News @ M-Media

Blog

  • ပြင်ဦးလွင်မြို့တွင် ပဋိပက္ခမဖြစ်ပွားရန် မြို့မရဲစခန်းက ကြိုတင်ပြင်ဆင်လျက်ရှိ

    ပြင်ဦးလွင်မြို့တွင် ပဋိပက္ခမဖြစ်ပွားရန် မြို့မရဲစခန်းက ကြိုတင်ပြင်ဆင်လျက်ရှိ

    မေ(၃၁)ရက်၊ ၂၀၁၃ ခုနှစ်။

    ကောင်းမြတ်ဖြိုး (မြစ်မခ ) /မြန်မာခရိုနီကယ်

    လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပြင်ဦးလွင်မြို့သို့ ကူးစက်မှု မရှိစေရန်လုံခြုံရေးအတွက်ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ပြင်ဦးလွင် မြို့မ ရဲစခန်းက သိရှိရသည်။

    “ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေ လုံခြုံရေးအတွက် တစ်ခုခုဖြစ်ရင် အမြန် ဆောင်ရွက်ပေးနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်”ဟု ပြင်းဦးလွင် မြို့မ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်က ပြောသည်။

    လက်ရှိဖြစ်ပွားနေသောပဋိပက္ခများနှင့် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေး အတွက် စိုးရိမ်ပူပန်များဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

    “ကျွန်တော်တို့ ပထမကတော့ စိုးရိမ်မိတယ်၊ မြို့ထဲမှာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကောလဟာလတွေကြား နေရတော့။ ဒါပေမဲ့ ပြင်ဦးလွင်က စစ်တပ်တွေများတော့ မဖြစ်ဘူးလို့တော့ထင်တာဘဲ။ ” ဟု ရပ်ကွက်ကြီး (၇)နေဒေသခံတစ်ဦးက ပြောသည်။

    ၂၀၁၃ ခုနှစ် မတ်လမှ မေလပိုင်းအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မတ်လပိုင်း တွင် မိထ္ထီလာမြို့၌ ဖြစ်ပွားခဲ့ပြီး မေလကုန်ပိုင်းတွင် လာရှိုးမြို့ ၌ ဖြစ်ပွား ခဲ့သည်။

    လားရှိုးမြို့ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ (၃၈)ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကြောင်း ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြထားသည်။
    ပြင်ဦးလွင်မြို့ ဒေသခံများအနေဖြင့် မိထ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခသည် ၂၀၀ ၀န်းကျင် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း NLD ပါတီမှ လယ်သမားအရေးဆောင်ရွက်နေသူ ကိုအောင်ကျော်ဆန်းက ပြောဆိုသည်။

  • မန္တလေးမြို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေမည့် စာအုပ်များဖြန့်ဝေပြီး ၉၆၉ တံဆိပ်များ လိုက်လံကပ်၍ လှုံ့ဆော်နေ

    မေလ-၃၁၊ ၂၀၁၃
    M-Media
    ရဲရင့်သူ

    မန္တလေးမြို့။ ။ မန္တလေးမြို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ပဋိပက္ခဖြစ်စေမည့် စာအုပ်များဖြန့်ဝေပြီး ၉၆၉ တံဆိပ်များကို လိုက်လံကပ်နေကြောင်း သတင်းရရှိပါတယ်။

    1

    ယင်းပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုအား ဆက်သွယ်စုံစမ်းရာ မန္တလေးမြို့ ဈေးချိုအနီးအ၀ိုက်၊ ၂၇ လမ်း၊ ၈၃x၈၄ လမ်းကြားအတွင်းရှိ မိဘမေတ္တာ ကွမ်းယာဆိုင်မှ အဆိုပါ ဘာသာရေး ပဋိပက္ခ ဖြစ်စေမည့် စာအုပ်များ ဝေငှနေသည်ကို သိရပါတယ်။

