News @ M-Media

Blog

  • မေ-၃၀၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    မေ-၃၀၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    မေ-၃၀၊၂၀၁၃
    M-Media

     

    အမေရိကန် မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုတွင် တာလီဘန် ဒုတိယခေါင်းဆောင် သေဆုံး- Pakistan (Reuters)

    ဗုဒ္ဓဟူးနေ့က ပါကစ္စတန် ရှိ တာလီဘန်များကို အမေရိကန် မောင်းသူမဲ့ လေယာဉ် ဖြင့်တိုက်ခိုက်ရာ တာလီဘန် ဒုတိယခေါင်းဆောင် အပါအဝင် ခုနှစ်ဦး သေဆုံးခဲ့သည်။
    http://news.yahoo.com/u-launches-first-drone-strike-pakistan-since-election-043111568.html

    တောင်တရုတ်ပင်လယ်ရှိ ဖီလစ်ပိုင် တရုတ် ပိုင်နက် အငြင်ပွားမှု ဆိုးရွားလာဖွယ်ရှိ – MANILA (Reuters)

    ဖီလစ်ပိုင် ၏ ပိုင်နက်အမှတ်အသားအဖြစ် ထားရှိသော သင်္ဘောပျက် အနီးသို့ တရုတ်စစ်သင်္ဘော သုံးစီး လှည့်ပတ်ခဲ့မှု ကြောင့် ဖီလစ်ပိုင် ဘက်မှ စိုးရိမ်မှုများ ရှိလာခဲ့သည်။
    http://news.yahoo.com/south-china-sea-tension-mounts-near-filipino-shipwreck-034554357.html

    ဟဇ်ဘိုလာ သူပုန်များကို ဆီးရီးယားမှာ ထွက်ခွာရန် အမေရိကန် ပြောဆို – WASHINGTON (Reuters)

    လက်ဘနွန်မှ ဟဇ်ဘိုလာ သူပုန်များသည် ဆီးရီးယား အစိုးရ စစ်တပ်ဘက်မှ ပါဝင်တိုက်ခိုက်နေခြင်းကြောင့် စစ်ပွဲကို ပိုမို ဆိုးရွားစေသဖြင့် ဆီးရီးယား နိုင်ငံတွင်းမှ ထွက်ခွာသွားရန် အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။
    http://news.yahoo.com/u-calls-hezbollah-pull-fighters-syria-172912476.html

    အာဖဂန်အရပ်သား ၁၆ဦးကို ပစ်ခတ်ခဲ့သော စစ်သားကို အယူခံဝင်မည်

    အာဖဂန်နိုင်ငံ ကန်ဒါဟာမြို့ အနီး ရွာနှစ်ရွာကို ဝင်ရောက် ပစ်ခတ်ခဲ့သော အမေရိကန်စစ်သားသည် သေဒါဏ်မှလျှော့ပေါ့ရန် အယူခံဝင်မည်ဟုဆိုသည်။
    http://www.bbc.co.uk/news/world-us-canada-22712004

    သတင်းထောက်သည် စစ်တပ် ကျည်ဆံကြောင့် သေဆုံးခဲ့ဟု ထိုင်းနိုင်ငံ တရားရုံး ကဆို

    ၂၀၁၀ မေလ ၁၉ ရက်က ရှပ်နီဆန္ဒပြပွဲများတွက် ကျည်ဆံထိမှန်သေဆုံးခဲ့သော အီတလီသတင်းထောက် Mr Polenghi သည် စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သော ကျည်ဆံထိမှန်ခဲ့သည်ဟု ထိုင်းနိုင်ငံ တရားရုံး ကဆိုသည်။
    http://www.bbc.co.uk/news/world-asia-22699447

  • နိုင်ငံတကာ အသိမှတ်ပြုကျောင်း ၁၄ ကျောင်းမှ ဆော်ဒီနိုင်ငံသူ မိန်းကလေးများကို ကျောင်းသူအဖြစ် လက်ခံဝင်ရောက်ခွင့်ပြု

