News @ M-Media

Blog

  • ဆော်ဒီ် တက္ကသိုလ် ၃၂ ခုတွင် ကြံခိုင်ရေး ဘာသာရပ် သင်ကြားရန် အမျိုးသမီး နည်းပြများ လိုအပ်နေ

    မေ၊၈-၂၀၁၃

    M-Media

    KAUST
    King Abdullah University of Science and Technology

    ဆော်ဒီနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသူများအား ကိုယ်ကာယလေ့ကျင့်ခန်း သင်ကြားပေးရန်  ဆော်ဒီနိုင်ငံသူ အမျိုးသမီးဆရာမများ ရှာဖွေရန် ခက်ခဲနေသည်ဟု သိရသည်။

    ဆော်ဒီနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ် ၈ ခုအပါဝင် တက္ကသိုလ် ၃၂ ခုတွင် ကိုယ်ကာယကြံခိုင်ရေး ဘာသာရပ် သင်ကြားမှုလစ်ဟာ နေသည်ဟုသိရသည်။

    ပညာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ စည်းမျဉ်းအသစ်များအားထုတ်ပြန်ပြီး ပြည်ပမှ အမျိုးသမီးဆရာမ ၉၀၀၀ ကျော်အား ထိုတက္ကသိုလ်များတွင် ကိုယ်ကာယလေ့ကျင့်ခန်း သင်ကြားပေးရန် ခေါ်ယူ လိမ့်မည်ဖြစ်ကြောင်း သိရသည်။

    ရှုရာ ကောင်စီ(Shoura Council) တွင်ပါဝင်သော ကော်မတီ အမြောက်အများ အထူးသဖြင့် မိသားစု၊ လူငယ် နှင့် ပညာရပ် ဆိုင်ရာ ကော်မတီများမှ ကိုယ်ကာယလေ့ကျင့်မှုသည် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှု ပုံစံတွင် အရေးကြီးစွာ ပါဝင်သည်ဟု လက်ခံကြောင်း၊ သို့ပေမယ့် “ကောင်စီ သည် ၄င်း တက္ကသိုလ်များအား ထိုစည်းမျဉ်းအား ထုတ်ပြန်ရန် အတင်းအကြပ်ဖိအားပေးရန် မဖြစ်နိုင်ကြောင်း” ပြောကြားခဲ့သည်။

    ကျောင်းသူများအား ကိုယ်ကာယ လေ့ကျင့်ခန်းသင်ကြားပေးရန် အကြောင်းရာမှာ ၄င်းဘာသာရပ်အား သင်ကြားပေးရန် ထောက်ခံသူ နှင့် ငြင်းဆိုသူ များကြားတွင် အဓိက အငြင်းပွားနေသော အကြောင်း အရာဖြစ်သော်လည်း ပညာရေးဝန်ကြီးဌာနမှ ကိုယ်ကာယကြံခိုင်ရေး ဘာသာရပ်နှင့် ပတ်သက်၍ စည်းမျဉ်း ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။

    Arab News

  • ရခိုင်တွေ ကချင်က ပြန်ပို့ (ဗီအိုအေ မြန်မာပိုင်း)

    ကိုမိုးဇော်
    09.05.2013

    kachin
    ကချင်ပြည်နယ် ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်ပြည်နယ် သား ၅၀ကျော်ကို ဒေသခံ အာဏာပိုင်တွေက ဒီကနေ့ ဟိုပင်မြို့ကနေ ပြန်လွှတ် လိုက်ပါတယ်။ ဒီလိုပြန်လွှတ်တာကတော့ ဒီလဆန်းပိုင်းက ဖားကန့်ဒေသက မူဆလင်တွေ ပိုင်ဆိုင်တဲ့ဈေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးတာတွေဖြစ် ခဲ့တဲ့နောက် ဒီဖျက်ဆီးမှုမှာ ရခိုင် အမျိုးသားတွေ ဦးဆောင်တယ်လို့ အာဏာပိုင်တွေက ယူဆတာကြောင့် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလပိုင်းတွေ အတွင်း မြို့ကြီးတချို့မှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး တဲ့နောက် ရခိုင်လူမျိုးတွေအပေါ် အခုလို ကန့်သတ်လိုက်တဲ့ အကြောင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

    ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ ကို မြန်မာပြည်အနှံ့က လာရောက်ပြီး အလုပ် လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ဖားကန့်ကို သွားရာလမ်းက မြို့ကြီးတချို့မှာတော့ လူအ၀င်အထွက်ကို ဂရုတစိုက် စစ်ဆေးတာတွေ ရှိခဲ့ပြီး ဒီကနေ့မှာတော့ ဟိုပင်မြို့ကို ရောက်နေတဲ့ ရခိုင်လူမျိုး ၅၀လောက်ကို မန္တလေး ကို ပြန်ပို့ခဲ့ပါတယ်။ အာဏာပိုင်တွေ က ဒီလိုပြန်ပို့နေတဲ့ အခြေအနေကို ဟိုပင်မြို့မှာ နေထိုင်ပြီး ပြန်ပို့ခံရတဲ့ ရခိုင်မိသားစုတွေ နဲ့အတူလိုက်ပါ ကူညီပေးနေသူ တယောက်က အခုလို ပြောပါတယ်။

    “ ဟုတ်ကဲ့ရှင့်။ သူတို့ ရခိုင်တွေဆို အတင်းပို့တာပေါ့လေ။ ခရီးသွားပြီး အလုပ်သွားလုပ်ဖို့ လာတဲ့ ရခိုင်တွေကို ရခိုင်လို့ ပြောတာနဲ့ အတင်းအိတ်ဆွဲပြီးတော့ မပြန်ဘူးဆို ဖမ်းဆီးမယ်ပေါ့။ ခြိမ်းခြောက်တာတို့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာတို့ လုပ်တယ်ရှင့်။ အခု အဲဒီရခိုင်တွေက မပြန်ချင်ဘူး။ ရှေ့တဲမှာ ရှိတယ်။ အတင်းပြန်ခိုင်းတာ။ အားလုံးလူဦးရေ ၈၀လောက်ရှိတယ်ရှင့်။ ”

    ဟိုပင်မြို့က ရခိုင်မိသားစုတွေကို ဒီကနေ့မနက် ၉နာရီခွဲအချိန်က စာပို့ရထားနဲ့ မန္တလေးကို ပြန်ပို့တာဖြစ်ပါတယ်။ ပြန်ပို့ခံရမယ့်သူတွေကိုတော့ အာဏာပိုင်တွေက ထမင်းထုပ်နဲ့ ခရီးစရိတ်အဖြစ် တဦး ကို ငွေ၂သောင်းစီ ပေးခဲ့ပါတယ်။ ဖားကန့်ကို လာ အလုပ်လုပ်ကြသူတွေဟာ သူတို့ဒေသမှာ စားဝတ်နေရေး မပြေလည်တာကြောင့် လာရောက်တာရှိသလို တချို့က ၀င်ငွေပိုရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့လာသူတွေလည်း ရှိပါတယ်။ သူတို့ထဲက တချို့ဟာ မိမိတို့ အိမ်ခြံမြေတွေကို ရောင်းချပြီး လာရောက်ကြ တာဖြစ်ပြီး တချို့မိသားစုတွေကတော့ မိမိတို့ နေရပ်ပြန်ဖို့အတွက် ခရီးစားရိတ် မလုံမလောက်ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

    “ ကျနော်တို့က စားဝတ်နေရေးလည်း မရှိတော့ဘူး။ လမ်းစရိတ်လည်း မရှိတော့ဘူး။ သူတို့သွားမယ်ဆိုပြီးတော့ ကျနော်တို့ကို ပိုက်ဆံတယောက် ၂သောင်းစီပေးတာလေ။ ရခိုင်ကိုပြန်မယ်ဆိုရင် ပိုက်ဆံ၂သောင်းနဲ့ ဘာမှ မထူးဘူး။ ကျနော်တို့ လာတာတောင် ၉သောင်းခွဲ ကုန်တယ်ဗျ။ ရခိုင်မှာဆို တနေ့ကို လုပ်ရရင် ၁၅၀၀လောက်ကိုက်တယ်။ တနေ့လုပ်ပြီးရင် ၄- ၅ရက်လောက် မလုပ်ဘဲ နေရတာဗျ။ ကချင်ပြည်မှာဆိုရင်တော့ တရက်ကို ၄၀၀၀ ဆိုရင် ကိုယ်ဆင်းချင်တဲ့ အချိန်ဆင်းလို့ရတယ်။ နေ့တိုင်းကို အလုပ်ရတယ်။ အဲဒါကြောင့် စားဝတ်နေရေးကအစ ချောင်ချိတယ်ဆိုပြီးတော့ ကျနော်တို့က အိမ်ရောင်းခြံရောင်းပြီးတော့ လာခဲ့ကြတာဗျ။ ကျနော်တို့ ကလေးတွေပါဆို ၂၇ယောက်။ လူကြီးက ၂၅ယောက်ပါတယ်ဗျ။ ကျနော်တို့ကို တားဆီးပြီးမှ နောက်လာတဲ့လူတွေ ရထားဆင်းလာတဲ့လူတွေကို စုပြီးတော့ အကုန်လုံးလူတွေ ၆၀လောက် ၈၀လောက်ဖြစ်သွားတာဗျ။ ကျနော်တို့ကို ဟိုပင်မှာလည်း အတည်းမခံဘူး၊ အထက်ကိုလည်း တက်ခွင့်မပြုဘူးဆိုတော့ ကျနော်တို့ ဘယ်မှာ သွားနေရမှာလဲ။ ကျနော်တို့ ပြန်သွားရတာပေါ့။ ကျနော်တို့က ကိုယ်ခရီးနဲ့ ကိုယ့်ပိုက်ဆံနဲ့ တိုင်းတာပြီးလာခဲ့တယ်ဆိုတော့ ခု ကျနော်တို့က ပိုက်ဆံလည်း မရှိတော့ဘူး။ သူတို့ပေးတဲ့ ပိုက်ဆံ၂သောင်းကလည်း မန္တလေးရောက်ရင် စားစရိတ်လည်းမ ရှိတော့ဘူး အကုန်လုံးပြတ်တော့မှာ။ ”