    “အစကတော့ မသန်းအေး (မိဘမေတ္တာကွမ်းယာဆိုင်)ရဲ့ ယောက်ျားက ၉၆၉ တံဆိပ်တွေ ဝေတယ်၊ ကျွန်မက မကပ်ချင်ဘူး။ ဆိုင်မှာ ဘုရားစင် ရှိတယ်ပြောတော့ သူက ခင်ဗျားဗုဒ္ဓဘာသာမဟုတ်ဘူးလားဆိုပြီး ပြောပြီး အတင်းကပ်သွားတယ်ဆိုင်မှာ။ နောက်ပြီး ပြောသေးတယ် ဒီတံဆိပ် မကပ်ထားရင် နင်တို့ဆိုင်ကို ကုလားဆိုင်နဲ့ မှားဖျက်ရင် တာဝန်မယူဘူးလို့လည်း ပြောတယ်။ တကယ်ဆိုရင် ကျွန်မတို့က ဒီနားလေးမှာ ဆိုင်လာဖွင့်တာပါ ကိုယ်ပိုင် ဆိုင်ခန်းလည်း မဟုတ်ပါဘူး။ ဒီနားက ဘာသာပေါင်းစုံ ဆိုင်တွေ ရှိပါတယ်၊ ဒီနေ့ကျ ဒီစာအုပ် လာပေးတယ်၊ မလိုချင်ဘူး ပြောတော့ ဇွတ်အတင်းပေးသွားတယ်”လို့ အဆိုပါစာအုပ်လက်ခံရရှိပြီးနှင့် ၉၆၉ တံဆိပ် ကပ်ခံရသူ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးမှ ပြောပြလာပါတယ်။

    အဆိုပါ မိဘမေတ္တာ ကွမ်းယာဆိုင်သည် လမ်းဘေးတွင် တည်ခင်းဖွင့်သော ဆိုင်တစ်ဆိုင်ဖြစ်ပြီး စည်ပင်မှ လာဖမ်းလျှင် အမြဲတမ်း ပြေးနေရသော ဆိုင်ဖြစ်ကြောင်း၊ ၄င်းတို့နေထိုင်သည်မှာလည်း မြို့သစ်ထဲတွင် ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နှင့် ဘာမှ သက်ဆိုင်ခြင်း မရှိကြောင်း ပဋိပက္ခဖြစ်စေရန် နေ့စဉ် သွေးထိုးနေကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

  • Samsung မှ Galaxy S4 “Mini” ထုတ်မည်။

    မေ-၃၀-၂၀၁၃
    M-Media

    တောင်ကိုရီးယားနိုင်ငံ၏ ဆမ်ဆောင်း ကုမ္ပဏီ မှ အလယ်လတ်တန်း လူတန်းစားများ အတွက် ထုတ်လုပ်ဖြန့်ဖြူးမည့် သူတို့၏ နောက်ဆုံးထုတ် Galaxy S4 smartphone ၏ ဗာရှင်း အသေးစား ကို ထုတ်လုပ်မည်ဖြစ်ကြောင်း ကြာသာပတေးနေ့က ကြေညာခဲ့သည်။

    samsung-galaxy-s4-and-galaxy-s4-mini

    Galaxy S4 Mini တွင် ၄.၃ လက်မ ဖန်သားပြင်နှင့် ၁၀၇ ဂရမ်အလေးချိန်ရှိပြီး၊ သယ်ဆောင်ရ လွယ်ကူကြောင်း၊ လက်တစ်ဖက်ထဲနှင့် အသုံးပြုနိုင်ကြောင်း၊ ကုမ္ပဏီမှပြောပြခဲ့သည်။

    ကျနော်တို့ လူတွေကို ရွေးချယ်ခွင့်ပေးချင်ပါတယ်။ S4 mini ကို အသုံးပြုပေမယ့် S4 ကို အသုံးပြုရသလို ခံစားရစေချင်ပါတယ်။ S4 နှင့် ပုံစံတူ အရွယ်အစား သေးငယ်ပေမယ့် လက်တွေ့မျာ အသုံးပြုရလွယ်ကူမှာဖြစ်တယ်လို့ ဆမ်ဆောင်းရဲ့ အိုင်တီနှင့် မိုဘိုင်း ဆက်သွယ်ရေးဌာန အကြီးအကဲ ဂျေကေ ရှင်း(J.K.Shin) ကပြောကြားခဲ့သည်။