    မေ-၂၈၊၂၀၁၃

    M-Media

    နိုင်ငံတကာအသိမှတ်ပြုကျောင်း ၁၄ ကျောင်းမှ အကောင်းဆုံး စစ်ဆေးချက်များပြုလုပ်ပြီးသည့် နောက် ဆော်ဒီနိုင်ငံသူ မိန်းကလေးများအား တက်ရောက်ခွင့်ပြုတော့မည်ဖြစ်သည်။ ၄င်းကျောင်းများမှ အရည်အသွေးမြှင့် စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်ဟု အမျိုးသမီးငယ်များ အတွက် ပြည်တွင်းနှင့် ပြည်ပရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်း(National and Foreign education for girls) ၏ ဒါရိုက်တာဖြစ်သူ အယ်လ်ဂျော်ဟာရာ အယ်လ်အာရစ်ဖီ (Al-Jawhara Al-Arifi) ကပြောကြားကြောင်း အယ်လ် အစ်က်တီဆာဒီယာ(Al-Eqtisadiyah) သတင်းစာမှ ဖော်ပြခဲ့သည်။

    international schools  Saudi
    မြို့တော်ဂျစ်ဒါမှ နိုင်ငံတကာ ကျောင်းတခု

    ပညာရေးအတိုင်ပင်ခံ နှင့် ပညာရေးဝန်ကြီးဟောင်း မဟာ ဘာဝါဇီရ် (MahaBawazir) မှ  “ ဆော်ဒီ ကျောင်းသူများအား တက်ရောက်ခွင့်ပြုသောကျောင်းများမှာ ၁၄ ကျောင်းထက်ပိုမိုကြောင်း၊ ကျောင်းများ၏ အရေအတွက်ကို အတိအကျ ဖော်ပြရန် မလွယ်ကြောင်း၊ သို့သော်လည်း ၂၁ ကျောင်း နီးပါးခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ” ပြောကြားခဲ့သည်။

    ဘာဝါဇီရ် က ပြောကြားသည်မှာ ဆော်ဒီကျောင်းသူတို့အား တက်ရောက်ခွင့်ပြုသော ကျောင်းများမှာ ပညာရေးဝန်ကြီးဌာန၏ အဆိုပြု အချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း “အဲ့ဒီအချက် အလက်တွေ ပြည့်စုံမယ်ဆိုရင် ပြည်တွင်းရှိ နိုင်ငံတကာ အသိမှတ်ပြုကျောင်းများကို ပညာရေးမှာ အသင့်တော်ဆုံး နဲ့ တရားဝင်ပညာသင်ခွင့်ရှိတဲ့ အကောင်းဆုံးကျောင်းတွေအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိမှတ်ပြုသော ကျောင်းဆိုတာ တရားဝင်ပညာ သင်ခွင့်ရတဲ့ အကောင်းဆုံး ကျောင်းဖြစ်ရပါမယ်။ အစ္စလာမ့်ရေးရာ နဲ့ အာရဗီဘာသာရပ်ကိုလည်း သင်ရိုးထဲ ထည့်သွင်းသင်ကြား ပေးဖို့လိုပါတယ်။ ပြည်တွင်းက နိုင်ငံတကာ အသိမှတ်ပြုကျောင်းတိုင်းမှာ ဒီအချက်တွေ ပြည့်စုံမှု မရှိတာကြောင့် ဆော်ဒီကျောင်းသားတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ အကောင်းဆုံး ကျောင်းများသာလျှင် ထောက်ခံချက်ရရှိဖို့ လျှောက်ထားနိုင်မှာပါ ” ဟု ဘာဝါဇီရ် ကပြောသည် ။

    ဘာဝါဇီရ်မှ ထပ်မံ၍ ၄င်းအချက်သည် ဆော်ဒီနိုင်ငံကျောင်းသူများအတွက် ခြေလှမ်းအသစ် နှင့် အကောင်းဆုံးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရသည် ကျောင်းများအား နိုင်ငံတကာစံနှုန်း နှင့် အစ္စလာမ်ဘာသာရေးအရ စံချိန်ဝင်ရန် စီစစ်လျက်ရှိသောကြောင့် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    JCCI မှ ပုဂ္ဂလိက နှင့် နိုင်ငံတကာမိန်းကလေးကျောင်း၏ဥက္ကဌဖြစ်သူ ဖရီဒါ ဖာရ်စီ(Farida Farsi) မှ