    ဒီလိုပြန်လွှတ်တာနဲ့ ဘာကြောင့် ပြန်လွှတ်သလဲဆိုတာ မေးမြန်းဖို့ ဟိုပင်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ တာဝန်ကျ ရဲအရာရှိက သူဘာမှ မသိကြောင်းသာ တုံပြန့်ပါတယ်။ ဟိုပင်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ ရခိုင်အမျိုးသားတွေကို ပြန်ပို့တယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

    “ အားလုံးပေါင်းဆိုရင် လူ၅၀ကျော်ရှိတယ်။ သူတို့ရောက်နေတာ ၇ရက်နေ့ကတည်းက စရောက်နေတဲ့လူတွေ ရှိတယ်။ တချို့ကိုတော့ ရုပ်ရှင်ရုံအဟောင်းထဲမှာ စောစောက ခေါ်ထားတယ်တဲ့။ နောက် တည်းခိုခန်းတွေ အကုန်လုံး လိုက်ရှာတဲ့အခါကျတော့ ရခိုင်ဆိုရင် အကုန်လုံး ခေါ်ထုတ်ပြီးတော့မှ ဒီကနေ့မနက် အောက်ရထားနဲ့ပဲ အကုန်လုံး ဘူတာကနေ ပြန်ပို့လိုက်ရတယ်တဲ့။”

    ဒီလိုပြန်ပို့တာကို အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စီစဉ် ဆောင်ရွက် တာဖြစ်ကြောင်းပြောပါတယ်။ ဘာကြောင့် ဒီလိုပြန်ပို့သလဲ ဆိုတာကိုတော့ သူက အခုလို သုံးသပ်ပြောဆိုပါတယ်။

    “ သူတို့က ဖားကန့်သွားမယ်လို့ ပြောတာကိုး။ ဖားကန့်မှာကလည်း ၄ရက်နေ့မှာက မူဆလင်အိမ်တွေကို ဖျက်တယ်။ စတိုးဆိုင်တွေ ဈေးဆိုင်တွေ Electric ရောင်းတဲ့ဆိုင်တွေအားလုံးကို ဖျက်ပစ်တာတွေ ရှိတယ်လေ။ အဲဒီထဲက အဓိက ဖြစ်နေတဲ့လူတွေက ရခိုင်တွေလို့ ပြောတယ်။ အဲဒါကြောင့်မို့ ဒီကနေ လှမ်းတားလိုက်တဲ့ သဘောပါပဲ။”

    ဖားကန့်ဒေသမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို ဘယ်သူတွေ ဦးဆောင်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုလို့ မရပါဘူး။ ဒီလ ၅ရက်နေ့ကတော့ AFP သတင်းဌာနက ဖားကန့်မြို့အကြမ်းဖက်မှုကြောင့် လူ၂ဦးကို ဖမ်းဆီး လိုက်ကြောင်း နဲ့ ဒါအကြမ်းဖက်မှုဟာ ခရစ်ယာန် အများစုနေထိုင်ရာ ကချင်ပြည်နယ်မှာ ပထမဆုံးဖြစ်ပွားတဲ့ ဘာသာရေး ပဋိပက္ခ့ဖြစ်ကြောင်း ဖော်ပြပါတယ်။

