News @ M-Media

Blog

  • ဝီဂါများအပေါ် တရုတ်၏ညှင်းပမ်းမှု လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ကနေဒါ ဆုံးဖြတ်

    ဝီဂါများအပေါ် တရုတ်၏ညှင်းပမ်းမှု လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ကနေဒါ ဆုံးဖြတ်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    ရှင်ကျန်းရှိ ဝီဂါများအား ထိန်းသိမ်းထားသော အကျဉ်းစခန်းတစ်ခု၏ ဂိတ်ပေါက်

    -ဝီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ကနေဒါလွှတ်တော်က ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    လွှတ်တော်ထဲက အာဏာရပါတီနဲ့ အတိုက်အခံပါတီ အမတ်တွေအားလုံးရဲ့ ထောက်ခံမှုနဲ့ ဒီဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တာပါ။ ဝီဂါကိစ္စကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် လွှတ်တော်က သတ်မှတ်တာဟာ အမေရိကန်ပြီးရင် ကနေဒါက ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

    ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေကို တရုတ်အစိုးရက ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ၂၀၂၂ ခုနှစ် ဘေဂျင်းမှာကျင်းပ​ဖို့ ပြုလုပ်ထားတဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တစ်ခြားနိုင်ငံရွှေ့ရေး အိုလံပစ်ကော်မတီကို တိုက်တွန်းမယ့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ကနေဒါလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား လူနည်းစုအစ္စလာမ်ဘာသာ၀င်တွေဟာ တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ခံနေရတာ ဖြစ်ပါတယ်။

    အနည်းဆုံး လူ ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲ ထည့်ထားပြီး လူမျိုးရေးနဲ့ ဘာသာရေး ဓလေ့ထုံးတမ်းတွေ ပပျောက်အောင် လုပ်ဆောင်တာ၊ ကလေးမမွေးနိုင်အောင်လုပ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာကို တရုတ်အစိုးရက ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက လေ့လာဖော်ထုတ်ခဲ့ပါတယ်။

    တရုတ်အစိုးရကတော့ ဒီသတင်းတွေကို ငြင်းထားပါတယ်။

    ကနေဒါရဲ့ ဒီကနေ့ဆောင်ရွက်ချက်ကို တရုတ်က ရှုတ်ချခဲ့ပြီး သံတမန်ကြောင်းအရ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ကနေဒါလွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ထရူဒူဦးဆောင်တဲ့ ကနေဒါအစိုးရက ထောက်ခံတာမျိုးမလုပ်ဘဲ ကြားနေပါတယ်။

    အတိုက်အခံပါတီခေါင်းဆောင် အီရင် အိုတိုလီက စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတစ်ချို့ကို စတေးရနိုင်ပေမယ့် လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာအတွက် ရပ်တည်ရမယ်ဆိုတဲ့ ခိုင်မာရှင်းလင်းတဲ့ သတင်းစကားမျိုး ပေးဖို့ ဒီဆုံးဖြတ်ချက်က လိုအပ်တယ်လို့ လွှတ်တော်မှာ မဲမခွဲခွင် ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • တရားရုံးက တားသော်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို မလေးရှား ပြန်ပို့

    တရားရုံးက တားသော်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို မလေးရှား ပြန်ပို့

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ပြန်ပို့တဲ့သူတွေထဲမှာ ရိုဟင်ဂျာနဲ့ တစ်ခြား ခိုလှုံခွင့်တောင်းခံထားသူတွေ မပါဘူးလို့ ဆိုပါတယ်။

    ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၂၀၀ ကို အာဏာသိမ်းစစ်ကောင်စီက လွှတ်လိုက်တဲ့ သင်္ဘော ၃ စီးနဲ့ ပြန်ဖို့ မလေးရှားက စီစဉ်ထားတာပါ။

    ဒီလူတွေထဲမှာ ရိုဟင်ဂျာတွေလို ဖိနှိပ်မှုကြောင့် ထွက်ပြေးလာရသူတွေ ပါဝင်နိုင်ပြီး သူတို့တွေဟာ မြန်မာနိုင်ငံကိုပြန်ရင် အန္တရာယ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအဖွဲ့ UNHCR က ထောက်ပြခဲ့ပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဒီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ မလေးရှားတရားရုံးချုပ်ကို လျှောက်ထားခဲ့ပြီး၊ တရားရုံးချုပ်ကလည်း ပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ဒီနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါပေမယ့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်ပို့ခဲ့ကြောင့် ညနေပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    လ၀က ညွှန်ကြားရေးမှူးချုပ် ဒါတွတ် ခိုင်ရွလ် ဇိုင်မီ ဒါဝုဒ်က ဌာနဟာ မလေးရှား ရေတပ်၊ နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းအဖွဲ့ NTF၊ မြန်မာသံရုံးတို့နဲ့ ပူးပေါင်းကာ ဒီအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြန်ပို့လိုက်တဲ့သူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ ဖမ်းဆီးခံထားရသူတွေဟာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ရိုဟင်ဂျာနဲ့ အခြား ခိုလှုံခွင့် တောင်းခံထားသူတွေ မပါဝင်ပါဘူး။ ဒီလူတွေဟာ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် အိမ်ပြန်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်”