    “ ကျွန်မရဲ့ အမြင်အရ  ဒီအဆိုပြုချက် နောက်ကွယ်က အကြောင်းရင်းဟာ ဆော်ဒီမှာရှိတဲ့မိဘများက သူတို့ကလေးတွေကို နိုင်ငံတကာအသိမှတ်ပြုကျောင်းမှာ တက်ရောက်စေချင်နေတာကြောင့် ဖြစ်တယ်။ ဒါကြောင့် ၀န်ကြီးက အဲ့ဒီ ကျောင်း ၁၄ ကျောင်းကို အာရပ်ဘာသာရပ် နှင့် ဘာသာရေး အတူတွဲသင်ကြားနိုင်တဲ့ အကောင်းဆုံး ကျောင်းတွေအဖြစ် အသိမှတ်ပြုသတ်မှတ်ခဲ့တာဖြစ်မယ် ” ဟု သုံးသပ်ပြောဆိုသည်။

    ဆော်ဒီမှရင်းနှီးမြှုပ်နှံသူများပိုင်ဆိုင်သည့် ပြည်တွင်းရှိ နိုင်ငံတကာအသိမှတ်ပြုကျောင်းများသည် သက်ဆိုင်ရာစည်းမျဉ်းနှင့်အညီ ဆော်ဒီကျောင်းသူများအတွက် စာရင်းသွင်းမှုကို စတင်လက်ခံ နေကြောင်း ရီယဒ်ရှိ ဒေသဆိုင်ရာအမျိုးသမီးငယ်များပညာရေးအဖွဲ့ (Education in the Riyadh region for Educational Affairs for girls) ၏ လက်ထောက်ဒါရိုက်တာဖြစ်သူ မင်းသမီး ဟူဒါး အီယဖ် (Princess Huda Ayyaf) ကပြောဆိုလိုက်သည်ဟု သတင်းများက ဖော်ပြသည်။

  • လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ

    မေလ ၃၀၊ ၂၀၁၃
    M-Media
    သတင်း – ဆုံမှတ်

    43
    Photo-FB

    လာရှိုး။    ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်းဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “အခုတော့ မီးရှို့တာကို ရပ်ပြီး ပထမတစ်ရက်၊ နှစ်ရက်တုန်းက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင် အိမ်တွေကို စာရင်းလိုက်ကောက်ပြီး လိုက်လံ ဖျက်ဆီး လုယက် ယူဆောင်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရပ်ကွက်ရုံးတွေမှာ ခိုလှုံနေရပါတယ်၊ ကျွန်မတို့ (၉)ရပ်ကွက် ရပ်ကွက်ရုံးကဆို ကာကွယ်ပေးထားပါတယ်၊ ကျွန်မတို့က ဆွေးမျိုးသားချင်းတွေ ရှိတဲ့ မြို့တွေ၊ ရွာတွေကို သွားချင်တယ်ဆိုရင်လည်း ခရီးသွားလာဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ ဟုတ်ကဲ့ အဲဒီလို လိုက်လံ အကြမ်းဖက် ဖျက်ဆီးသူတွေက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုန်းကြီးတွေ၊ အပြင်လူတွေ လူအင်းအားတော်တော်များပါတယ်၊  ဟုတ်ကဲ့ ရဲတွေရော၊ စစ်သားတွေရော ရှိပါတယ်၊ အကြမ်းဖက်သူတွေရဲ့ အနောက်ကိုတော့ လိုက်ပြီး ကြည့်ပေးကြပါတယ်၊ အကြမ်းဖက် သူတွေက လူအင်အား များတော့ သူတို့လည်း ၀င်မထိန်းရဲကြဘူး၊ ဟုတ်ကဲ့ စစ်သားတွေမှာ လက်နက်တွေတော့ ကိုင်ဆောင်ထားတာ တွေ့ပါတယ်၊ သေနတ် ပစ်ဖောက်ခြောက်လှန့်တာမျိုးတော့ မလုပ်ပါဘူး၊ လာရှိုးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကတော့ အခြား မြို့တွေကို တိမ်းရှောင် ထွက်ခွာသွားကြပါပြီ”

  • လားရှိုးမြို့ အကြမ်းဖက်မှုများအပေါ် တရားဥပဒေစိုးမိုးရေး ရှိစေချင်သူ ပြည်သူတစ်ဦး ပြောကြားချက်