    ဒီလအတွင်း ဖြစ်ခဲ့တဲ့ ဥက္ကံမြို့ ပဋိပက္ခနဲ့ မတ်လအတွင်းက ဖြစ်ပွားတဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းတွေကြောင့်  လက်ရှိအခြေအနေမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် အာဏာပိုင်တွေဖက်က လုံခြုံရေးကို အထူး သတိထား ကိုင်တွယ်နေချိန်လည်း ဖြစ်ပါတယ်။

    http://burmese.voanews.com/content/rakhaing-kachin-/1657633.html

  • ကလ်ဖိုးနီးယားတွင် ယောက်ျားဖြစ်သူမှ မိန်းမနှင့် သမီး ၂ ဦးအား သေနတ်ဖြင့် ပစ်သတ်

    မေ-၉ ၊ ၂၀၁၃
    M-Media

    shingletown9n-1-web

     ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား(California) ပြည်နယ်တွင်   မိန်းမ နှင့် သမီးနှစ်ယောက်အား သတ်ခဲ့သည်ဟု သံသယ ရှိသူကို အမေရိကန် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေကြောင်း၊ လူသတ်သမား လက်ဝယ်တွင် လက်နက် ရှိပြီး၊ အများပြည်သူများအတွက် အန္တရာယ် ရှိကြောင်း သတိပေးစာလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

    မျက်မြင်များ၏ ပြောပြချက်အရ အင်္ဂါနေ့က ရှိန်းဖရန့်ကလင် မီလာ (Shane Franklin Miller) ဆိုသူသည် သူ၏ မိန်းမ စန္ဒီ(Sandy) အသက် ၃၄ နှစ် နှင့် သမီးများဖြစ်သော ရှလ်ဘီ(Shelby) အသက် ၈ နှစ် နှင့် ရှက်စတာ (Shasta) အသက် ၄ နှစ်တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည် ဟုဆိုသည်။ ဆန်ဖရန်စ္စစ်ကို(San Francisco) နှင့် ၂၃၀ မိုင်(၃၇၀ ကီလိုမီတာ) ဝေးသော ရှင်ဂလ်မြို့(Shingletown) တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ရှက်စတာ ကောင်တီ(Shasta County) အုပ်ချူပ်ရေး ဌာနမှ ပြောပြချက်အရ “မီလာသည် သေနတ် လက်ဝယ်ရှိပြီး၊ အန္တရာယ်များသူဖြစ်ကြောင်း၊ တရားမ၀င် လက်နက်ကိုင် ဂိုဏ်းများနှင့် ဆက်ဆံမှုရှိကြောင်း” ပြောကြားခဲ့သည်။  ကာလီဖိုးနီးယား(California) ပြည်နယ်တွင် သူ့အား လိုက်လံဖမ်းဆီးနေပြီး၊ ပြည်နယ်အနှံ ရှာဖွေရန် ၀ရမ်းထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။

    အသက် ၄၅ နှစ်အရွယ် မီလာသည် “သုံးလောင်းပြိုင် လူသတ်မှုကို ကျူးလွန်ခဲ့သည်ဟု သံသယရှိသူဖြစ်ကြောင်း” သတင်းထုတ်ပြန်ထားသည်။

    မြို့အနီးရှိ ကျောင်းများကို လုံခြုံမှုတိုးမြှင့်ထားရန် အမိန့်ထုတ်ထားကြောင်းသိရသည်။ ၊ Times သတင်းစာတွင် ဖော်ပြထားသည်မှာ မိုင်လာသည် လွန်ခဲ့သော ၃၊ ၄ ပတ်လောက်က သူ၏သမီးများအား အစိုးရကျောင်းမှ ကျောင်းထုတ်ခဲ့ကြောင်းသိရသည်။

    သူ၏ သမီးများအား ပုဂ္ဂလိက ကျောင်းသို့ပြောင်းရွှေ့ခဲ့ပြီး၊ အိမ်တွင် ဆက်လက် စာသင်ကြားခဲ့သည် ဟု Times သတင်းစာမှဖော်ပြခဲ့သည်။

    :AFP

  • အကြမ်းဖက်ခံရတဲ့ မိတ္ထီလာမြို့ရဲ့ နောက်ဆုံးအခြေအနေများ

    မေလ-၉၊ ၂၀၁၃
    M-Media
    သုတ
    8

    မိတ္ထီလာ ။        ။     ၂၀၁၃-ခု မတ်အတွင်းက မိတ္ထီလာမြို့မှာ အကြမ်းဖက်ဖျက်ဆီးခံရမှုတွေဟာ အခုဆိုရင် ၂-လ နီးပါးရှိလာပါပြီ။ အခုလို ၂-လနီးပါးကာလအတွင်း မိတ္ထီလာမြို့က ဒုက္ခသည်တွေရဲ့ အခြေအနေ၊ မိတ္ထီလာမြို့ရဲ့ အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတာဖြစ်ပါတယ်။

