News @ M-Media

Blog

  • ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဖက်လူမူ အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန် ကြေညာချက်အား ဆက်သွယ် မေးမြန်းချက်

    ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဖက်လူမူ အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန် ကြေညာချက်အား ဆက်သွယ် မေးမြန်းချက်

    မေလ-၁၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မူများနှင့် စပ်လျဉ်း၍ ဘာသာပေါင်းစုံ လူငယ်များနှင့် မြန်မာအရေး ဆောင်ရွက်နေသော အရပ်ဖက်လူမူအဖွဲ့အစည်းများမှ မေလ ၁၄-ရက်နေ့က ထုတ်ပြန်ခဲ့သော သဘောထားကြေငြာချက်နှင့် ပတ်သတ်၍ ဦးဆောင်သူ Pray For Myanmar လူငယ်ကွန်ရက်မှ လူငယ်တစ်ဦးဖြစ်သော ကိုသန့်ဇင်ထွေးမှ M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    M-Media – Pray For Myanmar မှ ဦးဆောင် စီစဉ်ပြီး ကြေညာချက်ထုတ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက် ကိုပြောပြပေးပါ။

    ဖြေ – ဒီကြေညာချက် ထုတ်ရတဲ့အကြောင်းက မိထ္တီလာကနေစပြီး ဥက္ကံ အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေ၊ အကြမ်းဖက်မူတွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်တာနဲ့ ပတ်သတ်ပြီး ဘာသာပေါင်းစုံက လူငယ်တွေက အကြမ်းဖက်မှုကို လက်မခံဘူးဆိုတဲ့ အကြောင်းရယ်၊ အကြမ်းဖက်မူတွေ ဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်သူတွေဖြစ်တဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမူ အပိုင်းမှာ အားနည်းနေတဲ့အတွက် အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုချင်တာရယ်၊ လူမျိုး ဘာသာမခွဲခြားဘဲ တရားဥပဒေအောက်မှာ တန်းတူ အခွင့်အရေးရရှိနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ဖို့ ရယ်၊ ပြည်ပမှာ အကြမ်းဖက်မူများ လုပ်ဆောင်ရန် နှိုးဆော်ခြင်းကို ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား လူနည်းစု ဗုဒ္ဓ ဘာသာတွေ လုံခြုံမူ ရရှိစေဖို့ စတဲ့ အချက်တွေနဲ့ ပြည်တွင်းမှာလည်း တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

    M-Media – အကိုတို့ ကြေညာချက် ထွက်လာပြီးတဲ့ နောက်တနေ့မှာပဲ ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့က ဒီကြေငြာချက်က ဂျီဟာဒ်ဆိုတာကို ဆန့်ကျင်တဲ့ ကြေညာချက် တစ်ခုတည်းကို ဇောင်းပေးဖော်ပြနေတာနှင့် ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

    ဖြေ – ဂျီဟာဒ်အမည်ခံ အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်တာကို ကျွန်တော်တို့က လက်မခံတာပါ။ ဂျီဟာဒ် ဆိုတာက အကြမ်းဖက်တာ၊ သာသနာပြုတာ၊ နယ်မြေ ချဲ့ထွင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က မည်သည့် အကြမ်းဖက်မှုကိုမှ လက်မခံပါဘူးဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ကြေညာချက်မှာ ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ဒီကြေငြာချက်ကို ရရှိတဲ့ တာဝန်ရှိသူတွေ၊ မီဒီယာတွေ၊ ပြည်သူတွေက ပြည်ြ့ပည့် စုံစုံ ဖတ်စေချင်ပါတယ်။ မီဒီယာတွေက မိမိလိုရာဆွဲပြီး အသားပေးမဖော်ပြဖို့ ၊ မလုပ်ဖို့ပြောချင်ပါတယ်။

