News @ M-Media

Blog

  • မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်။

    မေ-၁၇ ၊၂၀၁၃
    M-Media

    holy_mosque

    မက္ကာ နှင့် မဒီနာ တွင်ရှိသော မြင့်မြတ်သည့် ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များအား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်ဘာသာစကား မပြောတတ်သူများ အတွက် အင်္ဂလိပ်ဘာသာရပ် တစ်ဘာသာတိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်း။ ဗလီဝတ် ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး နှင့် Imam Muhammad bin Saud Islamic University (IMIU) တို့ ဘာသာရေး ဟောကြားချက်အား အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

    တက္ကသိုလ်မှ တရားဓမ္မ ဘာသာပြန်ဆိုချက်များအား ကြပ်မတ်မည်ဖြစ်ကြောင်းနှင့် ဗလီဝတ်ကျောင်းတော် နှစ်ခုတွင်ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် ဟောကြားချက်များအားလည်း ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။

    မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး Sheikh Abdul Rahman Al-Sudais နှင့် IMIU ၏ ပါမောက္ခချုပ် Suleiman bin Abdullah Aba Al-Khail တို့ စာချုပ်အား သဘောတူချုပ်ဆိုခဲ့ကြပြီး၊ IMIU ရှိ ဘာသာရပ် နှင့် ဘာသာပြန်ဆိုမှု ဌာန (Dean of Languages and Translation) မှ ယခုလက်ရှိအချိန်အထိ ဘာသာရေးဟောကြားချက် ၇၆ ခု၊ စုစုပေါင်း စာမျက်နှာ ၁,၀၂၇ ရွက်အား ဘာသာပြန်ပြီးကြောင်းသိရသည်။

    အလ်ဆောလ်ဒ်စ် (Al-Sudais) မှ ဆော်ဒီနိုင်ငံခေါင်းဆောင်များနှင့် တက္ကသိုလ်အား အစ္စလာမ် သာသနာ့ အဆုံးအမများအား ကမ္ဘာတဝှမ်း ပြန့်ပွားစေမည့် စီမံချက်အား အထောက်ကူပေးခဲ့သဖြင့် အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော် မုဟမ္မဒ် ဗလီဝတ်ကျောင်းတော်တို့ကို ကမ္ဘာ့အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်များအဖြစ် အစ္စလာမ်ဘာသာဝင်တို့က သတ်မှတ်ယုံကြည်ထားကြသည်။

  • လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)

    လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)

    မေ-၁၈၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ အကူးအပြောင်းကာလကို တစ်နှစ်ခွဲကျော်အထိ သိသိသာသာ ဖြတ်သန်းလာခဲ့ပြီးဖြစ်၏။ သို့တစေ နိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများအား ဆန့်ကျင်တိုက်ခိုက်နေမှု ကျယ်ပြန့်လာနေခြင်းအပေါ် ထိရောက်သောတုန့်ပြန်ဆောင်ရွက်မှု မရှိသေး။ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ အနက် အကြဉ်ခံရသော ရိုဟင်ဂျာ လူမျိုးများ အပါအ၀င် မွတ်စ်လင်မ်တို့မှာ ပမာဏအားဖြင့် ၅ % သာ ရှိနေ၏။ အန္တရာယ်ကြီးလှသည့် ထိုပြဿနာနှင့် စပ်လျဉ်း၍ လက်ရှိအစိုးရမှ ကြပ်မတ် အရေးယူနိုင်စွမ်း မရှိသည်ကို တွေ့နေရ၏။

    မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့သည် ဘင်္ဂလားဒေ့ရှ်ရော မြန်မာနိုင်ငံပါ လက်မခံနိုင်ဘဲ နိုင်ငံမဲ့လူနည်းစုဖြစ်နေရသည့် ရိုဟင်ဂျာများနှင့် ရောထွေးဖော်ပြခံနေရသည်။ ရိုဟင်ဂျာတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများဟု မြန်မာအစိုးရက စွပ်စွဲထားသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လူဦးရေ သန်း ၁၀၀ ခန့်ရှိနေသော မိမိတို့နိုင်ငံအတွင်း၌ ထိုသူများကို မိမိတို့၏လူနည်းစုဝင်အုပ်စုတစ်ခုအဖြစ် အခြေချစေရန် လက်ခံပေးဖွယ် (တစ်နည်း) နေရာပေးနိုင်ဖွယ် မရှိဟု ဆို၍ပယ်ချထားသည်။ ယင်းအခြေအနေက ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ဖယ်ကြဉ်မှုကိုခံကြရပြီး ဗုဒ္ဓဘာသာဝင်တို့ ဖန်တီးသော ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံခဲ့ရ၏။

    မကြာသေးမီက BBC ၏ သတင်းမှတ်တမ်း၌ ၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်သူများ၊ သံဃာများမှ ရခိုင်နှင့်မိတ္ထီလာရှိ လူမျိုးစုံ မွတ်စ်လင်မ်တို့အား တိုက်ခိုက်နေသည်ကို ဥပဒေဘက်တော်သားများက ဘာဆိုဘာမှမလုပ်ဘဲ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက်မှုများမှာ ရှေ့ဆက်လျော့ပါးဦးမည် မဟုတ်ချေ။

    EU နှင့် နိုင်ငံအများအပြားမှ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရာတွင် မြန်မာနိုင်ငံသည် ဤအနေအထားကို မည်မျှအထိ တိတိကျကျကိုင်တွယ်မည်ကို သတိပြုရန် အရေးကြီး၏။ မြန်မာနိုင်ငံ၏ အထင်ရှားဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဤအရေးကိုရည်ညွှန်းလျက် လူများစုဗုဒ္ဓဘာသာဝင်အကြား ရိုဟင်ဂျာများအပေါ် သဟဇာတ ဖြစ်အောင် ဆက်ဆံသင့်သည်၊ စည်းလုံးညီညွတ်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်ဟု  ပြေလည်ရေးလမ်းကြောင်းဖြင့် ချဉ်းကပ်သော်ငြား – မွတ်စ်လင်မ်တို့သည် အကြမ်းဖက်မှုများ၏ အရင်းအမြစ်ဟု ဆင်ခြေပြု၍ ၄င်းတို့အား ဖယ်ရှားရန် လှုံ့ဆော်နေသော အစွန်းရောက် ဗုဒ္ဓဘုန်းတော်ကြီး ဦးဝီရသူကြောင့် လူ့ဘောင် ညီညွတ်ရေးအတွက် ပိုမိုခက်ခဲနေရပေသည်။

    မည်သည့်အစိုးရထံ၌မဆို အဓိကတာဝန်မှာ မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်  ဖြစ်သည်။ မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းမှ ပျက်ကွက်သော် လူ့ဘောင် အစိပ်စိပ် အမြွာမြွာပြိုကွဲမှု၊ အကြမ်းဖက်သောင်းကျန်းမှု၊ နားလည်မှုပျက်ပြားခြင်းများ တိုးပွားစေရန်အတွက် လမ်းဖွင့်ပေးနေခြင်းသာဖြစ်သည်။ တစ်စုံတစ်ရာ တင်းမာမှုဖြစ်လေတိုင်း အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာလေ့ရှိသည်သာမက တစ်ဖက်စောင်းနင်း သတင်းကိုသာ ကြားနေရပေ၏။ ၅ % မျှသာရှိသော မြန်မာနိုင်ငံ၏ မွတ်စ်လင်မ်များ အပါအ၀င် အခြားဒေသရှိလူနည်းစု မွတ်စ်လင်မ်များမှာ ယင်းသို့ပင် ကြုံတွေ့နေကြရ၏။