    S4 Mini ကိုထုတ်လုပ်ရခြင်းမှာ ပိုက်ဆံကိုချွေတာ သုံးစွဲသော အသုံးပြုသူများအတွက် လူကြိုက်များသော ထိပ်တန်းစာရင်းဝင် ဖုန်းများအား ပုံစံတူ ထုတ်လုပ်၍ မတူညီသော ဈေးများဖြင့်ရောင်းချသော ကုမ္ပဏီ၏ စီးပွားရေးဈေးကွက် တစ်ခုဖြစ်ကြောင်း သိရသည်။ Galaxy S4 Mini ၏ တန်ဖိုးနှင့် နှင့် ဈေးကွက် အတွင်းဖြန့်မည့် ရက် မသတ်မှတ်ရ သေးကြောင်း သိရသည်။

    Galaxy S4 mini တွင် 1.7GHz dual core processor ပါဝင်ပြီး၊ 8.0-megapixel rear-facing camera နှင့် 1.9-megapixel HD front-facing camera တို့ပါဝင်ကြောင်းသိရသည်။

    ဧပြီလ ၂၆ မှ စတင်ဈေးကွက်အတွင်း ရောက်ခဲ့သော အရည်အသွေးမြင့် ရုပ်သံစနစ်ပါသည့် ၅လက်မ ဖန်သားပြင်ပါသော Galaxy S4 သည် Samsung အတွက် ယနေ့အထိ အရောင်းအသွက်ဆုံးသော Smart Phone ဖြစ်ပြီး၊ ယခုလအတွင်း ကမ္ဘာအနှံသို့ ဖုန်းအလုံးပေါင်း ၁၀ သန်းကျော် ရောင်းချခဲ့ ရကြောင်းသိရသည်။

    ကမ္ဘာ့ပေါ်တွင် မိုဘိုင်းလ်ဖုန်း အများဆုံး ထုတ်လုပ်သူ စာရင်းဝင်သည့် ဆမ်ဆောင်းဟာ S4 ကို အမေရိကန်နိုင်ငံ နှင့် အခြားနိုင်ငံများတွင်ရှိသော စမတ်ဖုန်း ဈေးကွက်များကို ထိုးဖောက်နိုင်ရန်မျှော်လင့်ကြောင်း၊ အဓိက ပြိုင်ဘက်ဖြစ်သော Apple ၏ ထုတ်ကုန်ဖြစ်သော IPhone အား ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    – AFP/fl

  • လားရှိုး ပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity for Peace Networks) ၏ သဘောထား ထုတ်ပြန်ချက်

    မေ-၃၁-၂၀၁၃
    M-Media

    ၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။
    ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    Unity for Peace Networks

    စာအမှတ် ၁/၂၀၁၃
    ၃၁-၅-၂၀၁၃

    ၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက်

    ၁။၂၀၁၃ ခုနှစ်၊မေလ ၂၈ရက်တွင်ဖြစ်ပွားခဲ့သော မူးယစ်ဆေးစွဲစိတ်ဝေဒနာရှင်တစ်ဦးမှ အမျိုးသမီး တစ်ဦးအား ခိုက်ရန်ဖြစ်မီးရှို့ကျူးလွန်ခြင်းပြစ်မှုကို ရှုတ်ချလိုက်ပြီး၊ အဆိုပါ ကျူးလွန်သူအား ဥပဒေ အတိုင်း ထိထိရောက်ရောက် အရေးယူပါရန် တိုက်တွန်းလိုက်ပါသည်။

    ၂။ အထက်ပါရာဇဝတ်မှုကိုအခွင့်ကောင်းယူကာ ဗလီဝတ်ကျောင်းတော်များနှင့် မိဘမဲ့ စာသင် ကျောင်းများအား ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန်မီးရှို့ဖျက်ဆီးပြီး ဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပျက်ပြားစေသော လုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါသည်။

    ၃။ လားရှိုးမြို့နေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင် ခံစားခဲ့ရမှုများအတွက် ထပ်တူထပ်မျှ ဝမ်းနည်းသောက ရောက်ရပါသည်။

    ၄။ပဋိပက္ခနှင့်အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ် ထိန်းသိမ်းခြင်းမရှိဘဲ တာဝန်မဲ့စွာ လစ်ဟင်း ခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများအား ပြင်းထန်စွာရှုတ်ချလိုက်ပါသည်။