    M-Media – ဒီအကြောင်းအရာတွေနှင့် ပတ်သတ်ပြီး ဘာများဖြည့်စွက်ပြောကြားလိုပါသေးသလဲ။

    ဖြေ – “မြန်မာနိုင်ငံ၏ တရားဥပဒေအောက်တွင် ဘာသာလူမျိုး မခွဲခြားဘဲ တန်းတူအခွင့်အရေး ရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအလေးထား ဆောင်ရွက်ပါရန် သက်ဆိုင်ရာပုဂ္ဂိုလ်များအား တောင်းဆိုသည်” ဟုကြေငြာချက် အမှတ်(၄)မှာ ဖော်ပြထားတာနဲ့ ပတ်သတ်ဆက်စပ်ပြီး ပြောချင်တာက အင်ဒိုနီးရှားနိုင်ငံမှာ ရက်တစ်ပတ်က မြန်မာသံရုံးကို ဗုံးခွဲမယ့် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂-ရက်တုန်းကလည်း အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်ကြရာ(၇)ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (၆)ယောက်ကို အရှင်လက်ရ ဖမ်းဆီးခဲ့တယ်။

    ကျွန်တော်ပြောချင်တာက အင်ဒိုနီးရှားနိုင်ငံက အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်တယ်။ သူတို့ဟာ ဂျီဟာဒ်ဆိုတာနဲ့ အကြမ်းဖက်မှုဆိုတာကို ကွဲကွဲပြားပြားနားလည်တယ်။ အဲလိုပဲ ကျွန်တော်တို့ကလည်း ဂျီဟာဒ်နဲ့ အကြမ်းဖက်မူကို ကွဲကွဲပြားပြား နားလည်တာကြောင့် မဆိုင်တဲ့ သူတွေကို မနစ်နာစေချင်တဲ့အတွက် ဂျီဟ.ဒ်အမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှာကို ဆန့်ကျင်တာဖြစ်တယ်။ အားလုံးကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ မြန်မာနိုင်ငံက တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပြည်တွင်းအကြမ်းဖက်မူတွေနဲ့ ပတ်သတ်ပြီး ဘာသာ လူမျိုးမခွဲခြားဘဲ အခုလိုမျိုး ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

    *အခုလို သိလိုသမျှကို ပြန်လည်ဖြေကြားပေးသာ Pray For Myanmar လူငယ်ကွန်ယက်မှ လူငယ်တစ်ဦးဖြစ်သော ကိုသန့်ဇင်ထွေးအား M-Media မှ ကျေးဇူးတင်ရှိပါတယ်

  • ဒေးဗစ်ဘက်ခမ်း ဘောလုံးကစားခြင်းမှ အနားယူပြီ

    မေ-၁၆၊၂၀၁၃
    M-Media

    David Beckham
    ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းက ဒီနှစ် ဘောလုံးရာသီအကုန်တွင် ဘောလုံးကစားသမား ဘ၀မှ အနားယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

    အသက် ၃၈ နှစ် ရှိပြီဖြစ်သော ဘက်ခန်းသည်၊ မန်ချက်စတာ ယူနိုက်တက် တွင် ဘောလုံးသမားဘဝကို စတင်ခဲ့ပြီး ကမ္ဘာကျော် ထိပ်တန်း နာမည်ကျော်ဘောလုံးသမားဖြစ်သူ တယောက်ဖြစ်သည်။ လက်ရှိတွင် ပြင်သစ် ပဲရစ်စိန့်ဂျာမိန်း(Paris Saint Germain) ကလပ် နှင့် ချန်ပီယံ ဆု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံလေးနိုင်ငံမှ ကလပ်အသင်း ၄ ခု ဖြင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

    ဘက်ခမ်းသည် ၁၉၉၉ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဥရောပချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ပဲရစ်စိန့် ဂျာမိန်းသို့ မရောက်မီ ရီးရဲလ်မက်ဒရစ်အသင်းနှင့် စပိန်လာလီဂါချန်ပီယံ၊ လော့စ်အိန်ဂျလီစ်ဂလက်ဆီ အသင်းနှင့် အမေရိကန် မေဂျာလိဂ်ချန်ပီယံ ဖြစ်ခဲ့သည်။