    မြန်မာနိုင်ငံသည် ရှေ့လျှောက်ရင်ဆိုင်ရမည့် စိန်ခေါ်ချက် အများအပြား ရှိနေသေး၏။ ဤအကြမ်းဖက်မှုကိစ္စကို အဆုံးသတ်စေပြီး လူနည်းစုနှင့်လူမျိုးစုအသီးသီးအား စုစည်း ညီညွတ်စေမှသာ ယနေ့တိုင်အောင် သြဇာလွှမ်းမိုးနေသော စစ်အုပ်ချုပ်ရေးမှ ဖောက်ထွက်နိုင်မည်၊ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေး လမ်းကြောင်း ချောမွေ့လာနိုင်ပါလိမ့်မည်။ လူနည်းစုများ အပေါ် ပြဿနာရှာခြင်းဖြင့် အဖြေမထွက်နိုင်ပါ။ ကာလအကန့်အသတ် တစ်ခုအတွင်း ၄င်းတို့၏အကျိုးစီးပွားနှင့်တစ်ကွ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိနေပေပြီ။

    Shehab Chowdhury ၏ If Myanmar Wants a Democracy, It Must Integrate Its Muslim Minority  ဆောင်းပါးကို သာကီထက်ကောင်း မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

  • မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မေလ-၁၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    မိတ္ထီလာ ။        ။  အကြမ်းဖက်ခံရမှု ၂-လပြည့်ကာလတွင် မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သတင်းများ ပေါ်ထွက်နေကြောင်းသိရသည်။

    မတ်လနှောင်းပိုင်းမှာ စတင်အကြမ်းဖက်ခံခဲ့ရတဲ့ မိတ္ထီလာမြို့ဟာ အခုဆိုရင် ၂-လ တာကာလပြည့်မြောက်တော့မှာဖြစ်ပါတယ်။ အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ဒုက္ခသည် တော်တော်များများဟာ မိမိနေအိမ်များသို့ ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

    မိတ္ထီလာမြို့မှာ ပေါ်ပေါ်ထင်ထင် အုပ်စုလိုက် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို ယခုအချိန်ထိ ဖော်ထုတ်ဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ခြင်း မရှိသော်လည်း ဘုန်းကြီးတစ်ပါး သေဆုံးခဲ့မှုကြောင့် သံသယရှိသူများအဖြစ် မွတ်စလင်မ် ၇-ယောက်ကို ဖမ်းဆီးတရားစွဲဆို ရုံးတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ၁၆-နှစ်အောက် ကလေးတစ်ဦးကိုတော့ ကလေးသူငယ် တရားရုံးသို့ လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ၆-ဦးအား သံသယရှိသူများအနေဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသူတို့မှာ ဘုန်းကြီးသေဆုံးမှုတွင် ပါဝင်ပတ်သက်နေသူများမဟုတ်ပဲ သံသယရှိသူအနေနှင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းသာဖြစ်ပါတယ်။

    ဘုန်းကြီးသေမှုနှင့်ပတ်သက်ပြီး တရားခံအဖြစ် ၀န်ခံလာစေရန် ဖိအားပေးမှုများလည်းရှိခဲ့ကြောင်း သိရပါတယ်။ ယခုအခါ လာမယ့် မေလ ၂၁-ရက်နေ့မှာ အဆိုပါ ၆-ဦးအား တရားရုံးတော်မှ အမိန့်ချမှာဖြစ်ပါတယ်။ ယင်းအမိန့်ချမည့်ရက် နီးကပ်လာသည့်အချိန်တွင် မိတ္ထီလာမြို့ပေါ်၌ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။ ယင်း ၆-ဦးအား တရားရုံးတော်မှ သေဒဏ်မချမှတ်ပါက မိတ္ထီလာမြို့ပေါ်ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု မိတ္ထီလာမြို့ရှိ အကြမ်းဖက်သမားများက ခြိမ်းခြောက်နေကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက ပြောပြလာပါတယ်။