    အထောက်အထားမဲ့သူတွေ မူရင်းနိုင်ငံကို ပြန်ပို့တာဟာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် နယ်စပ်တွေပိတ်ထားတဲ့အတွက် ပြန်ပို့မှု နည်းပါးခဲ့တယ်လို့ ခိုင်ရွလ်ဇိုင်မီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ တရားရုံးက ညွှန်ကြားချက်ကိစ္စကို ဒီကနေ့ လ၀ကရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

    အာဏာသိမ်းစစ်ကောင်စီက စေလွှတ်လိုက်တဲ့ သင်္ဘော ၃ စီးဟာ ဒီကနေ့မှာ မလေးရှားကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

    Ref: Malay Mail

  • ရွေးကောက်ပွဲလုပ်ပေးမည်ဆိုသည့် စစ်ကောင်စီ၏ကတိ တည်အောင် ဖိအားပေးရန် အာဆီယံက စီစဉ်နေ

    ရွေးကောက်ပွဲလုပ်ပေးမည်ဆိုသည့် စစ်ကောင်စီ၏ကတိ တည်အောင် ဖိအားပေးရန် အာဆီယံက စီစဉ်နေ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
    M-Media

    -ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ​အာဏာသိမ်းစစ်ကောင်စီက ပေးထားတဲ့ကတိ တည်အောင် ဖိအားပေးမယ့် လုပ်ငန်းအစီအစဉ်တစ်ခုကို ဖော်ဆောင်ဖို့ အင်ဒိုနီးရှားက အာဆီယံနိုင်ငံတွေကို စည်းရုံးနေပါတယ်။

    ဒီအစီအစဉ်ဟာ နိုင်ငံတကာစောင့်ကြည့်မှုအောက်မှာ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ကို စစ်ကောင်စီက ကတိအတိုင်း ကျင်းပပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်တွေက အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားပါတယ်။

    ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်အတိုင်း အရပ်သားအစိုးရကို အာဏာပြန်အပ်ရေး မြန်မာပြည်သူတွေနဲ့ အနောက်နိုင်ငံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

    အာဆီယံမှာ အင်အားကြီးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အခုအစီအစဉ်ဟာ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

    အင်ဒိုနီးရှားအစိုးရရဲ့ အမည်မဖော်လိုတဲ့ အကြီးတန်း တာဝန်ရှိသူနှစ်ဦးက အခုလို သံတမန်လမ်းကြောင်းကနေ ဖြေရှင်းဖို့ ဆောင်ရွက်တာဟာ သွေးထွက်သံယို မဖြစ်အောင် တားဆီးဖို့နဲ့ ရွေးကောက်ပွဲအသစ်လုပ်ပြီး နိုင်တဲ့သူကို အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ကို စစ်ခေါင်းဆောင်တွေက မဖောက်ဖျက်အောင် ကူညီဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားရဲ့အစီအစဉ်ထဲမှာ ဆန္ဒပြသူတွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့အကြား တွေ့ဆုံဆွေးနွေးရေး အာဆီယံအဖွဲ့က စီစဉ်ပေးဖို့လည်း ပါဝင်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ဝန်ကြီး ရက်တနို မာဆူဒီ ထုတ်ပြောလိမ့်မယ်လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ မြန်မာနိုင်ငံက အာဏာသိမ်းမှုကိစ္စကို အာဆီယံက ဖြေရှင်းပေးနိုင်ရေး လိုက်လံစည်းရုံးနေတာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားအစိုးရ အကြီးတန်းတာန်ဝန်ရှိသူတစ်ဦးက စစ်အာဏာသိမ်းမှုကို ရှုတ်ချလိုက်တာ လွယ်ပေမယ့် ဒီကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းရာမှာ လျှို့ဝှက်လွန်းတဲ့ မြန်မာစစ်တပ်နဲ့ ပါးပါးနပ်နပ် ဆက်ဆံတတ်မှုအပေါ်မှာ မူတည်ပြီး အာဆီယံက ဒါမျိုးကိစ္စတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံဆိုတာ ကျွန်တော်တို့ မိသားစုပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းကလည်း မတူပါဘူး”