    ကမ္ဘာ့ထိပ်သီးကလပ်အသင်းများတွင် ကစားခဲ့ပြီး ထင်ရှားကျော်ကြားခဲ့သော်လည်း အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရခြင်းကို သူ့ဘ၀၏ ဂုဏ်အယူရဆုံး အောင်မြင်မှုထဲမှတစ်ခုအဖြစ် ထုတ်နှုတ်ပြောဆိုခဲ့သည်။

    “အင်္ဂလန်အသင်း အင်္ကျီကို ၀တ်ဆင်တဲ့အခါတိုင်းမှာ ကျနော်ဟာ ကစားသမားကောင်းတွေထဲက တစ်ယောက်အဖြစ်သာမက၊ သူတို့တိုင်းပြည်ကို အရူးအမူး စွဲလမ်းကြတဲ့ အင်္ဂလန်အသင်း ပရိတ်သတ်တွေကိုလည်း ကိုယ်စားပြုနေတယ်ဆိုတာ ကျနော်သိပါတယ်။ ကွင်းအတွင်းမှာရော ပြင်ပမှာပါ အင်္ဂလန်အသင်းကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ကျနော် ဂုဏ်ယူမိပါတယ်။ ကျနော့်ရဲ့ အသင်းဖော်တွေနဲ့ အသင်းနည်းပြတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော့်ကိုအားပေးခဲ့တဲ့၊ ကျနော်အောင်မြင်မှုရအောင် အင်အားတွေ ပေးခဲ့တဲ့ ပရိတ်သတ်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။” ဟု သူက ပြောဆိုသွားခဲ့သည်။

    “ကျွန်တော့် ကလပ်မှာ ထပ်ပြီးကစားဖို့ ကမ်းလှမ်းခဲတဲ့ ပဲရစ်စိန့်ဂျာမိန်း(PSG) ကို ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် အခုအချိန် ပရောဖက်ရှင်နယ် ဘောလုံး သမားဘဝမှ အနားယူရန်အချိန် ဖြစ်နေပြီဖြစ်ကြောင်း၊ မိမိဘဝမှ အဆင့်မြင့် ဘောလုံးအသင်းများမှာ အောင်မြင်စွာ ကစားခဲ့ပြီးပြီ” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    ဘက်ခမ်းသည် ယူနိုက်တက်အပါအ၀င် စပိန် ရီးရယ်မက်ဒရစ် နှင့် အမေရိကန် LA ဂလက်ဆီ ကလပ်များတွင်ကစားခဲ့ပြီး၊ ဆုဖလား များစွာ ဆွတ်ခူးပေးခဲ့သူ ဖြစ်သည်။
    ဘက်ခန်းသည် အင်္ဂလန် နိုင်ငံအသင်းကို ကိုယ်စားပြုပြီး နိုင်ငံတကာပွဲပေါင်း ၁၅၅ ပွဲကို ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူပင်ဖြစ်သည်။

  • ဖလိုရီဒါ တွင် ၄ နှစ်သား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ် ကလေးသေဆုံး

    မေ-၁၆၊၂၀၁၃
    M-Media

    မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ၄ နှစ်အရွယ် ကလေးငယ်သေနတ်ဖြစ် ပစ်ခတ်မှုကြောင့်  ၁၁ နှစ်ရွယ်ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။

    amin20130515172855317
    An American little girl shoots with a gun. (file photo)

    ၁၁ နှစ်အရွယ် ကလေးငယ် ဂျာဗန် ဂျက်ဆန်မ်(Jarvan Jackson) သည် အင်္ဂါနေ့က ဖလိုရီဒါပြည်နယ် ဂိန်းစ်ဗဒ်လ် (Gainesville) မြို့ တက္ကသိုလ် ဧရိယာ အတွင်းရှိ ဆေးရုံတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည် ဟု ပြည်တွင်းသတင်း ဌာနများက ဖော်ပြခဲ့သည်။

    သေဆုံးသွားသည့် ကလေးငယ်သည် တနင်္ဂနွေနေ့က လိက်စီးတီး(Lake City) တွင်ရှိသော စီဒါ ပါ့ခ် တိုက်ခန်း (Cedar Park Apartment) တွင် မတော်တဆ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