    မိတ္ထီလာမြို့မှာ အကြမ်းဖက်ခံလိုက်ရတဲ့သူတွေကို ဒုက္ခသည်စခန်းတွေမှာ ထားရှိရာကနေ အခုဆိုရင် တချို့ဟာ မိမိရဲ့နေအိမ်တွေကို ပြန်လည်နေထိုင်ခွင့် ရရှိနေကြပြီဖြစ်ပြီး၊ အချို့ကတော့ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။ မိတ္ထီလာမြို့ အကြမ်းဖက်မှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၂၀၀ ခန့်ကို ဖမ်းဆီးထားသော်လည်း တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အကြမ်းဖက်ခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ ဘုန်းကြီးသေမှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆသူ ၇-ဦးကို ဖမ်းဆီးထားရာကနေ ရုံးတင်စစ်ဆေးမှုများပြုလုပ်ပြီး မကြာခင်မှာ အမိန့်ချမှတ်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    မိတ္ထီလာမြို့ အကြမ်းဖက်မှုမှာ ပါဝင်သူလို့ သံသယရှိသူများထဲမှ တစ်ဦးဟာ မနေ့က ပြန်လည်လွတ်မြောက်လာပြီး၊ ယနေ့မှာ ထပ်မံ လွတ်မြောက်လာမည့်သူများလည်း ရှိပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်သူဟု သံသယရှိ၍ ဖမ်းဆီးခံထားရသူများမှာ မိတ္ထီလာအကြမ်းဖက်မှု မှတ်တမ်းဓါတ်ပုံ၊ ဗီဒီရိုဖိုင်များတွင် ပါဝင်နေသည့် အကြမ်းဖက်သမားများ မဟုတ်ပဲ အကြမ်းဖက်သမားများသည် မိတ္ထီလာမြို့တွင် တစ်ခါမှ မမြင်ဖူးသည့်သူများဖြစ်တယ်ဆိုတာကို မိတ္ထီလာမြို့ခံထံမှ သိရပါတယ်။

    ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသော ဒုက္ခသည်များ၏ အခြေအနေမှာ အကျယ်ချုပ်ပုံစံပိုဆန်ပြီး ယခုအခါ စခန်းအတွင်းတွင် ရေချိုးသည်ကိုပင် ရေပုံး(၃)ပုံးသာရေကန့်သတ်ချက်ဖြင့် ချိုးနေရပြီး ရေပိုချိုးမိပါက စောင့်သည့်ရဲမှ ရိုက်နှက်မှုပြုကြောင်းသိရသည်။ ထမင်းကို စုပြီးချက်ပေးကြတာဖြစ်၍ ထမင်းစားချိန်မှာ နေ့လည် ၁-နာရီကျော်မှ စားသောက်ရ၍ ကလေးများနှင့် သက်ကြီးရွယ်များအတွက် အခက်အခဲဖြစ်နေပြီး မနက်အစောကြီးစာ စားသောက်ရသည်မှာလည်း ခက်ခဲနေပါတယ်။ မိုးမကျမီ အမှီ ဒုက္ခသည်များ နေအိမ်ပြန်ရစေရန် စီစဉ်ပေးမယ်လို့ မန္တလေးမြို့ ဥပဒေရေးရာချုပ်က DVB နဲ့ RFA ကို ပြောကြားခဲ့ပေမယ့် အခုအချိန်ထိ ဒုက္ခသည်စခန်း(၃)ခုမှ ဒုက္ခသည်များ အိမ်ပြန်ခွင့်မရပဲရှိနေပါတယ်။ အခုအခါ မိုးဦးကျကာလရောက်လာပြီး မိတ္ထီလာမြို့မှာ မိုး ၂-ကြိမ်ရွာသွန်းပြီးသွားဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ၀မ်းရောဂါများလည်း ဖြစ်လာနေပါတယ်။ မိုးတွင်းကာလမတိုင်မီ ဒုက္ခသည်များ နေအိမ်ပြန်ပို့ရေးအတွက် လွန်စွာနေအပ်နေပါတယ်။