    မေလ-၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ

    “လားရှိုးမြို့ အကြမ်းဖက်မှု ပြဿနာ အစ အမျိုးသမီးကို မီးရှို့တယ်ဆိုတဲ့ ကိုနေ၀င်းဟာ သာမန်လူမဟုတ်ပါဘူး။ သူဟာ အရက်ကြောင် ကြောင်တတ်ပါတယ်။ သူ့ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း ကျိုင်းတုံကနေ ယူဖို့ လုပ်ထားပါတယ်။ သူရဲ့ ဆေးမှတ်တမ်းတွေရှိပါတယ်။ သူက အဲလို ပုံမှန်မဟုတ်တဲ့ အချိန်တွေဆို အိမ်ကနေ ၃-၄-၅ ရက် ပျောက်သွားတတ်တယ်။ ပြီးတော့မှ ပြန်လာတဲ့အခါတွေရှိတယ်။

    နောက်ဖြစ်စဉ်တစ်ခုက လွန်ခဲ့တဲ့ ၄-၅နှစ်က သူဟာ အလုပ်တစ်ခုနဲ့လာရင်း မန္တလေးမြို့ ၂၇-လမ်းဘက်က တည်းခိုခန်းတစ်ခုရဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်လိုက်သေးတယ်။ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ်။ အဲဒီ ဆေးမှတ်တမ်းတွေကိုလည်း ရအောင် ယူထားသင့်ပါတယ်။ တာဝန်ရှိသူတွေက အဲဒါတွေကို ဖျောက်ဖျက်ပစ်လိုက်မှာ စိုးရိမ်ရပါတယ်။

    ရဲသတင်း(ရဲဇာနည်)က တက်လာတဲ့အထဲမှာ အဲဒီဖြစ်စဉ်ကို ဖော်ပြရာမှာ အမျိုးသမီးရဲ့ ကိုးကွယ်တဲ့ဘာသာမပါဘူး။ ဒီအမျိုးသားရဲ့ ကိုးကွယ်တဲ့ဘာသာကို ရဲဘက်က ထည့်ထားတာရှိတယ်။ အဲဒါမျိုးဆို ဒါက တမင် ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တဖက်က တရားလိုက ဘာသာမဲ့ တရားခံက ဘယ်ဘာသာဆိုတာ ဖော်ပြပြီးရေးတာက ဘယ်လမ်းကို သွားနေတယ်ဆိုတာ သိသာထင်ရှားနေတယ်။

    1
    ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေး

    မနေ့က ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေးလုပ်တယ်။ ဦးဝီရသူလည်း အဲဒီထဲမှာ ပါနေတယ်။ ဦးဝီရသူရဲ့ အပြောတွေက မူမမှန်ဘူး စကားကို အမျိုးမျိုးပြောနေတာ သုံးသပ်လို့ရတယ်။ ဦးဝီရသူက လားရှိုး စိတ္တသုခကျောင်းကို ကုလား လေး-ငါးဆယ်က ၀ိုင်းထားတယ်လို့ပြောတယ်။ စိတ္တသုခကျောင်းဆိုတာက ကျောင်းထိုင်ဆရာတော် ဦးပုညက ဘ-ကကျောင်းလေးဖွင့်ထားတယ်။ ဘေးမှာက မွတ်စလင်မ်ရပ်ကွက်ရှိတယ်။ အဲ့ဒီက မွတ်စလင်မ်ကလေးတွေလည်း အဲ့ဒီကျောင်းမှာ လာတက်ရတယ်။ ဆရာတော် ဦးပုညက ဒီကလေးတွေကိုလည်း သံယောဇဉ်ရှိတဲ့အတွက် မိဘတွေကိုရော ကျောင်းထဲမှာ ခေါ်ပြီး ထိန်းသိမ်းထားပေးတယ်။ အဲဒါကို ဦးဝီရသူက ကုလားတွေက ပြန်ချဖို့ လူစုနေတယ်လို့ပြောတယ်။ ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေးကော်မတီက တချို့လည်း ဦးဝီရသူက ဒီအဖွဲ့မှာ ပါနေတာကို စိတ်ညစ်တယ်။ ဦးဝီရသူ လုပ်ထားတဲ့ကိစ္စတွေကိုပဲ လိုက်ရှင်းနေရသလိုဖြစ်နေတယ်။