    ရဲများက ကလေးငယ်သည် အိမ်တွင် အုပ်ထိန်းသူ၏ ကြပ်မတ်ကြည့်ရှုမှု အောက်တွင် ရှိ/မရှိနှင့် ကလေးလက်ဝယ်သို့ သေနတ်ရောက်ရှိခဲ့ပုံကို စုံစမ်းစစ်ဆေးရေး စတင်နေပြီဟု သိရသည်။

    မေလ ၄ ရက်နေ့တွင်၊ အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ဆယ်ကျော်သက်အစ်ကို ၏ သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ညီမငယ်သည် ရင်ဘတ်သို့သေနတ်မှန်ကာ သေဆုံးခဲ့ရသည်။

    ဧပြီလ ၃၀ ရက်နေ့၊ ကန်တက်ကီ(Kentucky) မြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်သည် အသက် ၂ နှစ်အရွယ် သူ၏ ညီမဖြစ်သူအား အိမ်မှုဝေယျာဝိစ္စများလုပ်နေစဉ် သေနတ်ဖြင့် သေစေနိုင်လောက်အောင် ဆိုးရွားစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဧပြီလ အစောပိုင်း၊ နယူးဂျာစီ(New Jersey) မြို့ တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် 22- Caliber ရိုင်ဖယ်သေနတ်အား အိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် သူ၏ သူငယ်ချင်းမှာသေဆုံးခဲ့ရသည်။

    ၁၄ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်၊အမေရိကန်နိုင်ငံရှိ ကွန်နက်တစ်ကက်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ စန္ဒီ ဟွက် (Sandy Hook) မူလတန်းကျောင်းတွင် သေနတ်သမား ၏ ပစ်ခတ်မှု ကြောင့် ကလေးငယ် အယောက် ၂၀ နှင့် လူကြီး ၆ ယောက်တို့ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းသိရသည်။ ထိုနေ့ အစောပိုင်းတွင် သေနတ်သမားသည် သူ၏ မိခင်ဖြစ်သူကို အခြားဒေသ တစ်ခုတွင် သတ်ပစ်ခဲ့သည် ဟုလည်းသိရသည်။

    အမေရိကန်နိုင်ငံတွင် နှစ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်သည် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးခဲ့ သည်ဟုဆိုသည်။

    ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ပပျောက်ရေး ထိန်းချုပ်မှု(Uninversity of Chicago Crime Lab and the Centers for Disease Control) ၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် ပျမ်းမျှ လူ ၈၇ ယောက် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးကြောင်း နှင့် ၁၈၃ ယောက် ဒဏ်ရာရကြောင်း လေ့လာတွေ့ရှိရသည် ဟုဆိုသည်။

    အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်သည် သေနတ်အများဆုံး ရောင်းရသောနှစ်ဖြစ်သည်။

    သို့သော်လည်း သေနတ် ထိန်းချုပ်ရေး ဥပဒေများသည်လည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်လာပြီး၊ ပြည်သူလူထု၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များအား သုံးစွဲမှု တားမြစ်ချက်အား ထောက်ခံသည်ဟုသိရှိရသည်။

    GMA/KA

  • အနုပညာလက်ရာ တစ်ထောင်၂၀၁၃ မဒီနဟ် အစ္စလာမ့် ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်ပြသ

    မေ-၁၆၊၂၀၁၃
    M-Media

    ကျောင်းသားများရဲ့အနုပညာလက်ရာတစ်ထောင်ပါ ပြကွက်စင်၂၀၁၃ မဒီနဟ် အစ္စလာမ့်ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်

    1368611812960020500

    Taibah University ရဲ့ အနုပညာဘာသာရပ် ကျောင်းသားများက မိမိတို့လုပ်ဆောင်ထားတဲ့လက်ရာများကို အနုပညာပြပွဲတစ်ခုမှာ ခင်းကျင်းပြသခဲ့ပါတယ်။ မဒီနဟ်မြို့ကို “ ၂၀၁၃ အစ္စလာမ့်ယဉ်ကျေးမှုမြို့တော် ”အဖြစ် ဖွင့်လှစ်ထားတဲ့ နှစ်လုံးပေါက်အခမ်းအနားအတွက် တက္ကသိုလ်ရဲ့ပါဝင်ဆောင်ရွက်ချက် တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ဒါရိုက်တာ  Adnan bin Abdullah Al-Mazroua က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြပွဲအတွင်း ခင်းကျင်းပြသဖို့ ပါဝင်စေခဲ့ပါတယ်။