    အဆိုပါ ခြိမ်းခြောက်မှုကြောင့် မိတ္ထီလာရှိ အချို့သော မွတ်စလင်မ်များဟာ မိတ္ထီလာမြို့ကို စွန့်ခွာထွက်သွားကြပြီး၊ တချို့သော မွတ်စလင်မ်များကတော့ ပထမအကြိမ်ကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံပြုလုပ်ခံရမည်ကို လွန်စွာစိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှု ထပ်မံမဖြစ်ပွားစေရန်အတွက် တာဝန်ရှိသူများအနေနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးပါရန်လည်း မိတ္ထီလာမြို့ခံက M-Media ကို ပြောပြလာပါတယ်။

  • ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ဘာသာပေါင်းစုံ ဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့

    မေ-၁၈၊၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-ဘုန်းမင်းခန့်

    smt01 (19)

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)ကို ၂၀၁၃ခုနှစ် မေလ(၇)ရက်နေ့နှင့်(၈)ရက်နေ့တို့တွင် တောင်ကြီးမြို့၊ သီတာအေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါတယ်။

    ရတနာမြေလူမှု ဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပပြုလုပ်သော တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)သို့ တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ကိုယ်စားလှယ်နှင့် ဘာသာရေးခေါင်းဆောင်များ၊ ရတနာမြေလူမှု ဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လူကြီးမင်းများနှင့် အခြား ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

    အခမ်းအနားတွင် တောင်ကြီးမြို့၊ အေးစေတီကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ ဗုဒ္ဓဘာသာနှင့်ငြိမ်းချမ်းရေး တရားကိုဟောကြားပြီး “ဘာသာတစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင် ကိုယ်ကျင့် တရားကောင်းမွန်ဖို့နဲ့  သည်းခံတတ်ဖို့ လိုအပ်ကြောင်း” သြ၀ါဒ မိန့်ကြား ချီးမြှင့်ခဲ့ပါတယ်။

    ထို့နောက်ဆွေးနွေးပွဲကို တက်ရောက်လာသော ဘာသာရေးခေါင်းဆောင် အသီးသီးမှ ဟိန္ဒူဘာသာနှင့် ငြိမ်းချမ်းရေးတရား၊ အစ္စလာမ်ဘာသာနှင့် ငြိမ်းချမ်းရေးတရားနှင့် ခရစ်ယာန်ဘာသာနှင့် ငြိမ်းချမ်းရေးတရားများကို ဟောပြောခဲ့ကြပါတယ်။

    ထို့နောက် အခမ်းအနားအစီစဉ်အရ  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် တက်ရောက်လာသော သာသနာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများမှ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည် တင်ပြခြင်း၊ အဓိကရုဏ်းဖြစ်ပေါ်မှုကြောင့် နိုင်ငံနှင့်ပြည်သူများ အပေါ် မည်သို့သော ထိခိုက်နစ်နာမှုများရှိသည်ကို အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဘာသာပေါင်းစုံ ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

    ထို့နောက် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ နာယက သံဃာတော် ဆရာတော်များမှ ဦးဆောင်၍ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ ထို့အပြင် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း အတွက်လည်း ဆွေးနွေးခဲ့ကျပါတယ်။

    တောင်ကြီးမြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာဒေါ်နှင်းအေးကိုမှ- “လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ ဘာသာတရားနဲ့ စပ်လျဉ်းပြီး တစ်ဦးနဲ့တစ်ဦး ထားရှိတဲ့သံသယတွေ အမြင်မကြည်လင်မှုတွေကို လျော့ချပပျောက်သွားစေရန်နဲ့ ဘာသာမတူသူများအကြား ရင်းနှီးခင်မင်စွာ အတူယှဉ်တွဲနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်”ဟု ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

    ထို့နောက် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တောင်ကြီးမြို့ရှိ မြို့ဦး အစ္စလာမ် ဗလီဝတ်ကျောင်းတော်၊ ပထမတိုင်းရင်းသားပေါင်းစုံနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း နှင့် စူဌာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကျကြောင်း၊ ယခုကဲ့သို့ ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ တောင်ကြီး၊ ကလော၊ အောင်ပန်း-ဟဲဟိုးမြို့များတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အခြားမြို့ကြီးများတွင်လည်း ဆက်လက် ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