    အခု လားရှိုးကိစ္စကလည်း ဦးဝီရသူ အဲ့ဒီဘက် တကြောသွားတယ်။ သူပြန်လာပြီး မကြာဘူး ဒီပြဿနာဖြစ်တယ်။ အခုဖြစ်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လိုနေတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ဖြစ်စေချင်ပါတယ်”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

  • ကျောက်နီမော် မွတ်စလင်ရွာကို အကြမ်းဖက်ရန် ကြိုးစားမှု နောက်ဆက်တွဲ (ဆက်သွယ်မေးမြန်းချက်)

    မေလ ၃၀၊ ၂၀၁၃
    M-Media
    သတင်း – ဆုံမှတ်

    ကျောက်နီမော်။    ။ချောင်းဝ အုပ်စု ကျေးရွာတွင် မေလ ၂၈ရက်နေ့က မသီတာထွေး သေဆုံးမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီမှ အလယ်တန်း စာသင်ကျောင်းဆောင် အဆောက်အဦးသစ် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း နှင့် ချောင်းဝရွာ ဇာတိဖြစ်သူ သံတွဲမြို့မှ ဘိုကလေးဆရာတော် တို့မှ တရားလာရောက် ဟောကြားခဲ့ကြောင်း သတင်းရရှိသည်။

    Kyauknimaw, Rakhine, Burma

    ယင်းနောက် မေလ ၂၉ရက်နေ့ ည(၇)နာရီ ၄၅ မိနစ်ချိန်တွင် ကျောက်နီမော်ကျေးရွာသို့ မီးရှို့ဖျက်ဆီးရန် လူအုပ်ကြီးရောက်လာခဲ့ကြောင်း သိရသည်။

    အဆိုပါ ဖြစ်ရပ်နှင့် ပတ်သပ်၍  ကျောက်နီမော် ကျေးရွာနေ ဒေသခံ တစ်ဦးအား M-Media မှ ထပ်မံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    “ မေလ ၂၉ရက်နေ့ ညက သူတို့တွေ ၀င်လာတော့ စစ်တပ်က သေနတ်နှစ်ချက် ဖောက်ပြီး တားခဲ့ပါတယ်၊  ည၁၂နာရီကျော် တစ်နာရီ ထိုးခါးနီးလောက်မှ သူတို့တွေ ဆုတ်ခွာသွားကြတယ်လို့ ကြားတယ်၊ အခု ဒီဘက်မှာ တာဝန်ကျတဲ့ ဒုတပ်မှူးကြီး ကိုယ်တိုင် ကျောက်ထရံရွာထိပ်မှာ ထိုင်ပြီး ကင်းစောင့်ပေးတယ်လို့ သိရတယ်၊ ကျောက်ထရံရွာရယ်၊ ရွာသာရွာရယ်၊ ကျောက်နီမော် ရွာရယ်က ရွာတန်းရှည် ရွာကြီးပါ၊ ထိပ်ဆုံးက ကျောက်ထရံရွာပါ၊ အဲဒီရွာ အားလုံးက မွတ်စလင်တွေကြီးပဲ နေတဲ့ ရွာတန်းကြီးပါ၊ အရင်တုန်းကတော့ ရခိုင် ဗုဒ္ဓဘာသာ နည်းနည်း ရှိပါတယ်၊ နောက် ဒီလို ကိစ္စတွေ ဖြစ်လာတော့ သူတို့လည်း ရခိုင် ရွာတွေဘက်ကို ပြောင်းသွားကြတယ်။

    မသီတာထွေး တစ်နှစ်ပြည့် အထိမ်းအမှတ် ကျောင်းလှူပြီးတော့ ချောင်းဝရွာ ဇာတိဖြစ်တဲ့ ဘိုကလေးဆရာတော်က စည်းရုံးရေး တရားဟောခဲ့ပါတယ်၊ ရခိုင် ဘုန်းကြီး တစ်ပါးလည်း တော်တော်လေးကို ဆွပေးတဲ့ တရားကို ဟောခဲ့တယ်လို့ ကြားတယ်၊ အဲဒီ စည်းရုံး တရားပွဲမှာ ရခိုင်အမျိုးသားတော်တော်များများက လက်ခံတယ်၊ ထောက်ခံတယ်၊ တချို့ ရခိုင်အမျိုးသား တွေက လက်မခံဘူး၊ ဘယ်လို ပြန်ပြောကြလဲ ဆိုရင် သူတို့ ကရွာတွေကို မီးရှို့လို့ စစ်တပ်က တစ်ယောက် ပစ်သတ်ခံရတယ်၊ တစ်ယောက် အဖမ်းခံခဲ့ရတယ် အဲဒီလူတွေ အတွက် ဘယ်သူက လိုက်လုပ်ပေးလို့လည်း ဆိုပြီး ပြန်ပြောတယ် လို့ကြားတယ်။