    တခြား ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ နေအိမ်ပြန်ခွင့်ရပြီဖြစ်ပြီး အခုအခါ ခရိုင်အားကစားကွင်း၊ ရေအရင်းအမြစ်(ရေရရှိရေး)နဲ့ စက်မှုလယ်ယာ စခန်း(၃)ခုက ဒုက္ခသည်တွေက အိမ်ပြန်ခွင့်မရကြသေးပါဘူး။ စက်မှုလယ်ယာနဲ့ ရေအရင်းအမြစ်မှာတော့ လူ(၂၀၀၀)ကျော်ရှိနေပါတယ်။ ခရိုင်အားကစားကွင်းဟာ လမ်းမဘေးမှာရှိပြီး လမ်းမထက်နိမ့်တဲ့ ချိုင့်အတွင်းမှာရှိသောကြောင့် မိုးရွာတဲ့အခါမှာလည်း ရေ၀ပ်တာကြောင့် CAMP ထဲမှ ဒုက္ခသည်တွေ အခက်အခဲရှိနေပါတယ်။

    ဒုက္ခသည်တွေအတွက် အခြားအဖွဲ့အစည်းများမှ လုပ်ဆောင်ပေးနေမှုများရှိပါတယ်။ အဖွဲ့အစည်းများမှ တတ်နိုင်သရွေ့လုပ်ဆောင်ပေးကြသော်လည်း ဒုက္ခသည်တွေအနေနှင့် စခန်းတွေမှာ နေရတာဟာ မိမိတို့အိမ်ရာလောက် အဆင်ပြေနိုင်မှုမရှိနိုင်ပါဘူး။ အချို့ဒုက္ခသည်များမှာ အိမ်ကိုမီးရှို့ခံရပြီး အချို့မှာ ဖျက်ဆီးခံရသူများဖြစ်သည့်အတွက် ဖျက်ဆီးခံရသည့်အိမ်များမှ ဒုက္ခသည်များ နေအိမ်ပြန်ခွင့်ပေးသင့်သော်လည်း မည်သည့်အတွက်ကြောင့် အိမ်ပြန်ခွင့်မပေးပဲ မည်သို့ ကိုင်တွယ်ဖြေရှင်းနေသည်ကို စဉ်းစားနားမလည်နိုင်ကြောင်းကိုလည်း မိတ္ထီလာမြို့ခံတစ်ဦး၏ ပြောပြမှုမှ သိရပါတယ်။

    မိတ္ထီလာမြို့မှာ အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုမှာ မိမိကိုယ်ပိုင်အိမ်ရာဖြစ်သော်လည်း တချို့သောအနည်းစုမှာ အိမ်ငှားဘ၀ဖြင့် နေထိုင်ကြသူများဖြစ်ပါတယ်။ ယခုအခါနေအိမ်ပြန်ခွင့်ပြုလိုက်တဲ့အတွက် ကိုယ်ပိုင်အိမ်ရှိသူများမှာ မိမိအိမ်တွင် ပြန်လည်နေထိုင်ရသော်လည်း အိမ်ငှားဘ၀ဖြင့်နေထိုင်သူများမှာ အိမ်ရှင်များမှ ပြန်လည် လက်မခံတော့ဟုသိရှိရပြီး အချို့မှာ မိမိဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်များတွင် သွားရောက်နေထိုင်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဧည့်စာရင်းတိုင်ကြားရန် ခွင့်မရဘူးလို့သိရပါတယ်။ ရပ်ကွက်၏ ပုံစံ(၁၀)ရှိသောသူများကို နေထိုင်ခွင့်ပြုထားပြီး အိမ်ငှားနေသူများအတွက် ဥပဒေသတ်မှတ်ချက်များလည်းရှိနေပါတယ်။ ရပ်ကွက်အတွင်း ပြန်လည်နေထိုင်ရေးမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လူရွေးပြီး ပြန်လည်ခေါ်ဆောင်မှုပြုလုပ်ပါတယ်။ ဒါကြောင့် ဒုက္ခသည်အများစုမှာ နေထိုင်ရေးအတွက် ဒုက္ခရောက်နေကြရပါတယ်။

    ဒုက္ခသည်စခန်းတွေအတွင်း မီဒီယာများကိုလည်း ပေးမ၀င်သည့်အတွက် ဒုက္ခသည်စခန်းတွင်းမှ အခြေအနေမှန်များကို တခြားပြည်သူများ သေချာမသိနိုင်ပဲရှိနေပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ သွားလာခွင့်မပေးတဲ့အတွက် အခြေအနေမှန်ကို မသိရခြင်းသာဖြစ်ပါတယ်။ ဒုက္ခသည်များအား ကူညီမှုပေးနေသည့် အခြားအဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဝင်ခွင့် မပြုပဲ သူတို့၏အလုပ်အား အခြားအဖွဲ့အစည်းများ ၀င်ရောက်နှောက်ယှက်သည်ဟု အစိုးရအနေဖြင့် မြင်နေကြောင်းကိုလည်း ဒုက္ခသည်များအား ကူညီပေးနေသည့် အဖွဲ့တွင် ပါဝင်နေသူတစ်ဦး၏ ပြောပြချက်အရ ထပ်မံသိရပါတယ်။