    ဓါတ်ပုံများ ကြည့်ရန်။

  • မ.မ.လ ဋ္ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကြီး ကျင်းပမည်

    မေလ ၁၈၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    blood donation
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ  ဋ္ဌာနချုပ်မှ ကြီးမှူးကျင်းပမြဲ ဖြစ်သော အစဉ်အလာမပျက် (၄)လတစ်ကြိမ် စုပေါင်းသွေးလှူဒါန်း ပွဲကြီးကို မေလ ၂၆ရက်နေ့တွင် နံနက် (၈း၀၀)နာရီမှ စတင်၍ ရန်ကုန်မြို့ အမျိုးသားသွေးလှူဌါနတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ သွေးလှူဒါန်းပွဲ အတွက် မ.မ.လ ဋ္ဌာနချုပ်၏ ဆောင်ပုဒ်ဖြစ်သော “ကိုယ်ချင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ် တရားမှန် ဖြစ်သည်” ကို အကောင်အထည်ဖော်၍ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရှေးရှုလျက် လူမျိုး ဘာသာ မရွေးပါဝင်လှူဒါန်းကြပါရန် တိုက်တွန်း နှိုးဆော် ထားကြောင်း သိရသည်။

    “မ.မ.လ ဋ္ဌာနချုပ်မှ လှူဒါန်းခဲ့သော သွေးစာရင်းများ”

    ၁။ ပထမအကြိမ်        ၈.၃.၂၀၀၉              ၁၁၆  ဦး
    ၂။ ဒုတိယအကြိမ်     ၂၆.၇.၂၀၀၉        ၁၄၂   ဦး
    ၃။ တတိယအကြိမ်     ၁၇.၁.၂၀၁၀       ၁၉၃   ဦး
    ၄။ စတုတ္ထအကြိမ်      ၁၈.၇.၂၀၁၀       ၂၄၀   ဦး
    ၅။ ပဉ္စမအကြိမ်        ၂၈.၁၁.၂၀၁၀      ၂၈၀  ဦး
    ၆။ ဆဋ္ဌမအကြိမ်      ၂၇.၃.၂၀၁၁         ၂၅၇  ဦး
    ၇။ သတ္တမအကြိမ်     ၂၄.၇.၂၀၁၁        ၂၃၂   ဦး
    ၈။ အဋ္ဌမအကြိမ်       ၈.၁.၂၀၁၂          ၁၈၅  ဦး
    ၉။ နဝမအကြိမ်       ၁၃.၅.၂၀၁၂           ၂၅၁  ဦး
    ၁၀။ ဒဿမအကြိမ်      ၂၃.၉.၂၀၁၂       ၃၂၁   ဦး
    ၁၁။ (၁၁)ကြိမ်မြောက်  ၂၇.၁.၂၀၁၃           ၃၁၈   ဦး
    စုစုပေါင်း  = (၂၅၃၅)ဦး ရှိပြီ ဖြစ်ကြောင်း မ.မ.လ  ဋ္ဌာနချုပ်၏ သတင်းထုတ်ပြန် ကြေညာချက် စရင်းအရ သိရှိရသည်။

        “သွေး”
    ဘာသာ၊ သာသနာ
    အယူဝါဒ မတူကြလည်း
    အာဒမ်နွယ်ဖွား ကမ္ဘာလူသားတို့
    ကိုယ်ချင်းစာနာ၊ ဒို့သွေးရင်းခြာတို့
    ကြည်ဖြူပေးလှူ၊ “သွေး”အလှူ
    သွေးလှူဒါန်းလိုသူ သွေးအလှူရှင်များ အနေဖြင့် အမှတ် ၁၉၄၊ ၁၉၆၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း၊ ၀၁ ၂၄၁၂၁၂၊ ၀၁ ၂၅၂၇၉၉ သို့ ဆက်သွယ် စရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။