    ဒါပေမယ့် ဒီကိစ္စကို ဖြစ်အောင် လုပ်မယ်လို့ ဘိုကလေးဆရာတော်နှင့် အတူပါလာတဲ့ ရခိုင်ဘုန်းကြီးက လှုံဆော်တယ်၊ စည်းရုံးတယ်၊ အရေးအကြောင်းဆို သင်္ဃန်းစီးလို့ရအောင် ရခိုင်မြောက်ပိုင်းက လူဝတ် ကတုံးနဲ့ ၄၊ ၅ယောက် ပါလာတယ်လို့ ပြောတယ်၊ ဆင်းရဲတဲ့ သူတွေကတော့ တော်တော် ထောက်ခံကြတယ်၊ စိတ်ဓာတ်တော်တော် တက်ကြွကြတယ်၊ လုပ်ဖို့ အတွက်ကို၊ ကျောက်ဖြူမှာ သူတို့ လုပ်တုန်းက မွတ်စလင်တွေ တော်တော်များများ ထွက်ပြေး တိမ်းရှောင်ကြတော့ သူတို့ တသက်မှာ တစ်ခါမှ မမြင်ဘူးတဲ့ ပစ္စည်းဥစ္စာတွေ တော်တော်များများ ရလိုက်ကြတယ်၊ အဲဒါတွေနဲ့ ချမ်းသာသွားကြတဲ့ သူတွေလည်း သူတို့ထဲမှာ အများကြီး ရှိတယ်။

    သူတို့ရဲ့ အစီအစဉ်က ကျွန်တော်တို့ရွာတွေကို သူတို့ဝင်လာလို့ ရွာခံတွေက ထွက်ပြေးမယ်ဆိုရင် ပစ္စည်းတွေ ယူမယ်၊ ရွာခံတွေက မထွက်ပြေးဘူးဆိုရင် မီးရှို့မယ် ၊နောက် ကျွန်တော်ရွာက ရေလုပ်ငန်းလုပ်ပြီး လုပ်ကိုင် စားသောက်ကြတာပါ၊ သဘောင်္တွေက ဒီမှာ မုန်တိုင်းကြောင့် လေနည်းနည်း ကြမ်းတော့ သဘောင်္တွေက တစ်စီးနဲ့ တစ်စီးကပ်နေတော့ သူတို့က ဓာတ်ဆီလောင်ပြီး မီးရှို့မယ့် အစီအစဉ်ထိ လုပ်ထားကြပါတယ်”

    ယင်းဖြစ်ရပ်တွေဟာ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက် ပေါ်ပေါက်နေမူနှင့် ပတ်သပ်၍ ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူ ဒေသခံတစ်ဦးရဲ့ သူရဲ့အမြင် ကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    “ ဟုတ်ပါတယ်၊ ဒီကိစ္စတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကို သူတို့တွေ လုပ်နေကြတာပါ၊ အစိုးရက အဓိက စည်းရုံး နေတဲ့ သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမူ မပြုလုပ်တဲ့ ကာလပတ်လုံး ရပ်တန့်သွားဖို့ မရှိဘူးလို့ မြင်ပါတယ်၊အဓိက စည်းရုံးရေး တရား၊ မဖြစ်ဖြစ်အောင် စိတ်တွေကို ဆွပေးတဲ့ မြှောက်ပေးနေတဲ့ တရားဟောနေသူတွေ၊ စည်းရုံးနေတဲ့ သူတွေကို ဖမ်းဆီးမှသာလျှင် ငြိမ်းအေးသွားမယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု M-Media သို့ပြောသည်။