    ဒုက္ခသည်များအား လှူဒါန်းနေသော အလှူရှင်များ၏ဆန္ဒမှာ ဒုက္ခသည်များထံသို့ တိုက်ရိုက်ရောက်စေလိုပေမယ့် အစိုးရမှတဆင့် လှူဒါန်းနေရသည်များကို အလှူရှင်များမှ လက်မခံလိုကြပါ။ အစိုးရပိုင်းအနေနဲ့ ယခုအခါ ကမ္ဘာ့ကြက်ခြေနီ၊ UN အဖွဲ့အစည်းများသွားရောက်မှုများကို မတားဆီးသည်မှာ ယင်းအဖွဲ့များမှာ အစိုးရမှ လွန်ဆန်မှုမပြုနိုင်သည့်အတွက် ခွင့်ပြုထားတာဖြစ်ပါတယ်။

    အကြမ်းဖက်မှုမှာပါဝင်သည်ဟု သံသယရှိသူတွေကို စစ်ဆေးမှုမှာလည်း တရားခံဟုယူဆသူများနှင့် အခြားသူများတွေ့ဆုံခွင့်မရှိတာကြောင့် မည်သည့်အကြောင်းအချက်တွေ မေးမြန်းကြောင်းကိုလည်း မသိနိုင်ကြပါ။ မိတ္ထီလာအကြမ်းဖက်မှု မဖြစ်ပွားမီရက်ပိုင်းများတွင် မိတ္ထီလာမြို့ရှိ ဆိုင်ကယ်ကယ်ရီသမား (၃၀)ခန့် ဖမ်းဆီးခံရပြီး ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သည်ဟု သံသဖြင့် ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသူများတွင် ယင်း ဆိုင်ကယ်ကယ်ရီသမားများ ပါဝင်နေတာကြောင့် အာဏာပိုင်များ၏ ကြိုတင်ကြံစည်မှုများ ပါနေသည်ဟု ကောက်ချက်စွဲမိကြောင်းလည်း မိတ္ထီလာမြို့ခံမှ ပြောပြပြန်ပါတယ်။

    မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် လူမျိုးရေးအဓိကရုဏ်းမဟုတ်ပဲ ယခင်ကလည်း မိတ္ထီလာမြို့တွင် ဤကဲ့သို့သော အကြမ်းဖက်မှုများ မဖြစ်ပွားဖူးပါဘူး။ မိတ္ထီလာဟာ စစ်တပ်တွေရှိတဲ့မြို့လည်းဖြစ်ပြီး အေးအေးချမ်းချမ်းရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အခုအခါမှာတော့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် မယုံကြည်မှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကျီးလန့်စာစားဖြစ်နေကြပါတယ်လို့လည်း မြို့ခံတစ်ဦး၏ ပြောပြချက်ကို သိရပြန်ပါတယ်။

    အကြမ်းဖက်ခံရမှု ၂-လပြည့်မြောက်တော့မည်ဖြစ်သော်လည်း မိတ္ထီလာမြို့၏ ပြန်လည်ထူထောင်ရေးအခြေအနေမှာ အလွန်နှောင့်နှေးလျက်ရှိတာကြောင့်၊ မိုးတွင်းကာလအတွင်း ဒုက္ခသည်များ နေအိမ်ပြန်လည်ရောက်ရှိရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အထူးလိုအပ်နေပါကြောင်း စုစည်းတင်ပြလိုက်ရပါတယ်။

  • လူမျိုးရေး နှိမ့်ချခွဲခြား ဆက်ဆံမှုအပေါ် တင်းကြပ်စွာ အရေးယူ ကိုင်တွယ်ရန် ဖီဖာ မှ အဆိုပြု

    မေ-၇၊ ၂၀၁၃
    M-Media

    1475008_FULL-LND

    အားကစားအဖွဲ့များ၊ ၄င်းတို့၏ တာဝန်ရှိသူများနှင့် ပရိသတ်များထံ လူမျိုးခွဲခြားဆက်ဆံမှု သို့မဟုတ် အဆင့်ခွဲခြားမှုများ ကျူးလွန်သည်ကိုတွေ့ရှိပါက သက်ဆိုင်ရာအသင်းအဖွဲ့ကို ပြိုင်ပွဲမှထုတ်ပယ်ရန်သော် လည်းကောင်း၊ အတန်းဆင်းစေခြင်းဖြင့်သော်လည်းကောင်း အရေးယူရန် တင်းကြပ်သော အဆိုပြုချက်များကို FIFA မှ ယမန်နေ့တွင် တင်သွင်းလိုက်သည်။

    လူမျိုးခွဲခြားမှုဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် ပြတ်သားသည့်အရေးယူမှု ပြုလုပ်နိုင်ရန် နှင့် သမမျှတသည့် နည်းလမ်းတစ်ရပ် ဖော်ဆောင်နိုင်ရန် အားကစားရုံ/ကွင်းများ၌ ခွဲခြားနှိမ့်ချမှုသတ်မှတ် အတည်ပြုပေးသော ရုံးခန်းတစ်ခန်းထားရှိဖို့ လိုအပ်နေသည်ဟုဆိုသည်။ ဤကိစ္စနှင့်ပတ်သက်၍  Zurich ၌ ပထမဆုံးအကြိမ် အစည်းအဝေးတွင် ယင်းအဖွဲ့၏ အကြီးအမှူးတဖြစ်လဲ FIFA  ဒုဥက္ကဌ  Jeffrey Webb က  “ ဘောလုံးလောကနဲ့ပရိသတ်တွေအပေါ် သြဇာသက်ရောက်နိုင်ဖို့ ကျွန်တော်တို့မှာ အထူးတာဝန်ရှိပါတယ် ” ဟုပြောကြားသည်။ ထိုအဆိုပြုချက်များတွင် မူကြမ်းတစ်ရပ်ပါဝင်ပြီး၊ လကုန်ပိုင်း Mauritius ၌ ကျင်းပမည့် ဖီဖာကွန်ကရက်သို့ တင်ပြမည် ဖြစ်သည်။

    ပရီးမီယားလိဂ်၏ လွန်ခဲ့သောရာသီပွဲစဉ်အတွင်း ချဲလ်ဆီးနောက်ခံလူ John Terry နှင့် လီဗာပူးတိုက်စစ်မှူး Luis Suarez တို့ထံဖြစ်ပွားခဲ့သောပြဿနာ အပါအ၀င်၊ ဇန္န၀ါရီလက အေစီမီလန်ကွင်းလယ်ကစားသမား Kevin-Prince Boateng နှင့် အီတာလျံလူမျိုးကစားဖက် Pro Patria တို့အကြား လူမျိုးရေးခွဲခြားနှိမ့်ချ ဆက်ဆံမှုပြဿနာ အပြီးတွင် FIFA  ဥက္ကဌ  Sepp Blatter မှ ဤအစီအစဉ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

    ပထမအကြိမ်အစည်းအဝေး၌ လူမျိုးခွဲခြားခြင်းနှင့်နှိမ့်ချဆက်ဆံခြင်း ပြုလုပ်ချက်အပေါ် အဆင့် ၂ ရပ်ဖြင့် သတိပေးမည်ဖြစ်ကြောင်း၊ ပထမအကြိမ် သို့မဟုတ် စော်ကားမှု မပြင်းထန်လျှင် ဒဏ်ငွေတပ်ခြင်းနှင့် ပွဲပယ်ခြင်း ပြစ်ဒဏ်မှသည် – ထပ်မံကျူးလွန်လျှင် သို့မဟုတ် ပြင်းထန်စွာစော်ကားမှုပြုလုပ်လျှင် ရမှတ်များလျှော့ချခြင်း (၀ါ) အတန်းဆင်းစေခြင်းပြစ်ဒဏ် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပဏာမအဆိုပြုထားကြသည်။

    ကစားကွင်းများ၌ စောင့်ကြည့်လေ့လာသူများထားရှိခြင်းဖြင့် ဒိုင်လူကြီးများအပေါ်ရှိဖိအားများကို လျော့ပါးသွားစေမည့် အပြင်၊ ဆုံးဖြတ်ချက်ချမည့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီများ အတွက် အမြဲတစေရရန်မလွယ်ကူသော သက်သေ အထောက်အထားများကိုလည်း ပေးစွမ်းနိုင်မည်ဟု ယင်း အစီအစဉ်ဖော်ဆောင်ရေးအဖွဲ့က ဆိုသည်။ ထိုအစည်းအဝေး တက်ရောက်ဆောင်ရွက်သူ ၁၄ ဦးတွင် ဖီဖာ တွဲဖက်အတွင်းရေးမှူးချုပ် Theo van Seggelen နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ခွဲခြားနှိမ့်ချဆက်ဆံမှု ဆန့်ကျင်ရေးကဏ္ဍ အကြီးအကဲ Yury Boychenko တို့ ပါဝင်ခဲ့သည်။

    Ref: Washington Post