    ၅။လက်ရှိဖြစ်ပွားနေသောအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်အောင် ထိန်းသိမ်းဆောင်ရွက်ပေး ပါရန်နှင့် ဒုက္ခရောက်နစ်နာခဲ့ရသူများကို လိုအပ်သော အကူအညီများ အချိန်နှင့် တပြေးညီ ဖြည့်ဆည်းပေးအပ်ပေး ပါရန် နိုင်ငံတော် အစိုးရ နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အား လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။ အဆိုပါကိစ္စရပ်များဆောင်ရွက်ရာတွင် တာဝန်ရှိသူများအား ပူးပေါင်းကူညီပေးကြပါရန် ရပ်မိရပ်ဖများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ရဟန်း သံဃာတော်များနှင့် ဘာသာရေး ခေါင်းဆောင် အသီးသီးတို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

    ၆။ လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင့် တာဝန်လစ်ဟင်းသူ တာဝန်မဲ့သူများကို ကျောသားရင်သား မခွဲခြားဘဲ တည်ဆဲဥပဒေများအရ အရေးယူပေးပါရန် နိုင်ငံတော် အစိုးရနှင့် ပြည်နယ်အစိုးရ အား တိုက်တွန်းအပ်ပါသည်။

    ၇။ ဘာသာတရားများ၏ မူရင်း အဆုံးအမများဖြစ်ကြသော ငြိမ်းချမ်းရေး၊ မေတ္တာတရားတို့နှင့် ဆန့်ကျင် သွေဖည်သော အမုန်းတရားများကို ဘာသာသာသနာခေါင်းစဉ်တပ်ကာ ရိုးသားဖြူစင်သော အများပြည်သူတို့အား ဟောပြောစည်းရုံးလှုံ့ဆော်ခြင်းများကို လုံးဝကန့်ကွက် ရှုတ်ချလိုက်ပါသည်။ ထိုလုပ်ရပ်များသည် ဘာသာတရားတို့၏ မူလအနှစ်သာရများကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ဘာသာတရား အသီးသီးတို့အားစစ်မှန်သော ယုံကြည်သူများအနေဖြင့်လည်း ဆန့်ကျင်ကန့်ကွက်ကြ ပါရန် နှိုးဆော် တိုက်တွန်းအပ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပဋိပက္ခတို့၏ အရင်းအမြစ်များဖြစ်ကြသော ထိုမုန်းတီးရေးတရားများ၊ ဦးဆောင်ဟောပြောသူများနှင့် လက်ဆင့်ကမ်းဖြန့်ချီသူများအားလုံးတို့ကို ဥပဒေအရထိထိရောက်ရောက် တားဆီးအရေးယူပေးပါရန် တိုက်တွန်းအပ်ပါသည်။

    ၈။ လားရှိုးမြို့နေပြည်သူများ အနေဖြင့်လည်း နှစ်ပေါင်းများစွာ ဘိုးစဉ် ဘောင်ဆက် အချင်းချင်း ချစ်ကြည် ရင်းနှီးစွာဖြင့် အတူယှဉ်တွဲနေထိုင်လာကြသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြပါရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။

    ၉။ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ဒုက္ခရောက်သူများကို စာနာနားလည်စွာဖြင့် အကူအညီပေးခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဟန်းရှင်လူ ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ရှိပါသည်။

    ၁၀။ ဒီမိုကရေစီနိုင်ငံတော်သစ်ဖော်ဆောင်ရေးတွင် လူမျိုးဘာသာမခွဲခြားပဲ ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နှင့် ငြိမ်းချမ်းစွာလက်တွဲဖော်ဆောင်ကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော် အပ်ပါသည်။

    UFP statement copy

  • လားရှိုးအကြမ်းဖက်မှု SNLD သဘောထား ကြေညာချက်ထုတ်ပြန်

    မေ-၃၀၊၂၀၁၃
    M-Media

    သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင်ဖြစ်ပွါးနေသော ဘာသာရေးပဋိပက္ခနှင့်ပတ်သက်၍ သျှမ်း တိုင်းရင်းသား များအားလုံး ဤပဋိပက္ခတွင်ပါဝင်ခြင်းမပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လားရှိုးမြို့က ကြေငြာ ချက်ထုတ်ပြန်လိုက်ပါသည်။

    မေလ ၃၀ ရက် ၂၀၁၃ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် ၃ ချက်ပါဝင်ပါသည်။

    SNLD