    အဲ့ဒီမှာ ကျောင်းသားတွေရဲ့ အနုပညာလက်ရာ တစ်ထောင်တိတိ ပါဝင်ပြီး မဒီနဟ်မြို့ရဲ့ထူးခြားထင်ရှားမှုကို ဇောင်းပေးဖော်ကျူးထားချက်တွေဖြစ်ပါတယ်။

    ကျောင်းသူကျောင်းသားတွေရဲ့ အနုပညာဖန်တီးချက်များဟာ မဒီနဟ်ကိုဂုဏ်တက်စေရေးအတွက် ရည်ရွယ်တာလို့ သွိုင်ဗာဟ်တက္ကသိုလ် အနုပညာဌာနမှူး Waleed Al-Qeen က ဆော်ဒီသတင်းဌာနကို ပြောကြားပါတယ်။ ကုဗာဟ်ဗလီအနီး ယဉ်ကျေးမှုပြခန်းထဲမှာ ဒီလက်ရာတွေအားလုံးကို ထည့်သွင်းပြသထားမှာဖြစ်ပြီး၊ ဒီပစ္စည်းတွေကို ခင်းကျင်းပြသတဲ့ ရှိုးကေ့စ် ပြကွက်စင် ဟာ မီတာ ၁၅၀၀ ခန့်အထိ နေရာယူရမှာဖြစ်တယ်။ အဲ့ဒီပြသမှုကို လာမယ့်တနင်္လာနေ့အထိ ခင်းကျင်းသွားမှာဖြစ်ပြီး ယနေ့မှာ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ပေးထားမယ်လို့ သူက ဆိုပါတယ်။

  • ဘေးကင်းရာရွှေ့ ပြောင်းပေးခြင်း မရှိက မြန်မာအာဏာပိုင်များ၏ တာဝန်ဖြစ်ကြောင်း HRW မှပြောကြား

    မေ-၁၆-၂၀၁၃
    M-Media

    253284_10151430505894067_1886853046_n

    ကမ်းခြေအနိမ့်ပိုင်းရှိ စခန်းများ၌ ယမန်နှစ်ကတည်းက ရှိနေကြသော ရခိုင်ပြည်နယ်မှ ဒုက္ခသည်ထောင်ပေါင်းများစွာတို့မှာ လုံခြုံဘေးကင်းသည့်နေရာသို့ ရွှေ့ပြောင်းခံရခြင်းအစား မုန်တိုင်းကို ရင်ဆိုင်စေသည့်အဖြစ်မျိုး ကြုံနေရသည်။

    ကျရောက်လာတော့မည့် မုန်တိုင်းအန္တရာယ်မှကင်းဝေးအောင် ရွှေ့ပြောင်းပေးမည့် မြန်မာအာဏာပိုင်များ၏ အဆိုကို မြောက်များစွာသော ရိုဟင်ဂျာတို့က အယုံအကြည် မရှိသဖြင့် လက်ရှိစခန်းများမှာ ရွှေ့ပြောင်းထွက်ခွာရန် ငြင်းဆိုကြသည်။ လက်ရှိနေရာနှင့်အခြေအနေသည် ၄င်းတို့ရွှေ့ပြောင်းခိုင်းသည့်နေရာများထက် ပိုမိုလုံခြုံနိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

    “ ကျွန်တော်တို့ဟာ ရိုဟင်ဂျာဖြစ်နေတဲ့အတွက် ဒီစခန်းထဲရောက်အောင် သူတို့ဘဲ အတင်းအဓမ္မပို့ခဲ့တာဘဲ။ အခုကျတော့ မုန်တိုင်းရှိတယ်ဆိုပြီး ရွှေ့ခိုင်းနေပြန်ပြီ။ (လုံခြုံတဲ့နေရာ စီစဉ်ပေးထားတာမျိုး မဟုတ်လို့) ကျွန်တော်တို့ ငြင်းဆန်နေရခြင်းဖြစ်တယ်။ တကယ်လို့ သူတို့က သေနတ်နဲ့ချိန်ပြီး ခိုင်းလာပြီဆိုယင်တော့ ရွှေ့ရတော့မှာပေါ့ဗျာ ” ဟု အမျိုးသားကြီးတစ်ခုမှ ဆိုပါသည်။

