက်ဆွေဝင်းကပြောသည်။

    Pray For Myanmar ကွန်ယက်သည် ဘာသာပေါင်းစုံမှ လူငယ်များနှင့် ဖွဲ့စည်းထားပြီး လူစည်ကား ရာနေရာများတွင် “လူမျိုးဘာသာ မခွဲခြားမြန်မာနိုင်ငံသား” ၊ “ကျွန်ုပ်ကြောင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခမဖြစ်စေရ” စသောဆောင်ပုဒ်များ ရိုက်နှိပ်ထားသော စတေကာများနှင့် အင်္ကျီများ အခမဲ့ဖြန့်ဝေနေသော လူငယ်ကွန်ယက်ဖြစ်သည်။ ။

    source: Maw Kun Magazine

  • ကလေး ၂ ယောက် ဥပဒေသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ဟု ဒေါ်စုကြည် ဝေဖန်

    M-Media
    မေလ ၂၇ ရက်၊ ၂၀၁၃

    သတင်းအရင်းအမြစ် – အင်တာနက်

    2013-05-27T113335Z_1_CBRE94Q0W4600_RTROPTP_2_MYANMAR-POLITICS
    သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

    မွတ်စလင်များအရေးနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ယနေ့ ဝေဖန်ပြောကြားလိုက်ပါတယ်။

    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင်ကြောင်း ယနေ့သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။

    “ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

    လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။

    ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်းမျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။

    အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို ကန့်သတ်ချုပ်ခြယ် မှုတွေ ဖြေလျော့ပေး သင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ပါသေးတယ်။

    “ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

  • မိတ္တီလာမြို့ရှိ မွတ်စလင်မ် သုဿန်ဟောင်းကို ယနေ့မနက်မှ စတင်ပြီး ဖျက်သိမ်းလျက်ရှိ

    မိတ္တီလာမြို့ရှိ မွတ်စလင်မ် သုဿန်ဟောင်းကို ယနေ့မနက်မှ စတင်ပြီး ဖျက်သိမ်းလျက်ရှိ

    မေ-၂၇၊၂၀၁၃
    M-Media
    KK

    မိတ္ထီလာမြို့ဦး ဗလီနား အောင်ဇေယျာ နယ်မြေရှိ မွတ်စလင် သုဿန်ဟောင်းအား ယနေ့ မနက် ၁၀ နာရီ အချိန်ခန့်က မြေထိုးစက်များ အသုံးပြုပြီး ဖျက်သိမ်းနေကြောင်း သတင်းရရှိပါသည်။

    မွတ်စလင်မ် သုဿန်ကို ဖျက်သိမ်းနေချိန်တွင် လုံခြုံရေးအပြည့်ယူထားကြောင်း၊ စစ်သားများ၊ရဲများ၊လုံခြုံရေး လက်ပတ်များ ပတ်ထားသော အရပ်သားများပါ စောင့်ကြပ်နေကြကြောင်း မြို့ခံတဦးက အတည်ပြုပြောကြား လာပါသည်။

    မိတ္ထီလာမြို့ ပုံမှန် မရောက်သေးချိန်တွင် အာဏာပိုင်များမှ ယခုလိုပြုလုပ်ခြင်းကြောင့် မြို့ခံများ ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ အဆိုပါ မွတ်စလင်မ်သုဿန်ကို ဖျက်သိမ်းရှင်းလင်းပြီး အဝေးပြေးကားဝင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ မွတ်စလင်မ်သုဿန်ဟောင်းမှာ သဂြိင်္ုလ်မှု့ကို ပိတ်ပင်ထားသည်မှာ နှစ်အတန်ငယ်ကြာပြီဖြစ်ကြောင်းနှင့် အဆိုပါမြေနေရာကို မနှစ်က ဦးပိုင် ကုမ္ပဏီကို ရောင်းချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး မြို့ခံ အစ္စလာမ် ဘာသာဝင်များမှ နိုင်ငံတော် သမ္မတထံ အသနားခံစာ ပို့ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဦးပိုင်ကို ရောင်းချသည့် အစီအစဉ်ပျက်သွားပြီး ယခု အဝေးပြေးကားဝင်း တည်ဆောက်မည့် စီမံကိန်းကို ဖြစ်လာကြောင်းသိရသည်။

    အစ္စလာမ်ဘာသာဝင်များ မှာ ၄င်းတို့ ကွယ်လွန်သွားသော ဆွေးမျိုး မိဘများကို ကောင်းရာသုဂတိလားစေရန် မကြာခဏသွားရောက်ပြီး သုဿန်များသို့သွားရောက်ပြီး ဆုတောင်း မေတ္တာများ ပို့သလေ့ရှိကြောင်းနှင့် သုဿန် ဥယျာဉ်တော်များကို တန်ဖိုးထားကြကြောင်း သိရှိရပါသည်။