    အာဆီယံအဖွဲ့နဲ့ အင်ဒို-ပစိဖိတ်ဒေသက တစ်ချို့နိုင်ငံတွေဟာ အာဏာသိမ်းစစ်ကောင်စီက ခေါင်းဆောင်အချို့နဲ့ တိုးတိုးတိတ်တိတ်တွေ့ဆုံကာ ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းဖို့၊ အတိတ်ကလို သွေးချောင်းစီး ကိစ္စတွေ မလုပ်ဖို့ တိုက်တွန်းတာတွေ လုပ်နေတယ်လို့ အင်ဒိုနီးရှား အကြီးတန်းတာဝန်ရှိသူ နှစ်ဦးနဲ့ ဒေသတွင်း သံအမတ်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အာဏာသိမ်းမှုအတွက် အာဆီယံက အထူးအ​စည်းအဝေးမှာ မြန်မာနိုင်ငံက ပါဝင်လာအောင် စည်းရုံးဖို့ မလွယ်ဘူးလို့ အင်ဒိုအစိုးရ အကြီးတန်းတာဝန်ရှိသူ နှစ်ဦးက ပြောပါတယ်။ လက်ရှိ အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံက အထူးအစည်းအဝေး ဖိတ်ကြားခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုခဲ့ပြီး ဩဂုတ်လမှာလုပ်မယ့် ပုံမှန်အစည်းအဝေးမှာပဲ ဆွေးနွေးဖို့ အကြောင်းပြန်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက တာဝန်ရှိသူ​နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို ဆက်သွယ်လို့မရခဲ့ဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။

    Ref: Reuters

  • ဆော်ဒီအာရေဗျတွင် အမျိုးသမီးများကို စစ်မှုထမ်းခွင့် စပြု

    ဆော်ဒီအာရေဗျတွင် အမျိုးသမီးများကို စစ်မှုထမ်းခွင့် စပြု

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျစစ်တပ်မှာ အမျိုးသမီးတွေ စတင်အမှုထမ်းခွင့်ရပြီလို့ ပြည်တွင်းမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။

    စစ်တပ်က ရာထူးအစုံမှာ ဝင်ရောက်အမှုထမ်းနိုင်မှာဖြစ်ပြီး အနည်းဆုံး အထက်တန်းအဆင့်ပညာရေး ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေကိုတော့ အမှုထမ်းခွင့်ပြုမှာ မဟုတ်ပါဘူး။

    ရှေးရိုးစွဲဓလေ့ထုံးတမ်းတွေကြောင့် အမျိုးသမီးတွေအပေါ် ကန့်သတ်ထားမှုတွေ ဖယ်ရှားရေး အစီအစဉ်​ကို ဆော်ဒီအစိုးရက ၂၀၁၈ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုခဲ့သလို၊ နိုင်ငံရပ်ခြားသွားရင် အမျိုးသားအုပ်ထိန်းသူတစ်ဦး လိုက်ပါရတဲ့စနစ်ကို ၂၀၁၉ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ပါတယ်။

    အမျိုးသမီးတွေ စစ်မှုထမ်းခွင့်ပေးမယ့် အစီအစဉ်ကိုလည်း ၂၀၁၉ ခုနှစ်မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ နိုင်ငံမှာ ဘက်စုံဖွံ့ဖြိုးအောင် ၂၀၃၀ ပြုပြင်ပြောင်းလဲရေး စီမံကိန်းချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    အဲဒီပြုပြင်ပြောင်းလဲရေး စီမံကိန်းမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးလည်း ပါဝင်ပါတယ်။ လက်ရှိ ဆော်ဒီအစိုးရဟာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးလာသလို နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေကို ပိုမိုခန့်ထားလာပါတယ်။

    Ref: Aljazeera

  • လူ့အခွင့်အရေးနှင့် ပြည်သူ့ဆန္ဒကို လေးစားရန် စစ်ကောင်စီကို ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

    လူ့အခွင့်အရေးနှင့် ပြည်သူ့ဆန္ဒကို လေးစားရန် စစ်ကောင်စီကို ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀၁
    M-Media

    -မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပျက်သုဉ်းတာ၊ ရက်စက်ကြမ်းကြုတ်တာတွေ မြင်လာရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    လူ့အခွင့်အရေးကောင်စီရဲ့ ၄ ပတ်တာကြာမြင့်မယ့် အစည်းအဝေးကို ဂူတာရက်စ်က ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

    “ဖိနှိပ်ညှင်းပမ်းမှုတွေကို ချက်ခြင်းလက်ငင်း ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ဒီနေ့ ကျွန်တော် တိုက်တွန်းပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးပါ။ အကြမ်းဖက်မှုကို အဆုံးသတ်ပါ။ လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲက လူထုဆန္ဒကို လေးစားပါ။ စစ်တပ်က အာဏာသိမ်းမှုဟာ ခေတ်သစ်ကမ္ဘာမှာ နေရာမရှိတော့ပါဘူး” လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပျက်သုဉ်းတာ၊ ရက်ရက်စက်စက် အင်အားသုံးတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ ဖိနှိပ်မှုတွေကို လူသိရှင်ကြား လုပ်ဆောင်တာကို တွေ့လာရတယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။

    “ပြည်သူတွေကို ကန့်သတ်ချုပ်ချယ်တာ၊ တိုက်ခိုက်တာတွေဖြစ်နေတယ်။ လူနည်းစုတွေအပေါ် ဆိုးဆိုးရွားရွားကျူးလွန်တာကိုလည်း အရေးယူမယ့်သူမရှိ ဖြစ်နေပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုလည်း ဒီအထဲမှာပါဝင်ပါတယ်”

    Ref: Reuters