    သမ္မတရုံးဝန်ကြီး တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မုန်တိုင်းကယ်ဆယ်ရေး ပြင်ဆင်ထားပုံများကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို အာမခံချက်ပေးပါတယ်။

    “သူတို့ စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိပါတယ်။ လုံခြုံမှု ရှိရဲ့လား။ နံပါတ်နှစ်အချက်က ဒီနေရာကို ပြန်ပြီးတော့ ပြန်မှရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိပါတယ်။ အဲ့တော့ သမ္မတကြီး အာမခံထားတဲ့အထဲမှာ တပ်က ရွှေ့ပေးမယ်။ လုံခြုံရေးတာဝန် လုံးဝ ယူပါတယ်။ နံပါတ်နှစ်ကတော့ စာသင်ကျောင်းတွေမှာ နေရာချထားပေး မှာ ဖြစ်ပါတယ်။ နံပါတ်သုံးကတော့ မုန်တိုင်းပြီးလို့ရှိရင် မူလနေရာကို ပြန်ရွှေ့ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားပြီးသား ဖြစ်ပါတယ်။”
    ယင်းကမ်းခြေဒေသများထံ မဟာဆင်း မုန်တိုင်းသည် ၁၆.၅.၂၀၁၃ တွင် စတင်ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယသမုဒ္ဒရာမှဖြတ်ကျော်ဝင်ရောက်လာမည့် မဟာဆင်းဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများမှ လူပေါင်း ၈.၂ သန်းကျော်အတွက် အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။

    ယမန်နေ့မုန်တိုင်းအရှိန်ကြောင့် သီရိလင်္ကာတွင် မိုးကြီးရေလျှံပြီး လူ ၈ ဦးသေဆုံးခဲ့သည်။ ၄င်းနောက် မုန်တိုင်းမှာ အဆင့် ၁ အရေးပေါ်အနေအထားသို့ စတင်ပြောင်းလဲလာနေပြီဖြစ်သည်။

    မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအဖို့ ပို၍စိုးရိမ်စရာအခြေအနေ၌ ရောက်နေသည်။

    ရခိုင်ပြည်နယ်တွင်းရှိ လူပေါင်း ၃၈၀၀၀ အတွက် ပြန်လည်နေရာချထားရေးကို စီစဉ်ထားပြီးဖြစ်ကြောင်း မြန်မာအစိုးရမှ ပြောဆိုသော်လည်း မည်ရွေ့မည်မျှအထိ နေရာချထားပြီးခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရသေးဟု ကုလသမဂ္ဂမှ ဆိုသည်။

    ယင်းသို့ပြန်လည်နေရာချထားရေးကိစ္စမှာ ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတို့၏ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ ရခိုင်ပြည်နယ်၌ ပိုမိုရှုပ်ထွေးခဲ့ရသည်။

    “ တကယ်လို့ အစိုးရအနေနဲ့ ဒီလူတွေကို (အမှန်တကယ် ဘေးကင်းလုံခြုံတဲ့ နေရာဖက်) ရွှေ့ပြောင်းနေရာချထား မပေးဘူးဆိုယင် ဖြစ်လာတဲ့ဒုက္ခ အကျိုးဆက်မှန်သမျှဟာ သဘာဝအန္တရာယ်ကြောင့် မဟုတ်ဘူး။ သူတို့(အစိုးရ)ကိုယ်တိုင် ဖန်တီးလိုက်တဲ့ ကိစ္စသာဖြစ်ပါတယ် ” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့မှ Brad Adams က ပြောဆိုလိုက်ပါသည်။

    Ref: South China Morning  & VOA- May 16, 2013
    (  သစ္စာချို  )